← Chapters

အခန်း (၂၀၁-၂၀၂)

Vol. 21 Ch. 201-202

အခန်း (၂၀၁-၂၀၂)

Vol. 21 Ch. 201-202

အပိုင်း ၂၀၁ + ၂၀၂

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

သူ၏ အလုပ်များ ပြီးစီးသွားပြီးနောက် ဆိုလွန် သေတ္တာတစ်လုံးကို ဖွင့်လိုက်ကာ ပုံတူပန်းချီကား အထပ်လိုက်ကို ထုတ်ယူလိုက်၏။

ထိုပန်းချီကားများမှာ သူ၏ အတိတ်က မိန်းကလေးများ၏ ပုံတူများပင်။ အရင်ဦးဆုံး သူက ကွေ့ချင်းရှောင်း၏ ပန်းချီကားကို ဆွဲထုတ်လိုက်သည်။

ဆိုလွန်၏ ပန်းချီဆွဲစွမ်းရည်မှာ ကောင်းမွန်လှသော်လည်း ကွေ့ချင်းရှောင်း၏ ရင်သပ်ရှုမောဖွယ် အလှတရားကို ဖမ်းဆုပ်နိုင်ရန်မူ အလှမ်းဝေးလွန်းလှသေး၏။

အပြင်လောကရှိ ကွေ့ချင်းရှောင်းက ပန်းချီကားထဲထက် အဆပေါင်းများစွာ ပို၍ လှပသည်။ အမှန်တကယ်ပြောရလျှင် ကမ္ဘာမြေပေါ်ရှိ ရုပ်ရှင်မင်းသမီးများထဲတွင်ပင် သူမကဲ့သို့ မျက်စိကျိန်းမတတ် လှပသည့် မိန်းကလေးမျိုးကို ဆိုလွန် တစ်ခါမှ မမြင်ဖူးခဲ့ချေ။

သူမသည် လူတိုင်း မျက်တောင်မခတ်တမ်း ငေးမောကြည့်ရလောက်သည်အထိကို လှပလွန်းလှ၏။

တစ်ချက်မျှ ကြည့်လိုက်ပြီး ကွေ့ချင်းရှောင်း၏ ပုံတူပန်းချီကားအား ဖယောင်းတိုင်မီးပေါ်သို့ တင်လိုက်သည်။

သူမ၏ ပုံရိပ်အား မီးတောက်များက ဝါးမျိုသွားသည်ကို သူ ကြည့်နေလိုက်ပြီး ပန်းချီကားချပ်မှာ ပြာအဖြစ်မှလွဲ၍ ဘာမျှ မကျန်တော့သည်အထိ လောင်ကျွမ်းသွားတော့၏။

ပန်းချီကား လောင်ကျွမ်းသွားချိန်၌ ဆိုလွန်၏ မျက်နှာမှာ လုံးဝကို တည်ငြိမ်နေခဲ့သော်လည်း ကြည့်နေသည့် ဆိုနင်ပင်း၏ ရင်ထဲတွင်မူ တုန်ယင်သွားရသည်။

ထို့နောက် မင်းသမီး ကျိနင်၏ ပန်းချီကားကို ထပ်ထုတ်လိုက်၏။ ထိုပန်းချီကားကိုလည်း သူက မီးတောက်ပေါ်သို့ တင်ကာ ပြာကျသည်အထိ မီးရှို့လိုက်ပြန်သည်။

ယခင်က ဆိုနင်ပင်းသည် သူ့အား မိန်းကလေး သုံးယောက်ကို အထူးသတိထားရန် သတိပေးခဲ့ဖူး၏။ ကျိနင် ၊ ကွေ့ချင်းရှောင်း နှင့် ယန်နိုင်အာတို့ပင်။ ယခု ဆိုလွန်က ပထမ ပန်းချီကားနှစ်ချပ်ကို မီးရှို့လိုက်ပြီဖြစ်ရာ ထိုသည်က ထိုမိန်းကလေးနှစ်ဦးအား သူ၏ ရန်သူများအဖြစ် တရားဝင် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း အဓိပ္ပာယ်ရလေသည်။ ထိုသုံးယောက်ထဲမှ ယန်နိုင်အာ တစ်ယောက်သာ ကျန်တော့၏။

ဆိုလွန် ပန်းချီကားအထပ်လိုက်ထဲမှ ရှာဖွေလိုက်ရာ ယန်နိုင်အာ၏ ပန်းချီကားကို တွေ့လိုက်ရသည်။ သူက ထိုပုံအား သေချာစွာ လေ့လာကြည့်လိုက်၏။

ပန်းချီကားမှာ ရိုးရှင်းလှပြီး အသက်ဝင်လွန်းလှသည်မျိုး မဟုတ်သော်ငြား သူမ၏ ထူးခြားလှသည့် ဆွဲဆောင်မှုလေးကို သူ မြင်တွေ့နိုင်နေဆဲပင်။ သူမက ဆန့်ကျင်ဘက် အရာများဖြင့် ပြည့်နှက်နေ၏။

သူမ၏ မျက်နှာလေးမှာ ကြွေအရုပ်လေးတစ်ခုကဲ့သို့ နုနယ်လှသော်လည်း သူမ၏ အမူအရာကမူ အလွန်အမင်း တည်ကြည်နေပြီး ရေခဲတမျှ အေးစက်လှသည်။

သူမ၏ အေးစက်သည့် အမူအရာက သူမ၏ သွယ်လျသည့် ခန္ဓာကိုယ်လေးနှင့် လိုက်ဖက်လှ၏။ သို့သော်လည်း ယန်နိုင်အာ၏ ခန္ဓာကိုယ်လေးမှာ အမှန်တကယ်ပင် အတော်လေး ထူးခြားလှသည်။

သူမက အလွန် လုံခြုံစွာ ဝတ်ဆင်ထားတတ်သော်လည်း သူမ၏ အကွေးအကောက်များမှာ အလွန်တရာ ပြည့်ဖြိုးပြီး ဆွဲဆောင်မှု ရှိလွန်းလှ၏။

ရိုးရှင်းလှသည့် ပန်းချီကားထဲမှ တစ်ဆင့်ပင် ဆိုလွန်တစ်ယောက် သူမ၏ လှပပြီး ဆွဲဆောင်မှုရှိလှသည့် ခန္ဓာကိုယ်လေးကို ခံစားသိရှိနိုင်နေသည်။

မိန်းကလေးများအားလုံးထဲ၌ သူမသည် ယခင်ဆိုလွန် အကြိုးစားဆုံး ပိုးပန်းခဲ့ရသည့် သူဖြစ်လေပြီး သူ၏ စိတ်ထဲ၌ အနက်ရှိုင်းဆုံး အမှတ်တရများကို ချန်ရစ်ထားခဲ့သူလည်း ဖြစ်၏။

ဆိုလွန် ရုတ်တရက် မေးလိုက်သည်။ "မမ... ယန်နိုင်အာက ဘယ်လို လူမျိုးလဲ။"

ဆိုနင်ပင်းက ခဏတာမျှ တွေးတောလိုက်ပြီးနောက် ပြန်ဖြေလာ၏။ "အရမ်း ခေါင်းမာပြီး တည်ကြည်တဲ့ ကောင်မလေး တစ်ယောက်ပဲ။ အပြင်ပန်းမှာ ရေခဲလို အေးစက်နေပေမဲ့ သူ့ရဲ့ ရင်ထဲမှာတော့ မီးတောက်လို ပူပြင်းတဲ့ နှလုံး ရှိတယ်။ သူက ခံစားချက်တွေကို ထုတ်ပြဖို့ သိပ်မကျွမ်းကျင်ရုံလေးပါ။ ပြီးတော့ အရမ်းလည်း ရိုးရာဆန်တယ်။ သူက မောင်လေးကို အရမ်း ချစ်ခဲ့ပေမဲ့လည်း မင်္ဂလာမဆောင်ခင်မှာ မောင်လေးကို သူ့လက်လေးတောင် အကိုင်မခံခဲ့ဘူး။"

သူမက တိုးညင်းစွာဖြင့် ဆက်ပြောလာသည်။ "မမ သူ့ကို တကယ် သဘောကျတယ်။ အဲဒီအချိန်တုန်းက မောင်လေးသာ ကွေ့ချင်းရှောင်းနဲ့ စေ့စပ်မထားခဲ့ဘူးဆိုရင် မမက မောင်လေးကို သူ့ကိုပဲ လက်ထပ်စေချင်ခဲ့တာ။"

ဆိုလွန်က ထပ်မေးလိုက်၏။ "သူ့ရဲ့ သိုင်းပညာကရော ဘယ်လောက်တောင် ကောင်းတာလဲ။"

"အဆင့် အရမ်း... အရမ်းကို မြင့်တယ်။"

ဆိုလွန် တစ်ယောက် ဇဝေဇဝါဖြစ်သွားရ၏။ "သူက အဲဒီလောက်တောင် ထူးချွန်နေမှတော့ ကျုပ်လို အသုံးမကျတဲ့ကောင်က ဘယ်လိုလုပ်ပြီး သူ့ကို ရအောင် ယူနိုင်ခဲ့တာလဲ။"

ဆိုနင်ပင်းက သက်ပြင်းချလိုက်သည်။ "ဘာလို့လဲဆိုတော့ မောင်လေးက အရှက်မရှိလို့လေ။ ယန်နိုင်အာက အပြင်ပန်းမှာ အရမ်းအေးစက်လွန်းတော့ ဘယ်သူမှ သူ့နားကို မကပ်ရဲကြဘူး။ ဒါပေမဲ့ သူ့ရဲ့ ရင်တွင်းနက်ရှိုင်းရာမှာတော့ စိတ်အားထက်သန်ပြီးတော့ အပြစ်ကင်းစင်တယ်။ အဲဒါကြောင့်မလို့ မောင်လေးလို လူယုတ်မာလေးက သူ့ကို လှည့်စားနိုင်ခဲ့တာပေါ့။"

သူမအား လှည့်စားခဲ့ရုံသာမကချေ။ သူမ၏ နှလုံးသားကိုပါ အလုံးစုံ ကြေမွသွားစေခဲ့သည်။

အစပိုင်း၌ ယန်နိုင်အာမှာ ဆိုလွန်အား အလွန်အမင်း ရွံရှာခဲ့၏။ သူမက အကြမ်းဖက်ကာ သူ့အား ထိုးကြိတ်ခဲ့ပြီး အဝေးသို့ ထွက်သွားရန် အော်ဟစ်ခဲ့သေးသည်။ သို့သော် အလွန် မာကျောလှသည့် အမျိုးသမီးများပင် အရှုံးမပေးဘဲ ဇွဲကောင်းကောင်းဖြင့် ပိုးပန်းမှုကို ကြုံလာရလျှင် ယိမ်းယိုင်သွားတတ်ကြသည်ဟု ပြောစမှတ် ရှိကြ၏။

ထို့အပြင် ဆိုလွန်၌ အလွန် ချောမောပြီး ဆွဲဆောင်မှုရှိလှသည့် မျက်နှာလေးလည်း ရှိနေသေးသည်။

တဖြည်းဖြည်းနှင့် သူ၏ အရှက်မရှိဘဲ ဇွဲကောင်းကောင်းဖြင့် ကပ်တွယ်နေမှုများအောက်၌ ထိုအပြစ်ကင်းစင်သည့် ကောင်မလေးမှာ သူ့အပေါ် လုံးလုံးလျားလျား ကျရှုံးသွားခဲ့ရတော့၏။

ဆိုလွန်သည် ကျဆင်းနေသည့် မိသားစုတစ်ခုမှ အသုံးမကျသည့် လူရှုပ်လေး တစ်ယောက်ဖြစ်မှန်း သူမ သေချာ သိနေခဲ့သော်လည်းပဲ သူ့အား သူမ၏ နှလုံးသားအပြည့်ဖြင့် ချစ်မြတ်နိုးခဲ့သည်။

သူနှင့် အတူနေနိုင်ရန်အတွက်ပင် ယန်နိုင်အာက သူမ၏ ဖခင်အရင်းနှင့်ပင် အဆက်အသွယ်ဖြတ်လုနီးပါး ဖြစ်ခဲ့ရ၏။ အချိန်အတိုင်းအတာ တစ်ခုအထိ ဆိုလွန်မှာ သူမ၏ တစ်ခုတည်းသော အားထားရာလေး ဖြစ်လာခဲ့သည်။

သို့သော်လည်း သူတို့၏ အချစ်ရေးမှာ နှစ်ဝက်မျှပင် မခံခဲ့ချေ။ အထိအတွေ့ မခံခဲ့သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သလို ၊ သို့မဟုတ်ပါက သူမ၏ အလွန်အမင်း မြတ်နိုးတွယ်တာမှုများက ဆိုလွန်အား အပြစ်ရှိသကဲ့သို့ ခံစားရစေသောကြောင့်လည်း ဖြစ်နိုင်၏။

အကြောင်းရင်းက မည်သို့ပင် ရှိစေကာမူ ဆိုလွန်၏ ပန်းတိုင်က အခြားတစ်ယောက်ဆီသို့ ပြောင်းလဲသွားခဲ့သည်။

ဆိုလွန်တစ်ယောက် မင်းသမီး ကျိနင်အား ပိုးပန်းနေကြောင်းကို ယန်နိုင်အာ ကြားလိုက်ရချိန်၌ သူမ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားခဲ့ရ၏။

တော်ဝင်အကယ်ဒမီအတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားကာ ဆိုလွန်၏ လည်ပင်းပေါ်သို့ ဓားဖြင့်ထောက်ပြီး သူ့အား သူမကို ချက်ချင်း လက်ထပ်ရန် တောင်းဆိုခဲ့သည်။

သူမသည် အပြစ်ကင်းစင်ပြီး မာနကြီးကာ ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် လှပသည့် ကောင်မလေး တစ်ယောက်ဖြစ်လေပြီး မရေမတွက်နိုင်သည့် အမျိုးသားများ၏ အိပ်မက်ထဲမှ ချစ်သူလေးပင်။

ထူးချွန်လှသည့် သိုင်းပညာရှင် တစ်ယောက်လည်း ဖြစ်၏။ သို့သော် ထိုနေရာ၌ သူမသည် လက်ထပ်ရန်အတွက် ဓားတစ်လက်ကို အသုံးပြုကာ အတင်းအကျပ် တောင်းဆိုနေခဲ့သည်။ အပေါ်ယံ၌ သူမက သူ့အား ခြိမ်းခြောက်နေခြင်း ဖြစ်သော်လည်း အမှန်တကယ်၌မူ သူမ၏ ဂုဏ်သိက္ခာများအားလုံးကို မြေပြင်ပေါ်သို့ ပစ်ချကာ ဆိုလွန်အား နင်းခြေခွင့် ပေးလိုက်ခြင်းပင်။

ထိုသို့တိုင်အောင် ဆိုလွန်က သူမအား လမ်းခွဲရန်သာ အခိုင်အမာ ပြောဆိုခဲ့ပြီး မင်းသမီး ကျိနင်နောက်သို့ လိုက်ရန် ထွက်သွားခဲ့၏။

သူမ၏ နှလုံးသား မည်မျှအထိ ကြေမွသွားမည်ကို တွေးကြည့်ရုံမျှဖြင့် သိနိုင်ပေသည်။ လမ်းခွဲပြီးနောက်တွင် သူ တော်ဝင်မြို့တော်မှ ပျောက်ကွယ်သွားခဲ့၏။

ဒေါသတကြီးဖြင့် သူမ၏ ဦးလေးဖြစ်သူ ယန်နူမှာ ဆိုလွန်အား သတ်ဖြတ်ရန်အတွက် ထျန်းရွှေမြို့နယ်မြေမှနေ၍ တော်ဝင်မြို့တော်ဆီသို့ အပြေးအလွှားပင် လာရောက်လုနီးပါး ဖြစ်ခဲ့ရသည်။

မှန်ပေသည်။ ထိုသူမှာ ယန်နူပင်။ သူသည် ဆိုမိသားစု၏ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်လေပြီး ဆိုဟန်ရီ၏ ဆရာလည်း ဖြစ်၏။

ယန်နိုင်အာ၏ ဖခင် ယန်ယန်မှာ ယန်နူထက်ပင် သိုင်းပညာစွမ်းရည်များ ပို၍ မြင့်မားသေးသည်။ သို့သော် သူ့၌ လွတ်လပ်သည့် စိတ်သဘောထားရှိပြီး ချုပ်ချယ်ခံရမည်ကို မုန်းတီး၏။

ထို့အတွက်ကြောင့် သူသည် တော်ဝင်မိသားစု သို့မဟုတ် မြို့စားများအတွက် အရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရန် ငြင်းဆန်ခဲ့သည်။ ထိုအစား သူက ကြေးစားစစ်သည်အဖွဲ့ တစ်ဖွဲ့ကို ဦးဆောင်ကာ လောကအနှံ့၌ တိုက်ခိုက်နေခဲ့သည်။

ယန်နိုင်အာသည်လည်း သူမ၏ ဖခင်ထံမှ သိုင်းပညာပါရမီကို အမွေရရှိခဲ့ပြီး ငယ်ရွယ်စဉ်မှာပင် အလွန်မြင့်မားသည့် အဆင့်တစ်ခုသို့ ရောက်ရှိခဲ့၏။ သူမ၏ ဖခင်နောက်သို့ လိုက်ကာ စစ်မြေပြင်များ၌ ကြီးပြင်းလာခဲ့ရသည်။

ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် လှပသည့် ကောင်မလေး တစ်ယောက်ဖြစ်သော်ငြား ဖခင်ဖြစ်သူက သူမအား ကြမ်းတမ်းသည့် ယောကျ်ားလေးတစ်ယောက်ကဲ့သို့ ပျိုးထောင်ခဲ့ရာ ထိုအချက်က သူမ၏ ထူးခြားသည့် ကိုယ်ရည်ကိုယ်သွေးကို ပုံဖော်ပေးခဲ့ခြင်းပင်။

သူမ၏ ထူးခြားသည့် ကြီးပြင်းလာမှုကြောင့်သာ မဟုတ်ခဲ့လျှင် သူမကဲ့သို့ လှပပြီး ထက်မြက်လှသည့် ကောင်မလေး တစ်ယောက်မှာ ဆိုလွန်ကဲ့သို့ အသုံးမကျသည့်ကောင်၏ လှည့်စားမှုကို ခံရမှာ မဟုတ်သည်မှာ သေချာလှသည်။

ဆိုလွန်က သက်ပျင်းချကာ ပြောလိုက်သည်။ "တကယ်ကို သနားစရာကောင်းတဲ့ ကောင်မလေးပါ။ ဦးလေး ယန်နူကလည်း ဆိုဟန်ရီရဲ့ လက်ချက်နဲ့ သေသွားပြီ။ သူ သိလောက်ပြီလား မသိဘူး။"

ဆိုနင်ပင်းက သူ့အား ကြည့်ကာ မေးလိုက်၏။ "မောင်လေး... သူ့ကို သွားရှာချင်လို့လား။"

ဆိုလွန် ခေါင်းညိတ်လိုက်သည်။ "သူ့ရဲ့ အဖေက ငွေရောင်ဝံပုလွေမှာ လူနှစ်ထောင်ပါဝင်တဲ့ အရမ်းကို အစွမ်းထက်တဲ့ ကြေးစားစစ်သည်အဖွဲ့ တစ်ဖွဲ့ကို ဦးဆောင်ထားတယ်။ ကျွန်တော် အဲဒီအဖွဲ့ကို ဆိုမိသားစုရဲ့ တပ်မတော်သစ်အတွက် အခြေခံအုတ်မြစ် ဖြစ်လာဖို့ လိုအပ်တယ်။"

ငွေရောင်ဝံပုလွေ ယန်ယန်မှာ ကြေးစားစစ်သည်များအကြား၌ ဒဏ္ဍာရီတစ်ပါးပင်။

သူ၏ သိုင်းပညာယမှာ အလွန်တရာ အားကောင်းလှပြီး ပါရမီကလည်း ထူးကဲလှ၏။ အသက် နှစ်ဆယ့်ငါးနှစ်အရွယ်မှာပင် နဂါးစစ်သည်တော် တစ်ယောက်အဖြစ်သို့ အဆင့်တက်လှမ်းနိုင်ခဲ့သည်။

ထိုအချိန်က မြို့စားများက သူ့အား အလိုရှိခဲ့ကြရုံသာမက တော်ဝင်မိသားစုကပင် သူ၏အတွက် မြင့်မားသည့် ရာထူးနှင့် လစာကောင်းကောင်းပေးမည့် နေရာတစ်ခုကို ဖယ်ချန်ထားပေးခဲ့ကြ၏။ ချမ်းသာကြွယ်ဝမှုများနှင့် ဂုဏ်ကျက်သရေတို့မှာ သူ၏ လက်တစ်ကမ်း၌သာ ရှိနေခဲ့သည်။

သို့သော်လည်း သူသည် အဆင့်မြင့် အရာရှိတစ်ဦးနှင့် အထက်တန်းလွှာ တစ်ယောက် ဖြစ်လာမည့် အခွင့်အရေးကို စွန့်လွှတ်ခဲ့ကာ ကြေးစားစစ်သည် တစ်ယောက်ဖြစ်လာရန်သာ ရွေးချယ်ခဲ့၏။

ကြေးစားစစ်သည် တစ်ယောက်အနေဖြင့် လောကအနှံ့၌ ဆယ်စုနှစ်များစွာ တိုက်ပွဲဝင်ခဲ့၏။

လူရိုင်းတပ်မတော်နှင့် စစ်ခင်းခဲ့ပြီး ရှီးလျန်ဘုရင့်နိုင်ငံနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ကာ ကြောက်မက်ဖွယ်ကောင်းလှသည့် သားရဲတပ်မတော်များနှင့်လည်း တိုက်ခိုက်ခဲ့သေးသည်။

မရေမတွက်နိုင်သည့် တိုက်ပွဲများစွာကို ဆင်နွှဲခဲ့လေပြီး လက်တွေ့၌ ပြိုင်ဘက်ကင်းလှ၏။ လွန်ခဲ့သည့် နှစ်သုံးဆယ်အတွင်း သူ ဦးဆောင်သည့် ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့မှာ လောက၌ အင်အားအကြီးမားဆုံးသော ကြေးစားအဖွဲ့အစည်းများထဲမှ တစ်ခု ဖြစ်လာခဲ့သည်။

သူကိုယ်တိုင်သည်လည်း သက်ရှိ ဒဏ္ဍာရီတစ်ပါး ဖြစ်လာခဲ့၏။

ဆိုနင်ပင်း၏ မျက်နှာမှာ အလွန်အမင်း စိုးရိမ်နေပုံရသည်။ "မောင်လေးက ယန်နိုင်အာကို အရမ်း နာကျင်စေခဲ့တာလေ။ အကယ်လို့ သူ့ရဲ့ အဖေသာ မောင်လေးကို မြင်သွားရင်... သူ့ရဲ့ ဒေါသတွေက ကောင်းကင်အထိကို ထိုးတက်သွားမှာကို မမ ကြောက်တယ်။"

ထိုသည်က ဒေါသများ ကောင်းကင်သို့ ထိုးတက်သွားရုံတင်မကဘဲ ပို၍ ဆိုးရွားဦးမည်သာ။ ကျိန်းသေပေါက် ဓား ဆွဲထုတ်ကာ မြင်မြင်ချင်း သတ်ရန် ကြိုးစားလာပေလိမ့်မည်။

ယန်နိုင်အာနှင့် ဆိုလွန်တို့ ချစ်ကြိုက်နေခဲ့စဉ်က ငွေရောင်ဝံပုလွေ ယန်ယန်မှာ ပြင်းပြင်းထန်ထန်ကို ဆန့်ကျင်ခဲ့၏။ သူက အဘယ်ကြောင့် အဖိုးတန် သမီးဖြစ်သူအား ဆိုလွန်ကဲ့သို့ အကျင့်ပျက်နေသည့်ကောင်နှင့် သဘောတူရမည်နည်း။

သို့သော်လည်း မိန်းကလေးငယ်လေး တစ်ယောက် ချစ်မိသွားပြီဆိုပါက သူမ၏ ဉာဏ်ရည်မှာ အကြီးအကျယ် ကျဆင်းသွားတတ်သည်မှာ သဘာဝပင်။

ဆိုလွန်နှင့် အတူနေနိုင်ရန်အတွက် ယန်နိုင်အာက သူမ၏ ဖခင်နှင့် ကြီးမားသည့် သဘောထားကွဲလွဲမှု ဖြစ်ခဲ့ရသည်။

ယန်ယန်က သူမအား ထိုလူယုတ်မာနောက်သို့ လိုက်သွားမည်ဆိုပါက သူ့အား အဖေဟု ဆက်၍ ခေါ်ခွင့်မရှိတော့ကြောင်းပင် ပြတ်ပြတ်သားသား ပြောဆိုခဲ့သေး၏။

နောက်ဆုံးတွင် ယန်နိုင်အာက ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့မှ အမှန်တကယ်ပင် ထွက်ခွာလာခဲ့ကာ ဆိုလွန်၏ အနား၌နေရန် တော်ဝင်မြို့တော်သို့ ထွက်လာခဲ့သည်။

သမီးဖြစ်သူကြောင့် သူ၏ ရင်မှာ လုံးဝ ကြေမွသွားရပြီးနောက် ယန်ယန်မှာ ကြေးစားစစ်သည်အဖွဲ့နှင့်အတူ နယ်စပ်များဆီသို့သာ ပြန်သွားခဲ့၏။

ယန်နိုင်အာမှာ အလွန်အမင်းကို မိုက်မဲခဲ့သည်။ သူမသည် သူမ၏ ဂုဏ်သိက္ခာကို စွန့်ပစ်ကာ အိမ်ကို စွန့်ခွာခဲ့ပြီး ဖခင်အရင်းနှင့်ပါ အဆက်အသွယ်ဖြတ်ခဲ့သော်လည်း နောက်ဆုံးတွင် ဆိုလွန်၏ စွန့်ပစ်ခြင်းကိုသာ ခံခဲ့ရခြင်းသည်။

ယခု ဆိုလွန်က ထွက်ပေါက် မရှိတော့သည့်အချိန်ကျမှ သူမထံ ပြန်သွားပြီး အကူအညီ တောင်းရဲသေးသည်လော။ သူမဖခင်၏ ကြေးစားစစ်သည်အဖွဲ့ကိုပင် အပိုင်သိမ်းရနအ အကြံအစည် ရှိနေသေး၏။ သောက်ကျိးနည်းလှ၏။

အပိုင်း ၂၀၁ + ၂၀၂ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters