အခန်း ၃၄၉
Vol. 28 Ch. 349
အခန်း ၃၄၉ ကတ်ပြား အစီအစဉ်ကို ရှာဖွေခြင်း
နှင်းဖြူရောင် မြို့တော်သို့ ပြန်လည်ရောက်ရှိလာခဲ့လေ၏။
အမဲလိုက် စက်ယန္တရားနဂါးက မုဒ် - အကန့်အသတ်ကျော်လွန်သော ကြယ်ပွင့် မှ ထွက်ခွာသွားခဲ့ချေပြီ။
လူများစွာက သူ၏ရထားကို ဝိုင်းရံနေခဲ့ကြလေသည်။ သူတို့ထံမှ မည်သည့်ရန်လိုမှုမျှ မပြသခြင်းနှင့် ကျင်းရှားကဲ့သို့သော စစ်သားများက လူအုပ်ကြီးကို မီတာဆယ်ဂဏန်းခန့် အကွာအဝေးမှ တားဆီးထားခြင်းသာ မရှိပါက အစောင့်အဖြစ် တာဝန်ယူထားသော အီဗ်က ပစ်ခတ်မှုများ ပြုလုပ်နေလောက်ချေပြီ။
စက်ယန္တရားနဂါးကြီးက လှည့်ပတ်ပျံသန်းကာ ဆင်းသက်လာလေ၏။ ရထားခေါင်မိုးပေါ်တွင် ရပ်တန့်သွားချိန်၌ ရဲချီယန်က ၎င်း၏ဦးခေါင်းပေါ်မှ ခုန်ဆင်းလိုက်လေသည်။ သူ၏အနောက်ရှိ နတ်ဆိုး ကတ်ပြားများကလည်း ဤမတိုင်မီကပင် လေဟာနယ် ကတ်ပြား သိုလှောင်ရုံအတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့ကြပြီ ဖြစ်ပေသည်။
"မစ္စတာရဲ၊ မစ္စတာရဲ"
မလှမ်းမကမ်းမှ အန်ဂျီ၏ အသံ ထွက်ပေါ်လာလေ၏။
လူအုပ်ကြီးက လမ်းဖယ်ပေးလိုက်ကြပြီးနောက် အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးက လူအုပ်ကြားမှ ဖြတ်လျှောက်လာခဲ့သည်။ သူမက ရဲချီယန်အား ရှုပ်ထွေးလှသော မျက်ဝန်းများဖြင့် ကြည့်လိုက်လေ၏။ ထိုရှုပ်ထွေးမှုများကြားတွင် အမည်မသိအရာတစ်ခုအပေါ် အကြောက်တရားနှင့် သိချင်စိတ်များ ပါဝင်နေသည့်အပြင် ကျေးဇူးတင်ရှိမှုများလည်း ပြည့်နှက်နေလေသည်။
"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ရှင်သာမရှိခဲ့ရင် ဒီနေ့ နှင်းဖြူရောင် မြို့တော်တော့ လုံးဝပျက်စီးသွားလောက်ပြီ"
"ဒီမှာ လာမစုကြနဲ့၊ ဘေးအန္တရာယ်ရှောင်ရှားရေး ဧရာမ သားရဲကြီး ရပ်သွားပြီ၊ အချိန်ရတုန်း မြန်မြန် ပြုပြင်ရေးလုပ်ငန်းတွေ သွားလုပ်ကြစမ်း"
အန်ဂျီက ရဲချီယန်အား ကျေးဇူးတင်စကားဆိုပြီးနောက် ပတ်ဝန်းကျင်ရှိ လူများကို ချက်ချင်း မောင်းထုတ်လိုက်လေ၏။
ဤနှင်းဖြူရောင် မြို့တော်တွင် နေထိုင်ကြသော လူသားများမှာ အသုံးမကျသူများတော့ မဟုတ်ကြပေ။ သူတို့က အယ်လန်စ် ဟုခေါ်သော ဘေးအန္တရာယ်ရှောင်ရှားရေး ဧရာမ သားရဲကြီးအတွက် ပြုပြင်ရေးသမားများ ဖြစ်ကြလေသည်။ သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်ပွားပြီးတိုင်း နှင်းဖြူရောင် မြို့တော်ရှိ လူတိုင်းက ထိုသားရဲကြီးကို ပြုပြင်ရန် ရက်အနည်းငယ်ခန့် အလုပ်များနေတတ်ကြ၏။
လူများ လူစုကွဲသွားကြပြီးနောက် ဗဟိုသုတေသနဌာန အရှေ့ရှိ ဧရိယာမှာ အတော်လေး ရှင်းလင်းသွားတော့သည်။
ရဲချီယန်က ဂရုမစိုက်ဟန်ဖြင့် လက်ယမ်းပြလိုက်လေ၏။ ထို လုယူသူ က သူ၏ဆွဲဆောင်မှုကြောင့် ရောက်ရှိလာခြင်း ဖြစ်နိုင်ခြေများကြောင်း ပြောနေစရာပင် မလိုချေ။ သူက ယခုအခါ ဤနှင်းဖြူရောင် မြို့တော်တွင် တည်းခိုနေခြင်းဖြစ်ရာ ဤမြို့တော်ကြီးသာ အမှန်တကယ် ပျက်စီးသွားပါက သူ့အတွက်လည်း ပြဿနာဖြစ်လာနိုင်ပေသည်။
ဘာပဲဖြစ်ဖြစ် အကန့်အသတ်ကျော်လွန် အရှိန်မြှင့်တင်ခြင်း၏ စွမ်းရည်စောင့်ဆိုင်းချိန်က မပြည့်သေးပေ။ သူက ထပ်မံအသက်သွင်းနိုင်မည်ဆိုလျှင်တောင် သူ၏ အဆင့် ၁၁ ရထားကြီးမှာ ထိခိုက်ပျက်စီးမှုအချို့ကို ခံစားရမည်သာ ဖြစ်လေသည်။
"မစ္စတာရဲ၊ မေးပါရစေ... ရှင်က ဒီကမ္ဘာကြီးက လူမဟုတ်ဘူးမလား"
အန်ဂျီ၏ မေးခွန်းက သိပ်ပြီး အံ့သြစရာတော့ မဟုတ်ပေ။
ဘီးယားစ်ဟု အမည်ရသော ဤကမ္ဘာပျက်ကပ် ကမ္ဘာကြီးတွင် သာလွန်သော စွမ်းအားရှင်များ မရှိသည်မှာ ရှင်းလင်းလှပေသည်။ တစ်ခုတည်းသော ထူးခြားချက်မှာ ဤဧရာမ ဘေးအန္တရာယ်ရှောင်ရှားရေး ဧရာမ သားရဲကြီးများသာ ဖြစ်လေ၏။ သို့သော် ဤဘေးအန္တရာယ်ရှောင်ရှားရေး ဧရာမ သားရဲကြီးများ၏ နည်းပညာအများစုမှာ ကာကွယ်ရေးနှင့် လွတ်မြောက်ရေးအပေါ်တွင်သာ အဓိကထားလေ့ရှိကြသည်။
ပြောရမည်ဆိုလျှင် ထိုကမ္ဘာပျက်ကပ် ဘေးအန္တရာယ်များကို ဖယ်ထုတ်လိုက်ပါက ဤပလက်ဖောင်းရှိ လူသားများ၏ အဆင့်အတန်းမှာ အလွန်ဆုံးမှ အဆင့် ၇ သို့မဟုတ် အဆင့် ၈ ပလက်ဖောင်းမှ လူများကဲ့သို့သာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သာမန်လူတစ်ယောက် မဟုတ်သော ရဲချီယန် ပြသခဲ့သည့် စွမ်းအားများကြောင့် ဤကမ္ဘာကြီးမှလူ မဟုတ်ကြောင်းကို လူများက တွေးတောမိသွားခြင်းမှာ လုံးဝကို ယုတ္တိရှိလှပေသည်။
"ခင်ဗျားက ဉာဏ်ကောင်းတဲ့သူပဲ မစ္စအန်ဂျီ"
ရဲချီယန် ငြင်းဆန်နေရန် မလိုအပ်တော့ချေ။
"ဒါဆို တကယ်ပဲပေါ့... အပြင်ဘက်မှာ နောက်ထပ်ကမ္ဘာတစ်ခု တကယ်ရှိနေတာပဲ"
အန်ဂျီက နှုတ်ခမ်းကို ဖိကိုက်ထားလိုက်ရာ သူမ အမြဲတမ်း ဖိနှိပ်ထားခဲ့ရသော တမ်းတမှု အရိပ်အယောင်တစ်ခုက မျက်လုံးများထဲတွင် ထွက်ပေါ်လာတော့သည်။
"အပြင်ကမ္ဘာကြီးက ဘယ်လိုမျိုးလဲဆိုတာ ကျွန်မကို ပြောပြပေးလို့ရမလား"
"ခုနကထက် ပိုဆိုးရွားတဲ့ ရာသီဥတုတွေ အချိန်မရွေး ထွက်ပေါ်လာနိုင်တဲ့ လွင်တီးခေါင်ပြင်ကြီးတစ်ခုပေါ့၊ နေရာသစ်တစ်ခုကို ရောက်သွားတိုင်း အသက်ရှင်နိုင်ဖို့ ရုန်းကန်ကြရတယ်"
"...ဒီနေရာနဲ့ ဘာမှမကွာဘူး မဟုတ်လား"
"မဟုတ်ဘူး"
ရဲချီယန်က ခေါင်းခါပြလိုက်လေ၏။
"မတူသေးဘူး၊ အဲဒီမှာက ရှေ့ကို ဆက်လျှောက်လှမ်းနေသရွေ့ ဘာပဲဖြစ်ဖြစ် အမြဲတမ်း လမ်းပေါက်တစ်ခုတော့ ရှိနေတတ်တယ်"
အန်ဂျီက တစ်စုံတစ်ရာကို ပြောချင်သည့်အလား နှုတ်ခမ်းဟလိုက်သော်လည်း နောက်ဆုံးတွင်တော့ တိုးညင်းစွာ သက်ပြင်းချလိုက်ရုံသာ တတ်နိုင်တော့သည်။
"ကျွန်မ နားလည်ပြီထင်ပါတယ်... မစ္စတာရဲ၊ ဒါဆို ရှင့်ရဲ့ရထားက ကမ္ဘာပျက်ကပ် ဒင်္ဂါးတွေပေါ်က အရာမျိုးပေါ့၊ ဒီလိုဆိုမှတော့လေ... ရှင့်ကို တစ်ခုလောက် ကြည့်ခိုင်းလို့ရမလား"
"စိတ်မပူပါနဲ့၊ ရှင့်အချိန်တွေ အများကြီး မယူပါဘူး။ ပြီးတော့ ရှင်က နှင်းဖြူရောင် မြို့တော်ကို ကယ်တင်ပေးခဲ့တာဆိုတော့ ရှင့်အတွက် ပွဲလုပ်ပေးသင့်တာပေါ့၊ သိပ်ကောင်းတဲ့ အစားအစာတွေတော့ မရှိပေမဲ့... ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့နော်"
အန်ဂျီက ရဲချီယန်ကို သုတေသနဌာန၏ ဓာတ်လှေကားထဲသို့ ခေါ်ဆောင်သွားလေသည်။ ဓာတ်လှေကားက အယ်လန်စ်ဟု အမည်ရသော ဘေးအန္တရာယ်ရှောင်ရှားရေး ဧရာမ သားရဲကြီး၏ ခန္ဓာကိုယ်အတွင်းရှိ လျှို့ဝှက်ဧရိယာတစ်ခုသို့ ရောက်သည်အထိ အောက်သို့ ဆက်တိုက် ဆင်းသွားတော့သည်။
မျက်လုံးစကင်ဖတ်ခြင်းကို အသုံးပြု၍ သူမက ထိုဧရိယာ၏ တံခါးကို ဖွင့်လိုက်လေ၏။ စစ်သားများက အစောင့်အဖြစ် နောက်တွင် ကျန်ရစ်ခဲ့ပြီး အန်ဂျီက အရင်ဆုံး ဝင်ရောက်သွားလေသည်။
"ကြွပါရှင်"
တံခါးအတွင်း၌မူ ဧရာမ ဓာတ်ခွဲခန်းကြီးတစ်ခု ရှိနေလေ၏။ ထိုဓာတ်ခွဲခန်း၏ စမ်းသပ်မှု ပစ်မှတ်မှာ တစ်ခုတည်းသာ ဖြစ်လေသည်။ ၎င်းမှာ စက်ခေါင်းတွဲ တစ်ခုပင်တည်း။
"ဒီအရာကို... ရှင် သိလား"
ဤစက်ခေါင်းတွဲမှာ ရဲချီယန် ဤကမ္ဘာကြီးထဲသို့ စတင်ဝင်ရောက်လာချိန်က ရှိခဲ့သော စက်ခေါင်းတွဲနှင့် အလွန်ပင် ဆင်တူလှပေသည်။ စုတ်ပြတ်ဟောင်းနွမ်းနေပြီး လေတစ်ချက်တိုက်လိုက်သည်နှင့် အချိန်မရွေး လွင့်စင်သွားတော့မည့်အလား။
သူ၏လက်ထဲတွင် ကျီးကန်းနတ်ဆိုး ထွက်ပေါ်လာကာ ရှေ့သို့ပျံသန်းသွားပြီး စက်ခေါင်းတွဲကို ထိတွေ့လိုက်လေ၏။ စနစ်၏ အကဲဖြတ်မှု အလင်းမျက်နှာပြင်က ချက်ချင်းပင် ထွက်ပေါ်လာတော့သည်။
【စက်ခေါင်းတွဲ တစ်ခု (ပျက်စီးနေသည်) (ပြုပြင်နေဆဲ) (အဆင့် သုညသို့ ရောက်ရှိသွားသည်)】
【စက်ခေါင်းတွဲ ပိုင်ရှင် အသက်ဆုံးရှုံးသွားပါသဖြင့် ချိတ်ဆက်မှုကို ဖယ်ရှားပြီးဖြစ်သည်】
【စနစ် ပြန်လည်ချိတ်ဆက်နိုင်သည်】
"ဒါက သဘာဝဘေးအန္တရာယ်ကနေ လွတ်မြောက်လာခဲ့တဲ့ ဧရိယာတစ်ခုကနေ ကျွန်မတို့ ကောက်ရလာခဲ့တာပါ"
"အဲဒီတုန်းက အထဲမှာ လူသေအလောင်းတစ်လောင်းတောင် ရှိနေသေးတယ်"
၎င်းမှာ ကံဆိုးသော ရထားမောင်းနှင်သူ တစ်ယောက်က ဤကမ္ဘာသို့ ဝင်ရောက်လာပြီး သဘာဝဘေးအန္တရာယ်ကို မလွန်ဆန်နိုင်ဘဲ အတွင်းတွင် သေဆုံးသွားကာ နောက်ဆုံး၌ ဤဌာနေလူသားများ၏ ရှာတွေ့ခြင်းကို ခံလိုက်ရသည့် ဖြစ်ရပ်မျိုးပင် ဖြစ်လေသည်။
"ခင်ဗျား ဘာကို မေးချင်တာလဲ"
လက်ရှိတွင် ရဲချီယန်၏ စိတ်အခြေအနေက ကောင်းမွန်နေလေ၏။ ရထားဒင်္ဂါး ၅၀၀ နီးပါး အမြတ်အစွန်းနှင့် ယခုလေးတင် ရရှိလိုက်သော ကတ်ပြား အစီအစဉ် သော့တို့က သူ့အား နောက်ထပ် မေးခွန်းအနည်းငယ်ကို ဖြေကြားပေးရန် ဆန္ဒရှိစေခဲ့သည်။
"...အဲဒါက ငါတို့ကို ဒီကမ္ဘာကြီးကနေ တကယ် ခေါ်ထုတ်သွားပေးနိုင်တာလား"
အဖြေကတော့ သံသယဖြစ်ဖွယ် မရှိပေ။
"ဒါပေါ့ ရတာပေါ့၊ ထွက်ခွာသွားနိုင်ရုံတင်မကဘူး ခင်ဗျားတို့လည်း ကျွန်တော့်လို လူမျိုး ဖြစ်လာနိုင်တယ်"
ရဲချီယန်က အန်ဂျီကို စိတ်ဝင်တစား ကြည့်လိုက်လေ၏။ "ဒါပေါ့ ရတာပေါ့" ဟူသော စကားကို သူပြောလိုက်ပြီးနောက် ဤအမျိုးသမီး၏ မျက်လုံးများက သိသိသာသာကိုပင် စိတ်လှုပ်ရှားလာခဲ့သည်။
သို့သော် သူမပြောသော "ငါတို့" ဆိုသည်မှာ ဤနှင်းဖြူရောင် မြို့တော်ရှိ လူသားအားလုံးကို ဆိုလိုခြင်း ဖြစ်ပေသည်။ ဤမြို့တော်တွင် လူဘယ်နှယောက်များ ရှိနေသနည်း။ ထောင်ဂဏန်းလား၊ သောင်းဂဏန်းလား၊ သို့မဟုတ် ထို့ထက်ပိုမလား။ အနိမ့်ဆုံးအဆင့် ရထားတစ်စင်းဖြင့် ရထားတွဲတစ်ခု ထပ်ပေါင်းထည့်လိုက်လျှင်တောင်မှ လူဘယ်နှယောက်ကိုများ ခေါ်ဆောင်သွားနိုင်မည်နည်း။
အန်ဂျီလည်း ထိုအချက်ကို သဘောပေါက်သွားပုံရလေ၏။ သူမ၏ မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုများက တဖြည်းဖြည်း မှေးမှိန်သွားကာ လက်မြှောက်အရှုံးပေးလိုသည့် ခံစားချက်က နေရာယူလာတော့သည်။
"ကျေးဇူးတင်ပါတယ် မစ္စတာရဲ၊ ကျွန်မ နည်းလည်ပါပြီ"
ထိုည၏ အောင်ပွဲခံမှုက စီစဉ်ထားသည့်အတိုင်း ရောက်ရှိလာခဲ့လေ၏။
အမဲလိုက် စက်ယန္တရားနဂါး ဖွင့်လှစ်ထားခဲ့သော လေဟာနယ်ပြင်ကြီးက တဖြည်းဖြည်း ကျုံ့ဝင်သွားလေပြီ။ သို့သော် ဤမိုးကြိုး ဘေးအန္တရာယ်ကြီးမှာ လုယူသူ သေဆုံးသွားပြီးနောက် အချိန်ကြာမြင့်စွာ တည်ရှိမနေခဲ့တော့ချေ။
တစ်ရက်အကြာ။
အယ်လန်စ် ဟုခေါ်သော ဘေးအန္တရာယ်ရှောင်ရှားရေး ဧရာမ သားရဲကြီးကို ပြုပြင်မွမ်းမံပြီး ပြန်လည်စတင်လိုက်လေ၏။ ၎င်းက ခန္ဓာကိုယ်ကို လှည့်ကာ ဦးတည်ရာ တစ်ဖက်သို့ စတင်ရွေ့လျားလာတော့သည်။
ရဲချီယန်၏ နှင်းဖြူရောင် မြို့တော်အပေါ် ကူညီမှုအတွက် ကျေးဇူးဆပ်ရန် သူက ပစ္စည်းအချို့ ရှာဖွေရန် နေရာတစ်ခုသို့ သွားမည်ဖြစ်ကြောင်း သိရှိလိုက်ရချိန်တွင် အန်ဂျီက နှင်းဖြူရောင် မြို့တော်ကို ထိုနေရာသို့ ရွှေ့ပြောင်းနိုင်ကြောင်း ချက်ချင်းပင် အဆိုပြုလာခဲ့လေသည်။ သူမ၏ စကားများအရဆိုရလျှင် ဘာပဲဖြစ်ဖြစ် သူတို့က ထွက်ခွာရမည်ဖြစ်ရာ ဘယ်နေရာသွားသွား ကိစ္စမရှိကြောင်း ဆိုလေ၏။
အယ်လန်စ် ဘေးအန္တရာယ်ရှောင်ရှားရေး ဧရာမ စက်ယန္တရား သားရဲကြီးကို စီးနင်းရသည်မှာ ရထားစီးရသည်ထက် အမှန်တကယ် ပို၍ပင် သက်တောင့်သက်သာ ရှိလှပေသည်။ ထို့ကြောင့် ရဲချီယန်ကလည်း မငြင်းဆန်ခဲ့ဘဲ ဤခရီးစဉ်အတွက် အဖိုးအခအဖြစ် ရထားပေါ်မှ ငါး၊ အသားနှင့် သစ်သီးအချို့ကိုသာ ထုတ်ပေးလိုက်လေသည်။
လမ်းတစ်လျှောက်တွင် မည်သည့် သဘာဝဘေးအန္တရာယ်ကိုမျှ သူတို့ မကြုံတွေ့ခဲ့ရချေ။ ဆန့်ကျင်ဘက်အနေဖြင့် နောက်ထပ် မြို့တစ်မြို့နှင့်ပင် ဆုံတွေ့ခဲ့ရသေးသည်။ ကျင်းရှားအမည်ရသော စစ်သား ပြောခဲ့သည့်အတိုင်းပင်။ အခြားမြို့များနှင့် နှိုင်းယှဉ်လျှင် နှင်းဖြူရောင် မြို့တော်၏ ဘေးအန္တရာယ်ရှောင်ရှားရေး ဧရာမ သားရဲကြီးက အမှန်တကယ် သာလွန်လှပေသည်။
"ကျွန်တော်တို့ ရောက်လုနီးပါး ဖြစ်နေပြီ၊ အရှေ့မှာပဲ"
အယ်လန်စ်က ဖြည်းညှင်းစွာ ရပ်တန့်သွားတော့သည်။
ရဲချီယန်က မြို့ရိုးစွန်းတွင် ရပ်ကာ အဝေးကြည့်မှန်ပြောင်းဖြင့် အရှေ့သို့ လှမ်းကြည့်လိုက်လေ၏။
ထိုနေရာတွင် ဤကမ္ဘာကြီး၏ ပုံစံနှင့် လုံးဝကို ဆန့်ကျင်ဘက်ဖြစ်နေသော ဧရာမ စိမ်းလန်းစိုပြည်သည့် အိုအေစစ်ကြီးတစ်ခု အမှန်တကယ် တည်ရှိနေခဲ့လေတော့သည်။