← Chapters

အခန်း ၁၁၀

Vol. 11 Ch. 110

အခန်း ၁၁၀

Vol. 11 Ch. 110

အခန်း (၁၁၀) မင်းတို့က အရမ်း အနိုင်ကျင့်လွန်းနေပြီ

"ဟားဟား... သေချာတာပေါ့... လုံးဝ မဖျက်ပေးနိုင်ဘူး... ငါ ဒါကို အင်တာနက်ပေါ်မှာ တင်မှာ... ဒါပေမဲ့ report အထုခံရပြီး ပျက်သွားမှာကို ကာကွယ်ဖို့အတွက် မင်းရဲ့ မျက်နှာကိုတော့ မှုန်ထားပေးပါ့မယ်..."

စုယွမ်က ပြန်ဖြေလိုက်၏။

ဤစကားကို ကြားချိန်တွင် ကြီးကြပ်ရေးမှူးမှာ ချက်ချင်း ထိတ်လန့်သွားရလေသည်။ အလွန်ငယ်ရွယ်ပုံရသော ဤလူငယ်လေးသည် အမှန်တကယ်ပင် Ar နည်းပညာကုမ္ပဏီ၏ သူဌေးကြီး ဖြစ်နေမည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ မထင်မှတ်ထားခဲ့ချေ။

ယခုတစ်ကြိမ်တော့ တကယ်ကို မှားယွင်းသွားခဲ့လေပြီ။

ဤမျှကြီးမားသော သူဌေးကြီးတစ်ဦးက စီးပွားရေးတန်းမှ မစီးဘဲ ရိုးရိုးတန်းတွင်သာ အတင်းအကျပ် ထိုင်နေရခြင်းမှာ အဓိပ္ပာယ်မရှိလှပေ။ သူမက သူ့အပေါ် ရိုင်းစိုင်းခဲ့မိသည်မှာ အရာအားလုံးက သူ့ကြောင့်ပင် ဖြစ်နေပေ၏။

"အို... လူကြီးမင်း... ဟိုဘက်မှာ သွားပြီး စကားပြောကြမလား..."

စုယွမ်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ချိန်တွင် ကြီးကြပ်ရေးမှူးသည် ဆွဲဆောင်ဖြားယောင်းသော အကြည့်များဖြင့် ကြည့်ရှုလာကာ သူမ၏ မျက်လုံးများက အိမ်သာဘက်ဆီသို့ ရွေ့လျားသွားခဲ့၏။

"မလိုပါဘူး... ဒီနေ့ မင်း ဘာပဲပြောပြော ဒီကိစ္စကို အဆုံးထိ ငါ လိုက်မှာပဲ... မင်း မသေသရွေ့တော့ ငါ စုယွမ်က ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူး... မင်း တွင်းနက်ကြီးထဲ မကျသွားသရွေ့ ငါ စုယွမ်က ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ဘူး... မဟုတ်ရင် သာလွန်မြင့်မြတ်လှပါတယ်ဆိုတဲ့ မင်းရဲ့ အရှက်ခွဲတာကို ခံခဲ့ရတဲ့ လူတွေအားလုံးကို ငါ ကျောခိုင်းသလို ဖြစ်သွားလိမ့်မယ်..."

"မင်းက သနားညှာတာဖို့ တောင်းပန်နေရင်တောင် ငါက နည်းနည်းလေးတောင် ယိမ်းယိုင်သွားမှာ မဟုတ်ဘူး... စိတ်မပူပါနဲ့... မင်းတို့ ကုမ္ပဏီကို ငါကိုယ်တိုင် ဆက်သွယ်လိုက်မယ်... လေယာဉ်ပေါ်က ငါ ဆင်းမယ့်အချိန်က မင်း အလုပ်ထုတ်ခံရမယ့်အချိန်ပဲ ဖြစ်ရမယ်..."

စုယွမ် စကားပြောအပြီးတွင် ဝင်ထိုင်လိုက်ကာ အနားယူရန် မျက်လုံးများကို မှိတ်ထားလိုက်ပြီး ထိုနှစ်ဦးအား ဆက်လက်၍ အာရုံစိုက်ရန် ရည်ရွယ်ချက် မရှိတော့ချေ။

ဤနှစ်ဦးက သူတို့၏ အလုပ်အကိုင်ကို အခြားသူများအပေါ် အထင်သေးခွင့်၊ အခြားအလုပ်အကိုင်မှ လူများကို နှိမ့်ချခွင့် သို့မဟုတ် အရှက်ခွဲခွင့်ပေးထားသည့် မယုံနိုင်လောက်အောင် အဆင့်မြင့်သောအရာ တစ်ခုအဖြစ် ယုံကြည်နေကြမှတော့ သူတို့ အဂုဏ်ယူဆုံးဖြစ်နေသော အလုပ်ကို ဆုံးရှုံးခွင့် ပေးလိုက်မည်သာ ဖြစ်ပေသည်။

ဤကိစ္စမှာ ကြီးမားလျှင်လည်း ကြီးမားနိုင်သလို သေးငယ်လျှင်လည်း သေးငယ်နိုင်ပေ၏။ အကယ်၍ မည်သူကမျှ စုံစမ်းစစ်ဆေးခြင်း မရှိပါက ဘာမှဖြစ်လာမည် မဟုတ်ချေ။ ဤသည်က သူတို့ကို ပို၍ ရဲတင်းလာစေမည်ဖြစ်ပြီး သူတို့သည် အခြားသူများထက် သာလွန်နေသည်ဟု ထင်မြင်လာစေလိမ့်မည်။

ယနေ့တွင် အဘိုးဝမ် ဤကဲ့သို့သော ကိစ္စမျိုးနှင့် ကြုံတွေ့ခဲ့ရပြီး အနာဂတ်တွင်လည်း အခြားသူများစွာ အလားတူ ကိစ္စမျိုးနှင့် ကြုံတွေ့ရနိုင်ပေသည်။

ဤဗီဒီယို ထွက်ပေါ်သွားသည်နှင့် အင်တာနက်ပေါ်တွင် မလွဲမသွေ ပျံ့နှံ့သွားပေလိမ့်မည်။ ကြီးမားလှသော ပြည်သူလူထု၏ ဖိအားကို မကြောက်ရွံ့သော ကုမ္ပဏီဟူ၍ မရှိနိုင်ချေ။ အကယ်၍ အမှားတစ်ခု ပြုလုပ်မိပါက ပြိုင်ဘက်များက ဖျက်ဆီးပစ်ရန် ကြိုးစားလာကြမည်မှာ သေချာပေ၏။

ထိုအချိန်ကျလျှင် ကောထိုက်လေကြောင်းလိုင်းမှာ စတော့ဈေးကွက်၌ ထိုးနှက်ချက်တစ်ခုကို သေချာပေါက် ခံစားရပေလိမ့်မည်။

စုယွမ်၏ စကားကို ကြားချိန်တွင် လေယာဉ်မယ်နှင့် ကြီးကြပ်ရေးမှူးတို့မှာ ဆွံ့အသွားကြပြီး မြေပြင်ပေါ်သို့ ပြိုလဲကျလုနီးပါး ဖြစ်သွားကြရလေ၏။

ဤအလုပ်သည် သူတို့၏ အသက်သွေးကြောဖြစ်ပြီး ငွေရှာရန် နည်းလမ်းတစ်ခု ဖြစ်သည့်အပြင် အာဏာရှိပြီး ဩဇာတိက္ကမ ကြီးမားသော လူများနှင့် အဆက်အသွယ် ပြုလုပ်ရန် လမ်းကြောင်းတစ်ခုလည်း ဖြစ်ပေသည်။ ဤသို့ အလုပ်ထုတ်ခံလိုက်ရခြင်းမှာ သူတို့၏ အသက်ရှင်သန်ရန် အခွင့်အရေးကို ဖြတ်တောက်လိုက်ခြင်းပင် ဖြစ်တော့သည်။

"မဟုတ်ဘူး... မဟုတ်ပါဘူး... ဥက္ကဋ္ဌစု... ဥက္ကဋ္ဌစု... ကျွန်မတို့ မှားသွားပါတယ်... ကျွန်မတို့ မှားသွားပါတယ်..."

"ကျေးဇူးပြုပြီး သနားညှာတာပေးပါ... သဘောထား မသေးသိမ်ပါနဲ့... ရှင်တို့က အရေးပါတဲ့ ပုဂ္ဂိုလ်တွေပါ... ကျွန်မတို့လို အောက်ခြေလူတန်းစားတွေ အဆင့်ထိ ဆင်းပြီး အရေးယူနေစရာ မလိုပါဘူး..."

"ကျေးဇူးပြုပြီး ဗီဒီယိုကို မတင်ပါနဲ့... ကျေးဇူးပြုပြီး ကျွန်မတို့ကို မတိုင်ပါနဲ့... ကျွန်မတို့ အသက်ရှင်ဖို့ လမ်းစလေးတစ်ခုတော့ ပေးပါ..."

"ကျေးဇူးပြုပြီးပါ... တကယ်လို့ ရှင်က ကျွန်မတို့ကို အလုပ်ထုတ်ပစ်လိုက်ရင် ကျွန်မတို့က အောက်ဆုံးလူတန်းစားတွေ ဖြစ်သွားလိမ့်မယ်..."

လေယာဉ်မယ်မှာ မျက်ရည်များ စီးကျလာပြီး ချက်ချင်းပင် တောင်းပန်လာတော့သည်။ စောစောက ထိုမျှကျယ်လောင်စွာ ပြောဆိုခဲ့မိသည်ကို သူမ နောင်တရနေခဲ့မိ၏။ အကယ်၍ သူမသာ တိုးတိုးလေး ပြောခဲ့မည်ဆိုပါက ဤဥက္ကဋ္ဌစု ကြားနိုင်မည် မဟုတ်ပေ။

"လေယာဉ်ခန်းထဲက လူတိုင်းကို တောင်းပန်လိုက်... ခုနက မင်းတို့ရဲ့ စကားတွေက သူတို့ကိုလည်း စော်ကားမိသွားတယ်..."

စုယွမ်က အေးစက်စွာ ပြောလိုက်၏။

ဤစကားကို ကြားချိန်တွင် ထိုနှစ်ဦးမှာ ချက်ချင်း တက်ကြွသွားကြသော်လည်း သူတို့၏ မျက်နှာအမူအရာများမှာ ချက်ချင်းပင် အနေရခက်သွားကြတော့သည်။

ရိုးရိုးတန်းမှ လူများကို တောင်းပန်ရမည်ဆိုသည်မှာ သူတို့အတွက် အတော်လေး ခက်ခဲနေခဲ့ပေ၏။

"ဥက္ကဋ္ဌစု... ရှင် တခြားနည်းလမ်းနဲ့..."

လေယာဉ်မယ်က တခြားချဉ်းကပ်မှုတစ်ခုကို အကြံပြုရန် ပြင်လိုက်သော်လည်း ကြီးကြပ်ရေးမှူးက အလျင်အမြန် တားဆီးလိုက်လေ၏။

"ကျွန်မတို့ တောင်းပန်ပါတယ်... ကျွန်မတို့ တောင်းပန်ပါတယ်..."

ကြီးကြပ်ရေးမှူးနှင့် လေယာဉ်မယ်တို့သည် ခရီးသည်များအား မလွှဲမရှောင်သာ ဦးညွှတ်လိုက်ကြပြီး ပြောဆိုလိုက်၏။

"အားလုံးကို တောင်းပန်ပါတယ်... အောက်တန်းစားတွေအကြောင်း ခွဲခြားဆက်ဆံတဲ့ ကျွန်မတို့ရဲ့ စကားတွေက ရှင်တို့ကို နက်နက်ရှိုင်းရှိုင်း ထိခိုက်မိသွားစေတယ်... ဒီနေရာမှာပဲ ကျွန်မတို့ တောင်းပန်ပါတယ်..."

တောင်းပန်မှုတစ်ခု ဖြစ်သော်လည်း ရိုးသားမှု လုံးဝကင်းမဲ့နေခဲ့သည်။

ဤစကားများကို ကြားချိန်တွင် လူတိုင်း၏ မျက်ခုံးများ တွန့်ချိုးသွားကြပြီး မကျေမနပ်ဖြစ်သွားကြပေ၏။

"ရိုးသားမှု မလုံလောက်သေးဘူး..."

စုယွမ်က ပြောလိုက်သည်။

"မင်းတို့နှစ်ယောက် အားလုံးကို ဒူးထောက်ပြီး အရိုအသေပေးလိုက်ရင်ရော ဘယ်လိုလဲ... အဲဒီလိုလုပ်ရင် ဒီတစ်ခါတော့ ငါ မင်းတို့ကို ခွင့်လွှတ်ပေးကောင်း ပေးနိုင်လိမ့်မယ်..."

စုယွမ်က ဆက်ပြောလိုက်၏။

"ရှင်..."

ကြီးကြပ်ရေးမှူးသည် စုယွမ် ဆိုလိုသည့်အရာကို ချက်ချင်း သဘောပေါက်သွားပြီး မျက်နှာနီရဲသွားတော့၏။

ဤသည်မှာ ရှင်းလင်းစွာပင် အနိုင်ကျင့်နေခြင်း ဖြစ်ပေသည်။ ငွေများစွာနှင့် အာဏာရှိရုံဖြင့် ဤသို့ လူများကို အရှက်ခွဲနိုင်သည်ဟု ထင်နေပုံရ၏။

ဤလူများ၌ ကိုယ်ကျင့်တရားများ လုံးဝ ရှိမနေခဲ့ချေ။ သူတို့နှင့် အောက်ခြေလူတန်းစားများအကြား မည်သည့်ကွာခြားချက်မှ ရှိမနေခဲ့ပေ။

"ရှင်က ကျွန်မတို့ကို လွှတ်ပေးဖို့ တစ်ခါမှ မရည်ရွယ်ခဲ့ဘူး... တမင်သက်သက် ကစားနေတာ မဟုတ်လား..."

"လူ့အသိုင်းအဝိုင်းရဲ့ အောက်ခြေက ဒီလူတွေကို ကျွန်မတို့က တောင်းပန်လိုက်ရတာနဲ့တင် ရှင်က ကျွန်မတို့ကို အမှန်တကယ် အရှက်ခွဲလိုက်တာပဲ... ကျွန်မတို့ တောင်းပန်ပြီးသွားပြီလေ... အဲဒါကိုတောင် ရှင်က ဒူးထောက်စေချင်သေးတာလား... ရှင်က ချမ်းသာရုံလေးနဲ့ ကျွန်မတို့ကို ခြယ်လှယ်ပြီး စိတ်ကြိုက် အရှက်ခွဲနိုင်တယ်လို့ ထင်နေတာ မဟုတ်ဘူးလား..."

"ရှင်ကရော အရမ်း ကိုယ်ကျင့်တရား ကောင်းနေတယ်လို့ ထင်နေတာလား..."

ကြီးကြပ်ရေးမှူးက အော်ဟစ်လိုက်လေ၏။

"ကိုယ်ကျင့်တရား ကောင်းမကောင်း ဆိုတာကို ဘေးဖယ်ထားလိုက်... မင်းပြောတာ တစ်ခုတော့ မှန်တယ်... ငါက မင်းတို့ကို စိတ်ကြိုက် အရှက်ခွဲနိုင်တယ်... မင်းတို့ ငါ့ကို မကြည့်ဖြူဘူး မဟုတ်လား... ငါ့ကို မကြည့်ဖြူပေမဲ့ ဘာမှလုပ်လို့မရဖြစ်နေတာကို ငါ အရမ်း သဘောကျတယ်ဆိုတာပဲ..."

စုယွမ်သည် သူ၏ လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ပြီး သူ၏ အမူအရာမှာ တော်တော်လေး သဘောကျနေပုံရပေ၏။

မတူညီသော လူအမျိုးအစားများနှင့် ဆက်ဆံရာတွင် မတူညီသော နည်းလမ်းများ ရှိပေသည်။ သူတို့က သာလွန်မြင့်မြတ်သည်ဟု ထင်နေကြမှတော့ သူတို့ထက် ပို၍ သာလွန်သော ရှုထောင့်မှနေပြီး သူတို့ကို ကိုင်တွယ်ရမည်သာ ဖြစ်ပေ၏။

"ရှင်..."

လေယာဉ်မယ်နှင့် ကြီးကြပ်ရေးမှူးတို့မှာ အလွန်အမင်း ဒေါသထွက်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ချေ။ ဤလူကို ရင်ဆိုင်ရန် သူတို့၌ မည်သည့်အာဏာမှ ရှိမနေခဲ့ပေ။

"ကစားပွဲကို မကိုင်တွယ်နိုင်ဘူးဆိုရင် မကစားနဲ့လေ..."

"အရင်တုန်းက သူတို့ကို အောက်တန်းစားတွေလို့ မင်းတို့ ပြောခဲ့ကြတာ မဟုတ်ဘူးလား..."

"ဒါပေမဲ့ မင်းတို့ရဲ့ ယုတ္တိအရဆိုရင်..."

"ဥက္ကဋ္ဌစုရဲ့ ရှေ့မှာ မင်းတို့ကလည်း အောက်တန်းစားတွေ ဖြစ်မနေဘူးလား..."

ထိုလူက လှောင်ပြောင်သည့် အပြုံးဖြင့် ဆက်ပြောလိုက်လေသည်။

"ကွက်တိပဲ... မင်းတို့က ဘာလို့ ဒီလောက် ဟန်ဆောင်နေကြတာလဲ..."

"မင်းတို့တွေ စိုးရိမ်ပူပန်နေကြပေမဲ့ ဘာမှ မဖြေရှင်းနိုင်တာကို ကြည့်ရတာ ငါ အရမ်း သဘောကျတာပဲ..."

"ငါလည်း ဗီဒီယို ရိုက်ထားတယ်... နောက်ကျရင် မင်းတို့ မျက်နှာတွေကို မှုန်ပြီး အတူတူ တင်လိုက်မယ်..."

"ငါက သတင်းထောက်တစ်ယောက်ပဲ... အဓိက မီဒီယာအေဂျင်စီတွေကို ငါ ဆက်သွယ်လိုက်မယ်... မင်းတို့ရဲ့ လုပ်ရပ်တွေ အင်တာနက်ပေါ်မှာ ပြန့်နှံ့သွားစေရမယ်..."

"ကြီးမားတဲ့ ပြည်သူလူထုရဲ့ မုန်တိုင်းနဲ့ သူတို့ကို ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့တဲ့အတွက် အထက်လူကြီးတွေက မင်းတို့ကို ဘယ်လို ဆက်ဆံမလဲဆိုတာ ငါ သိချင်မိတယ်..."

"မင်းတို့နှစ်ယောက်က ဟောင်ကောင်ကပဲ မဟုတ်လား... မင်းတို့လုပ်ခဲ့တဲ့ လုပ်ရပ်တွေက ဟောင်ကောင်လူမျိုးတွေကို တကယ်ကို အရှက်ရစေတာပဲ..."

"ကိုယ့်ကိုယ်ကိုယ် အောက်ခြေလူတန်းစား၊ အထက်တန်းစား ဆိုပြီး အမြဲတမ်း ခေါ်နေကြတာ... နည်းပညာမြင့်ထားတဲ့ မင်းတို့ရဲ့ မျက်နှာတွေကိုလည်း ပြန်ကြည့်ဦး... အထက်တန်းစားဆိုတာ ငါ့ဖင်ကြီးကို အထက်တန်းစားဖြစ်မယ်..."

လေယာဉ်ခန်းအတွင်းရှိ လူများက ချက်ချင်းပင် ထိုနှစ်ဦးကို နှုတ်ဖြင့် စတင်တိုက်ခိုက်ကြတော့၏။

မရေမတွက်နိုင်သော စကားလုံးများက ဓားသန်လျက်များအသွင် ဖန်တီးကာ ထိုနှစ်ဦးထံသို့ ခုတ်ပိုင်းကျဆင်းသွားလေသည်။

"ရှင်တို့... လူ့အသိုင်းအဝိုင်းရဲ့ အောက်ခြေက ရှင်တို့တွေ... ရှင်တို့က ရိုးရိုးတန်းမှာ ထိုင်ဖို့ပဲ ထိုက်တန်တာ..."

"ရှင်တို့ ဘယ်လိုလုပ် ဒီလိုလုပ်ရက်ရတာလဲ..."

"ဒါက တကယ်ကို တရားမျှတမှု မရှိဘူး..."

ကြီးမားလှသော ဖိအားကို ခံနိုင်ရည်မရှိတော့ဘဲ ထိုနှစ်ဦးမှာ မြေပြင်ပေါ်သို့ ပြိုလဲကျသွားကြတော့၏။

All Chapters