ဝိညာဉ်မီးအိမ်လေးလုံးကို ငြှိမ်းခြင်း
Vol. 98 Ch. 1362
မန်ဟို၏ဝိညာဉ်မီးအိမ် ၃၃ လုံးအနက် ၆ လုံးငြိမ်း၍ ကျန် ၂၇ လုံး လင်းနေသေးသည်။ ပျက်စီးခြင်းခုနစ်မျိုးအနက် သူသည် ပထမပျက်စီးခြင်းကို အောင်မြင်စွာ ကျော်လွားနိုင်ခဲ့သည့်အပြင် ဒုတိယပျက်စီးခြင်းတွင်လည်း ပြစ်ဒဏ်တစ်ခုကို ရင်ဆိုင်ခဲ့ပြီးသည့်အတွက် ... ထိုပျက်စီးခြင်းအား အောင်မြင်စွာ ကျော်ဖြတ်ဖို့ နောက်ထပ်ဝိညာဉ်မီးအိမ်လေးလုံး ကျန်လေသည်။
အတိတ်တုန်းက သူသည် ဝိညာဉ်မီးအိမ်များကို ငြှိမ်းရာ၌ ရလဒ်နှင့်ပတ်သက်၍ ယုံကြည်ချက်အပြည့်အဝရှိမှ ဆက်လက်လုပ်ဆောင်ခဲ့၏။ သို့သော် ယခုအချိန်မှာ ... သေရေးရှင်ရေးအခိုက်အတန့်ဖြစ်သည်။ ကျင့်ကြံသူတစ်သိန်းသည် သူ့ကို ကာကွယ်ပေးဖို့ သေနေကြလေပြီ။ ထို့ကြောင့် ယုံကြည်ချက်အပြည့်အဝမရှိသည့်တိုင် သူ့တွင် ရွေးချယ်စရာမရှိပေ။
ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက် ခြောက်ကပ်သေဆုံးနေစဉ် မန်ဟိုက အံတင်းတင်းကြိတ်လိုက်ပြီး သူ၏မျက်လုံးများသည် စိတ်ပိုင်းဖြတ်လိုက်မှုတို့ဖြင့် တောက်ပလာ၏။ သူ့ရင်တွင်း၌ လောင်ကျွမ်းနေသော မီးတောက်ကား သူ့ကိုမဟုတ်ဘဲ အခြားသူများကို မီးလောင်ပြာချဖို့ ပူပြင်းသထက် ပူပြင်းလာနေလေသည်။
သူက တစ်ချက်လေးမှ တွန့်ဆုတ်မနေဘဲ ညာလက်ကို မြှောက်၍ သူ၏ ခုနစ်လုံးမြောက် ဝိညာဉ်မီးအိမ်အား လက်ညှိုးထိုးလိုက်သည်။
“ငြိမ်းစမ်း” သူက ထုတ်နိုင်သမျှ အစွမ်းအကုန်ထုတ်၍ ခုနစ်လုံးမြောက်ဝိညာဉ်မီးအိမ်ကို ငြှိမ်းဖို့ သူ၏နောက်ဆုံးလက်ကျန်နတ်ဘုရားစိတ်ဆန္ဒကို ထုတ်လွှတ်နေသည်။ ၎င်းက လေပြေတစ်ချက်ပမာ မီးအိမ်ကို ပွတ်တိုက်သွားသည်။ မီးတောက်မှာ တဖျတ်ဖျတ် လှုပ်သွားပြီးနောက် ... ဖျတ်ခနဲငြိမ်းသွား၏။
မီးခိုးမျှင်တစ်မျှင်က မန်ဟို၏ ပါးစပ်နှင့် နှာခေါင်းပေါက်မှတစ်ဆင့် မန်ဟို့ကိုယ်ထဲ ချက်ချင်း ဝင်ရောက်သွားသည်။ ၎င်း သူ၏ခန္ဓာကိုယ်အနှံ့အပြားသို့ ပျံ့နှံ့နေစဉ် သူ့မှာ တဆတ်ဆတ်တုန်လာပြီး သွေးများက သူ၏မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ စီးကျလာသည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ တဝုန်းဝုန်းမြည်စပြုလာပြီး သူ၏အပြင်အားကိုယ်မှာ ပထမဆုံးထုံကျင်သွားပြီးနောက် စူးအောင့်နာကျင်လာသည်။ သူ၏ခန္ဓာကိုယ် ဖွဲ့စည်းပေးထားသော ယင်နှင့်ယန်အနက် တစ်ခုက ရေခဲတမျှ အေးစက်နေပြီး တစ်ခုက မီးကဲ့သို့ ခြစ်ခြစ်တောက်ပူနေသည့်အလားပင်။
ယခုတွင် သူ၏ကျင့်ကြံခြင်းအခြေခံသည် အဆင့်တက်နေ၏။ စောစောက ၎င်းမှာ အားအင်ကုန်ခမ်းနေခဲ့သော်လည်း ယခုမူ အားပြန်ပြည့်လာနေသည်။ ထိုအခါ သူ၏ခန္ဓာကိုယ်မှာ ယင်နှင့်ယန်၏ ပြိုင်တူ အေးစက်ပူပြင်းနေမှုအောက်တွင် လျင်မြန်စွာ ခြောက်ကပ်လာသည်။
မျက်စိတစ်မှိတ်အတွင်း သူကား အရိုးပေါ်အရေတင်လျက်သာ ရှိတော့သည်။ ထိုမျှသာမက သေဘေးအန္တရာယ်အာရုံသည်လည်း ကြောက်မက်ဖွယ်အမြင့်သို့ မြင့်တက်သွား၏။ သူ့ခန္ဓာကိုယ်မှာ ပြာကျတော့မည့်အလား ပြောင်းလဲလာသည်။
ပါရာဂွန်ရွှမ်းဖန်သည် မန်ဟို၏ဝိညာဉ်မီးအိမ်ကို မြင်သည့်အခါ မျက်လုံးများ တောက်ပလာ၏။ သူ၏အမူအရာက ဣန္ဒြေမပျက်သော်လည်း စိတ်ထဲတွင်တော့ တုန်လှုပ်ပြီးရင်း တုန်လှုပ်နေလေသည်။
“သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံ ...” အံ့ဩတုန်လှုပ်နေသည့်တိုင် သူက မြန်မြန်လျှောက်သွားသည်။ ပါရာဂွန်တစ်ဦး၏စိတ်ဆန္ဒ ဖြာထွက်လာ၍ ကျင့်ကြံသူတစ်သိန်းကျော်မှာ ပိန်ချုံးခြောက်ကပ်ကုန်ကြသည်။
လူတစ်သိန်းအနက် တစ်ဝက်ခန့်က ပြာကျသွားပြီး တစ်ဝက်သာ အသက်ရှင်လျက် ကျန်တော့သည်။
သို့သော် တစ်ယောက်မှ လက်လျှော့လိုစိတ်မရှိပေ။ သေရမည်ကို မကြောက်ခြင်းမဟုတ်၊ မန်ဟိုက .... သူတို့အားလုံးပေါင်းထားခြင်းထက်ပို၍ အရေးပါကြောင်း နားလည်သည့်အတွက်ပင်။
တောင်ပင်လယ်လောကအတွက်၊ သူတို့၏မိသားစုအတွက်၊ သူတို့၏မိတ်ဆွေများအတွက် .... မန်ဟို မသေအောင် ကာကွယ်ဖို့ သူတို့ သေပေးရဲသည်။
“မင်းတို့ကောင်တွေ သေချင်နေတာပဲ” ပါရာဂွန်ရွှမ်းဖန်က သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားဖြင့် နတ်ဘုရားစွမ်းရည်တစ်ခု ဖြန့်ကျက်ရင်း ရှေ့တက်လာသည်။ ယခုတွင် ကျင့်ကြံသူငါးသောင်းသာ ကျန်တော့ပြီဖြစ်ပြီး သူတို့၏ဒဏ်ရာဒဏ်ချက်များမှ သွေးများ ပန်းထွက်နေသည့်အချိန်မှာပင် မန်ဟိုက ခါးသီးစွာ ရယ်သည်။ သူ သေမလား၊ ရှင်မလားမသိသော်လည်း မီးငြိမ်းဝိညာဉ်တစ်လုံး၏စွမ်းအားက သူ၏ကျင့်ကြံခြင်းအခြေခံကို ပြန်ကုစားပေးဖို့ မလုံလောက်သည်ကိုတော့ သိသည်။ သူ့မျက်လုံးများသည် သွေးအေးစွာ တောက်ပလာပြီး သူက အံတင်းတင်းကြိတ်လိုက်၏။
“ဝိညာဉ်မီးအိမ်တစ်လုံးတည်း မီးငြှိမ်းတာက အသက်ကို လောင်းကြေးထပ်တယ်လို့ မခေါ်ထိုက်သေးဘူး” သူ၏နတ်ဘုရားစိတ်ဆန္ဒက ရှစ်လုံးမြောက်ဝိညာဉ်မီးအိမ်ကို ငြှိမ်းဖို့ ထွက်သွားသည်။
မီးတောက် တဖျတ်ဖျတ် လှုပ်သွားပြီးနောက် ငြိမ်းသွား၏။ အငွေ့များ မန်ဟို့ကိုယ်ထဲ စီးဝင်သွားသည့်အခါ သူက ခေါင်းမော့ကာ မာန်သွင်းဟိန်းဟောက်လိုက်သည်။ ထို့နောက် သူ၏စွမ်းအား မူလအခြေအနေကို လျင်မြန်စွာ ပြန်တက်သွားနေစဉ် သူက ဖြည်းဖြည်းချင်း ထရပ်သည်။ တစ်ဆက်တည်းမှာပင် သူ့ကိုယ်တွင်း၌ ပြင်းထန်သောအန္တရာယ်အာရုံသည် ပေါက်ဖွားလာ၏။
သူက လေပေါ်သို့ ဝုန်းခနဲ ခုန်တက်၍ မန္တန်ဝင်္ကပါ၏အလယ်မှ မျက်စိမျက်နှာပျက်နေသော ရွှမ်းဖန်ဆီ ပျံတက်သွားသည်။ ရွှမ်းဖန်လည်း လက်သီးဆုပ်၍ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
မန်ဟို၏အမူအရာသည် တင်းမာခက်ထန်နေပြီး သူ၏ပုံပန်းသွင်ပြင်တစ်ခုလုံးမှာ ရက်စက်ကြမ်းကြုတ်နေသည်။ ဒုတိယပျက်စီးခြင်းသည် ချက်ချင်း ပျက်စီးစေခြင်းမဟုတ်သည့်အတွက် မန်ဟို့အား ခြေသုံးလှမ်းလှမ်း၍ ပါရာဂွန်ရွှမ်းဖန်၏ လက်သီးထံ သူ၏နတ်ဘုရားသုတ်သင်လက်သီးပစ်လွှတ်ရန် အချိန်ရသွားစေသည်။
လက်သီးနှစ်လုံး ဝင်တိုက်သွားသဖြင့် အုန်းခနဲ ပေါက်ကွဲသံအကျယ်ကြီး ပဲ့တင်ရိုက်ခတ်သွားသည်။ ရွှမ်းဖန်တစ်ကိုယ်လုံး တဆတ်ဆတ် တုန်သွား၏။ သူ့အနေဖြင့် ပါရာဂွန်တစ်ဦးဖြစ်ကောင်းဖြစ်လိမ့်မည်၊ သို့သော် မန်ဟို၏အတိုက်အခိုက်စွမ်းရည်က သူ့ကိုပင် လုံးလုံးလျားလျား တုန်လှုပ်စေသည်။ သူ နောက်ထပ်တိုက်ကွက်တစ်ကွက် ထုတ်လွှတ်တော့မည့်အချိန်တွင် မန်ဟိုမှာ သွေးတစ်ပွက်အန်လိုက်ရ၏။ ထို့နောက် သူ၏မျက်ဝန်းများက ရူးမိုက်စွာ တောက်ပလာပြီး သူ့လက်ကား ကိုးလုံးမြောက်ဝိညာဉ်မီးအိမ်ထံ ဝှေ့ယမ်းလိုက်လေပြီ။ မထင်မှတ်ဖွယ်ကောင်းစွာနှင့် .... ထိုဝိညာဉ်မီးအိမ်ကိုလည်း ငြိမ်းဖို့ သူ ကြံစည်နေသည်။
“မင်း ရူးနေလား” ရွှမ်းဖန်မှာ တအံ့တဩ လွှတ်ခနဲ ပြောလိုက်မိ၏။ ဝိညာဉ်မီးအိမ်တစ်လုံးပြီးတစ်လုံး ဆက်တိုက်ငြိမ်းပစ်ဝံ့သော တစ်ယောက်ကိုမှ သူ မမြင်ခဲ့ဖူးပေ။ သူက မျက်လုံးများ သွေးအေးစွာ တောက်ပနေလျက် ပြောသည်။ “မင်း မသေခင် ငါ့ကို သတ်ဖို့ အဲဒီလောက်ထိ စိတ်ပိုင်းဖြတ်ထားတာလား”
သူ တိုက်ကွက်နောက်တစ်ကွက် ထုတ်လွှတ်ရန် ပြင်လိုက်စဉ်မှာပင် ကိုးလုံးမြောက်ဝိညာဉ်မီးအိမ်ကို ငြှိမ်းပြီးနောက် မန်ဟိုက ... ဆယ်လုံးမြောက်အား ငြှိမ်းနေလေပြီ။
ထိုဝိညာဉ်မီးအိမ်နှစ်လုံးစလုံး ငြိမ်းသွားသောအခါ ၎င်းတို့၏အငွေ့များသည် မန်ဟို၏နှာခေါင်းနှင့်ပါးစပ်ထဲ စီးမျောဝင်ရောက်ကာ သူ၏ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့၍ သူ၏ကျင့်ကြံခြင်းအခြေခံကို ကြောက်ခမန်းလိလိ မြင့်တက်လာစေသည်။ တစ်ချိန်တည်းမှာပင် သူ၏အတိုက်အခိုက်စွမ်းရည်သည် ထိတ်လန့်တုန်လှုပ်ဖွယ်အဆင့်အထိ ရောက်ရှိသွား၏။
သူသည် ယခုလေးတင် ဝိညာဉ်မီးအိမ်လေးလုံးအား ဆက်တိုက် ငြှိမ်းခဲ့သည့်အတွက် သူ့ကိုယ်ထဲတွင် ယခင်စွမ်းအား၏လေးဆ ပြည့်နှက်နေသည်။ လက်ရှိအချိန်၌ သူ၏အတိုက်အခိုက်စွမ်းရည်နှင့် ကျင့်ကြံခြင်းအခြေခံက အင်ပါယာသခင်အဆင့်ထက် သာလွန်နေလေပြီ။
သူ့အနေဖြင့် အင်အားအရာ၌ ပါရာဂွန်နှင့် အနည်းငယ်သာ ကွာဟတော့သလို၊ နတ်ဘုရားအာရုံအရာ၌လည်း အံ့မခန်းလိလိ တိုးတက်လာသည်။ ယခုတွင် ၎င်းကား ပါရာဂွန်အဆင့်၏ရှစ်ဆယ်ရာခိုင်နှုန်းမကတော့ဘဲ ... ပါရာဂွန်အဆင့်နှင့် ညီမျှသည်သာမက အတန်ငယ်ပို၍ပင် အင်အားကြီးမားနေ၏။
ထိုကဲ့သို့နတ်ဘုရားအာရုံစွမ်းအားနှင့် သူ၏ကျင့်ကြံခြင်းအခြေခံ၊ အတိုက်အခိုက်စွမ်းရည်တို့ကို ပေါင်းစည်းလိုက်သည့်အခါ မန်ဟိုသည် ... ပါရာဂွန်တစ်ဦးနှင့် မသေမချင်းတိုက်ခိုက်နိုင်သော အရည်အချင်းရှိသွားပြီဟု ဆိုလိုသည်။ တစ်ချိန်တည်းမှာပင် မြစိမ်းဧကရာဇ်ထာဝရဂါထာက သူ့ကို အဆက်မပြတ် ကုစာားရင်း တဝုန်းဝုန်းလှုပ်ရှားနေရာ သူ၏အတိုက်အခိုက်စွမ်းရည်အား ထိပ်ဆုံးအထိ ရောက်သွားစေသည်။
ကံဆိုးစွာနှင့် သူ့ကို ဝန်းရံလျက်ရှိသော သေမင်းအရှိန်အဝါမှာ မယုံနိုင်လောက်အောင် အားကောင်း၍ ၎င်းလည်း ထိပ်ဆုံးအထိ ရောက်ရှိလာသည်။ ထို့အပြင် ဒုတိယပျက်စီးခြင်း (အပြင်အားကိုယ်ပျက်စီးခြင်း)သည်လည်း စုတ်ပြတ်သပ်နေသော သူ့တစ်ကိုယ်လုံး ပုပ်သိုးဆွေးမြည့်လာသည့်တိုင်အောင် ပြင်းထန်နေလေပြီ။
မီးလောင်ဖုများသည်လည်း သူ့တစ်ကိုယ်လုံးကို ဖုံးနေပြီး ဖောက်ခနဲ ဖောက်ခနဲ ပေါက်ကုန်သည့်အခါ အပုပ်နံ့များ ထွက်လာသည်။ တချို့နေရာများတွင်ဆိုလျှင် အသားများပဲ့ထွက်နေ၍ ... မည်းနက်နေသောအရိုးများပင် ပေါ်နေသည်။
ထိုအရိုးများသည် ကျိန်စာတိုက်ခံထားရသည်မှာ ကြာခဲ့ပြီဖြစ်သည့်အပြင် ထိုကျိန်စာစွမ်းအားနှင့် ယဉ်ပါးနေ၏။ သို့သော် မန်ဟိုက ၎င်းတို့အားလုံးကို လျစ်လျူရှုရင်း ပါရာဂွန်ရွှမ်းဖန်၏အရှေ့တည့်တည့် ရောက်သည့်တိုင်အောင် တစ်လှမ်းချင်းလှမ်းသွားသည်။ ထိုနေရာတွင် သူသည် ညာလက်ကို မြှောက်၍ မုဒြာလက်ကွက်တစ်ကွက် ဖော်၏။ တောင်ဝါးမြိုမန္တန်က ရွှမ်းဖန်၏မျက်နှာကို ရိပ်ခနဲ ဖြစ်သွားစေသည်။ လက်ရှိအချိန်တွင် မန်ဟိုမည်မျှကြောက်စရာကောင်းကြောင်း သူ မြင်နေရသည့်အတွက် အေးစက်စက်နှာမှုတ်ကာ နောက်ဆုတ်လိုက်သည်။
လောလောဆယ်တွင် မန်ဟို့ကို သူ ဘာမှမလုပ်ချင်ပေ။ သူ့အမြင်အရ မန်ဟိုသည် မလွဲဧကန် သေရမည်ဖြစ်သောကြောင့် သူနှင့်အတူ ဆက်လက်တိုက်ခိုက်ရင်း သေရွာလိုက်သွားဖို့ မလိုပေ။
လက်ရှိမန်ဟိုက ရွှမ်းဖန်အတွက်ပင် ကြောက်လန့်ဖွယ်ကောင်းနေသည်။
“ပြေးဖို့ကြိုးစားနေတာလား” မန်ဟိုက သွေးအေးစွာ ပြုံးလျက် မေးသည်။ ဤအချိန်အထိရောက်မှတော့ သေရလဲ သူ ဂရုမစိုက်တော့ပေ။ သူ ဂရုစိုက်သည့် တစ်ခုတည်းသောအရာမှာ ... သူနှင့်အတူ ရွှမ်းဖန်ကိုလည်း သေရွာခေါ်သွားဖို့သာ။
ရွှမ်းဖန်တွင် ဝိညာဉ်ကယ်မှော်အစွမ်းတစ်ခုမှ မရှိတော့ကြောင်း သူ ယုံကြည်သည်။ သူ့အတွက် သေခြင်းတရားကို ရှောင်ဖို့ မဖြစ်နိုင်သည့်အပြင် မန်ဟို့တွင်မူ ပါရာဂွန်ပင်လယ်အိပ်မက်မှ ပေးထားသော အက်ရှလွန်အမှတ်ရှိသေးသည်။ သို့ဖြစ်၍ သူသည် ဤအနှစ်သာရ ၇ ခု ပါရာဂွန်နှင့် တိုက်ခိုက်ရန် အရည်အချင်းရှိသည်ထက် ပို၏။
အနိုင်ရဖို့က လွယ်ကူမည်မဟုတ်သော်လည်း ထိုပါရာဂွန်အတွက်လည်း သူ့ကို သတ်ဖို့ လွယ်ကူမည်မဟုတ်ပေ။
မန်ဟိုသည် တဟုန်းထိုး ပြေးတက်သွားရင်း အနက်ရောင်သိမ်းငှက်တစ်ကောင် ဖြစ်လာ၏။ သို့သော် ဤသိမ်းငှက်မှာလည်း အရိုးပေါ်အရေတင်လျက်သာ။ ၎င်းသည် သင်္ချိုင်းကုန်းထဲမှ ထွက်လာသည့်အလား အားကောင်းသော သေခြင်းအငွေ့အသက်များဖြင့် အလွန်တရာရုပ်ပျက်ဆင်းပျက်နေ၏။ ထို့နောက် ၎င်း၏ခြေသည်းများက ရွှမ်းဖန်ထံ ပိုင်းချလိုက်သည်။
ရွှမ်းဖန်သည် သူ့တွင် ရှိသမျှ အနှစ်သာရစွမ်းအားအလုံးစုံ ထုတ်လိုက်၏။ သိမ်းငှက်အသွင်ဖြင့် မန်ဟိုက သူ့ကို ဝင်တိုက်ပြီး သိမ်းငှက်ပေါက်ကွဲသွားကာ သွေးအန်လျက် ယိုင်ထွက်သွားသော မန်ဟို့အား ဖော်ပြလိုက်သည်။ မန်ဟို၏အသားအားလုံးနီးပါး ပျက်စီးနေပြီဖြစ်၍ သူ့ခန္ဓာကိုယ်တစ်ဝက်ခန့်မှာ အရိုးများထက် မပိုတော့ပေ။ သို့ထိတိုင် ပါရာဂွန်ရွှမ်းဖန်လည်း သွေးအန်လိုက်ရသည်။ ရူးမိုက်နေသောမန်ဟို့ကို ရင်ဆိုင်ရသည့်အခါ သူသည် နောက်ထပ်ဆုတ်ဖို့ တွန့်ဆုတ်မနေပေ။
မည်သို့ပင်ဖြစ်စေ၊ သူ့အနေဖြင့် မန်ဟို့အား သူ့ကို သေရွာခေါ်သွားနိုင်မည့်အခွင့်အရေး ပေးလိုက်၍မဖြစ်စေ။
ဤအခိုက်အတန့်မှာပင် ဆယ့်ငါးမိနစ် ကုန်ဆုံးသွားသည်။ ရုတ်တရက် ပတ်ဝန်းကျင်ရှိမြူများသည် တလိပ်လိပ်ထလာပြီးနောက် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွား၏။
“ကောင်းကင်ဘုံက ငါ့ကို ကူညီပေးနေတာပဲ” ရွှမ်းဖန်က မျက်လုံးများ တလက်လက်တောက်ပနေလျက် ရယ်သည်။ ထို့နောက် သူသည် သူလုပ်ဆောင်နိုင်ခဲ့သော အရာအတွက် ပီတဖြာလျက် နေမှ ပျံထွက်သွား၏။
“မန်ဟို သေတော့မယ်။ တောင်ပင်လယ်လောကရဲ့ ဒိုင်းလည်း မကြာခင် ပြိုကွဲတော့မယ်”
မြူထုပျောက်ကွယ်သွားလျှင်ချင်း ပထမပင်လယ်၏အလွန်၊ ဒိုင်း၏အလွန်တွင် ကောင်းကင်ဘုံ (၂) ထိုးဆင်းလာနေသည်ကို မန်ဟို မြင်လိုက်ရသည်။
ဒိုင်းသည် မှိတ်တုတ်မှိတ်တုတ် လက်နေသော မှော်သင်္ကေတများနှင့် ဖုံးလွှမ်းနေလျက် တွန့်လိမ်ကျုံ့ဝင်နေ၏။ ပါရာဂွန်ပင်လယ်က အနီးနားတွင် မရှိပေ။ သူမအနေဖြင့် မန်ဟို့ကြောင့် ဒိုင်းကို မစွန့်ပစ်ထားနိုင်၍ ယခုတွင် ဒိုင်းကို အစွမ်းကုန်အားဖြည့်ပေးနေရင်း ၎င်းအောက်တွင် ဖြစ်သည်။
မန်ဟို၏ပါရာဂွန်ရုပ်သေးရုပ်မှာလည်း ရွှမ်းဖန်နှင့်တိုက်ပွဲစကတည်းက သူ့နတ်ဘုရားအာရုံနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။ ယခုတွင် ၎င်းသည် မြူရှိခဲ့သော ပတ်ဝန်းကျင်၏အပြင်တွင် ကျောက်ရုပ်ကြီးသဖွယ်သာ ပျံဝဲနေ၏။
ဤအခိုက်အတန့်၌ ကောင်းကင်ဘုံ (၂) ၏မြေထုကြီးကား တောင်ပင်လယ်လောက၏ဒိုင်းကို ဝင်တိုက်လေပြီ။ နားကွဲလုမတတ်ပေါက်ကွဲသံကြီးက တောင်ပင်လယ်လောကတစ်ဝန်း ပဲ့တင်ထပ်သွားရာ ကျင့်ကြံသူအားလုံး ချာချာလည်မူးဝေသွားကြပြီး နားစည်များ စူးအောင့်ကုန်ကြသည်။ ပထမပင်လယ်ကို ကာကွယ်ထားသော ဒိုင်း၏အပြင်ရှိ အပြင်သူများအတွက်လည်း ထိုနည်းတူပင်။
ဤအခြင်းအရာအားလုံးကို မြင်သောအခါ မန်ဟို့မျက်ဝန်းထဲရှိ ရူးမိုက်သောအရိပ်အယောင်တချို့ ပျောက်ကွယ်သွားသည်။ သူသည် ဧရာမမြေထုကြီး ဒိုင်းကို ဝင်တိုက်ပြီးနောက် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားသည်ကို ကြည့်နေ၏။
ထိုသို့ဖြစ်ပျက်သောအခါ ပါရာဂွန်ပင်လယ်အိပ်မက်၏ပါးစပ်မှ သွေးများပန်းထွက်သွားပြီး ရုတ်တရက်ဆိုသလို သူမမှာ အိုမင်းသွားသယောင် ထင်ရသည်။ လ၏အပေါ်တွင်တော့ ကျင့်ကြံသူတစ်သိန်းမှာ သွေးအန်လိုက်ကြရပြီး ခန္ဓာကိုယ်များ တစစီပြိုကွဲပြာကျကုန်သည်။
ခိတိဂဗ္ဗ၏ မိစ္ဆာအသွင်လည်း ပျက်စီးသွားသဖြင့် သူ၏မူလကျင့်ကြံသူအသွင် ပြန်ပေါ်လာသည်။ သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွားပြီး သူ့မှာ ပင်ပန်းနွမ်းနယ်မှုကြောင့် ယိမ်းယိုင်သွားသည်။ သူ၏တာအိုအခြေလည်း မတည်ငြိမ်တော့ပေ။
ပြိုကွဲသွားခဲ့သော ကောင်းကင်ဘုံ (၂) ၏ မြေခဲများက မရေမတွက်နိုင်သော ဥက္ကာခဲကြီးများသဖွယ် တောင်ပင်လယ်လောကထဲ ဝင်ရောက်လာသည်။ တစ်ချိန်တည်းမှာပင် ပထမပင်လယ်၏အပြင်၌ စောင့်နေခဲ့သော အပြင်သူသန်းပေါင်းများစွာလည်း စိတ်လှုပ်တရှားကြွေးကြော်၍ ချီတက်လာကြတော့သည်။
စစ်ရေစီးကြောင်းကား ... လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။