အခန်း ၁၄၈
Vol. 8 Ch. 148
အခန်း (၁၄၈)
တောနက်ကြီး တစ်ခုအတွင်းရှိ ဂူတစ်ခုတွင်...
မူလက နေထိုင်ခဲ့သော သားရဲမိသားစုသည် အကြောင်းမဲ့ သက်သက် နှင်ထုတ်ခံလိုက်ရသဖြင့် တစ်မိသားစုလုံး ကြောက်လန့်တကြား ထွက်ပြေးသွားကြသည်။
ဂူအတွင်း၌ တစ္ဆေမီးကဲ့သို့ မှိန်ပျပျ မီးရောင်များ တောက်ပနေပြီး "ခိ... ခိ..." ဟူသော အလွန် ရွံရှာဖွယ်ကောင်းသည့် စက်ဆုပ်ဖွယ် ရယ်မောသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။
"နွားကြီးရေ... ကြည့်ရတာ ဒီကောင်တွေက ထျန်းဝူဂိုဏ်းမှာ တော်တော် အဆင့်အတန်း မြင့်တဲ့ ကောင်တွေပဲ ဖြစ်ရမယ်..."
ချန်ရွှင်၏ မျက်ဝန်းများသည် စူးလက် တောက်ပနေပြီး ညာဘက်လက်တွင် ကျောက်တုံးတစ်တုံးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
"ဒဏ္ဍာရီထဲက... 'အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး' ပဲဟေ့..."
"မွန်း..."
နွားနက်ကြီး၏ မျက်လုံးများမှာလည်း စိတ်လှုပ်ရှားမှုကြောင့် နီရဲနေသည်။ နွားခွာများက လက်ဝါးပုံစံသို့ ပြောင်းလဲသွားပြီး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်တုံးကိုပင် ဆုပ်ကိုင်ထားလိုက်သည်။
မြေကြီးပေါ်တွင် အရောင်ငါးမျိုး တောက်ပနေသော အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သုံးထောင်ကျော်သည် ပိရမစ်ပုံစံ စီရီလျက် ရှိနေသည်။ မိုးနှင့်မြေ၏ သဘာဝအလှတရားများ ပါဝင်သော ဝိညာဉ်စွမ်းအင်များသည် ဂူတစ်ခုလုံး ပြည့်နှက်နေ၏။
အောက်ခြေအဆင့် ဝိညာဉ်ကျောက်တုံးများမှာမူ ခြောက်သိန်းကျော်ပင် ရှိနေသည်။ ထျန်းဝူဂိုဏ်း၏ ဘဏ္ဍာတိုက် တစ်ခုလုံးကို ပြောင်းရွှေ့လာသကဲ့သို့ အလွန် ကြီးမားလှသော အမြတ်အစွန်းကြီးပင်။
ချန်ရွှင် အသက်ပြင်းပြင်း ရှူသွင်းလိုက်ရာ နွားနက်ကြီးလည်း ထိုနည်းတူ နှာခေါင်းကို ရှုံ့ပွရှုံ့ပွ လုပ်လိုက်ပြီး ဤ သင်းပျံ့လှသော ဝိညာဉ်စွမ်းအင် အနံ့လေးထဲတွင် နစ်မြောနေကြသည်။
"နွားကြီး... ဒီလူသုံးယောက်ရဲ့ သိုလှောင်လက်စွပ်တွေကို ငါ စစ်ကြည့်ပြီးပြီ..."
ချန်ရွှင်၏ မျက်ဝန်းထဲတွင် အလင်းရောင် တစ်ချက် လက်သွားသည်။ ချီသန့်စင်ခြင်းအဆင့် ၏ သာမန် မှော်ပညာလေး တစ်ခု ဖြစ်သော 'အလင်းပွင့်ပညာ' ဖြစ်သော်လည်း သူ၏ နက်ရှိုင်းလှသော မှော်စွမ်းအင်များနှင့် ပေါင်းစပ်လိုက်သောအခါ အသုံးပြုနိုင်စွမ်းမှာ အဆုံးအစမရှိ ဖြစ်သွားလေသည်။
"မွန်း... မွန်း..."
နွားနက်ကြီး မြေကြီးပေါ်တွင် လိမ့်ကျနေသော ငွေရောင် လက်စွပ်သုံးကွင်းကို ကြည့်လိုက်သည်။ မျက်နှာပြင်တွင် သေသပ်သော အလှဆင် ဒီဇိုင်းများ ထွင်းထုထားပြီး သူတို့ ဝယ်ထားသော သာမန် သိုလှောင်လက်စွပ်များထက် တစ်ဆခန့် ပိုကြီးနေသည်။
"ဒီလက်စွပ်တွေရဲ့ ကုန်ကြမ်းက... 'ရွှီမီကျောက်' နဲ့ လုပ်ထားတာကွ... ဝိညာဉ်ကျောက်တုံး မိုင်းတွင်းတွေထက်တောင် ပိုပြီး ရှားပါးသေးတယ်တဲ့..."
ချန်ရွှင် တစ္ဆေတစ်ကောင်လို တိုးတိုးလေး ရေရွတ်လိုက်ပြီး သိုလှောင်အိတ်ထဲမှ မှတ်စုစာအုပ် တစ်အုပ်ကို ထုတ်ယူလိုက်သည်။
"နွားကြီး... နောက်ထပ် အစီအစဉ်တစ်ခု ထပ်တိုးလိုက်မယ်... 'ပိုင်ရှင်မရှိတဲ့ ရွှီမီကျောက် မိုင်းတွင်း ရှာဖွေရေး' တဲ့..."
"မွန်း..."
နွားနက်ကြီး နှာမှုတ်သံ ပြင်းပြင်းတစ်ချက် ထုတ်လိုက်သည်။ အစ်ကိုကြီး၏ နောက်သို့ လိုက်ပါသွားမည်ဆိုလျှင် တောက်ပသော အနာဂတ် ရရှိမည်မှာ သေချာလှသည်။
"ဒီဘက်က မှော်ပညာ စာအုပ်တွေကတော့ အသုံးမဝင်ဘူး... ဒြပ်ငါးပါး ဝိညာဉ်အမြစ် အတွက် မဟုတ်ဘူး... သတိလက်လွတ် ကျင့်ကြံလိုက်ရင် ဂိုဏ်းရဲ့ ကျိန်စာတွေ ဘာတွေ အမိခံရနိုင်တယ်..."
ချန်ရွှင်သည် မြေကြီးပေါ်တွင် ကျနေသော မှော်စာအုပ် အချို့ကို တစ်ချက် ကြည့်လိုက်သည်။
"အထောက်အကူပြု မှော်ပညာတွေလည်း မပါဘူး... လက်နက်တွေနဲ့ အတူတူ အကုန် ဖျက်ဆီးပစ်လိုက်..."
"မွန်း..."
နွားနက်ကြီး ခေါင်းညိတ်လိုက်ပြီး နွားလက်ဝါးကို ဝှေ့ယမ်းလိုက်ရာ အရောင်ငါးမျိုး ပါဝင်သော မှော်စွမ်းအင် လှိုင်းကြီးတစ်ခု မုန်တိုင်းကဲ့သို့ ပေါ်ပေါက်လာသည်။
အေးစက်သော လေပြင်းများ ဂူအတွင်း တိုက်ခတ်သွားပြီး မှော်ပညာ စာအုပ်များနှင့် လက်နက်ကိရိယာ များသည် အသံတိတ် ဖြည်းညှင်းစွာ အမှုန့်များအဖြစ်သို့ ပြောင်းလဲသွားကြကာ နောက်ဆုံးတွင် ချန်ရွှင် ပစ်လွှတ်လိုက်သော မီးလုံးငယ်လေးကြောင့် ပြာကျသွားကြလေသည်။
"ဟေး... 'ယွမ်ချန်ဂျင်ဆင်း' ပါလား... သောက်ကျိုးနည်း..."
"မွန်း..."
ဝိညာဉ်ဆေးပင်များကို စတင် စစ်ဆေးသောအခါ သူတို့နှစ်ဦး ရုတ်တရက် ဒေါသထွက်ပြီး ဆဲဆိုကြလေသည်။
ယွမ်ချန်ဂျင်ဆင်း ဆိုသည်မှာ သူတို့၏ စိုက်ခင်းထဲတွင် အဆုံးအစမရှိ စိုက်ပျိုးထားသော အရာဖြစ်သည်။ ထိုကဲ့သို့သော အရာမျိုးကို လုယက်ပစ္စည်းထဲတွင် အလကား ရရှိခဲ့သော်လည်း မည်သည့် ကျေးဇူးတင်စရာမျှ မရှိပေ။
"မွန်း... မွန်း..."
နွားနက်ကြီး ရုတ်တရက် အော်ဟစ်လိုက်ပြီး အလွန် ထူးဆန်းသော ပုံစံရှိသည့် ဝိညာဉ်ဆေးပင် တစ်ပင်ကို မြှောက်ပြလိုက်သည်။
ထိုအပင်သည် ဝိညာဉ်စွမ်းအင် အနည်းငယ်မျှ ထွက်ပေါ်ခြင်း မရှိဘဲ အမြစ်နှင့် ပင်စည်မှာ အလွန်အမင်း ဖြူဖျော့နေကာ ကြည့်ရသည်မှာ နိမိတ်မကောင်းသော အရာတစ်ခုနှင့် တူနေ၏။
"... 'ချင်းဟွန်းမြက်ပင်' ပါလား... နွားကြီး... မင်း မျက်စိရှင်သားပဲ..."
ချန်ရွှင်၏ မျက်လုံးများ အရောင်တောက်သွားပြီး နွားနက်ကြီး၏ ကျောကို ပုတ်လိုက်သည်။
"ဒီအပင်က ဝူယွင်ဂိုဏ်းမှာ မရှိဘူး... ဝူနိုင်ငံကနေ ပါလာတဲ့ ပစ္စည်းပဲ ဖြစ်ရမယ်..."
နွားနက်ကြီး သွားဖြီးကာ ရယ်မောလိုက်သည်။ အလကားနေရင်း စာအုပ်တွေ အများကြီး ဖတ်ထားတာ မဟုတ်ဘူးလေ။ ဝိညာဉ်ဆေးပင်တွေနဲ့ ပတ်သက်တဲ့ ဗဟုသုတ ဆိုရင် သူ့အတွက် အသေးအဖွဲလေးပါ။ ချင်းဟွန်းမြက်ပင် သည် ဝိညာဉ်စွမ်းအင်ကို မစုပ်ယူဘဲ ကမ္ဘာလောက၏ အမျိုးမျိုးသော ညစ်ညမ်းသည့် ချီစွမ်းအင် များကို စုပ်ယူကြီးထွားလာသည့် ထူးဆန်းသော ဝိညာဉ်ဆေးပင် တစ်မျိုး ဖြစ်သည်။
ထူးဆန်းသည်မှာ ကျင့်ကြံသူများအတွက် မည်သည့် ဆိုးကျိုးမျှ မရှိခြင်းပင်။ ဤအပင်ကို အသုံးပြု၍ ဆေးဖော်စပ်ကာ တံခါးပိတ် ကျင့်ကြံရာတွင် သောက်သုံးပါက 'စိတ်ဖောက်ပြန်ခြင်း' အန္တရာယ်ကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်သည်။
ထို့ထက် ပိုအရေးကြီးသည်မှာ နိုင်ငံနှစ်ခု၏ ကျင့်ကြံခြင်းလောက စစ်ပွဲကြီး ပြီးဆုံးသွားပြီးနောက် ထိပ်သီး ဂိုဏ်းကြီး (၁၀)ဂိုဏ်းသည် စစ်မြေပြင်ကို သန့်စင်ရန် ဤဝိညာဉ်ဆေးပင်ကို အသုံးပြုကြပြီး နောက်ပိုင်းတွင် ပြန်လည် သိမ်းဆည်းသွားကြခြင်း ဖြစ်သည်။
ဆိုလိုသည်မှာ ဤအပင်သည် ကျင့်ကြံခြင်းလောက၏ 'ထိန်းချုပ် ကန့်သတ် ပစ္စည်း' တစ်ခု ဖြစ်ပြီး သာမန် ကျင့်ကြံသူများ အနေဖြင့် ရရှိနိုင်စွမ်း မရှိပေ။
ဈေးကွက်တွင်လည်း ရောင်းချခြင်း မရှိသလို ဝိညာဉ်စွမ်းအင်ဖြင့် ကြီးထွားလာခြင်း မဟုတ်သဖြင့် ခူးဆွတ်နိုင်ခဲ့လျှင်ပင် စိုက်ပျိုးရန် အလွန် ခက်ခဲလှသည်။
"ရှယ်ပဲဟေ့..."
ချန်ရွှင် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး မျက်နှာများပင် နီရဲလာသည်။
"နွားကြီး... ဒီအပင်ကို စိုက်ပျိုးအောင်မြင်သွားရင်... ငါတို့ ဘောစိ ဖြစ်ပြီကွ..."
"မွန်း..."
နွားနက်ကြီး ဂုဏ်ယူစွာဖြင့် ချန်ရွှင်ကို ပြန်ပုတ်လိုက်သည်။ "ဒီလောက်ကတော့ အသေးစားလေးပါ" ဟု ဆိုလိုရင်း ဖြစ်သည်။
သူတို့ ဖတ်ဖူးသော စာအုပ်များထဲတွင်ပင် နှစ်တစ်ထောင် သက်တမ်းရှိ ချင်းဟွန်းမြက်ပင် အကြောင်း မပါရှိပေ။ အကယ်၍ သူတို့ကိုယ်တိုင် ထိုမျှ သက်တမ်းအထိ စိုက်ပျိုးနိုင်ခဲ့မည်ဆိုလျှင် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော အာနိသင်များ ရရှိလာမည်ကို မခန့်မှန်းနိုင်တော့ချေ။
"'ကြိုးတစ်ထောင် ဝိညာဉ်နွယ်ပင်'... 'ယန်ကြစ်ပန်း'... 'ယွင်ရှားမြက်ပင်'..."
ချန်ရွှင် တိုးတိုးလေး ရေရွတ်ရင်း ခွဲခြားနေကာ ခေါင်းခါလိုက်သည်။ တစ်ခုမှ အသုံးမဝင်ပေ။ မလိုချင်တော့တဲ့ အရာတွေချည်း ဖြစ်နေသည်။
နွားနက်ကြီးလည်း ဘေးနားတွင် တမွန်းမွန်း အော်မြည်ကာ ရွေးချယ်နေသော်လည်း ခေါင်းခါလိုက်သည်။ နွားနက်ကြီး ၏ မျှော်လင့်ချက်များကို စိတ်ပျက်စေသော အရာများသာ ဖြစ်နေ၏။
"...မဖြစ်နိုင်တာ..."
"မွန်း..."
ချန်ရွှင် ရုတ်တရက် အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သဖြင့် အံ့သြသွားသော နွားနက်ကြီးသည် လက်ဝါးပေါ်ရှိ ဝိညာဉ်ဆေးပင်ကိုပင် ပြုတ်ကျသွားစေသည်။
"နွားကြီး... 'ယွီယွမ်သီး' ပဲဟေ့... ဟားဟားဟားဟား..."
"မွန်း..."
နွားနက်ကြီး ခုန်ထလိုက်ပြီး ချန်ရွှင်၏ အနားသို့ အမြန် ပြေးသွားကာ ချန်ရွှင်၏ ခေါင်းနှင့် သူ၏ ခေါင်းကို ပူးကပ်လျက် သေချာ ကြည့်ရှုလိုက်သည်။
ချန်ရွှင်၏ လက်ဝါးပေါ်တွင် မက်မွန်သီး အရွယ်အစားခန့်ရှိသော အသီးတစ်လုံး ရှိနေသည်။
အသီးတစ်ခုလုံးမှာ အပြာရောင် သန်းနေပြီး ဓားဖြင့် ထွင်းထုထားသကဲ့သို့ ခရမ်းရောင် အရေးအကြောင်း သုံးခု ထင်ရှားစွာ ဖြစ်ပေါ်နေ၏။
အလွန် မွှေးကြိုင်သော ရနံ့များ ထွက်ပေါ်နေပြီး ထိုအသီးမှ ထွက်ပေါ်နေသော ဝိညာဉ်စွမ်းအင်များမှာ အလွန် သန့်စင်လွန်းသဖြင့် သွားရည်ကျချင်စရာပင် ကောင်းလှသည်။
"နွားကြီး... စာအုပ်ထဲက ပုံနဲ့... တူတယ်မလား..."
ချန်ရွှင် ပါးစပ် အဟောင်းသား ဖြစ်နေပြီး မျက်လုံးများ အရောင်လက်နေသည်။
"တကယ့် အစစ်အမှန်... ကမ္ဘာလောကရဲ့ ရတနာကြီးပဲကွ... ရွှေအမြူတေ အလယ်အလတ်အဆင့် ကျင့်ကြံသူတွေရဲ့ အတားအဆီးကို ကျော်လွှားနိုင်စေပြီး ရွှေအမြူတေ နောက်ဆုံးအဆင့် ကျင့်ကြံမှုကိုပါ ပိုမို ခိုင်မာအောင် လုပ်ပေးနိုင်တဲ့ အရာကြီးပဲ..."
"မွန်း... မွန်း..."
နွားနက်ကြီး အဆက်မပြတ် ခေါင်းညိတ်လိုက်သည်။ သေချာပါသည်။ ထို ရွှေအမြူတေ အလယ်အလတ်အဆင့် ကျင့်ကြံသူက သူ့ရဲ့ အဆင့်တက်ဖို့အတွက် သီးသန့် ချန်ထားခဲ့သော လျှို့ဝှက်လက်နက် ဖြစ်ရမည်။
"နွားကြီး... ကျုပ် အံ့သြသွားပြီ..."
ချန်ရွှင် မြေကြီးကို 'ဒုန်း'ခနဲ ထုလိုက်ပြီး ဒေါသကို ထုတ်ဖော်လိုက်သည်။
"ဟို ရွှေအမြူတေအဆင့် ကောင်တွေ... ဒီလို ပစ္စည်းမျိုးကို ဘယ်ကနေ သွားရှာလာကြတာလဲ... ဝူယွင်ဂိုဏ်းရဲ့ ဆေးဥယျာဉ်ထဲမှာတောင် ဒီလိုအပင်မျိုး မရှိခဲ့ဘူး..."
"မွန်း..."
နွားနက်ကြီးလည်း ဒေါသတကြီး နှာမှုတ်လိုက်သည်။ တူညီသော ရွှေအမြူတေအဆင့် ဖြစ်ပါလျက်နှင့် သူတို့တွင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးပင် မရှိပေ။
"တူညီတဲ့ ကျင့်ကြံခြင်းလောကမှာ နေကြတာတောင်မှ... တရားမမျှတဘူးကွာ..."
ချန်ရွှင် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး အလိုအလျောက်ပင် အောက်ခြေအဆင့် တောင်ဖြိုပုဆိန် သုံးလက်ကို ဆွဲထုတ်လိုက်သည်။
"နွားကြီး... 'အားနည်းသူကို ကူညီပြီး အားကြီးသူကို နှိမ်နင်းတဲ့' အစီအစဉ်ကြီး... သေချာပေါက် အကောင်အထည် ဖော်ရမယ်..."
"မွန်း..."
နွားနက်ကြီးလည်း မတ်တပ်ရပ်လိုက်ပြီး ချန်ရွှင်ကို ကြည့်လိုက်သည်။ ဒါပေါ့။ သူတို့ ပြောတဲ့ 'အားနည်းသူ' ဆိုတာ သူတို့ကိုယ်တိုင်ကို ပြောတာလေ။
ဒီ ကျင့်ကြံခြင်းလောကမှာ သူတို့လောက် ဆင်းရဲနွမ်းပါးစွာ နေထိုင်ရတဲ့ ရွှေအမြူတေအဆင့် အဆင့်မြင့်ကျင့်ကြံသူ ဆိုတာ ကြားတောင် မကြားဖူးဘူး။
ဒီတစ်ခေါက် စစ်ပွဲက သူတို့အတွက် တစ်နည်းအားဖြင့် ကမ္ဘာသစ် တစ်ခုကို ဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
"နွားကြီး... ဆက်ပြီး ပစ္စည်းတွေ စစ်ကြမယ်..."
"မွန်း..."
သူတို့ နှစ်ယောက် အားပြန်မွေးလိုက်ပြီး မြေကြီးပေါ်တွင် ပြန်ထိုင်လိုက်ကြသည်။
အနာဂတ် လုယက်ရေး အစီအစဉ်များကို စိတ်ကူးယဉ်နေကြပြီ ဖြစ်သဖြင့် လုပ်နေသော အလုပ်များမှာ သိပ်ပြီး အာရုံမစိုက်နိုင်တော့ပေ။
"နွားကြီး... အမှိုက်တွေကို နောက်မှ မီးရှို့လိုက်... အသုံးဝင်မယ့် ဟာတွေလောက်ပဲ ငါတို့ ဝယ်ထားတဲ့ သိုလှောင်လက်စွပ်တွေထဲ ပြောင်းထည့်လိုက်..."
"မွန်း..."
"ပြီးတော့ ဒီလက်စွပ်သုံးကွင်းကို အစအန ဖျောက်ဖို့ ဖျက်ဆီးပစ်ရမယ်... အခု ရှိတဲ့ ပမာဏနဲ့တင် လုံလောက်နေပြီ... လောဘမကြီးနဲ့နော်..."
"မွန်း... မွန်း..."
"ဟင်... 'အစီအရင် မှတ်တမ်း' ဆိုတဲ့ ဟာမျိုးလည်း ပါလာပါလား... နွားကြီး... မှတ်စုစာအုပ် အလွတ် တစ်အုပ် ထုတ်လိုက်... မှော်စွမ်းအင်နဲ့ ကူးယူထားလိုက်မယ်..."
ချန်ရွှင်သည် သာမန် စာအုပ်များထက် ပိုမို လေးလံသော၊ လက်နက်ပြုလုပ်သည့် ကုန်ကြမ်းများဖြင့် ပြုလုပ်ထားသော အနက်ရောင် စာအုပ်ကို ကိုင်လျက် ပြုံးစိစိဖြင့် ပြောလိုက်သည်။
"အားတဲ့အခါ ဖတ်ပြီး ဆော့လို့ရတာပေါ့..."
"မွန်း..."
နွားနက်ကြီး ဝမ်းသာအားရဖြင့် ချန်ရွှင်ကို ပွတ်သီးပွတ်သပ် လုပ်လိုက်ပြီး အလျင်အမြန် စာအုပ်ကို လှမ်းယူလိုက်သည်။
ထို့နောက် ထောင့်တစ်နေရာသို့ သွားကာ ချန်ရွှင် သာမန်လောကတွင် အများအပြား ဝယ်ယူထားခဲ့သော မှတ်စုစာအုပ်များကို ထုတ်ယူပြီး အစီအရင်များကို ကူးယူနေလေတော့သည်။ ဗဟုသုတ အသစ်များ စုဆောင်းရရှိခြင်းပင်။
"နွားကြီး... အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေကို မှော်စွမ်းအင် ဖြည့်တင်းဖို့အတွက် မသုံးနဲ့နော်... အဲဒါက ကျင့်ကြံဖို့အတွက် သီးသန့် ထားထားတာ..."
ချန်ရွှင် တိုးတိုးလေး ရေရွတ်ရင်း တွက်ချက်နေပြန်သည်။
"အစွမ်းထက်တဲ့ အစီအရင် တစ်ခုခု ဒါမှမဟုတ် လှေပျံကြီးတွေရဲ့ စွမ်းအင် အဖြစ်လည်း သုံးလို့ ရနိုင်တယ်..."
"မွန်း... မွန်း..."
နွားနက်ကြီး လိုက်လျောညီထွေ ပြန်ထူးလိုက်သည်။ ထိုင်လျက်သားပင် အစီအရင် မှတ်တမ်းကို ကူးယူသည့် အလုပ်တွင် စိတ်ရောကိုယ်ပါ နစ်မြောနေ၏။
ချန်ရွှင် နှုတ်ခမ်းကို သပ်လိုက်ပြီး လေဟာနယ်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ထို ယွီယွမ်သီး၏ အစေ့မှနေ၍ အပင် ပေါက်လာအောင် စိုက်ပျိုးနိုင်မည်ဆိုလျှင် ရွှေအမြူတေအဆင့် ကျင့်ကြံခြင်းအတွက် အတားအဆီး ရှိတော့မည် မဟုတ်ပေ။
ပြဿနာက နောက်တစ်ဆင့် ဖြစ်သော 'မူလဝိညာဉ်အဆင့်' ဖြစ်သည်။ ယခုအချိန်အထိ အဆင့်တက်မည့် လမ်းစကိုပင် မတွေ့ရသေးပေ။ စောစောစီးစီး ကြိုတင် ပြင်ဆင်ထားသင့်သည်။
ဤကျင့်ကြံခြင်းလောကတွင် ရွှံ့နွံများကြားမှ ရုန်းကန်လာခဲ့ရသော ချန်ရွှင်သည် အစောကြီးကတည်းက နားလည်သဘောပေါက်ထားပြီး ဖြစ်သည်။
'ကြီးမားသော အခွင့်အရေး' ဆိုသည်မှာ ကိုယ့်ခေါင်းပေါ်သို့ အလိုလို ကျလာမည် မဟုတ်ကြောင်းကိုပင်။
"...အင်း... ယွီရွှီမြို့တော်မှာ ဆက်နေလို့ မရတော့ဘူး..."
အလုပ်ရှုပ်နေသော နွားနက်ကြီးကို ကြည့်ရင်း ချန်ရွှင် တည်ငြိမ်စွာ ပြုံးလိုက်သည်။
"အဲဒီမှာ မူလဝိညာဉ်အဆင့် တက်ဖို့ အခွင့်အရေး မရှိတော့ဘူး... ပြီးတော့ ဒီတစ်ခေါက် အကြီးအကျယ် လှုပ်ရှားခဲ့လို့ မြို့ထဲမှာ ဆက်နေရင် ခြေရာခံမိသွားနိုင်တဲ့ အန္တရာယ်လည်း ရှိတယ်..."
သူ တစ်ယောက်တည်း ရေရွတ်လိုက်ပြီး အလျင်လိုခြင်းမရှိဘဲ မရှိဘဲ ရရှိလာသောပစ္စည်းများကို ပြန်လည် စီစဉ်နေလေတော့သည်။
နေ့ဝက်ခန့် ကြာပြီးနောက်...
ဂူအောက်ခြေတွင် ပေါက်ကွဲသံ အနည်းငယ် ထွက်ပေါ်လာသည်။
အရိပ်နှစ်ခုသည် ဤ တောနက်ကြီးထဲမှ ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။
ဂူထဲတွင် သူတို့ မလာခင်က အခြေအနေအတိုင်း ဘာမှ မပြောင်းလဲဘဲ ကျန်ရစ်ခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော အစ်ကိုကြီးနှစ်ယောက် ထွက်သွားပြီ ဆိုသည်ကို သေချာအောင် စစ်ဆေးပြီးနောက် သားရဲမိသားစုသည် နေအိမ်သို့ အလျင်အမြန် ပြေးပြန်လာကြသည်။
အသိုက်မှာ ဘာမှ ထိခိုက်ပျက်စီးမှု မရှိသလို အနံ့အသက်များလည်း ပြောင်းလဲသွားခြင်း မရှိပေ။ သားရဲများသည် ရင်ထဲမှ အပူလုံးကြီး ကျသွားသကဲ့သို့ သက်ပြင်းချလိုက်ကြလေတော့သည်။