အခန်း ၁၅၄
Vol. 8 Ch. 154
အခန်း (၁၅၄)
ဝူယွင်ဂိုဏ်း အပြင်ဘက်သို့ ရောက်ရှိသွားသော ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ကောင်းကင်တွင် ပျံသန်းခြင်းကဲ့သို့သော အပြုအမူမျိုးကို မလုပ်ဆောင်ခဲ့ကြပေ။
သူတို့သည် မူလ ဓားပြပုံစံသို့ ပြန်လည် ပြောင်းလဲသွားကြပြီး အနီးအနားရှိ မြို့ထဲတွင် လှည့်လည်သွားလာရင်း စားစရာများကို ဝယ်ယူနေကြသည်။ သာမန်လောက၏ ငွေကြေး (ငွေတုံး)များသည် တန်ဖိုးကျဆင်းမှုဒဏ်ကို ခံနိုင်ရည်ရှိသဖြင့် တော်သေးသည်ဟု ဆိုရမည်။
သို့သော် ချန်နိုင်ငံ၏ တော်ဝင်မိသားစုသည် မျိုးဆက်ပြောင်းသွားပြီ ဖြစ်ပြီး ရှီမိသားစု မဟုတ်တော့ကြောင်း သူတို့ ကြားသိခဲ့ရသည်။ သို့တိုင်အောင် ချန်နိုင်ငံ၏ နာမည်ကတော့ ပြောင်းလဲသွားခြင်း မရှိသေးကြောင်း သိရသည်။
ထိုအကြောင်းကို ကြားလိုက်ရသောအခါ ချန်ရွှင်သည် သက်ပြင်း ဖွဖွချလိုက်ပြီး အရာရာတိုင်းသည် ပြောင်းလဲတတ်သည်ဟူသော မမြဲခြင်းတရား၏ သံဝေဂထဲတွင် နစ်မြောသွားလေသည်။
မြို့အပြင်ဘက်။
လူတစ်ယောက်နှင့် နွားတစ်ကောင်သည် လမ်းမပေါ်တွင် အေးအေးဆေးဆေး လျှောက်လှမ်းနေကြသည်။
နွားနက်ကြီး၏ ဘေးတစ်ဖက်တစ်ချက်စီတွင် အသားမုန့်များနှင့် စားသောက်ဆိုင်မှ ပါဆယ်ဆွဲလာသော ဟင်းလျာများ အပါအဝင် အစားအသောက် အများအပြားကို ချိတ်ဆွဲထားလေသည်။
"နွားကြီး... နောက်ထပ် အစီအစဉ်ကတော့ ဘာပဲဖြစ်ဖြစ် စွမ်းအားကို မြှင့်တင်ဖို့ပဲ"
ချန်ရွှင်သည် သကြားလုံးချောင်းကို ကိုက်စားရင်း ဖြည်းညှင်းစွာ အရသာခံကာ ပြောလိုက်သည်။ ဖန်နင်းမြို့ က ပန်းသီးသကြားလုံးလောက်တော့ အရသာ မရှိပါလား ဟုလည်း စိတ်ထဲမှ တွေးနေမိသည်။
"အဲဒီလိုမှ မလုပ်ရင် ဒီလောကကြီးမှာ ဘာလုပ်လုပ် ကြောက်လန့်နေရမှာပဲ"
"မွန်း... မွန်း..."
နွားနက်ကြီးသည် ကြောင်တောင်တောင်ဖြင့် ခေါင်းညိတ်လိုက်ပြီး လျှာကို ဆန့်ထုတ်ကာ ချန်ရွှင်၏ ပန်းသီးသကြားလုံးကို လုစားလိုက်သည်။
ထို 'ဘိုးဘေး' အဖြစ် ကိုးကွယ်ခံရပြီး လူတိုင်း၏ လေးစားမှုကို ခံရသည့် သာယာမှုကို နွားနက်ကြီး ယခုထက်တိုင် မမေ့နိုင်သေးပေ။ စွမ်းအားသာ ရှိမည်ဆိုလျှင် လူတိုင်းက 'အကျိုးအကြောင်း' ကို နားလည်လာကြမည် ဖြစ်သည်။ မည်မျှ ငြိမ်းချမ်းပြီး သဟဇာတဖြစ်သော လောကကြီးပါနည်း။
"ငါတို့ရဲ့ မိတ်ဆွေဟောင်းတွေ အားလုံး ထွက်သွားကြပြီ ဆိုပေမဲ့ ငါတို့ကတော့ ဆက်ပြီး အသက်ရှင်နေရဦးမယ် မဟုတ်လား"
ယခုအခါ ချန်ရွှင်၏ မျက်ဝန်းထဲတွင် ယခင်ကကဲ့သို့ ဆုံးရှုံးရမည်ကို ကြောက်ရွံ့နေသော အရိပ်အယောင်များ မရှိတော့ဘဲ အရာရာကို သဘောပေါက် နားလည်သွားသော အလင်းရောင် တစ်ခု ကိန်းအောင်းနေ၏။
"နွားကြီး... ငါတို့ အားလုံးနဲ့ ကတိပေးထားခဲ့တယ်လေ... သူတို့ရဲ့ ဝိညာဉ်တွေကို ကျောပိုးပြီး အနာဂတ် ကမ္ဘာကြီးကို သွားကြည့်မယ်လို့လေ"
"မွန်း..."
နွားနက်ကြီးသည် စားနေသည်ကို ရပ်တန့်လိုက်ပြီး တစ်ခဏမျှ ကြောင်ငေးသွားသည်။ ထို့နောက် နောက်ခြေထောက်ကို နှစ်ချက်ခန့် မြှောက်ကန်လိုက်ရာ ရင်ဘတ်ထဲမှ ရုတ်တရက် ဝမ်းသာပျော်ရွှင်မှုများ လျှံတက်လာလေသည်။
နွားနက်ကြီးသည် ချန်ရွှင်လောက် ရှုပ်ထွေးစွာ မတွေးတောတတ်ပေ။ ကုသိုလ်များ စုဆောင်းပြီး သူတို့အတွက် အခမ်းအနား (ဈာပန) များ ပြုလုပ်ပေးလိုက်လျှင် နောင်ဘဝတွင် ပျော်ရွှင်စွာ နေထိုင်နိုင်မည်မှာ သေချာသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သူတို့နှင့် ပြန်လည် ဆုံတွေ့ခွင့် ရနိုင်ကောင်း ရနိုင်ပေမည်။
ချန်ရွှင်သည် နွားနက်ကြီးကို ကြည့်ပြီး ဟဲဟဲ ဟု ရယ်မောလိုက်သည်။
"အနာဂတ် ခရီးလမ်းက အရှည်ကြီး ကျန်သေးတယ်... ငါတို့မှာ ကောင်းကင်ဘုံနဲ့ ကုသိုလ်တရားတွေရဲ့ စောင့်ရှောက်မှု ရှိနေတာပဲ... မအောင်မြင်နိုင်တဲ့ အလုပ်ကြီး ဆိုတာ ရှိပါ့မလားကွ..."
"မွန်း..."
နွားနက်ကြီးသည်လည်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး စိတ်ထဲတွင် ကျန်ရစ်နေသော အနည်းငယ်သော ဝမ်းနည်းမှုများကိုပင် လွင့်စင်သွားစေလေသည်။
နွားနက်ကြီးသည် ချန်ရွှင်ကို အကြိမ်ကြိမ် ပွတ်သီးပွတ်သပ် လုပ်လိုက်ပြီး ရင်ထဲမှ ဝမ်းသာပျော်ရွှင်မှုကို ခန္ဓာကိုယ်တစ်ခုလုံးဖြင့် ဖော်ပြနေ၏။
ချန်ရွှင်သည်လည်း လက်တစ်ဖက်ဖြင့် နွားနက်ကြီးကို ဖက်ထားလိုက်ပြီး နက်နက်ရှိုင်းရှိုင်း ခံစားနေမိသည်။
'ဘိုးဘေး' အဖြစ် ဟန်ဆောင်ရသည့် ထိုခံစားချက်။ အဲဒါက စွဲလမ်းချင်စရာ ကောင်းလွန်းတယ်။ အကောင်းဆုံးပဲ။
ထိုအချိန်မှာပင် ရှေ့တည့်တည့်မှ ဖုန်လုံးကြီးများ ထွက်ပေါ်လာသည်။
သိုင်းလောက မှ သိုင်းသမား တစ်စုသည် မြင်းများကို ဒုန်းစိုင်းစီးကာ လမ်းမကြီးအတိုင်း ထွက်ပေါ်လာကြသည်။ သူတို့၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။
"ဖယ်စမ်း..."
ရှေ့ဆုံးမှ အမျိုးသားများသည် အရှေ့တွင် လမ်းလျှောက်နေသော 'နွားကျောင်းသား' ကို အော်ဟစ်ဆဲဆိုလိုက်သည်။
"မျက်လုံးမပါဘူးလား..."
"ဟင်... ဘာလဲ... ရန်စနေတာလား..."
ချန်ရွှင် မျက်လုံးပြူးသွားသည်။ ဤကဲ့သို့သော ခံစားချက်မျိုး မရခဲ့သည်မှာ အတော်လေး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ မိမိနှင့် နွားနက်ကြီးသည် လမ်းမကြီး၏ ဘေးဘက် အစွန်ဆုံးမှ လျှောက်နေပါလျက်နှင့် ဆဲဆိုခံနေရသေးသည်လား။
"မွန်း..."
နွားနက်ကြီးသည် မကျေမနပ်ဖြင့် နှာမှုတ်သံ ပြင်းပြင်း ထုတ်လိုက်ပြီး တံတွေးကို 'ထွီ' ခနဲ ထွေးချလိုက်သည်။ ဒီနေရာမှာ လာပြီး အစွမ်းပြနေလို့ ဘာအကျိုးထူးမှာ မို့လို့လဲ။
"ဟီ... ဟီ..."
သိုင်းသမား သုံးဦးသည် မြင်းများကို အလျင်အမြန် ရပ်တန့်လိုက်ရာ လွင့်စင်လာသော ဖုန်မှုန့်များသည် ချန်ရွှင်နှင့် နွားနက်ကြီး၏ မျက်နှာပေါ်သို့ တည့်မတ်စွာ ကျရောက်လာလေသည်။
လူကောင်ထွားထွား အမျိုးသားက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဖယ်လို့ ပြောနေတာ နားမလည်ဘူးလား..."
သူတို့၏ အနောက်ဘက်မှ အလွန် ခမ်းနားထည်ဝါစွာ အလှဆင်ထားသော မြင်းလှည်းတစ်စီး ရောက်ရှိလာသည်။
အတွင်းတွင် ဓားတစ်စင်းကဲ့သို့ ဖြောင့်စင်းသော မျက်ခုံးနှင့် ကြယ်ရောင်ကဲ့သို့ တောက်ပသော မျက်လုံးများကို ပိုင်ဆိုင်ထားသည့် အမျိုးသားတစ်ဦး ထိုင်နေပြီး လက်ထဲတွင် အဖြူရောင် ယပ်တောင် တစ်ချောင်းကို ကိုင်ဆောင်ထားကာ အလွန် မြင့်မြတ်ပြီး အစွမ်းထက်သော အရှိန်အဝါများကို ထုတ်လွှတ်နေ၏။
သူသည် လမ်းဘေးရှိ ချန်ရွှင်ကို ဖျတ်ခနဲ တစ်ချက်သာ ကြည့်လိုက်ပြီး သူ၏ မျက်ဝန်းထဲတွင်တော့ အေးစက်ပြီး ဂရုမစိုက်သော အရိပ်အယောင်များသာ ရှိနေလေသည်။
မိနစ်အနည်းငယ် ကြာပြီးနောက်။
ဝုန်း... ဟူသော ကြောက်မက်ဖွယ်ကောင်းသည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာလေသည်။
လမ်းမကြီးပေါ်တွင် ဖုန်လုံးကြီးများ အူထနေပြီး မြင်းများ လဲကျကာ လူများ လွင့်စင်ကုန်ပြီး အသက်ကို ချမ်းသာပေးရန် တောင်းပန်သံများ ပဲ့တင်ထပ်နေ၏။
မြင်းလှည်း၏ ခေါင်မိုးသည် ကောင်းကင်သို့ လွင့်ထွက်သွားပြီး ဘီးလေးဘီးစလုံးမှာလည်း အပိုင်းပိုင်းအစစ ကြေမွသွားလေပြီ။
အမျိုးသားသည် လှည်းခုံပေါ်တွင် ထိုင်လျက်သား ရှိနေဆဲ ဖြစ်သော်လည်း လက်ထဲတွင် ကိုင်ထားသော ယပ်တောင်မှာမူ ထက်ပိုင်း ကျိုးသွားခဲ့လေပြီ။ သူ၏ မျက်လုံးများသည် ပြူးကျယ်နေပြီး ကျောက်ရုပ်တစ်ရုပ်ပမာ တောင့်တင်းသွား၏။ ဖရိုဖရဲ ဖြစ်နေသော အနက်ရောင်ဆံပင်များသည် ဖုန်မှုန့်များကြားတွင် အဓိပ္ပာယ်မဲ့စွာ လွင့်ဝဲနေလေသည်။
"အင်မော်တယ် ဆရာသခင်... ကျေးဇူးပြုပြီး အသက်ကိုတော့ ချမ်းသာပေးပါဗျာ..."
"အင်မော်တယ် ဆရာသခင်... ခွင့်လွှတ်ပေးပါဗျာ..."
ပတ်ဝန်းကျင်ရှိ သက်တော်စောင့်များ အားလုံးသည် မြေကြီးပေါ်တွင် ဒူးထောက် ခေါင်းငုံ့ထားကြပြီး မျက်ရည်၊ နှပ်ချေးများ ယိုစီးကျလျက် ဝေးကွာသွားပြီ ဖြစ်သော ကျောပြင်နှစ်ခုကို ငေးကြည့်နေကြလေသည်။
"မင်းတို့ကောင်တွေ... ဘာသဘောနဲ့ လာပြီး အစွမ်းပြနေတာလဲ... ရိုးသားတဲ့ သာမန် ပြည်သူတွေကို အနိုင်ကျင့်ရတာ အကျင့် ပါနေပြီလား... ဟမ်..."
"မွန်း... မွန်း..."
အဝေးမှနေ၍ လူတစ်ယောက်နှင့် နွားတစ်ကောင်၏ ဆဲဆိုသံများကို ကြားနေရဆဲ ဖြစ်သည်။
ထိုအသံကို ကြားလိုက်ရသော သိုင်းလောကမှ ခြင်္သေ့မင်းများသည် တဆတ်ဆတ် တုန်ရီသွားကြပြီး မြေကြီးပေါ်တွင် ခေါင်းကို ပွတ်တိုက်နေကြလေသည်။
လမ်းဘေးမှာ လမ်းလျှောက်နေတဲ့ သာမန် စုတ်ပြတ်ပြတ် 'နွားကျောင်းသား' က တကယ့် အစစ်အမှန် 'ရှေးဟောင်း နတ်ဆိုး (ဘီလူးသဘက်ကြီး)' ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက စိတ်ကူးယဉ်နိုင်မှာလဲ...
သူတို့သည် မိမိတို့၏ သခင်ရှေ့တွင် ဟိတ်ဟန်ထုတ်ချင်ရုံ သက်သက်သာ ဖြစ်သော်လည်း ကံဆိုးစွာဖြင့် တကယ့် 'အင်မော်တယ်' ကို သွားရောက် စော်ကားမိခဲ့ခြင်း ဖြစ်လေသည်။
... လမ်းလျှောက်နေစဉ်။
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် နှာခေါင်းရှုံ့လိုက်ကြပြီး မိမိတို့၏ အိမ်ကို ပြန်သကဲ့သို့ မြေအောက်ဂူဆီသို့ ဦးတည် လျှောက်လှမ်းသွားကြသည်။
သို့သော် ဝင်ပေါက်သို့ မဝင်ရောက်မီ သူတို့သည် နတ်အသိကို သေချာစွာ ဖြန့်ကျက်လိုက်ပြီး တောင်တန်း၏ အတွင်းအပြင်ကို အကြိမ်ကြိမ် သေချာစွာ စစ်ဆေးလိုက်ကြသည်။
ထို့ပြင် အမြင့်ဆုံး တောင်ထိပ်သို့ တက်ကာ ပတ်ဝန်းကျင်ကို အသေးစိတ် စောင့်ကြည့်ပြီး ကောင်းကင်၏ လုံခြုံရေးကိုပါ မလွတ်တမ်း စစ်ဆေးခဲ့ကြသည်။
ထိုသို့ လုံခြုံရေး အားလုံးကို ပြီးပြည့်စုံစွာ အတည်ပြုပြီးနောက်မှသာ တောနက်ကြီးထဲသို့ ပြန်လည် ဝင်ရောက်သွားကြလေသည်။
"မွန်း... မွန်း..."
နွားနက်ကြီးသည် မြက်ခင်းပြင်ပေါ်တွင် ပြေးလွှားနေသည်။ အနံ့ကို မှတ်မိနေသည့်အပြင် မိမိ ခင်းကျင်းထားခဲ့သော အစီအရင်၏ အားနည်းသော လှိုင်းဂယက်များကိုပါ ခံစားသိရှိနိုင်လေသည်။ မြေပြင်အထက်ရှိ ရှုခင်းများ ပြောင်သလင်းခါသွားမည် ဆိုလျှင်တောင်မှ သူတို့၏ မြေအောက်ဂူကို ရှာမတွေ့နိုင်စရာ အကြောင်း မရှိပေ။
"မဆိုးပါဘူး နွားကြီး..."
ချန်ရွှင်သည် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်သည်။
"ကြည့်ရတာ... ငါ့ရဲ့ အဆင့်ကို နောက်တစ်လှမ်း နီးကပ်လာပြန်ပြီ ထင်တယ်"
"မွန်း..."
"တကယ်ပြောတာ... အစွမ်းကုန် ကြိုးစားစမ်းပါ နွားကြီး ရေ"
ချန်ရွှင်သည် လက်ကို နောက်ပစ်လိုက်ပြီး လောကမှာ ပြိုင်ဘက်ကင်း အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦး၏ အရှိန်အဝါမျိုးကို ဖန်တီးလိုက်သည်။
"အစ်ကိုကြီးရဲ့ စွမ်းအားက မှန်းဆလို့တောင် မရဘူး... ဘာဖြစ်လို့လဲဆိုတော့ မင်းရဲ့ မှန်းဆနိုင်စွမ်း အကန့်အသတ်ကိုတောင် ကျော်လွန်သွားပြီမို့လို့ပဲ"
"မွန်း..."
နွားနက်ကြီးသည် အံ့သြသွားကာ ယမ်းနေသော အမြီးသည် နှေးကွေးသွားသည်။
.. သူ တကယ် ယုံသွားပြန်ပြီ။
"ကဲ... သွားစို့"
ချန်ရွှင်သည် တဟားဟား ရယ်မောလိုက်ပြီး ပတ်ဝန်းကျင်တွင် အရောင်ငါးမျိုး ပါဝင်သော သက်တံ့ရောင် အလင်းတန်းများကို လွှမ်းခြုံလိုက်သည်။
"နွားကြီး... တူးဖော်ရေး စတင်ပြီဟေ့"
"မွန်း..."
နွားနက်ကြီးလည်း ပြန်ထူးလိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးမှ မှော်စွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။
မြေကြီးသည် ရွှံ့နွံကဲ့သို့ ပျော့အိသွားပြီး အရိပ်နှစ်ခုသည် အလွန်မြန်ဆန်သော အရှိန်ဖြင့် မြေအောက်သို့ ငုပ်လျှိုးသွားကာ မြေပြင်ပေါ်မှ ပျောက်ကွယ်သွားကြလေသည်။
မြေအောက်ဂူသည် လင်းထိန်သော အလင်းရောင်များဖြင့် ဖုံးလွှမ်းနေသည်။
ကြိုးကြာဖြူပင် ထင်းများသည် အလိုအလျောက် ဆက်တိုက် လောင်ကျွမ်းနေပြီး ချန်ရွှင်နှင့် နွားနက်ကြီးတို့ကို လင်းထိန်စေ၏။ ကြိုးကြာဖြူပင် သစ်သားဆိုသည်မှာ သာမန် ပစ္စည်းမျိုး မဟုတ်ပေ။
ချန်ရွှင်က သူ၏ ကိုယ်ပိုင် 'ဆေးမီးတောက်' ကို မီးစအဖြစ် အသုံးပြုပြီး ဒြပ်ငါးပါး၏ မီးဓာတ်ကို ထည့်သွင်းထားခြင်းဖြင့် ထာဝရ လောင်ကျွမ်းနေမည့် မီးတောက်ကို ဖန်တီးထားခြင်း ဖြစ်လေသည်။ တောက်လောင်လိုက်စမ်း ကြိုးကြာဖြူပင်ရေ...
ယွီယွမ်သီး အပင် အချို့သည်လည်း အသီးများ သီးနေပြီ ဖြစ်သည်။ သို့သော် ဤအသီးများတွင် သက်တမ်း အကန့်အသတ် ရှိလေသည်။
နှစ်ပေါင်း သုံးထောင်အထိ ကြီးထွားပြီးပါက အလိုအလျောက် ကြွေကျသွားမည် ဖြစ်ပြီး ထိုထက်ပို၍ သက်တမ်း တိုးမြင့်၍ မရနိုင်တော့ပေ။
ဂူတစ်ခုလုံးတွင် ယွီယွမ်သီး၏ ချိုမြိန်သော ရနံ့များ ပြည့်နှက်နေပြီး ရှူရှိုက်လိုက်ရုံဖြင့်ပင် စိတ်နှလုံး သန့်စင်သွားသကဲ့သို့ ခံစားရလေသည်။
"နွားကြီး... မူလစွမ်းအင်ဆေး ကို အခြေခံပြီး ယွီယွမ်သီးကို အထောက်အကူပြု ဆေးအဖြစ် အသုံးပြုမယ်"
ချန်ရွှင်သည် ဂူထဲကို တစ်ချက် လှည့်ပတ်ကြည့်ရှုလိုက်ပြီး သက်ပြင်း ဖွဖွချလိုက်သည်။
"ဝိညာဉ်ဆေးပင် စိုက်ပျိုးတာကို မင်းကို လွှဲပေးမယ်... ငါကတော့ ဆေးဖော်မယ်"
"မွန်း..."
နွားနက်ကြီးသည် သွားဖြီးကာ ရယ်မောလိုက်သည်။ ပြဿနာ မရှိပေ။
နွားနက်ကြီး၏ သိုလှောင်အိတ် တစ်လုံးထဲတွင် ရေများ အပြည့် ဖြည့်တင်းထားသည်။ ရေထဲတွင် စိုက်ပျိုးရန် လိုအပ်သော ဝိညာဉ်ဆေးပင် ဖြစ်နေလျှင်တောင်မှ မည်သည့် အမှားအယွင်းမျှ မရှိဘဲ ပျိုးထောင်ပေးနိုင်စွမ်း ရှိလေသည်။
"နွားကြီး... ရွှေအမြူတေအဆင့် ရဲ့ 'အထွတ်အထိပ်' ဆီကို ဦးတည်ပြီး ထိုးစစ်စတင်ပြီဟေ့..."
"မွန်း..."
သူတို့နှစ်ဦးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
ရင်ထဲရှိ သံယောဇဉ် အနှောင်အဖွဲ့ အားလုံးကို ဖြတ်တောက်လိုက်ကြပြီ ဖြစ်သည်။ ကွယ်လွန်သွားသော သူများ၏ ဝိညာဉ်များနှင့်အတူ ယခုမှစ၍ မိမိတို့ကိုယ်တိုင်အတွက်သာ အသက်ရှင် နေထိုင်ကြတော့မည် ဖြစ်သည်။
လူတစ်ယောက်နှင့် နွားတစ်ကောင်သည် အချင်းချင်း ခွန်အားပေးလိုက်ကြပြီး ချန်ရွှင်သည် ဆေးဖော်စပ်ရာ အခန်းသို့၊ နွားနက်ကြီးသည် ဝိညာဉ်သားရဲ အခန်းသို့ အသီးသီး ပြေးဝင်သွားကြသည်။
အခန်းနှစ်ခန်းလုံးမှ ကြောက်မက်ဖွယ်ကောင်းသော မှော်စွမ်းအင် အလင်းတန်းများ လျှံကျလာပြီး ယခင်က တစ်ခါမျှ မရှိခဲ့ဖူးသော အလုပ်ရှုပ်မှုများ စတင်လာလေတော့သည်။
ကျင့်ကြံခြင်း၏ အချိန်ကာလများသည် ဤ အလုပ်ရှုပ်သော်လည်း သက်သောင့်သက်သာရှိလှသော မြေအောက်ဂူလေးထဲတွင် ကုန်ဆုံးသွားလေသည်။
သူတို့၏ ကျင့်ကြံခြင်းသည် အပြင်မထွက်ဘဲ ကျင့်ကြံရသည့် 'တံခါးပိတ်ကျင့်ကြံခြင်း' မျိုး မဟုတ်ဘဲ အမြဲတမ်း ဆွေးနွေးတိုင်ပင်ပြီး စမ်းသပ် လေ့လာမှုများ ပြုလုပ်ရင်း တိုးတက်လာခဲ့ခြင်း ဖြစ်သည်။
ပြီးပြည့်စုံသော ခံစစ်အစီအရင်နှင့် 'မြောက်ပိုင်းရေခဲ မီးတောက်ဆေးမီးဖို' ရှိနေသောကြောင့် ချန်ရွှင်သည် အသက်ကို ပမာမထားဘဲ ဝိညာဉ်ဆေးပင်များ၏ အစွမ်းအာနိသင် အကန့်အသတ်ကို ဆွဲထုတ်နိုင်ရန် ရူးမိုက်သော စမ်းသပ်မှုများကို အကြိမ်ကြိမ် ပြုလုပ်နေခဲ့လေသည်။
ဆေးမီးတောက်ကို ထိန်းချုပ်နိုင်စွမ်းသည်လည်း အကန့်အသတ်သို့ ရောက်ရှိသွားပြီး နှစ်အနည်းငယ် အချိန်ယူပြီးနောက် နောက်ဆုံးတွင် 'စစ်မှန်သော မျိုးရိုးဗီဇပြောင်း မူလစွမ်းအင်ဆေး' ကို ဖန်တီး အောင်မြင်သွားခဲ့လေသည်။
ထူးဆန်းပြီး ဆန်းကြယ်လှသော ဆေးကြော များသည် ဆေး၏ မျက်နှာပြင်ပေါ်တွင် ပြည့်နှက်နေအောင် ထွက်ပေါ်နေ၏။
အလွန်အမင်း သိပ်သည်းလွန်းလှသော ဆေးစွမ်းအာနိသင်ကြောင့် ချန်ရွှင်နှင့် နွားနက်ကြီးတို့၏ မျက်ခွံများပင် တဆတ်ဆတ် တုန်သွားကြလေသည်။
ချန်ရွှင်၏ စိတ်ထဲတွင်လည်း စိုးရိမ်မှုများ ဖြတ်သန်းသွား၏။ ဆေးအာနိသင်က ပြင်းထန်လွန်းသဖြင့် ထာဝရအသက်ရှင်ရန် ရှာဖွေနေသော မိမိကိုယ်တိုင် အင်မော်တယ်ဘ၀ကိုတန်းရောက်သွား (ပေါက်ကွဲသေဆုံးသွား) မည်ဆိုလျှင် ကမ္ဘာတည်သရွေ့ လှောင်ပြောင်စရာကြီး ဖြစ်သွားပေလိမ့်မည်။
ဤသည်မှာ ဆေးဖော်စပ်ခြင်း၏ အကန့်အသတ် နည်းပညာကို စမ်းသပ်ကြည့်ရုံ သက်သက်သာ ဖြစ်ပြီး သူတို့တွင် ဆေးများရော ဝိညာဉ်ဆေးပင်များပါ ရောင်းစားလို့ရလောက်အောင် အများအပြား ရှိနေသည်။
နောက်ဆုံးတွင် ချန်ရွှင်သည် ထိုဆေးကို မိမိလက်ဖြင့်ပင် ချေမွဖျက်ဆီးလိုက်ပြီး လုံခြုံစိတ်ချရသော ဆေးဖော်စပ်ခြင်းဆီသို့ ပြန်လည် ရောက်ရှိသွားလေတော့သည်။
နွားနက်ကြီးသည်လည်း အစီအရင်များကို လေ့လာစူးစမ်းခြင်းဖြင့် အချိန်ကုန်ဆုံးနေပြီး ဝိညာဉ်သားရဲ အခန်းထဲမှ မှော်စွမ်းအင် အလင်းတိုင်များ မကြာခဏ ထွက်ပေါ်လာတတ်သည်။
ချန်ရွှင်သည် သူ၏ 'ဝင်ရိုးစွန်းငါးခု အစီအရင်' သည် ယခင်ကထက် ပိုမို ထူထဲလာပြီး ခိုင်ခံ့လာသည်ကို ခံစားလိုက်ရသဖြင့် အံ့သြမင်တက်သွားလေသည်။
နွားနက်ကြီးသည် ဝူယွင်ဂိုဏ်း၏ တောင်စောင့်မဟာအစီအရင် ကို ဖျက်ဆီးခဲ့စဉ်ကတည်းက အတော်လေး အတိုင်းအတာလွန်နေပြီဟု ထင်မှတ်ထားခဲ့သော်လည်း အစီအရင် အလံတိုင် နှစ်တိုင်ကို ထုတ်ယူကာ ဝှေ့ယမ်းလိုက်ရုံဖြင့် အတားအဆီးကို ထွင်းဖောက် နိုင်ခဲ့သည်ကို မြင်တွေ့လိုက်ရသောအခါ ချန်ရွှင်ပင် လန့်ဖျပ်သွားခဲ့ရလေသည်။ ထိုအချိန်က အလျင်လိုနေသဖြင့် အများကြီး တွေးတောမနေခဲ့ခြင်း ဖြစ်သည်။
ကျင့်ကြံခြင်းကို ပင်ပန်းလာသောအခါ သူတို့နှစ်ဦးသည် တစ်ခါတစ်ရံ အပြင်ထွက်၍ ဆော့ကစားကြသည်။ အမဲလိုက်ခြင်း၊ ရှုခင်းများကို ငေးကြည့်ခြင်း၊ မြို့ထဲသို့ သွားရောက်ကာ ပုံပြင်ပြောသည်ကို နားထောင်ခြင်း၊ အစားအသောက်များ ပါဆယ်ဆွဲလာခြင်း စသည်တို့ကို ပြုလုပ်ကြသည်။
ယခုအခါ သူတို့အတွက် အချိန်ဟူသော သဘောတရားသည် မည်သည့် အဓိပ္ပာယ်မျှ မရှိတော့ပေ။
စိတ်နှလုံးထဲတွင် 'ဦးတည်ရမည့် လမ်းကြောင်း' ရှိနေသရွေ့ အားလုံး ပြည့်စုံလုံလောက်နေပြီ ဖြစ်လေသည်။