← Chapters

အခန်း ၄၆၀

Vol. 46 Ch. 460

အခန်း ၄၆၀

Vol. 46 Ch. 460

အခန်း (၄၆၀)

ဧကရာဇ်အမိန့်ပြန်တမ်းသုံးရပ် ထုတ်ပြန်ပြီးနောက်နေ့တွင်။

နန်းတွင်းအမတ်များဖြစ်စေ၊ သာမန်ပြည်သူများဖြစ်စေ ဧကရီက အိမ်ရှေ့မင်းသမီးထံ ထီးနန်းလွှဲပြောင်းပေးလိုက်ကြောင်း သိရှိသွားကြသောအခါ သူတို့၏ခံစားချက်များမှာ အလွန်အမင်း ရှုပ်ထွေးသွားခဲ့လေ၏။

သို့ရာတွင် သာမန်ပြည်သူများက ချင်စီယောင်ကို ဆက်လက်နေထိုင်ပေးရန် အသနားခံစာများ တင်သွင်းကြသည်မှလွဲ၍ နန်းတွင်းမှ အမတ်တစ်ဦးတစ်ယောက်ကမျှ သူမကို ဆက်နေရန် အကြံပြုတိုက်တွန်းခြင်း မရှိခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် ဧကရီသည် ဤအမိန့်ပြန်တမ်းသုံးရပ်ကို ဖန်တီးရန် ချင်တိုင်းပြည်၏ နိုင်ငံတော်ကံကြမ္မာစွမ်းအားကို အသုံးပြုခဲ့ပြီး ၎င်းအမိန့်ပြန်တမ်းသုံးရပ်မှာ မဟာတာအိုနှင့် ချိတ်ဆက်သွားပြီဖြစ်ရာ ပြန်လည်ရုပ်သိမ်းရန် အကြောင်းပြချက် မရှိတော့ကြောင်း ဤအမတ်များက ကောင်းစွာသိရှိထားသောကြောင့်ပင်။

ခုနစ်ရက်ကြာပြီးနောက် ချင်တိုင်းပြည်နန်းတော်၌ ခမ်းနားကြီးကျယ်သော အခမ်းအနားတစ်ခုကို ကျင်းပခဲ့ပေသည်။ ချင်စီယောင်သည် ဓလေ့ထုံးတမ်းလုပ်ငန်းစဉ်များအတိုင်း လိုက်နာဆောင်ရွက်ကာ ချင်လန်အာထံသို့ ထီးနန်းကို လွှဲပြောင်းပေးအပ်ခဲ့လေတော့သည်။

အခမ်းအနားပြီးဆုံး၍ နောက်တစ်နေ့ နံနက်စောစောတွင် ချင်စီယောင်သည် သာမန်ဂါဝန်ရှည်တစ်ထည်ကို လဲလှယ်ဝတ်ဆင်ကာ ချင်တိုင်းပြည်နန်းတော်မှ တိတ်ဆိတ်စွာ ထွက်ခွာသွားခဲ့လေ၏။

ချင်စီယောင်သည် မြို့တော်အပြင်ဘက်သို့ လျှောက်လှမ်းလာခဲ့ပြီး သူမနောက်ကျောဘက်ရှိ မြို့တံခါးကြီးကို လှည့်ကြည့်လိုက်သည်။

သူမ ဘယ်အချိန်မှ ပြန်လာဖြစ်မည်ကို သူမကိုယ်တိုင်ပင် မသိခဲ့ပေ။

တစ်ခါတစ်ရံ သူမ လုံးဝပြန်မလာဖြစ်တော့သည်လည်း ဖြစ်နိုင်ချေရှိ၏။

သူမဘေးတွင် ရပ်နေသော ဟွာရှန်းက "သခင်မလေး... လန်အာကို တကယ်ပဲ နှုတ်မဆက်တော့ဘူးလား" ဟု မေးလိုက်လေသည်။

ချင်စီယောင်က ခေါင်းခါယမ်းလိုက်ပြီး "မလိုပါဘူးလေ။ ငါထွက်သွားမယ်ဆိုတာကို လန်အာ သိပါတယ်။ သူသာသိရင် ငါ့ကို အတင်းလိုက်ပို့မှာသေချာသလို အများကြီးလည်း ငိုကြွေးနေလိမ့်မယ်။ သူက အခုဆိုရင် မဟာချင်တိုင်းပြည်ရဲ့ အရှင်သခင်ဖြစ်နေပြီလေ။ မျက်ရည်တွေ ကျနေတုန်းပဲဆိုရင် ဘယ်လိုလုပ် ကြည့်ကောင်းပါတော့မလဲ"

ချင်စီယောင်က သူမ၏အကြည့်များကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး အစ်မဟွာရှန်းကို ကြည့်လိုက်လေ၏။ "ဒါနဲ့ စကားမစပ် အစ်မဟွာရှန်းက မျိုးနွယ်စုဆီ ပြန်တော့မှာ မဟုတ်လား"

"အင်း"

ဟွာရှန်းက ခေါင်းညိတ်လိုက်သည်။

"အရင်တုန်းက ငါက ချင်တိုင်းပြည်ရဲ့ ဘိုးဘေးတစ်ပါးကို ချင်တိုင်းပြည်ပူဇော်ခံပညာရှင်အဖြစ် အမှုထမ်းပေးမယ်လို့ ကတိပေးထားခဲ့တာ။

အကြောင်းရင်းတစ်ခုက ချင်တိုင်းပြည်ရဲ့ တောင်တန်းတွေနဲ့မြစ်တွေရဲ့ ကံကြမ္မာစွမ်းအားက ငါ့ရဲ့ကျင့်ကြံခြင်းကို အထောက်အကူပြုလို့ပဲ။

ဒုတိယအကြောင်းရင်းကတော့ သခင်မလေးရဲ့ ဘိုးဘေးဖြစ်တဲ့ အဲဒီမိဖုရားကြီးနဲ့ ငါက ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ကြလို့ပေါ့။

ဒါကြောင့် နန်းတော်ထဲမှာ ဆက်နေမယ်လို့ သူ့ကို ငါ ကတိပေးခဲ့တယ်။

တကယ်တော့ သခင်မလေးရဲ့ ခမည်းတော် ထီးနန်းတက်ပြီးကတည်းက ငါ ထွက်သွားလို့ရနေပါပြီ။

ဒါပေမယ့် သခင်မလေး မွေးဖွားလာတဲ့အချိန်မှာ ကောင်းကင်နဲ့မြေကြီးက ထူးခြားဆန်းကြယ်တဲ့ ဖြစ်စဉ်တစ်ခုကို ဖြစ်ပေါ်စေခဲ့တယ်။

ငါက စပ်စုချင်တာနဲ့ သခင်မလေးဘေးမှာနေပြီး လေ့လာကြည့်ဖို့ ဆက်နေဖြစ်သွားခဲ့တာ။

အဲဒီနောက်ပိုင်း သခင်မလေးနဲ့ အတူနေတဲ့အချိန် ပိုကြာလာလေလေ၊ သခင်မလေးက ပိုပြီး အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတယ်ဆိုတာကို တွေ့ရှိလာရလေလေပါပဲ"

ထိုသို့ပြောရင်း ဟွာရှန်းက တိုးညှင်းစွာ သက်ပြင်းချလိုက်ရာ သူမ၏မျက်ဝန်းများထဲတွင် ကူကယ်ရာမဲ့မှုနှင့် မကျေနပ်မှုအရိပ်အယောင်တစ်ခု ပေါ်လွင်လာခဲ့လေ၏။

"အခု သခင်မလေးက သခင်လေးကို ရှာဖို့ လောကတစ်ခွင် ခရီးထွက်တော့မယ်ဆိုတော့ ငါလည်း တကယ်ကို လိုက်ပါသွားချင်ပါတယ်။ ဒါပေမယ့် မျိုးနွယ်စုထဲမှာ ကိစ္စတစ်ခု ဖြစ်သွားလို့။ မျိုးနွယ်စုခေါင်းဆောင်က မျိုးနွယ်စုကနေ ငါ့ကို ခွင့်လွှတ်ပေးလိုက်ပြီလို့ ပြောသလို ငါ့အမေရဲ့ ဒဏ်ရာတွေနဲ့ ရောဂါက ပိုဆိုးလာတယ်လို့လည်း ပြောလာတာမို့ ငါ မိစ္ဆာကမ္ဘာကို မဖြစ်မနေ ပြန်ရတော့မယ်"

"ဒီလိုကိုး" ချင်စီယောင်က ခေါင်းညိတ်လိုက်သည်။ "ဒါဆိုရင်လည်း အစ်မဟွာရှန်း အမြန်ဆုံး ပြန်သွားလိုက်ပါ။ ပြီးတော့ အန်တီ့ကိုလည်း ကျွန်မက နှုတ်ဆက်လိုက်တယ်လို့ ပြောပေးပါဦး။ အန်တီလည်း မြန်မြန် နေကောင်းကျန်းမာလာပါစေလို့ ဆုတောင်းပေးပါတယ်"

"သခင်မလေး... တစ်ယောက်တည်း သွားရတာ တကယ်ပဲ အဆင်ပြေရဲ့လားဟင်" ဟွာရှန်းက ခေါင်းမော့လာကာ စိုးရိမ်ပူပန်နေဆဲ အမူအရာဖြင့် မေးလိုက်ပေသည်။

ချင်စီယောင်က မှေးမှိန်စွာ ပြုံးလိုက်ပြီး ခေါင်းခါယမ်းပြလိုက်၏။ "ကျွန်မက ငယ်ငယ်ကတည်းက နန်းတော်ထဲမှာပဲ နေလာခဲ့ရပြီး ဘယ်ကိုမှ မရောက်ဖူးပါဘူး။ ဒါပေမယ့် ခင်ပွန်းကတော့ ငယ်ငယ်ကတည်းက မြောက်နဲ့တောင် အနှံ့ စစ်ချီတိုက်ပွဲဝင်ခဲ့ရတာလေ။

ကျွန်မ ခင်ပွန်းကို သွားရှာရင်းနဲ့ ဒီလောကကြီးကိုလည်း မြင်တွေ့ချင်ပါသေးတယ်။

ခင်ပွန်း ဖန်တီးတည်ထောင်ခဲ့တဲ့ ဒီထွန်းလင်းတောက်ပတဲ့ခေတ်ကာလကြီးကို ကြည့်ချင်တယ်။

ခင်ပွန်း ဖြတ်သန်းလျှောက်လှမ်းခဲ့တဲ့ နေရာတွေကိုလည်း မြင်တွေ့ချင်လို့ပါ"

ဟွာရှန်းက တိုးညှင်းစွာ သက်ပြင်းချလိုက်သည်။ "မျိုးနွယ်စုကို ပြန်ရောက်ရင် သခင်မလေး ရှာဖွေဖို့ကူညီပေးဖို့ ငါ့မျိုးနွယ်စုဝင်တွေကို အကူအညီတောင်းပေးပါ့မယ်။ ဒါ့အပြင် နောင်တစ်ချိန်မှာ မျိုးနွယ်စုက ရှောင် ဆိုတဲ့ မျိုးရိုးနာမည်ရှိတဲ့ ဘယ်သူနဲ့မဆို ကြုံတွေ့လာခဲ့ရင် သူတို့က ဖြောင့်မတ်တည်ကြည်ပြီး ရိုးသားတဲ့သူတွေ ဖြစ်နေသရွေ့ ငါ့ရဲ့ ဖီးနစ်နီမျိုးနွယ်စုက အကူအညီအချို့ ပေးအပ်သွားမှာပါ"

(ဘိုင်ရုရွှယ်နဲ့ တွေ့ခဲ့တဲ့ ရှောင်မိုရဲ့ ဒုတိယဘဝမှာ တာအိုသီလရှင် ဖူချန်းက ရှောင်မိုကို ကူညီခဲ့ပါတယ်။ သူမက ဟွာရှန်းနဲ့ မျိုးနွယ်တူပါ။ ချင်စီယောင်ရဲ့ ဇာတ်လမ်းက နဂါးမလေး ဘိုင်ရုရွှယ်ထက် နှစ်အများကြီး စောပါတယ်။ ကမ္ဘာဦးခေတ်ပါ။ ဘိုင်ရုရွှယ်ခေတ်မှာ ကောင်းကင်စက်ဝန်းမြို့သခင်ရဲ့ အစ်မကြီးဖြစ်သူက တံတိုင်းကြီးကို ကာကွယ်နေတုန်း ဘိုင်ရုရွှယ်နဲ့တွေ့ဖို့ ဒုတိယဘဝမှာ ပြန်ဝင်စားတဲ့ရှောင်မိုနဲ့တွေ့ခဲ့ပါတယ်။ သူမကလည်း ဒီခေတ်က ကောင်းကင်စက်ဝန်းမြို့သခင်မှာကြားခဲ့တဲ့စကားကြောင့် ရှောင်မျိုးရိုး ရှောင်မိုကို ဂရုစိုက်ပေးခဲ့တာပါ။ ဓားနတ်မိမယ်ကျန်းချင်းရီနဲ့ ရှောင်မိုရဲ့ဇာတ်လမ်းကတော့ ရှောင်မိုဘိုင်ရုရွှယ်နဲ့ တွေ့ပြီး ပထမဘဝမှာ သေဆုံးသွားပြီး ဒုတိယမြောက် ဘဝမှာ ဘိုင်ရုရွှယ်နဲ့ ပြန်မတွေ့ခင်ကြားမှာ ဖြစ်ခဲ့တာပါ။ အချိန်ကို ပြန်စီမယ်ဆိုရင် နတ်ဘုရားတွေခေတ်မှာ နတ်ဘုရားတွေအကုန်လုံးကို အမျိုးဖြုတ်သုတ်သင်ပြီးတော့ ပြန်လည်ဝင်စားခြင်းနတ်ဘုရားမတစ်ပါးထဲကို ချန်ထားခဲ့တဲ့ နတ်ဘုရားခေတ်က ရှောင်မိုက အရင်ဆုံးဘဝဖြစ်နိုင်ပါတယ်။ ဒုတိယမြောက်က အခုချင်စီယောင်နဲ့ဘဝပါ၊ တတိယက ဘိုင်ရုရွှယ်ကလေးဘဝမှာ ရှောင်မိုနဲ့တွေ့တာပါ၊ စတုတ္ထမြောက်ဘဝကတော့ ကျန်းချင်းရီကို ဓားပညာသင်ပေးတာပါ။ ငါးခုမြောက်မှာတော့ ရှောင်မိုကလေးဘဝမှာ ဘိုင်ရုရွှယ်က လာရှာတာပါ။ ရှောင်မို နတ်ဆိုးဂိုဏ်းမှာ သောင်းကျန်းတဲ့ဘဝနဲ့ နောက်ပိုင်းမှာလာမယ့် မြေခွေးမလေးနဲ့တွေ့တဲ့ ဘဝက ဘယ်ဟာ အရင်လာလဲဆိုတာ မသေချာသေးပါဘူး)

"ကျေးဇူးတင်ပါတယ် အစ်မဟွာရှန်း" ချင်စီယောင်က အနည်းငယ် ဦးညွှတ်လိုက်လေ၏။

"သခင်မလေး... အားနာစရာမလိုပါဘူး" ဟွာရှန်းက သူမရှေ့ရှိ အမျိုးသမီးကို မခွဲခွာချင်သော အမူအရာဖြင့် ကြည့်လိုက်ပေသည်။ "ငါ သွားတော့မယ်နော်"

"အင်း... ပြန်ဆုံကြတာပေါ့"

"ပြန်ဆုံကြတာပေါ့"

ဟွာရှန်းသည် သူမ၏ မူလသဏ္ဌာန်သို့ ပြောင်းလဲသွားခဲ့လေသည်။ ကြက်သွေးရောင် ဖီးနစ်နီငှက်ကြီးတစ်ကောင်သည် နန်းတော်မြို့ရိုးအပြင်ဘက်မှနေ၍ ကောင်းကင်ယံသို့ ပျံတက်သွားပြီး ကောင်းကင်ရှိ တိမ်တိုက်များအားလုံးကို အနီရောင်အဖြစ်သို့ ဆိုးဆေးချယ်လိုက်သည့်အလား ရှည်လျားသော မီးတောက်လမ်းကြောင်းကြီးတစ်ခုကို ဆွဲငင်ကာ အဝေးဆီသို့ ပျံသန်းထွက်ခွာသွားလေတော့သည်။

ဟွာရှန်းသည် မိုးကုတ်စက်ဝိုင်းအတွင်း ပျောက်ကွယ်သွားပြီးနောက်မှသာ ချင်စီယောင်က သူမ၏အကြည့်များကို ပြန်လည်ရုပ်သိမ်းလိုက်လေ၏။

အမျိုးသမီးသည် သူမ၏ရင်ခွင်ထဲမှ ရွှံ့ရုပ်လေးကို ထုတ်ယူကာ ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်လေးများက ညင်သာစွာ ကွေးတက်သွားခဲ့သည်။

ရွှံ့ရုပ်လေးကို ရင်ခွင်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် အမျိုးသမီးက ခေါင်းမော့လိုက်ကာ သူမ၏ စကတ်အောက်ရှိ ခြေဖဝါးလေးများက ရှေ့သို့ လှမ်းထွက်လိုက်ပြီး ခရီးဆက်လျှောက်လှမ်းသွားလေတော့သည်။

သူမ၏ ကိုယ်ပိုင်မျက်စိဖြင့် သွားရောက်မြင်တွေ့ချင်ခဲ့သည်။

ဤလူ့လောကကြီးကို မြင်တွေ့ချင်ခဲ့ခြင်း ဖြစ်ပေ၏။

သူမသည် မြို့ရွာများစွာကို ဖြတ်သန်းလျှောက်လှမ်းခဲ့ပြီး သာမန်မိသားစုများအတွက် မိစ္ဆာများနှင့် ဝိညာဉ်ဆိုးများကို နှိမ်နင်းပေးခဲ့လေသည်။

အခြားသူများက သူမကို နတ်မိမယ်လေး ဟု ခေါ်ဆိုခဲ့ကြ၏။

သူမသည် ကျေးရွာတစ်ရွာပြီးတစ်ရွာကို ဖြတ်သန်းလျှောက်လှမ်းခဲ့ကာ မီးဖွားရခက်ခဲနေသော အမျိုးသမီးများအတွက် ကလေးမွေးဖွားပေးခဲ့ပေသည်။

မိခင်ရော ကလေးပါ ဘေးကင်းလုံခြုံသွားခဲ့ရာ ထိုမိသားစုက သူမအား ဗောဓိသတ္တဘုရားလောင်း ဟု ခေါ်ဆိုခဲ့ကြလေသည်။

သူမသည် လမ်းသွယ်လမ်းကြားများရှိ ကလေးငယ်များအတွက် ပညာသင်ကျောင်းများကို ဖွင့်လှစ်ပေးခဲ့၏။

ယောက်ျားလေးရော မိန်းကလေးပါ ပညာသင်ယူနိုင်ခဲ့ကြသည်။

ကျောင်းလခမှာ ကြေးပြားတစ်ပြားသာ ဖြစ်သော်ငြားလည်း အမျိုးသမီး သင်ကြားပေးသော အသိပညာများမှာ သာမန်ပညာရှင်များနှင့် နှိုင်းယှဉ်လျှင် ရွှေတုံးထောင်ချီ တန်ဖိုးရှိလှပေသည်။

သူမသည် ဆေးခန်း တစ်ခန်းနှစ်ခန်းခန့်ကိုလည်း ဖွင့်လှစ်ခဲ့သေးသည်။

ဆေးခန်းတွင် ကုသမှုခံယူရသည်မှာ အလွန်သက်သာပြီး ငွေကြေးအနည်းငယ်သာ ကုန်ကျလေ၏။

ဆေးခန်းဖွင့်ပြီးနောက် လစဉ်လတိုင်း လူနာများနှင့် စည်ကားသိုက်မြိုက်နေတတ်ပေသည်။

ကြင်နာတတ်သော အမျိုးသမီးငယ်တစ်ဦး မြို့ထဲသို့ ရောက်ရှိလာခဲ့ပြီး သူမ၏ ဆေးပညာစွမ်းရည်မှာ ပြိုင်ဘက်ကင်းလှကြောင်း မြို့သူမြို့သားအားလုံးက သိရှိထားကြလေသည်။

သို့သော် သူမ၏ ပြိုင်ဘက်ကင်း ဆေးပညာစွမ်းရည်နှင့် နှိုင်းယှဉ်လျှင် သူမ၏ အလှတရားက ပို၍ပင် သာလွန်နေခဲ့သေး၏။

သူမသည် တောင်တန်းပေါင်းများစွာကို ကျော်ဖြတ်လျှောက်လှမ်းခဲ့သည်။

သူမသွားလေရာ အရပ်တိုင်းတွင် တောင်စောင့်နတ်များ၊ ရေစောင့်နတ်များနှင့် မြစ်စောင့်နတ်များသည် အဝေးမှနေ၍ ဦးညွှတ်အရိုအသေပေးကြပြီး အနီးသို့ ချဉ်းကပ်ရန်ပင် မဝံ့မရဲ ဖြစ်နေခဲ့ကြလေသည်။

သူမ မိစ္ဆာများကို မြင်တွေ့ခဲ့ဖူးသော်လည်း မိစ္ဆာများထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသော လူသားတို့၏ စိတ်နှလုံးများကိုလည်း မြင်တွေ့ခဲ့ရဖူးပေသည်။

သူမသည် မြစ်ကမ်းဘေးတွင် တစ်ယောက်တည်း ထိုင်ကာ အဝေးဆီသို့ ငေးကြည့်နေရသည်ကို နှစ်သက်လေ၏။

နန်းတွင်းစာမေးပွဲ ဖြေဆိုရန် သွားရောက်ကြသော ပညာရှင်များက သူမကို မြင်တွေ့လိုက်ရသောအခါ လူ့လောကသို့ ဆင်းသက်လာသော မသေမျိုးတစ်ပါးဟုပင် ထင်မှတ်ခဲ့ကြသည်။

သူတို့က မြစ်ကမ်းဘေးရှိ မသေမျိုးကို မြင်တွေ့ခဲ့ရသည်ဟု ပြောဆိုခဲ့ကြလေတော့သည်။

သူမသည် ဝမ်လီတံတိုင်းကြီးဆီသို့ သွားရောက်ခဲ့ပြီး မဟာမိစ္ဆာကြီးများကို သတ်ဖြတ်ခဲ့ဖူးပေသည်။

လူတိုင်းမှာ အံ့အားသင့်မှင်တက်သွားခဲ့ကြရ၏။

သို့ရာတွင် သူမ၏နာမည်ကို မည်သူကမျှ မသိရှိကြချေ။ ဤအလွန်တရာ နူးညံ့သိမ်မွေ့သော အမျိုးသမီးက မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားပြီး ဝမ်လီတံတိုင်းကြီးအောက်တွင် ရန်သူများကို သတ်ဖြတ်နေချိန်၌ သူမက သာယာယဉ်ကျေးစွာ ကပြဖျော်ဖြေနေသည့်အလား လှပလွန်းကြောင်းကိုသာ သူတို့ သိရှိထားကြလေသည်။

သူမသည် လှေငယ်လေးတစ်စင်းကို လှော်ခတ်ကာ မြစ်ညာမှ မြစ်အောက်ပိုင်းသို့ အဝေးဆီသို့ လွင့်မျောသွားခဲ့သည်။ နဂါးပျံများက လမ်းဖယ်ပေးခဲ့ကြပြီး မြစ်စောင့်နတ်များက သူမ၏ခရီးစဉ်ကို အစောင့်အရှောက်အဖြစ် လိုက်ပါပို့ဆောင်ပေးခဲ့ကြလေ၏။

လှေထိုးသားက "ဒီနေ့ ရေလမ်းခရီးက အရင်ကထက် ဘာလို့များ ပိုပြီး သွားရတာ လွယ်ကူနေရတာလဲ" ဟု တိတ်တဆိတ် အံ့ဩချီးကျူးနေခဲ့မိပေသည်။

ညဘက်များတွင် သူမသည် တောင်တန်းများကြား၌ တစ်ယောက်တည်း လျှောက်လှမ်းကာ ကောင်းကင်အပြည့် လင်းလက်နေသော ပိုးစုန်းကြူးလေးများကို ကြည့်ရှုရင်း လူ့လောကအတွင်းသို့ ကြယ်လေးများ ကြွေကျလာသည့်အလား ခံစားနေခဲ့ရလေသည်။

ဆယ်နှစ်။

နှစ်တစ်ရာ။

နှစ်တစ်ထောင်။

နှစ်တစ်သောင်း။

တောင်ပေါ်ရှိ ဂိုဏ်းများ အဆက်မပြတ် ပြောင်းလဲသွားသည့်တိုင်အောင်။

ကြယ်တာရာများ အဆက်မပြတ် ရွေ့လျားသွားသည့်တိုင်အောင်။

ကျယ်ပြောလှသော သမုဒ္ဒရာကြီးများက ပိုးစာခင်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည့်တိုင်အောင်ပင်။

သူမသည် လူ့လောကအတွင်း ဆက်လက် လျှောက်လှမ်းနေဆဲ ဖြစ်လေ၏။

သူရောက်ရှိခဲ့ဖူးသော နေရာအားလုံးနှင့် သူလျှောက်လှမ်းခဲ့ဖူးသော လမ်းခရီးအားလုံးကို သူမ လိုက်လံဖြတ်သန်း လျှောက်လှမ်းခဲ့ချေပြီ။

နှစ်ပေါင်း သုံးသောင်း ကုန်လွန်သွားခဲ့လေပြီ။ တော်ဝင်အမိန့်ပြန်တမ်း သုံးရပ်ကြောင့် အမျိုးသမီးသည် ကောင်းကင်တာအိုနိယာမ၏ တန်ပြန်ရိုက်ခတ်မှုကို ခံစားခဲ့ရပြီး ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့်သို့ တစ်ခါမျှ မတက်လှမ်းနိုင်ခဲ့ဘဲ သူမ၏ အချိန်များကလည်း နီးကပ်စွာ ကုန်ဆုံးလုနီးပါး ဖြစ်နေခဲ့ပေသည်။

သို့တိုင်အောင် သူမသည် အသက်နှစ်ဆယ်ထက် ပိုကြီးသည့်ပုံ မပေါ်သေးချေ။

သူမ၏ နက်မှောင်သော ဆံကေသာများသာ အချိန်ကာလ၏ ဆိုးဆေးကြောင့် ဖြူဖွေးသွားခဲ့ရလေသည်။

နှင်းများ ထူထပ်စွာ ကျဆင်းနေသော နေ့တစ်နေ့ ဖြစ်လေသည်။

ရိုးရှင်းသော ဂါဝန်လေးကို ဝတ်ဆင်ထားလျက် သူမသည် တောင်တန်းများကြား၌ တစ်ယောက်တည်း လျှောက်လှမ်းနေခဲ့၏။

တိမ်တိုက်ပုံစံ ပန်းထိုးထားသော သူမ၏ ဖိနပ်လေးများက တောင်တန်းများထက်တွင် သပ်ရပ်လှပသော ခြေရာငယ်လေးများကို ချန်ရစ်ထားခဲ့ပေသည်။

ရှောင်မိုသည် သူမ၏နောက်မှ လိုက်ပါလာခဲ့သည်။

နှစ်ပေါင်း သုံးသောင်း ကုန်လွန်သွားခဲ့ချေပြီ။

သူမက သူ့ကို ရှာဖွေနေခဲ့သည်။

သူက သူမကို အဖော်ပြုပေးနေခဲ့လေ၏။

"ဘဝတစ်ရာကျမ်း၏ ပဉ္စမမြောက်ဘဝ ဆုလာဘ် တွက်ချက်မှု ပြီးစီးသွားပါပြီ။ ပိုင်ရှင်သည် အချိန်မြစ်ထဲမှ ထွက်ခွာတော့မည် ဖြစ်ပါသည်။ ကျေးဇူးပြု၍ မိမိကိုယ်ကို ပြင်ဆင်ထားပါ။

ဆယ်...

ကိုး...

ရှစ်..."

ဘဝတစ်ရာကျမ်း၏ အသံက ရှောင်မို၏ စိတ်အာရုံထဲတွင် ထွက်ပေါ်လာချိန်၌ ရှောင်မိုသည် ခြေလှမ်းများကို ရပ်တန့်လိုက်လေသည်။

နှင်းများကြားတွင် သူသည် ငြိမ်သက်စွာ ရပ်နေလျက် သွယ်လျသော ထိုကျောပြင်လေး တဖြည်းဖြည်း ဝေးကွာသွားသည်ကိုသာ ငေးကြည့်နေခဲ့ပေ၏။

"သုံး..."

"နှစ်..."

"စီယောင်..."

"ကိုယ်..."

"ထွက်သွားတော့မယ်"

“ကိုယ်မင်းကို ချစ်တယ်”

ဘဝတစ်ရာကျမ်း၏ နောက်ဆုံးအသံ မှေးမှိန်ပျောက်ကွယ်သွားချိန်တွင်။

နှင်းဖြူများ ရစ်ပတ်ပါလာသော အေးစက်လှသည့် လေပြင်းတစ်ချက်က တောင်တန်းများကြားသို့ ဖြတ်သန်းတိုက်ခတ်သွားလေတော့သည်။

အမျိုးသမီးသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ရုတ်တရက် လှည့်ကာ သူမ၏ နောက်ကျောဘက်သို့ ကြည့်လိုက်လေ၏။

သို့ရာတွင် သူမ လျှောက်လှမ်းခဲ့သော လမ်းခရီးထက်တွင် မည်သည့်အရာမျှ ရှိမနေခဲ့ချေ။

အမျိုးသမီးသည် တစုံတခုကို မြင်နေရသကဲ့သို့ပင် အချိန်အလွန်ကြာမြင့်စွာ ငေးကြည့်နေခဲ့ပေသည်။

နှင်းပွင့်ငယ်လေးများက အမျိုးသမီး၏ ဆံကေသာနှင့် ပခုံးများပေါ်သို့ ဖုံးလွှမ်းသွားသည်

သူမက နွေးထွေးမွှေးပျံ့သော သက်ပြင်းရှည်ကြီးတစ်ချက်ကို ရှူထုတ်လိုက်ခဲ့၏

သူမ၏ ရင်ခွင်ထဲမှ သွေးများစွန်းထင်းနေသော အာသုရာမျက်နှာဖုံးတစ်ခုကို ထုတ်ယူလိုက်ပြီးနောက်

သူမ ခေါင်းငုံ့ကာ ထိုမျက်နှာဖုံးကို တပ်ဆင်လိုက်ပြီး

ထို့နောက် သူမသည် ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားလေတော့သည်။

All Chapters