အခန်း ၁၄၄
Vol. 8 Ch. 144
အခန်း (၁၄၄)
အနောက်ဘက်မြို့တော်၊ ဝူယွင်ဂိုဏ်း စခန်းချရာ အဆောက်အအုံအတွင်း၌...
လျိုယွမ်၏ မျက်နှာသည် အနည်းငယ် ဖြူရော်နေ၏။ တိုက်ပွဲဖြစ်ပွားစဉ်က သူမ ဒဏ်ရာရရှိခဲ့သည်။ ထိုမိန်းမက သူမကို အသေသတ်မတတ် အပြင်းအထန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
"ဆရာ... ဒီတစ်ခါ ထျန်းဝူဂိုဏ်းက လာတာ ရည်ရွယ်ချက် မကောင်းဘူးနော်"
တပည့်မိန်းကလေးတစ်ဦးသည် လျိုယွမ်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ "လမ်းမှာ ကျွန်မတို့ကို ခြုံခိုတိုက်ခိုက်ဖို့ များတယ်..."
လျိုယွမ်၏ အမူအရာက လေးနက်တည်ကြည်နေပြီး မည်သည့် ထိတ်လန့်မှုမျှ မရှိပေ။ "ထိပ်သီး ဂိုဏ်းကြီး (၁၀)ဂိုဏ်းက ဘယ်လိုပြောလဲ..."
"ခေါင်းဆောင်... ဂိုဏ်းကြီးတွေဘက်က ပြောတာက..."
တပည့်လူငယ်သည် ကြောက်လန့်တကြား ဖြစ်သွားပြီး ကပျာကယာ ပြန်ဖြေလိုက်သည်။ "ဂိုဏ်းတွေရဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာတွေမှာ ဝင်မပါဘူးတဲ့..."
"ဒါဆိုရင် အနောက်ဘက်မြို့တော်ကနေ မထွက်ဘဲ ဂိုဏ်းက စစ်ကူလာတာကို စောင့်ကြတာပေါ့"
လျိုယွမ်သည် ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်။ တစ်ဖက်ရန်သူကို အခွင့်အရေး မပေးချင်ပေ။ "လောလောဆယ် ဒီမြို့ထဲမှာပဲ ဆက်ပြီး ကျင့်ကြံကြတာပေါ့..."
"ဆရာ..."
"ခေါင်းဆောင်..."
ပတ်ဝန်းကျင်ရှိ တပည့်များအားလုံး ကြောင်အမ်းသွားကြပြီး စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်သွားကြသည်။ သူတို့အများစုတွင် ဂိုဏ်းအကျိုးပြုအမှတ်များသာ ရှိပြီး ပိုင်ဆိုင်မှု ကြီးကြီးမားမား မရှိပေ။
လျိုယွမ်သည် သူတို့၏ မျက်နှာအမူအရာများကို အကဲခတ်မိသော်လည်း အသက်အန္တရာယ်ကိုသာ ပထမဦးစားပေးရမည် ဖြစ်သည်။ မျိုးဆက်သစ်လေးများ အချည်းနှီး အသက်မသေစေချင်ပေ။
ဆေးဋ္ဌာနမှ တပည့်များသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ အကြိမ်တိုင်းတွင် သူတို့၏ ခေါင်းဆောင်သာ မြို့ထဲ၌ အကြာဆုံး နေလေ့ရှိသည်။ ဂိုဏ်းမှ အခြား ခေါင်းဆောင်များမှာ လာရောက်ခြင်း မရှိသလို၊ လာလျှင်လည်း တပည့်များကို ခေါ်ဆောင်ကာ စောစီးစွာ ထွက်ခွာသွားတတ်ကြသဖြင့် ရန်သူများ ပစ်မှတ်ထားစရာ အကြောင်းမရှိပေ။ သူတို့၏ ရင်ထဲတွင် မတတ်သာသည့် ခံစားချက်နှင့်အတူ ဝမ်းနည်းမှုများ ရောယှက်နေသော်လည်း အမိန့်ကိုသာ နာခံရတော့မည်။
"ဂျူနီယာညီမ လျို..."
အပြင်ဘက်မှ ဟိန်းဟောက်သောအသံကျယ်ကြီး ထွက်ပေါ်လာသည်။ ဆံပင်ဖြူများဖြင့် အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားကာ မျက်လုံးများက တလက်လက် တောက်ပနေသည်။ တကယ့်ကို အင်မော်တယ်တစ်ပါး၏ ဟန်ပန်မျိုး ရှိနေ၏။ သူသည် လက်နက်ပြုလုပ်ရေး ခန်းမဆောင်၏ ခေါင်းဆောင်၊ ရွှေအမြူတေ အလယ်အလတ်အဆင့် ကျင့်ကြံသူ ဂျီဟောက်ရွှမ် ပင် ဖြစ်သည်။
"စီနီယာအစ်ကို ဂျီ..." လျိုယွမ် မတ်တပ်ရပ်လိုက်ပြီး မျက်ဝန်းထဲတွင် ဝမ်းသာမှုများ ပေါ်လာသည်။ သူ တိုက်ပွဲမစခင်ကတည်းက ထွက်သွားပြီ မဟုတ်ပါလား။
"ကျုပ် ထွက်သွားခါစလေးပဲ ရှိသေးတယ်... ထျန်းဝူဂိုဏ်းက ငါတို့ ဝူယွင်ဂိုဏ်းကို ပြဿနာရှာတယ် ဆိုတဲ့ သတင်း ကြားလိုက်ရလို့..."
ဂျီဟောက်ရွှမ်သည် အထဲသို့ ဝင်လာပြီး လက်နောက်ပစ်လျက် အနည်းငယ် ဒေါသထွက်နေပုံ ရသည်။ "ကျုပ် လူတွေခေါ်ပြီး ချက်ချင်း ပြန်လှည့်လာခဲ့တာ... ဘယ်ကောင်က ငါ့ ဂျူနီယာညီမ လျို ကို အနိုင်ကျင့်ရဲတာလဲ..."
"ခေါင်းဆောင်ဂျီ ကို ဂါရဝပြုပါတယ်"
အဆောက်အအုံ အတွင်းရှိ လူအားလုံး ဝမ်းသာအားရဖြင့် လက်သီးဆုပ် အရိုအသေပေးလိုက်ကြရာ ရင်ထဲတွင်လည်း နွေးထွေးသွားကြသည်။
"စီနီယာအစ်ကို ဂျီ... မြို့ပြင်မှာ ခြုံခိုတိုက်ခိုက်မယ့်သူတွေ ရှိနေနိုင်တယ်..." လျိုယွမ်သည် တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒီတစ်ခါ ထျန်းဝူဂိုဏ်းက သေချာ ပြင်ဆင်ပြီးမှ လာတာ... ကျွန်မတို့ စခန်းဘေးမှာလည်း သူလျှိုတွေ အများကြီး ရောက်နေတယ်..."
"ကိစ္စမရှိပါဘူး... ကျုပ် အကုန်သိတယ်..."
ဂျီဟောက်ရွှမ်က အေးစက်စွာ နှာမှုတ်လိုက်သည်။ "တခြားလမ်းကနေ စောင့်ကြိုနေဖို့ တပည့်တွေကို ကျုပ် လွှတ်ထားပြီးပြီ... မူလလမ်းကနေ ပြန်စရာမလိုဘူး... ဂိုဏ်းကို မပြန်ဘဲ ဒီ အနောက်ဘက်မြို့တော်မှာ နေရင် ဘယ်လိုလုပ် ကျင့်ကြံလို့ ရပါ့မလဲ..."
"ငါတို့ ဝူယွင်ဂိုဏ်းက သူတို့ ထျန်းဝူဂိုဏ်းကို ကြောက်နေတယ်လို့ ထင်သွားဦးမယ်..."
ဤစကားကို ကြားလိုက်ရသောအခါ အဆောက်အအုံအတွင်းရှိ တပည့်များအားလုံး အလွန် ဝမ်းသာပီတိ ဖြစ်သွားကြသည်။ ခေါင်းဆောင်ဂျီ၏ စကားသည် သူတို့ရင်ထဲမှ စကားပင် ဖြစ်ပေသည်။ လျိုယွမ်သည် ဂျီဟောက်ရွှမ်ကို မြင်လိုက်ရသဖြင့် စိတ်အေးသွားပြီး ပြောလိုက်သည်။ "စီနီယာအစ်ကို စီစဉ်တဲ့အတိုင်းပါပဲ..."
"ဂျူနီယာညီမ လျို... စိတ်ချပါ... ဂိုဏ်းကို ပြန်ရောက်တာနဲ့ ထျန်းဝူဂိုဏ်းကို ရှင်းလင်းချက် တောင်းရမယ်..."
"ခေါင်းဆောင်ဂျီ အောင်ရမည်"
တပည့်များအားလုံး အလိုအလျောက် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ ဤလုံခြုံမှုမျိုးက သူတို့ကို အလွန် ကျေနပ်သွားစေသည်။
"အားလုံး ပြန်ပြီး သေချာ ကျင့်ကြံကြစမ်း..."
ဂျီဟောက်ရွှမ် မျက်မှောင်ကြုတ်ကာ ဆူပူလိုက်သည်။
"ဒီနေ့ ရဲ့ အရှက်ရမှုကို မှတ်ထားကြ... ဘာတွေများ အော်ချင်နေရတာလဲ... ရှက်စရာ ကောင်းလိုက်တာ..."
အဆောက်အအုံ အတွင်း၌ ချက်ချင်း တိတ်ဆိတ်သွားသည်။ စကားလုံးများသည် လည်ချောင်းထဲတွင် တစ်ဆို့သွားသကဲ့သို့ အားလုံး ခေါင်းငုံ့သွားကြသည်။
"စီနီယာအစ်ကို ဂျီ... ကြွပါ..."
လျိုယွမ်ကလည်း တပည့်များကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။
အထူးသဖြင့် မျက်နှာလေးရဲနေပြီး ဘာလုပ်ရမှန်းမသိဖြစ်နေသော တပည့်မိန်းကလေးကို သူမ အကြိမ်ကြိမ် ကြည့်မိလိုက်သည်။ လျိုယွမ်၏ စိတ်ထဲတွင် ယခင်က သူမ ကိုယ်တိုင် ဆရာဖြစ်သူ၏ ဆူပူကြိမ်းမောင်းမှုကို ခံခဲ့ရစဉ်က ပုံစံကို ပြန်လည် မြင်ယောင်လာမိသည်။ ထို့အပြင် ဆရာသခင် အတင်းဆွဲခေါ်သွားသော စီနီယာအစ်ကို ရှီ...
"ဂျူနီယာညီမ လျို..." ဂျီဟောက်ရွှမ်က နားမလည်စွာဖြင့် အကြိမ်ကြိမ် ခေါ်လိုက်သည်။ လျိုယွမ် ဘာကြောင့် ရုတ်တရက် ငေးငိုင်သွားရသနည်း။
"သွားကြစို့... စီနီယာအစ်ကို ဂျီ..." လျိုယွမ် ရုတ်တရက် သတိပြန်ဝင်လာပြီး သူတို့နှစ်ဦး အပြင်သို့ ထွက်သွားကြသည်။
သူတို့ ပြင်ဆင်စရာများ ရှိသေးသည်။ ဂိုဏ်းသို့ ပြန်မည့် ဤခရီးစဉ်သည် အေးချမ်းမည် မဟုတ်ဘဲ အသေအကြေ တိုက်ခိုက်ရမည့် အခြေအနေမျိုး ကြုံလာနိုင်သည်။
ခုနစ်ရက် ကြာပြီးနောက် နှစ်တစ်ရာပြည့် ညီလာခံကြီး တရားဝင် ပြီးဆုံးသွားခဲ့သည်။
မြို့ပြင် ကောင်းကင်တွင် တဝုန်းဝုန်း မြည်ဟည်းသံများ အဆက်မပြတ် ထွက်ပေါ်နေပြီး လှေပျံကြီးများသည် ဂိုဏ်းအလံများကို လွှင့်ထူလျက် ထွက်ခွာနေကြသည်။ ပျံသန်းနိုင်သော ဝိညာဉ်သားရဲများသည် ကောင်းကင်တွင် ပျံဝဲနေကြပြီး ကြောက်မက်ဖွယ် အရှိန်အဝါများကို ထုတ်လွှတ်ကာ မြေပြင်ပေါ်တွင် အရိပ်ကြီးများ ကျရောက်စေသည်။
အနောက်ဘက်မြို့တော်၊ ဝူယွင်ဂိုဏ်း စခန်းချရာနေရာ...
အမိန့်တစ်ခု ထွက်ပေါ်လာသည်။ "ထွက်ခွာကြစို့... ဘယ်သူနဲ့မှ အဆက်အသွယ် မလုပ်နဲ့..."
မြို့ပြင်ရှိ လှေပျံကြီးများ ရပ်နားရာ နေရာမှ ဝူယွင်ဂိုဏ်း၏ လှေပျံကြီး နှစ်စင်း ကောင်းကင်သို့ မြင့်တက်သွားသည်။ ဂိုဏ်းအလံတော်ကို လွှင့်ထူလိုက်ရာ ဖုန်လုံးကြီးများ လွင့်ပျံသွား၏။ အပေါ်တွင် ရပ်နေသော တပည့်များသည် လက်နက်များကို ကိုင်ဆောင်ထားကြပြီး စိုးရိမ်တကြီးဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်နေကြသည်။
လျိုယွမ်နှင့် ဂျီဟောက်ရွှမ်တို့သည် အရှေ့ဆုံးတွင် ရပ်နေကြသည်။ ခံစစ်အစီအရင်များကို ပြင်ဆင်ပြီးပြီ ဖြစ်သလို ဂိုဏ်းသို့ ပြန်မည့် လမ်းကြောင်းကိုလည်း ပြောင်းလဲထားပြီး ဖြစ်သည်။ သူတို့၏ ခွန်အားများကို အထွတ်အထိပ်သို့ ရောက်ရှိစေရန် အသက်ရှူကျင့်စဉ်များ ပြုလုပ်ကာ ပြင်ဆင်နေကြသည်။
ဝူယွင်ဂိုဏ်းသည် ယွီရွှီမြို့တော်နှင့် အလွန်ဝေးကွာလှသဖြင့် သတင်းပို့ရန် အချိန်မမီတော့ပေ။ စစ်ကူ လာခဲ့လျှင်တောင် လမ်းတွင် ထျန်းဝူဂိုဏ်း၏ ခြုံခိုတိုက်ခိုက်မှုများကို ကြုံတွေ့ရနိုင်သည်။ ရန်သူက အမှောင်ထဲတွင် ရှိနေပြီး မိမိတို့က အလင်းထဲတွင် ရှိနေသဖြင့် အတော်လေး အခြေအနေ ဆိုးဝါးလှသည်။ ထို့ကြောင့် ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင်သာ ကြိုးစားရမည် ဖြစ်သည်။
အနောက်ဘက်မြို့တော်၊ ထျန်းဝူဂိုဏ်း စခန်းချရာနေရာ...
အမိန့်တစ်ခု နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။ "လှုပ်ရှားမယ်... တွေ့တဲ့သူ အကုန်သတ်..."
မြို့တွင်းရှိ ထျန်းဝူဂိုဏ်း တပည့်များ စုရုံးလာကြပြီး မြို့ပြင်မှ ထျန်းဝူဂိုဏ်း၏ လှေပျံကြီးများလည်း ထွက်ခွာလာကြသည်။ ကျယ်လောင်သော မြည်ဟည်းသံကြီးများနှင့်အတူ ဝူယွင်ဂိုဏ်း၏ လှေပျံကြီးများ သွားရာလမ်းကြောင်းအတိုင်း လိုက်ပါသွားကြလေသည်။
ထိုအချိန် တစ်ပြိုင်နက်တည်းမှာပင်...
အရှေ့ဘက်မြို့တော်ရှိ လူသူအရောက်အပေါက် နည်းပါးလာသော အဆောင်လက်ဖွဲ့ အရောင်းဆိုင်လေး တစ်ဆိုင်၏ အပြင်ဘက်၌...
သစ်ရွက်များ တဖွဲဖွဲ ကြွေကျနေပြီး ခြောက်ကပ်နေသော မြင်ကွင်းတစ်ခု ဖြစ်နေသည်။ နွားနက်ကြီးတစ်ကောင်သည် ဆိုင်အပြင်ဘက်တွင် ရပ်လျက် မီးခိုးရောင် ဝတ်ရုံဝတ်ဆင်ထားသော အမျိုးသားကို စူးစိုက်သော မျက်လုံးများဖြင့် ကြည့်ရှုနေ၏။ ထိုအမျိုးသားသည် ဆိုင်တံခါးကို ညင်သာစွာ ပိတ်လိုက်ပြီး သူ၏ မျက်ဝန်းများမှာ တည်ငြိမ်နေသည်။ ထို့နောက် သူတို့ အတူတကွ ထွက်ခွာလာခဲ့ကြသည်။
လူတစ်ယောက်နှင့် နွားတစ်ကောင်သည် တိတ်ဆိတ်နေသော လမ်းမကြီးပေါ်တွင် ဖြည်းညှင်းစွာ လျှောက်လှမ်းနေကြသည်။ သွားလာနေသော လူများလည်း သိသိသာသာ နည်းပါးသွားပြီး စကားပြောသံများလည်း မဆူညံတော့ပေ။
ယနေ့ ယွီရွှီမြို့တော်၏ ကောင်းကင်သည် အနည်းငယ် အုံ့မှိုင်းနေပြီး မီးခိုးရောင်သန်းနေသည်။ မည်းနက်နေသော တိမ်တိုက်ကြီးများသည် ကောင်းကင်ကို ဖုံးလွှမ်းထားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျလာတော့မည့်အလား လေးလံနေသည်။ လောကကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသကဲ့သို့ ဖိစီးမှုတစ်ခု ရှိနေသည်။
"နွားကြီး... ဒီနေ့တော့ တော်တော်လေး အေးလာသလိုပဲ..."
"မွန်း..."
"ဒီလောက် နှစ်တွေ အများကြီး နေလာတာ... ငါတို့မှာလည်း သူငယ်ချင်းတွေ တော်တော်များများ ရှိခဲ့တာပဲနော်..."
"မွန်း..."
နွားနက်ကြီးသည် နှာမှုတ်သံ ပြင်းပြင်းတစ်ချက် ပြုလုပ်လိုက်ပြီး ရှေ့သို့ စိုက်ကြည့်လိုက်ရာ မျက်လုံးများက ပြတ်သားနေသည်။ ကြီးမားလှသော အရှိန်အဝါ တစ်ခု တိတ်တဆိတ် ထွက်ပေါ်လာ၏။
"ဒါပေမဲ့ အခုထိ အသက်ရှင်နေသေးတဲ့ မိတ်ဆွေဆိုလို့ လျိုယွမ် ဂျူနီယာညီမလေး တစ်ယောက်ပဲ ကျန်တော့တယ် ထင်တယ်..."
ချန်ရွှင်၏ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်များ ဖျတ်ခနဲ ပေါ်လာပြီးနောက် ချက်ချင်း ပြန်လည် တည်ငြိမ်သွားသည်။ "သူမ အန္တရာယ် ကြုံနေရတာကို လက်ပိုက်ကြည့်နေမယ်ဆိုရင်... ရှီကျင်း က ငါတို့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး..."
"မွန်း..."
နွားနက်ကြီး၏ နှာမှုတ်သံများ ပိုမို ပြင်းထန်လာပြီး ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အရှိန်အဝါများသည် ပိုမို ပြင်းထန်လာသည်။
လမ်းသွားလမ်းလာ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားကြပြီး လှမ်းနေသော ခြေလှမ်းများပင် လေထဲတွင် ရပ်တန့်သွားကြသည်။ သို့သော် ချန်ရွှင်နှင့် နွားနက်ကြီးတို့မှာမူ အေးဆေးတည်ငြိမ်စွာ ဆက်လက် လျှောက်လှမ်းနေကြဆဲ ဖြစ်သည်။
"ကျင့်ကြံလာတာ နှစ်ရာချီ ရှိနေပြီ... နောင်တရစရာတွေလည်း လုံလောက်နေပါပြီ... လျိုယွမ် ဂျူနီယာညီမလေးကို သွားရောက် ပို့ဆောင်ပေးသင့်တယ်..."
ချန်ရွှင် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ရှေ့သို့ ကြည့်ကာ ကောက်ရိုးဦးထုပ်ကို ဖြည်းညှင်းစွာ ဆောင်းလိုက်သည်။ "ဟုတ်တယ်မလား နွားကြီး..."
"မွန်း..."
နွားနက်ကြီးသည် ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်သည်။ ပတ်ဝန်းကျင်တွင် လေပြင်းများ တိုက်ခတ်လာပြီး လေဆင်နှာမောင်းတစ်ခုကဲ့သို့ ဘေးဘီဝဲယာသို့ အရှိန်ဖြင့် ပြန့်ကားသွားသည်။
လမ်းမပေါ်ရှိ ဝိညာဉ်စွမ်းအင်စီးဆင်းမှုများ ရုတ်တရက် ရပ်တန့်သွားသည်။ ဖြတ်သန်းသွားလာနေသော ကျင့်ကြံသူများ၏ ခန္ဓာကိုယ်တွင်းမှ မှော်စွမ်းအင်များသည်လည်း ရပ်တန့်သွားကြပြီး ဝိညာဉ်အထိ တုန်လှုပ်ချောက်ချားသွားစေသော ကြက်သီးထဖွယ် ခံစားချက်ကြီး တစ်ခု ဝင်ရောက်လာသည်။ သူတို့၏ နှုတ်ခမ်းများ တုန်ရီနေပြီး စကားတစ်ခွန်းမျှပင် မပြောနိုင်တော့ပေ။ စဉ်းစားတွေးခေါ်နိုင်စွမ်းများပင် နှေးကွေးသွားသကဲ့သို့ ခံစားလိုက်ကြရသည်။
တိတ်ဆိတ်ခြင်း။
သေခြင်းတရားကဲ့သို့ တိတ်ဆိတ်ငြိမ်သက်ခြင်းမျိုး ဖြစ်သည်။
လမ်းမကြီး တစ်ခုလုံးသည် ဆန်းကြယ်စွာ တိတ်ဆိတ်သွားပြီး အချိန်ကာလများပင် ရပ်တန့်သွားသကဲ့သို့ ဖြစ်နေသည်။
ရုတ်တရက် ကျင့်ကြံသူအားလုံး တုန်ခါသွားကြပြီး အသက်ကို ခက်ခက်ခဲခဲ ရှူလိုက်ကြကာ နေရာတွင်ပင် ကျောက်ရုပ်ကြီးများကဲ့သို့ ရပ်နေကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့၏ မျက်နှာများထက်တွင် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့မှုများ အထင်းသား ဖြစ်ပေါ်နေကြသည်။
ဘာတွေ ဖြစ်ကုန်တာလဲ...
ဒါက... ဘယ်လို ကြောက်စရာကောင်းတဲ့ ဝိညာဉ်ဖိအားလဲ...
လမ်းမပေါ်ရှိ ကျင့်ကြံသူများသည် မိမိတို့၏ မှော်စွမ်းအင်များကို တိတ်တဆိတ် လှည့်ပတ်ကြည့်သော်လည်း ရပ်တန့်နေပြီး လည်ပတ်၍ မရတော့ပေ။ ယခုအခါ သူတို့သည် သာမန်လူများကဲ့သို့ ဖြစ်နေကြပြီ။
"နွားကြီး... သွားစို့..."
"မွန်း..."
စကားဆုံးသည်နှင့် ချန်ရွှင်သည် လက်တစ်ဖက်ဖြင့် ကောက်ရိုးဦးထုပ်ကို ဖိကိုင်လိုက်ရာ ကြီးမားလှသော မှော်စွမ်းအင်များသည် ချက်ချင်း ပေါက်ကွဲထွက်လာပြီး ပုံရိပ်နှစ်ခုသည် မျက်စိတစ်မှိတ်အတွင်း ထိုနေရာမှ ပျောက်ကွယ်သွားကြသည်။
ဝုန်း...
ဝုန်း...
သူတို့ ထွက်သွားသည်နှင့် တစ်ပြိုင်နက် လေပြင်းမုန်တိုင်းများသည် လမ်းမကြီးတစ်ခုလုံးကို လွှမ်းခြုံသွားပြီး ဝိညာဉ်စွမ်းအင်များသည်လည်း အကြီးအကျယ် ဖိနှိပ်ခံထားရရာမှ ရုတ်တရက် လွတ်မြောက်သွားသကဲ့သို့ လှုပ်ရှားဆူပွက်လာကြသည်။
ဤတိတ်ဆိတ်သော လမ်းမကြီးပေါ်ရှိ ကျင့်ကြံသူများအားလုံး ကြောင်အမ်းသွားကြသည်။ အားလုံးသည် လတ်ဆတ်သော လေကို အားပါးတရ ရှူသွင်းလိုက်ကြပြီး မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ရှိနေဆဲ ဖြစ်သည်။ ထို သေမတတ် မွန်းကျပ်မှုကြီးကို သူတို့ တစ်သက်လုံး မေ့ပျောက်နိုင်တော့မည် မဟုတ်ပေ။ သေဆုံးခါနီးအချိန်တွင်ပင် ယနေ့မြင်ကွင်းကို အလိုအလျောက် ပြန်လည် သတိရမိကြပေလိမ့်မည်။