အခန်း ၁၄၇
Vol. 8 Ch. 147
အခန်း (၁၄၇)
လှေပျံကြီးသည် ကောင်းကင်ကို မားမားမတ်မတ် ရပ်တည်နေသော ပုံရိပ်နှစ်ခုကြားမှ လျှပ်တစ်ပြက် ဖြတ်သန်းသွားသည်။
ထိုခဏတွင်ပင် အရိပ်မည်းနှစ်ခုသည် ခေါင်းမော့လာကာ လျိုယွမ် ကို တပြိုင်နက်တည်း စိုက်ကြည့်လိုက်ကြ၏။
လျိုယွမ်၏ မျက်ဝန်းအိမ်မှ မျက်ရည်ပေါက်ကြီးများ အဆက်မပြတ် ကျဆင်းလုမတတ် ဖြစ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးလည်း ကြက်သီးများထကာ တုန်ရီနေလေသည်။
ချန်ရွှင်ကို လာရောက် ကယ်တင်ပေးလိမ့်မည်ဟု သူမ တစ်ခါမျှ မမျှော်လင့်ခဲ့ဖူးပေ. သူ့အတွက် ဒုက္ခပေးချင်စိတ် အနည်းငယ်မျှပင် မရှိခဲ့ချေ။
သူတို့ ဘေးကင်းလုံခြုံစွာ ရှိနေသည်ကို မြင်တွေ့ရခြင်းကပင် သူမ၏ အကြီးမားဆုံး ဆန္ဒတစ်ခု ဖြစ်သည်။
တကယ်ကြီး ရောက်လာလိမ့်မည်ဟု သူမ မထင်မှတ်ထားပေ။
“ဝုန်း...”
လှေပျံကြီးသည် တိမ်တိုက်များကို ခွဲခြမ်းကာ အရှိန်ပြင်းပြင်းဖြင့် ဖြတ်သန်းသွားသည်။
လှေပျံပေါ်တွင် ပါလာသော ဝူယွင်ဂိုဏ်းမှ တပည့်များသည် မျက်လုံးများကို ကြောက်ရွံ့တုန်လှုပ်စွာ ဖွင့်ကြည့်လိုက်ကြပြီး မိမိတို့၏ ခန္ဓာကိုယ်ကို စမ်းသပ်စစ်ဆေးကြည့်လိုက်ကြသည်။
...ငါတို့ ဘာမှမဖြစ်ဘူးလား။
နောက်သို့ လှည့်ကြည့်လိုက်သောအခါ ထိုအရိပ်မည်းကြီး နှစ်ခုသည် လေဟာနယ်ထဲတွင် မားမားမတ်မတ် ရပ်နေဆဲဖြစ်သည်။ ခြေတစ်လှမ်းမျှပင် ရွေ့လျားခြင်း မရှိပေ။
သို့သော် ထိုနေရာကို လွှမ်းမိုးထားသော ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားကြီးကမူ ယခုထက်တိုင် ရှိနေဆဲ ဖြစ်၏။
ဂျီဟောက်ရွှမ် ၏ မျက်လုံးထဲတွင် အလွန်အမင်း အံ့ဩတုန်လှုပ်သွားသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။
သူသည် မျက်စိတစ်မှိတ်အတွင်းမှာပင် အကြောင်းအရာများစွာကို သဘောပေါက်သွားသကဲ့သို့ ထိုအရိပ်မည်းနှစ်ခုကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်သည်။
လျိုယွမ်သည် သူတို့ကို မျက်တောင်မခတ်ဘဲ ဆက်လက် ကြည့်ရှုနေဆဲ ဖြစ်သည်။ ပြင်ပလောကမှ မည်သည့်အရာကမျှ ယခုအချိန်တွင် သူမ၏ စိတ်နှလုံးကို လှုပ်ခတ်နိုင်စွမ်း မရှိတော့သကဲ့သို့ ဖြစ်နေ၏။
ဂျီဟောက်ရွှမ် သည် လည်ချောင်းများ ခြောက်သွေ့လာသလို ခံစားလိုက်ရသည်။ နှစ်ပေါင်း ရာချီ အသက်ရှင်လာခဲ့သူပီပီ လောက၏ နိယာမများကို သူ အလိုအလျောက် နားလည်ထားပြီး ဖြစ်သည်။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်များ၏ နောက်ခံကို အလွယ်တကူ စူးစမ်းလေ့လာ၍ မဖြစ်နိုင်ပေ။ သူ့ဘဝတွင် ရှင်သန်လျက် လုပ်ဆောင်စရာများစွာ ကျန်ရှိနေသေးသည် မဟုတ်ပါလား။
မကြာမီ လှေပျံပေါ်ရှိ လူအားလုံး၏ အကြည့်များသည် ထျန်းဝူဂိုဏ်း မှ လူများရှိရာ ကောင်းကင်ဆီသို့ ကျရောက်သွားကြသည်။
"မင်း... မင်းတို့က ဘယ်သူတွေလဲ..."
ကောင်းကင်တစ်ဖက်ဆီမှ တုန်ရီနေသော အသံတစ်သံ ထွက်ပေါ်လာသည်။ ထိတ်လန့်ကြောက်ရွံ့မှုကို အသည်းအသန် ဖုံးကွယ်ထားရကြောင်း သိသာလှ၏။
ရှာဟန် ၏ မျက်ဝန်းထဲတွင် သတိထားမှု သုံးပုံနှင့် ကြောက်ရွံ့မှု ခုနစ်ပုံခန့် ရောယှက်နေသည်။ ဝူယွင်ဂိုဏ်းမှ လူများကို လွတ်မြောက်ခွင့် ပေးလိုက်ရပြီ ဖြစ်သည်။
"ငါတို့က ထျန်းဝူဂိုဏ်းက တပည့်တွေ... ငါတို့ နောက်ကွယ်မှာ ချန်ဟိုင်ဂိုဏ်း ရှိတယ်... ချန်ဟိုင်ဂိုဏ်းကို ထောက်ထားပြီး မျက်နှာသာပေးလို့ မရဘူးလား..."
သူမသည် ဘေးဘက်သို့ အသာအယာ လှမ်းကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ အစ်ကိုဝမ်းကွဲ ဖြစ်သူ ရှာယွမ်ချီ သည် ဘာကြောင့် စောစောကတည်းက စကားတစ်ခွန်းမျှ မဟရသနည်း။
သူမ၏ အနောက်တွင် ပုန်းကွယ်နေသော ဖန်ဖျင် ၏ မျက်လုံးထဲတွင်မူ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေသော အရိပ်အယောင်များသာ ရှိနေလေသည်။
ယောက်ျားတွေဆိုတာ အားကိုးလို့ မရပါလား။
ရှာဟန် သည် စိတ်ထဲမှနေ၍ ကျိန်ဆဲလိုက်ပြီး လေဟာနယ်ကို နင်းလျက် ရှေ့သို့ ထွက်လာကာ အဝေးမှ ချန်ရွှင်နှင့် မျက်နှာချင်းဆိုင် ရပ်လိုက်သည်။
"ငါတို့လား... သာမန် ကျင့်ကြံခြင်းလောကက နာမည်မရှိတဲ့ ကောင်တွေပါ..."
နောက်ဆုံးတွင် အရိပ်မည်းတစ်ခုဆီမှ အသံထွက်လာသည်။ ထိုအသံသည် အလွန် တည်ငြိမ်အေးစက်နေ၏။
ညာဘက်လက်ဖြင့် ကျောပြင်နောက်မှ ပုဆိန်တစ်လက်ကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။
"မိတ်ဆွေဟောင်း တစ်ယောက်ကို လာပြီး လမ်းပို့ပေးရုံ သက်သက်ပါပဲ..."
စကားသံဆုံးသည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါများသည် နက်ရှိုင်းသော တွင်းနက်ကြီးတစ်ခုပမာ ရုတ်ချည်း ပြောင်းလဲသွားလေသည်။
မျက်စိတစ်မှိတ်အတွင်း ကမ္ဘာလောကကြီးတစ်ခုလုံး တုန်ခါသွား၏။
ဝုန်း...
ဝုန်း...
ကောင်းကင်တစ်ခွင်လုံးတွင် ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံကြီးများ ပဲ့တင်ထပ်သွားသည်။
ထိုလူ၏ အရှိန်အဝါသည် ပေါက်ကွဲထွက်လာပြီး အဆုံးအစမရှိသော 'သေခြင်းတရား အငွေ့အသက်' များသည် ကျယ်လောင်သော အသံကြီးများနှင့်အတူ ရုတ်တရက် လွှမ်းခြုံလာသည်။
လေပြင်းမုန်တိုင်းများ တိုက်ခတ်လာပြီး မည်းမှောင်နေသော ပင်လယ်ပြင်ကြီးတစ်ခု ကောင်းကင်ကို ဖုံးလွှမ်းသွားမည့်အလား အရှိန်အဟုန်ဖြင့် ရိုက်ခတ်လာ၏။
"မွန်း..."
နောက်ထပ် အရိပ်မည်းတစ်ခုကလည်း ရုတ်တရက် ဒေါသတကြီး အော်ဟစ်လိုက်သည်။
အနက်ရောင် အခေါင်းကြီးတစ်ခုသည် ကောင်းကင်သို့ ပျံတက်သွားပြီး သေခြင်းတရား အငွေ့အသက်များသည် လှိုင်းဂယက်များသဖွယ် အရပ်လေးမျက်နှာသို့ ပြင်းထန်စွာ ပျံ့နှံ့သွားလေသည်။
ကျယ်ပြောလှသော သေခြင်းတရား အငွေ့အသက်များသည် ဆူပွက်နေသော လှိုင်းကြီးများပမာ လည်ပတ်နေ၏။
ဂျိ... ဂျိဂျိ...
ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များသည် အလွန်ကျယ်လောင်သော အသံကြီးများကြောင့် တုန်ခါ၍နေသည်။ ယင်းသည် ပေါက်ကွဲထွက်တော့မည့်အလား ပြင်းထန်လွန်းလှ၏။ အကယ်၍ သာမန်လူတစ်ယောက်သာ ဤနေရာတွင် ရှိနေမည်ဆိုပါက နားစည်များ ပေါက်ကွဲသွားမည်မှာ အသေအချာပင်။
ရှာယွမ်ချီ၊ ရှာဟန်၊ ဖန်ဖျင် နှင့် ထိုနေရာတွင် ရှိနေကြသော ထျန်းဝူဂိုဏ်းမှ တပည့်များအားလုံး၏ ခေါင်းပေါ်သို့ ရေခဲရေဖြင့် လောင်းချခံလိုက်ရသကဲ့သို့ အေးစက်သွားကြသည်။
အသက်ရှူသံများ မြန်ဆန်လာကြသည်။ အလွန်အမင်း မျှော်လင့်ချက်မဲ့မှုများက သူတို့၏ မျက်ဝန်းများကို လွှမ်းမိုးသွားလေသည်။
ယုံကြည်နိုင်စရာမရှိလောက်အောင် အစွမ်းထက်တဲ့ အရှိန်အဝါပါလား။
သေချာတယ်... ရွှေအမြူတေအဆင့် ကျင့်ကြံသူတွေ မဖြစ်နိုင်ဘူး။
"စီ... စီနီယာ..."
"စီနီယာ... ခဏ... ခဏလောက် စောင့်ပါဦး..."
"စီနီယာ... ဒါက နားလည်မှုလွဲတာပါ..."
ရွှေအမြူတေအဆင့် ကျင့်ကြံသူ သုံးဦးသည် ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ သွေးအန်မတတ် နာကျင်ဝမ်းနည်းဖွယ် အသံများဖြင့် တောင်းပန်နေကြ၏။
"ပြေးကြ..."
"မြန်မြန် ပြေးကြစမ်း..."
ထျန်းဝူဂိုဏ်းမှ တပည့်များသည်လည်း ထိတ်လန့်တကြား အော်ဟစ်နေကြသည်။
သို့သော် ထိုအချိန်တွင် သူတို့ ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအင် စီးဆင်းမှုများမှာ ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။ သေခြင်းတရား အငွေ့အသက်များက သူတို့ကို ရက်စက်စွာ လွှမ်းမိုးထားပြီး ကောင်းကင်နှင့် မြေကြီးကိုပါ ထိန်းချုပ် ထားလိုက်ပြီ ဖြစ်၏။
ကောင်းကင်သို့ တက်ရန် လမ်းမရှိသလို၊ မြေကြီးထဲသို့ ဝင်ရန်လည်း တံခါး မရှိတော့ပေ။
ချန်ရွှင် လက်တစ်ဖက်ကို မြှောက်လိုက်သည်။
တောင်ဖြိုပုဆိန်သည် ကောင်းကင်ကို ထောက်ခံထားသော တိုင်လုံးကြီးတစ်ခုပမာ မြင့်မားစွာ မြောက်တက်သွားသည်။ သူ၏ မျက်လုံးထဲတွင် အဆုံးအစမရှိသော အေးစက်မှုများ ပြည့်နှက်နေ၏။
ခန္ဓာကိုယ်တစ်ခုလုံး အနက်ရောင် မီးတောက်များ လွှမ်းခြုံနေသော သူ၏ ပုံရိပ်သည် သေမင်းလောကမှ ဆင်းသက်လာသော နတ်ဆိုးတစ်ပါးနှင့်ပင် တူနေလေသည်။
ရုတ်တရက် အနီရောင် အလင်းတန်းလေး တစ်ခု လင်းလက်သွားပြီးနောက် တောင်ဖြိုပုဆိန်ပေါ်တွင် ကောင်းကင်ကို လောင်ကျွမ်းစေမည့်အလား ကြောက်မက်ဖွယ် မီးတောက်နီများ တောက်လောင်လာသည်။
ခေါင်းပေါ်ရှိ တိမ်တိုက်များပင်လျှင် မျက်စိတစ်မှိတ်အတွင်း အငွေ့ပျံသွားပြီး အလွန် ကြောက်မက်ဖွယ်ကောင်းသော မှော်စွမ်းအင်များသည် ပုဆိန်သွားပေါ်တွင် ရစ်ပတ်နေ၏။
ဝုန်း...
အနက်ရောင်နှင့် အနီရောင် မီးတောက်များ ရောယှက်နေသော၊ ကမ္ဘာလောကကို တုန်လှုပ်သွားစေမည့် ပုဆိန်အလင်းတန်းကြီးသည် ကောင်းကင်ကို ခွဲထုတ်လိုက်သည်။ ထို့နောက် အခြား ကောင်းကင်တစ်ဖက်တွင် ရှိနေသော ထျန်းဝူဂိုဏ်းမှ လူများအားလုံးထံသို့ တည့်မတ်စွာ ကျဆင်းလာလေသည်။
ထို သိပ်သည်းလှသော သေခြင်းတရား အငွေ့အသက်များသည် သက်ရှိအားလုံး၏ အသက်ကို နှုတ်ယူကာ တွင်းနက်ကြီးထဲသို့ ဆွဲသွင်းသွားမည့်အလား ကြောက်မက်ဖွယ် ကောင်းလှ၏။
ထိုမြင်ကွင်းကို ကြည့်ရင်း အားလုံး အသံတိတ်သွားကြသည်။
ပုဆိန်အလင်းတန်းကြီး ကျရောက်လာသော ခဏ။
ထျန်းဝူဂိုဏ်းမှ ကျင့်ကြံသူများအားလုံး၏ ဝိညာဉ်များ ပြင်းထန်စွာ ရိုက်ခတ်ခံလိုက်ရသကဲ့သို့ မျက်ဝန်းများ မှေးကျဉ်းသွားကြသည်။
သို့သော် သူတို့၏ ခန္ဓာကိုယ် အပြင်ပန်းတွင် မည်သည့် ဒဏ်ရာမျှ မရှိပေ။
ချန်ရွှင်သည် ပုဆိန်ကို ဖြည်းညှင်းစွာ ပြန်လည် သိမ်းဆည်းလိုက်ပြီး မျက်လုံးများကို မှေးစင်းလိုက်သည်။
အလောင်းဖျောက်ရမလား၊ အမြန် ပြေးရမလား။ သူ၏ ဦးနှောက်သည် နောက်ထပ် အစီအစဉ် တစ်ခုအတွက် အလုပ်လုပ်နေပြီ ဖြစ်သည်။
(တော်သေးတာပေါ့... ဂျူနီယာညီမလေး လျိုယွမ် ကို လိုက်ဖမ်းတဲ့ သူတွေက ရွှေအမြူတေအဆင့် သုံးယောက်တည်းမို့လို့... မူလဝိညာဉ်အဆင့် ဘိုးဘေး မပါလာလို့ တော်သေးတယ်)
အကယ်၍ မူလဝိညာဉ်အဆင့် ဘိုးဘေးသာ တကယ် ရောက်လာခဲ့မည်ဆိုလျှင် လျိုယွမ်ကို ပွေ့ချီကာ ထွက်ပြေးရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိပေ။
အဆင့်ကျော်လွန်ပြီး သေရေးရှင်ရေး တိုက်ခိုက်ရခြင်းသည် အလွန် အန္တရာယ်များလှသည်။ သူ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိကတည်းက ထိုကဲ့သို့ လုပ်ဆောင်ရန် မဖြစ်နိုင်ကြောင်း နားလည်ထားပြီး ဖြစ်သည်။
အဆင့်များ ကွာခြားလာလေလေ ကွာဟချက်မှာ ကြီးမားလာလေလေ ဖြစ်သည်။ ထိုကဲ့သို့ တိုက်ခိုက်ခြင်းသည် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းသာ ဖြစ်သည်။
ထိုကဲ့သို့သော အန္တရာယ်များသည့် လုပ်ရပ်မျိုးကို 'ကံတရားက ရွေးချယ်ခံရသူ' များသာ လုပ်ဆောင်ကြခြင်း ဖြစ်ပြီး ထာဝရအသက်ရှင်ရန် ရည်ရွယ်ထားသော သူနှင့် သက်ဆိုင်ခြင်း မရှိပေ
"မွန်း..."
နွားနက်ကြီးသည် အံ့သြလွန်းသဖြင့် နှာမှုတ်သံ ပြင်းပြင်း ထွက်ပေါ်လာသည်။
ချန်ရွှင် ပုဆိန်ဖြင့် ခုတ်ချလိုက်သည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ဤ နှစ်ရာချီကာလတစ်လျှောက်လုံး ထိုပုဆိန်ကို ကစားစရာ တစ်ခုအနေဖြင့်သာ ရမ်းကားနေခြင်း ဖြစ်မည်ဟု ထင်မှတ်ထားခဲ့သည်။
ခေါင်းပေါ်တွင် လည်ပတ်နေသော အနက်ရောင် အခေါင်းကြီးမှာမူ အသုံးဝင်တော့မည် မထင်ပေ။ အစ်ကိုကြီး ကိုယ်တိုင် လက်စွမ်းပြလိုက်ပြီ ဖြစ်သောကြောင့်ဖြစ်သည်။။
ကောင်းကင် တစ်ခွင်လုံး အလွန် တိတ်ဆိတ်ငြိမ်သက်နေသည်။
သေခြင်းတရား အငွေ့အသက်များ ယခုထက်တိုင် ကျန်ရစ်နေဆဲ ဖြစ်သော်လည်း ထျန်းဝူဂိုဏ်းမှ လူများသည် ထိုနေရာတွင်သာ မတ်တပ်ရပ်နေကြပြီး မည်သည့် ထိခိုက်မှုမျှ ရှိပုံမရပေ။
သို့သော် သူတို့၏ မျက်နှာအမူအရာများမှာ တောင့်တင်းနေကြသည်။ မျက်နှာပေါ်မှ သွေးရောင်များ ရုတ်ချည်း ဆုတ်ခွာသွားပြီး သူတို့ စီးနင်းလာသော လှေပျံကြီး လေးစင်းမှာလည်း ရပ်တန့်သွားကာ ထူးဆန်းသော တိတ်ဆိတ်မှုကြီးက လွှမ်းမိုးထား၏။
တစ်ဖက်တွင်မူ အဝေးမှနေ၍ ကြည့်ရှုနေသော ဝူယွင်ဂိုဏ်းမှ လူများမှာမူ...
အားလုံး ကြောက်ရွံ့တုန်လှုပ်နေကြပြီး ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
"ဟားဟား... အားဟားဟား..."
ဂျီဟောက်ရွှမ်သည် တောင်ပိုင် တစ်ယောက်၏ ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အရူးတစ်ယောက်လို ရယ်မောနေမိသည်။ သူ၏ ရင်ထဲတွင် ကောင်းကင်ကိုပင် တုန်လှုပ်စေမည့် လှိုင်းကြီးများ ရိုက်ခတ်နေ၏။
လျိုယွမ်သည် အဝေးက ကောင်းကင်ကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်ရှုနေပြီး တစ်စုံတစ်ရာ ပြောလိုသော်လည်း နောက်ဆုံးတွင် စကားတစ်ခွန်းမျှ ထွက်မလာပေ။
ဝူယွင်ဂိုဏ်းမှ တပည့်များမှာမူ ချွေးစေးများ ပြန်နေကြသည်။
ဟိုဘက် ကောင်းကင်တွင် ရှိနေသော ထျန်းဝူဂိုဏ်းမှ ကျင့်ကြံသူများထံ၌ အလွန် ကြောက်မက်ဖွယ်ကောင်းသော အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်နေသည်။ ကြက်သီးမွေးညင်းထစရာ ကောင်းလွန်းလှ၏။
ဂျွတ်...
ဝုန်း...
ရုတ်တရက် ထျန်းဝူဂိုဏ်းမှ လူများ ရှိရာ ကောင်းကင်မှ ပေါက်ကွဲသံ တစ်သံ ထွက်ပေါ်လာသည်။
လှေပျံကြီး ပြိုကွဲသွားလေပြီ။
ထျန်းဝူဂိုဏ်းမှ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များမှာ တဖြည်းဖြည်း ကြွေကျလာသည်။
သဘာဝတရား၏ အစိတ်အပိုင်းတစ်ခုအဖြစ်သို့ ပြန်လည် ရောက်ရှိသွားမည့်အလား မြေမှုန့်များအဖြစ်သို့ ပြောင်းလဲသွားကြ၏။
အရာအားလုံးသည် အဆက်မပြတ် ပျောက်ကွယ်သွားပြီး အမှုန်အမွှားများအဖြစ် လွင့်စင်သွားသော အသံများသည် လေဟာနယ်ထဲတွင် ပဲ့တင်ထပ်နေသည်။
ကြီးမားလှသော မှော်စွမ်းအင် လှိုင်းဂယက်ကြီးများ ပျံ့နှံ့သွားပြီး ကောင်းကင်ကို တုန်လှုပ်သွားစေသည်။ ဝူယွင်ဂိုဏ်းမှ လူများ စီးနင်းလာသော လှေပျံကြီးပင် ထိုလှိုင်းဂယက်ကြောင့် အကြီးအကျယ် ယိမ်းယိုင်သွားလေသည်။
မည်သည့် အစအနမျှ မကျန်ရစ်ခဲ့ချေ။
လှေပျံကြီး လေးစင်း၏ အပိုင်းအစများကိုပင် မချန်ရစ်ဘဲ သူတို့သည် 'အချိန် မြစ်ရေယာဉ်' ထဲသို့ အပြီးအပိုင် ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။
ဟူး...
နေရာအနှံ့မှ သက်ပြင်းချသံများ ထွက်ပေါ်လာသည်။
အားလုံး ထိုနေရာတွင်သာ မတ်တပ်ရပ်နေကြပြီး ရင်ထဲတွင် လေးစားကြောက်ရွံ့မှုများ ပြည့်နှက်နေကြ၏။
ဒါကမှ ဒဏ္ဍာရီလာ ကမ္ဘာကို တုန်လှုပ်စေမည့် အစွမ်းထက် ပုဂ္ဂိုလ်ဆိုတာ ပါလား... ဟု တွေးနေမိကြသည်။
လျိုယွမ်သည် ချိုမြိန်သော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး ပျောက်ကွယ်သွားပြီ ဖြစ်သော ထိုအရိပ်နှစ်ခု ရှိရာ နေရာသို့ လှမ်းကြည့်လိုက်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"...ပြန်ကြစို့... အရင်ဆုံး ဂိုဏ်းကို ပြန်မယ်..."
"ဟုတ်တာပေါ့... ဖြစ်ခဲ့သမျှ အကြောင်းအရာတွေ ဘယ်လိုပဲ နေနေ... ထျန်းဝူဂိုဏ်းက ငါတို့ဂိုဏ်းအပေါ် ဒီလောက် ရိုင်းစိုင်းတာကို ငါတို့ သေချာပေါက် အပြစ်ပေးရမယ်..."
ဂျီဟောက်ရွှမ်သည် ရုတ်တရက် ခွန်အားများ ပြန်လည် ရရှိလာပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဒီတစ်ခါ ထျန်းဝူဂိုဏ်းက ရွှေအမြူတေအဆင့် သုံးယောက်တောင် ဆုံးရှုံးသွားပြီ... ဂိုဏ်းချုပ်ဆီကို သေချာပေါက် သတင်းပို့ပြီး ဂျူနီယာညီမ လျိုအတွက် တရားမျှတမှု တောင်းဆိုပေးရမယ်..."
ယခုလက်ရှိ ထျန်းဝူဂိုဏ်းဆိုသည်မှာ ဝူယွင်ဂိုဏ်း၏ အမြင်တွင် အစွယ်ကျိုးနေသော သားရဲတစ်ကောင်နှင့် သာ တူနေပေတော့သည်။ သူတို့ ကိုယ်တိုင် သွားရောက်ပြီး 'တရားမျှတမှု' အကြောင်းကို သေချာ ရှင်းပြရမည် ဖြစ်သည်။
"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို ဂျီ..."
လျိုယွမ် ရိုသေစွာ ကျေးဇူးတင်စကား ဆိုလိုက်သည်။ သူမ၏ မျက်ဝန်းများသည် ငြိမ်သက်နေသော ရေပြင်ကဲ့သို့ အေးချမ်းသွားပြီ ဖြစ်သည်။
ဝုန်း...
လှေပျံကြီးသည် အရှိန်ပြန်တင်လိုက်ပြီး ဝူယွင်ဂိုဏ်းဆီသို့ ကောင်းကင်ကို ဖြတ်သန်းကာ ပျံသန်းသွားလေသည်။
ဤတစ်ခေါက်တွင် အလွန် အန္တရာယ်များခဲ့သော်လည်း ရရှိလိုက်သော အကျိုးအမြတ်မှာလည်း ကြီးမားလှသည်။
သို့သော် ထို ပဟေဠိဆန်သော အရိပ်နှစ်ခုနှင့် ပတ်သက်၍မူ လူတိုင်းက ရင်ထဲတွင်သာ သိမ်းဆည်းထားလိုက်ကြသည်။
မိမိ၏ အသက်ကို တန်ဖိုးထားသောကြောင့် ဖြစ်သည်။
ကျင့်ကြံခြင်းလောကတွင် အသက်ရှည်ရှည် နေနိုင်ရန် အရေးအကြီးဆုံးသော လျှို့ဝှက်ချက်မှာ 'မလိုအပ်ဘဲ စပ်စုခြင်း မပြုလုပ်ရန်' ပင် ဖြစ်သည်။
...
တစ်ခြားတစ်ဖက်တွင်မူ တောနက်ကြီး တစ်ခုထဲ၌...
အရိပ်နှစ်ခုသည် တစ်လှမ်းလျှင် ပေတစ်ထောင်ခန့် အရှိန်ဖြင့် ပြေးလွှားကာ ပြဿနာ၏ မူလဇာစ်မြစ်ဆီမှ အစွမ်းကုန် ထွက်ပြေးနေကြသည်။
"နွားကြီး... မင်း လက်ဆော့တာကတော့ အရင်အတိုင်းပဲနော်..."
ချန်ရွှင်သည် ပြုံးစိစိဖြင့် နွားနက်ကြီး၏ ကျောကို 'ဖြန်း'ခနဲ ရိုက်လိုက်သည်။
"သိုလှောင်လက်စွပ်တွေ... အကုန် သေချာ ကောက်ယူလာခဲ့ရဲ့လား..."
"မွန်း..."
နွားနက်ကြီးသည် ဂုဏ်ယူစွာဖြင့် မျက်လုံးများ အရောင်တောက်သွားပြီး အမြီးကို အဆက်မပြတ် ယမ်းပြလိုက်သည်။
အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်များ၏ သိုလှောင်အိတ်များမှာ ပျက်စီးသွားသော်လည်း ရွှေအမြူတေအဆင့် ကျင့်ကြံသူများ၏ သိုလှောင်လက်စွပ်များကိုမူ လုံခြုံစွာ သိမ်းဆည်းနိုင်ခဲ့သည်။
အစ်ကိုကြီး ချန်ရွှင်က ရန်သူတွေကို နှိမ်နင်းပေးမည်ဆိုလျှင် မိမိ နွားနက်ကြီး အနေဖြင့် ရရှိသည့် ပစ္စည်းများကို ကောက်ယူရမည့် တာဝန် ရှိသည် မဟုတ်ပါလား။
"ဟားဟားဟားဟား..."
ချန်ရွှင် ဗိုက်နှိပ်ကာ ရယ်မောလိုက်သည်။
"နွားကြီး... အရင် စည်းကမ်းအတိုင်းပဲ... မှော်ပညာ စာအုပ်တွေ၊ လက်နက်ကိရိယာ တွေကို အကုန် အစအနမကျန် ဖျက်ဆီးပစ်ရမယ်နော်... ခြေရာလက်ရာ မကျန်စေနဲ့..."
"မွန်း..."
နွားနက်ကြီးသည် သွားဖြီးကာ ရယ်မောလိုက်သည်။ နားလည်ပြီးသားပါ ဟု ဆိုလိုရင်း ဖြစ်သည်။
အရိပ်နှစ်ခုသည် တောထဲတွင် ပြေးလွှားရင်း စက်ဆုပ်ဖွယ်ကောင်းသော ရယ်မောသံများကို ပြုလုပ်ကာ ခိုးရာပါပစ္စည်းများကို ဖျောက်ဖျက်ရန် ပြင်ဆင်နေကြသည်။
ချန်ရွှင် ရုတ်တရက် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
(အာ... အပြစ်မဲ့တဲ့ သာမန်လူတွေကို သတ်ဖြတ်နေတဲ့ ရွှေအမြူတေအဆင့် ဒါမှမဟုတ် အခြေခံတည်ဆောက်ခြင်းအဆင့် မိစ္ဆာကျင့်ကြံသူတွေများ တစ်နေရာရာမှာ ရှိမနေဘူးလားကွာ...)
လုံခြုံစိတ်ချရသော အခြေအနေမျိုးတွင် နောက်ကျောမှနေ၍ အလစ်အငိုက် တိုက်ခိုက်ပြီး 'ပစ္စည်းလာယူ' မည်။ ထိုသို့လုပ်ခြင်းဖြင့် ကုသိုလ်လည်း ရနိုင်သည်။
ဒါကမှ ပြီးပြည့်စုံသော ရှင်သန်ရေး ဗျူဟာ ဖြစ်သည်။
စဉ်းစားလေလေ ပိုမို အဓိပ္ပာယ်ရှိလေလေ ဖြစ်သည်ဟု ခံစားရသည်။
သို့မဟုတ်ပါက မိမိတို့၏ ဤမျှ အစွမ်းထက်သော စွမ်းရည်များနှင့် ကြောက်မက်ဖွယ်ကောင်းသော ဓားပြဝတ်စုံကြီးသည် အလကား ဖြစ်သွားပေလိမ့်မည်။
"ဟေ့... နွားကြီး... ကျုပ် တကယ့်ကို မိုက်တဲ့ အစီအစဉ်တစ်ခု စဉ်းစားမိသွားပြီ..."
ချန်ရွှင်သည် ခိုးရာပါပစ္စည်းများကို စီစဉ်ရာတွင် အလုပ်ရှုပ်နေသော နွားနက်ကြီးကို ခေါ်လိုက်သည်။
"ငါတို့ မူလဝိညာဉ်အဆင့်... အဲ... မူလဝိညာဉ် အလယ်အလတ်အဆင့်ကို ရောက်ရင်... 'အားနည်းသူကို ကူညီပြီး အားကြီးသူကို နှိမ်နင်းတဲ့' ခရီးထွက်ကြမယ်..."
"မွန်း..."
"ပစ္စည်းလာယူမှာပေါ့ကွ... မဟုတ်ရင် ကောင်းကင်လွင်ပြင်ကြီးကို ငါတို့ ဘယ်လို ဖြတ်ကျော်မလဲ... ချန်နိုင်ငံ ကျင့်ကြံခြင်းလောက က ကောင်တွေဆီက ပစ္စည်းတွေကို အကုန် လုယူပစ်မယ်..."
ချန်ရွှင်သည် မကျေနပ်သလို အော်ဟစ်လိုက်သည်။
"ဟိုတုန်းက 'နွားဘိုးဘေး' ရဲ့ ဂုဏ်သိက္ခာကို မေ့သွားပြီလား... ကျင့်ကြံသူ သောင်းချီပြီး မြေကြီးပေါ်မှာ ဒူးထောက် ရှိခိုးခဲ့ရတဲ့ မြင်ကွင်းကြီးလေ..."
"မွန်း..."
နွားနက်ကြီး မျက်လုံးများ ပြူးကျယ်သွားပြီး သဘောပေါက်သွားသည်။ ထို့နောက် အကောင်းဆုံး အစ်ကိုကြီး ဖြစ်သော ချန်ရွှင်၏ နဖူးကို မိမိ၏ နဖူးဖြင့် ပွတ်သပ်လိုက်သည်။
"ကောင်းပြီ... လုံခြုံတဲ့ နေရာ တစ်ခု အရင်ရှာမယ်... ပြီးရင် လုလာတဲ့ ပစ္စည်းတွေကို စစ်ဆေးကြမယ်..."
"မွန်း..."
အရိပ်နှစ်ခု ရုတ်တရက် အရှိန်မြှင့်လိုက်ပြီး လေပြင်းတစ်ချက်သာ ကျန်ရစ်ခဲ့ကာ ပျောက်ကွယ်သွားကြသည်။ မည်သည့် ခြေရာလက်ရာမျှ မကျန်ခဲ့ချေ။