အခန်း ၁၄၀၀
Vol. 140 Ch. 1400
အခန်း (၁၄၀၀) လူသားဧကရာဇ်အိုကြီး၏အမွေ
ဆောင်းရာသီရောက်ရှိလာပြီးနောက် တောင်ဘက်ဒေသမှာပို၍ပင် အေးစိမ့်နေသည်။
ကျန်းယန်စီရင်စု၏ မြို့ရိုးများက အချိန်ကာလ၏ ဖြတ်သန်းမှုကြောင့် အနည်းငယ်ဟောင်းနွမ်းဆွေးမြေ့နေခဲ့၏။
"မင်းရဲ့ဂိုဏ်းချုပ်က ဘာဖြစ်နေတာလဲ"
ဖုန်းရှီအပါအဝင် တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးသုံးဦးက မြို့ရိုးပေါ်သို့အနည်းငယ် ဇဝေဇဝါဖြင့်မော့ကြည့်လိုက်ပြီး ချင်းဖုန်းအား လှမ်းခေါ်လိုက်ကြသည်။
ယမန်နေ့ညကတည်းက ရှန်းယီက မိုးပြာရောင် ကောင်းကင်ယံအဝေးဆီသို့ ငေးကြည့်ကာ တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။ သူ၏ဖြူဖျော့ချောမောသောမျက်နှာထက်တွင် ဝမ်းသာခြင်း၊ ဒေါသထွက်ခြင်း မည်သည့်အရိပ်အယောင်မျှမရှိပေ။
လူတိုင်း၏အမြင်တွင်မူ သူက အမြဲတစေ အလျင်စလိုနှင့် ဂဏာမငြိမ်ဖြစ်နေတတ်ပြီး အနားမယူတတ်သူဖြစ်သည်။ ဤသို့အေးအေးဆေးဆေးနှင့် လွတ်လွတ်လပ်လပ်ရှိနေသော အခြေအနေမျိုး ဆိုသည်မှာ ဝေလာဝေးပင်။
ကြည့်ရသည်မှာ ကောင်းမွန်ပုံရသော်လည်း၊ ၎င်းမှာ အလွန်ပင်ထူးဆန်းနေပါသည်။
လီချင်းဖုန်းက ဂိုဏ်းချုပ်ထံသို့လက်ဖက်ရည် ပုံမှန် လာပို့နေကျဖြစ်သော်လည်း၊ သူ၏နောက်မှ လူသုံးယောက်၏အကြည့်အောက်တွင် အကူအညီမဲ့စွာ ရပ်တန့်လိုက်ပြီး တိုးတိုးလေးမေးလိုက်၏။
"ဂိုဏ်းချုပ်၊တစ်ခုခုဖြစ်လို့လား"
"ဒီအတိုင်း ကြည့်နေတာပါ"
ရှန်းယီက သူ၏အကြည့်ကို ရုပ်သိမ်းလိုက်ပြီး သူ၏လက်ထဲမှ ကျောက်စိမ်းနီကိုပြန်ကြည့်လိုက်၏။
ဤပစ္စည်းတွင်လှုပ်ခတ်နေသော အငွေ့အသက်မရှိသလို ထွင်းထုထားသောလက္ခဏာလည်း မရှိပေ။ ကျောက်စိမ်းပြားအတွင်းရှိ အကြောင်းအရာများမှတစ်ဆင့်သာ ၎င်း၏ရည်ရွယ်ချက်ကို အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့သည်။
ယဲ့လန်ထံမှ သတင်းစကားက လူသားဧကရာဇ်တစ်ပါးပြောဆိုမည့် စကားမျိုးနှင့် မတူဘဲ အထီးကျန်နေသော လူအိုကြီးတစ်ဦး၏စကားနှင့် ပိုတူနေပါသည်။
ရှန်းယီက သူ၏မျက်လုံးများကို မှိတ်လိုက်ပြီး တောင်ပိုင်းတိုက်ကြီးမှထွက်ပြေးကာ အင်ပါယာမြို့တော်ဆီသို့ ခရီးနှင်ခဲ့သည့် အခိုက်အတန့်ကို သူ၏စိတ်တွင်းပြန်လည်မြင်ယောင်လာခဲ့၏။
ထိုအမျိုးသားက စကားနားမထောင်သော ကလေးတစ်ဦးကဲ့သို့ ဧကရာဇ်ချီများပြည့်နှက်နေသည့် အရက်ကန်ကြီးကို သူ့အားဂုဏ်ယူဝင့်ကြွားစွာ ပြသခဲ့ဖူးသည်။
ရှန်းယီက အစစ်အမှန်ဗုဒ္ဓ၊ဧကရာဇ်တို့ပြီးလျှင် ဒုတိယလိုက်သောစွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း ထိုစဉ်ကမြင်ကွင်းမှာ ယခုထက်တိုင် တုန်လှုပ်ဖွယ် ကောင်းနေဆဲဖြစ်သည်။
တစ်ကြိမ်ထွက်ပေါ်လာသည်နှင့် လောကကြီးကိုပင် ပြောင်းလဲပစ်နိုင်မည့် အင်မတန်ကြီးမားလှသော အင်အားဖြစ်သည်။
လိုအပ်နေသည်မှာ ဂိုဏ်းနှစ်ခုစလုံး၏ လက်များကို ရင်ဆိုင်ဖြေရှင်းပေးမည့် လူတစ်ဦးသာဖြစ်သည်။
ရှန်းယီက သူမြင်တွေ့ခဲ့ရသမျှကိုယုံကြည်ခဲ့၏။ ထို့ကြောင့်မြောက်ပိုင်းတိုက်ကြီးသို့ သွားပြီးနောက်တွင် သူကကိစ္စရပ်များ၌ဝင်မပါရန် မရွေးချယ်ခဲ့ဘဲ၊ မုန်တိုင်းများကို အပြင်းအထန် ဖန်တီးကာအပြောင်းအလဲအနည်းငယ်ကို ရှာဖွေခဲ့၏။
သူက ထိုအပြောင်းအလဲကို ရှာဖွေတွေ့ရှိပြီး ဆုပ်ကိုင်နိုင်ခဲ့ကာ၊လူသားဧကရာဇ် အလိုရှိသောအရာအားလုံးကို အောင်မြင်စွာရယူနိုင်ခဲ့သည်။
သို့သော် ယခုအခါ ဤကျောက်စိမ်းပြားက ရှန်းယီအား ရုတ်တရက်လာပြောနေပြန်သည်။ ထိုစွမ်းအားက အမှန်တကယ်ပင်ကြီးမားသော်လည်း၊ အဆုံးအဖြတ်ပေးနိုင်သည့်အဆင့်သို့မူ မရောက်သေးကြောင်းဖြစ်သည်။
ကောင်းကင်တာအိုတစ်ခုလုံးကို ဖြတ်တောက်ရန် ၎င်းအားအသုံးပြုမည်ဆိုပါက ဖြည်းဖြည်းချင်း သေချာဂရုစိုက်လုပ်ဆောင်ရန်လိုအပ်ပါသည်။ ဂိုဏ်းနှစ်ခုကိုယ်တိုင်စတင်ခဲ့သော အတွင်းပိုင်း ပဋိပက္ခကြားမှ အရှိန်အဟုန်နှင့် လိုက်ပါသွားမှသာ လူသားဧကရာဇ်က ကောင်းကင်တာအိုဟူသော သားရဲကြီးတစ်ခုလုံးကို တိတ်တဆိတ်လွှမ်းခြုံနိုင်မည် ဖြစ်သည်။
သူတကယ်တမ်းဘာလိုချင်နေသည်လဲဟု အတွေးဝင်လာသည်။
ဤအကြောင်းအရာများအားလုံးကို သိရှိလိုက်ရသောအခါ ရှန်းယီက ရုတ်တရက်လမ်းပျောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။
လက်ရှိလူဦးရေကို အသက်ရှင်စေလိုခြင်းနှင့် သူတို့၏အနာဂတ်တွင် ဂုဏ်သိက္ခာရှိရှိနေထိုင်နိုင်စေရန်ဆိုသည်မှာ မတူညီသောလမ်းကြောင်းနှစ်ခုပေါ်၌လုံးဝအားကိုး၍မရခဲ့ကြောင်းကို သူက အစောကြီးကတည်းက သိနေခဲ့သည်။
ထိုအမျိုးသားက ကူလီအား မက်မွန်သီးမုန့်များပို့ခိုင်းရန်အချိန်ရနေသော်လည်း၊ ဤမျှအရေးကြီးသောကိစ္စအတွက်မူ အချိန်အနည်းငယ်မျှပင်မပေးနိုင်ခဲ့ဘူးလောဟု တွေးမိသည်။
ရှန်းယီက ဤမေးခွန်းကိုစဉ်းစားရင်း တစ်ညလုံး မှင်သက်စွာ ထိုင်နေခဲ့၏။
အကယ်၍သူသာစောစီးစွာကတည်းက သိရှိခဲ့လျှင်... သူက လူသားဧကရာဇ်ကိုဆက်လက် လျစ်လျူရှုကာ သူလုပ်နိုင်သည့်အရာကိုသာ လုပ်နေမည်လော။ သို့မဟုတ် လူသားဧကရာဇ်၏အတိတ်က ညွှန်ကြားချက်များကို လိုက်နာ၍မြောက်ပိုင်းတိုက်ကြီးမှ သာမန်မသေမျိုးဂူတစ်ခုထံသို့ ရှာဖွေဝင်ရောက်ကာ၊ နတ်ဘုရားမင်းဆက်နှင့် မသေမျိုးခုံရုံးတို့ အနိုင်အရှုံး ဆုံးဖြတ်ပြီးသည်အထိ သေမျိုးလောကကို ဂရုမစိုက်သောကျင့်ကြံသူတစ်ဦးဖြစ်လာမည်လော ဈိငသည်မှာမသေချာပေ။
လောကတွင်နောင်တအတွက် ဖြေဆေးမရှိသလို၊ ငွေကြေးဖြင့် စမှတ်အသစ်ကိုလည်း ဝယ်ယူ၍မရပေ။
သို့သော် လူသားဧကရာဇ်က သူ့အား ထိုကဲ့သို့သော အခွင့်အရေးမျိုး ပေးခဲ့သည်။
"ဆုလာဘ်လား"
ရှန်းယီက သူ၏လက်ဖဝါးထဲမှ သွေးကျောက်စိမ်းကို စိုက်ကြည့်နေခဲ့၏။
လူသားဧကရာဇ်၏ကြိုတင်မြင်နိုင်စွမ်းအရဆိုလျှင် ရှန်းယီ ယခုအခါ ဂိုဏ်းနှစ်ခုစလုံး၏လိုက်လံဖမ်းဆီးခြင်းကိုခံနေရကြောင်း သူ သဘာဝကျကျပင် ခန့်မှန်းမိပါလိမ့်မည်။
မသေမျိုးခုံရုံးက သူ့အားလက်မခံပါက၊ မိုးကောင်းကင်နှင့် မြေပြင်ပေါ်တွင် နားခိုစရာ နေရာရှိမည် မဟုတ်ပေ။
အကောင်းမြင်၍တွေးကြည့်လျှင်ပင် ပုန်းအောင်းနေရသော ဘဝမျိုးသာဖြစ်နေမည်သာဖြစ်သည်။
တစ်ဖက်လူက ရှန်းယီအားပုန်းအောင်းနေရန်၊ မိမိအသက်ကို ဦးစွာကာကွယ်ထားရန်နှင့် အနိုင်အရှုံး ဆုံးဖြတ်မည့်နေ့တွင် နတ်ဘုရားမင်းဆက် အနိုင်ရပါက ပထမအဆင့်စစ်သူကြီး ဖြစ်လာမည်။ မသေမျိုးခုံရုံးအနိုင်ရပါက မည်သူ့ကိုမျှမစော်ကားမိစေဘဲ အစစ်အမှန်မသေမျိုးဗောဓိသတ္တဖြစ်လာမည်ဟု အကြံပေးခဲ့၏။
ယခုအခါတွင် လူသားဧကရာဇ်က သူ့အား နောက်ထပ်အခွင့်အရေးတစ်ခု ပေးအပ်ခဲ့ပြန်သည်။
လူသားဧကရာဇ်၏အနှစ်သာရသွေးများဖြင့် ဖွဲ့စည်းထားသော သွေးကျောက်စိမ်းက အရက်ကန်အတွင်းရှိ အရာများအပါအဝင်ကောင်းကင်တစ်ခွင်လုံးရှိ ဧကရာဇ်ချီများကို လှုံ့ဆော်ပေးနိုင်ပါသည်။
ဤဧကရာဇ်ချီက မသေမျိုးခုံရုံး၏အပြစ်သား ရှန်းယီကိုကာကွယ်ပေးနိုင်မည့် လောကမှ တစ်ခုတည်းသော အရာဖြစ်ကောင်းဖြစ်ပေမည်။
အကယ်၍ ရှန်းယီဆန္ဒရှိပါက ၎င်းကိုသူကိုယ်တိုင်အတွက် အသုံးပြုနိုင်သည်။
ပုန်းအောင်းနေရန်ဆိုသည်ကို မေ့လိုက်ပါက၊ ယွီချင်းဂိုဏ်းချုပ်နှင့် ပစ္စုပ္ပန် ဗုဒ္ဓတို့နှင့် တန်းတူ အဆင့်အတန်းတစ်ခုအထိ လွတ်မြောက်ခြင်းပင်ရရှိနိုင်သည်။
ထိုအမျိုးသားက ဤကဲ့သို့သောအရာမျိုးကို သူ့ထံသို့ စွန့်လွှတ်လိုက်ခြင်းပင်ဖြစ်သည်။
"ခင်ဗျားနားမလည်နိုင်တဲ့မေးခွန်းကို ကျုပ်ဆီပစ်ချလိုက်တာပေါ့လေ"
ရှန်းယီက ကိုယ့်ကိုယ်ကိုယ်လှောင်ပြောင်သကဲ့သို့ ပြုံးလိုက်၏။ တစ်ချိန်က လူသားဧကရာဇ်အား သူရဲကောင်းတစ်ဦးအဖြစ် သူမှတ်ယူခဲ့ပြီး၊ သူကိုယ်တိုင်မှာမူ သာမန်လူငယ်လေးတစ်ဦးမျှသာဖြစ်ကာ တစ်ယောက်စီ၌ကိုယ်ပိုင်တာဝန်များ၊ လမ်းကြောင်းများရှိသည်ဟု သူ ထင်မှတ်ခဲ့သည်။
သို့သော် ယခုအခါတစ်ဖက်လူက လက်ကိုဖြေလျှော့ကာ တာဝန်ကို စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။
လူသားဧကရာဇ်က ဤသွေးကျောက်စိမ်းကို ပေးပို့လိုက်သည်ကိုကြည်ခြင်းဖြင့်၊ထိုအချိန်တွင် သူ၏ အခြေအနေမည်သို့ရှိနေမည်ဆိုသည်မှာ ရှင်းလင်းနေပါသည်။
ဤမျှထိအချိန်ကြာသွားပြီဖြစ်ရာ ရှန်းယီအနေဖြင့် သူ့အားတွေ့ဆုံ၍ ပြန်လည်ပေးအပ်ရန် အခွင့်အရေးရှိတော့မည်မဟုတ်ပေ။
"ကောင်းပြီလေ။ ငါပဲလုပ်လိုက်မယ်"
ရှန်းယီက အေးအေးလူလူမတ်တပ်ရပ်လိုက်ရာ အနက်ရောင်တာအိုဝဝ်ရုံမှာ အေးစိမ့်သောလေများဖြင့် ညှင်သာစွာလွင့်မျှောနေခဲ့သည်။
သူက သွေးကျောက်စိမ်းကို သူ၏လက်ကောက်ဝတ်တွင် သေချာစွာ ချည်နှောင်လိုက်၏။
"ခင်ဗျားဒါကို နောင်တမရတာပိုကောင်းမယ်"
သူတီးတိုးရေရွတ်လိုက်ကာ စကားဆုံးသွားသည်နှင့် ချောမောသောမျက်နှာက ခံစားချက်ကင်းမဲ့သွားတော့သည်။
"..."
လီချင်းဖုန်းက ဂိုဏ်းချုပ်အားမှင်သက်စွာ စိုက်ကြည့်နေ၏။
ရင်းနှီးကျွမ်းဝင်မှုဟူသော မသေချာသည့်ခံစားချက်တစ်ခုကို သူရုတ်တရက်ခံစားလိုက်ရပြီး၊ ဟုန်ကျယ်ရှိ မြောက်ပိုင်းဟုန်သက်ရှိအားလုံးကို တစ်ချိန်ကဖျက်ဆီးပစ်ခဲ့သော ပုံရိပ်က သူ၏မျက်လုံးထဲတွင် ဝိုးတဝါးပြန်လည်ထင်ဟပ်လာခဲ့သည်။
တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးချုပ်များဖြစ်သော ဖုန်းရှီနှင့် ယန်လန်ထင်တို့က တစ်ခုခု မှားယွင်းနေကြောင်းကို အာရုံခံမိပြီးသားဖြစ်၍ မြို့ရိုးပေါ်သို့ အလျင်အမြန်ရောက်လာကြ၏။
"မပြီးသေးတာများလား။"
ဤအခြေအနေကိုကြည့်ရသည်မှာ တစ်ခုခုထပ်မံ ပြောင်းလဲသွားပြန်ပြီ ဖြစ်ရမည်။
"ပြီးသွားပြီ။"
ရှန်းယီက အရှေ့သို့ တိုက်ရိုက်လှမ်းသွားပြီး၊ ထိုက်ရွှီအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
ရန်မင်လီမှင်သက်သွားပြီး အရှေ့မှ လေဟာနယ်ကို မော့ကြည့်ရင်း တစ်ခုခုမှားယွင်းနေကြောင်းကို အာရုံခံလိုက်မိသည်။