← Chapters

အခန်း ၁၄၃

Vol. 8 Ch. 143

အခန်း ၁၄၃

Vol. 8 Ch. 143

အခန်း (၁၄၃)

ထိပ်သီးဂိုဏ်းကြီး ၁၀ ဂိုဏ်း၏ လျစ်လျူရှုထားသော မူဝါဒကြောင့် ဂိုဏ်းအသီးသီးမှ ပါရမီရှင်များအကြားတွင် ယမ်းငွေ့များ ပိုမို ထူပြောလာခဲ့သည်။ ၎င်းမှတစ်ဆင့် နောက်ကွယ်ရှိ ဂိုဏ်းများပါ ရွှံ့နွံထဲသို့ ဆွဲသွင်းခံလိုက်ရလေသည်။

ယခင်က "တစ်ဦးချင်းစီ" ၏ ရန်ငြိုးများအဖြစ်သာ ရှိခဲ့သော်လည်း ယခုအခါ "မင်းတို့ဂိုဏ်းက ဘယ်သူကတော့ ဘယ်လိုဖြစ်သွားပြီ" "မင်းတို့ဂိုဏ်းက သောက်သုံးကျတာ မဟုတ်ဘူး" စသည်ဖြင့် ဂိုဏ်းတစ်ခုလုံးကို သိမ်းကျုံးဆဲဆိုသော အခြေအနေသို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ဘေးလူအမြင်တွင်မူ ရယ်စရာကောင်းလှသော်လည်း ဤသည်မှာ ကျင့်ကြံခြင်းလောက၏ လက်တွေ့ဘဝပင် ဖြစ်သည်။ နေရာအနှံ့အပြားတွင် ရက်စက်ကြမ်းကြုတ်သော သွေးထွက်သံယို အဖြစ်အပျက်များ အဆက်မပြတ် ဖြစ်ပေါ်နေလေသည်။ သို့သော် ချန်ရွှင်နှင့် နွားနက်ကြီးတို့သည်သာ မည်သည့် ပဋိပက္ခတွင်မျှ မပါဝင်ဘဲ အမြဲတမ်း ရှောင်ရှားနေခဲ့သဖြင့် ထေ့ငေါ့စရာကောင်းလောက်အောင်ပင် သူတို့၏ နေ့ရက်များသည် အေးချမ်းသာယာလျက် ရှိနေခဲ့သည်။

နွေဦး ကုန်ဆုံးပြီး ဆောင်းဦး ရောက်ရှိလာကာ ညီလာခံကြီး ပြီးဆုံးတော့မည် ဖြစ်သော်လည်း မြို့မှ မထွက်ခွာသေးသော တစ်ကိုယ်တော် ကျင့်ကြံသူ အများအပြား ရှိနေသေးသည်။ ကြားရသလောက် မြို့ပြင် နေရာအနှံ့တွင် တိုက်ခိုက်သံများ ဆူညံနေပြီး တိုက်ခိုက်ရေးစင်မြင့် များကိုပင် အထူးတလည် တည်ဆောက်ထားသူများ ရှိသည်ဟု ဆိုသည်။

အနိုင်အရှုံးကို ဆုံးဖြတ်ရုံသာမက အသက်သေဆုံးသည်အထိပါ တိုက်ခိုက်ကြခြင်း ဖြစ်သည်။ ပါရမီရှင်များအကြား သာမန် ယှဉ်ပြိုင်တိုက်ခိုက်ရုံဖြင့် သူတို့၏ သွေးဆာနေမှုကို မဖြေဖျောက်နိုင်တော့ပေ။

ယခင်ကဆိုလျှင် ထိပ်သီးဂိုဏ်းကြီး ၁၀ ဂိုဏ်းက ဝင်ရောက်တားဆီးမည့် အခြေအနေမျိုး ဖြစ်သော်လည်း ယခုအခါတွင်မူ "မြို့တွင်းကို မထိခိုက်သရွေ့ သဘောရှိ လုပ်ကြ" ဟူသော အနေအထားမျိုး ဖြစ်နေသည်။ 'ကျင့်ကြံသူ ဆိုတာ မိမိရဲ့ ယုံကြည်ချက်ကို ခိုင်မာအောင် လုပ်ရမယ်... ငါတို့ ထိပ်သီးဂိုဏ်းကြီး ၁၀ ဂိုဏ်းအနေနဲ့ တာအိုမိတ်ဆွေတို့ရဲ့ တိုးတက်ရာလမ်းကြောင်းကို တားဆီးမယ့် အလုပ်မျိုးကို ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး' ဟူသော သကာရည်လောင်း စကားများဖြင့်လည်း အကာအကွယ်ယူကာ ကြိုကန်ထားကြသည်။

အရှေ့ဘက်မြို့တော်၊ ချောင်ကျသော လမ်းကြားလေးထဲရှိ ဝိညာဉ်အဆောင်ဆိုင်။

လေအေးများ ပြင်းထန်စွာ တိုက်ခတ်နေသော်လည်း ကြိုးကြာဖြူပင် နှစ်ပင်သည် စိမ်းလန်းသော သစ်ရွက်များကို ဝေဆာစွာ ပွင့်လန်းလျက် ဆိုင်ကို စောင့်ရှောက်ပေးနေဆဲ ဖြစ်သည်။

ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ဆိုင်အပြင်ဘက်တွင် နေပူစာလှုံရင်း ဖြတ်သန်းသွားလာနေကြသော ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများ၏ အတင်းအဖျင်းစကားများကို နားစွင့်နေကြသည်။

"နွားကြီးရေ... တကယ်တော့ ကျင့်ကြံခြင်းလောက ဆိုတာ တော်တော် အန္တရာယ်များတဲ့ နေရာပဲ..."

ချန်ရွှင်သည် လှုပ်ကုလားထိုင်ပေါ်တွင် ယိမ်းနွဲ့ရင်း ကျေနပ်စွာ မျက်လုံးမှေးလိုက်သည်။

"ဟိုမှာကြည့်စမ်း... ငါပြောတဲ့အတိုင်း မဟုတ်ဘူးလား... ဘယ်သူ့ရဲ့ ရန်ငြိုးကိုမှ မယူဘဲ ပြဿနာတွေထဲ မပါဝင်တာ အကောင်းဆုံးပဲ... ဟား တကယ့် နိဗ္ဗာန်ဘုံလေးပဲ..."

"မွန်း"

နွားနက်ကြီးသည်လည်း အထူးပြုလုပ်ထားသော ဆိုဒ်ကြီး လှုပ်ကုလားထိုင်ပေါ်တွင် လှဲလျောင်းရင်း ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများ၏ အတင်းအဖျင်း စကားများကို သဘောကျစွာ နားထောင်နေ၏။ နေကြာစေ့လေးများသာ ရှိလျှင် ပို၍ ပြည့်စုံသွားပေမည်။

"ဒါပေမဲ့ ညီလာခံကြီး ပြီးသွားရင် ဒီလမ်းလေးလည်း ဒီလောက် လူစည်တော့မှာ မဟုတ်ဘူး..."

ခပ်သုတ်သုတ် လျှောက်သွားကြသော ကျင့်ကြံသူများကို ကြည့်ရင်း ချန်ရွှင်က ပြောလိုက်သည်။

"နွားကြီး... ဒါကြီး ပြီးသွားရင် ငါတို့လည်း ပြန်ပြီး ဆေးဖော်တဲ့ အလုပ်ပဲ ပြန်လုပ်ကြတာပေါ့..."

"မွန်း"

နွားနက်ကြီး၏ မျက်ဝန်းထဲတွင် တစ်ခဏမျှ ဝေခွဲမရဖြစ်သွားသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။ လျိုယွမ်၏ 'ကျွန်မမှာ နေရမယ့်အချိန် သိပ်မကျန်တော့ဘူး...' ဟူသော စကားသည် ရင်ဘတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်နေသောကြောင့် ဖြစ်သည်။

သို့သော် နွားနက်ကြီးသည် ချန်ရွှင်၏ စကားကို မည်သူ့ထက်မဆို ပို၍ လေးစားသည်။ နွားနက်ကြီးသည် အားပါးတရ ခေါင်းညိတ်လိုက်၏။

ချန်ရွှင်သည် ခေါင်းလှည့်ကာ နွားနက်ကြီးကို ဖျတ်ခနဲ ကြည့်လိုက်သည်။ ကုသိုလ်တော်မှတ်တမ်း ထဲတွင် ဘာတစ်ခုမျှ မကျန်တော့ပေ။ ဝူယွင်ဂိုဏ်းမှ ထွက်လာကတည်းက တကူးတက စုဆောင်းလာခဲ့သော အရာများ ဖြစ်ပါလျက်နှင့်။

"ဟေ့... ကြားပြီးပြီလား... ဟို ဝူယာဂိုဏ်း က ပါရမီရှင်က ရှန်းဟိုင်ဂိုဏ်း က ပါရမီရှင် ယွီယို နတ်သမီးလေးကို သဘောကျနေတယ်တဲ့ကွ..."

"ဘာပြောတယ်... ဝူယာဂိုဏ်းနဲ့ ရှန်းဟိုင်ဂိုဏ်းဆိုတာ ဘိုးဘေးအစဉ်အဆက် ရန်သူတွေလေ... ဒီလို အဓိပ္ပာယ်မရှိတဲ့ ကိစ္စမျိုး ဖြစ်နိုင်ပါ့မလား..."

"ဟဲဟဲဟဲ... တကယ်တဲ့ကွ... နှစ်ဖက် ဂိုဏ်းချုပ်တွေတောင် ကိုယ်တိုင် ထွက်လာဖြေရှင်းရတဲ့အထိ ပြဿနာ ကြီးသွားတယ်တဲ့..."

ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများသည်လည်း အတင်းအဖျင်း ပြောရသည်ကို အလွန် နှစ်သက်ကြရာ လမ်းဘေးတွင် လျှို့ဝှက်သော မျက်နှာထားများဖြင့် အတင်းအဖျင်း ပြောနေကြလေသည်။

ချန်ရွှင်သည်လည်း ပြုံးရွှင်စွာဖြင့် နားထောင်နေ၏။ လက်တွေ့ဘဝဆိုသည်မှာ ဤမျှလောက် ရှုပ်ထွေးလွန်းလှသော်လည်း ၎င်းသည်ပင်လျှင် စိတ်ဝင်စားစရာ ကောင်းနေပြန်သည်။

နွားနက်ကြီးကမူ ထိုကဲ့သို့သော အချစ်ရေး ကိစ္စများကို စိတ်မဝင်စားပေ။ ၎င်းသည် ဝိညာဉ်သားရဲများနှင့် ပတ်သက်သော အကြောင်းအရာများကိုသာ သဘောကျပြီး တစ်ခါတစ်ရံ မိမိကိုယ်မိမိ နှိုင်းယှဉ်ကာ စွမ်းအားများကို ချိန်ထိုးကြည့်လေ့ ရှိသည်။

"မင်းတို့ ကြားပြီးကြပြီလား... မြို့လယ်ခေါင်မှာ တကယ့်ကို အကြီးအကျယ် ပြဿနာကြီး တစ်ခု ဖြစ်သွားတယ်တဲ့..."

"ဘာဖြစ်လို့လဲ..."

ဆိုင်ရှေ့မှ ဖြတ်သွားသော လူအနည်းငယ်သည် ကြီးမားလှသော လျှို့ဝှက်ချက်တစ်ခုကို သိရှိထားသည့်အလား အာပေါင်အာရင်း သန်သန်နှင့်ပြောဆိုနေကြလေသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် နတ်အသိကို ဖြန့်ကျက်ကာ နားစွင့်လိုက်ကြသည်။ စိတ်ဝင်စားစရာ ကောင်းသော သတင်းများကို အတူတူ မျှဝေခံစားသင့်သည် မဟုတ်ပါလား။

"လွန်ခဲ့တဲ့ အနှစ်ခုနစ်ဆယ်တုန်းက ထျန်းဝူဂိုဏ်းရဲ့ ပါရမီရှင်က ဝူယွင်ဂိုဏ်းရဲ့ ပါရမီရှင်ကို သတ်ခဲ့တဲ့ ကိစ္စလေ..."

"ဪ... လွန်ခဲ့တဲ့ အနှစ်တစ်ရာ ညီလာခံမှာ ကြယ်တံခွန်လို ထွက်ပေါ်လာခဲ့တဲ့ စီနီယာ ယန်ချွမ်း အကြောင်းလား... သူက ဘယ်သူ့ရဲ့ မျိုးဆက်ဆိုလားပဲ..."

"ဟုတ်တယ်... ကောင်းကင်ဝိညာဉ်အမြစ် ပိုင်ရှင်ရဲ့ မျိုးဆက်လေ..."

ထိုစကားကို ကြားလိုက်ရသောအခါ လူအနည်းငယ်၏ မျက်ဝန်းများ မှေးကျဉ်းသွားပြီး အံ့ဩထိတ်လန့်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ ကောင်းကင်ဝိညာဉ်အမြစ် ဆိုသည်မှာ အိပ်မက်ထဲတွင်ပင် မက်ခွင့်မရှိသော အမြင့်မားဆုံး ပါရမီရှင်များပင် ဖြစ်သည်။

(ဘာ... ဘာပြောတယ်...)

ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီး အံ့ဩသွားကြသည်။ ဘေးလူတစ်ယောက်အနေဖြင့် နားထောင်နေခဲ့သော်လည်း မိမိတို့၏ မိခင်ဂိုဏ်းအကြောင်း ထွက်ပေါ်လာလိမ့်မည်ဟု မထင်မှတ်ထားပေ။

"လွန်ခဲ့တဲ့ နှစ်ရာချီတုန်းက ဝူယွင်ဂိုဏ်းမှာ တကယ့်ကို ဩဇာတိက္ကမကြီးမားတဲ့ လူတစ်ယောက် ရှိခဲ့တယ်တဲ့... အလွန်ပဲ ရိုင်းစိုင်းကြမ်းတမ်းပြီး ထျန်းဝူဂိုဏ်းရဲ့ အကြီးအကဲကို သတ်ခဲ့တဲ့ လူပေါ့..."

"တာအိုမိတ်ဆွေ ကျန်း... ခင်ဗျားက ဘယ်လိုလုပ်ပြီး ဒီလို နောက်ကွယ်က ကိစ္စတွေကိုတောင် သိနေရတာလဲ..."

"တာအိုမိတ်ဆွေ ကျန်း... ဖုံးကွယ်မနေပါနဲ့တော့... ခင်ဗျားရဲ့ အစစ်အမှန် ကိုယ်ရေးရာဇဝင်ကို ပြောပြလိုက်ပါတော့ဗျာ..."

လူအနည်းငယ်သည် တံတွေးများကို မျိုချလိုက်ကြပြီး အံ့ဩလွန်းသဖြင့် ခြေလှမ်းများကိုပင် ရပ်တန့်လိုက်ကြသည်။

"ဟက်... မတတ်နိုင်ဘူးလေ..."

ကျန်း ဟုခေါ်သော အမျိုးသားသည် လက်ကို နောက်ပစ်လိုက်ပြီး အေးစက်စွာ ပြုံးလိုက်သည်။

"တကယ်တော့ ငါက... ထျန်းဝူဂိုဏ်းရဲ့ အပြင်စည်း တပည့် တစ်ယောက်ပဲကွ..."

"အို... ဟိုး... တာအိုမိတ်ဆွေ ကျန်းက ဂိုဏ်းကြီးက တပည့် ဖြစ်နေတာကိုး..."

"ထင်သားပဲ... ငါ အစကတည်းက တာအိုမိတ်ဆွေ ကျန်းကို သာမန်လူ မဟုတ်ဘူးလို့ ထင်နေတာ..."

"ဟဲဟဲ... တာအိုမိတ်ဆွေ ကျန်းက ငါတို့ကို လှည့်စားထားတာပဲ..."

ပတ်ဝန်းကျင်ရှိ လူအနည်းငယ်သည် ချက်ချင်းပင် ထိုအမျိုးသားအား မြှောက်ပင့်ပေးလာကြသဖြင့် တာအိုမိတ်ဆွေ ကျန်းမှာ ကောင်းကင်ပေါ်သို့ ရောက်သွားသကဲ့သို့ ခံစားနေရသည်။ အမျိုးသား၏ မျက်နှာတွင် ပိုမို၍ ဂုဏ်ယူဝင့်ကြွားသော အရိပ်အယောင်များ ဖြစ်ပေါ်လာ၏။

"ဟမ့်... ဒီရန်ငြိုးကို ငါတို့ ထျန်းဝူဂိုဏ်းက မဖြေရှင်းဘဲ နေပါ့မလား... ဝူယွင်ဂိုဏ်းက ကောင်တွေလည်း ကိုယ်ပြုတဲ့ကံ ကိုယ်ပြန်ခံရတာပဲ..."

"ဒါနဲ့ တာအိုမိတ်ဆွေ ကျန်း... မြို့လယ်ခေါင်မှာ ဖြစ်တဲ့ ပြဿနာကြီးဆိုတာက ဘာများလဲဗျ..."

"ကြားရသလောက်တော့ ဝူယွင်ဂိုဏ်းရဲ့ တောင်ပိုင် တစ်ယောက်နဲ့ ငါတို့ ထျန်းဝူဂိုဏ်းရဲ့ အကြီးအကဲတို့ တိုက်ခိုက်ရေးစင်မြင့် ပေါ်မှာ တိုက်ပွဲဖြစ်ကြတာ... ဝူယွင်ဂိုဏ်းရဲ့ တောင်ပိုင်က အကြီးအကျယ် ရှုံးနိမ့်သွားတယ်လို့ ကြားတယ်..."

"မိုက်လှချည်လား..."

"ထျန်းဝူဂိုဏ်း ပီသပါပေတယ်..."

တာအိုမိတ်ဆွေ ကျန်းသည် မိမိကိုယ်တိုင် တိုက်ခိုက် အနိုင်ရရှိခဲ့သည့်အလား ပိုမိုအာပေါင်းအာရင်းသန်သန်ဖြင့် ပြောလာသည်။

သို့သော် သူတို့၏ ခြေလှမ်းများသည် တဖြည်းဖြည်း ဝေးကွာသွားပြီး မကြာမီ ချန်ရွှင်နှင့် နွားနက်ကြီးတို့၏ နားထဲသို့ မည်သည့်အသံမျှ မကြားရတော့ပေ။

ချန်ရွှင်၏ မျက်ခုံးနှစ်ခုကြားတွင် နက်ရှိုင်းသော အရေးအကြောင်းများ ပေါ်လာ၏။ သို့သော် သူ၏ ရင်ထဲတွင်မူ စိုးရိမ်ပူပန်မှု အနည်းငယ်မျှ မရှိဘဲ တည်ငြိမ်အေးချမ်းသည့် အနေအထားသို့ ရောက်ရှိနေသည်မှာ ကြာမြင့်ပြီဖြစ်သည်။

"နွားကြီး... မြို့လယ်ခေါင်ကို သွားပြီး အခြေအနေ သွားကြည့်ရအောင်..."

"မွန်း"

သူတို့နှစ်ဦးသည် ချက်ချင်း မတ်တပ်ထရပ်ကာ ဆိုင်ထဲမှ ပြေးထွက်သွားကြသည်။ ဆိုင်အတွင်းရှိ စင်များပေါ်တွင် အစီအရင်များ ချထားသဖြင့် တန်ဖိုးသိပ်မကြီးသော ပစ္စည်းများကို ခိုးယူမည့် သူခိုးများ ရှိမည်မဟုတ်ပေ။

...

တစ်ဖက်တွင်မူ အနောက်ဘက်မြို့တော်ရှိ ထျန်းဝူဂိုဏ်း၏ ယာယီစခန်းချရာ နေရာ။

အဆောက်အအုံ တစ်ခုအတွင်း၌ ရွှေအမြူတေ အလယ်အလတ်အဆင့် စွမ်းအားရှိသော လူငယ် တောင်ပိုင် အမျိုးသမီးတစ်ဦးသည် ဆွဲဆောင်မှုရှိရှိ ပြုံးနေ၏။

"ပြင်ဆင်မှုတွေ အားလုံး ပြီးပြီလား..."

"တောင်ပိုင် ကို အစီရင်ခံပါတယ်... အားလုံး စီစဉ်ပြီးပါပြီ... လမ်းကနေ ဝူယွင်ဂိုဏ်းက ကောင်တွေကို ချုံခိုတိုက်ခိုက်ပြီး အကုန် သတ်ပစ်ပါ့မယ်..."

အမျိုးသမီး၏ ရှေ့တွင် ရပ်နေသော ဂိုဏ်းမှ အမျိုးသားအနည်းငယ်သည် သူမ၏ အလှအပကြောင့် ညှို့ငင်ခံရခြင်း မရှိဘဲ အေးစက်သော မျက်နှာထားများကို မပျက်ယွင်းစေဘဲ ပြန်လည် ဖြေကြားလိုက်သည်။

"ဝူနိုင်ငံက အဆင့် (၈)ဝိညာဉ်ကျောက်တုံး မိုင်းတွင်း... ဝူယွင်ဂိုဏ်းက ကောင်တွေ တော်တော်ကြာကြာ သိမ်းပိုက်ထားခဲ့တာပဲ..."

အမျိုးသမီးသည် ဖြူဖွေးလှပသော လက်ချောင်းလေးများဖြင့် ကြည်လင်နေသော လက်ဖက်ရည်ခွက်၏ အနားသတ်ကို ဖွဖွလေး ပွတ်ဆွဲလိုက်သည်။

"ပြန်ပေးရမယ့် အချိန် ရောက်ပြီထင်တယ်... အရင်ဆုံး အတိုးလေးကနေ စပြီး တောင်းကြည့်ကြတာပေါ့..."

"တောင်ပိုင်... ဒါပေမဲ့ ခရမ်းရောင်တိမ်ဂိုဏ်းက..."

"အထက်ကနေ အမိန့်စာ ထွက်လာပြီ... သူတို့က ငါတို့လို အောက်ခြေဂိုဏ်းတွေရဲ့ ရန်ငြိုးတွေကို ဝင်မစွက်ဖက်ဘူးတဲ့..."

အမျိုးသမီး၏ စကားသံတွင် ကျင့်ကြံထားသော ဂါထာမန္တန်ကြောင့်လားမသိ၊ နတ်ဆိုးအငွေ့အသက်များ ရောယှက်နေသော ဆွဲဆောင်မှုမျိုး ပါဝင်နေသည်။

"ထိပ်သီးဂိုဏ်းကြီး ၁၀ ဂိုဏ်းလည်း နောက်ဆုံးတော့ သဘောပေါက်သွားပြီ ထင်တယ်... ရန်ငြိုးတွေ၊ တိုက်ခိုက်မှုတွေကို အတင်း ဖိနှိပ်ထားရင် ငါတို့ ကျင့်ကြံသူတွေ ပိုမို မြင့်မားတဲ့ အဆင့်ကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ဆိုတာကိုလေ..."

"ဟုတ်ကဲ့ပါ..."

"နားလည်ပါပြီ..."

အမျိုးသားများ၏ မျက်လုံးများထဲတွင် ဝမ်းသာပျော်ရွှင်သည့် အရိပ်အယောင်များ ပေါ်လာသည်။ သူတို့သည် ထိပ်သီးဂိုဏ်းကြီး ၁၀ ဂိုဏ်း၏ ဆုံးဖြတ်ချက်ကို ရင်ထဲမှနေ၍ အလွန် ကျေးဇူးတင်နေကြသည်။ ကျင့်ကြံသူ ဆိုသည်မှာ အလုအယက် မတိုက်ခိုက်လျှင် ထိုင်ပြီး သေဖို့ စောင့်နေရုံသာ ရှိသည် မဟုတ်ပါလား။

"အပြင်လူတွေကတော့ ဒါကို ငါတို့ ဂိုဏ်းနှစ်ခုကြားက သီးသန့်ရန်ငြိုးလို့ပဲ ထင်နေကြမှာ... တခြား ဂိုဏ်းတွေက ဝင်စွက်ဖက်မှာ မဟုတ်ဘူး..."

အမျိုးသမီး၏ မျက်လုံးများထဲတွင် စူးရှသော သတ်ဖြတ်ခြင်း အရိပ်အယောင်များ ဖြတ်သန်းသွားပြီး သူမ၏ စကားသံသည် ရုတ်တရက် ရေခဲကဲ့သို့ အေးစက်သွားလေသည်။

"ဟို လျိုယွမ် ဆိုတဲ့ မိန်းမ... ဒီနှစ်ရာချီ အတွင်းမှာ အတင်း အားတင်းပြီး ညီလာခံ တိုင်းကို မျက်နှာလာပြနေခဲ့တာပဲ... ဒါပေမဲ့ ကိုယ်တိုင် သေမင်းရဲ့ နှုတ်ခမ်းဝကို ရောက်နေတာကိုတောင် မသိရှာဘူး..."

"ဒီလို ကောင်မလေးက အလွန်ဆုံးရှိ ဝူယွင်ဂိုဏ်း ဆေးဖော်စပ်ခြင်းတောင်ထွတ်ရဲ့ တောင်ပိုင်လေးပဲလေ... တိုက်ခိုက်ရေး စွမ်းရည်ဆိုတာလည်း ပြောပလောက်တာမှ မဟုတ်တာ... တောင်ပိုင်ရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး..."

"ဒါပေမဲ့ အဲဒီမိန်းမက ဝူယွင်ဂိုဏ်းအတွက်တော့ အရမ်း အရေးကြီးတဲ့ သူပဲ... ထိပ်သီးဂိုဏ်းကြီး ၁၀ ဂိုဏ်းရဲ့ ဒီဆုံးဖြတ်ချက်ကြောင့် သူတို့လည်း တော်တော်လေး လန့်သွားလောက်ပြီ...ဒါကြောင့်မလို့ ဒီတစ်ခါ အခွင့်အရေးက အရမ်း အရေးကြီးတယ်... မင်းတို့တွေ ထျန်းဝူဂိုဏ်းရဲ့ မျှော်လင့်ချက်ကို မဖျက်ဆီးမိစေနဲ့နော်..."

အမျိုးသမီး၏ ရှည်သွယ်သော မျက်ဝန်းများသည် မြွေတစ်ကောင်ကဲ့သို့ ကျဉ်းမြောင်းသွား၏။

"အရှင်ဖမ်းဖို့ မလိုဘူး... မဟုတ်ရင်... ခရမ်းရောင်တိမ်ဂိုဏ်း ဝင်ပါဖို့ အကြောင်းပြချက် ဖြစ်သွားနိုင်တယ်... တစ်ယောက်မကျန် သတ်ခဲ့..."

"ဟုတ်ကဲ့ပါ တောင်ပိုင်..."

"ဟုတ်ကဲ့ပါ တောင်ပိုင်..."

ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ် ဖုံးလွှမ်းနေသည့် အမျိုးသားများသည် လက်သီးဆုပ်ကာ အော်ဟစ်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်း အဆောက်အအုံ အတွင်းမှ ပျောက်ကွယ်သွားကြသည်။

အမျိုးသမီးသည် ပြတင်းပေါက်မှတစ်ဆင့် ကောင်းကင်ကို မော့ကြည့်ကာ အပြင်ဘက်သို့ ငေးကြည့်နေ၏။ နှစ်တစ်ထောင်မှ တစ်ခါသာ ရနိုင်သော အခွင့်အကောင်းကြီးပင်။ ဝူယွင်ဂိုဏ်း၏ စစ်အင်အား တစ်ခု လျော့နည်းသွားသည်နှင့်အမျှ သူတို့၏ ဩဇာလွှမ်းမိုးမှုသည်လည်း ကျဆင်းသွားမည် ဖြစ်သည်။

ဂိုဏ်းလုံးကျွတ် စစ်ပွဲကြီး ဆိုသည်ကို မည်သူကမျှ အလွယ်တကူ စတင်ရဲမည် မဟုတ်ပေ။ မိမိဘက်က ဟာကွက်အနည်းငယ်ပေါ်လာသည်နှင့် အခြားဂိုဏ်းများ၏ နှောင့်ယှက်မှုကို ခံရနိုင်သောကြောင့် ဖြစ်သည်။ ယခင်က မိမိတို့ဂိုဏ်း၏ အကြီးအကဲ အသတ်ခံရစဉ်ကပင် သူတို့သည် အံကြိတ်ကာ ငြိမ်ခံနေခဲ့ရသည် မဟုတ်ပါလား။

All Chapters