← Chapters

အခန်း ၃၄၅

Vol. 28 Ch. 345

အခန်း ၃၄၅

Vol. 28 Ch. 345

အခန်း ၃၄၅ ကမ္ဘာပျက်ကပ် ဒင်္ဂါးများ

အန်ဂျီ၏ အကြည့်များက ရဲချီယန် လက်ညှိုးထိုးပြရာဆီသို့ လိုက်ပါသွားလေ၏။

ထိုသေတ္တာအတွင်း၌ သင်းပျံ့သောရနံ့လေးများ ထွက်ပေါ်နေသည့် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ အပြည့်ပါဝင်နေလေသည်။ မြို့တစ်မြို့၏ အုပ်ချုပ်သူတစ်ယောက် ဖြစ်နေသည့်တိုင် ဤမျှလတ်ဆတ်လှသော အစားအစာများကို သူမ မမြင်တွေ့ခဲ့ရသည်မှာ အချိန်အတော်ကြာမြင့်နေခဲ့ချေပြီ။

သို့သော်လည်း အစားအစာက အစားအစာသက်သက်သာ ဖြစ်ပေသည်။

အန်ဂျီ၏ မျက်လုံးထဲတွင် ဤမျှလတ်ဆတ်သော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို မမြင်ရသည်မှာ ကြာပြီဖြစ်သော်ငြား နှင်းဖြူရောင် မြို့တော်အတွက် အမှန်တကယ် လိုအပ်နေသည်မှာ အစားအစာများမဟုတ်ဘဲ မီးလောင်ဒဏ်ရာများကို ကုသပေးနိုင်မည့် ဆေးဝါးများသာ ဖြစ်လေ၏။

"တောင်းပန်ပါတယ် မစ္စတာရဲ၊ ရှင်ဆိုလိုတာကို ကျွန်မ သိပ်နားမလည်ဘူးဖြစ်နေတယ်၊ အစားအစာက အစားအစာ၊ ဆေးက ဆေးလေ၊ ဒီနှစ်ခုကို ဘယ်လိုလုပ်ပြီး ရောထွေးပစ်လို့ရမှာလဲ"

မျှော်လင့်ထားသည့်အတိုင်းပင်။ အစားအစာကို ကုသရေးဆေးဝါးအဖြစ် အသုံးပြုခြင်းက အခြားသူများအတွက် ယုံကြည်နိုင်စရာမရှိလောက်အောင် ရယ်သွမ်းသွေးစရာ ဖြစ်နေသေးသည်မဟုတ်ပါလော။

ရဲချီယန်က မည်သည့်အရာကိုမျှ သက်သေပြရန် ရည်ရွယ်မထားပေ။ သေတ္တာထဲမှ ခရမ်းချဉ်သီးတစ်လုံးကို ယူကာ တစ်ကိုက် ကိုက်စားလိုက်လေသည်။

"ယုံချင်ယုံ မယုံချင်နေ၊ ဒီအစားအစာတွေက မီးလောင်ဒဏ်ရာတွေကို တကယ်ကုသပေးနိုင်တဲ့ ဆေးဝါးတွေပဲ"

"မဖြစ်နိုင်ဘူးလို့ မတွေးလိုက်ပါနဲ့၊ မီးမိုးတွေတောင် ရွာကျနိုင်တဲ့ ဒီကမ္ဘာကြီးမှာ သစ်သီးတစ်လုံးက ဒဏ်ရာတွေကို မကုသပေးနိုင်စရာ အကြောင်းမရှိဘူးလေ"

ရဲချီယန်၏ စကားများကို ကြားလိုက်ရချိန်တွင် အန်ဂျီ အနည်းငယ် ကြက်သေကောင်လကာ ဖြစ်သွားရလေ၏။

သူမက တစ်စုံတစ်ရာကို စဉ်းစားနေသည့်အလား မျက်လွှာကို အနည်းငယ် ချလိုက်သည်။ ရုတ်တရက် တစ်ခုခုကို နားလည်သဘောပေါက်သွားသည့်အလား အန်ဂျီက စိတ်သက်သာရာရသွားသော အပြုံးတစ်ခုကို ပြုံးပြလိုက်လေ၏။

"ရှင်ပြောတာ မှန်ပါတယ်၊ ဒီကမ္ဘာကြီးက ဒီလိုအခြေအနေထိတောင် ပြောင်းလဲသွားခဲ့ပြီပဲ၊ အနည်းဆုံးတော့ သေးငယ်တဲ့ ကောင်းကင်ဘုံရဲ့ ကောင်းချီးလေးတွေတော့ ရှိသင့်တာပေါ့"

"ဒီသေတ္တာထဲက ဟာတွေအားလုံးကို ကျွန်မတို့ ယူပါ့မယ်၊ ရှင်ဘာတွေလိုအပ်လဲသာ ပြောပါ၊ နှင်းဖြူရောင် မြို့တော်ဘက်က ပေးနိုင်သမျှအရာအားလုံးကို ကျွန်မတို့ ပေးပါ့မယ်"

အချိန်ကျရောက်လာချေပြီ။ ဤမေးခွန်းကို မည်သို့ပြန်ဖြေရမည်နည်းဆိုသည်ကို ရဲချီယန် ကြိုတင်တွေးတောထားပြီး ဖြစ်လေသည်။

သူက အိတ်ကပ်ထဲမှ မှောင်မိုက်သော ရွှေရောင်ဒင်္ဂါးပြားတစ်ခုကို ထုတ်ယူလိုက်လေ၏။ ၎င်းမှာ ရထားဒင်္ဂါးပင် ဖြစ်ပေသည်။

"ဒီလိုမျိုး ပစ္စည်း ခင်ဗျားတို့ဆီမှာ ရှိလား"

"ဒါက၊ ကမ္ဘာပျက်ကပ် ဒင်္ဂါးမလား၊ ဒါကြီးကို ရှင်က ဘာလုပ်ဖို့လိုတာလဲ"

ရဲချီယန်၏ ရွေးချယ်မှုအပေါ် အန်ဂျီ အလွန်အမင်း နားမလည်နိုင်ဖြစ်သွားဟန်ဖြင့် မျက်မှောင်ကြုတ်သွားလေ၏။

"...နှင်းဖြူရောင် မြို့တော်ရဲ့ သုတေသနဌာနမှာတော့ ဒီဒင်္ဂါးတွေ ရှိပါတယ်၊ ခဏလောက်စောင့်ပေးပါ၊ ရှင့်အတွက် ကျွန်မတို့ ပြင်ဆင်ပေးပါ့မယ်"

"အဲဒီစကားကိုပဲ ကျွန်တော် ကြားချင်နေတာ၊ ယူသွားလိုက်တော့"

ရဲချီယန်က အန်ဂျီ၏ အရှေ့သို့ သေတ္တာကို တွန်းပေးလိုက်လေ၏။

"ဟင်၊ ဒါပေမဲ့ အရောင်းအဝယ်က..."

"ဟက်၊ နှင်းဖြူရောင် မြို့တော်က ကတိဖျက်မှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်၊ ပြီးတော့ လက်ရှိအခြေအနေအရဆိုရင် ကျွန်တော်တို့အချင်းချင်း ပိုပြီး ကူညီသင့်တယ် မဟုတ်လား"

ရဲချီယန်၏ မျက်နှာထက်တွင် ညင်သာသော အပြုံးတစ်ခု ထွက်ပေါ်လာလေ၏။ သူ၏စကားများနှင့် လုပ်ရပ်များ ပေါင်းစပ်သွားမှုက စောင့်ကြည့်နေသူများ၏ သူ့အပေါ်ထားရှိသော သဘောကျနှစ်သက်မှုကို အဆမတန် မြင့်တက်သွားစေတော့သည်။

"ဒီအစားအစာတွေကို အရည်ဖြစ်အောင် ကြိတ်ချေလိုက်လို့ရတယ်၊ မီးလောင်ဒဏ်ရာတွေကို ကုသချင်တယ်ဆိုရင် အဲဒီအရည်ကို လိမ်းပေးလိုက်တာနဲ့ သက်သာပျောက်ကင်းသွားလိမ့်မယ်၊ ဒါပေမဲ့ အရေအတွက်က အကန့်အသတ်ရှိတော့ ဘယ်လိုဝေငှရမလဲဆိုတာ ခင်ဗျားတို့ဘာသာ ဆုံးဖြတ်ကြပေါ့"

လူအုပ်ကြီးကြားတွင် နောက်ထပ် ရုတ်ရုတ်သဲသဲဖြစ်မှုတစ်ခု ထွက်ပေါ်လာပြန်လေ၏။ ထိုမီးမိုးကြီးအောက်တွင် မရေမတွက်နိုင်သော လူများစွာ မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြသည်မှာ ထင်ရှားလှပေသည်။ ဤသေတ္တာထဲရှိ အရာအားလုံးကို ကြိတ်ချေလိုက်မည်ဆိုလျှင်တောင် လူတိုင်းအတွက် ညီမျှစွာ ခွဲဝေပေးနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

အန်ဂျီဟု အမည်ရသော ဤအုပ်ချုပ်သူက မည်သို့သော ရွေးချယ်မှုမျိုး ပြုလုပ်မည်ကို ရဲချီယန် စောင့်ကြည့်ချင်နေမိသည်။

"မစ္စတာရဲ၊ ကျေးဇူးတင်ပါတယ်၊ စိတ်ချပါ၊ နှင်းဖြူရောင် မြို့တော်က ရှင့်ကို ဘယ်တော့မှ စိတ်ပျက်အောင် လုပ်မှာမဟုတ်ပါဘူး"

စစ်သားနှစ်ဦးက သေတ္တာကို မ,ချီလိုက်ကြလေ၏။ သူတို့၏အမူအရာမှာ သေတ္တာအတွင်းရှိ အရာများက သာမန် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များမဟုတ်ဘဲ အလွန်တရာ ရှားပါးလှသော ရတနာတစ်ပါးအလား အလွန်အမင်း ဂရုတစိုက်ရှိလှပေသည်။

မဟုတ်သေးပေ၊ သူတို့အတွက်တော့ မည်မျှပင် ရှားပါးလှသော ရတနာဖြစ်ပါစေ ဤကုသပေးနိုင်စွမ်းရှိသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များလောက် တန်ဖိုးရှိမည် မဟုတ်သည်မှာ အမှန်ပင်ဖြစ်လေတော့သည်။

လူအုပ်ကြီးမှာ လူစုကွဲသွားကြချေပြီ။ အန်ဂျီက ရဲချီယန်နှင့် လီဆက်တို့ကို ဗဟိုသုတေသနဌာနဟု ခေါ်သော အဆောက်အအုံကြီးထဲသို့ တက်တက်ကြွကြွ ဦးဆောင်ခေါ်သွားလေ၏။

သူမထံမှတစ်ဆင့် သူမတို့ ကမ္ဘာပျက်ကပ် ဒင်္ဂါးများဟု ခေါ်ဆိုသော ထိုဒင်္ဂါးပြားများ၏ မူလအစကို ရဲချီယန် သိရှိသွားခဲ့လေသည်။

"လွန်ခဲ့တဲ့ ခုနစ်ဆယ့်ခုနစ်နှစ်ကတည်းက ဒီကမ္ဘာကြီး ကမ္ဘာပျက်ကပ် အချိန်ကာလထဲကို စတင်ဝင်ရောက်လာခဲ့ပြီး ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်လောက်တဲ့ ကြောက်မက်ဖွယ် ကမ္ဘာပျက်ကပ် ဘေးအန္တရာယ် အမျိုးမျိုး ဆင်းသက်လာခဲ့တယ်ဆိုတာ ရှင်လည်း သိလောက်မှာပါ"

"အဲဒီအချိန်ကတည်းက ဖျက်ဆီးခံလိုက်ရတဲ့ နေရာတွေကနေ ကမ္ဘာပျက်ကပ် ဘေးအန္တရာယ်တွေ ယာယီဆုတ်ခွာသွားပြီးတိုင်း လူတွေက ဒီလိုထူးဆန်းတဲ့ ဒင်္ဂါးပြားတွေကို တွေ့ရှိခဲ့ကြတယ်"

"ဒင်္ဂါးပြားတွေပေါ်မှာ ရထားပုံစံတစ်ခု ထွင်းထုထားပြီး ဒါက ကပ်ဘေးကနေ လွတ်မြောက်ဖို့ မျှော်လင့်ချက်ပဲဆိုပြီး နတ်ဘုရားတစ်ပါးပါးက လူသားတွေကို သတိပေးနေတာလို့ လူတွေက ယုံကြည်ကြတယ်"

"ဒါပေမဲ့..."

ရထားအကြောင်း ပြောလိုက်ချိန်တွင် အန်ဂျီ၏ မျက်နှာအမူအရာက အနည်းငယ် ထူးဆန်းသွားလေ၏။

"ရပါတယ်၊ ဒါကို ထားလိုက်ပါတော့၊ ရှင့်ကို ရယ်စရာဖြစ်အောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်"

"နှင်းဖြူရောင် မြို့တော်က ကမ္ဘာပျက်ကပ် ဘေးအန္တရာယ်တချို့ကို ရှောင်ရှားနိုင်ခဲ့ပြီး ကမ္ဘာပျက်ကပ် ဒင်္ဂါးတချို့ကို စုဆောင်းနိုင်ခဲ့တယ်၊ လေ့လာဖို့အတွက် သုတေသနဌာနမှာ အမြဲတမ်း သိမ်းဆည်းထားခဲ့ပေမဲ့ နှစ်ပေါင်းများစွာ ကြာလာတဲ့အထိ ဘာရလဒ်မှ မထွက်ပေါ်လာခဲ့ဘူးလေ"

သုတေသနဌာနအတွင်းရှိ အခန်းတစ်ခုထဲတွင် အန်ဂျီက မီးများကို ဖွင့်လိုက်လေ၏။ မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်မှာ မှောင်မိုက်သော ရွှေရောင်ဒင်္ဂါးပြားများ အပြည့်ပုံနေသည့် သေတ္တာတစ်လုံးပင် ဖြစ်လေတော့သည်။

"ဒီသေတ္တာထဲမှာ ကမ္ဘာပျက်ကပ် ဒင်္ဂါး စုစုပေါင်း ၄၇၂ ပြား ရှိပါတယ်၊ အဲဒီသစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေအတွက် ပေးချေမှုလို့ သတ်မှတ်ပေးပါ၊ နည်းလွန်းတယ်လို့ မထင်ပါနဲ့နော်"

၄၇၂ ပြား။ သူ့အတွက်တော့ သာမန်ထက်ပင် ရိုးရှင်းနေသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက် အနည်းငယ်အတွက်များ ဤမျှလောက် ပေးရသလား။

ရိုးရိုးသားသား ပြောရလျှင် ရဲချီယန်က ဤမျှများပြားသော ပမာဏကို ရရှိလိမ့်မည်ဟု တကယ်ကို မျှော်လင့်မထားခဲ့ပေ။ သူ၏ နှလုံးသားထဲတွင် အလွန်အမင်း ဝမ်းသာအံ့သြသွားသော်လည်း မျက်နှာပေါ်တွင်မူ တည်ငြိမ်မှုများကိုသာ ထိန်းသိမ်းထားလေ၏။

သူက သေတ္တာဆီသို့ လျှောက်သွားကာ ဒင်္ဂါးပြားတစ်ခုကို ကောက်ယူလိုက်သည်။ စနစ်၏ အလင်းမျက်နှာပြင်က အကဲဖြတ်မှုတစ်ခုကို ပြုလုပ်ပေးလာလေ၏။

မှန်ပေသည်။ အစစ်အမှန်ပင်တည်း။

သို့ဆိုလျှင် အဘယ်ကြောင့်နည်း။ ထိုကမ္ဘာပျက်ကပ် ဘေးအန္တရာယ်များအပြီးတွင် ရထားဒင်္ဂါးများက အဘယ်ကြောင့် ထွက်ပေါ်လာရသနည်း။

သုံးစွဲမှု အကြီးအကျယ် လျှော့ချခြင်း မော်ဂျူးမှတစ်ဆင့် ရထားဒင်္ဂါးများက စကြာဝဠာကြီး၏အရာအားလုံးကို ကိုယ်စားပြုကြောင်း ရဲချီယန် ကောင်းကောင်းကြီး သိထားလေ၏။

ကမ္ဘာပျက်ကပ် ဘေးအန္တရာယ်က အရာအားလုံးကို ဖျက်ဆီး၊ ချေမွပြီး ပြန်လည်ဖွဲ့စည်းလိုက်သည်ဆိုလျှင်... အဲဒါက ရထားဒင်္ဂါးတွေ ထွက်ပေါ်လာစေဖို့ အခြေအနေတွေထဲက တစ်ခုများ ဖြစ်နေမလား။

ရထားဒင်္ဂါးများ ပါဝင်သော ထိုသေတ္တာကို ပွေ့ချီကာ ရထားဆီသို့ ပြန်လည်သယ်ဆောင်သွားရန် လီဆက်ကို သူ စေခိုင်းလိုက်လေ၏။

ဤအရာအားလုံးကို စောင့်ကြည့်နေသော အန်ဂျီက အချိန်အတော်ကြာအောင် တွေဝေတုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် မေးလိုက်လေသည်။

"ဒီဒင်္ဂါးတွေကို ရှင်က ဘာလုပ်ဖို့ လိုအပ်တာလဲလို့ မေးပါရစေ"

ရဲချီယန်က မျက်တောင်တစ်ချက်ခတ်ကာ လေးနက်သော အသံဖြင့် ပြောလိုက်လေ၏။ "ဒါတွေက ကမ္ဘာပျက်ကပ်အပြီး ကျန်ရစ်ခဲ့တဲ့ အကြွင်းအကျန်တွေ၊ လူသားတွေ တည်ရှိခဲ့ဖူးတယ်ဆိုတဲ့ သဲလွန်စတွေပဲလေ၊ အရင်က တည်ရှိခဲ့ဖူးတဲ့ ကမ္ဘာကြီးကို အောက်မေ့အမှတ်ရတဲ့အနေနဲ့ ဒီသဲလွန်စတွေကို ကျွန်တော် စုဆောင်းချင်ရုံပါပဲ"

၎င်းမှာ လိမ်လည်မှုတစ်ခုသာ ဖြစ်ပေသည်။ သို့သော် ရဲချီယန်က နတ်ဆိုး ကတ်ပြား · ဖြားယောင်းသွေးဆောင်ခြင်း ကို အသုံးမပြုခဲ့သော်ငြား အန်ဂျီက သူ့ကို ယုံကြည်ရန်သာ ရွေးချယ်လိုက်လေ၏။ ထိုသစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို မည်သို့ခွဲဝေပေးမည်ကို ရဲချီယန် သိရှိနိုင်ရန် နည်းလမ်းမရှိသလို ဂရုလည်းမစိုက်ခဲ့ပေ။

သူ၏ရထားဆီသို့ ပြန်သွားလိုက်လေသည်။

ရထားကို ဗဟိုပြုကာ မီတာတစ်ရာ ပတ်လည်အတွင်း နှင်းဖြူရောင် မြို့တော်မှ စစ်သားများက လူသားတံတိုင်းတစ်ခု ဖန်တီးထားပြီး ကာကွယ်ပေးခြင်း သို့မဟုတ် စောင့်ကြည့်ခြင်းဟု ဆိုနိုင်သော အလုပ်တစ်ခုကို လုပ်ဆောင်နေကြလေ၏။

သာမန်ပြည်သူများ လာရောက်နှောင့်ယှက်ခြင်း မရှိစေရန် သူတို့က တားဆီးပေးထားလေသည်။ ရဲချီယန်ကလည်း ဤကဲ့သို့ ငြိမ်းချမ်းတိတ်ဆိတ်မှုကို အတော်လေး သဘောကျနေမိ၏။ အန်ဂျီက အရောင်းအဝယ်ကိစ္စကို ထပ်မံထုတ်ဖော်ပြောဆိုလာခြင်း မရှိတော့ပေ။ ရဲချီယန် ထုတ်ပေးလိုက်သော အရာများက သူ၏ အားလုံးဖြစ်မည်ဟု သူမ၏ မျက်လုံးထဲတွင် ယူဆသွားပုံရလေသည်။

"ဒင်္ဂါး ၄၀၀ ကျော်ရယ်၊ ငါ့ဆီမှာ ကျန်နေသေးတာတွေရယ် ပေါင်းလိုက်ရင်... အဲဒီအရာကို ဖန်တီးဖို့ လုံလောက်ပြီပဲ"

【အတုအယောင် · သေဆုံးခြင်းကို ငြင်းဆန်မှု】

【သင်သည် ရထားဒင်္ဂါး အမြောက်အမြားကို အသုံးပြု၍ တစ်ခါသုံး "အတုအယောင် · သေဆုံးခြင်းကို ငြင်းဆန်မှု" ကို ဖန်တီးနိုင်သည်။】

【ဤအကျိုးသက်ရောက်မှုကို သယ်ဆောင်ရန် (ကာကွယ်ရေး အမျိုးအစား) သို့မဟုတ် (အစောင့်အရှောက် အမျိုးအစား) ပစ္စည်းတစ်ခု လိုအပ်သည်။】

ကမ္ဘာပျက်ကပ် ဘေးအန္တရာယ်အမျိုးမျိုး အချိန်မရွေး ထွက်ပေါ်လာနိုင်သော ဤကမ္ဘာကြီးတွင် အပို အသက်အာမခံတစ်ခု ရှိထားရန် လိုအပ်ကြောင်း ရဲချီယန် ခံစားလိုက်ရလေ၏။

မည်သည့်အရာကို ကြားခံအဖြစ် အသုံးပြုရမည်နည်း။ ရဲချီယန်၏ အကြည့်က သူ၏ ဘယ်ဘက်လက်ကောက်ဝတ်ဆီသို့ ရောက်ရှိသွားလေသည်။

ထိုနေရာတွင် မည်သည့်အရာကိုမျှ မလုပ်ဆောင်ဖူးသော်လည်း သူ အမြဲတမ်း ဝတ်ဆင်ထားလေ့ရှိသည့် ရိုးရှင်းသော လက်ကောက်လေးတစ်ခု ရှိနေလေ၏။

【ဘေးကင်းလုံခြုံရေး လက်ကောက် (အဆင့် ၄)】

【သေစေနိုင်လောက်သော ဒဏ်ရာတစ်ခုကို တားဆီးကာကွယ်ပေးနိုင်သည်။ ကာကွယ်ပြီးနောက် ကွဲကြေသွားမည်ဖြစ်သည်။】

All Chapters