← Chapters

အခန်း (၂၀၉-၂၁၀)

Vol. 21 Ch. 209-210

အခန်း (၂၀၉-၂၁၀)

Vol. 21 Ch. 209-210

အပိုင်း ၂၀၉ + ၂၁၀

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ယခုအချိန်၌ အသူရာမိစ္ဆာကြယ်၏ အကူအညီဖြင့် ဆိုလွန်၏ ဘယ်ဘက်လက်မှာ အကောင်းအတိုင်း ပြန်ဖြစ်နေလေပြီ။ ညာဘက်လက်မှာလည်း သက်သာလု နီးပါး ဖြစ်နေပြီ ဖြစ်၏။

လွန်ခဲ့သည့် နှစ်လတာ ကာလအတွင်း လူတစ်ထောင်ကျော်မှာ အစွမ်းကုန် အလုပ်လုပ်ခဲ့ကြသည်။ လူတိုင်းကို အံ့အားသင့်စေသည်မှာ သူတို့က ဧက ၄၀၀၀ ကျော်ရှိသည့် ဆားကန်များကို ရူးသွပ်လုမတတ် တူးဖော်နိုင်ခဲ့ခြင်းပင်။

ဆားများမှာ အလွန်အမင်း စုပုံလာသောကြောင့် ဂိုဒေါင်များပင် ပြည့်လျှံသွားခဲ့၏။ ထို့အတွက်ကြောင့် သူတို့အနေဖြင့် ပိုလျှံနေသည့် ဆားများကို အိမ်များ၌ စတင် သိုလှောင်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ချေ။

မိသားစုစစ်သည် ခေါင်းဆောင် ဆိုမု ကိန်းဂဏန်းများကို လာရောက် အစီရင်ခံသည့် အချိန်၌ သူ၏ အသံမှာ တုန်ယင်နေရသည်။ နှစ်လဆိုသည့် အချိန်အတွင်း အသစ်တူးဖော်ထားသည့် ဆားကန်များမှ ဆားကျင်း ၁.၅ သန်းကို ယုံကြည်နိုင်စရာ မရှိလောက်အောင် ထုတ်လုပ်နိုင်ခဲ့၏။

ထိုထုတ်လုပ်မှု ပမာဏကို ကြားလိုက်ရသောအခါ ဆိုမိသားစု စစ်သည်များနှင့် ဆားချက်ကျေးကျွန်များမှာ အံ့အားသင့်လွန်းသဖြင့် သတိလစ်မတတ်ပင် ဖြစ်သွားကြသည်။

အချိန် နှစ်လသာ ရှိသေးလေပြီး ဆားကန်များ၏ အစိတ်အပိုင်း အနည်းငယ်ကိုသာ အသုံးပြုရသေးသော်ငြား ဆားကျင်း ၁.၅ သန်းကို ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်၏။

ယခင်ကဆိုလျှင် ဆားချက်ကျေးကျွန် သုံးထောင်က ပင်လယ်ရေကို နေ့ရောညပါ တစ်နှစ်ပတ်လုံး ကျိုချက်မှသာ ဆားကျင်း ၁ သန်းကို ထုတ်လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် လက်ရှိ ဆားထုတ်လုပ်မှုမှာ နေ့စဉ်နှင့်အမျှ တိုးပွားလာနေသေး၏။ တိုးတက်မှုနှုန်းမှာ ခေါင်းမူးချင်စရာ ကောင်းလှသည်။ မနေ့ကပင် နေ့စဉ် ထုတ်လုပ်မှုက ကျင်း ၆ သောင်းကို ကျော်လွန်သွားခဲ့လေပြီ။

သူတို့၏ သခင် ဆိုလွန်မှာ အမှန်တကယ်ပင် နတ်ဘုရားတစ်ပါး ဖြစ်နေသည်လော။

ဆားကန်အတွင်း၌ တောင်ကဲ့သို့ ပုံနေသည့် ဆားများကို ကြည့်ရင်း ဆားချက်သူတိုင်းမှာ ဒူးထောက်ကာ သူ့အား ကိုးကွယ်ချင်စိတ်များ ပြင်းပြစွာ ဖြစ်ပေါ်လာကြ၏။

ထိုမျှသာမက ဆိုလွန်က ဆားအချို့ကို သန့်စင်ရန်နှင့် ဆားပွင့်များ ပြန်လည်ဖွဲ့စည်းရန်အတွက် အမျိုးသမီးတစ်စုကို တာဝန်ပေးခဲ့သည်။ အပင်ပြာများနှင့် အခြားသော ကုန်ကြမ်းများကို အသုံးပြုကာ ကြမ်းတမ်းသည့် ဆားများကို သန့်စင်ခဲ့ကြ၏။

ရေတွက်၍မရနိုင်သော စမ်းသပ်မှုများ အပြီးတွင် နောက်ဆုံး၌ နှင်းများကဲ့သို့ ဖြူဖွေးနေသည့် ဆားမှုန့်များကို ထုတ်လုပ်နိုင်ခဲ့သည်။

ဆားမှုန့်များ ထွက်ပေါ်လာခြင်းက ဆိုနင်ပင်းနှင့် ရဲ့ကျင်းယွီတို့ကို အံ့အားသင့်စွာ အော်ဟစ်သွားစေခဲ့၏။ ဆားမှုန့်များ၏ အရည်အသွေးမှာ သူတို့ မြို့စားအိမ်တော်၌ အသုံးပြုခဲ့သည့် ဆားများထက် များစွာ ပို၍ မြင့်မားနေသည်။

တောက်ပပြီး ဖြူဖွေးနေကာ အညစ်အကြေး လုံးဝနီးပါး မပါဝင်ချေ။ ထို့အတွက်ကြောင့် ဆိုနင်ပင်းနှင့် ရဲ့ကျင်းယွီတို့မှာ ဤဆားမှုန့်များကို အသုံးပြုကာ နေ့စဉ် သွားတိုက်ကြတော့၏။

သူတို့က ဆိုလွန်ကို အနည်းငယ် ခေါင်းမူးသွားစေမည့် စျေးနှုန်းတစ်ခုကိုလည်း တွက်ချက်ပြခဲ့ကြသည်။ ဤဆားမှုန့်များကို တစ်ကျင်းလျှင် ကြေးဒင်္ဂါး ၃၈၀ ခန့်ဖြင့် ရောင်းချနိုင်လေရာ သာမန်ဆားကြမ်းများ၏ စျေးနှုန်းထက် လေးဆခန့် ပိုများနေ၏။

ထို့အပြင် ဤနှင်းကဲ့သို့ ဖြူဖွေးနေသည့် ဆားမှုန့်များအတွက် ဝယ်သူရှာရန် စိတ်ပူစရာ မလိုချေ။ တစ်နိုင်ငံလုံးရှိ အထက်တန်းလွှာများမှာ ဆားမှုန့်များကို ဟင်းချက်ရန်သာမက ရေချိုးသန့်စင်ရာ၌ပါ အသုံးပြုရန် နှစ်သက်ကြသည်။

ကြေးဒင်္ဂါး ၃၈၀ ဆိုသည်မှာ သာမန် အရပ်သားများအတွက် မိုးထိမတတ် မြင့်မားလှသည့် စျေးနှုန်းဖြစ်သော်ငြား ချမ်းသာကြွယ်ဝပြီး အင်အားကြီးမားသည့် အထက်တန်းလွှာ မိသားစုများအတွက်မူ ဘာမှ မဟုတ်ချေ။

ဤတစ်လတည်းမှာပင် ဆိုလွန်က သူ၏ အလုပ်သမားများကို ဤနှင်းကဲ့သို့ ဖြူဖွေးနေသည့် ဆားမှုန့် ကျင်း ၂ သောင်းမှ ၃ သောင်းအထိ ထုတ်လုပ်စေခဲ့ပြီး နေ့စဉ် ထုတ်လုပ်မှုမှာ ကျင်း ၃ ထောင်ခန့် ရှိနေပြီ ဖြစ်၏။

ဤဆားများ အားလုံးမှာ အခြေခံအားဖြင့် တောက်ပနေသည့် ငွေကြေးများပင်။

**--**--**--**--**--**--**--**

သို့သော် ရူးသွပ်လုမတတ် ပျော်ရွှင်ပြီးနောက် မိသားစုစစ်သည် ခေါင်းဆောင်များ၏ ရင်ထဲ၌ မသိမသာ စိုးရိမ်ပူပန်မှုများ စတင် ထွက်ပေါ်လာခဲ့သည်။

တစ်နေ့တွင် ဆိုမု တစ်ယောက် ဆက်၍ မအောင့်ထားနိုင်တော့ချေ။ သူ ဆိုလွန်ထံသို့ လာကာ ပြောလိုက်သည်။ “သခင်… သခင့်ရဲ့ အံ့ဖွယ်လုပ်ရပ်တွေနဲ့ ဉာဏ်ပညာတွေကြောင့် လက်ရှိ ဆားကန်တွေ အပြည့်အဝ လည်ပတ်သွားပြီဆိုတာနဲ့ ခြောက်လအတွင်း ဆားကျင်း သန်း ၁၀ ကျော်ကို ထုတ်လုပ်နိုင်ပါလိမ့်မယ်။ ဒါက တကယ့်ကို ကြီးမားလှတဲ့ ဓနဥစ္စာကြီးပါပဲ…”

ဆိုမုမှာ အမှန်တကယ်၌ အတော်လေး လျှော့၍ ပြောနေခြင်းပင်။ ပထမနှစ်ဝက်အတွက် စစ်မှန်သည့် ထုတ်လုပ်မှု ပမာဏမှာ ကျင်း သန်း ၁၀ ကို အလွယ်တကူပင် ကျော်လွန်သွားမည် ဖြစ်၏။

ထို့နောက် ဆိုမုက သူ၏ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောလာသည်။ “ကျွန်တော်တို့ရဲ့ နှစ်ဝက် ထုတ်လုပ်မှုက ကျင်း သန်း ၁၀ ပဲဖြစ်ဖြစ် ၊ သန်း ၂၀ ပဲဖြစ်ဖြစ် ရောက်သွားရင်တောင်မှ ရွှေဒင်္ဂါး ၂ သောင်းလောက်ပဲ ရမှာပါ။ အဲဒါက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ရွှေဒင်္ဂါး ၁ သိန်း ၅ သောင်းနဲ့ဆို အများကြီး ကွာဝေးနေပါသေးတယ်…”

ဆိုလွန်၏ ကိုယ်ပိုင် ခန့်မှန်းချက်များအရ ဤတိုးတက်မှု အရှိန်ဖြင့်ဆိုလျှင် ဆားကန်များ၏ စုစုပေါင်း ထုတ်လုပ်မှုမှာ လေးလအတွင်း အနည်းဆုံး ကျင်း ၁၅ သန်းအထိ ရောက်ရှိသွားမည် ဖြစ်သည်။

သို့သော် ဤဆားများ အားလုံးကို ရောင်းချလျှင်ပင် ရွှေဒင်္ဂါး ၂ သောင်းခန့်သာ ရရှိဦးမည် ဖြစ်၏။ ဤပမာဏမှာ ထျန်းရွှေမြို့ကို ပြန်လည် ဝယ်ယူရန်အတွက် မည်သို့မျှ မလုံလောက်ချေ။

ဆိုမုက ဆက်ပြောသည်။ “သခင်… လက်ရှိအချိန်မှာ ကျွန်တော်တို့ အသက်အန္တရာယ်ရှိတဲ့ ကပ်ဘေးသုံးခုကိုလည်း ရင်ဆိုင်နေရပါတယ်…”

“ပထမ ကပ်ဘေးကတော့ စားနပ်ရိက္ခာပါပဲ။ ကျွန်တော်တို့ သယ်လာတဲ့ စားနပ်ရိက္ခာ ကျင်း ၇ သောင်း ၊ ၈ သောင်းလောက်က ကုန်တော့မှာပါ။ နေ့တိုင်း အရည်ကျဲကျဲ ဆန်ပြုတ်တွေကိုပဲ စားမယ်ဆိုရင်တောင် ရက်နှစ်ဆယ်လောက်ပဲ ခံပါတော့မယ်။ ရက်နှစ်ဆယ် ကြာပြီးသွားရင်တော့ ကျွန်တော်တို့ဆီမှာ စားစရာ လုံးဝ ပြတ်လပ်သွားပါလိမ့်မယ်…”

ဤပြဿနာကို ဆိုလွန် သတိထားမိပြီး ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သူတို့၏ စားသောက်မှုများ၌ ဆားများ လုံလောက်စွာ ပါဝင်နေ၏။ ထိုသို့မဟုတ်ပါက ဆန်ပြုတ်ကိုသာ အားကိုး၍ အသက်ရှင်နေရသော ဆားချက်သူများအနေဖြင့် ဤမျှ ခွန်အားစိုက်ထုတ်ရသည့် အလုပ်များကို လုပ်ဆောင်နိုင်မည် မဟုတ်ချေ။

“ဒုတိယ ကပ်ဘေးကတော့ မနေ့က ကျွန်တော်တို့ တွေ့ခဲ့တဲ့ သင်္ဘောတစ်စင်းပါပဲ။ အဲဒါက ကျွန်တော်တို့ရဲ့ ဆားကန်တွေကို အဝေးကနေ စောင့်ကြည့်နေခဲ့တာပါ။ အဲဒီသင်္ဘောကို ကွေ့ရှင်းဖူ လွှတ်လိုက်တာ သေချာပါတယ်…”

ဆိုလွန်က မေးလိုက်သည်။ “သူတို့ ဘာတွေမြင်သွားလဲ…”

စစ်သည်ခေါင်းဆောင် ဆိုမုက ပြန်ဖြေ၏။ “သူတို့က အရမ်းဝေးနေတော့ ကန်တွေကိုပဲ မြင်သွားပြီး ဆားကန်တွေထဲက ဆားတွေကိုတော့ မမြင်သွားပါဘူး။ ကျွန်တော်တို့ကို စပါးစိုက်ဖို့ မြေရှင်းနေတယ်လို့ ထင်ပြီး လှောင်ပြောင်နေကြပါသေးတယ်။ ဒါပေမဲ့ ကွေ့ရှင်းဖူကတော့ ကျွန်တော်တို့ကို စောင့်ကြည့်ဖို့ သူလျှိုတွေ ဆက်လွှတ်နေမှာ ကျိန်းသေပါတယ်။ ကျွန်တော်တို့ရဲ့ ဆားကန် လျှို့ဝှက်ချက်က အနှေးနဲ့အမြန် ပေါက်ကြားသွားမှာကို စိုးရိမ်မိပါတယ်…”

ဤသည်က လုံးဝကို မှန်ကန်လှ၏။ ဤမြေရိုင်း ကျောက်စရစ်ကျွန်းပေါ်၌ သောင်တင်နေခြင်းက ဆိုလွန်ကိုယ် ဆိုလွန် ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု ကွေ့ရှင်းဖူ ယုံကြည်နေလျှင်ပင် သူက ဆိုလွန်ကို ရေရှည် အနီးကပ် စောင့်ကြည့်နေဦးမည်သာ။

စစ်သည်ခေါင်းဆောင် ဆိုမုက ဆက်ပြောသည်။ “တတိယ ကပ်ဘေးကတော့ ကျွန်တော်တို့ရဲ့ သိုလှောင်မှုပါပဲ။ ကျွန်တော်တို့က ဆားတွေကို ပိုပိုပြီး သိုလှောင်နေရပေမဲ့ တကယ်တမ်းကျ ရောင်းလို့မရပါဘူး။ ဒီလောက်များပြားတဲ့ ဆားတွေကို သယ်ယူပို့ဆောင်ဖို့ ကျွန်တော်တို့မှာ လုံလောက်တဲ့ သင်္ဘောတွေ မရှိသလို အားလုံးကို ဝယ်ယူနိုင်လောက်တဲ့ အင်အားကြီးတဲ့ ဝယ်လက်ကိုလည်း ရှာမတွေ့နိုင်ပါဘူး…”

လေးလအတွင်း သူတို့ထံ၌ ဆားကျင်း သန်း ၁၀ အထိ ရှိလာမည် ဖြစ်၏။ ဤပမာဏမှာ နုလန်ဘုရင့်နိုင်ငံ တစ်ခုလုံးကို တစ်လစာ ထောက်ပံ့ပေးရန်အတွက်ပင် လုံလောက်သည်။ ဤမျှများပြားလှသည့် ဆားပမာဏကို တစ်ကြိမ်တည်း ဝယ်ယူနိုင်လောက်သည်အထိ ချမ်းသာသည့် ကုန်သည်တစ်ယောက်မှ အမှန်တကယ်ပင် မရှိချေ။

“ဒါ့အပြင် ကျွန်တော်တို့ရဲ့ ကျောက်စရစ်ကျွန်း ပတ်ဝန်းကျင်က ရေကြောင်းလမ်းတွေကို ကွေ့မိသားစု သင်္ဘောအုပ်စုက ပိတ်ဆို့ထားပါသေးတယ်။ ကျွန်တော်တို့ဆီမှာ လုံလောက်တဲ့ သင်္ဘောတွေ ရှိနေရင်တောင်မှ ဆားတွေကို အပြင်ထုတ်ဖို့က အရမ်းကို ခက်ခဲပါတယ်…”

ထိုသည်က မှန်သည်။ လှေငယ်တစ်စင်းဆိုပါက လရောင်အောက်၌ မည်သူမှ သတိမထားမိဘဲ ခိုးထွက်နိုင်သော်ငြား သင်္ဘောတစ်ရာကျော် ပါဝင်သည့် သင်္ဘောအုပ်စုကြီးကမူ သူတို့၏ တည်နေရာကို ဘယ်လိုလုပ်လုပ် ဖုံးကွယ်ထားနိုင်မည် မဟုတ်ချေ။

အကယ်၍ သူတို့ ကြိုးစားခဲ့ပါက ကွေ့ရှင်းဖူက သူ၏ လူများကို ပင်လယ်ဓားပြများအဖြစ် ဟန်ဆောင်ခိုင်းကာ ဆားသင်္ဘောများကို အလွယ်တကူ လုယက်ခိုင်းပေလိမ့်မည်။

ဤကပ်ဘေးသုံးခုမှာ အသက်အန္တရာယ်ရှိလှ၏။ အကယ်၍ မဖြေရှင်းနိုင်ပါက တစ်ကျွန်းလုံး၏ အသက်နှင့် အနာဂတ်မှာ ချက်ချင်းပင် အသတ်ခံလိုက်ရပေလိမ့်မည်။

ဆိုလွန် တိတ်ဆိတ်နေသည်။ သူ ပင်လယ်ဘေး၌ ရပ်ကာ အနောက်ဘက်သို့သာ လှမ်းကြည့်နေလိုက်၏။

လက်ရှိအချိန်၌ ဆားကန်များ တူးဖော်ခြင်းနှင့် နေလှန်းဆားချက်သည့် လုပ်ငန်းစဉ်များမှာ လုံးဝကို တည်ငြိမ်သွားလေပြီ။ ဤဆားချက်သူများမှာ ပညာရှင်များပင်။

နေလှန်းဆားချက်သည့် အခြေခံသဘောတရားများကို နားလည်သွားသည်နှင့် တစ်ပြိုင်နက် သူတို့က ဆိုလွန်ထက်ပင် လျင်မြန်စွာ ပို၍ ကျွမ်းကျင်လာကြသည်။

အစောပိုင်းက သူတို့လုပ်ခဲ့သည့် အမှားများမှာ တဖြည်းဖြည်း ပြုပြင်လာနိုင်ခဲ့ပြီး ထုတ်လုပ်မှု လုပ်ငန်းစဉ်က ပြီးပြည့်စုံစွာ စနစ်ကျလာလေရာ ထွက်ကုန်ပမာဏကလည်း ပို၍ပို၍ မြင့်မားလာတော့၏။

ယခုတော့ သူ ထွက်ခွာရမည့် အချိန်ရောက်လာလေပြီ။ ဤကပ်ဘေးသုံးခုကို ဖြေရှင်းရမည့် အချိန်ပင်။

ဆိုလွန်က နောက်ဆုံး၌ ပြောလိုက်သည်။ “မနက်ဖြန် ကျွန်းပေါ်ကနေ ငါ ထွက်သွားမယ်။ အလွန်ဆုံးကြာ တစ်လအတွင်း ငါ ပြန်လာခဲ့မယ်။ ငါ ပြန်လာတဲ့အခါ လုံလောက်တဲ့ စားနပ်ရိက္ခာတွေနဲ့ ကြီးမားတဲ့ သင်္ဘောအုပ်စုကြီးကို သယ်လာပေးရုံတင်မကဘူး ရွှေဒင်္ဂါး ၅ သောင်းကျော်ကိုလည်း ပြန်ယူလာခဲ့မယ်…”

ဆိုမု အံ့အားသင့်သွားရ၏။ ဆယ်ရက်အတွင်း ဆားကန်များ၌ ဆားကျင်း ၂ သန်းမှ ၃ သန်းအထိ စုပုံလာမည် ဖြစ်သည်။ အကောင်းဆုံး အခြေအနေ၌ပင် သူတို့အနေဖြင့် ရွှေဒင်္ဂါး ၃ ထောင်မှ ၄ ထောင်ခန့်ဖြင့်သာ ရောင်းချနိုင်မည် မဟုတ်လော။ သူက ရွှေဒင်္ဂါး ၅ သောင်းကို မည်သို့လုပ် ရယူနိုင်မည်နည်း။

သို့သော် သူ၏ သခင် ပြုလုပ်ခဲ့သည့် အံ့ဖွယ်လုပ်ရပ်များနှင့် သူ အသားကျနေလေပြီ။ အကယ်၍ သခင်ဆိုလွန်က ရွှေဒင်္ဂါး ၅ သောင်းကို ပြန်ယူလာမည်ဟု ပြောပါက သူ ကျိန်းသေပေါက် ယူလာမည်သာ။

ဤကိစ္စကို မည်သို့ အောင်မြင်အောင် လုပ်မည်ဆိုသည်က သူ့ကဲ့သို့ သာမန် စစ်သည်ခေါင်းဆောင်တစ်ယောက် တွေးတောနိုင်မည့် ကိစ္စမျိုး မဟုတ်ချေ။ သူ၏ ဦးနှောက်မှာ သခင်ဖြစ်သူ၏ ကောင်းကင်ဘုံကိုပင် အာခံနိုင်သည့် ဉာဏ်ပညာနှင့် မည်သို့မျှ နှိုင်းယှဉ်၍ မရနိုင်ပေ။

**--**--**--**--**--**--**--**

ထိုည၌ ဆိုနင်ပင်းထံမှ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် နှုတ်ဆက်ခြင်းကို ခံယူပြီးနောက် ဆိုလွန်နှင့် ရဲ့ကျင်းယွီတို့ လှေတစ်စင်းပေါ်သို့ တက်ကာ ကျောက်စရစ်ကျွန်းမှ ထွက်ခွာသွားကြသည်။

လွန်ခဲ့သည့် နှစ်လတာ ကာလမှာ ဆိုနင်ပင်း၏ ဘဝ၌ အပျော်ရွှင်ရဆုံး အချိန်ကာလ ဖြစ်ခဲ့၏။ ကြမ်းတမ်းသည့် ရဲတိုက်တစ်ခု၌ နေထိုင်ရလေပြီး လေနှင့် နေရောင်ကြောင့် သူမ၏ အသားအရေမှာ ဂျုံရောင်သန်းနေခဲ့သော်ငြား ဆိုလွန်နှင့် နေ့စဉ်အတူတူ ရှိနေခွင့်ရခဲ့သည်။

အမြဲတမ်း အကြောက်တရားနှင့် စိုးရိမ်ပူပန်မှုများဖြင့် သူမ ဆက်လက် နေထိုင်စရာ မလိုတော့ချေ။

ထို့အပြင် သူမ ကိုယ်တိုင် နေ့စဉ် ထမင်းသုံးနပ်လုံးကို ချက်ပြုတ်ပေးခဲ့သည်။ ကန့်သတ်ထားသည့် ပါဝင်ပစ္စည်းများဖြင့်သာ ဆိုလွန်အတွက် အကောင်းဆုံးဖြစ်နိုင်မည့် အစားအစာများကို ချက်ပြုတ်ရန် သူမ ခေါင်းခြောက်ခံ စဉ်းစားခဲ့၏။

သူမ၏ ဟင်းလျာများကို ဆိုလွန် ပျော်ရွှင်စွာ ငမ်းငမ်းတက် စားသောက်နေသည်ကို ကြည့်ရခြင်းက သူမ၏ နေ့ရက်များကို အလွန်အမင်း ပျော်ရွှင်စေခဲ့သည်။

တစ်ခုတည်းသော ပြဿနာမှာ ဆိုလွန်၏ လက်များက ပိုပို၍ သောင်းကျန်းလာပြီး သူ၏ အပြုအမူများကလည်း ပိုပို၍ ဆိုးသွမ်းလာခြင်းပင်။ နေ့စဉ်ရက်ဆက်လိုလိုပင် သူက သူမအား အရှက်မရှိ ကျီစယ်တတ်လေပြီး ရင်ဘတ်နှင့် ခါးအောက်ပိုင်းရှိ လှပသည့် ကောက်ကြောင်းများကို ထိတွေ့တတ်၏။

ထို့အပြင် သူမ၏ အဆုံးမဲ့ သည်းခံမှုနှင့် အလိုလိုက်ခြင်းတို့က သူ့ထံ၌ အလွန်ဆိုးရွားသည့် အကျင့်တစ်ခုကို မွေးမြူပေးလိုက်သလို ဖြစ်သွားခဲ့သည်။ သူ စဉ်းစားရန် ၊ စာရေးရန် သို့မဟုတ် ပန်းချီဆွဲရန် လိုအပ်သည့် အချိန်တိုင်း သူ၏ လက်များက စိတ်ကူးဉာဏ်ရရှိစေရန်အတွက် နူးညံ့သည့် အရာတစ်ခုခုကို ထိတွေ့နေရမည် ဖြစ်၏။

ရလဒ်အနေဖြင့် ဆိုလွန်၏ ကျီစယ်မှုများက ဆိုနင်ပင်း၏ ခြေထောက်များကို မကြာခဏဆိုသလို အားပျော့ တုန်ယင်လာစေခဲ့သည်။ ထိုသည်က မလုံလောက်သေးသည့်အလား သူမ အိပ်ပျော်သွားပြီးနောက်တွင်လည်း အလွန်အမင်း ရှက်ဖွယ်ကောင်းလှသည့် အိပ်မက်များကို မကြာခဏ မက်တတ်သေး၏။

သူမမှာ လက်ထပ်ပြီးပြီးချင်းမှာပင် မုဆိုးမ ဖြစ်သွားခဲ့လေရာ သူမ၏ ခန္ဓာကိုယ်မှာ လုံးဝကို သန့်စင်နေလေပြီး မည်သည့် ယောက်ျားတစ်ယောက်၏ ထိတွေ့မှုကိုမှ အမှန်တကယ် မခံခဲ့ရဖူးချေ။

သို့သော် သူမက အသက် နှစ်ဆယ့်ခြောက်နှစ်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်မှာ အပြည့်အဝ ရင့်ကျက်နေပြီဖြစ်ကာ ထိုသို့ အဆက်မပြတ် ကျီစယ်ခံရမှုများကို သူမ အမှန်တကယ်ပင် မခံနိုင်တော့ပေ။

အပိုင်း ၂၀၉ + ၂၁၀ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters