အခန်း ၄၅၇
Vol. 46 Ch. 457
အခန်း (၄၅၇)
လက်တွေ့ကမ္ဘာ။ မဟာကျိုး၏ နန်းတော်အတွင်း။
စာကြည့်ဆောင်ထဲတွင် ရှိနေသော ရှောင်မိုသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လာခဲ့လေ၏။
မွန်းလွဲပိုင်း နေရောင်ခြည်က ရှောင်မိုအပေါ်သို့ ဖြာကျနေသည်။
ရှောင်မိုသည် သူ၏ရင်ဘတ်ကို ဖိကာ အသက်ပြင်းပြင်း ရှူသွင်းနေရပေသည်။
ဘဝတစ်ရာကျမ်းကြောင့် ရှောင်မို၏ မှတ်ဉာဏ်များ ဝေဝါးနေခဲ့သည် ဆိုသော်ငြားလည်း။
ထိုအလွန်အမင်း လက်တွေ့ဆန်လှသော သေဆုံးခြင်း ခံစားချက်ကြီးက ရှောင်မိုကို ထိတ်လန့်တုန်လှုပ်မှုအောက်တွင် ကျန်ရစ်နေစေဆဲ ဖြစ်လေသည်။
"ဘဝတစ်ရာကျမ်း၏ ပဉ္စမမြောက်ဘဝ ဖြတ်သန်းမှု ပြီးဆုံးသွားပါပြီ။ ဘဝတစ်ရာကျမ်းအတွက် ဆုလာဘ်များကို တွက်ချက်နေပါသည်။ ပဉ္စမမြောက်ဘဝ ဆုလာဘ် တွက်ချက်မှု ပြီးစီးသည်အထိ ပိုင်ရှင်သည် အချိန်မြစ်အတွင်းသို့ ဝင်ရောက်နိုင်ပါသည်။ ပိုင်ရှင် ဝင်ရောက်လိုပါသလား"
ဘဝတစ်ရာကျမ်း၏ အသံက ရှောင်မို၏ စိတ်အာရုံထဲတွင် နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပေသည်။
"ဝင်မယ်"
သူ၏ စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးနောက် ရှောင်မိုက ပြတ်သားစွာပင် ရွေးချယ်လိုက်လေ၏။
ဘဝတစ်ရာကျမ်း၏ ပဉ္စမမြောက်ဘဝနှင့် ပတ်သက်သော မှတ်ဉာဏ်များစွာကို ရှောင်မို ထိန်းသိမ်းမထားနိုင်ခဲ့သော်လည်း။
ထိုအရာကို သူ လုံးဝ လက်မလွှတ်နိုင်သေးကြောင်း ရှောင်မို၏ ရင်ထဲတွင် ခံစားနေရလေသည်။
"ပိုင်ရှင်သည် အချိန်မြစ်အတွင်းသို့ ဝင်ရောက်တော့မည် ဖြစ်ပါသည်။ ကျေးဇူးပြု၍ မိမိကိုယ်ကို ပြင်ဆင်ထားပါ။
သုံး...
နှစ်...
တစ်..."
ချင်တိုင်းပြည် နန်းတော်၊ စာကြည့်ဆောင်။
စစ်သူကြီး ရှာဟောက်နန်၊ လီကျင်း၊ ကျောက်ကွမ်း၊ ဖန်ဝေ့မင်နှင့် အခြားသော စစ်ဘက်ဆိုင်ရာ အရာရှိများသည် ဧကရာဇ်မင်းမြတ်၏ ရှေ့မှောက်တွင် ၎င်းတို့၏ တာဝန်များကို အစီရင်ခံနေကြလေ၏။
သူတို့သည် အောင်ပွဲခံ တိုက်ပွဲတစ်ရပ်ကို ဆင်နွှဲနိုင်ခဲ့ပြီး သမိုင်းမှတ်တမ်းများတွင် သစ္စာရှိစွာ ရေးမှတ်ခံရမည်ဆိုပါက ၎င်းတို့၏ အမည်နာမများသည် မျိုးဆက်တစ်ရာတိုင်အောင် သေချာပေါက် ကျန်ရစ်နေမည်ဖြစ်သော်ငြားလည်း။
သူတို့၏ မျက်နှာများထက်တွင် ပျော်ရွှင်မှု အရိပ်အယောင် အနည်းငယ်မျှကိုပင် မမြင်တွေ့ရချေ။
ချင်စီယောင်က ဆုလာဘ်များ ချီးမြှင့်ပြီးနောက် လူတိုင်း ထွက်ခွာသွားကြသော်လည်း၊ ရှာဟောက်နန် တစ်ဦးတည်းသာ ထွက်မသွားသေးဘဲ စာကြည့်ဆောင်အတွင်း ကျန်ရစ်နေခဲ့ပေသည်။
"စစ်သူကြီးရှာဟောက်... တခြား ပြောစရာကိစ္စ ရှိသေးလို့လား"
ချင်စီယောင်က တည်ငြိမ်သော မျက်နှာအမူအရာဖြင့် မေးလိုက်သည်။ သူမ၏ အသံမှာ လုံးဝကို ငြိမ်သက်နေပြီး မည်သည့် စိတ်ခံစားချက်ကိုမျှ အကဲခတ်၍ မရနိုင်သည့်အလား ဖြစ်နေလေ၏။
"ကိစ္စနည်းနည်း ရှိပါတယ်"
ရှာဟောက်နန်သည် သူ၏ သိုလှောင်အိတ်ထဲမှ ပစ္စည်းသုံးခုကို ထုတ်ယူလိုက်လေသည်။
"ဒီ ရက်စက်သော လှံဆယ်လက်က ဆီးနှင်းမင်းသား အသုံးပြုခဲ့တဲ့ မသေမျိုးလက်နက် ဖြစ်ပါတယ်၊ ပြီးတော့ ဒီမျက်နှာဖုံးက ဆီးနှင်းမင်းသား စစ်ချီထွက်ကတည်းက တပ်ဆင်ခဲ့တဲ့အရာပါ။ ဒီ ရွှံ့ရုပ်သေးသေးလေးကတော့ ဘာလဲဆိုတာကို ကျွန်တော်မျိုး မသိပါဘူး။
ဒါပေမယ့် ဆီးနှင်းမင်းသားဟာ မဟာမှော်ဝင်္ကပါကြီးရဲ့ ဖိနှိပ်သတ်ဖြတ်မှုကို ခံခဲ့ရတဲ့ အချိန်မှာတောင်မှ ဒီအရာလေးတစ်ခုကိုတော့ အပြင်းအထန် ကာကွယ်သွားခဲ့ပါတယ်။
ဒီအရာက ဆီးနှင်းမင်းသားအတွက် သာမန်ထက် ထူးကဲတဲ့ အဓိပ္ပာယ်တစ်စုံတစ်ရာ ရှိရမယ်လို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်။
ယခုအခါ ဆီးနှင်းမင်းသားရဲ့ ရုပ်အလောင်း မရှိတော့တဲ့အတွက် ရက်စက်သော လှံဆယ်လက်အပြင်၊ ဒီမျက်နှာဖုံးနဲ့ ရွှံ့ရုပ်လေးကို သူ့ရဲ့ အမွေအနှစ်တွေအဖြစ် မြှုပ်နှံပေးသင့်ပါတယ်။
သို့သော်လည်း ကျွန်တော်မျိုးရဲ့ အမြင်မှာတော့ ဒီအရာတွေကို မြေမြှုပ်ပစ်မယ့်အစား ဧကရီဆီကို လွှဲပြောင်းပေးသင့်တယ်လို့ ခံစားရလို့ပါ"
အနီးတွင် ရပ်နေသော ဟွာရှန်းက ရှေ့သို့တိုးလာပြီး ရှောင်မို၏ အမွေအနှစ်သုံးခုကို လက်ခံယူကာ ချင်စီယောင်၏ ရှေ့မှောက်တွင် ချထားပေးလိုက်လေ၏။
စားပွဲခုံပေါ်ရှိ မျက်နှာဖုံးနှင့် ရွှံ့ရုပ်သေးသေးလေးကို ကြည့်ရင်း ချင်စီယောင်၏ မျက်ဝန်းများ လှုပ်ခတ်သွားခဲ့ချေပြီ။
သူမက လက်ကိုဆန့်ထုတ်ကာ ရွှံ့ရုပ်သေးသေးလေးကို လက်ဖဝါးထဲတွင် ဆုပ်ကိုင်၍ ညင်သာစွာ ပွတ်သပ်လိုက်ရာ သူမ၏ ဖြူဖွေးသော လက်ချောင်းထိပ်လေးများမှာ အနည်းငယ် တုန်ယင်နေခဲ့ပေသည်။
"ဧကရီ... ဒီရွှံ့ရုပ်လေးက ဘာပါလဲ" ရှာဟောက်နန်က မေးလိုက်၏။
ချင်စီယောင်က ခေါင်းခါယမ်းလိုက်သည်။ "ဒါက မိန်းကလေးတစ်ယောက် လုပ်ထားတဲ့ သာမန် ရွှံ့ရုပ်လေးတစ်ခုပါပဲ"
ချင်စီယောင်သည် ခေါင်းမော့ကာ ရှာဟောက်နန်ကို ကြည့်လိုက်၏။ "စစ်သူကြီးရှာဟောက် လည်း ပင်ပန်းနေလောက်ပြီ။ ကိုယ့်အိမ်တော်ကို ပြန်ပြီး အနားယူလိုက်ပါဦး"
"မှတ်ဝမ်းပါ ဧကရီ။ ကျွန်တော်မျိုး ခွင့်တောင်းပါရစေ" ရှာဟောက်နန်သည် လက်နှစ်ဖက်ကိုဆုပ်ကာ အရိုအသေပေးလိုက်ပြီး ဘာမျှ ဆက်မပြောတော့ဘဲ စာကြည့်ဆောင်အတွင်းမှ ထွက်ခွာသွားလေတော့သည်။
တံခါး ပိတ်သွားခဲ့သည်။
စာကြည့်ဆောင်အတွင်း၌ အမျိုးသမီး တစ်ဦးတည်းသာ ကျန်ရစ်နေခဲ့လေ၏။
အနည်းငယ် အရုပ်ဆိုးနေသော ဤရွှံ့ရုပ်သေးသေးလေးကို ကြည့်ရင်း အမျိုးသမီး၏ စိတ်အစဉ်သည် လွန်ခဲ့သော နှစ်အနည်းငယ်က နေ့ရက်တစ်ရက်ဆီသို့ ပြန်လည်ရောက်ရှိသွားသည့်အလား ဖြစ်နေသည်။ ထိုနေ့က ကောင်မလေးတစ်ယောက်သည် ကောင်လေးတစ်ယောက်၏ ရှေ့တွင် ရပ်နေခဲ့၏။
"ဒါက နင့်အတွက်"
"ငါ့အတွက်လား"
"အင်း... ဒီရွှံ့ရုပ်လေးက တခြားဘယ်သူ့ကိုမှ ပုံတူလုပ်ထားတာ မဟုတ်ဘူး၊ ငါကိုယ်တိုင်ပဲ။ ဒါက နင့်အတွက် လက်ဆောင်။ ငါ့ကို သတိရတဲ့အခါတိုင်း ဒီအရုပ်လေးကို ကြည့်ပြီး ငါ့နာမည်ကို တိတ်တိတ်လေး ရွတ်လိုက်ပေါ့။ နင် ငါ့ကို သတိရနေတယ်ဆိုတာ ငါသိသွားနိုင်သလို၊ အဲဒီအခါကျရင် နင့်ဆီကို လာတွေ့မယ်လေ"
"အော်..." ကောင်လေးက အရုပ်လေးကို ယူကာ ပြုံးလိုက်လေသည်။ "ဒါပေမယ့် မင်းသမီးလေးက ရောက်မလာခဲ့ရင်ကော"
"ငါ ရောက်မလာခဲ့ရင်လည်း နင့်အတွက် နစ်နာသွားတာမှ မရှိတာ"
"ဘာလို့လဲ"
"ဘာလို့လဲဆိုတော့ ငါလည်း နင့်ကို သတိရနေမှာမို့လို့ပဲ"
အမျိုးသမီး သတိပြန်ဝင်လာချိန်တွင် မျက်ရည်များက ရွှံ့ရုပ်သေးသေးလေးအပေါ်သို့ တစ်ပေါက်ပေါက် ကျဆင်းနေခဲ့ချေပြီ။
"လူလိမ်ကြီး... ရှင် ကျွန်မကို သတိရော ရဖူးရဲ့လား"
အမျိုးသမီးက အရုပ်လေး၏ မျက်ခုံးကို ညင်သာစွာ ပွတ်သပ်ရင်း တစ်ချိန်တည်းမှာပင် ငိုလည်းငိုကာ ပြုံးလည်း ပြုံးနေခဲ့လေ၏။
"ကျွန်မ ရှင့်ကို အရမ်း လွမ်းတာပဲ"
နောက်တစ်နေ့တွင် ချင်စီယောင်သည် နန်းတော်မှထွက်ခွာကာ ရှောင်အိမ်တော်သို့ သွားရောက်ရန် စီစဉ်လိုက်ပေသည်။
ချင်တိုင်းပြည်၏ ဓလေ့ထုံးတမ်းများအရ ချင်စီယောင်သည် ယောက္ခမကြီးဖြစ်သူ ကျိုးရူရှီး၏ ဈာပနကို ဦးစွာ ဦးစီးကျင်းပပေးရန် လိုအပ်လေ၏။
သို့သော် ဤအချိန်၌ အမတ်အချို့က ၎င်းကို ကန့်ကွက်သည့် အသနားခံစာများ တင်သွင်းလာကြသည်။
အဘယ်ကြောင့်ဆိုသော် ဆီးနှင်းမင်းသား ကွယ်လွန်သွားပြီဖြစ်ပြီး ချင်စီယောင်မှာလည်း မိသားစုအတွင်းသို့ တရားဝင် မင်္ဂလာဆောင်နှင်းရခြင်း မရှိသေးသဖြင့် ချင်တိုင်းပြည်၏ ဥပဒေအရ စေ့စပ်ထားမှုမှာ ပျက်ပြယ်သွားပြီဖြစ်သောကြောင့်ပင်။
ဤအမတ်များက ကျိုးရူရှီးနှင့် ဆီးနှင်းမင်းသား ရှောင်မိုတို့၏ ဈာပနများကို ရှောင်မိသားစု၏ မျိုးဆက်သစ် လူငယ်များကသာ ဦးစီးကျင်းပသင့်ကြောင်း ယုံကြည်ထားကြလေသည်။
ပိုင်လီရှီ၊ နန်းရင်းဝန်လီနှင့် အခြားသူများသည် ဤအမတ်များ၏ အကြံပြုချက်များကို ကြားသိရသောအခါ ညီလာခံတွင် စကားတစ်ခွန်းမျှ ဝင်မပြောခဲ့ဘဲ "ဒီ အခွင့်အရေးသမား အမှိုက်ကောင်တွေ" ဟုသာ သက်ပြင်းချလိုက်ကြလေတော့သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ချင်စီယောင်က သူတို့ကို လုံးဝ လျစ်လျူရှုထားခဲ့ပေသည်။
အမှန်တကယ်တွင် နှစ်ရက်အတွင်းမှာပင် ဤနန်းတွင်းအရာရှိများ၏ ပုံမှန် အဂတိလိုက်စားမှုနှင့် ဥပဒေနှင့်မညီသော လုပ်ရပ်များ၏ သက်သေအထောက်အထားများသည် ညီလာခံ၌ ထွက်ပေါ်လာခဲ့လေ၏။
အကြံပေးချက် တင်သွင်းခဲ့သော အရာရှိများသည် ရာထူးမှ ထုတ်ပယ်ခံရခြင်း သို့မဟုတ် အကျဉ်းချခံရခြင်းတို့နှင့် ကြုံတွေ့သွားကြရသည်။
ထိုအချိန်မှစ၍ မည်သည့် နန်းတွင်းအရာရှိကမျှ အသံမထွက်ရဲတော့ချေ။
ရက်အနည်းငယ်ကြာပြီးနောက် ချင်စီယောင်သည် ယောက္ခမကြီး၏ ဈာပနကို ကိုယ်တိုင်ကိုယ်ကျ ဦးစီးကျင်းပခဲ့လေသည်။
မြေမြှုပ်သင်္ဂြိုဟ်သည့်နေ့၌။
ချွေ့ချွေ့သည် အသက်ခြောက်ဆယ်ပြည့်နေပြီ ဖြစ်သော်ငြားလည်း မိန်းမပျိုလေးတစ်ဦးအလား ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့ပေသည်။
"အန်တီချွေ့... နန်းတော်ထဲမှာ လာနေချင်လား"
ဈာပနအပြီးတွင် ချင်စီယောင်က ချွေ့ချွေ့အား မေးလိုက်၏။
ချွေ့ချွေ့က ခေါင်းခါယမ်းလိုက်သည်။ "ဧကရီရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒီအစေခံအိုကြီးက အသက်လည်း ကြီးနေပြီမို့ ဧကရီကို အနှောင့်အယှက် မပေးချင်တော့ပါဘူး။ သခင်လေးရဲ့ ဈာပနကို တက်ရောက်ပြီးရင် ဒီအစေခံအိုကြီးက သခင်မကြီးရဲ့ အုတ်ဂူရှေ့မှာ ခြံဝင်းလေးတစ်ခုဆောက်ပြီး သခင်မကြီးကို ဆက်လက်အဖော်ပြုပေးနေပါ့မယ်"
ချွေ့ချွေ့၏ စကားများကို ကြားသောအခါ ချင်စီယောင်က အတင်းအကျပ် မတိုက်တွန်းတော့ဘဲ တိတ်ဆိတ်စွာဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။
ကျိုးရူရှီးကို သင်္ဂြိုဟ်ပြီး တစ်လအကြာတွင် ရှောင်မို၏ ဈာပနကို ကျင်းပခဲ့ပေသည်။
ရှောင်မို၏ ဈာပနမတိုင်မီ တစ်ရက်အလိုတွင် မြောက်ပိုင်းမှ နှင်းနင်းနဂါးမြင်းသည်တော်တပ်ဖွဲ့နှင့် သံချပ်ကာ ခြေလျင်တပ်မတော် နှစ်ရပ်စလုံးသည် ချင်တိုင်းပြည် မြို့တော်အပြင်ဘက်သို့ ရောက်ရှိလာခဲ့ကြလေ၏။
ဤသည်က နန်းတွင်းအရာရှိများစွာကို တုန်လှုပ်သွားစေခဲ့ပြီး မြောက်ပိုင်းတပ်မတော်က ပုန်ကန်မှုတစ်စုံတစ်ရာ ပြုလုပ်လာမည်ကို စိုးရိမ်ကြောက်ရွံ့နေကြသည်။
သို့သော် ချင်စီယောင်ကမူ လုံးဝ ပူပန်ခြင်း မရှိခဲ့ချေ။
ဈာပနနေ့တွင် ရှောင်မို၏ ခေါင်းတလားကို ရှောင်အိမ်တော်မှ သယ်ဆောင်ကာ ရှောင်မိသားစု၏ ဘိုးဘေးပိုင် နယ်မြေဆီသို့ ဦးတည်သွားကြလေတော့သည်။
ချင်စီယောင်သည် ဝမ်းနည်းခြင်း အထိမ်းအမှတ် အဝတ်ဖြူကို ဝတ်ဆင်ထားပြီး လျှော်တေအဝတ်ကို ခြုံရုံကာ သစ္စာစောင့်သိမှုကို ပြသလျက် ရှောင်မို၏ ဝိညာဉ်ကမ္ပည်းပြားကို ပိုက်ကာ ဈာပနချီတက်ပွဲ၏ အရှေ့ဆုံးမှ လျှောက်လှမ်းသွားခဲ့ပေသည်။
မြို့သူမြို့သားများသည် လမ်းဘေးတစ်ဖက်တစ်ချက်စီတွင် တန်းစီရပ်လျက် လိုက်လံပို့ဆောင်ပေးကြလေ၏။
အမျိုးသမီးများစွာသည် ဆီးနှင်းမင်းသား၏ ခေါင်းတလားကို မြင်တွေ့လိုက်ရသောအခါ ရှိုက်ကြီးတငင် ငိုကြွေးကြပြီး အချို့မှာ ဝမ်းနည်းလွန်းသဖြင့် မြေပြင်ပေါ်သို့ပင် သတိလစ် လဲကျသွားကြသည်။
မြို့ပြင်သို့ ထွက်ခွာလာခဲ့ရာ။
စစ်သူကြီး ရှာဟောက်နန်၊ လျန်လီ၊ လီကျင်းနှင့် အခြားသော အရာရှိများသည် မြောက်ပိုင်း နှင်းနင်းနဂါးမြင်းသည်တော်တပ်ဖွဲ့၊ သံချပ်ကာ ခြေလျင်တပ်မတော်တို့နှင့်အတူ မြို့တံခါး၏ တစ်ဖက်တစ်ချက်စီတွင် တန်းစီရပ်လျက် မြို့တံခါးမှသည် ရှောင်မိသားစု ဘိုးဘေးပိုင် နယ်မြေအထိ လမ်းတစ်လျှောက်လုံး နေရာယူထားကြလေ၏။
"ဆီးနှင်းမင်းသားကို ပို့ဆောင်ကြလော့"
လီကျင်းက ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။
"ဝူး..."
လီကျင်း၏ စကားသံအဆုံးတွင် စစ်ချီခရာသံကြီးက ကောင်းကင်ယံတစ်လျှောက် ပဲ့တင်ထပ်သွားလေတော့သည်။
"ဒိန်း... ဒိန်း ဒိန်း..."
စစ်သည်တစ်သန်းစလုံး၏ မျက်ဝန်းများ နီရဲနေကြပြီး ဆီးနှင်းမင်းသားကို ပို့ဆောင်ရန်အတွက် ၎င်းတို့၏ သံချပ်ကာများကို လက်နက်များဖြင့် ရိုက်ခတ်လိုက်ကြပေသည်။
ရှောင်မို၏ အထိမ်းအမှတ် အုတ်ဂူကို ကျိုးရူရှီး၏ ဘေးတွင် မြှုပ်နှံပေးခဲ့လေ၏။
ရှောင်မို၏ အုတ်ဂူကျောက်တိုင်ထက်တွင် မှူးမတ်အများစု၏ ရှည်လျားလှသော ဘွဲ့တံဆိပ် ရှေ့ဆက်စကားလုံးများ မပါဝင်ဘဲ "ခင်ပွန်း ရှောင်မို၏ အုတ်ဂူ၊ ဇနီး ချင်စီယောင်မှ မျက်ရည်များဖြင့် တည်ဆောက်သည်" ဟုသာ ရိုးရှင်းစွာ ရေးသားထားလေသည်။
ရှောင်မိုကို မြေမြှုပ်သင်္ဂြိုဟ်ပြီးနောက် လူအုပ်ကြီး လူစုကွဲသွားကြပြီး ချင်စီယောင် တစ်ဦးတည်းသာ အုတ်ဂူကျောက်တိုင်ရှေ့တွင် ဒူးထောက်ကျန်ရစ်ခဲ့ပေသည်။
မည်သူကမျှ ချင်စီယောင်ကို မနှောင့်ယှက်ရဲကြချေ။
ပြီးတော့ ချင်စီယောင် ဘာတွေတွေးနေသည်ကိုလည်း မည်သူမျှ မသိရှိကြပေ။
လဝက်ခန့် ကြာပြီးနောက် ခင်ပွန်းဖြစ်သူ၏ အုတ်ဂူကျောက်တိုင်ရှေ့မှနေ၍ အမျိုးသမီးသည် ဖြည်းညင်းစွာ မတ်တတ်ထရပ်လိုက်ပြီး လှည့်ကာ နန်းတော်အတွင်းသို့ ပြန်လည် လျှောက်လှမ်းသွားလေတော့သည်။
မြောက်ပိုင်းမှ ဖုန်းဆိုးမျှော်စင်သခင်သည် နန်းတော်သို့ ရောက်ရှိလာပြီး ချင်စီယောင်နှင့် တွေ့ဆုံခဲ့လေ၏။
ဖုန်းဆိုးမျှော်စင်သခင် ချိုးဝမ်က စာတစ်စောင်နှင့် မြောက်ပိုင်းမင်းသား၏ တော်ဝင်တံဆိပ်တုံးကို ယူဆောင်လာခဲ့သည်။
ဤစာကို ရှောင်မို ကိုယ်တိုင်ကိုယ်ကျ ရေးသားခဲ့ခြင်းဖြစ်ပြီး သူ၏ သွေးလက်ဗွေရာဖြင့် ချိပ်ပိတ်ထားလေ၏။
စာ၏ အကြောင်းအရာများထဲတွင် မြောက်ပိုင်းအတွက် ရှောင်မို၏ အစီအစဉ်အမျိုးမျိုးကို အသေးစိတ် ဖော်ပြထားပေသည်။
အရေးအကြီးဆုံး အစိတ်အပိုင်းမှာ ဧကရီအား ကျန်းပေမင်းသား ဘွဲ့တံဆိပ်နှင့် စစ်ရေးအာဏာကို ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုထားခြင်းဖြစ်ပြီး၊ ထိုအချိန်မှစ၍ မြောက်ပိုင်းတပ်မတော်ကို ချင်တိုင်းပြည်ရဲ့ဘုရင် ကသာ စီမံအုပ်ချုပ်ရန် မျှော်လင့်ထားကြောင်း ရေးသားထားလေသည်။
ဤနောက်ဆုံး သေတမ်းစာကို ကြည့်ရင်း ချင်စီယောင်သည် အချိန်ကြာမြင့်စွာ တွေဝေစဉ်းစားနေခဲ့၏။
"ဧကရီ စိုးရိမ်ပူပန်နေဖို့ မလိုပါဘူး"
ဤသို့လုပ်ဆောင်ခြင်းက မြောက်ပိုင်းတပ်မတော်အတွင်း မကျေနပ်မှုများ ဖြစ်ပေါ်လာစေပြီး ချင်တိုင်းပြည်အတွင်း ပြည်တွင်းရေး မငြိမ်မသက်မှုများ ဖြစ်လာမည်ကို ချင်စီယောင် စိုးရိမ်နေသည်ဟု ချိုးဝမ်က ထင်မှတ်ကာ ရှင်းပြလိုက်လေသည်။
"လက်ရှိမှာ တပ်မတော်ရဲ့ အဓိကကိစ္စရပ်တွေကို လီကျင်း၊ ကျောက်ကွမ်း၊ ဖန်ဝေ့မင်နဲ့ အခြားသူတွေက စီမံခန့်ခွဲနေကြပါတယ်။ သူတို့မှာ ပုန်ကန်ချင်တဲ့ ရည်ရွယ်ချက် မရှိကြသလို အားလုံးက ဆီးနှင်းမင်းသားအပေါ်မှာ သစ္စာရှိကြပါတယ်။
အခု ဆီးနှင်းမင်းသား ကွယ်လွန်သွားပြီဆိုတော့ သူတို့အားလုံးက ဧကရီအပေါ်မှာလည်း သစ္စာရှိကြပါတယ်။
သူတို့ အနည်းဆုံး မြင်တွေ့ချင်တဲ့အရာက လောကကြီး နောက်တစ်ကြိမ် ပြန်လည်ကွဲကြေသွားပြီး ကျန်းပေမင်းသား၊ ဆီးနှင်းမင်းသားနဲ့ သန်းနဲ့ချီတဲ့ စစ်သည်တော်တွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ သွေးတွေ အချည်းနှီးဖြစ်သွားမှာကိုပါပဲ။
ဒါကြောင့်မို့လို့ ဆီးနှင်းမင်းသားရဲ့ ဆန္ဒတွေအပေါ် သူတို့ ကန့်ကွက်စရာအကြောင်း မရှိပါဘူး။
လက်ရှိ ရှောင်အိမ်တော်ရဲ့ မျိုးဆက်သစ်တွေနဲ့ ပတ်သက်ပြီးတော့လည်း။
အလားအလာရှိတဲ့သူတွေက ရှောင်ယန်၊ ရှောင်ကွေ့ နဲ့ ဆီးနှင်းမင်းသားနောက်ကို လိုက်ပြီး စစ်ချီခဲ့ကြတဲ့ လူအနည်းငယ်သာ ရှိပါတယ်။
သူတို့က အဆုံးသတ်မှာ ဆီးနှင်းမင်းသား ဖန်တီးခဲ့တဲ့ ဒီလောကကြီးကို ကာကွယ်ချင်ရုံ သက်သက်ပါပဲ"
ချင်စီယောင်က ခေါင်းခါယမ်းလိုက်သည်။ "ငါ အဲဒါကို စိုးရိမ်နေတာ မဟုတ်ပါဘူး။ အဲဒီကိစ္စအတွက် ငါ တစ်ခါမှ မစိုးရိမ်ခဲ့ဖူးဘူး"
"ဧကရီ ဆိုလိုချင်တာက..." ချိုးဝမ်က နားမလည်နိုင်ဖြစ်သွား၏။
"ဘယ်အချိန်ပဲဖြစ်ဖြစ်၊ ဘာတွေပဲဖြစ်လာခဲ့ပါစေ၊ သူက အမြဲတမ်း ငါ့အတွက် စဉ်းစားပေးခဲ့တယ်" ချင်စီယောင်သည် ခေါင်းမော့ကာ သခင်မလေးချိုးကို ကြည့်လိုက်လေသည်။ "သခင်မလေးချိုး... ငါ့ခင်ပွန်း မင်းနဲ့ ဆက်ဆံခဲ့တဲ့အချိန်တွေမှာ သူ့အတွက် ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တစ်ခုခုကို လုပ်ဆောင်ပေးဖို့ မင်းကို တစ်ခါလောက်များ တောင်းဆိုခဲ့ဖူးသလား"
ချိုးဝမ်က အလေးအနက်ထား၍ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းခါယမ်းပြလိုက်ပေသည်။
"ထင်တဲ့အတိုင်းပါပဲ"
ချင်စီယောင်က ခေါင်းငုံ့ကာ ကျန်းပေမင်းသား၏ တော်ဝင်တံဆိပ်တုံးကို ကြည့်လိုက်လေ၏။
"သူက အမြဲတမ်း ဒီလိုပါပဲ"
"သူက အမြဲတမ်း ဒီလိုမျိုးပဲ"
သုံးရက်ကြာပြီးနောက် ချင်စီယောင်သည် ရှောင်မို သက်ရှိထင်ရှားရှိစဉ်က ရေးသားခဲ့သော သေတမ်းစာကို လောကတစ်ခွင်သို့ ကြေညာလိုက်ပြီး မြောက်ပိုင်းမင်းသား ဘွဲ့တံဆိပ်ကို ဖျက်သိမ်းကာ မြောက်ပိုင်းတပ်မတော်ကို နန်းတွင်း၏ စီမံအုပ်ချုပ်မှုအောက်တွင် ထားရှိလိုက်ပြီး ချင်တိုင်းပြည်ရဲ့ဘုရင် အပေါ်၌သာ သစ္စာခံစေလေတော့သည်။
လူအများစုက ဧကရီ၏ လုပ်ရပ်သည် ဆီးနှင်းမင်းသား၏ နောက်ဆုံးသေတမ်းစာ ဖြစ်နေလျှင်တောင်မှ မြောက်ပိုင်းစစ်သူကြီးများအကြား မကျေနပ်မှုများကို ဖြစ်ပေါ်စေလိမ့်မည်ဟု ထင်မှတ်ခဲ့ကြ၏။
သို့သော် မထင်မှတ်ထားလောက်အောင်ပင် မြောက်ပိုင်းစစ်သူကြီးများအားလုံးက အမိန့်ပြန်တမ်းကို လက်ခံခဲ့ကြပြီး ၎င်းတို့၏ စစ်ရေးအာဏာများကို လွှဲပြောင်းပေးအပ်ခဲ့ကြပေသည်။
အချို့သော စစ်သူကြီးများမှာ စစ်ပွဲများကို ငြီးငွေ့သွားကြပြီး ရာထူးမှ အနားယူကာ တောင်ပေါ်ဒေသများတွင် တောရကျောင်းထိုင် ရသေ့များအဖြစ် သွားရောက်နေထိုင်ကြလေသည်။
အခြားသော စစ်သူကြီးများကမူ ချင်တိုင်းပြည် မြို့တော်အတွင်းသို့ ဝင်ရောက်ကာ နန်းတွင်း၌ ရာထူးနေရာများ ရယူခဲ့ကြ၏။
အချုပ်အားဖြင့်ဆိုရသော် မြောက်ပိုင်းစစ်ရေးအာဏာ လွှဲပြောင်းမှုသည် မည်သည့် အဖုအထစ်မျှ မရှိဘဲ ချောမွေ့စွာ ပြီးဆုံးသွားခဲ့ချေပြီ။
ချီတိုင်းပြည် ပျက်သုဉ်းပြီးနောက် ခြောက်လအကြာတွင် အသစ်ခန့်အပ်ခံရသော ကျောက်တိုင်းပြည်ရဲ့ဘုရင်သည် ကိုယ်တိုင်ကိုယ်ကျ မြို့တော်သို့ လာရောက်ကာ ချင်တိုင်းပြည်ထံသို့ လက်နက်ချခွင့် တောင်းခံခဲ့လေသည်။
ချင်စီယောင်က လက်နက်ချမှုကို လက်ခံလိုက်ပြီး ကျောက်တိုင်းပြည်ရဲ့ဘုရင်ကို အန်းလဲ့မြို့စားကြီး ဘွဲ့တံဆိပ် ချီးမြှင့်ခဲ့ကာ မည်သည့် လက်တွေ့အာဏာမျှ မပေးအပ်ခဲ့သော်လည်း သူ့ဘဝသက်တမ်း ကုန်ဆုံးသည်အထိ နှစ်စဉ်လစာငွေ ရယူခွင့် ပြုခဲ့လေ၏။
ဤသို့ဖြင့် ကျောက်တိုင်းပြည်လည်း ပျက်သုဉ်းသွားခဲ့ပြီး အနန္တဓမ္မလောကကြီးသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့လေတော့သည်။
နောက်နှစ် နွေဦးရာသီတွင်။
ချင်စီယောင်သည် ချင်တိုင်းပြည် ဥပဒေ ပြဋ္ဌာန်းချက်များကို ထုတ်ပြန်ကြေညာခဲ့ပေသည်။
ဒီနေ့ကစပြီး
အနန္တဓမ္မလောကကြီးတွင် မြေပိုင်ရှင်မင်းသားများ အုပ်ချုပ်သော တိုင်းပြည်များ ရှိတော့မည် မဟုတ်ပေ။ မူလ နိုင်ငံကြီး ခုနစ်နိုင်ငံဖြစ်သော ချီ၊ ကျောက်၊ ချူ၊ ယန်၊ ဝေ့၊ ကျင်း တို့အပြင် ကြီးငယ်မဟူသော ယခင်တိုင်းပြည်များအားလုံးကို ပြည်နယ်များအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပြီး၊ ၎င်းတို့ကို ခရိုင်ခွဲများအဖြစ် ထပ်မံခွဲဝေကာ၊ ထိုမှတစ်ဆင့် ခရိုင်များအဖြစ် အဆင့်ဆင့် ပြန်လည်ဖွဲ့စည်းလိုက်လေ၏။
လောကတစ်ခွင်ရှိ အရေးအသားစနစ်ကို ချင်တိုင်းပြည်၏ စာလုံးများကိုသာ အဓိကအခြေခံမည်ဖြစ်သည်။
လောကတစ်ခွင်ရှိ ပြောဆိုဆက်သွယ်သော ဘာသာစကားကိုလည်း ချင်တိုင်းပြည်၏ အသံထွက်များအတိုင်း စံသတ်မှတ်မည်ဖြစ်သည်။
လောကတစ်ခွင်ရှိ ရထားလုံးများနှင့် မြင်းများကိုလည်း ချင်တိုင်းပြည်၏ စံနှုန်းများနှင့်အညီ စည်းမျဉ်းသတ်မှတ်မည် ဖြစ်လေ၏။
ထိုအချိန်မှစ၍။
စာပေအရေးအသားများ စံသတ်မှတ်ခံရပြီး၊ လမ်းကြောင်းများ စံသတ်မှတ်ခံရကာ၊ အသံထွက်များလည်း စံသတ်မှတ်ခံလိုက်ရချေပြီ။
ယခင်က မည်သည့် တိုင်းပြည်မှ ခွဲခြားထားခြင်း မရှိတော့ဘဲ လောကတစ်ခွင်မှ သာမန်ပြည်သူပြည်သား အားလုံးသည် ချင်နိုင်ငံသားများ ဖြစ်သွားကြလေသည်။
ထိုအချိန်မှစ၍။
မြင့်မြတ်သော မျိုးနွယ်စုများ ပိုင်ဆိုင်သည့် မှူးမတ်ဘွဲ့တံဆိပ်များသည် ဧကရာဇ်မင်းမြတ်၏ ခွင့်ပြုချက်မရရှိဘဲ အမွေဆက်ခံခွင့် မရှိတော့ပေ။
အရာရှိအားလုံးကို နန်းတွင်းစာမေးပွဲစနစ်များမှတစ်ဆင့် အဓိကရွေးချယ်မည်ဖြစ်ပြီး ထောက်ခံစာစနစ်များဖြင့် ပံ့ပိုးပေးမည်ဖြစ်သည်။
နန်းတွင်းစာမေးပွဲစနစ်ကို လောကတစ်ခွင်တွင် အကောင်အထည်ဖော်ခဲ့ပြီး ကွန်ဖြူးရှပ်၊ တာအို၊ ဥပဒေရေးရာ၊ စစ်ရေးဗျူဟာ၊ စိုက်ပျိုးရေးပညာနှင့် မော့သီ ဟူသော ကျောင်းတော်ခြောက်ခုကို တရားဝင် သင်ရိုးညွှန်းတမ်းအဖြစ် သတ်မှတ်လိုက်လေ၏။
ထိုအချိန်မှစ၍။
ချင်တိုင်းပြည်၏ ထွန်းလင်းတောက်ပသော ခေတ်ကာလအောက်တွင်
သက်ကြီးရွယ်အိုများ အေးချမ်းစွာ နေထိုင်နိုင်ပြီး၊ ခွန်အားကြီးသူများ အလုပ်အကိုင်ရရှိကာ၊ လူငယ်များ ပြုစုပျိုးထောင်ခံရပြီး မုဆိုးမများ၊ အထီးကျန်သူများ၊ မိဘမဲ့များ၊ ဖျားနာသူများနှင့် မသန်စွမ်းသူများ အားလုံးကို ဂရုစိုက် စောင့်ရှောက်ပေးနိုင်ခဲ့ပေသည်။
လောကကြီးတစ်ခုလုံး တည်ငြိမ်အေးချမ်းသွားခဲ့လေတော့သည်။
မျက်စိတစ်မှိတ်အတွင်း နှစ်နှစ်ဆယ် ကုန်လွန်သွားခဲ့လေပြီ။
ချင်တိုင်းပြည် အင်အားပြန်လည်ပြည့်ဖြိုးပြီး အနားယူပြီးနောက် ချင်စီယောင်သည် တပ်မတော်ကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ကာ မိစ္ဆာကမ္ဘာသို့ ကျူးကျော်ဝင်ရောက်သွားခဲ့၏။
"ငါ ဒီနေရာကို လာခဲ့တာက လျိုဟော်တိုင်းပြည်နဲ့ ရှီးကူတိုင်းပြည်ဆီက ဖြေရှင်းချက် တစ်ခုတောင်းဖို့ပဲ။ မင်းတို့ထဲက ဘယ်သူမဆို ငါ့ကို တားဆီးရဲရင် စမ်းကြည့်လို့ရတယ်"
ချင်စီယောင်၏ စကားသံများသည် မိစ္ဆာကမ္ဘာတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့လေသည်။
ထို့နောက်တွင် ချင်စီယောင်သည် သူမ၏တပ်မတော်ကို ဦးဆောင်ကာ လျိုဟော်တိုင်းပြည်နှင့် ရှီးကူတိုင်းပြည် ဟူသော မိစ္ဆာတိုင်းပြည်နှစ်ခုလုံးကို မြေကြီးနှင့်တစ်ပြေးတည်း ဖြစ်အောင် ဖျက်ဆီးပစ်လိုက်ပေသည်။
အစမှအဆုံးတိုင်အောင် ချင်တပ်မတော်သည် တစ်ကြိမ်တစ်ခါမျှ ရှုံးနိမ့်ခြင်း မရှိခဲ့ချေ။
အစမှအဆုံးတိုင်အောင် မိစ္ဆာမျိုးနွယ် တိုင်းပြည်တစ်ရာတို့သည် ဘေးမှရပ်ကြည့်နေရုံသာ တတ်နိုင်ခဲ့ပြီး တစ်နိုင်ငံကမျှ ဝင်ရောက်စွက်ဖက်ရဲခြင်း မရှိခဲ့ကြပေ။
နောက်တစ်နှစ်တွင် ချင်စီယောင်သည် ပျံသန်းနိုင်သော သင်္ဘောများဖြင့် တပ်မတော်ကို ဦးဆောင်ကာ ပင်လယ်ပြင်ကို ဖြတ်သန်း၍ ကျွန်းတစ်သောင်းနိုင်ငံအတွင်းသို့ ဝင်ရောက်သွားခဲ့လေ၏။
ကျွန်းတစ်သောင်းနိုင်ငံ၏ အရှင်သခင်က လက်နက်ချခွင့် တောင်းခံခဲ့သည်။
ချင်စီယောင်က လက်နက်ချမှုကို ငြင်းပယ်ခဲ့ပြီး ကျွန်းတစ်သောင်းနိုင်ငံ၏ တော်ဝင်မိသားစုတစ်ခုလုံးကို ကွပ်မျက်ပစ်လိုက်ကာ၊ ကျွန်းတစ်သောင်းနိုင်ငံကို ချင်တိုင်းပြည်၏ နယ်မြေအတွင်းသို့ သွတ်သွင်းလျက် ပြည်နယ်များနှင့် ခရိုင်များ တည်ထောင်ပြီး ချင်တိုင်းပြည်၏ အုပ်ချုပ်မှုအောက်တွင် ထားရှိလိုက်လေတော့သည်။
နောက်ထပ် ဆယ့်ငါးနှစ် ထပ်မံကုန်လွန်သွားခဲ့ပြန်သည်။
ချင်စီယောင်က ရှီးကူ၊ လျိုဟော်နှင့် ကျွန်းတစ်သောင်း ဟူသော နိုင်ငံသုံးခုကို ဖျက်ဆီးခဲ့ပြီးကတည်းက လောကကြီးသည် အချိန်ကြာမြင့်စွာ ငြိမ်းချမ်းနေခဲ့ပေသည်။
သန်းရာနှင့်ချီသော သာမန်ပြည်သူပြည်သား အားလုံးက ချင်ဧကရီအား ပညာရှိ အုပ်စိုးရှင်အဖြစ် ချီးကျူးထောမနာပြုကြလေ၏။
သို့ရာတွင် နန်းတွင်းအရာရှိများကို အမြဲတမ်း စိုးရိမ်ပူပန်စေသော ကိစ္စတစ်ခု ရှိနေခဲ့သည်။
၎င်းမှာ ဧကရီ၏ လက်ထပ်ထိမ်းမြားခြင်းကိစ္စပင် ဖြစ်လေသည်။
ဤနှစ်များတစ်လျှောက်လုံး နန်းတော်အတွင်း၌ ဧကရီ တစ်ပါးတည်းသာ အမြဲတမ်း ရှိနေခဲ့၏။
ရှောင်မို ကွယ်လွန်သွားပြီးကတည်းက ဧကရီသည် မုဆိုးမတစ်ဦးအဖြစ်သာ ဆက်လက်နေထိုင်ခဲ့ပေသည်။
သို့သော် ဤအရာက မည်သို့လုပ် လက်ခံနိုင်စရာ ရှိပါမည်နည်း။
ယခုအခါ ဧကရီသည် သက်တမ်း အနှစ်တစ်ထောင်ရှိသော ကျောက်စိမ်းသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေပြီဆိုသော်ငြားလည်း။
သို့သော် အိမ်ရှေ့မင်းသားဟူသည် တိုင်းပြည်၏ အခြေခံအုတ်မြစ်ဖြစ်ရာ မည်သို့လုပ် မရှိဘဲ နေနိုင်ပါမည်နည်း။
ထို့ကြောင့် အချို့သောအမတ်များက ရဲဝံ့စွာ အကြံပေးကြပြီး ဧကရီအား လက်ထပ်ထိမ်းမြားရန် စဉ်းစားပေးဖို့ မျှော်လင့်ခဲ့ကြလေသည်။
သို့သော် ချွင်းချက်မရှိဘဲ ဤအကြံပြုချက်များထဲမှ တစ်ခုကမျှ ချင်စီယောင်ထံမှ တုံ့ပြန်မှုကို မရရှိခဲ့ချေ။
နောက်ဆုံးတွင် ဤစစ်ဆေးရေးမှူးများမှာ လက်လျှော့လိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ဘဲ ဧကရီ တစ်ချိန်ချိန်တွင် စိတ်ပြောင်းသွားမည်ကိုသာ မျှော်လင့်နေကြရတော့သည်။
နောက်ထပ် ခြောက်နှစ် ကုန်လွန်သွားခဲ့ပြန်၏။
တစ်နေ့တွင် ချင်စီယောင်က သူမသည် မဟာအမွေအနှစ်ကြီးကို ဆက်ခံရန် ကလေးတစ်ဦးကို မွေးစားမည်ဖြစ်ကြောင်း ရုတ်တရက် ကြေညာလိုက်ပြီး ဆွေတော်မျိုးတော်များအားလုံး ၎င်းတို့၏ အသက်သုံးနှစ်မှ ရှစ်နှစ်အရွယ် ကလေးများကို စေလွှတ်ပေးရန် တောင်းဆိုလိုက်လေသည်။
ဤသတင်းကို ကြားသိရသောအခါ ဆွေတော်မျိုးတော်များကလည်း သဘာဝကျကျပင် လိုလားနေကြပေသည်။
ချင်တော်ဝင်မိသားစု၏ အခြားအနွယ်များမှ ကလေးငယ်များကို နန်းတော်အတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် စေလွှတ်ခဲ့ကြ၏။
သို့သော် ချင်စီယောင်က သူတို့ထဲမှ မည်သူ့ကိုမျှ သဘောမကျခဲ့ချေ။
တစ်နေ့တွင်တော့။ တော်ဝင်မိသားစု၏ အခြားအနွယ်များမှ နောက်ထပ် ကလေးငယ် ဆယ်ဦးကို စေလွှတ်လိုက်လေသည်။
ယခင်ကကဲ့သို့ပင် ချင်စီယောင်သည် ထိုကလေးငယ်များကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံရန် စာကြည့်ဆောင်သို့ ခေါ်ယူလိုက်ပေသည်။
ချင်စီယောင်နှင့် တွေ့ဆုံရသောအခါ ကလေးငယ်အားလုံးသည် ကြောက်ရွံ့စိုးရိမ်စွာဖြင့် ခေါင်းငုံ့ထားကြပြီး သူမ၏မျက်လုံးကို တည့်တည့်မကြည့်ရဲကြပေ။
အသက်ခြောက်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးတည်းသာ သူမ၏ လှပသောဦးခေါင်းလေးကို မော့ကာ တောက်ပကြည်လင်နေသော မျက်ဝန်းလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်လျက် သူမရှေ့ရှိ အလွန်လှပသော ဧကရီ အစ်မတော်ကို ကြည့်နေခဲ့လေ၏။
ချင်စီယောင်က ထိုမိန်းကလေးငယ်ကို သတိပြုမိသွားပြီး သူမရှေ့တွင် ဆောင့်ကြောင့်ထိုင်ချကာ ပြုံးလျက် မေးလိုက်သည်။ "ညီမလေး နာမည် ဘယ်လိုခေါ်လဲ"
"ဧကရီ အစ်မတော်... ညီမလေးက... ညီမလေးနာမည်က ချင်လန်အာ လို့ခေါ်ပါတယ်"
"လန်အာ... တော်တော်လှတဲ့ နာမည်လေးပဲ" ချင်စီယောင်က ခေါင်းညိတ်လိုက်၏။ "ညီမလေးရဲ့ မိဘတွေက ဘယ်သူတွေလဲ"
"ညီမလေးရဲ့... ညီမလေးရဲ့ မိဘတွေက ညီမလေး ငယ်ငယ်လေးကတည်းက ဆုံးပါးသွားကြပါပြီ" ချင်လန်အာက ခေါင်းငုံ့သွားလေသည်။ "ညီမလေးက ဦးလေးအိမ်မှာ အမြဲတမ်း နေခဲ့ရတာပါ"
"အော်... အဲဒီလိုလား" ချင်စီယောင်က ကောင်မလေး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ "ညီမလေးက အစ်မကို မကြောက်ဘူးလား"
ကောင်မလေးက ခေါင်းညိတ်ပြပြီးနောက် ချက်ချင်းပင် ခေါင်းပြန်ခါလိုက်၏။
ချင်စီယောင် ရယ်မောလိုက်လေသည်။ "ကြောက်တာလား... ဒါမှမဟုတ် မကြောက်ဘူးလား"
"မကြောက်ပါဘူး" ကောင်မလေးက ဖြေလိုက်သည်။
"ဘာလို့လဲ" ချင်စီယောင်က မေးလိုက်၏။
"ဘာလို့လဲဆိုတော့ ဧကရီ အစ်မတော်က လူကောင်းတစ်ယောက်မှန်း လန်အာ သိလို့ပါ"
"လန်အာက အဲဒါကို သိတယ်ပေါ့။ ညီမလေးက အစ်မတော်နဲ့ပတ်သက်ပြီး တခြား ဘာတွေများ သတိထားမိသေးလဲ" ချင်စီယောင်က မေးလိုက်ပေသည်။
"လန်အာ သတိထားမိတာက... ဧကရီ အစ်မတော်က အရမ်း ဝမ်းနည်းနေပုံရတယ် ဆိုတာကိုပါပဲ" ချင်လန်အာက ကလေးသံလေးဖြင့် ပြောလိုက်လေ၏။
ချင်လန်အာ၏ စကားများကို ကြားသောအခါ ချင်စီယောင်မှာ အနည်းငယ် အံ့အားသင့်သွားပြီး မှေးမှိန်စွာ ပြုံးလိုက်သည်။ "ဘာလို့ ညီမလေးက အဲဒီလို ထင်ရတာလဲ"
"ညီမလေးလည်း မသိပါဘူး" ကောင်မလေးက ခေါင်းခါယမ်းလိုက်၏။ "လန်အာက ဧကရီ အစ်မတော် အရမ်းဝမ်းနည်းနေပုံရတယ်လို့ ဒီတိုင်း ခံစားမိလို့ပါ"
ထိုသို့ပြောရင်း ကောင်မလေးက ခေါင်းမော့လာလေသည်။ "ဧကရီ အစ်မတော်... အကယ်၍ အစ်မတော် ဝမ်းနည်းနေရင် ငိုချလိုက်လို့ ရပါတယ်။ ငိုချလိုက်ရင် အများကြီး ပိုပြီး နေလို့ကောင်းသွားပါလိမ့်မယ်"
"အစ်မတော် ငိုလို့ မရတော့ဘူးလေ" ချင်စီယောင်က မှေးမှိန်စွာ ပြုံးလိုက်ပေသည်။
"ဘာလို့ အစ်မတော်က ငိုလို့ မရတော့တာလဲ" ကောင်မလေးက ခေါင်းလေးကို စောင်းကာ မေးလိုက်၏။
"ဘာလို့လဲဆိုတော့ မိန်းမတစ်ယောက်ရဲ့ မျက်ရည်ဆိုတာ သူမချစ်ရတဲ့သူအတွက်ပဲ ကျဆင်းသင့်ပြီး ချစ်ရတဲ့သူကို နာကျင်စေဖို့အတွက်ပဲ ဖြစ်ရမယ်လို့ အစ်မတော်ရဲ့ အမေက တစ်ခါပြောဖူးလို့ပါပဲ"
ချင်စီယောင်က ကောင်မလေး၏ ဆံပင်များကို ပွတ်သပ်ပေးလိုက်လေသည်။
"ဒါကြောင့်မို့လို့... အစ်မတော်က..."
"...ထပ်ပြီး ငိုလို့ မရတော့ပါဘူး"