← Chapters

အခန်း ၁၄၉

Vol. 8 Ch. 149

အခန်း ၁၄၉

Vol. 8 Ch. 149

အခန်း (၁၄၉)

နောက်တစ်နေ့၊ ယွီရွှီမြို့တော် အပြင်ဘက်။

လမ်းမကြီးသည် အဆုံးအစမရှိ ရှည်လျားနေပြီး နေဝင်ဆည်းဆာ အလင်းရောင်များက ကောင်းကင်ကို နီရဲစွာ ဆေးခြယ်ထားသည်။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ခပ်သုတ်သုတ် လျှောက်လှမ်းနေကြပြီး သူတို့နောက်မှ လိုက်ပါလာသော ဝိညာဉ်သားရဲများသည်လည်း အရှိန်မြှင့်၍ လိုက်ပါလာကြသည်။

ထိုအထဲတွင် လူတစ်ယောက်နှင့် နွားတစ်ကောင်သာ နေဝင်ချိန် နေရောင်ခြည်ကို ခံယူရင်း ယွီရွှီမြို့တော်ဆီသို့ လမ်းလျှောက် ထွက်လာသကဲ့သို့ အေးအေးဆေးဆေး လျှောက်လှမ်းနေကြသည်။

ရံဖန်ရံခါ လျှပ်စီးဝံပုလွေနီကို ထမ်းကာ ဝယ်သူရှာနေသော ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူကို တွေ့သောအခါ ခြေလှမ်းများကို ရပ်တန့်၍ ဈေးဆစ်လေ့ ရှိကြသည်။

နာရီအနည်းငယ် ကြာပြီးနောက်၊ ချင်ရှန်းတောင်တန်း။

ချန်ရွှင်နှင့် နွားနက်ကြီးတို့ နောက်ဆုံးတွင် သူတို့၏ ဂူသို့ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။

"မွန်း..."

နွားနက်ကြီး တစ်ချက် အော်ဟစ်လိုက်သည်နှင့် ဂူထဲသို့ ခုန်ဝင်သွားပြီး အိမ်ထောင်ပရိဘောဂ များကို အသည်းအသန် စတင် သိမ်းဆည်းတော့သည်။ ချန်ရွှင်၏ အမိန့်ကိုပင် စောင့်ဆိုင်းနေစရာ မလိုတော့ချေ။

"... ကြည့်စမ်း... အရင်တုန်းက ငါ့ရဲ့ အလုပ်ကို အတုယူထားတာ တော်တော်လေး ပီပြင်နေပါလား..."

ချန်ရွှင် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ပတ်ဝန်းကျင် ရှုခင်းများကို လှည့်ပတ် ကြည့်ရှုလိုက်သည်။

မည်သို့ဖြစ်စေ သူတို့ဤနေရာမှ ခွာရပေတော့မည်။ တစ်မိနစ်နေလျှင်ပင် အန္တရာယ်ရှိသည် ဆိုပါက ထိုနေရာတွင် ဆက်မနေစကောင်းပေ။ ထျန်းဝူဂိုဏ်း၏ နောက်ကွယ်တွင် ချန်ဟိုင်ဂိုဏ်း ရှိနေသည်။ လျိုယွမ် က နှုတ်ပိတ်နေမည် ဆိုလျှင်တောင် အသက်ရှင်ကျန်ရစ်သူ တပည့်များက သက်သေခံကြလိမ့်မည်။ ထို့ကြောင့် အနှေးနှင့် အမြန် ခြေရာခံမိသွားမည်မှာ အသေအချာပင်။

သူသည် ဂူဝတွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်ကို မော့ကြည့်လိုက်ပြီး ကျေနပ်သော အပြုံးတစ်ခု ပြုံးကာ လက်ဝှေ့ယမ်းပြီး သိုလှောင်အိတ်ထဲသို့ သိမ်းဆည်းလိုက်သည်။

ခွမ်း... ဒိုင်း...

"ဟေ့... နွားကြီး စစ်တိုက်တာမှ မဟုတ်တာ... ဘာလို့ အဲဒီလောက် အလောတကြီး ဖြစ်နေရတာလဲ..."

ဂူထဲမှ ဒယ်အိုး၊ ပန်းကန်များ ရိုက်ခတ်သံများ ဆူညံစွာ ထွက်ပေါ်လာသဖြင့် ချန်ရွှင် မျက်မှောင်ကြုတ်လိုက်သည်။

"တောက်... နောက်ဆုံးတော့လည်း ငါကပဲ ဝင်ကူရဦးမှာပါလား..."

မကျေမနပ် ပြောဆိုရင်း အထဲသို့ ဝင်သွားကာ နွားနက်ကြီးနှင့် အတူတူ ပစ္စည်းများကို ကူညီ သိမ်းဆည်းပေးလိုက်သည်။

နောက်ထပ် တစ်ရက်လုံးလုံး အချိန်ယူလိုက်ရသည်။

သူတို့ နှစ်ယောက် ကိုယ်တိုင် ဖွင့်ထားခဲ့သော ဝိညာဉ်အဆောင်ဆိုင်သို့ သွားရောက်ပြီး ဆိုင်အတွင်းရှိ ပစ္စည်းများကို တစ်ခုမကျန် သိမ်းဆည်းလိုက်ကြသည်။

ဆိုင်ခန်း ငှားရမ်းခ သက်တမ်း ကျန်ရှိနေသေးသော်လည်း လောလောဆယ်တော့ အလွတ်အတိုင်း ထားရစ်ခဲ့လိုက်သည်။

သူတို့ ဆိုင်အပြင်သို့ ထွက်လာပြီးနောက် တံခါးကို ညင်သာစွာ ပိတ်လိုက်ကြသည်။

ကြိုးကြာဖြူပင် နှစ်ပင်သည် လေထဲတွင် ယိမ်းနွဲ့နေပြီး သစ်ရွက်များ တရှဲရှဲ မြည်သံ ထွက်ပေါ်နေသည်။ သူတို့၏ အကောင်းဆုံး အစ်ကိုကြီး နှစ်ယောက်ကို လိုက်လံ ပို့ဆောင်နေသကဲ့သို့ ရှိလေသည်။

လမ်းမပေါ်တွင် လျှောက်သွားနေသော ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ အချို့က သူတို့ နှစ်ယောက်ကို ဖြတ်ခနဲ လှမ်းကြည့်လိုက်ကြသည်။

"မွန်း..."

နွားနက်ကြီး၏ ကိုယ်ပေါ်တွင် ဒယ်အိုး၊ ပန်းကန်ခွက်ယောက်များ အများအပြား ချိတ်ဆွဲထားပြန်သည်။ ခေါင်းပေါ်တွင်မူ အနည်းငယ် ဟောင်းနွမ်းနေသော ကောက်ရိုးဦးထုပ် တစ်လုံးကို ဆောင်းထား၏။

နွားနက်ကြီး သွားဖြီးကာ ပြုံးလိုက်သည်။

အချိန်ကာလများသည် မြှားတစ်စင်းကဲ့သို့ လျင်မြန်စွာ ကုန်ဆုံးသွားပြီး နှစ်များသည် ရေကဲ့သို့ စီးဆင်းသွားသော်လည်း အစ်ကိုကြီးမှာ ယခင်ကကဲ့သို့ပင် ခန့်ညားထည်ဝါနေဆဲ ဖြစ်ပြီး မိတ်ဆွေဟောင်း လက်နက်ကိရိယာ လေးများလည်း အကောင်းအတိုင်း ရှိနေဆဲ ဖြစ်သည်။ ချန်ရွှင်လည်း မျက်လုံးများ မှေးစင်းသွားသည်အထိ ရယ်မောလိုက်ပြီး ကောက်ရိုးဦးထုပ်ကို ဆောင်းလိုက်သည်။ ခါးတွင်မူ အစောဆုံး ပြုလုပ်ခဲ့သော အဆင့်နိမ့် တောင်ဖြိုပုဆိန် သုံးလက်ကို ချိတ်ဆွဲထားသည်။

"သွားစို့... ညီလေး..."

ချန်ရွှင်သည် နွားနက်ကြီး၏ ကိုယ်ပေါ်တွင် ချိတ်ဆွဲထားသော ဒယ်အိုး၊ ပန်းကန်များကို အချစ်ပိုစွာ ပွတ်သပ်လိုက်ပြီး မျက်ဝန်းထဲတွင် နက်ရှိုင်းသော ခံစားချက်များဖြင့် ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ခြေသလုံးအိမ်တိုင် ခရီးစဉ်ကြီး... စတင်ပြီဟေ့..."

"မွန်း..."

နွားနက်ကြီးလည်း အော်ဟစ်ကာ ပြန်ထူးလိုက်ပြီး ချန်ရွှင်၏ ဘေးသို့ ကပ်လိုက်သည်။

ချန်ရွှင်သည် နွားနက်ကြီး၏ ခေါင်းကို လက်တစ်ဖက်ဖြင့် ဖက်ထားပြီး မြို့ပြင်သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားသည်။ သူ၏ ကျောပြင်တွင် မည်သည့် နောင်တတရားမျှ မရှိချေ။ လမ်းမကြီးပေါ်တွင် လူများနှင့် ကျင့်ကြံသူများ အဆက်မပြတ် ဝင်ထွက်သွားလာနေကြသည်။ ထိုလူအုပ်ကြီးထဲမှ လျှောက်လှမ်းသွားသော အရိပ်နှစ်ခုသည် အဆုံးအစမရှိ လွတ်လပ်နေပြီး မည်သည့် အနှောင်အဖွဲ့မှ မရှိပေ။

ယနေ့ နေရောင်ခြည်သည် နွေးထွေးနေပြီး ကောင်းကင်တွင် တိမ်တစ်လိပ်မျှ မရှိပေ။

ခရီးထွက်ရန် အလွန် သင့်တော်သော နေ့တစ်နေ့ ဖြစ်ပေသည်။

...

တစ်ချိန်တည်းတွင်ပင်။

ချန်နိုင်ငံ၊ ထိပ်သီးဂိုဏ်း (၁၀)ခုတွင် ပါဝင်သော 'ချန်ဟိုင်ဂိုဏ်း'။

ခမ်းနားထည်ဝါသော တောင်တန်းကြီးတွင် သိပ်သည်းလှသော ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေပြီး ဝိညာဉ်စုဆောင်းရေး အစီအရင်ကြီးသည် အဓိက တောင်ထွတ်များကို ဖုံးလွှမ်းထားကာ ရံဖန်ရံခါ တောက်ပသော အလင်းတိုင်များ ကောင်းကင်သို့ ထိုးတက်သွားလေ့ ရှိသည်။

တောင်ထိပ်များပေါ်တွင် မရေမတွက်နိုင်သော တပည့်များသည် လေးနက်တည်ကြည်သော မျက်နှာထားများဖြင့် မြေကြီးပေါ်တွင် ထိုင်ကာ လက်သီးဆုပ် အရိုအသေ ပေးနေကြသည်။ ရွှေအမြူတေအဆင့် ကျင့်ကြံသူများက တပည့်များကို မိန့်မြွှက်မှာ ကြားနေခြင်း ဖြစ်သည်။

တောင်ထွတ်တစ်ခုနှင့် တစ်ခုကြားတွင် တပည့် ဆယ်ဂဏန်းခန့် စီးနင်းလာသော လှေပျံများ အဆက်မပြတ် ပျံသန်းသွားလာနေကြသည်။ ဓားပျံစီးခြင်းထက် များစွာ မြန်ဆန်လှ၏။

အဝေးက ကောင်းကင်တွင် ဝိညာဉ်သားရဲကြီးများ လှည့်လည်ပျံသန်းနေပြီး ဂိုဏ်းတစ်ခုလုံး တက်ကြွလန်းဆန်းနေသည်။ သာမန်ဂိုဏ်းများနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။

ထိုအထဲမှ အလွန် လှပသော နေရာတစ်ခု။

ဝိညာဉ်စွမ်းအင်များ အလွန် သိပ်သည်းနေပြီး ပတ်ဝန်းကျင်တွင် အဆင့်မြင့် အစီအရင်များ ချထားကာ ကြယ်ရောင်များ တောက်ပနေသော ဆန်းကြယ်သည့် နေရာတစ်ခု ဖြစ်သည်။

မှန်ပြင်ကဲ့သို့ ကြည်လင်နေသော ရေကန်ဘေးရှိ မဏ္ဍပ်တစ်ခုတွင် လူငယ်တစ်ဦး လက်ဖက်ရည် သောက်နေသည်။

ပွတ်တိုက်ထားသော ကျောက်စိမ်းကဲ့သို့ တောက်ပနေသော ဆံပင်အရှည်ကြီးများသည် ရေတံခွန်ကဲ့သို့ ကျဆင်းနေသည်။

ရေဆေးပန်းချီကဲ့သို့ လှပသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်လုံးများမှာ အေးစက်သော ကြယ်များကဲ့သို့ စူးရှနေသည်။ မျက်ခုံးနှစ်ခုကြားရှိ ကြယ်ပုံစံ အမှတ်အသားက သူ့ကို နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါစေသည်။

ဤလူငယ်သည် ချန်ဟိုင်ဂိုဏ်း၏ မူလဝိညာဉ်အဆင့် ဘိုးဘေးများထဲမှ တစ်ဦးဖြစ်သော... ရင်းရှင်း ဘိုးဘေး ပင် ဖြစ်သည်။

"ဘိုးဘေး..."

မဏ္ဍပ်အပြင်ဘက်သို့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဆင်းသက်လာသည်။ ရွှေအမြူတေအဆင့် ကျင့်ကြံသူ ဖြစ်ပြီး အလွန် ရိုသေကျိုးနွံစွာဖြင့် ခေါင်းငုံ့ထား၏။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က... ယွီရွှီမြို့တော် အပြင်ဘက်မှာ... ဝူယွင်ဂိုဏ်းကို လိုက်လံတိုက်ခိုက်တဲ့ ထျန်းဝူဂိုဏ်းက လူတွေ... အကုန် သေဆုံးသွားပါတယ်..."

"အို..."

ရင်းရှင်းသည် စိတ်ဝင်စားမှု မရှိသလို အသံပြုလိုက်ပြီး ရေကန်ပြင်ကိုသာ ဆက်လက် ကြည့်ရှုနေသည်။

"ထိုအချိန်က ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဝူယွင်ဂိုဏ်း တပည့်တွေရဲ့ ထွက်ဆိုချက်အရ လျှို့ဝှက်ဆန်းကြယ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်က ဝင်ရောက် ကယ်တင်ပေးခဲ့တာပါ... လူသား မဟုတ်ဘူးလို့ ပြောပါတယ်..."

ရွှေအမြူတေအဆင့် ကျင့်ကြံသူသည် ခေါင်းကို ပိုမို ငုံ့ထားလိုက်သည်။

"ထျန်းဝူဂိုဏ်းက ရွှေအမြူတေအဆင့် ကျင့်ကြံသူ သုံးယောက်စလုံး... မျက်စိတစ်မှိတ်အတွင်းမှာပဲ အသတ်ခံလိုက်ရတာပါ..."

"အင်း..."

"ဘိုးဘေး... ထျန်းဝူဂိုဏ်းက သံတမန်တွေ ရောက်နေပါတယ်... ကျွန်တော်တို့ ဂိုဏ်းကို ဒီကိစ္စ အသေးစိတ် စုံစမ်းပေးဖို့ တောင်းဆိုနေကြပါတယ်... သူတို့ အခု ဝူယွင်ဂိုဏ်းဆီကနေ အကြီးအကျယ် ဖိအားပေးခံနေရလို့ပါ..."

ရွှေအမြူတေအဆင့် ကျင့်ကြံသူသည် ကြောက်ရွံ့စွာဖြင့် ခေါင်းမော့ကာ ရင်းရှင်း၏ မျက်နှာကို အကဲခတ်လိုက်သည်။

"ဝူယွင်ဂိုဏ်းက တပည့် ထောင်ချီပြီး ထျန်းဝူဂိုဏ်းကို သွားရောက် တောင်းဆိုနေကြတယ်လို့ ကြားပါတယ်... တောင်ပိုင် အဆင့် ၇ ယောက်တောင် သွားပြီး 'တရားမျှတမှု' တောင်းဆိုနေကြတယ်တဲ့..."

"ဂိုဏ်းအချင်းချင်း အငြင်းပွားတာက ကျင့်ကြံခြင်းလောကရဲ့ သာမန် စည်းကမ်းတစ်ခုပဲလေ..."

ရင်းရှင်းသည် တည်ငြိမ်စွာ ပြောလိုက်ပြီး သူ၏ အသံတွင် မည်သည့် ခံစားချက်မျှ မပါဝင်ပေ။

"ကိုယ့်ဘာသာ အရင် စတင်ခဲ့မှတော့ ကိုယ့်အပြစ် ကိုယ်ခံရမှာပေါ့... ငါတို့ ချန်ဟိုင်ဂိုဏ်းက အခြားသူတွေရဲ့ကိစ္စတိုင်းကို နေရာတိုင်းလိုက်ရှင်းပေးမနေနိုင်ဘူး..."

"...ဟုတ်ကဲ့ပါ..."

ရွှေအမြူတေအဆင့် ကျင့်ကြံသူ၏ နဖူးမှ ချွေးစေးများ စီးကျလာသည်။ ကြည့်ရသည်မှာ ထျန်းဝူဂိုဏ်းကို စွန့်ပစ်လိုက်ပြီ ဖြစ်ပုံရသည်။

"ဘိုးဘေး... ဒါဆို အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ ပုဂ္ဂိုလ်ရဲ့ ကိစ္စကိုရော ဘယ်လို လုပ်ရမလဲ..."

"လူမိုက်..."

ရင်းရှင်း၏ မျက်ခုံးနှစ်ခုကြားမှ ကြယ်ပုံစံ အမှတ်အသား အနည်းငယ် တောက်ပလာပြီး တွင်းနက်ကြီးကဲ့သို့ နက်ရှိုင်းသော မျက်ဝန်းများဖြင့် သူ့ကို ပထမဆုံးအကြိမ် စူးစိုက်ကြည့်လိုက်သည်။

"ယီချူ... မင်းဆိုရင် ဘယ်လို လုပ်သင့်တယ်လို့ ထင်လဲ..."

"ဘိုးဘေး... ချန်နိုင်ငံ ကျင့်ကြံခြင်းလောကမှာ ဒီလောက် အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ပေါ်လာမှတော့ သေချာပေါက် စုံစမ်းသင့်တယ်လို့ ထင်ပါတယ်..."

ယီချူသည် ရင်းရှင်းကို တည့်တည့်ပင် မကြည့်ရဲပေ။ အရိုးထဲထိ စိမ့်ဝင်သွားစေမည့် ကြောက်မက်ဖွယ် ဖိအားကြီးကို ခံစားနေရသည်။

"ဝူယွင်ဂိုဏ်းနဲ့ အများကြီး သက်ဆိုင်နေဖို့ များပါတယ်..."

"အဲဒါက ငါတို့ ချန်ဟိုင်ဂိုဏ်းနဲ့ ဘာဆိုင်လို့လဲ..."

"...ဗျာ..."

ယီချူ ဇဝေဇဝါ ဖြစ်သွားသည်။

ထိုမျှ အစွမ်းထက်သော ပုဂ္ဂိုလ်ဆိုလျှင် သေချာပေါက် ကြီးမားလှသော လျှို့ဝှက်ချက် တစ်ခုခု ရှိနေမည် ဖြစ်သည်။ ဖမ်းဆီးပြီး နှိပ်စက်စစ်မေးကာ အကုန်အစင် ဖော်ထုတ်သင့်သည် မဟုတ်ပါလား။

"ဘိုးဘေး..."

ဘိုးဘေး၏ ဖိအားများအောက်တွင် သူ၏ စဉ်းစားတွေးခေါ်နိုင်စွမ်းများ အလွန်အမင်း ကျဆင်းနေသည်။

ထို လျှို့ဝှက်ဆန်းကြယ်သူသည် ဝူယွင်ဂိုဏ်းကို ကယ်တင်ခဲ့သည်မှာ ထင်ရှားသည်။ ဝူယွင်ဂိုဏ်းကို ဓားစာခံ လုပ်ပြီး ခြိမ်းခြောက်လိုက်လျှင် သူ သေချာပေါက် ထွက်လာလိမ့်မည်။ ထိုအခါ ချန်ဟိုင်ဂိုဏ်း၏ မူလဝိညာဉ်အဆင့် ဘိုးဘေးများ အားလုံး ဝိုင်းဝန်းတိုက်ခိုက်လိုက်ပါက မည်မျှပင် အစွမ်းထက်သူ ဖြစ်စေကာမူ အသက်ရှင်လျက် လွတ်မြောက်နိုင်မည် မဟုတ်ပေ။

"ဟက်..."

ရင်းရှင်းသည် ယီချူ၏ စိတ်ကူးများကို အကုန်အစင် သိမြင်နေသည့်အလား ပြုံးလိုက်သည်။

"ယီချူ... လက်ရှိ ချန်နိုင်ငံ ကျင့်ကြံခြင်းလောကမှာ မူလဝိညာဉ်အဆင့် ကျင့်ကြံသူ ဘယ်နှစ်ယောက်လောက် ရှိမယ် ထင်လဲ..."

"ဘိုးဘေး... တပည့် မသိပါဘူး..."

ယီချူ ခန္ဓာကိုယ်ကို ၉၀ ဒီဂရီ ကိုင်းညွတ်ထားဆဲဖြင့် ပြန်ဖြေလိုက်သည်။ ဘိုးဘေး ဘာကြောင့် ဒီလို ရုတ်တရက် မေးလိုက်မှန်း သူမသိပေ။

"ငါတို့ ခေတ်တုန်းကလည်း ကောင်းကင်ဝိညာဉ်အမြစ် ပိုင်ရှင်တွေ မရှိခဲ့တာ မဟုတ်ဘူး... ကြယ်တွေလောက် များပြားတဲ့ ပါရမီရှင်တွေ ရှိခဲ့တယ်... ဒါပေမဲ့ နောက်ဆုံး မူလဝိညာဉ်အဆင့်ကို ရောက်လာတာ လက်ချိုးရေလို့ ရတဲ့ အနည်းစုလေးပဲ..."

ရင်းရှင်း ခေါင်းငဲ့လိုက်ပြီး အကြည့်များကို ရေကန်ပြင်သို့ ပြန်လည် ပို့လွှတ်လိုက်သည်။

"အဲဒါက ဂိုဏ်းအသီးသီးရဲ့ ရင်းမြစ်တွေ မလုံလောက်လို့ ဖြစ်မယ်ထင်လား... ယီချူ... မင်း ဘယ်လို ထင်လဲ..."

ယီချူသည် ဘိုးဘေးနှင့် စကားပြောဆိုခွင့် ရရှိလောက်အောင် ထူးချွန်သူ တစ်ယောက် ဖြစ်သည်။ သို့သော် ဘိုးဘေး၏ ဆိုလိုရင်းကို နားမလည်သဖြင့် နှုတ်ဆိတ်နေလိုက်သည်။

"...ဘိုးဘေး... ကျွန်တော့်လို ဉာဏ်နည်းတဲ့ တပည့်ကို သွန်သင်ပြသပေးပါ..."

"စောစောစီးစီး မသေခဲ့လို့ပဲ..."

ရင်းရှင်းသည် စကားလုံး သုံးလုံးကို တည်ငြိမ်စွာ ပြောလိုက်ပြီး အနည်းငယ် ပြုံးလိုက်သည်။

"အခြေအနေကို သုံးသပ်နိုင်စွမ်းနဲ့ အချိန်အခါကို သိမြင်နိုင်စွမ်း... အဲဒီ အရည်အချင်းက မွေးရာပါ ဝိညာဉ်အမြစ်နဲ့ တန်းတူ အရေးကြီးတယ်... သဘောပေါက်လား..."

ယီချူသည် မိုးကြိုးပစ်ခံရသကဲ့သို့ တောင့်တင်းသွားသည်။ ခေါင်းတစ်ခုလုံး ကြက်သီးမွေးညင်းများ ထသွားပြီး သွေးများ ပြောင်းပြန် စီးဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

"အဲဒီလိုမျိုး လုပ်နိုင်တဲ့သူက မူလဝိညာဉ်အဆင့်ကို ရောက်နေပြီ ဖြစ်ဖို့ များတယ်... မူလဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက်ကို ဖိနှိပ်ထားဖို့ ဆိုတာ အရမ်း ခက်ခဲတယ်... အသေသတ်ဖို့ ဆိုတာကတော့ ပိုပြီးတောင် ခက်ခဲသေးတယ်..."

ရင်းရှင်း လက်ကို ညင်သာစွာ မြှောက်လိုက်ရာ အငွေ့ထောင်းထောင်း ထနေသော လက်ဖက်ရည်ခွက်သည် သူ့လက်ထဲသို့ အလိုအလျောက် ရောက်ရှိလာသည်။

"သူ့ရဲ့ လုပ်ရပ်က... 'အတိတ်က အကြွေးကို လာဆပ်တာ' သက်သက်ပဲ... အဲဒီထက် ပိုပြီး ဘာမှ ပိုမလုပ်ခဲ့ဘူးလေ..."

"ယီချူ... တကယ်လို့ မင်း စဉ်းစားနေတဲ့ အန္တရာယ်များတဲ့ လုပ်ရပ်မျိုးကိုသာ လုပ်ခဲ့မယ် ဆိုရင် ငါတို့ ချန်ဟိုင်ဂိုဏ်းက ဒီနေ့အထိ တည်တံ့နိုင်မှာ မဟုတ်ဘူး..."

ရင်းရှင်းသည် အလွန် သည်းခံစိတ်ဖြင့် ဖြည်းညှင်းစွာ ရှင်းပြနေသည်။

"အဲဒီလို လက်တွေ့မကျတဲ့စိတ်ကူးတွေကို မဖျောက်နိုင်ရင်... မင်းရဲ့ ကျင့်ကြံခြင်း ခရီးလမ်းက တော်တော်လေး ကြမ်းတမ်းလိမ့်မယ်..."

"ဘိုးဘေး... တပည့် မှားသွားပါတယ်..."

ယီချူ မျက်နှာ ဖြူရော်သွားပြီး လေးလေးနက်နက် အရိုအသေ ပေးလိုက်သည်။ သူသည် မျက်စိပွင့်သွားသကဲ့သို့ ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် ခြေတစ်လှမ်း မှားလိုက်သည်နှင့် အဆုံးအစမရှိသော ပျက်စီးခြင်းတွင်းနက်ကြီးထဲသို့ ကျဆင်းသွားနိုင်ကြောင်း သဘောပေါက်ကာ ကြောက်လန့်သွားသည်။ အကယ်၍ တစ်ဖက်လူကသာ အသိဉာဏ်မဲ့သော အရူးတစ်ယောက် ဖြစ်နေမည်ဆိုလျှင် ပထမဆုံး အသတ်ခံရမည့်သူမှာ သေချာပေါက် မိမိပင် ဖြစ်မည် မဟုတ်ပါလား။

"ငါတို့ ထိပ်သီးဂိုဏ်း (၁၀) ခုက အရင်တုန်းက 'ကျင့်ကြံခြင်းလောက စစ်ပွဲကြီး' ကို စတင်ခဲ့တုန်းက... နှစ်ထောင်ချီကြာအောင် ပြင်ဆင်ခဲ့ပြီးမှ ရန်သူကို တစ်ချက်တည်းနဲ့ အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့တာ... အဲဒါက ကျင့်ကြံခြင်း စွမ်းရည် တစ်ခုတည်းနဲ့ လုပ်နိုင်ခဲ့တာ မဟုတ်ဘူး..."

ရင်းရှင်း အနည်းငယ် သက်ပြင်းချလိုက်သည်။ ယခုခေတ် ကျင့်ကြံခြင်း ပတ်ဝန်းကျင်က အလွန် ကောင်းမွန်လွန်းနေသဖြင့် မျိုးဆက်သစ် တပည့်များ၏ အန္တရာယ်ကို သတိပြုနိုင်စွမ်းများ လျော့ကျနေခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပေမည်။

"ယီချူ... ငါ မင်းကို အထင်ကြီးလို့ ပြောနေတာ... ငါ့ကို စိတ်မပျက်စေနဲ့နော်..."

"ရိုသေစွာဖြင့်... ဘိုးဘေးရဲ့ သွန်သင်မှုကို ရင်ထဲမှာ မှတ်သားထားပါ့မယ်..."

ယီချူ အလွန် ဝမ်းသာသွားပြီး တုန်ရီသော အသံဖြင့် အလေးအနက် အရိုအသေ ပေးလိုက်သည်။

"တပည့် အခုချက်ချင်း ထျန်းဝူဂိုဏ်းရဲ့ တောင်းဆိုမှုကို သွားပြီး ငြင်းပယ်လိုက်ပါ့မယ်..."

"အင်း... သွားတော့..."

ရင်းရှင်း၏ နက်ရှိုင်းသော အကြည့်များ ရေကန်ပြင်သို့ ကျရောက်သွားသောအခါ မှန်ပြင်ကဲ့သို့ ငြိမ်သက်နေသော ရေပြင်တွင် လှိုင်းဂယက် အနည်းငယ် ထသွားသည်။ သို့သော် ချက်ချင်းပင် မူလအတိုင်း ငြိမ်သက်သွားပြန်သည်။

နှစ်ရက် ကြာပြီးနောက်...

ခရမ်းရောင်တိမ်ဂိုဏ်း သည် ဝူယွင်ဂိုဏ်းကို ပေါ်ပေါ်ထင်ထင် ကာကွယ်ပေးခြင်း မရှိခဲ့သော်လည်း ဖမ်းဆီးထားသော 'ဝေ့ရွှင်' ကို ရုတ်တရက် ပြန်လွှတ်ပေးလိုက်သည်။

"လုံလောက်တဲ့ သင်ခန်းစာ ပေးပြီးပြီ... ဒီလူငယ်လေး နောက်နောင် ဒီလိုမျိုး ရမ်းကားတဲ့ အလုပ်တွေ ထပ်မလုပ်ဖို့ မျှော်လင့်ပါတယ်" ဟူ၍ စကားတစ်ခွန်းသာ မှာကြားလိုက်သည်။

ဝူယွင်ဂိုဏ်းသည် တပည့် အများအပြားကို စေလွှတ်၍ ဝေ့ရွှင်ကို သွားရောက် ကြိုဆိုစေပြီး ခရမ်းရောင်တိမ်ဂိုဏ်းအား အထူး ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့သည်။

ပြန်လည် လွတ်မြောက်လာသော ဝေ့ရွှင်သည်လည်း အလွန် လိမ္မာသွားပြီး နောက်နောင် မည်သည့် ပြဿနာမျှ ထပ်မံ ဖန်တီးခြင်း မရှိတော့ပေ။

တစ်ဖက်တွင်မူ ထျန်းဝူဂိုဏ်းသည် ဝေ့ရွှင် ပြန်လည် ရောက်ရှိလာခြင်းကြောင့် အလွန် ကြီးမားသော ဖိအားများကို ခံစားရပြီး နောက်ဆုံးတွင် မိမိတို့၏ နယ်မြေအချို့ကို ပေးအပ်ကာ ငြိမ်းချမ်းရေး ယူရန် ပြင်ဆင်ရလေတော့သည်။

ချန်ရွှင်နှင့် နွားနက်ကြီးတို့ ဖန်တီးခဲ့သော ဂယက်ကြီးသည် ဤကဲ့သို့ အင်အားကြီး ဂိုဏ်းနှစ်ခု၏ အမြော်အမြင်ကြီးမားသော 'ရွေးချယ်မှု' ကြောင့် အဆုံးသတ်သွားခဲ့လေတော့သည်။

All Chapters