← Chapters

အသက်ကိုပင် လောင်းကြေးထပ်လျက်

Vol. 98 Ch. 1361

အသက်ကိုပင် လောင်းကြေးထပ်လျက်

Vol. 98 Ch. 1361

ရွှမ်းဖန်သည် သူ့ပတ်ဝန်းကျင်ရှိ အချိန်စီးကြောင်း ပုံပျက်နေသည့်အလား ဝေဝါးစပြုလာ၏။ တဖြည်းဖြည်း နှစ်ထောင်ပေါင်းများစွာ၊ ခေတ်ပေါင်းများစွာနှင့် ရွှမ်းဖန်၏ပုံရိပ်ပေါင်းများစွာ ...ဖြတ်ပြေးနေသကဲ့သို့ ထင်ရသည်။

ဤသည်မှာ ပါရာဂွန်တစ်ဦးဖြစ်လာ၍ အချိန်အနှစ်သာရကို ကျွမ်းကျင်ပြီးနောက်ပိုင်း ရွှမ်းဖန် ရရှိခဲ့သော ပြီးပြည့်စုံသည့် အသက်ကယ်မှော်အစွမ်းဖြစ်သည်။ ၎င်းက သူ ဖြတ်သန်းခဲ့သည့် နှစ်ထောင်ပေါင်းများစွာတွင် တည်ရှိသော နှစ်ခြောက်ဆယ်ရပ်ဝန်းအားလုံးကို ကိုယ်စားပြုလေသည်။

ဤကဲ့သို့မှော်အတတ်တစ်ခုသည် ကြောက်မက်ဖွယ်ကောင်းသည်ဟုသာ ဖော်ပြနိုင်ပြီး ၎င်းဖြင့် အနှစ်သာရ ၈ ခု ပါရာဂွန်၏လက်ထဲမှပင် ဘေးမသီရန်မခ ထွက်ပြေးနိုင်သည်။

အချိန်စီးကြောင်းထဲ၌ သူ ချန်ခဲ့သော ဝိညာဉ်အားလုံးကို ဖျက်စီးမှသာလျှင် သူ့အား အောင်မြင်စွာ ချေမှုန်းနိုင်မည်။ ထိုဝိညာဉ်များထဲ တစ်ကိုယ်ကျန်ခဲ့သရွေ့ သူသည် ချက်ချင်း အကောင်းပကတိအတိုင်း သက်သာလာနိုင်၏။ သူ့အတွက် ကံဆိုးသည်ကား ဤကဲ့သို့ ပြီးပြည့်စုံသောမှော်အစွမ်းကို တစ်သက်မှာ တစ်ခါသာ အသုံးပြုနိုင်ခြင်းပင်။

သူသာ ၎င်းကို တလွဲသုံးမိလျှင် မဟာအချိန်တာအို၏ တန်ပြန်သက်ရောက်မှုက သူ့ကို အချိန်အဖြစ် ပြောင်းလိုက်လိမ့်မည်။ သူ၏အသိစိတ် ပျောက်ကွယ်သွားပြီး သူသည် အနှစ်သာရကျွန်တစ်ဦး ဖြစ်လာလိမ့်မည်။

ဤအခိုက်အတန့်တွင် ဆယ့်ငါးမိနစ်၏ ခြောက်ဆယ်ရာခိုင်နှုန်းခန့် ကုန်သွားခဲ့လေပြီ။ မန်ဟို့အတွက် အနှစ်သာရ ၇ ခု အဆင့်ပါရာဂွန်တစ်ဦး၏ အတိုက်အခိုက်အားကို ထိုမျှကြာကြာ တောင့်ခံနိုင်ခဲ့ရုံနှင့်တင် အထင်ကြီးစရာကောင်းနေပြီဖြစ်သည်။ ထို့ထက်ပို၍ပင် အထင်ကြီးစရာကောင်းသည်မှာ မန်ဟိုသည် ယခုလို ပြီးပြည့်စုံသောမှော်အစွမ်းကို ရွှမ်းဖန် မဖြစ်မနေ ထုတ်သုံးရအောင် ဖိအားပေးနိုင်ခဲ့၏။ အဆုံးသတ်တွင် ရှုံးနိမ့်သွားရသော်လည်း... မန်ဟို တိုက်ခိုက်ခဲ့သောပုံစံကာ ခမ်းနားကြီးကျယ်သည်။

ပါရာဂွန်ရွှမ်းဖန်သည် သူ၏ပြီးပြည့်စုံသော မှော်အစွမ်းအလုံးစုံကို ထုတ်လွှတ်ရင်း ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်၏။ ဝိညာဉ်ချုပ်နှောင်အလင်းစက်လုံးကို မရှောင်နိုင်သည့်အတွက် သူက လက်နှစ်ဖက်လုံးကို အရှေ့သို့ဆန့်တန်းရင်း ၎င်းအား ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ရွှမ်းဖန်၏ပတ်ပတ်လည် အာကာသထဲရှိ အရာအားလုံးမှာ စက်လုံးဘက်သို့ ဦးတည်လျက် ပုံပျက်ရှုံ့တွလာသဖြင့် တဝုန်းဝုန်းမြည်သံများ ဟိန်းထွက်လာသည်။ ထို့နောက် ၎င်းတို့သည် စက်လုံးကို ဝင်တိုက်ကာ ချက်ချင်း ခြေမွပစ်လိုက်၏။

“ဒီမှော်အစွမ်းက မပြည့်စုံဘူးလို့ ငါ လောင်းတယ်။ ဒီလိုမပြည့်စုံတဲ့ မှော်အစွမ်းတစ်ရပ်က အချိန်စီးကြောင်းတစ်လျှောက်လုံးမှာ ရှိတဲ့ ငါ့ဝိညာဉ်တွေကို မဖျက်စီးနိုင်ဘူးလို့ ငါ လောင်းတယ်” ရွှမ်းဖန်၏အချိန်အနှစ်သာရသည် နောက်ကျိနေသော အလင်းစက်လုံးကို ဝင်တိုက်ကာ မျက်စိကျိန်းစဖွယ် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာစေ၏။

ထူးဆန်းစွာနှင့် အလင်းရောင်သည် စက်လုံးထံမှ မီတာသုံးရာအကွာသို့ ဖြာထွက်မသွားပေ။ သို့သော် ထိုဧရိယာအတွင်းမှာ ခြစ်ခြစ်တောက်နေသော နေတစ်စင်းဖြစ်လာသည့်အလား တောက်ပနေသည်။

ထိုမီတာသုံးရာဧရိယာအတွင်း၌ ရွှမ်းဖန်၏မျက်နှာကြီးသည် မဲ့နေ၏။ နောက်ကျိသောအလင်းစက်လုံးက ပျောက်ကွယ်သွားပြီး အချိန်အနှစ်သာရထဲ ထိုးဖောက်ဝင်ရောက်သွားသော အငွေ့တန်းခြောက်တန်း ဖြစ်လာသည်။ နှစ်ထောင်ပေါင်းများစွာသော ထိုအချိန်ကာလထဲတွင် အငွေ့တန်းခြောက်တန်းသည် ပါရာဂွန်ရွှမ်းဖန်၏ဝိညာဉ်များကို စတင်သုတ်သင်တော့၏။

မည်သည့်အသံမှ မကြားရသော်ငြား ပါရာဂွန်ရွှမ်းဖန်၏ပတ်ပတ်လည်ရှိ လိမ်ဖယ်နေသော အချိန်စီးကြောင်းထဲတွင် သူ၏ဝိညာဉ်ဆယ်ရာခိုင်နှုန်းကျော် သုတ်သင်ခံနေရသဖြင့် အလင်းရောင်များ တဖျတ်ဖျတ်လက်နေသည်ကို မြင်ရနိုင်သည်။

ဝိညာဉ်ဆယ်ရာခိုင်နှုန်းကျော် ဆုံးရှုံးလိုက်ရခြင်းက ပါရာဂွန်ရွှမ်းဖန်၏မျက်နှာကို မသာမယာဖြစ်လာစေသည်။ သို့သော် ထိုအရေအတွက်သည် လျင်မြန်စွာပင် နှစ်ဆယ်ရာခိုင်နှုန်းသို့ ရောက်ရှိသွား၏။ ထို့နောက် သုံးဆယ်ရာခိုင်နှုန်း၊ လေးဆယ်ရာခိုင်နှုန်းနှင့် ငါးဆယ်ရာခိုင်နှုန်းအထိ....

ငါးဆယ်ရာခိုင်နှုန်းထက်ကျော်လာသောအခါတွင်တော့ ပါရာဂွန်ရွှမ်းဖန်၏မျက်လုံးများတွင် ပြင်းထန်သောကြောက်လန့်မှု၊ အံ့ဩမှုနှင့် မယုံနိုင်မှုတို့ပင် ထင်ဟပ်လာတော့သည်။ သူ့မှာ ယနေ့ သေရလိမ့်မည်ဟု မယုံနိုင်ပေ။ သူ အတွက်မှားခဲ့မိသည်ဟု မယုံနိုင်ပေ။ ထိုမျှသာမက တစ်သက်၌တစ်ခါသာ အသုံးပြုနိုင်သော သူ၏အစွမ်းထက်ဆုံးအသက်ကယ်မှော်အစွမ်းက မပြည့်စုံသည့်တာအိုမှော်အစွမ်းကို ရင်ဆိုင်နိုင်စွမ်းမရှိသည်ကို မယုံနိုင်ပေ။

“မဖြစ်နိုင်တာ” သူက ဟိန်းဟောက်သည်။ ချက်ချင်းပင် သူ့ကိုယ်ထဲ၌ သွေးများ ပွက်ပွက်ဆူလာကာ အချိန်စီးကြောင်းအတွင်းရှိ ဝိညာဉ်များ၏ချီနှင့်သွေးတို့ကို အားကောင်းသော ဝိညာဉ်စွမ်းအားဖြင့် ပြည့်ဝလာစေသည်။

တစ်ချိန်တည်းမှာပင် အငွေ့တန်းခြောက်တန်းမှာ ပါရာဂွန်ရွှမ်းဖန်၏ဝိညာဉ်ငါးဆယ်ရာခိုင်နှုန်းကို သုတ်သင်ပြီးနောက် အားကုန်စပြုနေလေပြီ။ သို့သော် ၎င်းတို့သည် ဆက်လက်ဖြာထွက်ရင်း ခြောက်ဆယ်ရာခိုင်နှုန်းအထိ ဖျက်စီးလိုက်၏။ ထို့နောက်မှသာ ပျောက်ကွယ်တော့မည့် အရိပ်အယောင်များ ပြလာသည်။

မကြာမီ ဝိညာဉ်ခုနစ်ဆယ်ရာခိုင်နှုန်း အသုတ်သင်ခံလိုက်ရပြီး အငွေ့တန်းခြောက်တန်းမှာ မှေးမှိန်လာသည်။ ၎င်းတို့က ဆက်သွားနေသေးသော်လည်း အဆုံးသတ်တွင် ရွှမ်းဖန်၏ဝိညာဉ်ရှစ်ဆယ်ရာခိုင်နှုန်းပြည့်အောင် မသုတ်သင်နိုင်ဘဲ .... အရှင်းပျောက်ကွယ်သွားတော့သည်။

ထိုသို့ဖြစ်ပျက်သောအခါ မန်ဟိုမှာ သွေးတစ်ပွက်အန်၍ အားအင်ကုန်ခမ်းသွားသည်။ သူ့မျက်နှာတွင် သွေးတစ်စက်မှ မရှိတော့သလို၊ ဝိညာဉ်သုတ်သင်ခြင်း၏ တန်ပြန်ရိုက်ခတ်မှုက သူ၏အတွင်းကလီစာများကို ဖြတ်တောက်ပြီး သူ့တစ်ကိုယ်လုံးအား တဆတ်ဆတ်တုန်လျက် ကျန်ခဲ့စေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ ပြိုကွဲနေပြီး အသိစိတ်လည်း လွတ်ခါနီးလေပြီ။

သူ ရှုံးသွားခဲ့ပြီဖြစ်သည်.... သူ့မှာ ခါးခါးသီးသီး ရယ်ဖို့ရန်ပင် အားမရှိတော့ပေ။ အပြတ်အသတ်ရှုံးသွားခဲ့မှန်း သူ သိသည်။

သူ့အနေဖြင့် ယခုလိုမျိုး တစ်ခါမှ မရှုမလှမရှုံးနိမ့်ခဲ့ဖူးပေ။ သတ္တမတောင်ပင်လယ်၏သခင်အဖြူနှင့် သက်စွန့်ဆံဖျား တိုက်ခိုက်ခဲ့တုန်းကပင် အနိုင်ရရှိခဲ့သည်။ သို့သော် ယနေ့တော့ တတ်နိုင်စွမ်းသမျှအကုန် လုပ်ခဲ့ပြီးသည့်တိုင် သူ့မှာ အနိုင်ရဖို့ မျှော်လင့်ချက်တစ်စက်လေးမှ မရှိခဲ့ပေ။ မန်ဟို့နှလုံးသားတွင် ခါးသီးခြင်း၊ နာကျင်ခြင်းတို့ ပြည့်ကြပ်နေသည်။

မြစိမ်းဧကရာဇ်၏ထာဝရဂါထာသည် အလုပ်လုပ်နေဆဲဖြစ်သော်လည်း အချိန်လုံလုံလောက်လောက် မရပါက သူ့အတွက် လက်ကလေးမြှောက်၍ နတ်ဘုရားစွမ်းရည်တစ်ခု ထုတ်လွှတ်ဖို့တောင် ခဲယဉ်းလိမ့်မည်။

ထို့အပြင် ဤအခိုက်အတန့်တွင် ... အချိန်က မန်ဟို့လည်မျိုကို မြားတစ်စင်းပမာ ထောက်ထားသည်။ ဆယ့်ငါးမိနစ်၏ ခုနစ်ဆယ်ရာခိုင်နှုန်းမျှသာ ကုန်သေးသည့်အတွက် ဆက်လက်တောင့်ခံဖို့ မဖြစ်နိုင်သလောက်ပင်။

မြူများက အပြင်ရှိ စစ်မြေပြင်ကို ကာဆီးထားသောကြောင့်၊ မန်ဟိုကိုယ်တိုင်မှာလည်း ပါရာဂွန်ရွှမ်းဖန်နှင့် တိုက်ခိုက်နေစဉ် စိတ်အာရုံပျံ့လွင့်၍မဖြစ်သောကြောင့် ... အပြင်တွင်လည်း အလားတူအခြေအနေမဟန်ကြောင့် ခံစားရုံသာခံစားနေရသည်။

ရွှမ်းဖန်က နေ၏မန္တန်ဝင်္ကပါမှ အကွာအဝေးတစ်ခုတွင် တုန်ရီနေသည်။ သူ၏ပတ်ပတ်လည်ရှိ မီတာသုံးရာအလင်းမှာ ပေါင်းစည်းထားသော မန္တန်ခြောက်ခုဖြစ်သည့် မန်ဟို၏တာအိုမှော်အစွမ်းနှင့်အတူ လျင်မြန်စွာ မှေးမှိန်လာနေ၏။ မကြာမီ ပါရာဂွန်ရွှမ်းဖန် ပေါ်လာသည်။

သူ့အခြေအနေမှာ အတော်လေးရုပ်ဆင်းပျက်နေ၏။ ဆံပင်များဖွာလန်ကြဲလျက် တစ်ကိုယ်လုံး သွေးတို့ စိုရွှဲနေသည်။ သေမင်းခံတွင်းဝမှ ယခုလေးတင် လွတ်မြောက်လာခဲ့သကဲ့သို့ ကြောင်အနေသောအမူအရာတစ်ခုကို သူ့မျက်နှာထက်တွင် မြင်နိုင်၏။ ထို့နောက် သူက မန္တန်ဝင်္ကပါနှင့် ပင်ပန်းနွမ်းနယ်စွာ ထိုင်နေသော မန်ဟို့ကို လေးနက်စွာ ကြည့်သည်။

“ကောင်းကင်ဘုံ ၃၃ ဘုံမှာ ငါ့ကို ဒီလိုအခြေအနေရောက်အောင် လုပ်နိုင်မယ့်သူတွေက အနှစ်သာရ ၈ ခုအဆင့်ပါရာဂွန်နှစ်ယောက်ထဲပဲ ရှိတယ်။ ဒါပေမယ့် နောက်တစ်ယောက်ပေါ်လာခဲ့ပြီ...” ရွှမ်းဖန်သည် မန်ဟို့ကို လေးလေးစားစား ကြည့်ပြီးနောက် လက်ယှက်အရိုအသေပေး၏။

“မင်းကို ငါ လေးစားပါတယ်။ လေးစားပေမယ့်လည်း သတ်ဖို့အပြင် ရွေးချယ်စရာမရှိဘူး

“ခံယူချက်တွေမတူညီမှုကြောင့် ဒီစစ်ပွဲဖြစ်လာခဲ့တယ်။ မင်းလည်း ရွေးချယ်စရာမရှိမှန်း ငါ နားလည်တယ်။ ဒါပေမဲ့ ပါရာဂွန်ဖြစ်တာတောင်မှ ငါက အနှစ်သာရ ၇ ခုအဆင့်လေးပဲဆိုတော့ ငါ့အနေနဲ့လည်း ရွေးချယ်စရာမရှိလှဘူး

“မန်ဟို .. ငါ မင်းရဲ့နာမည်ကို အမှတ်ရနေပါ့မယ်။ အခုကတော့ ... မင်း ဒီကမ္ဘာကနေ ထာဝရထွက်သွားဖို့ အချိန်ကျပြီ” ရွှမ်းဖန်သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်၏။ အချိန်စီးကြောင်းအတွင်း၌ တည်ရှိသော သူ၏ဝိညာဉ်များအနက် ရှစ်ဆယ်ရာခိုင်နှုန်းခန့် ပျက်စီးသွားခဲ့လေပြီ။ သို့သော် တစ်ကိုယ်သာ ကျန်ခဲ့လျှင်တောင်မှ သူ့အား သတ်မရပေ။

သူ နောင်တရသည့်တစ်ခုတည်းသောအရာကတော့ ... ထိုအစွမ်းကို ထပ်မံမသုံးနိုင်တော့ခြင်းပင်။ မန်ဟိုသာ မပြည့်စုံသောတာအိုမှော်အစွမ်းကို ဒုတိယအကြိမ် ထုတ်လွှတ်နိုင်လျှင်တော့ ... သူ မလွဲဧကန် သေရလိမ့်မည်။

မန်ဟိုက သက်ပြင်းချရင်း တိတ်ဆိတ်စွာ ထိုင်နေ၏။ သေမလား၊ ရှင်မလား စိုးရိမ်ရသောအခိုက်အတန့်ဖြစ်သော်လည်း သူ မကြောက်ပေ။ ထိုအစား သူ့မိဘများ ပျောက်ဆုံးသွားပြီးနောက်ပိုင်း သူ၏ဘဝအကြောင်း၊ ယွင်ကျဲစီရင်စုတွင် စာပေသမားဖြစ်လာခဲ့သည့်အကြောင်း၊ အင်ပါယာစာမေးပွဲများအကြောင်း သူ့အား ကျင့်ကြံသူလောကသို့ ရောက်လာစေခဲ့သော တာ့ချင်းတောင်ပေါ်က အဖြစ်အပျက်များအကြောင်း တွေးနေမိသည်။

သူ၏မျက်ဝန်းထဲတွင် သူ့ဘဝ၊ သူ့မိသားစု၊ သူ့ဇနီးနှင့် သူ့မိတ်ဆွေများ၏ ပုံရိပ်များ ဖြတ်ပြေးသွားသည်....

ရွှမ်းဖန်က မန္တန်ဝင်္ကပါထဲ ဝင်ရန် ခြေတစ်လှမ်းလှမ်းလိုက်သဖြင့် တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထပ်လာသည်။ သူ ဝင်၍ မန်ဟို့ကို တတ်တော့မည့်ဆဲဆဲမှာပင် ရွှမ်းဖန် တစ်ချိန်လုံးအရေးမစိုက်ခဲ့သည့် ကျင့်ကြံသူတစ်သိန်းထံမှ ဒေါသတကြီးဟိန်းဟောက်သံကြီး ထွက်လာသည်။

မည်သည့်စကားမှ မပြော၊ မည်သည့်ဖြေရှင်းချက်မှ မပေး။ သူတို့၏ဝိညာဉ်ထဲမှ ပဲ့တင်ထပ်လာသော ... ဒေါသတကြီးဟိန်းဟောက်သံသာ ဖြစ်သည်။

ကျင့်ကြံသူတစ်ယောက်လုံး၏မျက်လုံးများက သွေးချင်းနီနေပြီး သူတို့သည် ပါရာဂွန်ရွှမ်းဖန်ကို တန်ပြန်တိုက်ခိုက်ဖို့ သူတို့၏ကျင့်ကြံခြင်းအခြေခံစွမ်းအားများနှင့် အသက်စွမ်းအားများကိုပင် ထုတ်လွှတ်လိုက်ကြ၏။

သူတို့သည် သူ့အား မန္တန်ဝင်္ကပါထဲ လုံးဝဝင်ခွင့်ပေးမည်မဟုတ်။ မန်ဟို့အား အန္တရာယ်ပြုခွင့် ပေးမည်မဟုတ်ပေ။

ရွှမ်းဖန်၏မျက်လုံးများ မီးဝင်းဝင်းတောက်သွားပြီး အေးစက်စက်နှာမှုတ်ရင်း ခပ်ပြင်းပြင်း ခြေဆောင့်နင်းသည်။ ဧရာမအားလှိုင်းကြီးက မန္တန်ဝင်္ကပါနှင့် မန်ဟို့ထံ လိမ့်ထွက်သွားသဖြင့် နေတစ်စင်းလုံး တသိမ့်သိမ့်တုန်သွားလေသည်။

မန်ဟိုသည် ဒဏ်ရာဒဏ်ချက်ပေါင်း မရေမတွက်နိုင်အောင် မရခဲ့သော်လည်း သူ ရခဲ့သော ဒဏ်ရာများမှာ အတိုင်းထက်အလွန် ပြင်းထန်သည်။ ထို့ကြောင့် အားလှိုင်း၏ဒဏ်ကို စုပ်ယူလိုက်သည်က ကျင့်ကြံသူတစ်သိန်းဖြစ်၏။

သွေးများ သူတို့၏ပါးစပ်မှ ပန်းထွက်သွားပြီး ခန္ဓာကိုယ်များ ပြိုကွဲတော့မတတ် ခြောက်ကပ်သွားသူများပင် ရှိသည်။

ဤအဖြစ်အပျက်က မန်ဟို့အား အတိတ်ကို ပြန်ပြောင်းလွမ်းမောနေရာမှ စိတ်နှင့်ကိုယ် ကပ်သွားစေ၏။ ကျင့်ကြံသူတစ်သိန်း ခေါင်းမာမာ တောင့်ခံနေပြီး သူ့ကို သေခွင့်ပေးမည့်အစား သူတို့၏အသက်အား စွန့်လွှတ်ဖို့ စိတ်ပိုင်းဖြတ်ထားသည်ကို မြင်တွေ့ရခြင်းက မန်ဟို့တစ်ကိုယ်လုံးတုန်ရီလာစေသည်။

ရွှမ်းဖန်လည်း စိတ်နှလုံးလှုပ်ခတ်သွားသည်။ သူ့မှာ ဘာပြောရမှန်းမသိတော့၍ သက်ပြင်းသာချလိုက်သော်လည်း ရက်ရက်စက်စက် တိုက်ခိုက်နေဆဲပင်။ သူ ခြေရှစ်လှမ်းလှမ်းရင်း မန္တန်ဝင်္ကပါကို ဖြတ်ကာ မန်ဟို့ထံ လာနေစဉ် သူ၏အသတ်အဖြတ်စိတ်ဆန္ဒက တဟုန်ထိုးမြင့်တက်နေသည်။ သူ၏ခြေလှမ်းတိုင်းက မန္တန်ဝင်္ကပါကို ပြင်းပြင်းထန်ထန် တုန်ခါနေစေ၏။

ကျင့်ကြံသူတစ်သိန်းမှာ သွေးတပွက်ပွက်အန်နေရပြီး မန်ဟို့ကို ကာကွယ်လေးဖို့အတွက် ... မန္တန်ဝင်္ကပါအား သူတို့စွမ်းအားကို သူတို့မသေမချင်း စုပ်ယူခွင့်ပေးထားကြသည်။ တချို့ပင်လျှင် ခြောက်ကပ်သေဆုံးကုန်ကြလေပြီ။

သူတို့က မန်ဟို့ကိုတင်မဟုတ်ဘဲ သူတို့၏အိမ်၊ သူတို့၏မွေးရပ်မြေကို ကာကွယ်နေသည်ဟု ပြောလျှင် အမှန်ဆုံးဖြစ်ကောင်းဖြစ်နိုင်သည်။

တချို့အတွက်တော့ သူတို့၏မွေးရပ်မြေပျက်စီးမှုက လက်စားချေလိုစိတ် မဖြစ်ပေါ်စေဘဲ မျှော်လင့်ချက်မဲ့စိတ်ဓာတ်ကျစေလိမ့်မည်။ သို့သော် ... စိတ်ဓာတ်အားမာန်မပြိုလဲတတ်သော လူတချို့ရှိသည်။ ထိုကဲ့လူများအတွက် သူတို့၏မွေးရပ်မြေရှင်သန်ရေးနှင့် ပတ်သက်လာလျှင် သူတို့အသက်ကို စတေးဖို့သာ ရွေးချယ်လိမ့်မည်။ ထိုလူများသည် သူတို့၏မွေးရပ်မြေပျက်စီးသွားပြီးနောက်တွင်ပင် ထာဝရစဉ်တစ်လျှောက်လုံး အငြိုးတကြီး လက်စားချေမည့် လူအမျိုးအစားများဖြစ်၏။

မိမိအိမ်ကို ကာကွယ်ဖို့ မိမိကိုယ်ကို စတေးခြင်း။

စစ်ပွဲဆိုသည်မှာ ဘယ်တုန်းကမှ အရင်းအမြစ်များအတွက် တိုက်ခိုက်ခြင်း မဟုတ်ခဲ့ပေ။ တစ်နည်းပြောရလျှင် အရင်းအမြစ်များအတွက်တိုက်ခိုက်သည့်အခါ ထိခိုက်သေဆုံးမှုမည်မျှရှိစေကာမူ ထိန်းထိန်းသိမ်းသိမ်း ရှိသည်.... ရည်ရွယ်ချက်အစစ်အမှန်က လူတစ်မျိုးစုလုံး၏ စိတ်ဓာတ်အားမာန်ကို နင်းချေဖို့ ဖြစ်လာလျှင် စစ်ပွဲသည် အမှန်တကယ် ရက်စက်လာ၏။

လူတစ်မျိုးစုလုံး၏ စိတ်ဓာတ်အားမာန်ကို သတ်ပစ်မှသာလျှင် ... လူများကို အမှန်တကယ် သုတ်သင်မျိုးဖြုတ်နိုင်လိမ့်မည်။

လူမျိုးစုတစ်စုကို သုတ်သင်ရာတွင် .... အသုတ်သင်ခံရသည်ကား အသက်သာမဟုတ်။ လူတစ်မျိုးစုလုံး၏ နှလုံးသားနှင့် ဝိညာဉ်လည်းပါသည်။

တောင်ပင်လယ်လောကနှင့် ကောင်းကင်ဘုံ ၃၃ ဘုံ၏ အကြိုစစ်ပွဲတုန်းက မန်ဟိုသည် မီးစတစ်စကို မီးညှိပေးခဲ့၏။ သူက တောင်ပင်လယ်လောကသားကျင့်ကြံသူအပေါင်း၏ မျက်စိရှေ့တည့်တည့်တွင် ကောင်းကင်ဘုံ (၁) ကို မီးလောင်တိုက်သွင်းပစ်ခဲ့သည်။ သူကား .... လူသားအားလုံး၏ စိတ်ဓာတ်အားမာန်ကို နှိုးဆွပေးခဲ့လေသည်။

ထိုသို့ဖြစ်ပျက်သောအခါ စစ်ပွဲသည် ပြောင်းလဲသွား၏။ ကောင်းကင်ဘုံ ၃၃ ဘုံအနေဖြင့် တောင်ပင်လယ်လောကသားများကို သုတ်သင်ကောင်း သုတ်သင်နိုင်လိမ့်မည်... သူတို့၏ဝိညာဉ်များကိုတော့ မသုတ်သင်နိုင်ပေ။

ဤအခိုက်အတန့်တွင် ပါရာဂွန်ရွှမ်းဖန်၏ခြေလှမ်းတိုင်းက ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက်အား သေဆုံးနေစေသည်။ သွေးတို့ တသွင်သွင် စီးဆင်းနေပြီး ခန္ဓာကိုယ်များ ခြောက်ကပ်နေကြသည်။ သူတို့ကား ... အချိန်ဆွဲဖို့ သူတို့၏သေခြင်းတရားကို အသုံးပြုနေပေသည်။

“မင်းတို့ .. ဒီလို လုပ်စရာမလိုပါဘူး....” မန်ဟိုက မျက်လုံးများဝေဝါးနေသည့်ကြားမှ၊ တစ်ကိုယ်လုံး တုန်ရီနေသည့်ကြားမှ ပြောသည်။ သူသည် ပတ်ပတ်လည်ရှိ ကျင့်ကြံသူများကို လှည့်ပတ်ကြည့်လိုက်၏။ စစ်ပွဲမစခင်တုန်းက ဤလူများကို သူ မြင်ပင်မမြင်ခဲ့ဖူးပေ။ သူ့အတွက် သူစိမ်းများဖြစ်သည်။ သူတို့တွင် မိသားစု၊ ဂိုဏ်းများ၊ ချစ်ရသူများနှင့် ကလေးများပင် ရှိလိမ့်မည်။ သို့သော် ယခုတွင် ... သူတို့ကား ရွှမ်းဖန်၏ခြေလှမ်းအား နှေးကွေးစေဖို့ သူတို့၏အသက်ကိုပင် တုံ့ဆိုင်းခြင်းမရှိ စတေးနေကြလေပြီ။

ခန္ဓာကိုယ်များ ခြောက်ကပ်၍ ဝိညာဉ်များ ပြိုကွဲကုန်သည်။ သူတို့မှာ လေ၏အဝှေ့ကြောင့် ငြိမ်းသေရတော့မည့် ဖယောင်းတိုင်များအလားပင်။ နောက်ဆုံးတော့ မန်ဟို့ပါးစပ်မှ ပူဆွေးနေသော ဟိန်းဟောက်သံကြီး ထွက်လာသည်။

ရွှမ်းဖန်ကို ကြည့်နေစဉ် သူ့မျက်လုံးများက နီရဲတောက်လာပြီး သူ့ရင်ထဲ၌ မီးတောက်တစ်စ ဖျတ်ခနဲ တောက်လာသည်။ ဤအခိုက်အတန့်တွင် မန်ဟို့အနေဖြင့် ဝှက်ဖဲအားလုံး ကစားခဲ့ပြီးပြီဖြစ်ရာ လုပ်စရာတစ်ခုသာ ကျန်တော့သည်။

သူက လက်ဝှေ့ယမ်းရင်း သူ၏အသက်စွမ်းအားအားလုံးကို ဆင့်ခေါ်ကာ ဝိညာဉ်မီးအိမ် ၃၃ လုံးကို ထုတ်ဖော်လိုက်လေသည်။

All Chapters