← Chapters

အခန်း ၁၄၂

Vol. 8 Ch. 142

အခန်း ၁၄၂

Vol. 8 Ch. 142

အခန်း (၁၄၂)

မကြာမီမှာပင် သူမ၏ မျက်ဝန်းထဲမှ မျက်ရည်များ ပျောက်ကွယ်သွားပြီး အေးစက်ကြည်လင်သော မျက်နှာအမူအရာသို့ ပြန်လည်ရောက်ရှိသွားသည်။

ထိုစဉ် အဝေးမှ ဝူယွင်ဂိုဏ်း တပည့် ဆယ်ယောက်ခန့် လျှောက်လှမ်းလာကြသည်။

"တောင်ပိုင် ကို ဂါရဝပြုပါတယ်..."

"ဆရာသခင် ကို ဂါရဝပြုပါတယ်..."

တပည့်များသည် တပြိုင်နက်တည်း လက်သီးဆုပ်ကာ အရိုအသေပေးလိုက်ကြသော်လည်း သူတို့၏ မျက်လုံးများထဲတွင် သံသယအရိပ်အယောင် အနည်းငယ် ဖြစ်ပေါ်နေ၏။ တောင်ပိုင်သည် နှစ်တစ်ရာပြည့်တိုင်း ဤ ယွီရွှီမြို့တော် သို့ တစ်ကိုယ်တည်း လမ်းလျှောက်ထွက်လာလေ့ရှိသည်။ မည်သူ့ကိုမျှ အဖော်မခေါ်ဘဲ တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ ရှိသော်လည်း တပည့်များကို အကူအညီတောင်းခံခြင်း တစ်ကြိမ်မျှ မရှိပေ။

လျိုယွမ်သည် လက်စွပ်ကို ဝှေ့ယမ်းလိုက်ပြီး တည်ငြိမ်ပြတ်သားသော အကြည့်ဖြင့် ကြည့်လိုက်သည်။

"သွားမယ်... ထျန်းဝူဂိုဏ်း က ကောင်တွေ ဘာတွေ ကြံစည်နေလဲ ဆိုတာ သွားကြည့်ကြတာပေါ့..."

"ဟုတ်ကဲ့ပါ တောင်ပိုင်..."

"ဟုတ်ကဲ့ပါ ဆရာသခင်..."

တပည့်များသည် တပြိုင်နက်တည်း အော်ဟစ်လိုက်ကြပြီး သူမ၏ နောက်သို့ လိုက်ပါသွားကြသည်။

အချိန်ကာလများ ဖြတ်သန်းသွားသည်နှင့်အမျှ ယခင်က ဝိညာဉ်ကျောက်တုံး သုံးဆယ်ကိုပင် ယူရန် ရှက်ရွံ့နေခဲ့သော ဂျူနီယာညီမလေးသည် ယခုအခါ ဝူယွင်ဂိုဏ်းအတွက် မုန်တိုင်းဒဏ်ကို ကာကွယ်ပေးနိုင်သော ခိုင်မာသည့် ဒိုင်းလွှားကြီးတစ်ခု ဖြစ်လာခဲ့လေပြီ။

ထျန်းဝူဂိုဏ်း၏ နောက်ကွယ်တွင် ချန်ဟိုင်ဂိုဏ်း ရှိနေပြီး ဝူယွင်ဂိုဏ်း၏ နောက်ကွယ်တွင် ခရမ်းရောင်တိမ်ဂိုဏ်း ရှိနေသည်။ ဤနှစ်များအတွင်း ဝူနိုင်ငံ၏ နယ်မြေနှင့် ပတ်သက်၍ အကြီးအသေး ပဋိပက္ခများမှာ အဆက်မပြတ် ဖြစ်ပွားနေခဲ့သည်။

သို့သော် ထူးဆန်းသည်မှာ နောက်ကွယ်မှ အင်အားကြီးဂိုဏ်း နှစ်ခုစလုံးသည် ဝင်ရောက် ဖြေရှင်းပေးရန် ကြိုးပမ်းခြင်း မရှိဘဲ ဂိုဏ်းနှစ်ခု၏ ပဋိပက္ခသည် တစ်နေ့တခြား ပြင်းထန်လာကာ သွေးထွက်သံယို ဖြစ်ပွားသည့် အခြေအနေအထိ ရောက်ရှိနေပြီ ဖြစ်သည်။

ယခင်က ချန်ရွှင် ဝူယွင်ဂိုဏ်းတွင် ရှိစဉ်ကလည်း ဤကဲ့သို့ အခြေအနေမျိုး ဖြစ်ပွားခဲ့ဖူးသော်လည်း ထိုအချိန်က ရွှေအမြူတေအဆင့် အဆင့်မြင့်ကျင့်ကြံသူများသည် ဂိုဏ်းအပြင်ဘက်တွင် ထိုဒုက္ခအားလုံးကို တားဆီးပေးခဲ့ကြသည်။ ယခုအခါ ထိုရွှေအမြူတေအဆင့် နေရာကို လျိုယွမ်က ဆက်ခံလိုက်ခြင်း ဖြစ်သည်။ မျိုးဆက်တိုင်းမှ တပည့်များ အားလုံးသည် အတိတ်က အဖြစ်အပျက်များကို ထပ်ခါတလဲလဲ ဖြတ်သန်းနေရသကဲ့သို့ သံသရာထဲတွင် လည်ပတ်နေကြရသည်။

...

တခြားတစ်ဖက်တွင်မူ ဝိညာဉ်အဆောင်ဆိုင် အပြင်ဘက်၌ ကြိုးကြာဖြူပင်သည် လေထဲတွင် ယိမ်းနွဲ့နေဆဲ ဖြစ်သည်။

ချန်ရွှင်သည် ကုလားထိုင်ပေါ်တွင် ထိုင်လျက် စကားတစ်ခွန်းမျှ မဟပေ။

အံ့ဖွယ်ကိစ္စတစ်ခုကို မြင်တွေ့လိုက်ရသလိုလို၊ ဘာမှ မမြင်လိုက်ရသလိုလို ခံစားနေရသည်။

နွားနက်ကြီးသည် အလွန် လေးလံသော ခြေလှမ်းများဖြင့် ဖြည်းညှင်းစွာ လျှောက်လာ၏။ ဆိုင်အပြင်သို့ ရောက်သောအခါ ချန်ရွှင်၏ လက်မောင်းကို နှာခေါင်းဖြင့် ဖွဖွလေး ပွတ်တိုက်လိုက်သည်။

"မွန်း..."

'ငါတို့က ရှေးခေတ်ဟောင်း ကျင့်ကြံသူတွေပဲ... တစ်နေ့ကျရင် ငါတို့ရဲ့ အစစ်အမှန်ပုံစံကို ပြပြီး ပြန်တွေ့ကြတာပေါ့...' အရင်တုန်းက ချန်ရွှင် ထိုသို့ပြောခဲ့ဖူးသည်ကို နွားနက်ကြီး မှတ်မိနေ၏။

"နွားကြီး..."

ချန်ရွှင်၏ အကြည့်များက နက်ရှိုင်းနေဆဲ ဖြစ်သည်။

"ငါတို့ရဲ့ အစစ်အမှန်ပုံစံကို ထုတ်ပြဖို့ မလိုပါဘူး... ကိုယ်လျှောက်ရမယ့် လမ်းတွေက မတူကြဘူးလေ... ဒါက အကောင်းဆုံး ရလဒ်ပါပဲ..."

"ငါတို့က နှစ်ရာချီ အသက်ရှင်နေတဲ့ သူတွေပဲ... အခုမှ လာပြီး ဖြတ်မရ၊ တောက်မရ ဖြစ်နေစရာ အကြောင်းမရှိပါဘူး..."

သူသည် မိမိကိုယ်မိမိ လှောင်ပြောင်သကဲ့သို့ ရယ်မောလိုက်ပြီး ခေါင်းကို ခါယမ်းလိုက်သည်။

"ငိုလိုက်ကြ ရယ်လိုက်ကြ တွေ့ဆုံကြ ကွေကွင်းကြရ နောက်ဆုံးတော့ သေဆုံးသွားကြရနဲ့ တကယ်တော့ ဘ၀ဆိုတာ ပြဇာတ်တစ်ခုပါပဲ..."

"မွန်း..."

"တစ်ယောက်နဲ့တစ်ယောက် စွက်ဖက်မှုမရှိဘဲ နေတာက ရွှေအမြူတေအဆင့် ကျင့်ကြံသူတစ်ယောက်အနေနဲ့ အကြီးမားဆုံး 'မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်း' ပဲ..."

ချန်ရွှင် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"အဲဒီ ဂျူနီယာညီမလေး လျိုယွမ်လည်း... အများကြီး ရင့်ကျက်လာပါလား..."

နွားနက်ကြီးသည်လည်း ထိုနည်းတူ ကောင်းကင်ကို မော့ကြည့်လိုက်၏။ ၎င်း၏ မျက်ဝန်းများထဲမှ အလင်းရောင်များ ပျောက်ကွယ်သွားသည်။ သူတို့နှစ်ဦး ပြောဆိုခဲ့သော စကားအားလုံးကို နွားနက်ကြီး ကြားသိခဲ့ရပြီး ဖြစ်သည်။

ချန်ရွှင် သက်ပြင်းချလိုက်သည်။

လျိုယွမ်သည် အချိန်တိုင်း ချန်ရွှင်၏ ခံစားချက်များကို ထည့်သွင်းစဉ်းစားပေးခဲ့သည်။ သူနှင့် မသက်ဆိုင်သော ကိစ္စများကို တစ်ခွန်းမျှ မဟခဲ့သလို သူမ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကိုပင် အနည်းငယ်မျှ မပြောဆိုပေ။

သူမသည် အရာအားလုံးကို အပြည့်အဝ ဖုံးကွယ်ထားနိုင်ပြီဟု ထင်မှတ်ထားခဲ့သော်လည်း ချန်ရွှင်၏ အမြင်တွင်မူ လျိုယွမ် တစ်ယောက် ကြိတ်မှိတ်ခံစားနေရသည်များကို အထင်းသား သိမြင်နေရ၏။

"နွားကြီး... ဝမ်းနည်းနေတာတွေ တော်လိုက်တော့... ဂျူနီယာညီမလေး လျိုယွမ် အသက်ရှင်နေတာပဲ... ဒီလောက် ဝမ်းသာစရာ ကောင်းတာကို..."

ချန်ရွှင်သည် ရုတ်တရက် နွားနက်ကြီး၏ ကျောကို “ဖြန်း”ခနဲ ရိုက်လိုက်သည်။

"ဒီ နှစ်ရာချီ ကာလအတွင်းမှာ ဒီထက် ဝမ်းသာစရာကောင်းတဲ့ ကိစ္စ ရှိခဲ့လို့လား... ကဲ... ဝမ်းသာလိုက်စမ်းပါ... ဟား... ဟား... ဟား..."

"မနက်ဖြန် ကျရင် ကြီးကြီးကျယ်ကျယ် အောင်ပွဲခံကြမယ်... မင်းအတွက် လျှပ်စီးဝံပုလွေနီ လေးကောင် ဝယ်ကျွေးမယ်... ငါကတော့ ဒီည အရသာရှိတဲ့ စွပ်ပြုတ်သောက်မယ်ကွာ..."

"မွန်း"

နွားနက်ကြီးသည် ချန်ရွှင်ကို ပွတ်သီးပွတ်သပ် လုပ်လိုက်သည်။ နွားနက်ကြီးသည် မိုက်မဲသူ မဟုတ်ပေ။ ယခုအချိန်တွင် အဝမ်းနည်းဆုံးလူမှာ ချန်ရွှင် ကိုယ်တိုင် ဖြစ်ကြောင်း ၎င်း အသိဆုံး ဖြစ်သည်။

နွားနက်ကြီးသည် တိတ်ဆိတ်စွာဖြင့် အိမ်နောက်ဖေးသို့ ပြန်သွားပြီး မြေကြီးပေါ်တွင် ထိုင်ချလိုက်ကာ 'ကုသိုလ်တော်မှတ်တမ်း' ကို လှန်လှောကြည့်ရှုရင်း တစ်ကိုယ်တည်း မန္တန်ရွတ်၍ ဆုတောင်းပေးနေလေသည်။

ချန်ရွှင် အရင်က ပြောခဲ့ဖူးသည်။ 'ကုသိုလ်တွေ အများကြီး လုပ်ထားရင် မိတ်ဆွေတွေက နောက်ဘဝကျရင် အဆင့်မြင့် ဝိညာဉ်အမြစ် ပိုင်ရှင်တွေ ဖြစ်လာပြီး နတ်ဘုရားတွေ၊ ဗုဒ္ဓတွေက စောင့်ရှောက်ပေးလိမ့်မယ်' ဟူ၍ ဖြစ်သည်။

"မွန်း... မွန်း"

နွားနက်ကြီး မျက်လုံးများကို မှေးစင်းထားလိုက်သည်။ ဤမျှများပြားသော ကုသိုလ်များကို စုဆောင်းရန် အလွန် ခက်ခဲခဲ့သော်လည်း နွားနက်ကြီးသည် အနည်းငယ်မျှ နှမြောတွန့်တိုခြင်း မရှိပေ။

အမှန်တကယ်တော့ နွားနက်ကြီးအတွက် ကုသိုလ်ဟူသည် တန်ဖိုးရှိလှသည်မဟုတ်ပေ။ ၎င်းသည် ရှေ့ခွာကို ဝှေ့ယမ်းကာ မှတ်တမ်းထဲမှ ကုသိုလ်များ အားလုံးကို တစ်ပြိုင်နက်တည်း ရည်စူးဆုတောင်းပေးလိုက်သည်။

ဆိုင်အပြင်ဘက်တွင်။

အတိတ်က အဖြစ်အပျက်မျိုးစုံသည် ခေါင်းထဲတွင် ဖြတ်သန်းသွားနေသည်။ သေခြင်း၊ ရှင်ခြင်း၊ ဖျားနာခြင်း၊ အိုမင်းခြင်း နှင့် တမလွန်လောက။ ကျင့်ကြံသူများ၏ သက်တမ်း ကုန်ဆုံးခြင်းသည်လည်း သဘာဝတရား၏ နိယာမ တစ်ခုသာ ဖြစ်သည်။

"ငါက အစောကြီးကတည်းက သဘောပေါက်ထားပြီးသားပါ... လက်ခံထားပြီးသားပါ... ဘာမှ ဝမ်းနည်းစရာ မရှိပါဘူး..."

ချန်ရွှင်သည် တိုးတိုးလေး ရေရွတ်လိုက်ပြီး တည်ငြိမ်သော မျက်နှာအမူအရာသို့ ပြန်လည်ရောက်ရှိသွားသည်။ ယခုအချိန်တွင် သူ ဘာတွေ စဉ်းစားနေသည်ကို မည်သူကမျှ မသိနိုင်ပေ။

တစ်လ ကြာပြီးနောက်...

သူတို့နှစ်ဦးသည် လေလံပွဲသို့ ထပ်မံ သွားရောက်ခဲ့ကြသည်။ ကံကောင်းသည်ဟု ဆိုရမည်လားမသိ၊ သူတို့ လိုချင်နေသော 'ယွီချန်မြက်ပင်' ကို ချက်ချင်း တွေ့ရှိခဲ့ရသည်။

၎င်းသည် နှစ်ပေါင်းငါးရာ သက်တမ်းရှိသော ဆေးပင်ဖြစ်သော်လည်း ဆေးဖော်စပ်ရန်အတွက် သက်တမ်း မပြည့်မီသေးပေ။ သို့တိုင်အောင် သူတို့သည် ဝိညာဉ်ကျောက်တုံး တစ်သိန်း ပေးချေကာ လေလံဆွဲယူခဲ့ပြီး လေလံရုံမှ တိတ်ဆိတ်စွာ ထွက်ခွာလာခဲ့ကြသည်။

ချန်ရွှင်နှင့် နွားနက်ကြီးတို့၏ မျက်နှာတွင် ဝမ်းသာပျော်ရွှင်သော အရိပ်အယောင်များ မရှိပေ။ တိတ်ဆိတ်ငြိမ်သက်မှုသာ ရှိနေ၏။ ရှည်လျားလှသော အချိန်ကာလများ၏ တိုက်စားမှုအောက်တွင် မည်သည့် ဆုံတွေ့မှုမဆို မလွဲမသွေ ဖြစ်ပေါ်လာမည့် အရာများသာ ဖြစ်ပေသည်။

ဝိညာဉ်အဆောင်ဆိုင်လေးသည် ယခင်အတိုင်း ဖွင့်ထားဆဲ ဖြစ်သော်လည်း လျိုယွမ်သည် ထပ်မံ ရောက်ရှိလာခြင်း မရှိတော့ပေ။

ချန်ရွှင်သည်လည်း ဆိုင်ပိတ်ပြီး ဆေးဖော်စပ်ခြင်းသို့ အာရုံမစိုက်တော့ဘဲ နေ့စဉ် ဆိုင်ကို တစ်ဝက်သာ ဖွင့်ကာ အပြင်ဘက်တွင် ရှေးဟောင်းစာအုပ်ကို ဖြန့်ကျက်ထားလျက် တိတ်ဆိတ်စွာသာ နေထိုင်နေလေသည်။

နှစ်တစ်ရာပြည့် ညီလာခံကြီးသည် ဆက်လက် ကျင်းပနေဆဲ ဖြစ်ပြီး ဂိုဏ်းအသီးသီးမှ ပါရမီရှင်များသည် လောကကို လှည့်လည်သွားလာရင်း ကျင့်ကြံသူများကို အံ့ဩမှင်တက်စေလျက် ရှိသည်။

သို့သော် ယခုနှစ်အတွင်း အပြင်ဘက်မှ အင်အားကြီးမားသော အဖွဲ့အစည်းများ ပိုမို များပြားလာသည်ကို သိသိသာသာ တွေ့မြင်နေရသည်။ လှေပျံကြီးများသည် မြို့အပြင်ဘက်တွင် ဆက်တိုက် ဆိုက်ကပ်လာကြပြီး ၎င်းတို့၏ ဖိအားများမှာ အလွန် ကြီးမားလှသည်။

ယွီရွှီမြို့တော်၊ အနောက်ဘက်ခြမ်း...

ရှေးကျပြီး ခမ်းနားထည်ဝါလှသော ခန်းမဆောင်ကြီး အတွင်းရှိ စင်မြင့်တစ်ခုပေါ်တွင် ခုံဆယ့်သုံးလုံး ရှိပြီး တစ်နေရာမျှ လွတ်ခြင်း မရှိပေ။

ခန်းမအတွင်း၌ အလွန်အမင်း အစွမ်းထက်သော အဆင့်မြင့်ကျင့်ကြံသူများ၏ အရှိန်အဝါများ လွှမ်းခြုံနေပြီး စင်မြင့်အောက်တွင် ရှိနေသော ရွှေအမြူတေအဆင့် ကျင့်ကြံသူ ဒါဇင်ခန့်သည် အလွန် ရိုသေကျိုးနွံစွာဖြင့် ခေါင်းငုံ့ထားကြသည်။

သို့သော် ပြတင်းပေါက်မှ ဖြတ်သန်းဝင်ရောက်လာသော နေရောင်ခြည်နှင့် ဆန့်ကျင်ဘက်အနေဖြင့် စင်မြင့်ပေါ်ရှိ ခုံဆယ့်သုံးလုံးသည် မည်းမှောင်နေသော အမှောင်ထုထဲတွင် ရှိနေကာ ဆန်းကြယ်သော ပုံရိပ်များအဖြစ် ဖုံးကွယ်နေ၏။

"နှစ်ရာချီ အနားယူပြီးတဲ့နောက် ငါတို့ ချန်နိုင်ငံ ကျင့်ကြံခြင်းလောက ရဲ့ အင်အားတွေ ပြန်လည် ပြည့်ဝလာခဲ့ပြီ..."

ထိုင်ခုံတစ်ခုပေါ်မှ အမျိုးသားတစ်ဦးသည် တည်ငြိမ်စွာ စကားစလိုက်သည်။ သူ၏ မျက်ခုံးနှစ်ခုကြားတွင် ကြယ်တစ်ပွင့်ကဲ့သို့ အလင်းရောင်များ တောက်ပနေ၏။

"နောက်ထပ် အစီအစဉ်တစ်ခုကို စတင်ဖို့ အချိန်ရောက်ပြီ..."

အမှောင်ထုထဲမှ အမျိုးသမီးတစ်ဦးသည် ပြုံးလိုက်သည်။

"ဒါပေမဲ့ ဂိုဏ်းအသီးသီးက ဝူနိုင်ငံကနေ ရရှိထားတဲ့ ရင်းမြစ်တွေ နည်းနည်း များသွားတယ် ထင်တယ်... သူတို့တွေ စစ်တိုက်ချင်စိတ် ကုန်ဆုံးသွားကြပြီ..."

"မျက်စိရှေ့က အကျိုးအမြတ်လေးကိုပဲ မြင်တဲ့ လူမိုက်တွေပဲ... ဝူနိုင်ငံ တစ်ခုတည်းက ရင်းမြစ်လေးနဲ့တင် ကျေနပ်နေကြပြီလား..."

ခြောက်ကပ်ကပ် အသံတစ်ခု ထွက်ပေါ်လာပြီး အရိပ်ထဲမှ တစ်စုံတစ်ယောက်က မထီမဲ့မြင် ပြုံးလိုက်သည်။

"အခု ဂိုဏ်းအသီးသီးက ဝူနိုင်ငံရဲ့ ရင်းမြစ်တွေအတွက် အတွင်းရေး ပြဿနာတွေ ဖြစ်နေကြပြီ... အရင်တုန်းကတော့ ငါတို့ ဖိနှိပ်ထားလို့ တော်သေးတယ်... အခုတော့ ပေါက်ကွဲကုန်ကြပြီ..."

"ဂိုဏ်းအသီးသီးကလည်း ဒီနှစ်ရာချီ အတွင်းမှာ မျိုးဆက်သစ်တွေကို အောင်မြင်စွာ ပြုစုပျိုးထောင်နိုင်ခဲ့ပုံရတယ်... သူတို့ရဲ့ စိတ်ကြီးဝင်နေတာတွေကို နည်းနည်း ချိုးနှိမ်ပြီး ကျင့်ကြံသူ အရေအတွက်ကိုလည်း လျှော့ချပစ်ဖို့ လိုအပ်နေပြီ..."

"အမှန်ပဲ... ဒါမှ သူတို့ ကိုယ့်အဆင့်ကိုယ် သိကြမှာပေါ့... လမ်းသစ်ဖောက်ဖို့အတွက် လိုအပ်တဲ့ ဂိုဏ်းအရေအတွက်ကလည်း လုံလောက်တာထက်တောင် ပိုနေပါပြီ..."

"ဟို 'ကျင့်ကြံခြင်းလောက စစ်ပွဲကြီး' ပြန်စတော့မလို့လား... ထိပ်သီးဂိုဏ်းကြီး ၁၀ ဂိုဏ်းပီသပါပေတယ်... ငါ့အကြိုက်ပဲ..."

အမှောင်ထုထဲမှ နောက်ထပ် အရိပ်တစ်ခု ရှေ့သို့ ကိုင်းညွတ်လာသည်။ ပင်လယ်ကဲ့သို့ နက်ရှိုင်းသော မျက်ဝန်းများတွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ဖြစ်ပေါ်နေ၏။

ထိုစကားအဆုံးတွင် စူးရှသော အကြည့်များစွာက သူ့ထံသို့ ကျရောက်လာသော်လည်း သူကမူ ဂရုမစိုက်ဘဲ တည်ငြိမ်စွာ နေလေသည်။

ခုံဆယ့်သုံးလုံးတွင် ထိုင်နေသူများသည် အပြန်အလှန် စကားပြောဆိုနေကြသည်။ အကယ်၍ ဤစကားများသာ အပြင်သို့ ပေါက်ကြားသွားပါက ကျင့်ကြံခြင်းလောက တစ်ခုလုံးကို တုန်လှုပ်သွားစေမည့် မြေငလျင်ကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။

စင်မြင့်အောက်ရှိ ရွှေအမြူတေအဆင့် ကျင့်ကြံသူများသည် အသက်ရှူမှန်အောင် မနည်း ထိန်းချုပ်နေရသည်။ သူတို့သည်လည်း သွေးထွက်သံယို တိုက်ပွဲပေါင်းများစွာကို ဖြတ်ကျော်လာခဲ့ကြသူများ ဖြစ်သော်လည်း ဤနေရာတွင်မူ မည်သည့် အမှားအယွင်းမျှ အဖြစ်ခံ၍ မရပေ။

သူတို့သည်သာ ကျင့်ကြံခြင်းလောက၏ စစ်မှန်သော အုပ်ချုပ်သူများ ဖြစ်ကြသည်။ 'လူသန်းပေါင်းများစွာ၏ အသက်ကို စကားတစ်ခွန်းတည်းဖြင့် ဆုံးဖြတ်နိုင်သူ' များပင် ဖြစ်သည်။

ထိုစဉ် အုပ်ချုပ်သူများထံမှ အကြည့်များ အောက်သို့ ကျရောက်လာ၏။

"ဘိုးဘေး..."

"ဘိုးဘေး..."

"ဘိုးဘေး..."

စင်မြင့်အောက်မှ တပြိုင်နက်တည်း ထူးသံများ ထွက်ပေါ်လာသည်။ ရွှေအမြူတေအဆင့် ကျင့်ကြံသူများသည် လက်သီးဆုပ်ကာ ခါးကို ညွှတ်ထားကြပြီး သူတို့၏ နဖူးပေါ်တွင် ချွေးစေးများ စီးကျနေလေသည်။

"အမိန့်ပေးလိုက်မယ်... စည်းကမ်းချက်တွေ အတွင်းမှာ ရှိနေသရွေ့ ဂိုဏ်းအချင်းချင်း တိုက်ခိုက်တာကို ဝင်မစွက်ဖက်နဲ့..."

အေးစက်သော အသံကြီးသည် ခန်းမဆောင်အတွင်း ပဲ့တင်ထပ်သွားသည်။

"ဒါပေမဲ့ ကျင့်ကြံသူတွေရဲ့ မြို့တွေထဲမှာတော့ တိုက်ခိုက်ခွင့် ဆက်လက် တားမြစ်ထားတယ်... သာမန်လောကရဲ့ စည်းကမ်းတွေကို ဖျက်ဆီးတာကိုလည်း ခွင့်မပြုဘူး... စည်းကမ်းဖောက်ဖျက်တဲ့သူ မှန်သမျှ... သတ်ပစ်လိုက်ပါ..."

"ဘိုးဘေး ရဲ့ အမိန့်ကို နာခံပါ့မယ်..."

"နာခံပါ့မယ်..."

ရွှေအမြူတေအဆင့် ကျင့်ကြံသူများ၏ ဟိန်းဟောက်သံကဲ့သို့သော ပြန်ကြားသံများ ခွန်အားပါပါ ထွက်ပေါ်လာသည်။ ဤနေရာတွင် ရှိနေသူများသည် ကျင့်ကြံခြင်းလောက၏ အာဏာဗဟိုချက်နှင့် နီးကပ်စွာ ရှိနေသော ရွေးချယ်ခံ ကျင့်ကြံသူများ ဖြစ်ကြသည်။

ထို့ကြောင့် မိမိ၏ အနာဂတ်ကို ဖျက်ဆီးမည့် အလုပ်မျိုးကို ဘယ်သောအခါမှ လုပ်မည်မဟုတ်ပေ။ အကယ်၍ ကံကောင်းလျှင် နောင်တစ်ချိန်၌ ထိုစင်မြင့်ပေါ်ရှိ ခုံတစ်ခုံတွင် ထိုင်ရမည့်သူမှာ မိမိပင် ဖြစ်လာနိုင်သည် မဟုတ်ပါလား။

အမိန့်ရရှိပြီးနောက် ရွှေအမြူတေအဆင့် ကျင့်ကြံသူများသည် ခန်းမဆောင်အတွင်းမှ လျင်မြန်စွာ ထွက်ခွာသွားကြပြီး နေရာအနှံ့သို့ စီစဉ်ညွှန်ကြားမှုများ စတင် လုပ်ဆောင်ကြသည်။

သို့သော် စစ်မှန်သော အာဏာပိုင်များ၏ လျှို့ဝှက်အစည်းအဝေးကမူ ယခုမှ စတင်ခြင်းသာ ဖြစ်လေသည်။

All Chapters