အခန်း ၁၀၁
Vol. 11 Ch. 101
အခန်း (၁၀၁) စိတ်ဓာတ်ကို ရိုက်ချိုးခြင်း
"ဥက္ကဋ္ဌစု… ကုမ္ပဏီက ဉာဏ်ရည်တုနည်းပညာမှာ ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ရရှိသွားပြီဗျ…"
"ဒီအခြေအနေကို အများပြည်သူသိအောင် သတင်းစာရှင်းလင်းပွဲ မကြာခင် လုပ်တော့မယ်…"
"အဲဒီအချိန်ကျရင် ကျွန်တော်တို့ Ar နည်းပညာကုမ္ပဏီရဲ့ စတော့ရှယ်ယာတွေ ဒုံးပျံလို ထိုးတက်သွားတော့မှာ…"
ဖုန်းရှင်းက ဖုန်းထဲမှတစ်ဆင့် စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်၏။
"ကောင်းတယ်… ခင်ဗျားကို ကျွန်တော် လူကဲခတ်မမှားခဲ့ဘူးပဲ…"
စုယွမ်သည် အနည်းငယ် ပြုံးလိုက်ပြီး အလွန်ပင် စိတ်လှုပ်ရှားနေပေ၏။
"မန်နေဂျာဖုန်း… ကျွန်တော် ကုမ္ပဏီကို လာခဲ့ရမယ်… ဒီတစ်ကြိမ် သုတေသနနဲ့ နည်းပညာဝန်ထမ်းတွေရော မန်နေဂျာတွေပါ အားလုံး ဆုကြေးတွေ ရကြလိမ့်မယ်…"
စုယွမ်က ပျော်ရွှင်စွာ ပြောလိုက်သည်။
"ဥက္ကဋ္ဌစု… ကုမ္ပဏီအတွက် အကျိုးပြုမှု အများဆုံးလူတွေရဲ့ အဆင့်သတ်မှတ်ချက်ကို လုပ်ပြီးသွားပြီမလို့ ဒီစာရင်းအတိုင်း ဆုကြေးတွေ ခွဲဝေပေးလို့ ရနေပြီဗျ…"
"ပြီးတော့ အခု နည်းပညာဝန်ထမ်းတချို့ကို အနားပေးဖို့ ကျွန်တော် စီစဉ်ထားတယ်… အရင်က ခင်ဗျား မောင်းလာတဲ့ Lamborghini Aventador ကရော…"
"ဒါကတော့ ခင်ဗျားကိုယ်တိုင် စီစဉ်ပေးဖို့ လိုလိမ့်မယ်…"
ဖုန်းရှင်းက ပြောလေ၏။
စုယွမ်သည် သူ မဲပေါက်ခဲ့သော Lamborghini Aventador အား နည်းပညာဝန်ထမ်းများအတွက် မက်လုံးတစ်ခုအနေဖြင့် ကုမ္ပဏီသို့ ပေးအပ်ထားခဲ့သည်ကို သတိရသွားချေပြီ။
"ကောင်းပြီ… ဒီနေ့မွန်းလွဲပိုင်း ကျွန်တော် ကုမ္ပဏီကို လာခဲ့မယ်…"
ထိုသို့ပြောပြီးနောက် စုယွမ်သည် ဖုန်းရှင်းအား ညွှန်ကြားချက်အနည်းငယ် ထပ်ပေးကာ ဖုန်းချလိုက်သည်။
"သူဌေး.. ဘာတွေများ ဒီလောက်တောင် သဘောကျနေရတာလဲ…"
လီဟူက နားမလည်နိုင်စွာဖြင့် မေးလိုက်၏။
"ဘာမှမဟုတ်ပါဘူး… အလုပ်ထဲက အောင်မြင်မှုတချို့ကြောင့်ပါ…"
"လီဟူ… ဒီနေ့မွန်းလွဲပိုင်း မင်း ကားမောင်း… ငါတို့ Ar နည်းပညာကုမ္ပဏီကို သွားကြမယ်…"
စုယွမ်က ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့ သူဌေး…"
လီဟူက များများစားစား တွေးမနေခဲ့ချေ။ ယွမ် သန်း ၂၀၀ တန်ကြေးရှိသော ပန်းချီကားတစ်ချပ်သည် သဘာဝကျကျပင် အခြားအရာများထက် များစွာ ပိုမိုတန်ဖိုးရှိပေသည်။ သူဌေးပင်လျှင် ထိုမျှများပြားသော ငွေကြေးကို ရှာဖွေရန် နှစ်နှစ် သို့မဟုတ် သုံးနှစ်ခန့် အလုပ်လုပ်ရမည် မဟုတ်ပါလော။
စုယွမ်သည် ထန်ပေါ်ဟူ၏ စစ်မှန်သောပန်းချီကားကို ယူကာ မီးခံသေတ္တာထဲတွင် သော့ခတ်သိမ်းဆည်းလိုက်သည်။
မကြာမီမှာပင် မွန်းလွဲ လေးနာရီသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ထိုအချိန်၌ ရာသီဥတုမှာ အလွန်ပူပြင်းနေဆဲပင်။ စုယွမ်သည် ရေတစ်သန့်ဘူးကို ယူကာ ကားနောက်ခန်းသို့ ဝင်ထိုင်လိုက်ပြီး လီဟူကမူ စုယွမ်၏ ယာဉ်မောင်းအဖြစ် တာဝန်ယူပေးလေ၏။
မိနစ် ၂၀ ခန့် ကားမောင်းပြီးချိန်တွင် Ar နည်းပညာကုမ္ပဏီ အဆောက်အအုံရှေ့သို့ ရောက်ရှိသွားသည်။
ကုမ္ပဏီကို ကြည့်ကာ လီဟူ၏ မျက်ခုံးများ တွန့်ချိုးသွားပြီး တစ်စုံတစ်ရာ စိုးရိမ်ပူပန်နေပုံရပေ၏။
"သူဌေး… ဒီမနက် ကျွန်တော်တို့ ထိုးကြိတ်ခဲ့တဲ့ကောင်ကို မှတ်မိလား… သူက ကျိုးယွဲ့နည်းပညာကုမ္ပဏီကလေ…"
"ပြီးတော့ သူဌေး သူဌေးရဲ့ ကုမ္ပဏီကလည်း နည်းပညာနယ်ပယ်မှာပဲဆိုတော့ တကယ်လို့ ကျိုးယွဲ့နည်းပညာကုမ္ပဏီက ပစ်မှတ်ထားလာရင် ဘယ်လိုလုပ်မလဲ…"
လီဟူက ပြောလိုက်သည်။
"အဆင်ပြေပါတယ်… ကျိုးယွဲ့နည်းပညာကုမ္ပဏီမှာ အဲဒီလောက် အင်အားမရှိသေးပါဘူး…"
"နောက်နှစ်ရက်လောက်နေရင် သူတို့က ငါ့ကို ပစ်မှတ်ထားဖို့နေနေသာသာ ဖားယားဖို့တောင် ရောက်လာကြလိမ့်ဦးမယ်… သူတို့မှာ အဲဒီလောက် သတ္တိမရှိပါဘူး…"
စုယွမ်က ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုလိုက်သည်။
"ဒါပေမဲ့…"
လီဟူက တစ်စုံတစ်ရာ ထပ်မံပြောဆိုလိုသော်လည်း မည်သည့်နေရာမှ စတင်ရမည်ကို မသိခဲ့ချေ။ ဤလုပ်ငန်းနယ်ပယ်အတွင်းရှိ ကျိုးယွဲ့နည်းပညာကုမ္ပဏီ၏ အဆင့်အတန်းကို စုယွမ်အနေဖြင့် လုံးလုံးလျားလျား မသိရှိဘဲ နေမည်မဟုတ်ပေ။ သို့တိုင်အောင် သူက ဤသို့ပြောဆိုနေခြင်းမှာ သူဌေး၌ အင်အားကြီးမားသော အဆက်အသွယ်ကောင်းများ ရှိနေသည်ဟုသာ ဆိုလိုခြင်းဖြစ်ပေမည်။
သို့မဟုတ်ပါက လူသိနည်းသော Ar နည်းပညာကုမ္ပဏီလေးတစ်ခုအနေဖြင့် မည်သို့လုပ် ဤမျှလောက် ယုံကြည်မှု ရှိနေနိုင်မည်နည်း။
လီဟူသည် များစွာ စကားမဆိုတော့ဘဲ စုယွမ်၏နောက်မှ လိုက်ပါကာ Ar နည်းပညာကုမ္ပဏီ အဆောက်အအုံအတွင်းသို့ ဝင်ရောက်သွားတော့သည်။
ဝင်ရောက်သွားချိန်တွင် စုယွမ် ရောက်လာမည့်အချိန်ကို မြေညီထပ်မှ စောင့်ဆိုင်းနေသော ဖုန်းရှင်းအား တွေ့မြင်လိုက်ရ၏။
"ဥက္ကဋ္ဌစု… နောက်ဆုံးတော့ ရောက်လာပြီပေါ့…"
"တချို့လူတွေက ဆက်ပြီး မစောင့်နိုင်ကြတော့ဘူးဗျ…"
ဖုန်းရှင်းက ဝမ်းသာအားရ ပြောလိုက်သည်။
"လမ်းမှာ ကားနည်းနည်းပိတ်နေလို့ပါ…"
"အချိန်တွေ ဆက်ပြီး အလဟဿ မဖြုန်းကြတော့ဘဲ အပေါ် တက်သွားကြတာပေါ့…"
စုယွမ်က ပြောလိုက်သည်။
"ကောင်းပါပြီ…"
ဖုန်းရှင်းက ပြောလိုက်ပြီးနောက် စုယွမ်၊ လီဟူတို့နှင့်အတူ ဓာတ်လှေကားစီးကာ အပေါ်ဆုံးထပ်ရှိ အစည်းအဝေးခန်းဆီသို့ ဦးတည်သွားလေ၏။
ဓာတ်လှေကားထဲမှ ထွက်ထွက်ချင်းမှာပင် အစည်းအဝေးခန်းအတွင်းမှ ဆူညံသော အသံများကို ကြားလိုက်ရသည်။
"အားလုံးပဲ… ငြင်းခုန်နေတာတွေ ရပ်လိုက်ကြတော့…"
ဖုန်းရှင်းသည် ရုံးခန်းအတွင်းသို့ ဝင်ရောက်ချိန်တွင် ပြောဆိုလိုက်သည်။
"မန်နေဂျာဖုန်း… ဘာတွေဖြစ်နေတာလဲ… အခု အရာအားလုံး ပြီးစီးသွားပြီဆိုတော့ ကျွန်တော်တို့ အောင်ပွဲခံပွဲလေး လုပ်သင့်တာ မဟုတ်ဘူးလား…"
"ဟုတ်တယ်လေ… ပြီးတော့ အဲဒီ Lamborghini Aventador က ဥက္ကဋ္ဌစုက ထူးချွန်တဲ့ ဝန်ထမ်းတွေကို ဆုကြေးအနေနဲ့ ပေးထားတာ မဟုတ်ဘူးလား…"
"ဟူး… ဥက္ကဋ္ဌစုက ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းက တစ်ခေါက်လေးတောင် ပေါ်မလာဘူး… ငါတို့ ကုမ္ပဏီအကြောင်းကိုများ သူ လုံးလုံး မေ့သွားပြီလားလို့တောင် တွေးမိလာပြီ…"
"ဖြစ်နိုင်တယ်… ဒါက တကယ်ပဲ… ဥက္ကဋ္ဌစုက စကားပြောတော့ သိပ်ကောင်းတာပဲ… ဒါပေမဲ့ လက်တွေ့မှာတော့ သူ ဘာမှ လုပ်မပေးသေးဘူး…"
"အဲဒီ Lamborghini Aventador က ယွမ်သန်းနဲ့ချီ တန်တာ… သန်းဆယ်ဂဏန်းလောက် နီးပါးကို… ဘယ်သူကများ အဲဒီလောက် လက်ဖွာရက်ရောနိုင်မှာလဲ…"
"ကောင်းပြီလေ… တစ်ညလုံး အပင်ပန်းခံ အလုပ်လုပ်ခဲ့ရတဲ့ ငါတို့အတွက်တော့ ဆိုးရွားလွန်းပါတယ်…"
လူတစ်စုသည် ဖုန်းရှင်း ပြောဆိုနေသည်ကို လုံးလုံးလျားလျား နားမထောင်ကြဘဲ သူတို့ဘာသာသူတို့ ဆက်တိုက် ညည်းတွားနေကြသည်။
ဖုန်းရှင်း၏ အမူအရာမှာ အကူအညီမဲ့နေပုံရပေ၏။ ဤသို့ အဓိပ္ပာယ်မရှိသော စကားများကို ပြောဆိုနေကြသူများမှာ အနိမ့်ဆုံးအဆင့်ရှိ နည်းပညာဝန်ထမ်းများထဲမှ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိနေသည်။ အမှန်တကယ် ကြီးမားသော အကျိုးပြုမှုများ ပြုလုပ်ခဲ့ကြသူများမှာမူ အစအဆုံး တိတ်ဆိတ်နေခဲ့ကြသည်။
သို့သော် အကယ်၍ လူများအနေဖြင့် ဤပုဂ္ဂိုလ်များ၏ လွှမ်းမိုးမှုကို ဆက်လက်ခံနေရပါက ကုမ္ပဏီအတွက် အမှန်တကယ် အကျိုးပြုသူများအပေါ်လည်း မလွဲမသွေ သက်ရောက်မှု ရှိလာပေလိမ့်မည်။
ဖုန်းရှင်းသည် ဤလူများထဲမှ တချို့မှာ အခြားကုမ္ပဏီများမှ သူလျှိုများ ဖြစ်နိုင်ကြောင်းပင် သံသယဝင်နေခဲ့၏။
"အားလုံးပဲ ခနဲ့တဲ့တဲ့ စကားတွေ ပြောနေတာ ရပ်လိုက်ကြတော့… ဥက္ကဋ္ဌစု မလာဘူးလို့ ဘယ်သူပြောလဲ…
အထူးသဖြင့် ခင်ဗျားတို့ လူစုပဲ… နေ့တိုင်း အချိန်ပိုဆင်းတာကိုလည်း မမြင်ရပါလား… ခင်ဗျားတို့က အမြဲတမ်း နောက်ကျပြီး အခြေခံအကျဆုံး အလုပ်တွေကိုတောင် မပြီးမြောက်နိုင်ကြဘူးမလား…"
"နောက်ဆုံးတော့ ခင်ဗျားတို့ကပဲ နာကြည်းချက် အများဆုံးနဲ့ ဒေါသအထွက်ဆုံး ဖြစ်နေကြတယ်… ယုတ္တိတန်တန် တွေးကြည့်ရင် ခင်ဗျားတို့က ဘာဆုကြေးကြီးမှ ရမှာမဟုတ်ဘူး… အခု ဒီမှာ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောပြီး တခြားလူတွေရဲ့ စိတ်အေးချမ်းမှုကို နှောင့်ယှက်နေတာပဲ… ခင်ဗျားတို့ ဘာတွေ ကြံစည်နေကြတာလဲ ဆိုတာကိုတော့ ငါမသိဘူးမထင်နဲ့…"
"မင်းတို့က ပြိုင်ဘက်ကုမ္ပဏီက လွှတ်လိုက်တဲ့ သူလျှိုတွေလား…"
ဖုန်းရှင်း၏ စကားများက ထိုလူတစ်စုအား အံ့အားသင့်သွားစေသည်။ သူတို့ထဲမှ နှစ်ဦးမှာ ထိတ်လန့်သွားပုံရသော်လည်း အလျင်အမြန်ပင် ပုံမှန်အတိုင်း ပြန်လည်နေထိုင်လိုက်ကြ၏။
"မန်နေဂျာဖုန်း… ခင်ဗျားက ဘယ်လိုလုပ် အဲဒီလို ပြောထွက်ရတာလဲ…"
"ကျွန်တော်တို့က နည်းနည်းပဲ လုပ်ခဲ့တယ်ဆိုပေမဲ့ ကြီးကျယ်တဲ့ အောင်မြင်မှုတွေ မရခဲ့ရင်တောင် အများကြီး ကြိုးစားအားထုတ်ခဲ့ကြတာပဲ…"
"ကျွန်တော်တို့က ဘာသိသာထင်ရှားတဲ့ အကျိုးပြုမှုမှ မလုပ်ခဲ့ဘူး ဆိုရင်တောင်မှ အားလုံးရဲ့ အကျိုးအတွက် ဒီစကားကို ပြောရတာပဲ… ညီအစ်ကို ကျန်းချန်ကို ကြည့်လိုက်လေ… သူက နေ့တိုင်း အလုပ်ရှုပ်နေပြီး သူ့နေရာကနေတောင် မခွာဘဲ နေ့ရောညပါ အလုပ်လုပ်နေတာ… အဲဒါကြောင့်ပဲ သူက အကျိုးပြုမှုစာရင်းမှာ နံပါတ်တစ် ဖြစ်နေတာလေ… တကယ်လို့ သူသာ ဆုကြေးမရခဲ့ရင် အရမ်း စိတ်ပျက်စရာ ကောင်းမနေဘူးလား…"
"ဟူး… ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့က အဲဒီကတိကို ပေးခဲ့ကြတာပဲလေ… အခု အားလုံးပြီးသွားတော့မှ ကျွန်တော်တို့ကို ကျောခိုင်းသွားကြတယ်… ညီအစ်ကိုကျန်း… မင်းလို အရည်အချင်းရှိတဲ့လူမျိုးက ဒီလိုနေရာမျိုးမှာ နေဖို့ မသင့်တော်ဘူးထင်တယ်…"
ထိုစကားများကို ကြားချိန်တွင် မျက်လုံးများအားလုံးသည် ဆံပင်ကျဲပါးနေသော အမျိုးသားဖြစ်သည့် ကျန်းချန်ထံသို့ ကျရောက်သွားကြပြီး သူတို့၏ အကြည့်များထဲ၌ ထူးဆန်းသော ခံစားချက်များ ရောထွေးနေပေ၏။ အနည်းငယ် တွေဝေသွားသော ကျန်းချန်သည် သူ၏ အကြည့်များကို ဖုန်းရှင်းထံသို့ လှည့်လိုက်သည်။
ဖုန်းရှင်း၏ မျက်ခုံးများ တွန့်ချိုးသွားပြီး လုံးလုံးလျားလျား စကားဆွံ့အသွား၏။
"ဆုကြေးမရှိဘူးလို့ ခင်ဗျားတို့ကို ဘယ်သူပြောလဲ… တစ်ယောက်ယောက်က ပြောလို့လား… ဒါမှမဟုတ် ခင်ဗျားတို့ဆီမှာ သက်သေရှိလို့လား… ကျွန်တော် တစ်ခုပြောလိုက်မယ်… ကောလာဟလ ဖြန့်တာက ဥပဒေအရ အရေးယူခံရနိုင်တယ်ဆိုတာ မှတ်ထား…"
"ဥက္ကဋ္ဌစုက ဒီနေ့ နေ့လယ်ပိုင်းမှာ ကိစ္စလေးတစ်ခု ရှိနေလို့ ကျွန်တော် သူ့ကို ဖုန်းဆက်ပြီး ပြောထားပြီးပြီ…"
"ဥက္ကဋ္ဌစုက ဒီနေ့မွန်းလွဲပိုင်း လူကိုယ်တိုင် လာခဲ့မယ်လို့ ပြောတယ်…"
"တမင်သက်သက် စိတ်ဓာတ်တွေ ကျဆင်းအောင် လုပ်နေတဲ့ ခင်ဗျားတို့တွေက တကယ်ပဲ ဘာကောင်တွေလဲ…"
"ကျွန်တော် စကားတွေကို ဆက်ပြီး အလဟဿ မဖြုန်းတော့ဘူး… ဥက္ကဋ္ဌစုက အပြင်ဘက်မှာ ရောက်နေပြီ… သူ့ကို လက်ခုပ်တီးပြီး ကြိုဆိုလိုက်ကြရအောင်…"
ဖုန်းရှင်းသည် စိတ်ဓာတ်ရိုက်ချိုးနေသော လူအနည်းငယ်အား စိုက်ကြည့်လိုက်ပြီးနောက် တံခါးပေါက်ဆီသို့ လှမ်းကြည့်လိုက်သည်။
လူတိုင်း မော့ကြည့်လိုက်ချိန်တွင် သေချာပေါက်ပင် စုယွမ် ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရတော့၏။