← Chapters

အခန်း ၁၅၃

Vol. 8 Ch. 153

အခန်း ၁၅၃

Vol. 8 Ch. 153

အခန်း (၁၅၃)

မကြာမီမှာပင် သူတို့နှစ်ဦးသည် အုတ်ဂူတစ်ခုရှေ့သို့ ရောက်ရှိလာကြသည်။ အုတ်ဂူမှတ်တိုင်တွင် 'ရှီကျင်း' ဟု ထွင်းထုထား၏။

"စီနီယာအစ်ကိုရှီ... ခင်ဗျား မျှော်လင့်ထားတဲ့အတိုင်း အလွဲမခံခဲ့ပါဘူးဗျာ"

ချန်ရွှင်သည် ရိုသေစွာဖြင့် လက်သီးဆုပ် အရိုအသေပေးလိုက်ပြီး နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် ကွေးတက်သွားလေသည်။

"အရင်တုန်းက နန်းတော်ကို သွားတုန်းက မတော်တဆ ကြားခဲ့ရတာလေ... တော်ဝင်မိသားစုရဲ့ မျိုးရိုးနာမည်က 'ရှီ' တဲ့"

အမှန်တကယ်တော့ ရှီကျင်းသည် တော်ဝင်မျိုးနွယ်စု၏ သွေးသားပင် ဖြစ်သည်။ ထို့ပြင် တော်ဝင်မိသားစု၏ ရှေးဟောင်းစာအုပ်များထဲတွင်လည်း တစ်ချိန်က အင်ပါယာကြီး တစ်ခု တည်ရှိခဲ့ကြောင်း ဒဏ္ဍာရီမှတ်တမ်းများ ရှိလေသည်။ သို့သော် ယခုအခါတွင်တော့ အတည်ပြုရန် မဖြစ်နိုင်တော့ပေ။

"မွန်း..."

နွားနက်ကြီးသည်လည်း တိုးညှင်းစွာ အော်မြည်လိုက်သည်။ ရှီကျင်း ချန်ရစ်ခဲ့သော မြေပုံသည် သူတို့အတွက် များစွာ အထောက်အကူ ဖြစ်ခဲ့ပြီး သူတို့ သွားရမည့် လမ်းကြောင်းကိုလည်း ညွှန်ပြပေးခဲ့သည် မဟုတ်ပါလား။

"နွားကြီး... အခမ်းအနားအတွက် ပြင်ဆင်ကြစို့။ စီနီယာအစ်ကိုရှီက တော်ဝင်သွေးဆင်းသက်လာသူပဲ။ သာမန် ကျင့်ကြံသူတွေရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဈာပနလုပ်ပေးလို့ မဖြစ်ဘူး"

ချန်ရွှင်သည် အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်လိုက်ပြီး သူ၏ အမွေအနှစ် လက်နက်ဖြစ်သော 'တူရိယာပေါင်းစုံ၏ ဘုရင်' ဟု တင်စားရသည့် နှဲ ကို ထုတ်ယူလိုက်သည်။

"စီနီယာအစ်ကိုရှီရဲ့ အဆင့်အတန်းက သာမန် အဆင့်မြင့် အရာရှိကြီးတွေလောက်နဲ့ ယှဉ်လို့ရတာမှ မဟုတ်တာ"

"မွန်း..."

နွားနက်ကြီး လန့်ဖြပ်သွားပြီး လည်ပင်းကို ကျုံ့လိုက်သည်။ အလွန် ရှေးကျသော အချိန်ကတည်းက ဝိညာဉ်ထဲတွင် စွဲထင်နေသော အကြောက်တရားဖြစ်သည့် 'ထောင်ကျခြင်း' ဟူသော စကားလုံး နှစ်လုံးသည် သူ၏ ခေါင်းထဲတွင် ဖြတ်သန်းသွားလေသည်။

"မွန်း..."

နွားနက်ကြီးသည် ပြာပြာသလဲ ဖြစ်သွားပြီး သူ၏ အကြိုက်ဆုံး ခေါင်းလောင်းကို ထုတ်ယူကာ လည်ပင်းတွင် ဂျလွင် ဂျလွင် မြည်အောင် ရစ်ပတ်လိုက်လေသည်။

"ကဲ... တီးမှုတ်ခြင်း စတင်ပြီဟေ့..."

ချန်ရွှင်သည် ဟန်ပါပါဖြင့် အနေအထားယူလိုက်ပြီး နှဲကို စတင် မှုတ်လိုက်လေသည်။ ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော်လည်း သာယာငြိမ့်ညောင်းသော အသံများ ထွက်ပေါ်လာ၏။ ဤ ဈာပနတေးသွားသည် ရှီကျင်းအား လျိုယွမ် ရှိရာသို့ လမ်းပြပို့ဆောင်ပေးမည့် တေးသွားပင် ဖြစ်သည်။

ချွင်... ချွင်။

နွားနက်ကြီးသည်လည်း ချန်ရွှင်၏ တေးသွားနှင့် လိုက်ဖက်ညီအောင် ခေါင်းလောင်းကို အစွမ်းကုန် လှုပ်ခါတီးမှုတ်ပေးနေသည်။ ချန်ရွှင် နှဲကို ထုတ်ယူတီးမှုတ်လေ့ ရှိသည်မှာ အလွန် ရှားပါးလှ၏။ ဤသည်မှာ သူ အဂုဏ်ယူဆုံးဖြစ်သော အမြင့်မြတ်ဆုံး အနုပညာတစ်ရပ်ပင် ဖြစ်သောကြောင့်ဖြစ်သည်။။

(လျိုယွမ်၊ ရှီကျင်း... အေးချမ်းစွာ အနားယူကြပါတော့)

ချန်ရွှင်သည် ကောင်းကင်ပြင်ကျယ်ကြီးကို မော့ကြည့်ကာ ရင်ထဲမှနေ၍ တိတ်တဆိတ် ဆုတောင်းပေးလိုက်သည်။

အကယ်၍ နောက်ဘဝ ဆိုတာ တကယ် ရှိခဲ့မယ်ဆိုရင် ဒီတစ်ကြိမ်မှာတော့ သူတို့နှစ်ဦး ရိုးမြေကျ ပေါင်းဖက်ရပါစေ။ သေကွဲကွဲရတဲ့ အဖြစ်ဆိုးမျိုးနဲ့ နောက်တစ်ကြိမ် ထပ်မံ မကြုံတွေ့ရပါစေနဲ့။

နာရီဝက်ခန့် ကြာပြီးနောက်...

သူတို့နှစ်ဦးသည် စီနီယာအစ်ကိုလဲ့ဖုန်း ၏ အုတ်ဂူဆီသို့ ရောက်ရှိလာခဲ့ကြသည်။ သူတို့အမြင်တွင်မူ လဲ့ဖုန်း သည်သာ စစ်မှန်သော 'အဆင့်မြင့် ပုဂ္ဂိုလ်' တစ်ဦး ဖြစ်လေသည်။

ထို့နောက် နောက်ဆုံး ရောက်ရှိသွားသော နေရာမှာ 'ချန်ရွှင်၏ အုတ်ဂူ' ပင် ဖြစ်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ နွားနက်ကြီးမှာ ကြက်သီးမွေးညင်းများပင် ထသွားသည်အထိ ကျောချမ်းသွားလေသည်။

သို့သော် ချန်ရွှင်ကမူ ရယ်မောနေရုံသာ ဖြစ်ပြီး မိမိ၏ အုတ်ဂူကို ခဏမျှ ကြည့်ရှုပြီးနောက် "မဆိုးပါဘူး" ဟု တစ်ခွန်းတည်း ရေရွတ်လိုက်ကာ အခြား ထူးထူးခြားခြား မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။

တောင်ပေါ်လေပြင်း တစ်ချက် တိုက်ခတ်သွားသည်။

လူရိပ်နှစ်ခုသည် ရှန်းယင်တောင်ပေါ်မှ ပျောက်ကွယ်သွားခဲ့လေပြီ။ မီးခိုးငွေ့များ လွင့်ပါးသွားသကဲ့သို့ မည်သည့် ခြေရာလက်ရာမျှ ချန်ရစ်ခဲ့ခြင်း မရှိချေ။

...

ဝူယွင်ဂိုဏ်း၊ ဘိုးဘွားစံကျောင်းဆောင် အတွင်း၌။

ယဇ်ပလ္လင်ပေါ်တွင် ခေတ်အဆက်ဆက်မှ အကြီးအကဲများ၏ နာမည်ကမ္ပည်းပြားများကို စီရီစွာ ကိုးကွယ်ထားလေသည်။

အပြင်ဘက်တွင် ကင်းစောင့်နေသော အကြီးအကဲမှာမူ ကြောက်လန့်တကြား တဆတ်ဆတ် တုန်ရီနေ၏။

အကြောင်းမှာ ယခုအချိန်၌ တောကြိုတောင်ကြားမှ ဓားပြများနှင့်တူသော စုတ်ပြတ်သတ်နေသည့် ဝတ်စားဆင်ယင်မှုဖြင့် အလွန်အမင်း အစွမ်းထက်သော ပုဂ္ဂိုလ်ကြီး နှစ်ဦးသည် အတွင်း၌ အမွှေးတိုင် ပူဇော်နေသောကြောင့်ပင်။

သူသည် ဂိုဏ်းချုပ်ထံမှ 'ဘာပဲဖြစ်ဖြစ် အဲဒီ စီနီယာနှစ်ယောက်ကို သွားမနှောင့်ယှက်စေနဲ့... သူတို့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူး... ငါတို့ ဂိုဏ်းရဲ့ ဘိုးဘေးနှစ်ပါး ပြန်လည် ရောက်ရှိလာတာလည်း ဖြစ်နိုင်တယ်' ဟု တင်းကျပ်စွာ အမိန့်ပေးခံထားရလေသည်။

(ငါ့မှာ အသည်းနှလုံး ဆယ်ခု ရှိနေရင်တောင် အဲဒီလို ဘီလူးသဘက်ကြီးတွေကို သွားပြီး စကားသွားပြောရဲပါ့မလား)

အကြီးအကဲဖြစ်သူသည် ရင်ထဲမှနေ၍ ကျိန်ဆဲနေမိသည်။

သူ၏ နတ်အသိမှာ ပိတ်ဆို့ခံထားရပြီး ခန္ဓာကိုယ်တွင်းရှိ မှော်စွမ်းအင်များပင် အကြောင်းပြချက် မရှိဘဲ ဖိနှိပ်ခံထားရလေသည်။

အတွင်းပိုင်း အခြေအနေကို စုံစမ်းရန် ဆိုသည်မှာ မဖြစ်နိုင်ပေ။ ပြင်ပလောကနှင့် ပြီးပြည့်စုံစွာ အဆက်အသွယ် ဖြတ်တောက်ခံထားရခြင်း ဖြစ်သည်။

ဇိုယီရင် ၏ နာမည်ကမ္ပည်းပြား ရှေ့တွင်။

ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် အဆုံးအစမရှိသော လွမ်းဆွတ်မှုများဖြင့် အမွှေးတိုင် ထွန်းညှိ ပူဇော်နေကြသည်။

သူတို့အမြင်တွင်မူ ထိုအမျိုးသမီးသည် စစ်မှန်သော 'သူဌေးမ အစ်မကြီး' တစ်ဦးပင် ဖြစ်သည်။ ထိုမျှ သဘောကောင်းစွာဖြင့် ကျင့်စဉ်များကို အလကား ပေးခဲ့သောသူဆို၍ သူမမှလွဲ၍ အခြား မည်သူမျှ မရှိပေ။

သို့သော် နောက်ဆုံးတွင် သူမလည်း ကွယ်လွန်သွားခဲ့လေပြီ။

"စီနီယာအစ်မ ဇို... ဓာတ်ငါးပါး ရောနှောနေတဲ့ ဝိညာဉ်အမြစ် နဲ့ ရွှေအမြူတေအဆင့်ကို တက်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး ဆိုပေမဲ့လည်းဗျာ..."

ချန်ရွှင်သည် အမွှေးတိုင်ကို ထိုးစိုက်လိုက်ပြီး ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် နာမည်ကမ္ပည်းပြားကို ကြည့်ရှုလိုက်သည်။

"ကောင်းကင်ဘုံ ဆိုတာ လူတွေ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာတတ်ဘူးလေ... နောက်ဆုံးတော့ ဆံပင်ဖြူနေတဲ့သူက ဆံပင်မည်းနေတဲ့သူကို လိုက်ပို့ရတဲ့ အဖြစ်မျိုး ရောက်သွားခဲ့ရပြီ... ကျွန်တော်တို့ထက် အရင် ထွက်သွားရတဲ့အတွက် တောင်းပန်ပါတယ်ဗျာ"

"မွန်း..."

နွားနက်ကြီးသည်လည်း ခေါင်းကို ရမ်းလိုက်ပြီး ဝမ်းနည်းဖွယ် နှာမှုတ်သံနှင့်အတူ အမွှေးတိုင် ပူဇော်လိုက်သည်။

"နွားကြီး... ပူဇော်ပစ္စည်းတွေပါ တစ်ခါတည်း တင်ဆက်ပေးလိုက်ကြရအောင်"

အမွှေးတိုင် ပူဇော်ပြီးနောက် ချန်ရွှင်သည် သက်ပြင်းတစ်ချက် ဖွဖွချလိုက်သည်။

"စီနီယာအစ်မ ဇို... အေးချမ်းစွာ အနားယူပါတော့... ဒါပေမဲ့လေ... ဟဲဟဲ... အဲဒီ ဆေးဥယျာဉ်လေးကတော့ တကယ့်ကို အမိုက်စားလေးပါပဲဗျာ"

"မွန်း..."

နွားနက်ကြီးသည် ပြုံးဖြီးဖြီးဖြင့် ခေါင်းညိတ်လိုက်ပြီး သိုလှောင်အိတ်ထဲမှ ကြိုးကြာဖြူပင်ဖြင့် ပြုလုပ်ထားသော သစ်သားရုပ်တု ပူဇော်ပစ္စည်း တစ်ခုကို ထုတ်ယူကာ ယဇ်ပလ္လင်ပေါ်တွင် တင်ထားလိုက်သည်။

ထို့နောက် သူတို့နှစ်ဦးသည် ဝူယွင်ဂိုဏ်း၏ ခေတ်အဆက်ဆက်မှ စီနီယာများကို ညင်သာစွာ ဂါရဝပြုလိုက်ကြပြီး ဘိုးဘွားစံကျောင်းဆောင်ထဲမှ တိတ်ဆိတ်စွာ ထွက်ခွာသွားကြလေသည်။

နောင်တစ်ချိန်တွင် ဇိုယီရင် ၏ နာမည်ကမ္ပည်းပြားရှေ့၌ ချန်ရစ်ခဲ့သော ထူးဆန်းသည့် သစ်သားရုပ်တု ပူဇော်ပစ္စည်းကို မြင်တွေ့လိုက်ရသော ကင်းစောင့်အကြီးအကဲမှာ 'ဒါများ... လျှို့ဝှက်ချက် တစ်ခုခု ပါဝင်တဲ့ အမွေအနှစ် ပစ္စည်းများလား...' ဟု တွေးတောကာ နက်ရှိုင်းသော စဉ်းစားခန်းသို့ ဝင်သွားတော့မည် ဖြစ်လေသည်။

...

ဂိုဏ်းချုပ် ခန်းမဆောင် အတွင်း၌။

တင်းချိုး သည် စိတ်နှလုံး ဂနာမငြိမ် ဖြစ်နေပြီး တင်ပျဉ်ခွေ ထိုင်နေသော်လည်း တရားထိုင်၍ မရနိုင်ဘဲ ဖြစ်နေသည်။

လျိုယွမ် တောင်ပိုင် ကွယ်လွန်သွားခြင်းသည် ဝူယွင်ဂိုဏ်းအတွက် အလွန်အမင်း ကြီးမားလွန်းသော ဆုံးရှုံးမှုကြီး တစ်ရပ် ဖြစ်ခဲ့လေသည်။

ထိုစဉ်။

ရုတ်တရက် ပတ်ဝန်းကျင်ရှိ ဖယောင်းတိုင်မီးများ ပြင်းထန်စွာ ယိမ်းခါသွားပြီး မျှော်လင့်ချက်မဲ့လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီး တစ်ခုသည် ခန်းမဆောင် အတွင်းသို့ လွှမ်းမိုးလာလေသည်။

တင်းချိုး လန့်ဖြပ်သွားပြီး အလျင်အမြန် ခုန်ထကာ လက်သီးဆုပ် အရိုအသေပေးလိုက်သည်။

"အို... စီနီယာ နှစ်ပါး ရောက်ရှိလာတာကို လာရောက် မကြိုဆိုနိုင်ခဲ့တဲ့အတွက် ခွင့်လွှတ်ပေးကြပါခင်ဗျာ..."

ယခင်က ဂျီဟောက်ရွှမ် ပြန်လည်ရောက်ရှိလာစဉ် အစီရင်ခံချက်ကို လက်ခံရရှိထားခဲ့သဖြင့် ဤပုဂ္ဂိုလ်နှစ်ဦးသည် ဝူယွင်ဂိုဏ်းနှင့် အတိုင်းအတာတစ်ခုအထိ ရေစက်ရှိနေသော သူများဖြစ်ကြောင်း သူ ခန့်မှန်းမိခဲ့ပြီး ဖြစ်သည်။

သို့သော် သူ့ကဲ့သို့ နှစ်ပေါင်း ရာချီ အသက်ရှင်လာခဲ့သော ကျင့်ကြံသူ တစ်ဦးအနေဖြင့် အတင်းအကျပ် ရေစက်ဆုံရန် ကြိုးပမ်းခြင်း၊ ကိုယ်ကျင့်တရားကို အသုံးချ၍ စီနီယာများအား ထိန်းချုပ်ခြင်းမျိုး ပြုလုပ်မည် မဟုတ်ပေ။

ရေစုန်ရေဆန် လိုက်လျောညီထွေ နေထိုင်ပြီး မလိုအပ်သော အပိုအလုပ်များ မလုပ်ဘဲ အထင်ကြီးလေးစားမှု ရရှိအောင် ကြိုးပမ်းခြင်းကသာ အကောင်းဆုံး နည်းလမ်း ဖြစ်ပေသည်။

"ဒီမှာ... အလယ်အလတ်အဆင့် ဓာတ်ငါးပါးပေါင်းစပ်ဆေး ပုလင်းငါးပုလင်း ရှိတယ်... ဂိုဏ်းချုပ်ကို အပ်နှံခဲ့မယ်"

ခန်းမဆောင်အတွင်း ပေါ်လာသော အရိပ်မည်းနှစ်ခုသည် ပတ်ဝန်းကျင်ကို ဟိုကြည့်ဒီကြည့်ဖြင့် အကဲခတ်နေကြသည်။ အတိတ်ကာလက ဤကဲ့သို့သော အချက်အချာကျသည့် နေရာမျိုးသို့ တစ်ခါမျှ မဝင်ရောက်ခဲ့ဖူးသောကြောင့် ဖြစ်သည်။

"ဂိုဏ်းချုပ်... ဒါတွေကို သင့်တော်သလို အသုံးချလိုက်ပါ"

တင်းချိုး၏ မျက်ဝန်းထဲတွင် အရူးအမူး ဝမ်းသာပျော်ရွှင်သွားသော အရိပ်အယောင်များ ဖြတ်သန်းသွားသော်လည်း ခေါင်းကိုသာ ဆက်လက် ငုံ့ထားပြီး နတ်အသိဖြင့် စူးစမ်းရှာဖွေခြင်းကဲ့သို့ ရိုင်းစိုင်းသော အပြုအမူမျိုးကို မလုပ်ဆောင်ပေ။

အကယ်၍ သူသာ ခေါင်းမော့ကြည့်လိုက်မည်ဆိုလျှင် ထိုပုဂ္ဂိုလ်နှစ်ဦး ဟိုဟိုဒီဒီ လမ်းလျှောက်ကာ နံရံများနှင့် တိုင်များကို လိုက်လံ စမ်းသပ်ပွတ်သပ်နေသည့် မြင်ကွင်းကို တွေ့မြင်လိုက်ရမည် ဖြစ်လေသည်။

"စီနီယာရဲ့ စကားတွေကို ကျွန်တော် တင်းချိုး သေချာပေါက် ရင်ထဲမှာ မှတ်သားထားပါ့မယ်"

"လျိုယွမ်ရဲ့ သွေးသားမျိုးဆက်တွေကို သေချာ ဂရုစိုက် ကာကွယ်ပေးလိုက်ပါဦး"

"စီနီယာ... ဒါကတော့ အားနာစရာ စကားတွေပါ... ကျွန်တော်တို့ လျိုယွမ် တောင်ပိုင် ကို လျစ်လျူရှုထားခဲ့တာမျိုး တစ်ကြိမ်လေးမှ မရှိခဲ့ပါဘူး"

တင်းချိုး၏ စကားများသည် ရင်ထဲမှ အမှန်တကယ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ တစ်ခါက ဂိုဏ်းလုံးကျွတ် စစ်အင်အား၏ ထက်ဝက်ကိုပင် ထုတ်လွှတ်၍ လျိုယွမ်အတွက် တရားမျှတမှု ရှာဖွေပေးခဲ့သည် မဟုတ်ပါလား။ ဤအချက်နှင့် ပတ်သက်၍ သူသည် ကောင်းကင်နှင့် မြေကြီးကို တိုင်တည်၍ ကျိန်ဆိုဝံ့ပြီး ရှက်ရွံ့စရာ မရှိပေ။

"အင်း... ကောင်းပြီ"

ချန်ရွှင်သည် လက်လှမ်းမီရာ နေရာရှိ ရုပ်တုတစ်ခုကို ပွတ်သပ်ရင်း ခေါင်းညိတ်လိုက်သည်။ တွေ့သမျှ အရာအားလုံးကို ထိတွေ့စမ်းသပ်ချင်စိတ်က အလိုအလျောက် ပေါ်ပေါက်နေခြင်း ဖြစ်သည်။

"ပြီးတော့... ဂျိခွန် နဲ့ ရှီကျင်း ရဲ့ သွေးသားမျိုးဆက်တွေကိုလည်း ကျေးဇူးဆပ်တဲ့အနေနဲ့ စောင့်ရှောက်ပေးလိုက်ပါ"

အမှန်တကယ်တော့ လဲ့ဖုန်း အကြောင်းကိုပါ ထည့်ပြောချင်ခဲ့သော်လည်း သူသည် မိဘမဲ့ တစ်ဦး ဖြစ်ပြီး ဆွေမျိုးသားချင်းလည်း မရှိသလို တပည့်လည်း မရှိခဲ့ကြောင်း သတိရသွားသောကြောင့် ဖြစ်သည်။

တင်းချိုး မျက်လုံးများ ပြူးကျယ်သွားသည်။ ခေါင်းထဲတွင် ဝူယွင်ဂိုဏ်း၏ ခေတ်အဆက်ဆက်မှ မှတ်တမ်းများကို မျိုးဆက် ဆယ့်ရှစ်ဆက်အထိ ပြန်လည် ရှာဖွေကြည့်လိုက်သော်လည်း 'ဂျိခွန်' ဟူသော နာမည်မျိုး မတွေ့ရှိရပေ။ ရှီကျင်း အကြောင်းကိုတော့ သူ သိရှိထားသည်။

"စီနီယာ... အားနာပေမဲ့... အဲဒီ 'ဂျိခွန်' ဆိုတဲ့ ပုဂ္ဂိုလ်က ဘယ်သူများပါလဲ ခင်ဗျာ..."

"...တကယ်တော့... အဲဒါက ကျုပ်ကို ပြောတာပဲ"

"ဗျာ..."

တင်းချိုးသည် မရည်ရွယ်ဘဲ အံ့သြတကြီး အော်ဟစ်မိသွားပြီး ခေါင်းမော့ကြည့်လိုက်မိသည်။ သူ၏ မျက်ဝန်းထဲတွင် နားမလည်နိုင်သော အရိပ်အယောင်များ ပေါ်လာ၏။

ဒီ စီနီယာ နှစ်ယောက်က ဘာတွေ လုပ်နေကြတာလဲ... ဘာ ပိုစ့်ကြီးလဲ အဲဒါ...

နွားနက်ကြီး ဆိုလျှင် ခန်းမဆောင်၏ ထောင့်စွန်းအထိ ပြေးသွားကာ အဆောက်အအုံ၏ ဖွဲ့စည်းပုံကို စူးစူးစိုက်စိုက် လေ့လာကြည့်ရှုနေလေသည်။ တင်းချိုးကိုပင် အရေးမလုပ်တော့ချေ။

တင်းချိုး မျက်လုံးအဟောင်းသား ဖြစ်သွားသည်။

(ဘယ်လိုကြည့်ကြည့် ခန့်ညားတဲ့ ပုဂ္ဂိုလ်တွေနဲ့ မတူပါလား... သာမန်လောကက လာတဲ့ ဓားပြတွေနဲ့ တူနေတယ်)

"ဂိုဏ်းချုပ်က နားလည်လွယ်တဲ့ ဉာဏ်ကောင်းတဲ့သူ တစ်ယောက်ပဲ... ဒီထက်ပိုပြီး ပြောမနေတော့ဘူး"

ချန်ရွှင် လက်စွပ်ကို ဝှေ့ယမ်းလိုက်ရာ ဆေးပုလင်း ငါးပုလင်းသည် လေထဲတွင် လွင့်မျောသွားလေသည်။

"အားတဲ့အခါ အခြေအနေ လာကြည့်ဦးမယ်"

နွားနက်ကြီးသည်လည်း မျက်စိတစ်မှိတ်အတွင်း ချန်ရွှင်၏ အနားသို့ ပြန်ရောက်လာပြီး ခေါင်းကို မော့ကာ 'ဘိုးဘေး' တစ်ပါး၏ အရှိန်အဝါကို ဟန်ဆောင် ပြသနေလေသည်။ အလိုအလျောက်ပင် ခြိမ်းခြောက်သည့် နှာမှုတ်သံများကိုလည်း ပြင်းထန်စွာ ထုတ်လွှတ်နေ၏။

တင်းချိုး၏ လက်ထဲသို့ ဆေးပုလင်း ငါးပုလင်း အတိအကျ ရောက်ရှိသွားလေသည်။ သူသည် လေးနက်စွာ လက်သီးဆုပ် အရိုအသေပေးလိုက်ပြီး စီနီယာ နှစ်ပါးအား ပင်လယ်ထက် နက်ရှိုင်းသော ကျေးဇူးတင်စကားကို ဆိုလိုက်သည်။

ဤ ဆေးပုလင်း ငါးပုလင်းသာ ရှိလျှင် ဝူယွင်ဂိုဏ်း၏ မျိုးဆက်တစ်ဆက်လုံးကို အပြည့်အဝ ဆွဲတင်ပေးနိုင်မည် ဖြစ်သည်။ တကယ့်ကို ကောင်းကင်ဘုံက ပေးသနားသော ဆုလာဘ်ကြီးပင်။

ချန်ရွှင်သည် လက်ကို နောက်ပစ်လျက် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

မျှော်လင့်ချက် ရှိသော လူတစ်ယောက်ပင်။ ဤ ဆေးပုလင်း ငါးပုလင်းဆိုလျှင် ဝူယွင်ဂိုဏ်းအတွက် ဘေးအန္တရာယ်လည်း ဖိတ်ခေါ်မည် မဟုတ်သလို အလွန်အမင်း မာနကြီးသွားစေမည်လည်း မဟုတ်ပေ။ ဤသည်မှာ အလွန် သင့်တော်သော မျှတမှုပင် ဖြစ်သည်။ မိမိ တတ်နိုင်သည့် အတိုင်းအတာအတွင်းမှ ဇာတိမြေမှ လူများကို ကူညီပေးခြင်းကလည်း မဆိုးလှပေ။

"ဂိုဏ်းချုပ်... ကျုပ်တို့ကတော့ အခုကစပြီး တိမ်တိုက်တွေလိုပဲ အရပ်လေးမျက်နှာကို လှည့်လည်သွားလာတော့မယ်... ဝူယွင်ဂိုဏ်းကို သေချာ ဂရုစိုက်ပေးပါဦး... ပြီးတော့ တစ်ကိုယ်တော် ကျင့်ကြံသူတွေရဲ့ ဘဝက ကြမ်းတမ်းတယ်... သူတို့ကိုလည်း နည်းနည်းလောက် စောင့်ရှောက်ပေးလိုက်ပါဦး"

ထိုစကား အဆုံးတွင် အရိပ်နှစ်ခုသည် လေပြင်းကဲ့သို့ ပျောက်ကွယ်သွားလေသည်။ နောက်ဆုံးတွင် ထိုသူများ၏ အစစ်အမှန် မျက်နှာသွင်ပြင် မည်သို့ ရှိသည်ကိုပင် မည်သူကမျှ မသိလိုက်ရချေ။

"ဘိုးဘေး နှစ်ပါးကို ရိုသေစွာ လိုက်ပါပို့ဆောင်ပါတယ် ခင်ဗျာ..."

တင်းချိုးသည် အလွန်အမင်း စိတ်လှုပ်ရှား ဝမ်းသာသွားပြီး လက်သီးဆုပ်လျက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"တပည့်ဖြစ်တဲ့ ကျွန်တော်မျိုး ဘိုးဘေး ရဲ့ သွန်သင်ဆုံးမမှုတွေကို သေချာပေါက် အကောင်အထည် ဖော်ပါ့မယ်..."

အလိုအလျောက်ပင် တင်းချိုး၏ စိတ်ထဲတွင် ထိုပုဂ္ဂိုလ်နှစ်ဦးအား 'စီနီယာ' ဟူသော အခေါ်အဝေါ်မှ 'ဘိုးဘေး' အဖြစ်သို့ အဆင့်မြှင့်တင်လိုက်ပြီး မိမိသဘောဖြင့် နက်ရှိုင်းသော ရေစက်ကို ဖန်တီးလိုက်လေတော့သည်။

ထို့နောက် အမွှေးတိုင် တစ်တိုင်စာ အချိန်ကုန်ဆုံးသွားသည်အထိ တင်းချိုးသည် တစ်ကြိမ်မျှပင် ခေါင်းမမော့တော့ဘဲ အဆုံးအစမရှိသော ကျေးဇူးတင်မှုများကိုသာ ဆက်လက် ပူဇော်နေခဲ့သည်။

(ဝေ့ရွှင် ပြန်လွတ်လာတာကလည်း သေချာပေါက် ခရမ်းရောင်တိမ်ဂိုဏ်း က ဒီ ဘိုးဘေး နှစ်ပါးရဲ့ မျက်နှာကို ထောက်ထားလိုက်လို့ပဲ ဖြစ်ရမယ်... အား... ကောင်းကင်ဘုံက ငါတို့ ဝူယွင်ဂိုဏ်းကို စွန့်ပစ်မထားခဲ့ဘူးပဲ...)

"အပြင်မှာ ဘယ်သူရှိလဲ... တောင်ပိုင် အသီးသီးဆီကို အမြန်ဆုံး အမိန့်ပေးလိုက်..."

တင်းချိုး၏ မျက်ဝန်းထဲတွင် စူးရှသော အလင်းရောင်များ တောက်ပလာပြီး ကြောက်မက်ဖွယ်ကောင်းသော မှော်စွမ်းအင်များသည် ခန်းမဆောင် အတွင်းမှ လျှံကျလာလေသည်။

"ဂိုဏ်းလုံးကျွတ် အစည်းအဝေး ခေါ်မယ်... လျိုယွမ် တောင်ပိုင် ရဲ့ ဈာပနကို ငါတို့ ဝူယွင်ဂိုဏ်းရဲ့ 'အမြင့်ဆုံး စံနှုန်း' နဲ့ ကျင်းပပြီး သူမရဲ့ နောက်ဆုံးခရီးကို ခမ်းခမ်းနားနား ပို့ဆောင်ပေးရမယ်..."

"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်..."

"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်..."

အပြင်ဘက်တွင် စောင့်ဆိုင်းနေသော အကြီးအကဲများသည် လက်သီးဆုပ်ကာ ပြန်လည် ဖြေကြားလိုက်ကြသည်။ အားလုံးက ထို 'ဘိုးဘေး' နှစ်ပါးသည် လျိုယွမ် တောင်ပိုင်နှင့် နက်ရှိုင်းသော ပတ်သက်မှု ရှိသည်ဟု ယုံကြည်နေကြလေသည်။

"ပြီးတော့... ဂိုဏ်းရဲ့ စာကြည့်တိုက်ကို ဖွင့်လိုက်... 'ဘိုးဘေး ဂျိခွန်' ရဲ့ မျိုးရိုးမှတ်တမ်းတွေကို အကုန်အစင် ရှာဖွေစမ်း..."

တင်းချိုးသည် ခန်းမဆောင် အတွင်းမှ ခုန်ထွက်လာပြီး လေဟာနယ်ကို နင်းလျက် ကောင်းကင်သို့ ပျံတက်သွားလေသည်။

"သာမန်လောကက မျိုးဆက်ဖြစ်ဖြစ်၊ ဂိုဏ်းတွင်းက မျိုးဆက်ဖြစ်ဖြစ် တွေ့တာနဲ့ ငါ ကိုယ်တိုင် သွန်သင်ပြသပေးမယ်..."

"အပြင်စည်း တာဝန်ခံ ခန်းမဆောင်ကိုလည်း အကြောင်းကြားလိုက်... တပည့်တွေကို စေလွှတ်ပြီး ဘိုးဘေး ဂျိခွန်ရဲ့ မျိုးဆက်တွေကို သွားရောက် ကြိုဆိုခိုင်းလိုက်... ဝိညာဉ်အမြစ် မပါတဲ့ သာမန်လူ ဖြစ်နေရင်တောင်မှ ဂိုဏ်းထဲကို ခေါ်လာပြီး အလေးအမြတ်ထား ကိုးကွယ်ရမယ်..."

"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်..."

"ဟုတ်ကဲ့ပါ..."

ဝူယွင်ဂိုဏ်း တစ်ခုလုံးသည် ချက်ချင်းပင် အလုပ်ရှုပ်သွားလေတော့သည်။

တောင်ထိပ် အသီးသီးမှ တပည့်များ၏ မျက်နှာများသည် စိတ်လှုပ်ရှားမှုကြောင့် နီရဲနေကြ၏။ ဝူယွင်ဂိုဏ်း၏ နောက်ကွယ်တွင် ဤမျှ အတိုင်းအတာမဲ့သော ဘိုးဘေး နှစ်ပါး ရှိနေခဲ့သည် မဟုတ်ပါလား...

နောက်တစ်နေ့တွင် တောင်ပိုင် အသီးသီးထံမှ ပြင်းထန်သော အမိန့်တစ်ရပ် ထွက်ပေါ်လာသည်။

'တပည့်အားလုံးကို အသိပေးအပ်သည်... အပြင်ဘက်တွင် အပြောအဆို အနေအထိုင် ဆင်ခြင်ကြရန်နှင့် [ဘိုးဘေး ဂျိခွန်] ၏ ဂုဏ်သိက္ခာအား အညစ်အကြေး မခံစေရန် အထူး သတိပြုကြလော့... မိမိ၏ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ပြီး ငါတို့ ဝူယွင်ဂိုဏ်းကို ပိုမို အင်အားကြီးမားလာအောင် ကြိုးပမ်းကြလော့...'

'ဝူယွင်ဂိုဏ်း၏ နာမည်ကို ဖျက်ဆီးသူသည် ဘိုးဘေး ဂျိခွန်၏ နာမည်ကို ဖျက်ဆီးခြင်းနှင့် အတူတူပင် ဖြစ်သည်။ ချက်ချင်း ကျင့်ကြံခြင်းကို ဖျက်ဆီးပြီး ဂိုဏ်းမှ နှင်ထုတ်မည်...'

ဤအမိန့် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဝူယွင်ဂိုဏ်းမှ တပည့်များသည် ကျောချမ်းသွားကြပြီး ကြီးထွားလာနေသော မာနတရားများကို အတင်းအကျပ် ဖိနှိပ်လိုက်ကြရသည်။ သို့သော် သူတို့၏ မျက်လုံးများထဲတွင်တော့ သေချာသော ဂုဏ်ယူဝင့်ကြွားမှုများ ကိန်းအောင်းနေ၏။

ဤသို့ဖြင့် ဝူယွင်ဂိုဏ်း တစ်ခုလုံးတွင် အထက်သို့ တက်လိုသော အပြုသဘောဆောင်သည့် ကျင့်ကြံခြင်း လေပြင်းများ တိုက်ခတ်လာပြီး နောက်ကွယ်မှ အာဏာလုပွဲများနှင့် အချင်းချင်း ခြေထိုးနှောင့်ယှက်မှုများလည်း သိသိသာသာ လျော့ကျသွားခဲ့လေသည်။

တစ်ဖက်တွင်မူ ပြင်ပလောကရှိ ဂိုဏ်းအသီးသီး၏ အထက်တန်း ခေါင်းဆောင်များသည် ဤသတင်းကို ကြားသောအခါ မျက်ခွံများပင် တဆတ်ဆတ် တုန်သွားကြသည်။

ထျန်းဝူဂိုဏ်းမှ ရွှေအမြူတေအဆင့် ကျင့်ကြံသူ သုံးဦး မျက်စိတစ်မှိတ်အတွင်း အသတ်ခံလိုက်ရသော ကိစ္စသည် သူတို့၏ နားထဲသို့ ရောက်ရှိနေခဲ့ပြီး သာမန် မတော်တဆမှု တစ်ခုဟုသာ ထင်မှတ်ထားခဲ့ကြသော်လည်း။

ထို ရှာယွမ်ချီ သည် နာမည်ကျော် ရွှေအမြူတေအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်ပြီး မကြာမီ နောက်ဆုံးအဆင့်သို့ တက်တော့မည်ဟုပင် ကောလာဟလ ထွက်နေသောသူ ဖြစ်သည်။

ထိုအဖြစ်အပျက်၏ နောက်ကွယ်မှ လက်သည်သည် ဝူယွင်ဂိုဏ်းနှင့် အမှန်တကယ် ပတ်သက်နေသော ပုဂ္ဂိုလ် ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။

ဝူယွင်ဂိုဏ်း၏ နယ်မြေများကို မျက်စိကျနေခဲ့သော အင်အားကြီး ဂိုဏ်းအချို့သည်လည်း တိတ်တဆိတ် လက်နက်ချလိုက်ကြသည်။

"ဟား... ဟား... ဟား... အားလုံးက တာအိုမိတ်ဆွေတွေချည်းပဲ မဟုတ်လား... တာအိုမိတ်ဆွေ အချင်းချင်း သင့်မြတ်တာက အကောင်းဆုံးပါပဲဗျာ..." ဟုဆိုကာ ပေါ်ပေါ်ထင်ထင်ပင် လေသံ ပြောင်းသွားကြလေသည်။

နယ်မြေများ ခွဲဝေပေးပြီး လျော်ကြေးပေးထားခဲ့ပြီးဖြစ်သော ထျန်းဝူဂိုဏ်း ဆိုလျှင် ဤသတင်းကို ကြားသည်နှင့် ကြောက်ရွံ့တုန်လှုပ်သွားပြီး ဂိုဏ်းချုပ် ကိုယ်တိုင် အခြွေအရံများကို ခေါ်ဆောင်ကာ လျိုယွမ်၏ ဈာပနသို့ လာရောက်ပြီး မိတ်ဆွေဖြစ်ကြောင်းကို အသည်းအသန် ပြသနေလေတော့သည်။

သို့သော် ထိုပုဂ္ဂိုလ်နှစ်ဦးသည် အမှန်တကယ် မည်သူမည်ဝါ ဖြစ်သည်နှင့် ပတ်သက်၍မူ ထင်မြင်ချက် အမျိုးမျိုး ကွဲလွဲနေကြပြီး ထိပ်သီးဂိုဏ်းကြီး ၁၀ ဂိုဏ်း၏ ထောက်လှမ်းရေး ကွန်ရက်ဖြင့်ပင် အသေးအဖွဲ သဲလွန်စလေးကိုမျှ ရှာဖွေနိုင်ခြင်း မရှိပေ။

ရလဒ်အနေဖြင့် ဂိုဏ်းအသီးသီးသည် ဝူယွင်ဂိုဏ်းအပေါ် ပိုမို၍ အောက်ကျို့သော အနေအထားမျိုး ဖြစ်လာကြလေသည်။

မည်သူမျှ သူတို့၏ အစစ်အမှန် မျက်နှာကို မမြင်ဖူးကြပေ။ ထို့ထက်ပို၍ နတ်အသိဖြင့် သူတို့၏ အရှိန်အဝါကို မှတ်သားထားနိုင်သူ ဆိုသည်မှာ ဤလောကတွင် တစ်ယောက်မျှ မရှိခဲ့သောကြောင့်ပင်။

All Chapters