အခန်း ၃၄၇
Vol. 28 Ch. 347
အခန်း ၃၄၇ ငါတို့ လွတ်မြောက်နိုင်ပါ့မလား
"အကြီးအကဲ၊ မိုးကြိုး ဘေးအန္တရာယ်ရဲ့ စွမ်းအင်က အရမ်းပြင်းထန်လွန်းနေတယ်၊ ကောင်းကင်မီးတောက်ကို ဖြတ်ကျော်လာရုံပဲ ရှိသေးတယ်၊ အကာအကွယ်ဒိုင်းလွှာရဲ့ စွမ်းအင်က မလုံလောက်တော့ဘူး၊ ငါတို့... ငါတို့ ဖောက်ထွက်နိုင်မှာ မဟုတ်တော့ဘူး"
ဗဟိုသုတေသနဌာန။
သုတေသီများ၏ ဖန်သားပြင်များထက်တွင် သတိပေးချက်များ တစ်ခုပြီးတစ်ခု တလက်လက် လင်းလက်နေသော အချက်အလက်များကို ကြည့်ရင်း သူတို့၏ ခန္ဓာကိုယ်များမှာ ချွေးများဖြင့် ရွှဲရွှဲစိုနေကြချေပြီ။
အရှေ့ဆုံးတွင် ထိုင်နေသော အန်ဂျီက သူမ၏ရှေ့ရှိ ဖန်သားပြင်ကြီးကို စူးစိုက်ကြည့်နေလေ၏။ သူမက ခန္ဓာကိုယ်ကို ကွေးထားကာ တုန်ယင်နေသော သူမ၏ လက်ချောင်းများကို ကိုက်ထားရင်း ထိုနာကျင်မှုဖြင့် နှလုံးသားအောက်ခြေမှ မျှော်လင့်ချက်မဲ့မှုကို ဖိနှိပ်ထားလေသည်။
"အစွမ်းကုန် ကြိုးစားပြီး ကျန်တာကိုတော့ ကံကြမ္မာကိုပဲ ပုံအပ်ထားလိုက်တော့၊ အဆင့်စုပ်ယူရေး မီးဖိုကို အသက်သွင်းလိုက်၊ မိုးကြိုး ဘေးအန္တရာယ်ပဲဖြစ်ဖြစ် ၎င်းက လျှပ်စီးကြောင်းပဲလေ"
"စွမ်းအင်တွေကို တတ်နိုင်သမျှ စုပ်ယူလိုက်၊ အလေးချိန် လျှော့ချဖို့ အပြင်ဘက် မြို့ပြရပ်ကွက်တွေကို စွန့်လွှတ်လိုက်ပြီး အယ်လန်စ်ကို အကန့်အသတ်ကျော်လွန် မောင်းနှင်လိုက်တော့၊ ဒီကနေစပြီး ပြေးနိုင်သလောက် ဝေးဝေးပြေး... ပြေးနိုင်သလောက်ကို ပြေးကြ၊ ဒီနေရာမှာ ရပ်နေတာထက်စာရင်တော့ ပိုကောင်းတယ်"
အန်ဂျီ၏ အမိန့်ပေးမှုကို မည်သူကမျှ တုံ့ပြန်ခြင်းမရှိပေ။ သွေးထွက်နေသော လက်ချောင်းများကို ချလိုက်ကာ သူမက နောက်သို့ လှည့်ကြည့်လိုက်လေ၏။ ထိုမျှော်လင့်ချက်မဲ့နေသော မျက်နှာများထက်တွင် သေဆုံးခြင်း၏ ဝမ်းနည်းကြေကွဲမှုများ ပြည့်နှက်နေလေသည်။
အန်ဂျီက ရင်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး သူမ၏ အသံက ရုတ်တရက် ကျယ်လောင်သွားတော့သည်။
"အားလုံးပဲ စိတ်ကို တင်းထားကြစမ်း၊ ဒီကျိန်စာသင့်နေတဲ့ ကမ္ဘာကြီးက ငါတို့ကို အသက်မရှင်စေချင်ပေမဲ့ သူ့ဆန္ဒကို ငါတို့က ဘာလို့ အရှုံးပေးရမှာလဲ၊ မကြိုးစားကြည့်ဘဲနဲ့ ငါတို့ မလွတ်မြောက်နိုင်ဘူးလို့ ဘယ်လိုလုပ် ပြောနိုင်မှာလဲ"
"အယ်လန်စ်က ဒီကမ္ဘာပေါ်မှာ အဆင့်အမြင့်ဆုံး ဘေးအန္တရာယ်ရှောင်ရှားရေး ဧရာမ သားရဲကြီးပဲ၊ ငါတို့က ဘာလို့ လက်လျှော့ရမှာလဲ"
"ဖောက်ထွက်ကြစမ်း"
သူမ၏အသံမှာ တစ်စုံတစ်ရာသော မှော်ပညာ ပါဝင်နေသည့်အလား။ မျှော်လင့်ချက်မဲ့နေသော သုတေသီများက တုန်ယင်သွားကြပြီး ကိုယ့်နေရာကိုယ် ပြန်ထိုင်ကာ "အယ်လန်စ်" ဟု အမည်ရသော စက်ယန္တရား သားရဲကြီးကို ဆက်လက်ထိန်းချုပ်လိုက်ကြလေသည်။
ဝုန်း။
ဟိန်းဟောက်သံကြီးများက အဆုံးမရှိ ထွက်ပေါ်လာလေ၏။ နှင်းဖြူရောင် မြို့တော်အောက်ရှိ သားရဲကြီးက ရှေ့သို့ ချီတက်သွားခြင်းလား သို့တည်းမဟုတ် ကောင်းကင်ယံမှ အဆုံးမရှိသော လျှပ်စီးကြောင်းများ ကျဆင်းလာခြင်းလားဆိုတာကိုပင် ခွဲခြား၍ မရနိုင်တော့ချေ။
ဇစ်။
ဗဟိုသုတေသနဌာနမှတစ်ဆင့် အန်ဂျီ၏ အသံက အသံလွှင့်ရုံမှ ထွက်ပေါ်လာလေသည်။
"နှင်းဖြူရောင် မြို့တော်က ပြည်သူတွေ အာရုံစိုက်ပါ၊ ကျေးဇူးပြုပြီး ကိုယ့်အိမ်ကိုယ် ပြန်ကြပါ၊ မစိုးရိမ်ကြပါနဲ့၊ အယ်လန်စ်က ငါတို့ကို ဒီဘေးအန္တရာယ် နေရာကနေ ခေါ်ထုတ်သွားပေးပါလိမ့်မယ်"
"ကျေးဇူးပြုပြီး... ငါတို့ကို ယုံကြည်ပေးကြပါ"
"ကျေးဇူးပြုပြီး" ဟူသော စကားလုံးအပြီးတွင် ခဏတာ တုံ့ဆိုင်းသွားလေ၏။ အန်ဂျီမှာ သူမ၏ စကားများက ညွှန်ပြနေသလောက် ယုံကြည်မှု ရှိနေပုံမပေါ်ပေ။
သို့သော် နှင်းဖြူရောင် မြို့တော်ရှိ လူများက အမှန်တကယ် မကြားလိုက်ရခြင်း သို့မဟုတ် ထိုအကြောင်းကို ဆက်လက်မတွေးချင်တော့ခြင်းလည်း ဖြစ်နိုင်ပေသည်။ လူတိုင်းက တကယ်ကို လိမ္မာစွာဖြင့် ကိုယ့်အိမ်ကိုယ် ပြန်သွားကြလေတော့သည်။
"အယ်လန်စ်ဆိုတာ ဘာလဲ"
ထိုစစ်သားက ရဲချီယန်၏ ရထားဘေးတွင် ကျန်ရစ်နေဆဲပင်။ အန်ဂျီ၏ အသံလွှင့်ချက်ကို ကြားပြီးနောက် သူ၏မျက်နှာမှာ စောစောကလောက် မျှော်လင့်ချက်မဲ့နေခြင်း မရှိတော့ချေ။
"မစ္စတာရဲ၊ အယ်လန်စ်က ကျွန်တော်တို့ နှင်းဖြူရောင် မြို့တော်ရဲ့ ဘေးအန္တရာယ်ရှောင်ရှားရေး ဧရာမ သားရဲကြီးပါ၊ တကယ်တော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီကမ္ဘာပေါ်က ပထမဆုံး ဘေးအန္တရာယ်ရှောင်ရှားရေး ဧရာမ သားရဲကြီးကို အုပ်ချုပ်သူ အန်ဂျီရဲ့ အဖေက ကျွန်တော်တို့ နှင်းဖြူရောင် မြို့တော်ရဲ့ ဗဟိုသုတေသနဌာနမှာ သုတေသနပြုလုပ်ခဲ့တာပါ"
"ဆယ်စုနှစ်ချီပြီး ထပ်ခါတလဲလဲ အဆင့်မြှင့်တင်မှုတွေ လုပ်ပြီးတဲ့နောက် သုတေသနပြုလုပ်ထားတဲ့ နည်းပညာတွေ အားလုံးကို အယ်လန်စ်ပေါ်မှာ တပ်ဆင်ထားပါတယ်၊ ကျွန်တော်တို့ နှင်းဖြူရောင် မြို့တော်က ဒီကမ္ဘာကြီးတစ်ခုလုံးမှာ အလုံခြုံဆုံး နေရာလို့ ပြောလို့ရပါတယ်"
ဘေးအန္တရာယ်ရှောင်ရှားရေး ဧရာမ သားရဲကြီးတဲ့လား၊ နာမည်ကတော့ ဒီကမ္ဘာကြီးနဲ့ သေချာပေါက် လိုက်ဖက်နေပေသည်။
"...မစ္စတာရဲ၊ ခင်ဗျား နေရာတော်တော်များများကို ရောက်ဖူးမှာပေါ့နော်"
"ကျွန်တော် တစ်ခုလောက် မေးလို့ရမလား..."
စစ်သားက တုံ့ဆိုင်းစွာဖြင့် ပြောလာလေ၏။
"ကျွန်တော့်ကို ရဲချီယန်လို့ပဲ ခေါ်ပါ၊ စဉ်းစားကြည့်တော့ ခင်ဗျားနာမည်ကိုတောင် ကျွန်တော် မသိသေးဘူးပဲ"
"ကျင်းရှားပါ၊ ကျွန်တော့်နာမည်က ကျင်းရှားပါ၊ ခင်ဗျားကို မစ္စတာရဲလို့ပဲ ဆက်ခေါ်ပါရစေ... အဲဒါလေ၊ မေးချင်တာက..."
"ဒါပေါ့ ရတာပေါ့"
ကျင်းရှားက တောက်ပနေသော အကာအကွယ် ဒိုင်းလွှာကို မော့ကြည့်လိုက်ပြီး သွားကိုတင်းတင်းကိုက်ကာ သူတို့နှစ်ယောက်သာ ကြားနိုင်သည့် တိုးညင်းသော အသံဖြင့် မေးလိုက်လေသည်။
"ခင်ဗျားက ဗဟုသုတကြွယ်ဝပြီး အတွေ့အကြုံများတဲ့သူဆိုတော့လေ၊ ကျွန်တော်တို့... တကယ်ပဲ လွတ်မြောက်နိုင်ပါ့မလား"
ရဲချီယန်က မေးစေ့ကို လက်တစ်ဖက်ဖြင့် ထောက်ထားကာ ကျန်လက်တစ်ဖက်မှ လက်ချောင်းများက စားပွဲကို ဖွဖွလေး ခေါက်နေလေ၏။
သူက အကန့်အသတ်ကျော်လွန် မောင်းနှင်နေသော အခြေအနေရှိ အကာအကွယ် ဒိုင်းလွှာကို စိုက်ကြည့်လိုက်ပြီးနောက် အရှေ့ရှိ ကျင်းရှားဟု အမည်ရသော လူငယ်လေး၏ မျက်နှာဆီသို့ အကြည့်ကို ပြန်ရွှေ့ကာ အနည်းငယ် ပြုံးလိုက်လေသည်။
"ခင်ဗျားတို့ရဲ့ အကာအကွယ် ဒိုင်းလွှာက အရမ်းခိုင်ခံ့ပါတယ်၊ အဲဒီလျှပ်စီးတွေကို တားဆီးဖို့က ပြဿနာမရှိလောက်ပါဘူး"
"ဒါဆိုရင်၊ ခင်ဗျားတို့ရဲ့ အုပ်ချုပ်သူကို ယုံကြည်လိုက်ပါ၊ သူမက လိမ်ညာတတ်တဲ့ လူစားမျိုး မဟုတ်လောက်ပါဘူးနော်"
"ဒါပေါ့၊ ဒါပေါ့ဗျာ၊ ခင်ဗျားရဲ့ စကားတွေကြောင့် ကျွန်တော် စိတ်အေးသွားရပြီ"
ကျင်းရှားက ရဲချီယန်၏ အဖြေကို အခြားသူများကို မျှဝေပေးရန် ပြေးထွက်သွားတော့သည်။
သို့သော် ဤအဖြေမှာ လိမ်လည်မှုတစ်ခုသာ ဖြစ်ပေသည်။
နှင်းဖြူရောင် မြို့တော်ကို ဖုံးလွှမ်းထားသော အကာအကွယ် ဒိုင်းလွှာမှာ လက်ရှိတွင် အကန့်အသတ်ကျော်လွန် မောင်းနှင်နေသော အခြေအနေတွင် ရှိနေပြီး ထိုသို့ဖြစ်နေသည့်တိုင် ကောင်းကင်ယံမှ ကျဆင်းလာသော လျှပ်စီးများကို တားဆီးရန်မှာ အတော်လေး ရုန်းကန်နေရလေသည်။
အကန့်အသတ်ကျော်လွန် မောင်းနှင်နေရသည်ဖြစ်ရာ အချိန်ကန့်သတ်ချက်တစ်ခု ရှိနေမည်မှာ အသေအချာပင်။ ဤအချိန်ကုန်ဆုံးသွားသည်နှင့်တစ်ပြိုင်နက် ဤအကာအကွယ် ဒိုင်းလွှာအလွှာက ဆက်တိုက် တိုးပွားလာနေသော မိုးကြိုးများကို ဆက်လက်၍ ခံနိုင်ရည်ရှိပါဦးမည်လား။
"လွင်တီးခေါင်ပြင်ထဲက မိုးကြိုးမုန်တိုင်း ရာသီဥတုနဲ့ ပိုပိုပြီး တူလာပြီပဲ၊ ကျွတ်၊ ကျွတ်၊ နောက်ပိုင်း လုယူသူ တစ်ကောင်ကောင်များ ထွက်လာဦးမလား မသိဘူး"
"အဲဒီလိုသာဆိုရင်တော့..."
ရဲချီယန်၏ အကြည့်က သူ၏ ဘယ်ဘက်လက်ကောက်ဝတ်ဆီသို့ ကျရောက်သွားကာ ထိုနေရာတွင် ထပ်မံဝတ်ဆင်ထားပြီး ဘဝအဆုံးသတ် သဘောတူညီချက် ဟု အမည်ပြောင်းလဲထားပြီးဖြစ်သော ထိုပစ္စည်းဆီသို့ ရောက်ရှိသွားလေ၏။
"စောင့်ကြည့်ကြသေးတာပေါ့လေ"
အချိန်များက အဆက်မပြတ် ကုန်ဆုံးသွားလေ၏။ တစ်နာရီခန့် အကြာတွင်တော့ ကောင်းကင်ယံရှိ မိုးကြိုးများမှာ မူလပမာဏထက် နှစ်ဆကျော်အထိ ချဲ့ထွင်လာခဲ့ချေပြီ။
အကန့်အသတ်ကျော်လွန် မောင်းနှင်နေသော အခြေအနေရှိ အကာအကွယ် ဒိုင်းလွှာမှာ ယခုအခါ အနိုင်နိုင်သာ ခုခံနိုင်တော့သည်။
ပျက်စီးသွားပြီးနောက် အချိန်မီ ပြန်လည်မကောင်းမွန်လာနိုင်သော အကာအကွယ် ဒိုင်းလွှာရှိ ကွာဟချက်များတစ်လျှောက် လျှပ်စစ်စီးကြောင်းအချို့က နှင်းဖြူရောင် မြို့တော်အတွင်းသို့ ကျဆင်းလာခဲ့ချေပြီ။
ဗဟိုသုတေသနဌာန။
အန်ဂျီ၏ လက်ချောင်းဆယ်ချောင်းလုံးမှာ သူမ၏ ကိုက်ခဲမှုကြောင့် ပေါက်ပြဲနေခဲ့လေပြီ။ လက်ချောင်းများကြားမှ သွေးများ စီးကျလာကာ သူမ၏ နှင်းဆွတ်နေအောင် ဖြူဖွေးနေသော ဓာတ်ခွဲခန်းဝတ်စုံကို အနီရောင်အဖြစ် စွန်းထင်းသွားစေတော့သည်။
ဖန်သားပြင်ကြီးပေါ်တွင် အကန့်အသတ်ကျော်လွန် မောင်းနှင်နိုင်သည့် အချိန် နောက်ဆုံး ဆယ့်ငါးမိနစ်သာ ကျန်ရှိတော့လေသည်။ ဤမိုးကြိုးမုန်တိုင်း ဖုံးလွှမ်းထားသော ဧရိယာမှာလည်း အဆုံးသတ်သွားမည့် အရိပ်အယောင် လုံးဝ မပြသသေးချေ။
"ဟူး..."
သက်ပြင်းချသံတစ်ခု။ သုတေသီများကြားထဲမှ ဆံပင်နှင့် မုတ်ဆိတ်မွေးများ ဖြူဖွေးနေသော သက်ကြီးရွယ်အို အမျိုးသားတစ်ဦးက ရှေ့သို့ လျှောက်လာကာ အန်ဂျီ၏ ပုံပန်းသဏ္ဌာန်ကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ကူကယ်ရာမဲ့မှုများ ဖြတ်ပြေးသွားလေ၏။
"အချိန်ရသေးတယ်၊ မြန်မြန် ထွက်သွားလိုက်ပါ၊ နှင်းဖြူရောင် မြို့တော်ကို အမှတ်ရပေးမယ့် လူတစ်ယောက်တော့ လိုအပ်သေးတယ်လေ... အနည်းဆုံးတော့ မင်း လွတ်မြောက်သွားနိုင်တယ်"
အန်ဂျီက သူမ၏ ပါးစပ်ကို လွှတ်ပေးလိုက်ကာ ထိုအဘိုးအိုကို မကြည့်ဘဲ ဖန်သားပြင်ကြီးပေါ်ရှိ အချိန်ရေတွက်မှုကိုသာ ဆက်လက်စူးစိုက်ကြည့်နေရင်း လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
"ကျွန်မ မသွားဘူး၊ ဒီမြို့က အဖေ ထားရစ်ခဲ့တာ၊ သေရမယ်ဆိုရင်တောင် ဒီမှာပဲ နေခဲ့မယ်"
"ပြီးတော့ ကမ္ဘာပျက်ကပ် ဒင်္ဂါးတွေကို အသုံးပြုပြီး ကျွန်မတို့ သုတေသနပြုလုပ်ထားတဲ့ အဲဒီအရာက လူတွေကို တကယ်ပဲ ခေါ်ထုတ်သွားနိုင်မယ်လို့ ရှင် ထင်နေတာလား"
"နှစ်ပေါင်းများစွာ ကြာခဲ့ပြီ၊ လူဘယ်နှယောက်လောက် ကြိုးစားခဲ့ဖူးလဲဆိုတာတောင် မသိတော့ဘူး၊ ပြီးတော့ ရလဒ်က ဘာဖြစ်သွားလဲ၊ ဒီကမ္ဘာကြီးကနေ တစ်ယောက်ယောက်များ လွတ်မြောက်သွားဖူးလို့လား"
"အခုက မတူတော့ဘူးလေ၊ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်က ကပ်ဘေးအပြီး နေရာမှာ ကျွန်တော်တို့ တွေ့ခဲ့ရတဲ့ ကျိုးပဲ့နေတဲ့ ရထားခေါင်းတွဲက ပြုပြင်မွမ်းမံပြီးတဲ့နောက်မှာ အရင်တုန်းက ကျွန်တော်တို့ လုပ်ခဲ့တာတွေနဲ့ လုံးဝကို ကွာခြားသွားပြီ"
"အခု ကျွန်တော်တို့ စမ်းသပ်မယ့် လူတစ်ယောက်ပဲ လိုတော့တာပါ၊ အောင်မြင်သွားရင် ကျွန်တော်တို့..."
"လွတ်မြောက်နိုင်မယ် ဟုတ်လား"
အန်ဂျီက ထိုအဘိုးအိုကို တည်ငြိမ်စွာ ကြည့်လိုက်လေ၏။
"ငါတို့ လွတ်မြောက်သွားရင်ရော ဘာဖြစ်မလဲ၊ အပြင်ကမ္ဘာကြီးကလည်း နောက်ထပ် ကမ္ဘာပျက်ကပ် တစ်ခု မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ"
"အဲဒီလိုတော့ ပြောလို့မရဘူးလေ..."
ဘီ၊ ဘီ။
စူးရှသော သတိပေးသံကြီးက သူတို့၏ စကားပြောဆိုမှုကို ဖြတ်တောက်သွားလေ၏။
အန်ဂျီက သူမ၏ ထိုင်ခုံမှ မတ်တပ်ရပ်လိုက်ကာ ဖန်သားပြင်ကြီးပေါ်ရှိ ပုံရိပ်ကို ကြည့်လိုက်ရာ သူမ၏ မျက်နှာထက်တွင် အကြောက်တရား အရိပ်အယောင်တစ်ခု ထွက်ပေါ်လာတော့သည်။
ဖျော့တော့သော အပြာရောင် အလင်းတန်းတစ်ခုက ကောင်းကင်ယံမှ ဆင်းသက်လာကာ နှင်းဖြူရောင် မြို့တော် ဖြတ်သန်းသွားရမည့် လမ်းကြောင်းပေါ်သို့ အတိအကျပင် ဖြတ်တောက် ပိတ်ဆို့လိုက်လေသည်။
၎င်းထွက်ပေါ်လာသည့် အခိုက်အတန့်တွင်ပင်။ မိုးကြိုးများအားလုံးက အပြင်ဘက်သို့ ပြန့်ကျဲသွားကာ လျှပ်စီးလှောင်ချိုင့်ကြီး တစ်ခုအဖြစ် ဖန်တီးသွားလေ၏။
မရေမတွက်နိုင်သော အလင်းတန်းများက နှင်းဖြူရောင် မြို့တော်ဆီသို့ ဦးတည်လာကြတော့သည်။
"ဒါက ဘာကြီးလဲ"