အခန်း (၂၀၅-၂၀၆)
Vol. 21 Ch. 205-206
အပိုင်း ၂၀၅ + ၂၀၆
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ယခင်က ကျောက်စရစ်ကျွန်းနှင့် ပတ်သက်၍ ဆိုလွန်၏ နားလည်ထားမှုမှာ အပေါ်ယံသာ ဖြစ်ခဲ့၏။ သို့သော် ယခု အမှန်တကယ် ရောက်ရှိလာသည့်အခါ၌မူ ဤနေရာ၏ သဘာဝပတ်ဝန်းကျင်မှာ သူ ထင်မှတ်ထားသည်ထက် များစွာ ပို၍ ကောင်းမွန်နေကြောင်းကို တွေ့ရှိလိုက်ရသည်။
ထို့အပြင် တစ်နှစ်ပတ်လုံး မိုးရွာသွန်းမှု နည်းပါးလေပြီး နေရောင်ခြည် အလုံအလောက်ကိုလည်း ရရှိ၏။
လက်ရှိအချိန်၌ နွေနှောင်းပိုင်းသို့ ရောက်နေပြီ ဖြစ်သော်ငြား ကျွန်းမှာ အရှေ့တောင်ပိုင်း၌ တည်ရှိနေသောကြောင့် ဆောင်းဦးပေါက်ချိန် အကုန်အထိ အပူချိန် နှစ်ဆယ်မှ သုံးဆယ်ဒီဂရီအတွင်း ဆက်လက်ရှိနေမည် ဖြစ်သည်။
ထို့အပြင် ပင်လယ်လေမှာလည်း တစ်နှစ်ပတ်လုံး တိုက်ခတ်နေသောကြောင့် တစ်နှစ်ပတ်လုံး၏ ဘယ်အချိန်၌မဆို နေလှန်း၍ ဆားချက်နိုင်လေမည်။
ထို့အတွက်ကြောင့် ဤနေရာသည် နေလှန်းဆားကန်များ တည်ဆောက်ရန်အတွက် အကောင်းဆုံး နေရာတစ်ခုပင် ဖြစ်တော့သည်။
ဆိုလွန်က အနုပညာကျောင်းသား တစ်ယောက်ဖြစ်ခဲ့သောကြောင့် နည်းပညာပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ သိပ်မသိခဲ့ချေ။ နေလှန်းဆားကန်များနှင့် ပတ်သက်၍လည်း တိုက်ဆိုင်စွာဖြင့်သာ သိရှိခဲ့ရခြင်း ဖြစ်၏။
အနုပညာကျောင်းသား တစ်ယောက်ဖြစ်သည့်အလျောက် သဘာဝရှုခင်းများကို ပန်းချီဆွဲရန်အတွက် ခရီးထွက်ရလေ့ ရှိသည်။ သူ၏ စိတ်ထားမှာ သိပ်မကျယ်ဝန်းဟု ခံစားရသောကြောင့်လောမသိ ၊ လွင်ပြင်များနှင့် ပင်လယ်ကမ်းစပ်များကဲ့သို့ ကျယ်ဝန်းပြီး လွတ်လပ်သည့် နေရာများကို အထူးတလည် နှစ်သက်ခဲ့၏။
တစ်ခါက သူ ကြီးမားလှသည့် ဆားကန်ကြီးတစ်ခုအား မတော်တဆ ဖြတ်သန်းသွားခဲ့ဖူးသည်။ နှင်းများကဲ့သို့ ဖြူဖွေးတောက်ပနေသည့် ဆားများကို ကြည့်ရင်း သူ ချက်ချင်းပင် စိတ်လှုပ်ရှားသွားခဲ့ရ၏။ ထို့အတွက်ကြောင့် ဆားကန်ကို ပန်းချီဆွဲခဲ့ရုံသာမက ထိုနေရာ၌ ဇာတ်လမ်းတိုပေါင်း များစွာကိုလည်း ရိုက်ကူးခဲ့သေးသည်။
သို့သော် ထိုအချိန်က သူ၏ အာရုံစိုက်မှုအားလုံးမှာ အမြင်အာရုံပိုင်းဆိုင်ရာ အပေါ်၌သာ ရှိနေခဲ့၏။ ခမ်းနားလှသည့် ဆားကန်ကြီး၏ မြင်ကွင်း ၊ နှင်းများကဲ့သို့ ဖြူဖွေးတောက်ပနေသည့် ဆားများနှင့် ဆားပွင့်များ ဖြစ်ပေါ်လာသည့် လှပသော အချိန်ကာလလေးကိုသာ အာရုံစိုက်ခဲ့မိသည်။
ဆားကန်၏ အမှန်တကယ် ဖွဲ့စည်းတည်ဆောက်ပုံ သို့မဟုတ် နေလှန်း၍ ဆားချက်သည့် သီအိုရီများကိုမူ သူ သိပ်ပြီး ဂရုမစိုက်ခဲ့မိချေ။
လက်ရှိအချိန်၌ သူကိုယ်ပိုင် ဆားကန်အတွက် ပုံစံကြမ်း ဆွဲနေချိန်၌မူ ထိုစဉ်က သူမြင်တွေ့ခဲ့ရသည်များကို ကြိုးစားပမ်းစား ပြန်လည်မှတ်မိရန် လုပ်ဆောင်နေရပြီး ကွက်လပ်များကို သူ၏ ကိုယ်ပိုင် စိတ်ကူးစိတ်သန်းများဖြင့် ဖြည့်ဆည်းနေရသည်။
သို့သော် နေရောင်ခြည်ကို အသုံးပြု၍ နေလှန်းဆားချက်ခြင်းမှာ အလွန်အမင်း ရှုပ်ထွေးလှသည့် သီအိုရီတစ်ခုထက်စာလျှင် ဆန်းသစ်သည့် စိတ်ကူးတစ်ခုသာ ဖြစ်၏။
ထိုလုပ်ငန်းစဉ်မှာ ပင်လယ်ရေများကို ကန်တစ်ခုအတွင်းသို့ သွယ်ယူပြီးနောက် ကန်တစ်ခုမှ အခြားကန်တစ်ခုသို့ ပြောင်းရွှေ့ပေးရခြင်းသာ ဖြစ်သည်။ ထိုကန်များကို အငွေ့ပျံကန်များနှင့် ဆားပွင့်ကန်များအဖြစ် ခွဲခြားထား၏။
ရေများသည် နောက်ကန်များဆီသို့ ရောက်သွားသည်နှင့်အမျှ ဆားရည်များမှာ ပိုမို ပြစ်ချွဲလာမည် ဖြစ်သည်။ နောက်ဆုံး၌ ဆားပွင့်ချိန်သို့ ရောက်လာသောအခါ အခြားသော အညစ်အကြေးများ အနည်ကျသွားမည်ဖြစ်ပြီး ဆားများ ပေါ်တက်လာကာ ကျန်ရှိနေသည့် ရေများကိုမူ ဖောက်ထုတ်ပစ်ရလေမည်။
နောက်ဆုံး ရရှိလာသည့် ဆားကြမ်းများကို နှင်းများကဲ့သို့ ဖြူစင်သွားစေရန် မည်သို့ လုပ်ဆောင်ရမည်ကိုမူ သူ သိပ်မမှတ်မိတော့ချေ။ ထိုအတွက် တစ်ဖန်ပြန်၍ ဆားပွင့်စေခြင်း သို့မဟုတ် အယ်ကာလီ ကဲ့သို့သော အရာတစ်ခုခုကို ထည့်ရန် လိုအပ်ပုံရသည်။
ထို့အပြင် နောက်ဆုံး ဆားပွင့်ကန်ကို မိုးရေဒဏ်မှ ကာကွယ်ထားရန် လိုအပ်လေပြီး ရေမစိမ့်စေရန်အတွက်လည်း ကန်၏ အောက်ခြေကို သေချာစွာ ပိတ်ဆို့ထားရလေမည်။
ဆိုလွန် ထိုအသေးစိတ် အချက်အလက်များ အားလုံးကို ချရေးထားလိုက်သည်။ ဆားကန်တည်ဆောက်ခြင်းနှင့် ပတ်သက်၍ သူစဉ်းစား၍ရသမျှ အရာအားလုံးကို စုစည်းလိုက်ခြင်းဖြင့် ပြီးပြည့်စုံပြီး အဓိပ္ပာယ်ရှိသည့် တည်ဆောက်ရေး အစီအစဉ်တစ်ခုကို သူ ဖန်တီးနိုင်လိုက်၏။
ထို့အပြင် ဆိုလွန်က ဆားကန်၏ ထွက်ကုန်ပမာဏကိုပါ ခန့်မှန်းတွက်ချက်ကြည့်လိုက်သည်။ ခေတ်သစ် ကမ္ဘာမြေပေါ်၌ ဧကတစ်သောင်း ကျယ်ဝန်းသည့် ဆားကန်တစ်ခုသည် တစ်နှစ်လျှင် ဆားတန်ချိန် သောင်းနှင့်ချီ၍ ထုတ်လုပ်နိုင်ကြောင်းကို သူ မှတ်မိ၏။
၁၉ ရာစုတုန်းကပင် တန်ချိန် ထောင်နှင့်ချီ၍ ထုတ်လုပ်နိုင်ခဲ့သည်။ ထို့အပြင် ကျောက်စရစ်ကျွန်း၏ မြောက်ပိုင်း၌ သူတို့အနေဖြင့် ဆားကန်မည်မျှ ဖွင့်နိုင်မည်နည်း။ သူတို့ထံ၌ အသုံးပြုရန် ဧကတစ်သိန်းကျော်ပင် ရှိနေသည် မဟုတ်ပါလော။
ထို့အတွက်ကြောင့် သူတို့ ခေတ်အနောက်ကျဆုံးသော နည်းလမ်းများကို အသုံးပြုမည်ဆိုလျှင်ပင် နောက်ဆုံး ထွက်ကုန်ပမာဏမှာ တန်ချိန် သောင်းနှင့်ချီ၍ ရှိနေဦးမည်သာ။
**--**--**--**--**--**--**--**
ဆိုလွန်က သူတို့၏ နေလှန်းဆားချက်သည့် နည်းလမ်းသို့ ပြောင်းလဲရန် အဆိုပြုသည်ကို ကြားလိုက်ရသောအခါ ရှိနေကြသည့် ဆားကျေးကျွန် ခေါင်းဆောင်များမှာ တစ်ခွန်းမှ ဝင်မပြောကြသော်ငြား သူတို့၏ ရင်ထဲ၌မူ လုံးဝကို မယုံကြည်နိုင်ဖြစ်နေကြ၏။
သူတို့အမြင်၌ ဤသခင်မှာ လက်တွေ့မကျသည့် စိတ်ကူးယဉ်မှုများထဲ၌ နစ်မြုပ်နေခြင်းသာ ဖြစ်သည်။ ဘိုးဘွားများလက်ထက် နှစ်ပေါင်းထောင်နှင့်ချီ၍ လူတိုင်းက ဆားချက်ရန်အတွက် ပင်လယ်ရေကိုသာ ကျိုချက်ခဲ့ကြ၏။
နေလှန်း၍ ဆားချက်သည်ဆိုသည်ကို သူတို့ တစ်ခါမှပင် မကြားဖူးခဲ့ချေ။ ပင်လယ်ရေကို နေရောင်ပြရုံဖြင့် ဆားဖြစ်လာနိုင်မည်ဆိုသည်မှာ မည်သို့လုပ်ပြီး ဖြစ်နိုင်မည်နည်း။
မယုံကြည်ကြသူများမှာ ဆားကျေးကျွန်များသာ မဟုတ်ချေ။ ဆိုမုနှင့် အခြားသော မိသားစုစစ်သည် ခေါင်းဆောင်များလည်း ယုံကြည်ရန် အလွန် ခက်ခဲနေခဲ့ကြသည်။
သို့သော် သူတို့၏ သခင်သည် အံ့ဖွယ်ကိစ္စပေါင်း များစွာကို လုပ်ဆောင်ပြခဲ့ပြီး ဖြစ်၏။ ထို့အတွက်ကြောင့် သူတို့အနေဖြင့် အပြည့်အဝ မယုံကြည်နိုင်ကြလျှင်ပင် သခင့်အား ပေါ်တင် သံသယဝင်ရန်မူ မဝံ့ရဲကြပေ။
သို့သော် သူတို့ မတွေးဘဲ မနေနိုင်ခဲ့ချေ။ အကယ်၍ နေရောင်ကို အသုံးပြုရုံဖြင့် အမှန်တကယ် ဆားချက်နိုင်မည် ဆိုပါက အဘယ်ကြောင့် ယခင်က မည်သူကမှ မလုပ်ခဲ့ကြသနည်း။
သို့သော် ဆိုလွန်အနေဖြင့် လက်ရှိအချိန်၌ သူတို့ဓ ယုံကြည်မှုကို မလိုအပ်နေချေ။ သူသည် အမြင့်မြတ်ဆုံး သခင်တစ်ဦး ဖြစ်၏။ သူ ဘာမှ လုပ်မပြနိုင်လျှင်ပင် သူ အမိန့်ပေးလိုက်သရွေ့ ဤနေရာရှိ မိသားစုစစ်သည် တစ်ရာနှင့် ဆားကျေးကျွန် တစ်ထောင်ကျော်မှာ သူ့အား ချွင်းချက်မရှိ နာခံရမည်သာ။
ဆိုလွန်က တောက်ပသည့် အပြုံးဖြင့် ကျယ်လောင်စွာ ပြောသည်။ “မင်းတို့ နားမလည်ကြဘူး။ ပြီးတော့ သံသယတွေ အပြည့်ဖြစ်နေကြတယ်ဆိုတာကို ငါသိတယ်။ ဒါပေမဲ့ ဒါက အရေးမကြီးဘူး။ မင်းတို့က ငါ့အမိန့်တွေကို နာခံဖို့ပဲ လိုတယ်။ ငါပြောတာ ကြားလား။”
မိသားစုစစ်သည် ခေါင်းဆောင်များနှင့် ဆားချက်ကျေးကျွန် ခေါင်းဆောင်များက တစ်သံတည်း ပြိုင်တူ အော်ဟစ်လိုက်ကြ၏။ “ကြားပါတယ် သခင်”
ဆိုလွန်က ပြတ်ပြတ်သားသား အမိန့်ပေးလိုက်သည်။ “ယနေ့ကစပြီး ပထမဆုံး စမ်းသပ်ဆားကန်တွေကို ငါတို့ စတင် တူးဖော်ကြမယ်။ စုစုပေါင်း ဧရိယာက ဧက ၅၀၀ ရှိရမယ်။ ပြီးတော့ ရက်နှစ်ဆယ်အတွင်း အပြီးသတ်ရမယ်။ မင်းတို့ ဒါကို ပြီးအောင် လုပ်နိုင်လား။”
ရှိနေကြသည့် မိသားစုစစ်သည် ခေါင်းဆောင်များနှင့် ဆားချက်ကျေးကျွန် ခေါင်းဆောင်တို့ထံ၌ ဧက ၅၀၀ ကျယ်ဝန်းသည့် ဆားကန်ကြီးက အမှန်တကယ် မည်မျှကြီးမားသည်နည်းနှင့် ပတ်သက်၍ လုံးဝကို ဗဟုသုတ မရှိကြချေ။
သို့သော် သခင်ဖြစ်သူက အမိန့်ပေးလာသရွေ့ ဘာပဲဖြစ်ဖြစ် သူတို့ ပြီးမြောက်အောင် လုပ်ဆောင်ရမည်သာ။
လူအုပ်ကြီးက တစ်သံတည်း ပြိုင်တူ အော်ဟစ်လိုက်ကြ၏။ “လုပ်နိုင်ပါတယ် သခင်။”
**--**--**--**--**--**--**--**
ဧက ၅၀၀ ကျယ်ဝန်းသည့် ဆားကန်ကြီးတစ်ခုမှာ အလွန် ကြီးမားသည့် လုပ်ငန်းကြီးတစ်ခုဟု ထင်ရသော်ငြား ဆားကန်အများစုအတွက်မူ သူတို့အနေဖြင့် ကြီးမား ၊ ပြန့်ကားပြီး ခပ်တိမ်တိမ် တွင်းကြီးတစ်ခုကို တူးဖော်ရန်သာ လိုအပ်သည်။ အခက်ခဲဆုံး အပိုင်းမှာ နောက်ဆုံး ဆားပွင့်ကန်ပင် ဖြစ်၏။
မြေကြီးထဲသို့ ရေမစိမ့်ဝင်စေရန် ကာကွယ်ရန်အတွက် သူတို့အနေဖြင့် ကျောက်ပြားများကို ခင်းကျင်းရန် လိုအပ်သည်။
ထို့နောက် လုပ်ငန်းတာဝန်များကို သေချာစွာ စတင် ခွဲဝေပေးလိုက်၏။
လက်ရှိအချိန်၌ ကျွန်းပေါ်တွင် မိသားစုစစ်သည် စုစုပေါင်း တစ်ရာနှင့် ဆားချက်ကျေးကျွန် ၁၅၀၀ ကျော် ရှိနေသည်။
ထို့အတွက်ကြောင့် ဆိုလွန်က လူတိုင်းကို အဖွဲ့ငယ် ၁၀၀ အဖြစ် ခွဲခြားလိုက်လေပြီး ထိုမှတစ်ဆင့် အဖွဲ့ကြီး ၁၀ ဖွဲ့အဖြစ် ထပ်မံ ဖွဲ့စည်းလိုက်၏။
သာမန် စစ်သည်တစ်ယောက်က ဆားချက်ကျေးကျွန် ဆယ့်ငါးယောက်ကို ဦးဆောင်ကာ အဖွဲ့ငယ် တစ်ဖွဲ့အဖြစ် ဖွဲ့စည်းထားသည်။ အဆင့်မြင့် စစ်သည်တစ်ယောက်က ထိုအဖွဲ့ငယ် ဆယ်ဖွဲ့ကို အုပ်ချုပ်ရ၏။ တည်ဆောက်ရေး လုပ်ငန်းတာဝန်များကို အဖွဲ့တစ်ဖွဲ့ချင်းစီအတွက် တိတိကျကျ သတ်မှတ်ပေးထားလိုက်သည်။
အချို့က ရေနုတ်မြောင်းများ တူးဖော်ရန် တာဝန်ယူရပြီး အချို့က ဆားကန်များ တူးဖော်ရန် ၊ အချို့က မြေကြီးများ သယ်ယူရန်နှင့် အချို့ကမူ ကျောက်ပြားများ ဖြတ်တောက်ရန် တာဝန်ယူကြရသည်။
အချုပ်ပြောရလျှင် အဖွဲ့တိုင်း၌ ရှင်းလင်းသည့် လုပ်ငန်းတာဝန် ခွဲဝေမှုများနှင့် တိကျသည့် တာဝန်များ အသီးသီး ရှိကြ၏။ အကယ်၍ အဖွဲ့တစ်ဖွဲ့က သူတို့၏ တာဝန်ကို မပြီးမြောက်နိုင်ပါက ထိုအဖွဲ့က အပြစ်ပေးခံရမည် ဖြစ်သည်။
လုပ်ငန်းတာဝန် ခွဲဝေမှု အစည်းအဝေးမှာ ညသန်းခေါင်ယံ အချိန်အထိပင် ကြာမြင့်သွားခဲ့သည်။
ကံကောင်းစွာဖြင့် ဤမိသားစုစစ်သည်များမှာ ငယ်စဉ်ကတည်းက အဆင့်မြင့် ပညာရေးကို သင်ကြားခဲ့ရသူများဖြစ်လေရာ စာပေပိုင်းဆိုင်ရာ၌သာမက တိုက်ခိုက်ရေးပိုင်း၌ပါ ကျွမ်းကျင်သူများ ဖြစ်ကြ၏။
ဆားချက်ကျေးကျွန် ဒါဇင်ကျော်ခန့်ကို စီမံအုပ်ချုပ်ရခြင်းက သူတို့အတွက် လွယ်ကူလှသည်။ ဆားချက်ကျေးကျွန်များနှင့် ပတ်သက်၍မူ သူတို့က ကျေးကျွန် နောက်ခံမှ လာကြသူများ ဖြစ်၏။
သူတို့မှာ ဉာဏ်ရည်မြင့်မားသူများ မဟုတ်ကြသော်ငြား အမိန့်များကို ချွင်းချက်မရှိ သေချာ နာခံတတ်ကြသည်။ ထို့အတွက်ကြောင့် ဤအဖွဲ့ ဖွဲ့စည်းမှုမှာ လိုက်ဖက်မှု ရှိကြ၏။
**--**--**--**--**--**--**--**
တတိယမြောက်နေ့၌ ငတ်မွတ်ပြီး ဒဏ်ရာရနေကြသည့် ဆားချက်ကျေးကျွန် တစ်ထောင်ကျော်ကို နောက်ထပ် တစ်ရက် ထပ်မံ အနားယူစေလိုက်လေရာ သူတို့၏ ခန္ဓာကိုယ် ခွန်အား အနည်းငယ်ခန့် ပြန်လည် ပြည့်လာစေရန် အခွင့်အရေး ပေးလိုက်၏။
စတုတ္ထမြောက်နေ့၌မူ ဆားချက်ကျေးကျွန်များ၏ ခန္ဓာကိုယ်မှာ အပြည့်အဝ ပြန်လည် မသက်သာသေးသော်ငြား ဆိုလွန်၏ အမိန့်တစ်ခွန်းတည်းဖြင့် ကျောက်စရစ်ကျွန်း တစ်ကျွန်းလုံးမှာ ဧရာမ တည်ဆောက်ရေး ရူးသွပ်မှုကြီးအတွင်းသို့ ဝင်ရောက်သွားတော့သည်။
သူတို့အားလုံး ချက်ချင်းပင် အလုပ် စလုပ်ကြတော့၏။
မိသားစုစစ်သည် တစ်ရာကျော်နှင့် အရွယ်ရောက်ပြီးသည့် ဆားချက်ကျေးကျွန် တစ်ထောင်ကျော်တို့ တစ်ယောက်မကျန်ပင်။
ကျန်ရှိနေသည့် အိုမင်းပြီး အားနည်းသည့် ဆားချက်ကျေးကျွန်များကမူ ထောက်ပံ့ပို့ဆောင်ရေးနှင့် အစားအသောက် ပြင်ဆင်ရန်အတွက် တာဝန်ယူရသည်။
ကျောက်စရစ်ကျွန်း မြောက်ပိုင်း တစ်ခုလုံးမှာ စည်ကားရှုပ်ထွေးလှသည့် ရှေးဟောင်း လုပ်ငန်းခွင်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့၏။
ချွေးများ သံမှိုကဲ့သို့ ယိုစီးကျနေလေပြီး သူတို့၏ တာဝန်များကို ပြီးမြောက်ရန်အတွက် အစွမ်းကုန် ကြိုးစားလုပ်ဆောင်နေကြသည်။ ထို့အပြင် အရည်အချင်းမြင့်မားသည့် စစ်သည် တစ်ရာ၏ ညွှန်ကြားမှုအောက်၌ အရာအားလုံးမှာ ပြီးပြည့်စုံသည့် အစီအစဉ်အတိုင်း ရှေ့ဆက်နေ၏။
ဤမိသားစုစစ်သည်များမှာ ဂုဏ်သိက္ခာကို ရူးသွပ်လုမတတ် တန်ဖိုးထားတတ်သူများ ဖြစ်ကြသည်။ ဤဆားကန်များ တူးဖော်ခြင်းက အသုံးဝင်မည်လော ၊ သို့မဟုတ် နေလှန်းဆားချက်သည်ဆိုသော နည်းလမ်းက အမှန်တကယ်ပင် အလုပ်ဖြစ်မည်လော ဆိုသည်ကို သူတို့ မသိကြချေ။
သို့သော် သူတို့ သိထားသည်မှာ တစ်ခုတည်းသာ... သခင့်၏ အမိန့်ကို ပြီးမြောက်အောင် လုပ်ရမည်ဟူ၍ပင်။ သူတို့ နားမလည်လျှင်ပင် ပြီးအောင် လုပ်ရမည် ဖြစ်၏။
အကယ်၍ သူတို့ ကျရှုံးခဲ့ပါက အားလုံးရှေ့၌ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ရမည်ဖြစ်ပြီး သခင့်ထံမှ အပြစ်ပေးမှုကို ခံယူရမည် ဖြစ်သည်။ ထိုအရာက သူတို့အတွက် လုံးဝကို လက်ခံနိုင်စရာ မရှိသည့် ကိစ္စတစ်ခုပင်။
ယခင် နုကျန်းမြစ်ဘေးရှိ အထီးကျန်တောင်ကုန်းလေး၌ ရှိစဉ်က သူတို့၏ နာမည်ဂုဏ်သတင်းကို ဆေးကြောရန်အတွက် သူတို့ သေဖို့ပင် ဝန်မလေးခဲ့ကြချေ။
ယခုအချိန်၌လည်း စစ်သည်တော်များအဖြစ် သူတို့၏ ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် ဆားချက်ကျေးကျွန်များကို အရူးအမူး အလုပ်လုပ်စေရန် ဖိအားပေးကြတော့သည်။
ထို့အပြင် သူတို့ ကိုယ်တိုင်လည်း အခက်ခဲဆုံး လုပ်ငန်းတာဝန်များကို ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက် လုပ်ကိုင်ကြ၏။
ဆားချက်ကျေးကျွန် တစ်ထောင်ကျော်နှင့် ပတ်သက်၍မူ သူတို့မှာ ယဉ်ပါးသွားခဲ့သည်မှာ ကြာပြီဖြစ်လေရာ အမိန့်များကို အပြည့်အဝ နာခံရန်လောက်သာ သိကြတော့သည်။
ထို့အပြင် တစ်နေ့ သုံးနပ် ဆိုသည့် သွေးဆောင်ဖြားယောင်းမှုအောက်တွင် အားလုံးမှာ အရိုးကြေကြေ အရေခန်းခန်းပင် အလုပ်လုပ်ကြတော့၏။
ထို့အပြင် ဤမြေမှာ ဆားပေါက်မြေ ဖြစ်သောကြောင့် မြေကြီးမှာ ပွယောင်းနေလေရာ ကန်များ တူးဖော်ခြင်းက အလွယ်ကူဆုံး အလုပ်တစ်ခု ဖြစ်နေ၏။ အခက်ခဲဆုံး အပိုင်းမှာ နောက်ဆုံး ဆားပွင့်ကန် ဖြစ်လေပြီး ရေများ မစိမ့်ထွက်သွားစေရန်အတွက် အောက်ခြေ၌ ကျောက်ပြားများ ခင်းကျင်းရန် လိုအပ်ခြင်းပင်။
ကံကောင်းလှစွာပင် ကျောက်စရစ် ကျွန်းဆွယ်လေး၌ အရာများစွာ လိုအပ်နေသော်ငြား ကျောက်တုံးများကမူ ပေါများလွန်းလှသည်။ လက်ရှိအချိန်၌ နဂါးစွမ်းအား စစ်သည်တော်များမှာ သူတို့၏ ခွန်အားကို ပြသရန်အတွက် ပြီးပြည့်စုံသည့် အခွင့်အရေးကို ရသွာလေပြီ။
တစ်လက်လျှင် ရွှေဒင်္ဂါး တစ်ရာကျော် တန်ဖိုးရှိသည့် သူတို့၏ ဆန်းကြယ်ရွှေနက် ဓားကြီးများကို ကိုင်ဆောင်ကာ ကျောက်တုံးများကို ကြမ်းတမ်းစွာ ခုတ်ပိုင်းချလိုက်ကြလေရာ ပြီးပြည့်စုံပြီး ပြန့်ကားနေသည့် ကျောက်ပြားများကို အလွယ်တကူပင် ဖြတ်တောက် ရရှိလာကြသည်။
အပိုင်း ၂၀၅ + ၂၀၆ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team