အခန်း (၂၀၇-၂၀၈)
Vol. 21 Ch. 207-208
အပိုင်း ၂၀၇ + ၂၀၈
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ရူးသွပ်လုမတတ် နားချိန်မရှိ အလုပ်လုပ်ခဲ့ကြလေရာ လူပေါင်း ၁၆၀၀ ကျော်ပါဝင်သည့် အဖွဲ့ကြီးက ပထမဆုံး စမ်းသပ်ဆားကန် ဧက ၅၀၀ ကို ၁၃ ရက်တည်းဖြင့် အပြီးသတ် တူးဖော်နိုင်ခဲ့ကြ၏။
ဆားကန်များမှာ အနည်းငယ် ပုံစံမကျဖြစ်နေသော်ငြား လိုအပ်သည့် လုပ်ငန်းဆောင်တာများနှင့် ကန်များအားလုံး ပြည့်စုံစွာ ပါဝင်နေခဲ့သည်။
နောက်ဆုံး ဆားပွင့်ကန်ကို ချောမွေ့သည့် ကျောက်ပြားများဖြင့် အပြည့် ခင်းကျင်းထားလိုက်ပြီး ကျောက်ပြားများကြားရှိ အက်ကြောင်းများကိုလည်း လေလုံရေလုံ ပိတ်ဆို့ထားလိုက်၏။
ဤသည်မှာ သူတို့၏ စုပေါင်းခွန်အားပင်။ သို့သော် အများစုမှာ သခင်ဖြစ်သူ ဘာလုပ်နေသည်ကို လက်ရှိအချိန်အထိ နားမလည်ကြသေးချေ။ ဤဆားကန်ဆိုသည့် အရာများက တကယ်ပဲ ဆားထွက်လာနိုင်မည် ဆိုသည်ကို သူတို့ မယုံကြည်နိုင်ကြပေ။
ထိုသို့တိုင်အောင် ဆိုလွန် ပေးအပ်ထားသည့် တာဝန်ကို သူတို့အနေဖြင့် သတ်မှတ်ရက်ထက် များစွာ စောစီးစွာပင် အပြီးသတ်နိုင်ခဲ့ကြ၏။
ပထမဆုံး ဆားကန်များ ပြီးစီးသွားပြီးနောက် လူအများစုက ဒုတိယမြောက် ဆားကန်များကို ချက်ချင်းပင် ဆက်လက် တူးဖော်ကြသည်။
လူတစ်ရာခန့်က ပထမဆုံး ဆားကန်များ၌ ကျန်ရစ်ခဲ့၏။ ထို့နောက် နေလှန်းဆားချက်သည့် လုပ်ငန်းစဉ်ကို စတင်ကြတော့သည်။
ရေတက်ချိန်၌ ဆိုလွန်၏ အမိန့်အတိုင်း လူဒါဇင်ပေါင်းများစွာက ရေနုတ်မြောင်းများကို ဖွင့်ချလိုက်လေပြီး ပင်လယ်ရေများကို အငွေ့ပျံကန်များ အတွင်းသို့ သွယ်ယူလိုက်ကြ၏။
ကြမ်းတမ်းသည့် ပင်လယ်ရေများ အငွေ့ပျံကန်များထဲသို့ စီးဝင်သွားသည်ကို ကြည့်ရင်း ဆိုလွန် စိတ်ထဲ၌ ရေရွတ်လိုက်သည်။ “ငါ့ရဲ့ ရွှေဒင်္ဂါးတွေ... ငါ့ရဲ့ ရွှေဒင်္ဂါးတွေ... အားလုံး ဒီကနေ လာရမှာပဲ...”
ထိုသို့ဖြင့် ဆိုလွန်၏ နယ်မြေအတွင်းရှိ ပထမဆုံးသော နေလှန်းဆားချက်ခြင်းမှာ တရားဝင် စတင်သွားခဲ့လေပြီ။
ကျောက်စရစ်ကျွန်းပေါ်ရှိ လူတိုင်းမှာ နေ့ရောညပါ အထူးဂရုစိုက် စောင့်ကြည့်နေကြ၏။ ဤနေလှန်းဆားချက်သည့် နည်းလမ်း အောင်မြင်မှု ရှိမရှိ ဆိုသည်မှာ ဆိုမိသားစု၏ သေရေးရှင်ရေးနှင့် တိုက်ရိုက်ဆက်စပ်နေသည် မဟုတ်လော။
**--**--**--**--**--**--**--**
နေ့ရက်များက လျင်မြန်စွာ ကုန်လွန်သွားခဲ့၏။ ဆားချက်ကျေးကျွန် တစ်ရာကျော်မှာ ဆိုလွန်၏ အမိန့်များကို တစ်သွေမတိမ်း လိုက်နာကြသည်။ သူတို့က ဆားရည်များကို ကန်အသစ်များထဲသို့ သွယ်ယူကြပြီး အဆက်မပြတ် စစ်ထုတ်ခြင်း ၊ အငွေ့ပျံစေခြင်းနှင့် ပင်လယ်ရေအသစ်များ ထပ်ထည့်ခြင်းတို့ကို လုပ်ဆောင်ကြ၏။
လမ်းတစ်လျှောက်၌ ဆိုလွန်၏ အမိန့်များမှာ အမြဲတမ်း ပြီးပြည့်စုံနေသည် မဟုတ်သောကြောင့် အမှားအယွင်းများစွာလည်း ရှိခဲ့သည်။ သို့သော် လူတိုင်းက အလုပ်လုပ်ရင်းဖြင့် သင်ယူကြပြီး စနစ်တကျ ဆက်လက် လုပ်ဆောင်ခဲ့ကြ၏။
ဆယ်ရက်ပင် မပြည့်သေးသည့် အချိန်အတွင်း၌ ပြစ်ချွဲတနေပြီး သိပ်သည်းဆမြင့်မားသည့် ဆားရည်များက နောက်ဆုံး ဆားပွင့်ကန်အတွင်းသို့ ဝင်ရောက်လာပြီ ဖြစ်သည်။
ဤဆားပွင့်ကန်ကြီးကို ချောမွေ့သည့် ကျောက်ပြားများဖြင့် အပြည့် ခင်းကျင်းထား၏။
သူတို့ အောင်မြင်မည်လော ၊ ကျရှုံးမည်လော ဆိုသည်မှာ နောက်ထပ် နှစ်ရက်အပေါ်၌သာ မူတည်နေတော့သည်။
ဆိုလွန် တိတ်တဆိတ် ဆုတောင်းနေမိ၏။ မိုးမရွာစေရန် ကောင်းကင်ဘုံအား သူ တောင်းဆိုနေမိသည်။ အကာအကွယ်ပေးနိုင်သည့် ကြီးမားသော ဖယောင်းပုဆိုးများကို သူ မပြင်ဆင်ရသေးချေ။
အကယ်၍ လက်ရှိအချိန်၌သာ မိုးရွာချလိုက်ပါက သူတို့၏ ကြိုးစားအားထုတ်မှုများ အားလုံး ရေစုန်မျောသွားပေလိမ့်မည်။
ကောင်းကင်ဘုံက သူ၏ ဆုတောင်းသံများကို ကြားသွားသည့်အလားပင်။ မိုး လုံးဝ မရွာခဲ့ချေ။ ကောင်းကင်ယံ၌ မိုင်ထောင်ချီသည်အထိ တိမ်တစ်စမျှမရှိဘဲ ရှင်းလင်းနေလေပြီး မိုးတစ်ပေါက်မျှပင် မကျခဲ့ပေ။
ထိုရက်များအတွင်းရှိ နေရောင်ခြည်မှာ ယုံကြည်နိုင်စရာ မရှိလောက်အောင်ပင် ကောင်းမွန်နေခဲ့၏။
ပြင်းထန်သည့် နေရောင်က ကျရောက်နေပြီး ပင်လယ်လေက ခက်ထန်စွာ တိုက်ခတ်နေကာ နေ့စဉ် အပူချိန်မှာ အနည်းဆုံး သုံးဆယ်မှ လေးဆယ်ဒီဂရီအထိ ရှိနေခဲ့သည်။
သန်းခေါင်ယံအချိန်မှာ တစ်နေ့တာ၏ အအေးဆုံးအချိန်ဖြစ်လေရာ ဆားရည်များ ဆားပွင့်ရန်အတွက် အကောင်းဆုံးအချိန်ပင်။ ကန်များအတွင်းရှိ ရေအမှတ်မှာ တဖြည်းဖြည်း ကျဆင်းသွားလေပြီး ပြစ်ချွဲနေသည့် ဆားရည်များက အပေါ်သို့ တက်လာတော့သည်။
ဆိုလွန် အမြန် အမိန့်ပေးလိုက်သည်။ “ရေတွေ ဖောက်ထုတ်လိုက်တော့...”
ချက်ချင်းဆိုသလိုပင် ဆားချက်ကျေးကျွန် ဒါဇင်ပေါင်းများစွာက ဝါးပိုက်များကို ချက်ချင်းအသုံးပြုကာ အပေါ်ယံရှိ အရည်များကို ပြင်ဆင်ထားသည့် ရေနုတ်မြောင်းများထဲသို့ ဖောက်ထုတ်ပစ်လိုက်ကြ၏။
သူတို့အနေဖြင့် ဆားပွင့်များကို အောင်မြင်စွာ ရရှိနိုင်မည်လော။ ဤသည်က ဆိုမိသားစု၏ သေရေးရှင်ရေး ကိစ္စပင်။ ဤအကြောင်းကြောင့်ပင် အသက်ရှူကျပ်လုမတတ် လေးလံလှသည့် စိုးရိမ်ပူပန်မှုများက ဆားကန်တစ်ခုလုံး၌ ပြည့်နှက်နေ၏။
ဆိုနင်ပင်းနှင့် ရဲ့ကျင်းယွီတို့မှာ အလွန်အမင်း စိုးရိမ်နေကြသောကြောင့် လုံးဝကို အိပ်မပျော်နိုင်ခဲ့ကြချေ။ အနားယူရန် ဆိုလွန် တိုက်တွန်းနေသည်ကိုပင် လျစ်လျူရှုကာ ဆားပွင့်ကန်ဘေး၌ တစ်ညလုံး ထိုင်နေခဲ့ကြသည်။
သူတို့၏ ရိုးသားကြိုးစားမှုကို ကောင်းကင်ဘုံက မြင်တွေ့ပြီး သနားညှာတာကာ ဆိုလွန်ကို အောင်မြင်ခွင့် ပေးလာစေရန် သူတို့ မျှော်လင့်နေကြသည့်အလားပင်။
ဆိုနင်ပင်းနှင့် ရဲ့ကျင်းယွီတို့သာ မဟုတ်ချေ။ မိသားစုစစ်သည် ခေါင်းဆောင်များနှင့် ဂူမင် ကဲ့သို့သော ဆားချက်ကျေးကျွန် ခေါင်းဆောင်များကလည်း သူတို့၏ မနက်ခင်း လေ့ကျင့်မှုများကို ပစ်ထားခဲ့ကြ၏။ လူတိုင်းက ဆားပွင့်ကန်အနီး၌ စောင့်ဆိုင်းနေကြသည်။
သူတို့၏ ရင်ထဲ၌ နက်ရှိုင်းလှသည့် စိုးရိမ်မှုများဖြင့် စောင့်ဆိုင်းနေကြခြင်းပင်။
ဆိုလွန်က သမ်းဝေလျက် ပြောလိုက်သည်။ “နည်းနည်းလောက် သွားအိပ်လိုက်ဦးမယ်။ ဆားပွင့်လာရင် လာနှိုးပေးကြ။”
ထို့နောက် ရဲတိုက်ငယ်လေးဆီသို့ လျှောက်သွားလိုက်၏။
ဆိုနင်ပင်းကမူ သူမ၏ လှပသော မျက်လုံးဝိုင်းကြီးများဖြင့် ဆားပွင့်ကန်ကို ခေါင်းမာစွာ စိုက်ကြည့်နေဆဲပင်။
သွားအိပ်ရန်ကို လုံးဝ ငြင်းဆန်၏။
.**--**--**--**--**--**--**--**
ဆိုလွန် တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ်မှာပင် ရဲ့ကျင်းယွီ၏ အသံကြောင့် ရုတ်တရက် လန့်နိုးသွားရသည်။ သူ အပြင်ဘက်ကို ကြည့်လိုက်ရာ မိုးလင်းကာစ အချိန်သာ ရှိသေး၏။
ရဲ့ကျင်းယွီက အတိုင်းမသိ ဝမ်းသာအားရနေသော အသံဖြင့် အော်ဟစ်လိုက်သည်။ “ဆားတွေ ထွက်လာပြီ။ တကယ် ဆားတွေ။”
သူမ၏ အသံမှာ ရူးသွပ်လုမတတ် စိတ်လှုပ်ရှားမှုနှင့် ဝမ်းသာပျော်ရွှင်မှုတို့ ပြည့်နှက်နေ၏။
ဆိုလွန်သည်လည်း ခုတင်ပေါ်မှ ချက်ချင်း ဆင်းလိုက်လေပြီး ဆားကန်ရှိရာဆီသို့ ပြေးသွားလိုက်သည်။
လက်ရှိအချိန်၌ ကြီးမားလှသည့် လူအုပ်ကြီးမှာ ဆားပွင့်ကန်အား ဝိုင်းရံထားကြသည်။ ကန်အတွင်း၌မူ လူဒါဇင်ပေါင်းများစွာက ဆားများကို အဆက်မပြတ် တွန်းတင်ကာ စုပုံနေကြ၏။
သူတို့ သစ်သားပြားများဖြင့် တွန်းတင်လိုက်သည်နှင့်အမျှ နှင်းများကဲ့သို့ ဖြူဖွေးနေသည့် ဆားများမှာ အလွှာလိုက် စုပုံလာတော့သည်။ ဆားပုံကြီးမှာလည်း တဖြည်းဖြည်း ပို၍ ကြီးမားလာ၏။
ဆားကန်ဘေး၌ ရပ်နေကြသူတိုင်းမှာ လုံးဝကို အံ့အားသင့်နေကြရသည်။
ထိိုသို့ဆိုလျှင် နေရောင်ခြည်က အမှန်တကယ်ပင် ဆားကို ထုတ်လုပ်ပေးနိုင်သည်လား။ ဤသည်က နေလှန်းဆားချက်သည့် နည်းလမ်း၏ စစ်မှန်သော စွမ်းအားပင်။
ချက်ချင်းဆိုသလိုပင် ဆိုမိသားစု စစ်သည်များနှင့် ဆားချက်ကျေးကျွန်များမှာ ဆိုလွန်အား ရူးသွပ်လုမတတ် အဆုံးမဲ့ ကိုးကွယ်ယုံကြည်ချင်သည့် အကြည့်များဖြင့် ဝိုင်းကြည့်လိုက်ကြ၏။
သူတို့၏ သခင်က နောက်ထပ် အံ့ဖွယ်ကိစ္စတစ်ခုကို ဖန်တီးပြလိုက်ပြန်လေပြီ။
ရူးသွပ်လုမတတ် ဝမ်းသာပျော်ရွှင်မှုများနှင့်အတူ လူဒါဇင်ပေါင်းများစွာက ဆားပွင့်ကန်များထဲမှ ပင်လယ်ဆားများကို ကိုယ်တိုင်ကိုယ်ကျ စတင် ရိတ်သိမ်းကြတော့သည်။
လေးနာရီကြာပြီးနောက် နောက်ဆုံး ထွက်ကုန်ပမာဏကို သူတို့ ရရှိသွားခဲ့၏။ ရလဒ်များက လူတိုင်းကို လုံးဝ မှင်တက်သွားစေခဲ့သည်။ ယုံကြည်နိုင်စရာ မရှိလောက်အောင်ပင် ကောင်းမွန်လွန်းနေခဲ့သည် မဟုတ်ပါလော။
ဤသည်က တောက်ပပြီး ဖြူဖွေးနေသည့် ဆားများသာ မဟုတ်ချေ။ သူတို့အတွက်မူ ဤအရာများက ရွှေဒင်္ဂါးများပင်။
**--**--**--**--**--**--**--**
မထင်မှတ်ထားစွာပင် ပထမဆုံး အကြိမ် ရိတ်သိမ်းမှုက ကျင်းတစ်သောင်းကို ကျော်လွန်သွား၏။
ထို့အပြင် ဤသည်မှာ ပထမဆုံး တူးဖော်ထားသည့် ဧက ၅၀၀ ဆားကန်မှသာ ဖြစ်သေးသည်။ ဆားရည်များက ဆားပွင့်ကန်များထဲသို့ ဆက်လက် ဝင်ရောက်လာဦးမည် ဖြစ်၏။
လက်ရှိ ရာသီဥတုအရ ဆားရည်များမှာ နှစ်ရက် သုံးရက်အတွင်းမှာပင် ဆားပွင့်လာမည် ဖြစ်သည်။ ဤသည်မှာ ကွဲပြားသည့် ဆားကန်များကို လှည့်လည် အသုံးပြုခြင်းဖြင့် သူတို့အနေဖြင့် နေ့စဉ်ရက်ဆက် ဆားများကို ရိတ်သိမ်းနိုင်မည်ဆိုသည့် အဓိပ္ပာယ်ပင်။
ထို့အပြင် ဧက ၅၀၀ ကျယ်ဝန်းသည့် ဆားကန်များ ချောချောမွေ့မွေ့ လည်ပတ်သွားပြီ ဆိုပါက ထိုကန်များကို စီမံခန့်ခွဲရန်အတွက် လူ ဒါဇင်အနည်းငယ်သာ လိုအပ်တော့မည် ဖြစ်သည်။
ယခင်ကဆိုလျှင် ဆားချက်ကျေးကျွန် တစ်ထောင်ကျော်မှာ တစ်ညလုံး မအိပ်ဘဲ ရေများကို ကျိုချက်ခဲ့ကြရ၏။ တစ်နှစ်ပတ်လုံး အလုပ်လုပ်လျှင်ပင် သူတို့အနေဖြင့် ဆား ကျင်းသိန်းဂဏန်း အနည်းငယ်ခန့်ကိုသာ ထုတ်လုပ်နိုင်ခဲ့သည်။
သို့သော် ယခုအချိန်၌မူ လူဒါဇင် အနည်းငယ်ခန့်က တစ်လပင် မပြည့်သည့် အချိန်အတွင်းမှာ ဆား ကျင်းသိန်းပေါင်းများစွာကို ထုတ်လုပ်နိုင်နေလေပြီ။
သခင်ဆိုလွန် ပြောခဲ့သည်မှာ မှန်ကန်နေခဲ့၏။ ထုတ်လုပ်မှု ပမာဏမှာ အဆပေါင်း ဒါဇင်နှင့်ချီ၍ တိုးလာသည်။
သူတို့၏ သခင်က အမှန်တကယ်ပင် ယုံနိုင်ဖွယ် မရှိသည့် နောက်ထပ် အံ့ဖွယ်ကိစ္စတစ်ခုကို ဖန်တီးပြလိုက်ခြင်းပင်။
**--**--**--**--**--**--**--**
ထို့နောက်တွင်တော့ ကျောက်စရစ်ကျွန်း တစ်ကျွန်းလုံးမှာ ရူးသွပ်လုမတတ် တည်ဆောက်ရေး ကာလကြီးထဲသို့ ဝင်ရောက်သွားတော့သည်။ မိသားစုစစ်သည်များဖြစ်စေ ၊ ဆားချက်ကျေးကျွန်များဖြစ်စေ ၊ လူတိုင်းမှာ ပင်ပန်းသည်ကို လုံးဝ မခံစားရသည့်အလား အရူးအမူးပင် အလုပ်လုပ်ကြတော့၏။
ဆားချက်ကျေးကျွန်များမှာ နေ့စဉ် ဆန်ပြုတ်သာ စားနေကြရသော်ငြား တောရိုင်း ဟင်းသီးဟင်းရွက်များနှင့် ဆန်ကွဲပုပ်များကိုသာ စားခဲ့ရသည့် သူတို့၏ ယခင် စားသောက်မှုပုံစံများနှင့် ယှဉ်လိုက်ပါက ဤသည်က နတ်ပြည်၌ နေရသည်နှင့်ပင် သွား၍ တူနေသည်။
အနည်းဆုံးတော့ လက်ရှိအချိန်၌ သူတို့အနေဖြင့် နေ့စဉ် ပြစ်ချွဲနေသည့် ဆန်ပြုတ်များကို စားနေရသည် မဟုတ်ပါလော။
ထို့အပြင် အလုပ်လုပ်နေရင်း တစ်ဝက်၌ လားတစ်ကောင် နေမကောင်းဖြစ်သွားသောအခါ ဆိုလွန်က ထိုလားကို သတ်ရန် အမိန့်ပေးခဲ့၏။ ထို့နောက် အသားများကို နုတ်နုတ်စင်းကာ ဆန်ပြုတ်ထဲသို့ ထည့်စေသည်။ အသားဆန်ပြုတ် စားခွင့်ရခြင်းက လူတိုင်းကို သခင်ဆိုလွန်အပေါ် အလွန်အမင်း ကျေးဇူးတင်သွားစေခဲ့သည်။
သူတို့အမြင်၌ သခင်ဆိုလွန်မှာ အနည်းငယ် အလှမ်းကွာဝေးလေပြီး တိတ်ဆိတ်လွန်းနေပုံရ၏။ သူ၏ အချိန်အများစုကို ရဲတိုက်အတွင်း၌ ပူပြင်းသည့် နေရောင်ခြည်မှ ပုန်းအောင်းရင်းသာ ကုန်ဆုံးစေခဲ့သည်။
သို့သော် အမှန်တကယ်၌မူ ဆိုလွန်သည် သူ၏ လက်နှစ်ဖက်လုံးရှိ ဒဏ်ရာရနေသော သွေးကြောများကို ကုသရန်အတွက် အနားယူနေခဲ့ခြင်းသာ ဖြစ်သည်။
သူ၏ ညာဘက်လက်ရှိ သွေးကြောများကို လင်းအောင်းက အပြင်းအထန် ဖျက်ဆီးထားခဲ့သောကြောင့် မြှောက်ရန်ပင် မဖြစ်နိုင်သလောက်ပင် အခြေအနေက ဆိုးရွားသည်။
ထိုလက်ဖြင့် သူ အများဆုံး လုပ်နိုင်မည့် တစ်ခုတည်းသော အရာမှာ ဆိုနင်ပင်း၏ တင်ပါးကို ညင်သာစွာ ပွတ်သပ်ပေးရန်သာ ဖြစ်ကောင်းဖြစ်နိုင်သည်။ အမှန်တကယ် အားစိုက်ရမည့် မည်သည့်ကိစ္စမဆို အလွန် ခက်ခဲလှသည်။
ကပ်ဘေးကိုးသွယ်ဓားသိုင်း၏ ပထမအကွက် ၊ နဝမမြောက် ဟန်ကို သူ အတင်းအကျပ် အသုံးပြုခဲ့သောကြောင့် ဘယ်ဘက်လက်မှာလည်း ဒဏ်ရာရထားခဲ့၏။
သို့သော် အခြေအနေမှာ များစွာ ပိုကောင်းနေသေးသည်။ မည်သည့် ပြဿနာမျှမရှိဘဲ စာရေးခြင်းနှင့် ပန်းချီဆွဲခြင်းတို့ကို သူ လုပ်ဆောင်နိုင်နေသေးသော်ငြား ဓားဝှေ့ယမ်းရန်အတွက်မူ အတော်လေး ခက်ခဲနေဆဲပင်။
နေ့ရက်များ ကုန်လွန်သွားသည်နှင့်အမျှ ဆိုလွန်က ဒဏ်ရာကုသရန် ရဲတိုက်အတွင်း၌သာ နေထိုင်ခဲ့သည်။ ဆားကန်များကို စစ်ဆေးရန်နှင့် လုပ်ငန်းတိုးတက်မှု အခြေအနေများကို ကြည့်ရှုရန် တစ်ခါတစ်ရံမှသာ အပြင်ထွက်လာခဲ့၏။
အချိန်အများစု၌ မိသားစုစစ်သည်များနှင့် ဆားချက်ကျေးကျွန် ခေါင်းဆောင်များထံမှ အစီရင်ခံစာများကိုသာ နားထောင်နေခဲ့သည်။
ဆားချက်ကျေးကျွန်များမှာ နေလှန်းဆားချက်သည့် စည်းမျဉ်းများကို ရှင်းလင်းစွာ နားလည်သွားသည်နှင့် တစ်ပြိုင်နက် ထိုကိစ္စ၌ လျင်မြန်စွာပင် ကျွမ်းကျင်သူများ ဖြစ်လာကြ၏။ ကိစ္စတော်တော်များများအတွက် သူတို့အနေဖြင့် ဆိုလွန်၏ ညွှန်ကြားချက်များကို မလိုအပ်တော့ချေ။ ထိုအစား အကောင်းဆုံး နည်းလမ်းများကို သူတို့ဘာသာ သူတို့ ရှာဖွေတွေ့ရှိသွားလာကြသည်။
ကန်ဟောင်းများ၌ ဆားရည်များကို အငွေ့ပျံစေရင်း တစ်ဖက်မှလည်း ဆားကန်အသစ်များကို ဆက်လက် တူးဖော်နေကြသည်။ မည်သည့် လုပ်ငန်းတာဝန်မှ နှောင့်နှေးကြန့်ကြာမှုမျိုး မရှိနေချေ။
ကျောက်စရစ်ကျွန်းသည် နေလှန်းဆားချက်ရန်အတွက် ကောင်းကင်ဘုံက ပေးသနားထားသည့် နေရာတစ်ခု အမှန်တကယ်ပင် ဖြစ်နေ၏။
မိုးလုံးဝ မရွာသလောက်ဖြစ်လေပြီး နေရောင်ခြည်မှာလည်း ပြီးပြည့်စုံလွန်းလှသည်။ နေ့စဉ်နှင့်အမျှ ဆားထွက်ကုန်ပမာဏမှာ ပို၍ပို၍ များပြားလာသည်။
သူတို့၏ တိုးတက်မှု အမြန်နှုန်းက လူတိုင်းကို စိတ်လှုပ်ရှားသွားစေခဲ့ပြီး အနည်းငယ်ပင် ကြောက်လန့်လာစေတော့၏။
အချိန်သည် ရေစီးကြောင်းအလား ကုန်လွန်သွားခဲ့သည်။
သူတို့ သတိမထားမိလိုက်ခင်မှာပင် နှစ်လတိတိ အချိန်ကုန်လွန်သွားခဲ့လေပြီ။
အပိုင်း ၂၀၇ + ၂၀၈ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team