← Chapters

အခန်း (၂၀၃-၂၀၄)

Vol. 21 Ch. 203-204

အခန်း (၂၀၃-၂၀၄)

Vol. 21 Ch. 203-204

အပိုင်း ၂၀၃ + ၂၀၄

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

လက်ရှိအချိန်၌ ယန်ယန်သာ ဆိုလွန်အား မြင်သွားမည်ဆိုပါက ဓားဆွဲထုတ်ကာ အပိုင်းပိုင်းအတစ်တစ် ခုတ်ထစ်ပစ်မည်မှာ သေချာလှ၏။

ဆိုလွန်က မေးလိုက်သည်။ “ယန်နိုင်အာ တော်ဝင်မြို့တော်ကနေ ထွက်သွားပြီးတဲ့နောက် သူ့အဖေရဲ့ ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ဆီ ပြန်သွားတာလား။”

ဆိုနင်ပင်း ခေါင်းယမ်းလိုက်၏။ “မမလည်း သေချာမသိဘူး။ ဒါပေမဲ့ သူ သွားလောက်ပါတယ်။ သူ့အဖေဆီကလွဲပြီး သူ အခြား သွားစရာ နေရာမှ မရှိတာ”

ယန်နိုင်အာ၏ ပုံတူပန်းချီကားအား ကြည့်ကာ ဆိုလွန် ပြောလိုက်သည်။ “အရင် ဆိုလွန်က တကယ်ကို အပိုင်းပိုင်း ခုတ်ထစ်ခံရဖို့ ကောင်းတာ။ အဲဒီ ခွေးကောင်က သူနဲ့ လုံးဝ မတန်ဘူး။”

ဆိုနင်ပင်းက တိုးညင်းစွာ ပြောလာ၏။ “ဒါပေမဲ့ အခု မောင်လေးက သူနဲ့ တန်နေပြီလေ။ မောင်လေးသာ သူ့ကို ပြန်ရအောင် ယူနိုင်ရင် သူ့အဖေရဲ့ စစ်သည်တွေကိုပါ ရမှာ။”

ဆိုလွန်က ပြုံး၍ မေးလိုက်သည်။ “မမ သဝန်မတိုဘူးလား။”

ဆိုနင်ပင်း၏ မျက်နှာလေး မှောင်မိုက်သွား၏။ “မောင်လေး... မောင်လေးက နောက်ဆုံးကျရင် တကယ်တမ်း မမကို လက်ထပ်နိုင်မှာမှ မဟုတ်တာ။”

ဆိုလွန်က ပြတ်ပြတ်သားသားပင် ပြောလိုက်သည်။ “ဘယ်သူက ပြောလဲ။ ကျွန်တော် ကျိန်းသေပေါက် မမကို လက်ထပ်မှာ။ ကျွန်တော့်ရဲ့ နဂို အဆင့်အတန်းကို ပြန်ရတာနဲ့ ကျွန်တော် လက်ထပ်မယ့်သူက မမ တစ်ယောက်တည်းပဲ။”

ဆိုနင်ပင်း၏ လှပသည့် ပါးပြင်မှာ ပျော်ရွှင်မှုကြောင့် ရှက်သွေးဖြာသွား၏။ သူမက သူ့အား ချစ်စနိုးဖြင့် စိုက်ကြည့်ကာ ပြောသည်။ “မောင်လေးကတော့ ပြောချင်ရာတွေ ပြောနေတော့တာပဲ။ ဒါပေမဲ့ လက်ကိုရော တကယ် သုံးဖို့ လိုလို့လား။ ပြီးတော့ အဲဒီလောက်တောင် အားပါပါနဲ့ ညှစ်စရာ လိုလို့လား။”

စကားပြောနေစဉ်အတွင်း သူ၏ လက်များမှာ မရောက်သင့်သည့် နေရာများဆီသို့ ရောက်သွားခဲ့ပြီး အမှန်တကယ်ပင် အားပါပါ ညှစ်မိသွားခဲ့ကြောင်း ဆိုလွန် သတိထားမိလိုက်၏။

စကားလမ်းကြောင်းလွှဲကာ ဆိုနင်ပင်းက မေးလာသည်။ “ယန်နိုင်အာကို သွားရှာပြီး သူ့အဖေရဲ့ တပ်ကို ဘယ်တော့လောက် သွားသိမ်းသွင်းဖို့ စီစဉ်ထားလဲ။”

ဆိုလွန် တစ်ချက်တွေးကာ ပြန်ဖြေလိုက်၏။ “ဒီက အလုပ်တွေ ပြီးတာနဲ့ ကျွန်တော် သွားမယ်။ ရွှေဒင်္ဂါး တစ်သိန်းခွဲ ရှာမယ့် အစီအစဉ် သေချာသွားပြီး အနည်းဆုံး ရွှေဒင်္ဂါး သုံးသိန်းခွဲလောက် ရတာနဲ့ ချက်ချင်း ထွက်မယ်။”

**--**--**--**--**--**--**--**

နောက်တစ်နေ့၌ လူတိုင်းလိုလိုတို့က ရဲတိုက်ငယ်လေး၏ ခန်းမအတွင်းသို့ စုရုံးရောက်ရှိနေကြသည်။

ဆိုမိသားစု၏ စစ်သည်ခေါင်းဆောင်များ အားလုံး တက်ရောက်လာကြပြီး ထောင်ချီသော ကျေးကျွန်များကို ကိုယ်စားပြုသည့် ခေါင်းဆောင်များလည်း ပါဝင်ကြ၏။

ယနေ့တွင် ဆိုလွန် သူ၏ ရွှေဒင်္ဂါး တစ်သိန်းခွဲ ရှာဖွေမည့် အံ့ဖွယ်အစီအစဉ်ကို တရားဝင် ကြေညာတော့လေမည်။

ဆိုမု၏ မျက်လုံးများမှာ သွေးလွှမ်းနေ၏။ ယမန်နေ့ညက သူ ကောင်းကောင်း မအိပ်စက်နိုင်ခဲ့ချေ။ အကြောင်းမှာ ခြောက်သွေ့နေသည့် ဤကျွန်းပေါ်၌ ခြောက်လအတွင်း ရွှေဒင်္ဂါး တစ်သိန်းခွဲကို မည်သို့ရှာဖွေရမည်ကို သူ လုံးဝ စဉ်းစား၍ မရသောကြောင့်ပင်။

သူ တစ်ညလုံး ဟိုဘက်လှည့် ဒီဘက်လှည့်ဖြင့် ရေတွက်မရနိုင်သော အကြံဉာဏ်များကို စဉ်းစားနေခဲ့သော်လည်း ဘာမှ ထွက်ပေါ်မလာခဲ့ချေ။

ဤလောက၌ အမြတ်အစွန်း အများဆုံး ရရှိသည့် စီးပွားရေးမှာ မည်သည်နည်း။ သဘာဝကျကျပင် ရွှေနှင့် ငွေ တူးဖော်ခြင်းပင်။ ကျေးကျွန်များနှင့် စစ်သုံ့ပန်းများကို အသုံးပြုကာ သတ္တုတွင်း ဖွင့်နိုင်ပြီး အဖိုးတန် သတ္တုများကို တူးဖော်ကာ ငွေကြေးအဖြစ် တိုက်ရိုက် သွန်းလုပ်နိုင်၏။

သို့သော်လည်း ထိုသည်က တော်ဝင်မိသားစုများ၏ သီးသန့် အခွင့်အရေး ဖြစ်သည်။ အခြား သာမန် အထက်တန်းလွှာများအနေဖြင့် ဝင်ရောက်စွက်ဖက်ခွင့် မရှိပေ။ ထိုစီးပွားရေးကို ထိရန် ရဲတင်းသူတိုင်း အသတ်ခံရမည်သာ။

သို့သော်ရွှေနှင့် ငွေထက်ပင် ပို၍ ငွေရနိုင်သော သတ္တုရိုင်း သုံးမျိုး ရှိသေးလေပြီး ထိုအရာများကိုမူ တော်ဝင်မိသားစုများက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားခြင်း မရှိချေ။

ထိုအရာများမှာ ဆန်းကြယ်ရွှေကြီး သုံးမျိုး ဖြစ်ကြသည့် ဆန်းကြယ်ရွှေနက် ၊ ဆန်းကြယ်ပလက်တီနမ်နှင့် ဆန်းကြယ်နဂါးရွှေတို့ပင်။

ထိုဆန်းကြယ်ရွှေကြီး သုံးမျိုးထဲမှ တစ်ခုစီတိုင်းမှာ အဖိုးမဖြတ်နိုင်သည့် ရတနာများ ဖြစ်ကြပြီး သာမန်ရွှေထက်ပင် အဆပေါင်းများစွာ ပို၍ တန်ဖိုးရှိကြ၏။ ချွင်းချက်မရှိ ထိုသုံးမျိုးစလုံးကို စစ်ရေးရည်ရွယ်ချက်များအတွက် အသုံးပြုကြသည်။

ဆန်းကြယ်ရွှေနက်မှာ အလွန်တရာ မာကျောပြီး လေးလံသည့် သတ္တုတစ်ခု ဖြစ်သည်။ အစွမ်းထက်လှသည့် ခွန်အားစစ်သည်တော်များက ဓားများ သွန်းလုပ်ရန် အသုံးပြုကြပြီး နဂါးလေးကိုင်စစ်သည်များက မြှားများ ပြုလုပ်ရန် အသုံးပြုကြ၏။

ဆန်းကြယ်ရွှေနက်ဖြင့် ပြုလုပ်ထားသည့် မြှားတစ်စင်းမှာ အခိုင်ခံ့ဆုံးသော ကာကွယ်မှုများကိုပင် ဖောက်ထွင်းနိုင်စွမ်း ရှိသည်။

ယခင် တောင်ပိုင်းနယ်စပ်၌ ရှိစဉ်က ဆိုလွန် ဆန်းကြယ်ရွှေနက် ရိုးရိုးလေး အုပ်ထားသည့် မြှားတစ်စင်းကို ဝယ်ယူရန်အတွက် များပြားလှသည့် ငွေများကို အသုံးပြုခဲ့ရလေပြီး ထိုမြှားမှာ အခိုင်မာဆုံးသော ဒိုင်းကာများကိုပင် အလွယ်တကူ ဖောက်ထွင်းနိုင်ခဲ့၏။

ဆန်းကြယ်ရွှေနက် တစ်အောင်စလျှင် ရွှေဒင်္ဂါး နှစ်ပြားခန့် တန်ဖိုးရှိသည်။ ဆိုလွန်၏ ခန့်မှန်းချက်အရ ဤသတ္တုမှာ ကမ္ဘာမြေပေါ်ရှိ တန်စတင်နှင့် ဆင်တူ၏။

ဤလောက၌ အလွန်အမင်း ရှားပါးပြီး တူးဖော် သန့်စင်ရန် ခက်ခဲလှသောကြောင့် ရွှေထက် အဆပေါင်းများစွာ ပို၍ စျေးကြီးခြင်းပင်။

ဆန်းကြယ်ပလက်တီနမ်မှာမူ ဤလောကအတွက် သီးသန့်ဖြစ်နေသည့် သတ္တုတစ်ခုနှင့် တူသည်။ အလွန် ပေါ့ပါးပြီး နူးညံ့လှသော်ငြား အံ့မခန်း မာကျောကာ ကွေးညွတ်နိုင်စွမ်း ရှိ၏။

ဆံပင်တစ်မျှင်ခန့်သာ ရှိသည့် ပလက်တီနမ် ချည်မျှင်လေး တစ်မျှင်မှာ ပေါင်ဒါဇင်ပေါင်းများစွာကို ထိန်းထားနိုင်စွမ်း ရှိသည်။

ပလက်တီနမ် ချည်မျှင်များဖြင့် ရက်လုပ်ထားသည့် သံချပ်ကာအပျော့မှာ ဓားခုတ်ချက်များမှ အကာအကွယ်ပေးနိုင်ပြီး ရွှေနက်မြှားများပင် ဖောက်ထွင်းနိုင်ခြင်း မရှိချေ။ ဆန်းကြယ်ပလက်တီနမ် တစ်အောင်စတည်းကပင် ရွှေဒင်္ဂါး အပြားပေါင်းများစွာ တန်ဖိုးရှိ၏။

ဆန်းကြယ်နဂါးရွှေနှင့် ပတ်သက်၍မူ အမှန်တကယ်ကို လျှို့ဝှက်ဆန်းကြယ်ပြီး မြင့်မြတ်လှသည့် အရာတစ်ခုပင်။

ဆန်းကြယ်ရွှေနက်ထက် ပို၍ မာကျောပြီး ၊ ဆန်းကြယ်ပလက်တီနမ်ထက် ပို၍ ခိုင်ခံ့ကာ ၊ ပို၍လည်း ပေါ့ပါးသေး၏။ ထို့အပြင် မူလပုံပန်းသဏ္ဍာန်ကို မှတ်သားနိုင်သည့် အစွမ်းထက် စွမ်းရည်တစ်ခုကိုလည်း ပိုင်ဆိုင်ထားသည်။

လူအများစုက ထိုအရာအား အသက်ရှင်နေသည့် မြင့်မြတ်သော သတ္တုတစ်ခုဟု ယုံကြည်ကြလေပြီး ရှေးခေတ် မြင့်မြတ်နတ်နဂါးများ၏ အရိုးစုများမှ ဖြစ်တည်လာခြင်းဖြစ်ကြောင်း ဒဏ္ဍာရီများ၌ ဆိုထားကြ၏။

ဆန်းကြယ်နဂါးရွှေဖြင့် သွန်းလုပ်ထားသည့် ဓားတစ်လက်မှာ လောက၌ အကြောက်မက်ဖွယ် အကောင်းဆုံး ထက်ရှလှသည့် လက်နက်တစ်ခု ဖြစ်ပြီး မည်သည့်အရာကိုမဆို ပြတ်တောက်သွားအောင် ခုတ်ဖြတ်နိုင်စွမ်း ရှိကြသည်။

ပထမ ဆန်းကြယ်သတ္တု နှစ်မျိုးတွင် စျေးကွက်ပေါက်စျေး ရှိသော်လည်း ဆန်းကြယ်နဂါးရွှေမှာမူ လုံးဝကို အဖိုးမဖြတ်နိုင်ချေ။ သတ္တုရိုင်းအဖြစ်မှ တူးဖော်၍ မရနိုင်ပေ။

ထိုအစား ကံကောင်းမှု သက်သက်ဖြင့်သာ တွေ့ရှိနိုင်ပြီး လောကအနှံ့၌ ပြီးပြည့်စုံသည့် တစ်ဆက်တည်းသော အပိုင်းအစများအဖြစ်သာ တွေ့ရတတ်၏။ အလွန် ချမ်းသာကြွယ်ဝလှသည့် ထျန်းရွှေမြို့စားကြီးပင်လျှင် ဆန်းကြယ်နဂါးရွှေဖြင့် ပြုလုပ်ထားသည့် လက်နက်တစ်ခုကိုမှ ပိုင်ဆိုင်ထားခြင်း မရှိခဲ့ချေ။

အချုပ်ပြောရလျှင် ဆန်းကြယ်နဂါးရွှေသည် အလွန်အမင်းကို ရှားပါးလွန်းလှသည်။

ဆန်းကြယ်ရွှေကြီး သုံးမျိုး ၊ ရွှေ ၊ နှင့် ငွေတို့မှလွဲ၍ နောက်ထပ် အမြတ်အစွန်း အများဆုံး စီးပွားရေးများမှာ ကြေးနီနှင့် သံသတ္တုတွင်းများပင်။ တစ်ကြိမ်တည်းဖြင့် ရွှေဒင်္ဂါး သိန်းနှင့်ချီ၍ မရနိုင်သော်ငြား ကြီးမားလှသည့် အမြတ်အစွန်းများကိုမူ ဖန်တီးပေးနိုင်ဆဲ ဖြစ်၏။

သို့သော်လည်း ကျောက်စရစ်ကျွန်း၌ မည်သည့် သတ္တုမှ မရှိချေ။ သာမန် ကျောက်ခဲများမှလွဲ၍ ကျွန်းတစ်ကျွန်းလုံးမှာ လုံးဝကို ခြောက်သွေ့နေ၏။

“သခင်... ခြောက်လအတွင်းမှာ ရွှေဒင်္ဂါး တစ်သိန်းခွဲ ရမယ်လို့ သခင် ပြောခဲ့တယ်နော်။ သခင့်ရဲ့ အစီအစဉ်က တကယ်တော့ ဘာများလဲ။” ဆိုမုက မနေနိုင်ဘဲ မေးလာသည်။ “ကျန်တဲ့ ကျွန်တော်တို့အားလုံးကတော့ ဒါကို ဘယ်လိုလုပ် ဖြစ်နိုင်မလဲ ဆိုတာကို တကယ်ကို စဉ်းစားလို့ မရဘူး။”

ဆိုလွန်ကမူ ကျေးကျွန်ခေါင်းဆောင်အား ကြည့်လိုက်၏။ “ကွေ့ရှင်းဖူ မင်းတို့ လူတစ်ထောင်ကို ဒီကျွန်းပေါ်မှာ ဖွက်ထားခဲ့တုန်းက မင်းတို့ ဘာအလုပ်တွေ လုပ်နေခဲ့ကြတာလဲ။”

ကျေးကျွန်ခေါင်းဆောင်က ရိုသေစွာ ပြန်ဖြေသည်။ “ဆားချက်ပါတယ် ခင်ဗျ။ တောင်ပေါ်ကနေ ထင်းတွေခုတ်တယ် ၊ ပင်လယ်ရေ ခပ်တယ် ၊ ပြီးတော့ ဆားရဖို့အတွက် ဒယ်အိုးကြီးတွေထဲမှာ ကျိုချက်ရပါတယ်။”

ဤရွာမှာ အမှန်တကယ်တော့ ဧကထောင်ချီ ကျယ်ဝန်းသည့် ကွေ့ရှင်းဖူ၏ မှောင်ခိုဆားချက်သည့် လုပ်ငန်းခွင်ပင်။

ဆိုလွန်က ဆက်မေးလိုက်၏။ “ဒီလုပ်ငန်းက တစ်နှစ်ကို ဆားဘယ်လောက် ထွက်လဲ။ ပြီးတော့ ရွှေဒင်္ဂါး ဘယ်လောက်လောက် ရလဲ။”

“အရင်တုန်းက ကျွန်တော်တို့ဆီမှာ ကျေးကျွန် သုံးထောင်ကျော် ရှိတုန်းကဆိုရင် တစ်နှစ်ကို ဆားပေါင်ချိန် တစ်သန်းလောက် ထွက်ပြီးတော့ ရွှေဒင်္ဂါး သုံးထောင်လောက် ရခဲ့ပါတယ်။” ကျေးကျွန်ခေါင်းဆောင်က ရှင်းပြလိုက်သည်။ “ဒါပေမဲ့ အခုတော့ တောင်ပေါ်က သစ်ပင်တွေအကုန်လုံး ထင်းအဖြစ် အခုတ်ခံလိုက်ရပြီဖြစ်လို့ ကျွန်တော်တို့ရဲ့ ထွက်ကုန်တွေက အကြီးအကျယ် ကျဆင်းသွားခဲ့ပါပြီ။ ပြီးခဲ့တဲ့နှစ်ကဆိုရင် ပေါင်ချိန် လေးသိန်းတောင် မပြည့်ဘဲ ရွှေဒင်္ဂါး တစ်ထောင်တောင် မနည်း ရခဲ့တာပါ။ အဲဒါကြောင့်မလို့ ကွေ့ရှင်းဖူက ဆားလုပ်ငန်းရော ၊ ကျွန်တော်တို့ ကျေးကျွန်တွေကိုရော စွန့်ပစ်ဖို့ ပြင်ဆင်နေခဲ့တာပါ။”

ထိုသည်က ချဲ့ကားပြောဆိုနေခြင်း မဟုတ်ချေ။ ဤလောကရှိ ဆား၏ အခြေခံစျေးနှုန်းမှာ တစ်ပေါင်လျှင် ကြေးဒင်္ဂါး အပြားဒါဇင်ပေါင်းများစွာ ရှိ၏။ သာမန် မိသားစုများ၏ စားပွဲပေါ်သို့ ရောက်လာချိန်၌ စျေးနှုန်းမှာ နှစ်ဆ သို့မဟုတ် သုံးဆခန့် မြင့်တက်သွားလေရာ မိုးပျံမတတ် စျေးကြီးသည့် ဇိမ်ခံပစ္စည်းတစ်ခု ဖြစ်လာတော့သည်။

ဤသည်မှာ ကမ္ဘာမြေပေါ်ရှိ သူ၏ အတိတ်ဘဝနှင့် ဆင်တူလှ၏။ ရိုးရာ ဆားချက်သည့်နည်းလမ်းမှာ ကုန်ကျစရိတ် မြင့်မားလေပြီး အစိုးရ၏ တင်းကျပ်သည့် လက်ဝါးကြီးအုပ်မှုများကြောင့် ဆားစျေးနှုန်းများမှာ ကြောက်မက်ဖွယ်ပင်။

ကမ္ဘာမြေ၌ တွင်းထွက်ဆားနှင့် ကျောက်ဆားကဲ့သို့သော အခြားရွေးချယ်စရာ အရင်းအမြစ်များ ရှိသော်ငြား ဤလောက၌မူ ပင်လယ်ရေ ကျိုချက်ခြင်းအပေါ်၌သာ အပြည့်အဝ မှီခိုနေကြရ၏။ ထို့အတွက်ကြောင့် ဤနေရာ၌ စားပွဲတင်ဆားမှာ အလွန်အမင်းကို စျေးကြီးနေရခြင်းပင်။

ထိုအခိုက် ဆိုမုက မေးလာ၏။ “သခင်... ဒီကျွန်းက အခုဆို အခြေခံအားဖြင့် ဘာမှ အသုံးမဝင်တော့ဘူးလေ။ ပိုက်ဆံရှာဖို့ သခင့်ရဲ့ အစီအစဉ်က ဘာများလဲ။”

“ဆား... ငါတို့ ဆားလုပ်ကြမယ်။” ဆိုလွန်က တောက်ပသည့် အပြုံးဖြင့် ပြောလိုက်သည်။

ဆိုမုနှင့် ကျေးကျွန်ခေါင်းဆောင်တို့မှာ နားမလည်နိုင်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ “ဒါပေမဲ့ တောင်ပေါ်က သစ်ပင်တွေက ကုန်နေပြီလေ။” သူတို့က ကန့်ကွက်လိုက်ကြသည်။ “ပင်လယ်ရေကို ကျိုဖို့ ထင်းမှ မကျန်တော့တာ။ မဟုတ်ရင် ကွေ့ရှင်းဖူက လုပ်ငန်းခွင်ကို စွန့်ပစ်မှာ မဟုတ်ဘူး။”

ဆိုလွန်က မာန်ဟန်ဖြင့် လက်ညှိုးကို ခါလိုက်ကာ ပြောလိုက်၏။ “နိုး... နိုး... နိုး... ငါတို့ ပင်လယ်ရေကို ကျိုမှာ မဟုတ်ဘူး။ နေလှန်းကြမှာ။”

“နိုး ဆိုတာ ဘာကြီးလဲ သခင်လေး။ ပြီးတော့ နေလှန်းမယ်...” ဆိုမုက ဇဝေဇဝါဖြင့် မေးသည်။ “ဘယ်လိုလုပ်ပြီးတော့လဲ။”

“သဘာဝအတိုင်း နေရောင်ကို အသုံးပြုပြီးတော့ပေါ့။” ဆိုလွန်က ကောင်းကင်အား လက်ညှိုးထိုးကာ ပြန်ဖြေလိုက်၏။

ကျေးကျွန်ခေါင်းဆောင်ကမူ မယုံကြည်နိုင်စွာဖြင့် ဆိုလွန်အား စိုက်ကြည့်နေမိသည်။ “နေရောင်က ဆားထုတ်ပေးနိုင်တယ်... အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

ဆိုလွန်က ပြန်ဖြေလိုက်သည်။ “နေရောင်က လုပ်ပေးနိုင်ရုံတင် မကဘူး ၊ ငါတို့ရဲ့ ထွက်ကုန်တွေက ကျိုချက်တာထက် ဆယ်ဆ ၊ ရာဆမကကို ပိုများလာဦးမှာ။”

ဤသည်က အမှန်တရားပင်။ တော်ဝင်မြို့တော်၌ ရှိနေစဉ်ကတည်းက ကွေ့ရှင်းဖူ၏ ကျောက်စရစ်ကျွန်းကို ဆိုလွန် မျက်စိကျနေခဲ့ပြီး ဖြစ်သည်။ ရဲ့ကျင်းယွီနှင့် ဆိုနင်ပင်းတို့၏ ဖော်ပြချက်များအရ ဤကျွန်းမှာ သဘာဝ နေရောင်ခြည်သုံး ဆားလုပ်ငန်းအတွက် အကောင်းဆုံး ပတ်ဝန်းကျင် ဖြစ်နေ၏။

သူတို့အနေဖြင့် ဧကထောင်ချီ ကျယ်ဝန်းသည့် ဆားလှန်းကန်များကို အလွယ်တကူ တူးဖော်နိုင်သည်။

လူအင်အား လုံလောက်စွာ ရှိနေသရွေ့ သူတို့အနေဖြင့် တစ်နှစ်တည်းနှင့်ပင် မရေမတွက်နိုင်အောင် များပြားသည့် ဆားပမာဏကို ထုတ်လုပ်နိုင်စွမ်း ရှိနေ၏။

ဤလောက၌ ဆားမှာ စပါး ၊ ကြေးနီ ၊ သို့မဟုတ် ငွေကဲ့သို့ပင် အမာခံ ငွေကြေးတစ်ခု ဖြစ်သည်။ နေရာတိုင်း၌ တန်ဖိုးရှိလှ၏။

ရွှေဒင်္ဂါး သိန်းနှင့်ချီ၍ ရှာဖွေနိုင်မည်ဆိုသည်မှာ အိပ်မက်တစ်ခုသက်သက် မဟုတ်တော့ချေ။ ဆိုလွန် ပြောသကဲ့သို့ နေရောင်ဖြင့်သာ ဆားချက်နိုင်လျှင် ငွေရှာရသည်က အလွန်အမင်းကို လွယ်ကူသွားတော့မည်သာ။

အပိုင်း ၂၀၃ + ၂၀၄ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters