တောင်ကြားထဲက အကြီးအကဲ
Vol. 012 Ch. 568
သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်ပေါ်တွင်တော့ အစိမ်းရောင်အရည်များ ရှိမနေချေ။ သို့သော် သူတို့က ထူးဆန်းသောအော်ရာကို ထုတ်လွှတ်နေ၏။ သူတို့က တောင်ကြားထဲကနေ လျှောက်လှမ်းထွက်လာသည့်အခါ လျှာကို အနည်းငယ်ကိုက်၍ ပါးစပ်အပြည့် သွေးများ ထွေးထုတ်လိုက်၏။
သည်သွေးများက ဝမ်လင်းထံသို့ ထွေးထုတ်ခြင်း မဟုတ်ဘဲ တောင်ကြားအပြင်ဘက်ရှိ မြေပြင်ပေါ်သို့ ထွေးထည့်လိုက်ခြင်း ဖြစ်နေသည်။
ထိုသို့ ပြုလုပ်ပြီးနောက် သူတို့က တောင်ကြားထဲသို့ ပြန်ပြေးဝင်သွားခဲ့၏။ ဝမ်လင်းက တည်ငြိမ်စွာပင် ထိုနှစ်ယောက်ကို ဖမ်းကာ ဘေးသို့ ပစ်ထားလိုက်ပြန်သည်။
ထို့နောက် သူက သွေးများနှင့် ဖုံးနေသည့် မြေပြင်ကို ကြည့်လိုက်ရာ သွေးမြူတစ်ခုက ဖြည်းဖြည်းချင်း ပေါ်လာသည်ကို တွေ့လိုက်ရ၏။ ပထမ၌ ၎င်းက ဖျော့တော့သော်လည်း သိပ်မကြာခင်မှာပင် ထူထဲလာကာ သည်တောင်ကြားအပြင် တစ်ခုလုံးသို့ ဖုံးလွှမ်းသွား၏။
ဝမ်လင်းက ကြာပွင့်သဏ္ဌာန်ထိုင်လျက်သာ ရှိနေပြီး သူက တောင်ကြားထဲသို့ မည်သည့်မန္တာန်ကိုမျှ အသုံးမပြုဘဲ တည်ငြိမ်စွာ ကြည့်လို့နေသည်။
ထိုသွေးမြူက အထွတ်အထိပ်သို့ ရောက်လာသည့်အခါ တောင်ကြားထဲကနေ အော်သံတစ်ခု ထွက်ပေါ်လာ၏။ အနက်ရောင်ပုံရိပ်တစ်ခုက တောင်ကြားထဲကနေ ထွက်လာကာ သွေးမြူထဲသို့ ဝင်ရောက်သွားသည်။
“ငါ့ မျိုုးနွယ်စုဝင်တွေကို ပြန်ပေးပါ။ ပြီးရင် ငါ့မျိုးနွယ်စုနေရာကနေ ထွက်သွား။ မဟုတ်ရင် သေရမယ်…”
သွေးမြူထဲရှိ အနက်ရောင်ပုံရိပ်ထံကနေ အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာ၏။
ဝမ်လင်းအသွင်က ပုံမှန်အတိုင်းပင်။ သူက အေးစက်စွာ နှာခေါင်းရှုံ့၏။ သူက မတ်တပ်ထရပ်ကာ ရှေ့သို့ တစ်လှမ်းတိုးသည်။ ခြေတစ်လှမ်းဖြင့်ပင် သူ့ပတ်လည်၌ မရေမတွက်နိုင်သည့် လှိုင်းတွန့်များ ပေါ်လာခဲ့၏။ သည်လှိုင်းများက ပြင်းထန်စွာ တုန်ခါ၍ ပျံ့နှံ့သွားသည်။ဝမ်လင်းကလည်း ရှေ့သို့ တဟုန်ထိုး တိုးဝင်သွား၏။
လှိုင်းတွန့်များက ရူးသွပ်စွာ တိုးဝင်သွားသည့်အတွက် သွေးမြူများက တစီစီအသံများ ထွက်ပေါ်လာ၏။ ထို့နောက် ယင်းသွေးမြူက အလွန်မြန်သောနှုန်းဖြင့် စတင် ပျောက်ကွယ်လာခဲ့သည်။
သည်ဖြစ်စဉ် တစ်ခုလုံးက အသက်သုံးခါ ရှုကြိမ်စာလောက်သာ ကြာမြင့်သည်။ အသက်သုံးခါရှူချိန်ကြာမြင့်ပြီးသည့်နောက် သွေးမြူက လုံးဝ ပျောက်ကွယ်သွား၏။ ထိုအခါ ဝမ်လင်းကို တုန်လှုပ်စွာ စူးစိုက်ကြည့်နေသည့် အနက်ရောင်ပုံရိပ်သာ ကျန်ခဲ့တော့၏။ ဝမ်လင်းက သူနှင့် အနီးသို့ လျှောက်လှမ်းသွား၏။
ထိုသူက နောက်သို့ ဆုတ်ရန် ကြံလိုက်စဉ်မှာပင် ဝမ်လင်းက လက်ဆန့်တန်းလာခဲ့သည်။ သူ့ခန္ဓာကိုယ်က မြောလွင့်သွားကာ ဝမ်လင်းရှေ့သို့ ပြုတ်ကျလာလေ၏။
ဝမ်လင်းက ထိုလူကို အေးစက်စွာ ကြည့်၍ သူ့ညာလက်ကို ဝှေ့ယမ်းသည်။ သူက ထိုလူကို ဘေးတစ်ဖက်သို့ ပစ်ထည့်လိုက်ပြန်ပြီး အခြားခြောက်ယောက်နှင့်အတူ ချုပ်နှောင်ထားလိုက်၏။
ထိုသို့ပြုလုပ်ပြီးသည့်နောက် ဝမ်လင်းက အစီအရင်ကို လေ့လာလိုက်ပြီး ပြန်ထိုင်ချကာ တိတ်တဆိတ် စဉ်းစားကာ နေသည်။
တောင်ကြားထဲ၌လည်း ပြန်လည် တိတ်ဆိတ်သွားခဲ့၏။ ထို တိတ်ဆိတ်မှုက သုံးရက်တိတိ ကြာမြင့်ခဲ့ပေသည်။
ထိုသုံးရက်လုံးတွင် ဝမ်လင်းက လှုပ်ရှားခြင်းမပြုဘဲ ထိုင်နေ၏။ တောင်ကြားအတွင်းဘက်၌လည်း မည်သည့်အသံမျှ ထွက်ပေါ်လာခြင်း မရှိချေ။
လေးရက်မြောက်နေ့ မနက်ပိုင်းတွင် တောင်ကြားကို ဝန်းရံထားသည့် အစီအရင်က စတင်တုန်ခါလာကာ အနက်ရောင်ဝါးတုတ်နှင့် အဘိုးအိုတစ်ယောက်က တောင်ကြားထဲကနေ လှမ်းလျောက်လာခဲ့၏။
သူ့နောက်တွင် အပေါ်ပိုင်းဗလာကျင်းထားသည့် လူဆယ်ယောက်ကျော် ရှိနေသည်။ သူတို့က ပိန်ပါးကြသော်လည်း မျက်လုံးထဲတွင်တော့ ဉာဏ်ရည်ဉာဏ်သွေးများနှင့် ပြည့်နေ၏။
အဖြူရောင်ဆံပင်များနှင့် အဘိုးအိုက အလွန်အားနည်းနေသည့်ပုံပင်။ သူက တောင်ကြားထဲကနေ လျှောက်လှမ်းလာပြီးနောက် တိုးညင်းစွာ ပြောလိုက်၏။ “ပြင်ပကျင့်ကြံသူ။ သင် ဒီကိုရောက်နေတာ ခုနစ်ရက် ရှိနေပြီ။ ငါတို့က အစောပိုင်းတုန်းက အဆင်ခြင်မဲ့ ပြုမူခဲ့ပါတယ်။ အဲ့အတွက် သင် ငါတို့ကို ခွင့်လွှတ်ပေးဖို့လည်း မျှော်လင့်ပါတယ်။ ဒီအဘိုးအိုနာမည်ကတော့ ချူယောင်ဟွာ ပဲ ဖြစ်တယ်။ ငါက ဒီရွာရဲ့အကြီးအကဲပါ။ သင်က ငါ့ မျိုးနွယ်စုဝင်တွေကို ပြန်ပေးနိုင်မလား၊ ဒါဆို ငါက သင်နဲ့ စကားအကြာကြီး ပြောပေးမယ်…”
“ဒီအဘိုးအိုက မှတ်မိတဲ့ အရွယ်ကတည်းက ဒီမှာ နေထိုင်ခဲ့တာ။ ငါက ဒီမှာ ဘယ်လောက်ကြာကြာနေထိုင်ခဲ့ပြီးလည်း ဆိုတာတောင် မသိတော့ဘူး…”
ချူယောင်ဟွာက တောင်ကြားပြင်ပ၌ ထိုင်ချလိုက်၏။ သူ့ရှေ့တွင် စားပွဲတစ်ခုနှင့် သစ်သီးအချို့ ရှိနေသည်။
ဝမ်လင်းကလည်း အဘိုးအိုနှင့် မျက်နှာချင်းဆိုင်တွင် ကြာပွင့်သဏ္ဌာန်ထိုင်နေ၏။သူ့အသွင်က တည်ငြိမ်လျက် ရှိသည်။
ချုပ်နှောင်ထားခြင်း ခံရသည့် ခုနစ်ယောက်ကို ပြန်လွှတ်ပေးလိုက်ကာ သူတို့က တောင်ကြားထဲသို့ ပြန်သွားကြ၏။
ချူယောင်ဟွာ အသံက ရှင်းလင်းနေသည်။ သူက ပြောလိုက်၏။ “ဒီအဘိုးအိုက ဒီနေရာဟာ ဘယ်လောက်ထိ ကြီးမားလည်းတော့ မသိဘူး။ ဒါပေမဲ့ ဒီနေရာနဲ့ ကီလိုမီတာ (၁၅)သန်းဝေးတဲ့ နေရာမှာ မြို့ကြီးတစ်မြို့ရှိတယ်။ အဲ့နေရာကတော့ ရှေးဟောင်းနတ်ဆိုးမြို့ပဲ။ ဒီအဘိုးအိုက အဲ့နေရာနေ သင်ယူမှု ပြုခဲ့တယ်။ဒါ့ကြောင့်ပဲ ငါက အသက်ရှည်ရှည် နေခဲ့ရတာ။ ပြင်ပ ကျင့်ကြံသူ သင်ဘာလိုချင်လဲတော့ ငါမသိဘူး။ ဒါပေမဲ့ ငါ့ရဲ့ သေးငယ်တဲ့ မျိုးနွယ်စုလေးကတော့ သင်လိုချင်တဲ့ဟာကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး…”
ဝမ်လင်း အကြည့်က တည်ငြိမ်နေ၏။ သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “သင်က ငါ ဘယ်ကလာလဲ ဆိုတာ သိလား…”
“သင်က တောင်ကြားပြင်ပမှာ ပေါ်လာကတည်းက သင်ဟာ ငါတို့နယ်မြေက လူမဟုတ်ဘူးဆိုတာ သိခဲ့တယ်။ သင်နဲ့ သင့်အပေါင်းအပါတွေက နှစ်ငါးထောင် ကြာတိုင်း ဒီနေရာကို တစ်ခါ ရောက်လာကြတယ်လို့ ပြောလို့ရတယ်။ သင်တို့လာတဲ့ အခါတိုင်းမှာလည်း သင်တို့က အဆုံးမဲ့တဲ့ သွေးမြေကျမှုတွေကို ဖြစ်ပေါ်စေကြတယ်။ ဒါ့ကြောင့်ပဲ သင် ရောက်လာတာကို ငါတို့က မကြိုဆိုကြတာ...”
ဝမ်လင်းအသွင်က တည်ငြိမ်နေဆဲသာ။ သူက မေးလိုက်၏။ “အခြား ပြင်ပကျင့်ကြံသူအသစ်တွေရဲ့ သတင်းကိုကော သင် သိလား…”
ချူယောင်ဟွာက ပြတ်သားစွာ ပြောလိုက်၏။ “ခုတော့ တစ်ယောက်မှ မတွေ့သေးဘူး။နောက်ကျရင်လည်း တစ်ယောက်မှ မတွေ့ဖို့ မျှော်လင့်တယ်။ ပြင်ပင်ကျင့်ကြံသူ သင်လိုအပ်တာ ဒီနေရာမှာ လုံးဝ မရှိပါဘူး။ ငါက ငါပြောဖို့လိုတဲ့ဟာ ပြောပီးပီး၊ အဲ့တော့ သင်ထွက်သွားသင့်ပြီ။ သင်က ရှေးဟောင်းနတ်ဆိုးမြို့တော်ကို သွားနိုင်တယ။ သင်က အဲ့နေရာမှာ တစ်ခုခု ရှာတွေ့နိုင်လိမ့်မယ်…”
ဝမ်လင်းက တည်ငြိမ်စွာ မေးလိုက်ပြန်၏။ “သင် ပြောနေတဲ့ ငါလိုအပ်တယ်ဆိုတဲ့ အရာက ဘာများလဲ။ အဲ့တာက ဘာများလဲ…”
ချူယောင်ဟွာ၏ မျက်နှာက ရှုံ့တွသွားသည်။ သူက မတ်တပ်ထရပ်ကာ ဝမ်လင်းကို ကြည့်၍ ပြောလိုက်သည်။ “ပြင်ပကျင့်ကြံသူ…ငါက လိုအပ်တဲ့ဟာ ပြောပြီးပြီး။ သင့်မှာ စွမ်းရည်အချို့ ရှိမယ်ဆိုရင် ငါက သင်နဲ့ မတိုက်ခိုက်ချင်တဲ့အတွက် ငါ့ မျိုးနွယ်ဝင်တွေကို ဖမ်းဆီးခွင့် ပြုခဲ့တာ၊ ပြင်ပကျင့်ကြံသူ…ဒါကို အထင်မလွဲပါနဲ့။ သင်က အသက်သုံးကြိမ်ရှုစာအတွင်း ထွက်မသွားရင် ငါ့ ရက်စက်မှုအတွက် အပြစ်မတင်ပါနဲ့…”
ဝမ်လင်းမျက်လုံးများက အေးစက်လာကာ သူက အကြီးအကဲကို စူးစိုက်ကြည့်၏။ သူက လက်ဝါးကို လေထဲသို့ ဝှေ့ယမ်းလိုက်ရာ အစိမ်းရောင်အလင်းတစ်ခုက သူ့လက်ထဲ၌ လာရောက်စုဝေးသည်။ သည်အစိမ်းရောင်အလင်းက အပြင်းအထန်တောက်ပလာကာ သူ့က လက်ချောင်းကို ညွှန်လိုက်၏။ ထိုအခါ ၎င်းက တောင်ကြားထံသို့ ပျံသန်းသွားသည်။
တောင်ကြားပတ်လည်ရှိ အစီအရင်က သူ့ဟာသူ အသက်ဝင်လာကာ အစိမ်းရောင်အလင်းတန်း ရောက်ရှိလာသည်နှင့် ကျယ်လောင်သော အသံတစ်ခု မြည်ဟီးသွားသည်။
ဝမ်လင်းက အေးစက်စွာ နှာခေါင်းရှုံ့ကာ သိုလှောင်အိတ်ထဲက အတားအဆီးအလံကို ထုတ်ယူလိုက်၏။ သူက ထိုအလံကို ဝှေ့ခါလိုက်ရာ အတားအဆီး (၉၉၉)ခုက ပျံသန်းထွက်သွားကာ သည်ဧရိယာက မြူနက်များနှင့် ဖုံးလို့သွားသည်။မြူနက်ထဲရှိ ဝမ်လင်းအသွင်က နတ်ဆိုးစစ်ဗိုလ်အလား ထင်မှတ်ရ၏။
သူ့အေးစက်စက် အကြည့်က အဆုံးမဲ့သော ဖိအားကို ပေးစွမ်းသည်။
“အစီအရင် ပျက်စီးစမ်း…” စကားတစ်ခွန်းဖြင့်ပင် ပတ်ဝန်းကျင်ရှိ အတားအဆီးအခိုးငွေ့များက တဟုန်ထိုး ထွက်သွားကာ တောင်ကြားပြင်ပရှိ အစီအရင်နှင့် ဆက်တိုက် တိုက်ခိုက်ကြသည်။
ချူယောင်ဟွာအသွင်က ကြီးစွာ ပြောင်းလဲသွားကာ အလွန်သုန်မှုန်လာသည်။ သူက ဝမ်လင်းကို ကြည့်လိုက်၏။ သူက နှာခေါင်းရှုံ့လိုက်သည်။ထို့နောက် သူ့ခန္ဓာကိုယ်က တဖျပ်ဖျပ် လင်းသွားကာ မယုံကြည်နိုင်ဖွယ် အလင်းစက်များ အဖြစ်သို့ ပြိုကျသွားတော့သည်။
ဝမ်လင်း မျက်လုံးများက အေးစက်နေသည်။ သူက သူ့ရှေ့ရှိ သည်ချူယောင်ဟွာက အစစစ်အမှန်ခန္ဓာကိုယ် တစ်ခု မဟုတ်ဘဲ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်ကြောင်း သတိပြုမိခဲ့ပြီး ဖြစ်သည်။ သူက အစီအရင်ကို ခုနစ်လုံးလုံး လေ့လာနေကာ သည်အစီအရင်ကို ချိုးဖျက်နိုင်လုနီးပါး နားလည်လာသည့်အတွက်ကြောင့်သာ မဟုတ်လျှင် သည်မျိုးနွယ်ဝင်များကို လွယ်လင့်တကူ ပြန်လွှတ်ပေးလိမ့်မည် မဟုတ်ချေ။
သူက ညာဘက်လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ အစီအရင်ထံသို့ လက်ညွှန်သည်။ ထို့နောက် သူက တိုးညင်းစွာ ပြောလိုက်၏။ “ပေါက်ကွဲစမ်း…”
တောင်ကြားတစ်ခုလုံးတွင် တုန်ခါသံများ ဆက်တိုက် ထွက်ပေါ်နေ၏။ သည်အစီအရင်က ပြင်းထန်စွာ တုန်ခါလာကာ အစိမ်းရောင်အလင်းတောက်တောက်ကို ထုတ်လွှတ်လာ၏။
တစ်ပြိုင်နက်တည်းမှာပင် ချူယောင်ဟွာ၏ ရှေးဟောင်းအသံက တောင်ကြားထဲကနေ ထွက်ပေါ်လာသည်။ “ပြင်ပကျင့်ကြံသူ…ဒီအဘိုးအိုက မင်းကို ထွက်သွားဖို့အတွက် အသက်သုံးကြိမ်ရှုစာ အချိန်ပေးမယ်။ မင်းက အဲ့လို မလုပ်ဘူးဆိုရင်တော့ တိုက်ခိုက်မှု အစီအရင်ကို အသက်သွင်းရလိမ့်မယ်။ အဲ့လိုဖြစ်လာရင် မင်းက ကျိန်းသေပေါက် သေရလိမ့်မယ်…”
ဝမ်လင်းက စကားတစ်ခွန်း ပြောလိုက်၏။ “စုစည်းခြင်း…”
စကားတစ်ခွန်းဖြင့်ပင် ပတ်ဝန်းကျင်ရှိ အတားအဆိးအခိုးငွေ့များက ချက်ခြင်းလှုပ်ရှားကာ ပေါက်ကွဲသွား၏။ ထိုအခါ ပြင်းထန်သော တုန်ခါလှိုင်းများကို ဖြစ်စေကာ အစီအရင်ထံသို့ ရိုက်ခတ်လေသည်။
အစီအရင်က ပြင်းထန်စွာ တုန်ခါသွားလေ၏။
ချူယောင်ဟွာအသံ ရုတ်တရပ် ပြက်တောက်သွားပြီး သူက ဒေါသတကြီး မာန်သွင်းလိုက်၏။ တောင်ကြားတစ်ခုလုံးက တောက်ပသည့် အစိမ်းရောင်အလင်းတစ်ခု ရုတ်တရပ် ထုတ်လွှတ်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သည်အစိမ်းရောင်အလင်းက ပြင်းထန်စွာ သိပ်သည်းလာ၏။ အစိမ်းရောင်တုန်ခါလှိုင်းများကလည်း တောင်အစွန်းများ၊ မြေပြင်နှင့် တောင်ကြားပတ်လည်ရှိ မြက်များထံကနေ စတင် ပေါ်ထွက်လာ၏။
သည်တုန်ခါလှိုင်းများက ပေါ်လာသည်နှင့် အစိမ်းရောင်အလင်း၏ ထူးဆန်းသောအားက ၎င်းတို့ကို တောင်ကြားထဲသို့ ဆွဲယူလိုက်သည်။
သည်အခိုက်မှာပင် တောင်ကြားထဲရှိ အစိမ်းရောင်အလင်းက ထူးဆန်းသောနည်းလမ်းဖြင့် စတင်လှုပ်ရှားလာသည်။ ၎င်းက အစိမ်းရောင်မီးတောက်များကဲ့သို့ စတင်ကွဲထွက်လာ၏။ ချက်ခြင်းပင် ၎င်းက ကြီးမားသည့် အစိမ်းရောင်ပုံရိပ်ယောင်ကြီး တစ်ခုကို ဖြစ်သွားစေသည်။
သည်ပုံရိပ်ယောင်ကြီးက လူသားပုံစံရှိ၏။သို့သော် ဆယ်ပေခန့် ရှည်လျားနေသည်။ ၎င်း၏ ပုံရိပ်ကိုသာ မြင်နိုင်ကာ အသွင်အပြင် တိတိပပကိုတော့ မြင်တွေ့ရခြင်း မရှိချေ။ သည်ပုံရိပ်က အစိမ်းရောင်အလင်းများဖြင့် ပြည့်နေ၏။
သည်ပုံရိပ်ယောင် ပေါ်လာသည့်အခိုက်တွင် ချူယောင်ဟွာ၏ အသံက ချက်ခြင်းပင် တောင်ကြားထဲကနေ ထွက်လာလေ၏။
“ပြင်ပကျင့်ကြံသူ…ဒါတွေက မင်းကိုယ်တိုင်လုပ်လို့ ဖြစ်လာရတာ။ အစိမ်းရောင်ပုံရိပ်ယောင်…သူ့ကိုသတ်။ သူ့စိတ်ဝိညာဉ်ကို ဒီနေ့ နတ်ဆိုးညမှာ ယဇ်ပူဇော်ဖို့အတွက် ယူလာခဲ့ချေ…”
ထိုသို့ပြောပြီးနောက် ပုံရိပ်ယောင်ထဲကနေ အော်သံတစ်ခု ထွက်လာ၏။ သည်အော်သံက ကျယ်လောင်ခြင်းမရှိချေ။သို့သော် ၎င်းက ကောင်းကင်အရောင်ကို ပြောင်းလဲစေပြီး မြေပြင်ကို တုန်ခါစေ၏။
၎င်းက ခဏတာသာ ဖြစ်သွားသော်လည်း ဝမ်လင်း မျက်လုံးကို ကျဉ်းမြောင်းသွားစေ၏။ သူက နှာခေါင်းရှုံ့လိုက်ကာ ညာဘက်လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေ၍ အော်ပြောလိုက်၏။ “အတားအဆီး လှံရှည်…”
ဝမ်လင်း ညာလက်ကလည်း ဆန့်တန်းလာ၏။ အနက်ရောင်အတားအဆီးအမျှင်တန်းများက နဂါးများကဲ့သို့ ရွှေ့လျားလာသည်။
နောက်ဆုံးတွင် ဝမ်လင်းလက်ထဲ၌ ပေသုံးဆယ်ခန့်ရှည်သည့် လှံတစ်လက် ထွက်ပေါ်လာခဲ့၏။
ထိုလှံရှည် ပတ်လည်တွင် အနက်ရောင်အလင်းများ လှုပ်ရှားနေသည့်အပြင် မိုးခြိမ်းသံများလည်း ၎င်းလှံထဲကနေ ထွက်ပေါ်လာ၏။
လှံရှည်ထိပ်တွင် တစ္ဆေဆန်သောအလင်းတန်းတစ်ခု ရှိနေသည်။ နေရောင်အောက်၌ ၎င်းက မျက်စိဖမ်းစားနိုင်လွန်းလှ၏။
ချူယောင်ဟွာက စကားပြောဆိုပြီးသွားသည့် အခိုက်မှာပင် ဝမ်လင်းက လှံရှည်ကို ပစ်လွှတ်လိုက်၏။ ၎င်းက အနက်ရောင်အလင်းတန်းကဲ့သို့ အစိမ်းရောင်ပုံရိပ်ယောင်ထံသို့ တန်းမတ်စွာ ဝင်ရောက်သွားသည်။
ထိုအလင်းက လေဟာနယ်ကို ဖြတ်သန်းလာစဉ် ကောင်းကင်ထက်မှ မိုးကြိုးများကိုပါ စွဲဆောင်ပစ်လိုက်သည်။ ထိုအခါ မိုးကြိုးသံများ ဆက်တိုက်ထွက်ပေါ်လာကာ သည်ဧရိယာ၌ ပဲ့တင့်ထပ်လို့ နေတော့၏။