အခန်း ၁၀၅
Vol. 11 Ch. 105
အခန်း (၁၀၅) Ar နည်းပညာကုမ္ပဏီ သတင်းစာရှင်းလင်းပွဲ
"အဘိုးဝမ်... လေလံပွဲနဲ့ပတ်သက်ပြီး သတင်းထူးလေးများ ရှိလို့လား..."
စုယွမ်သည် ဖုန်းဖြေဆိုရင်း မေးလိုက်၏။
"ဟားဟား... မိတ်ဆွေလေး စုယွမ်... သန်ဘက်ခါကျရင် ဟောင်ကောင် ဆိုသဘီလေလံရုံမှာ ငါ့ရဲ့ စုဆောင်းထားတဲ့ ပစ္စည်းတစ်ခု အရောင်းအဝယ်ဖြစ်ဖို့ ရှိတယ်... ငါ အဆက်အသွယ် လုပ်ထားပြီးပြီ... မင်းဟာလေးက လိုနေတဲ့ ကွက်လပ်ကို ဖြည့်ပေးဖို့ အံကိုက်ဖြစ်နေတာပဲ..."
"သန်ဘက်ခါမနက်အတွက် လေယာဉ်လက်မှတ်ကို မင်း ဘယ်လိုထင်လဲ..."
အဘိုးဝမ်က မေးလိုက်သည်။
"ဒါ အရမ်းကောင်းတာပေါ့ အဘိုးဝမ်... အခုလို အပင်ပန်းခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
ထိုသတင်းကို ကြားချိန်တွင် စုယွမ် အလွန်ပင် ဝမ်းသာသွားခဲ့ပေ၏။ ငွေသား ယွမ်သန်းနှစ်ရာဆိုသည်မှာ အလွန်ပင် ဆွဲဆောင်မှု ရှိလှပေသည်။
"အဘိုးဝမ်... ကျွန်တော့်ဆီ အချက်အလက်တွေ ပို့ပေးပါ... ခဏနေရင် ကျွန်တော်တို့ နှစ်ယောက်အတွက် လေယာဉ်လက်မှတ် အတူတူ ဘွတ်ကင်လုပ်လိုက်မယ်..."
စုယွမ်က ပြောလိုက်၏။
"ကောင်းပြီ... ဖြစ်နိုင်ရင် စောစောလေး ဘွတ်ကင်လုပ်ထား... အရမ်း နောက်မကျစေနဲ့... ဆယ်နာရီလောက် ရောက်မယ့်ဟာကို သေချာရွေးနော်..."
အဘိုးဝမ်က ညွှန်ကြားလိုက်သည်။
"ပြဿနာ မရှိပါဘူး... သန်ဘက်ခါမှ တွေ့ကြတာပေါ့ အဘိုးဝမ်..."
စုယွမ် စကားပြောအပြီးတွင် သူတို့နှစ်ဦးသည် နောက်ထပ် မိနစ်အနည်းငယ်ခန့် စကားစမြည်ပြောဆိုပြီးနောက် ဖုန်းချလိုက်ကြလေ၏။
ဖုန်းချပြီးနောက် အဘိုးဝမ်သည် လူနှစ်ဦးထံသို့ မက်ဆေ့ခ်ျကို အလျင်အမြန် ပို့လိုက်ရာ တစ်ဦးမှာ စုယွမ်ဖြစ်ပြီး နောက်တစ်ဦးမှာ ကျိုးရို့ပင် ဖြစ်လေသည်။
စုယွမ်သည် လေယာဉ်လက်မှတ် ဝယ်ယူသည့် အက်ပလီကေးရှင်းကို ဖွင့်ကာ ဟောင်ကောင်သို့ သွားမည့် လေယာဉ်ခရီးစဉ်များကို ရှာဖွေလိုက်၏။
ဤသို့ရှာဖွေကြည့်လိုက်ချိန်တွင် အလွန်အံ့အားသင့်သွားရပေသည်။ ထိုနေ့ ဟောင်ကောင်သို့သွားမည့် လေယာဉ်လက်မှတ်များအားလုံးနီးပါး ရောင်းထွက်သွားပြီဖြစ်ကာ Business Class လက်မှတ်များ လုံးဝ မရှိတော့ချေ။
စုယွမ်သည် ရောက်ရှိမည့်အချိန်ကို စစ်ဆေးကြည့်လိုက်ရာ သူ၏သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် လေယာဉ်ခရီးစဉ် တစ်ခုသာ ရှိတော့ကြောင်း တွေ့ရှိလိုက်ရသည်။ ထိုခရီးစဉ်ကို ကောထိုက်လေကြောင်းလိုင်းမှ ပြေးဆွဲခြင်းဖြစ်ပြီး Business Class ထိုင်ခုံများ မပါဝင်ခဲ့ချေ။
အခြားရွေးချယ်စရာ မရှိတော့သဖြင့် စုယွမ်သည် Economy Class (ရိုးရိုးတန်း) ထိုင်ခုံ သုံးနေရာကိုသာ ဘွတ်ကင်လုပ်လိုက်ရလေ၏။
အဘိုးဝမ်၏ အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေကို စဉ်းစားပြီး စုယွမ်က Business Class လက်မှတ်များကို အထူး ဝယ်ယူပေးလိုက်သည်။
သို့သော် အဘိုးဝမ်ကတော့ ကျန်းချန်ကနေ ဟောင်ကောင်အထိ ခရီးစဉ်မှာ နှစ်နာရီလောက်သာ ကြာမြင့်မည်ဖြစ်ပြီး မျက်စိတစ်မှိတ်အတွင်း ရောက်သွားမည့် ခရီးလေးတစ်ခုသာ ဖြစ်ကြောင်း ပြောကာ ထိုအရာကို သိပ်ဂရုမစိုက်ခဲ့ပေ။
ဤကိစ္စများအားလုံး ပြီးစီးသွားချိန်တွင် စုယွမ်၏ စိတ်အခြေအနေမှာ ကောင်းမွန်နေခဲ့၏။ နေဝင်ချိန်သို့ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်ရာ လမ်းဘေးစားသောက်ဆိုင် တစ်ဆိုင်ကို ကျပန်းရွေးချယ်လိုက်ပြီး ဘီယာအနည်းငယ်နှင့် အကင်အချို့ကို မှာယူကာ စတင်စားသောက်လိုက်တော့သည်။
နောက်တစ်နေ့သို့ လျင်မြန်စွာ ရောက်ရှိလာပြီး စုယွမ်သည် အချိန်မှန် နိုးထလာခဲ့လေ၏။ မျက်လုံးပွင့်လာသည်နှင့် သူ ပထမဆုံးလုပ်ခဲ့သည့် အရာမှာ ထိုနေ့အတွက် သတင်းအချက်အလက်များကို စစ်ဆေးကြည့်ခြင်းပင် ဖြစ်သည်။
သတင်းအချက်အလက် (၁) ကျန်းချန်ရှိ နန်ရှန်း တောင်ပေါ်က အမှတ် (၆) သင်္ချိုင်းဂူမှာ ယွမ် ၃၀၀,၀၀၀ တန်ကြေးရှိတဲ့ မြှုပ်နှံပစ္စည်းတစ်ခု ရှိနေပါတယ်...
ဤသတင်းအချက်အလက်ကို မြင်လိုက်ရချိန်တွင် စုယွမ် ခေါင်းခါမ်းလိုက်၏။ ယွမ် ၃၀၀,၀၀၀ ဆိုသော အခြားမည်သည့် ကိစ္စမျိုးကိုမဆို သူ လုပ်ဆောင်ချင် လုပ်ဆောင်နိုင်သော်လည်း ဤသို့ သင်္ချိုင်းဂူတူးရမည့် ကိစ္စမျိုးကိုမူ အဝေးမှသာ ရှောင်ရှားထားခြင်းက အကောင်းဆုံး ဖြစ်ပေမည်။
သတင်းအချက်အလက် (၂) သစ်ခွဲသား ဈေးနှုန်းတွေ မြင့်တက်လာဖို့ ရှိနေပါတယ်... သစ်ခွဲသားတွေကို ကြိုတင် စုဆောင်းထားပြီး ကုမ္ပဏီကြီးတွေကို ပြန်လည်ရောင်းချပါက ကြီးမားတဲ့ အမြတ်အစွန်းတွေကို ရရှိနိုင်ပါလိမ့်မယ်...
ယနေ့၏ သတင်းအချက်အလက်များမှာ အမှန်တကယ်ပင် တန်ဖိုးရှိသော်လည်း သူ့အတွက်မူ မသင့်တော်ခဲ့ချေ။ သစ်ခွဲသားများ စုဆောင်းရန်အတွက် လူအင်အားနှင့် အရင်းအမြစ် အမြောက်အမြား လိုအပ်မည်ဖြစ်ရာ စုယွမ်သည် ထိုအရာကို ရိုးရှင်းစွာပင် လျစ်လျူရှုထားလိုက်၏။
သတင်းအချက်အလက် (၃) လျိုသဲ့ ဆိုတဲ့ အမျိုးသမီးဟာ မကြာသေးမီက လူလတ်ပိုင်းအရွယ် လူပျိုကြီးတစ်ဦးကို ချဉ်းကပ်ဖို့ အစီအစဉ်ဆွဲထားပြီး ဘဏ်အကောင့်ထဲက ငွေတွေကို ရယူလိုတဲ့ ရည်ရွယ်ချက်နဲ့ အိမ်ထောင်ပြုဖို့ သွေးဆောင်ဖြားယောင်းနေပါတယ်...
"လျိုသဲ့... ဒီလူကို ငါ မသိပါဘူး..."
စုယွမ်မှာ အနည်းငယ် တွေဝေသွားရလေ၏။ ဤနာမည်ကို သူ တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ချေ။ ဤသည်မှာ ကိုယ်ကျင့်တရားနှင့် မညီသော လုပ်ရပ်တစ်ခု ဖြစ်သော်လည်း ထိုအမျိုးသမီးက မည်သူ့ကို လှည့်စားနေကြောင်းကို သူ မသိရှိရာ ကိစ္စရပ်များကို ခက်ခဲသွားစေသည်။
သတင်းအချက်အလက် (၄) ကောထိုက်လေကြောင်းလိုင်းရဲ့ စတော့ရှယ်ယာဈေးနှုန်းဟာ ဆက်စပ်ဖြစ်ရပ်အချို့ကြောင့် မကြာမီကာလအတွင်းမှာ အပြင်းအထန် ထိုးကျသွားဖို့ ရှိနေပါတယ်... ကျေးဇူးပြုပြီး သတိထားပါ...
"ကောထိုက်လေကြောင်းလိုင်း... နောက်ရက်အနည်းငယ်နေရင် သွားရမယ့် ခရီးစဉ်က ကောထိုက်လေကြောင်းလိုင်းကပဲ မဟုတ်လား... စတော့ရှယ်ယာဈေး ထိုးကျသွားတယ်ဆိုတာက ဘာဖြစ်လို့လဲ..."
စုယွမ် များများစားစား တွေးမနေခဲ့ချေ။ မည်သို့ပင်ဆိုစေကာမူ ၎င်းသည် နှစ်နာရီကြာ ခရီးစဉ်လေးတစ်ခုသာ ဖြစ်ပေသည်။
သတင်းအချက်အလက် (၅) ကျိုးယွဲ့နည်းပညာကုမ္ပဏီ ဥက္ကဋ္ဌရဲ့သား ဖြစ်သူ လီဝေဟာ သူ့ရဲ့ မကြာခင် ကျင်းပတော့မယ့် မွေးနေ့ပါတီအတွက် သင့်တော်တဲ့ ပစ္စည်းတစ်ခုကို ရှာဖွေဖို့ ဟောင်ကောင် ဆိုသဘီလေလံရုံကို သွားဖို့ ပြင်ဆင်နေပါတယ်...
ဤသတင်းအချက်အလက်က စုယွမ်၏ စိတ်ဝင်စားမှုကို ဆွဲဆောင်သွားခဲ့၏။
ကျိုးယွဲ့နည်းပညာကုမ္ပဏီက လီဝေပဲ... ဒီကောင်လေးက ဗီလာကို မရောင်းလိုက်ရဘူး ဆိုတော့ အခု ဟောင်ကောင်လေလံပွဲမှာ တစ်ခုခု သွားပြီး လေလံဆွဲချင်နေတာပေါ့...
ဤသတင်းကို ကြိုတင်ရရှိထားသောကြောင့် စုယွမ်၌ တွေးတောရန် အချိန်ရရှိသွားခဲ့သည်။ လီဝေသည် ဉာဏ်ကောင်းသူ တစ်ဦး မဟုတ်သော်လည်း သူကသာ Ar နည်းပညာကုမ္ပဏီကို ပစ်မှတ်ထားလာမည်ဆိုပါက စုယွမ်ဘက်ကလည်း ငဲ့ညှာနေစရာ အကြောင်းမရှိချေ။
ထိုသတင်းအချက်အလက်များကို ဖတ်ရှုပြီးနောက် စုယွမ်သည် မျက်နှာသစ်ကာ နံနက်စာစားလိုက်ပြီး ယနေ့ကျင်းပမည့် သတင်းစာရှင်းလင်းပွဲကို ကြည့်ရှုရန် Ar နည်းပညာကုမ္ပဏီ၏ ဝက်ဘ်ဆိုက်ကို ဖွင့်လိုက်လေ၏။
နံနက် ၁၀ နာရီခန့်တွင် သတင်းစာရှင်းလင်းပွဲကို စီစဉ်ထားသည့်အတိုင်း စတင်လိုက်သည်။
ဖုန်းရှင်းက မီဒီယာအများအပြားကို ဖိတ်ကြားထားခဲ့ရာ ကင်မရာများသည် သတင်းစာရှင်းလင်းပွဲ ကျင်းပရာနေရာ တစ်ခုလုံးနီးပါးကို ပြည့်နှက်နေခဲ့ပေ၏။
ရှေ့ဆုံးနေရာတွင်မူ ဖုန်းရှင်းနှင့်အတူ မန်နေဂျာအချို့၊ အဓိက နည်းပညာဝန်ထမ်းများ ပါဝင်သော အဖွဲ့က သတင်းစာရှင်းလင်းပွဲကို ဦးဆောင်နေကြသည်။
"မန်နေဂျာဖုန်း... Ar နည်းပညာကုမ္ပဏီဟာ နည်းပညာကုမ္ပဏီတွေထဲမှာ အလယ်အလတ် ဒါမှမဟုတ် အနိမ့်ပိုင်းအဆင့်မှာပဲ ရှိနေတာပါ... အခုလို ထင်ပေါ်ကျော်ကြားတဲ့ သတင်းစာရှင်းလင်းပွဲကို ကျင်းပရလောက်တဲ့အထိ ဘယ်လိုအောင်မြင်မှုမျိုးတွေများ ရရှိထားလို့လဲ..."
သတင်းထောက်တစ်ဦးက ဤမေးခွန်းအတွက် ကြိုတင်ပြင်ဆင်ထားခဲ့သည့်အလား မေးမြန်းလိုက်၏။
"ဒါက အရမ်းကောင်းတဲ့ မေးခွန်းပါပဲ... Ar နည်းပညာကုမ္ပဏီက အရင်က ကုမ္ပဏီကြီးတစ်ခုလို့ သတ်မှတ်မခံခဲ့ရပါဘူး..."
"ဒါပေမဲ့ အခုတော့ အခြေအနေတွေက ကွာခြားသွားပါပြီ... ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြီးသွားတာနဲ့ Ar နည်းပညာကုမ္ပဏီဟာ အများပြည်သူရဲ့ အာရုံစိုက်မှုကို ရရှိလာမှာဖြစ်ပြီး တစ်နိုင်ငံလုံးနဲ့ တစ်ကမ္ဘာလုံးကိုပါ ပျံ့နှံ့သွားပါလိမ့်မယ်..."
ဖုန်းရှင်းက အနည်းငယ် ပြုံးကာ ပြောလိုက်သည်။
ဤကဲ့သို့ အဖွင့်စကားမျိုးက တက်ရောက်လာသော သတင်းထောက်များ၏ စိတ်ဝင်စားမှုကို သေချာပေါက် ဆွဲဆောင်နိုင်ခဲ့လေ၏။ ဤကြွားလုံးထုတ်မှုမှာ အလွန်အမင်း ချဲ့ကားလွန်းလှရာ အကယ်၍ ဤလူအား တစ်စုံတစ်ရာ အမှားပြောမိစေရန် လှည့်စားနိုင်ပါက သတင်းကောင်းတစ်ခု ဖြစ်လာနိုင်ပေသည်။
"မန်နေဂျာဖုန်း... ခင်ဗျားကို မေးပါရစေ... ဘယ်အရာက Ar နည်းပညာကုမ္ပဏီကို တစ်နိုင်ငံလုံး ဒါမှမဟုတ် တစ်ကမ္ဘာလုံးမှာ ထင်ပေါ်ကျော်ကြားလာစေမှာလဲ... ခင်ဗျားကသာ ဒီလိုပြောနေပေမဲ့ လက်တွေ့မှာရော အဲဒီလိုရလဒ်မျိုးကို တကယ် ထုတ်ပြနိုင်မှာ မို့လို့လား..."
"တကယ်လို့ ခင်ဗျားတို့က ဒီလိုရလဒ်မျိုးကို ထုတ်မပြနိုင်ဘူးဆိုရင် ဒီသတင်းစာရှင်းလင်းပွဲရဲ့ ရည်ရွယ်ချက်က ဘာလဲ... လူတိုင်းကို ဟာသလုပ်ဖို့ သက်သက်ပဲလား..."
သတင်းထောက်တစ်ဦးက အကြီးအကျယ် ပေါက်ကွဲသွားမည့် သတင်းတစ်ခုအတွက် အခွင့်အရေးကို အာရုံခံမိသွားသည်။
အလယ်အလတ်အဆင့်သာရှိသော Ar နည်းပညာကုမ္ပဏီလေးက ကမ္ဘာအနှံ့ ပျံ့နှံ့သွားနိုင်မည်ကို သူ လုံးဝ မယုံကြည်ခဲ့ချေ။
ဤစကားကို ကြားချိန်တွင် ဘေးပတ်ဝန်းကျင်ရှိ သတင်းထောက်များစွာက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြပြီး ကင်မရာများအားလုံးသည် ဖုန်းရှင်းထံသို့ ချိန်ရွယ်ထားကာ သူ မည်သို့တုံ့ပြန်မည်ကို ကြည့်ရှုရန် အသင့်ဖြစ်နေကြလေ၏။
"ဒါက သတင်းထောက်ဆီက အရမ်းကောင်းတဲ့ မေးခွန်းတစ်ခုပါပဲ... အားလုံးက ဒီလိုပြောနေကြမှတော့ Ar နည်းပညာကုမ္ပဏီအနေနဲ့ စကားသက်သက်ပဲ ပြောနေမှာ မဟုတ်ပါဘူး... နောက်ထပ်အနေနဲ့ ကျွန်တော်တို့ ကုမ္ပဏီရဲ့ အဓိကနည်းပညာကျွမ်းကျင်သူ ကျန်းချန်က ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ် သုတေသနရလဒ်တွေကို မိတ်ဆက်ပေးပါလိမ့်မယ်..."
ဖုန်းရှင်း စကားပြောအပြီးတွင် ကျန်းချန် ရှေ့သို့ထွက်လာကာ လူအုပ်ကြီးအား နှုတ်ခွန်းဆက်ရင်း ပြောလိုက်၏။
"ကျွန်တော့်ကို အခုလို အခွင့်အရေးပေးတဲ့ မန်နေဂျာဖုန်းကို အရမ်းပဲ ကျေးဇူးတင်ပါတယ်... ကျွန်တော်က နည်းပညာရှင်တစ်ယောက်ဖြစ်လို့ စကားပြောဆိုမှု အနုပညာကို သိပ်ပြီး မကျွမ်းကျင်ပါဘူး... ဒါကြောင့် ကျွန်တော်တို့က ကမ္ဘာ့ထိပ်တန်းအဆင့်နဲ့ ရင်ပေါင်တန်းနိုင်တဲ့ ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ် ဉာဏ်ရည်တုနည်းပညာဖြစ်တဲ့ Ar ကို တိုက်ရိုက် မိတ်ဆက်ပေးသွားမယ်ဆိုတာကိုပဲ အားလုံးကို ရှင်းရှင်းလင်းလင်း ပြောပါရစေ..."
ကျန်းချန် စကားပြောအပြီးမှာပင် ဉာဏ်ရည်မြင့်မားသော သက်ရှိတစ်ဦးနှင့် ဆင်တူသည့် ရုပ်ပုံတစ်ခုက အခမ်းအနားရှိ ဖန်သားပြင်ကြီးပေါ်၌ ချက်ချင်း ပေါ်လာတော့၏။
"ဒါကတော့ Ar လို့ နာမည်ပေးထားတဲ့ ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ် စူပါ ဉာဏ်ရည်တုစနစ်ပါပဲ..."
"Ar ရဲ့ လက်ရှိနည်းပညာက ကမ္ဘာ့အဆင့်မြင့်ဆုံး ဉာဏ်ရည်တု (AI) နည်းပညာနဲ့ ရင်ပေါင်တန်းနိုင်ပါတယ်... အခု ဒီမှာရှိတဲ့ သတင်းထောက်တွေနဲ့ မီဒီယာမိတ်ဆွေတွေက စမ်းသပ်မှုတချို့ ပြုလုပ်ပေးကြပါလိမ့်မယ်..."
အခမ်းအနားရှိ သတင်းထောက်များနှင့် ဝန်ထမ်းများက Ar AI ကို ဘက်စုံစမ်းသပ်မှု ပြုလုပ်နေကြချိန်တွင် ကျန်းချန်၏ မျက်နှာ၌ ယုံကြည်မှုများဖြင့် တောက်ပနေခဲ့လေသည်။
စမ်းသပ်မှု ပြီးစီးသွားသည်နှင့် တစ်ပြိုင်နက် သတင်းထောက်များအားလုံးမှာ မျက်လုံးများ ပြူးကျယ်သွားကြရပေ၏။ သူတို့၏ ထက်မြက်လှသော သတင်းထောက် အာရုံခံစားမှုက ဤအရာသည် တစ်နိုင်ငံလုံး အတိုင်းအတာဆောင်သော သတင်းကြီးတစ်ခု ဖြစ်လာမည်ဟု ပြောပြနေတော့သည်။