အခန်း ၁၅၅
Vol. 8 Ch. 155
အခန်း (၁၅၅)
နေမင်းကြီး ထွက်ပေါ်လာပြီး လမင်းကြီး ဝင်ရောက်သွားသည်။ အချိန်ကာလများသည် ဒီရေလှိုင်းများကဲ့သို့ ရှေ့သို့ အဆက်မပြတ် ရိုက်ခတ်နေ၏။
ထို့နောက် နောက်ထပ် နှစ်ပေါင်း သုံးရာ အချိန်ကာလ ဖြတ်သန်းသွားခဲ့လေပြီ။
ထိပ်သီးဂိုဏ်းကြီး ၁၀ ဂိုဏ်းသည် နောက်ဆုံးတွင် ဂိုဏ်းအသီးသီးထံသို့ တရားဝင် အမိန့်စာ ထုတ်ပြန်လိုက်လေသည်။
'အနက်ရောင်တောင်ပံအဖွဲ့'၊ 'နတ်သားရဲလေးကောင် မဟာမိတ်အဖွဲ့'၊ 'စန္ဒာဂိုဏ်း' တို့နှင့် ပူးပေါင်းကာ မြောက်ဘက်ရှိ အမည်မသိ နယ်မြေကို စူးစမ်းလေ့လာကြရန်ပင် ဖြစ်သည်။
အင်အားကြီး အဖွဲ့အစည်းသုံးခု၏ နောက်ကွယ်တွင် ရှိနေသော ဘိုးဘေးများသည်လည်း နေရာအနှံ့မှ စုရုံးရောက်ရှိလာကြပြီး ချန်နိုင်ငံ၏ အရှေ့ဘက်တွင် တည်ရှိသော နိုင်ငံငယ်လေးများစွာထံမှလည်း ကျင့်ကြံသူ အမြောက်အမြားသည် အလျင်အမြန် လာရောက် ပူးပေါင်းကြလေသည်။
ဤ နိုင်ငံငယ်လေးများ၏ အစုအဖွဲ့သာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားမည်ဆိုလျှင် ချန်နိုင်ငံကိုပင် ကျော်လွန်သွားနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အင်အားစုကြီး တစ်ခု ဖြစ်လာပေလိမ့်မည်။ သို့သော် အတွင်းပိုင်း အခြေအနေမှာ အလွန်အမင်း ရှုပ်ထွေးပွေလီနေသဖြင့် အပြည့်အဝ ပေါင်းစည်းနိုင်ရန်အတွက် နှစ်ထောင်ချီကြာမြင့်သော အချိန်များ လိုအပ်ပေသည်။
ထိပ်သီးဂိုဏ်းကြီး ၁၀ ဂိုဏ်းသည်လည်း ဤမျှ များပြားလှသော သာမန်လူများ၏ နိုင်ငံအစုအဖွဲ့များကို စီမံအုပ်ချုပ်ရန် အင်အား မရှိသဖြင့် နောက်ဆုံးတွင် သူတို့ကို လျစ်လျူရှုထားခဲ့ရလေသည်။
ထို့ပြင် မြောက်ဘက်ပိုင်းရှိ ကျင့်ကြံခြင်း ရင်းမြစ်များကို အဖွဲ့အစည်း အသီးသီးက သိမ်းပိုက်ထားပြီး ဖြစ်ကာ ကျင့်ကြံခြင်း၏ အကန့်အသတ်မှာလည်း မူလဝိညာဉ်အဆင့် တွင်သာ ရပ်တန့်နေလေသည်။ ထိုကဲ့သို့ အကျိုးအမြတ် မရှိဘဲ ပင်ပန်းရုံသက်သက်သာ ဖြစ်မည့် အလုပ်မျိုးကို တက်တက်ကြွကြွ လုပ်ဆောင်မည့်သူ ဆိုသည်မှာ တစ်ယောက်မျှ မရှိခဲ့ချေ။
ချန်နိုင်ငံရှိ ဂိုဏ်းအသီးသီး၏ အဓိက တပ်ဖွဲ့များသည် ဝူနိုင်ငံဆီသို့ ဦးတည်၍ စတင် စုရုံးလာကြပြီး ချန်နိုင်ငံ၏ ကျင့်ကြံသူများသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ထက်ဝက်ကျော်ခန့် လျော့ကျသွားခဲ့လေသည်။
တစ်ကိုယ်တော် ကျင့်ကြံသူ အများစုသည်လည်း အခွင့်အရေးကို ရှာဖွေရန်အတွက် တပ်မ ကြီးထဲသို့ ဝင်ရောက်လာခဲ့ကြခြင်း ဖြစ်သည်။
ကိုးခရိုင် မှ ထိပ်သီးဂိုဏ်းကြီး ၁၀ ဂိုဏ်း၏ ဘိုးဘေးများသည်လည်း ကိုယ်တိုင်ကိုယ်ကျ တပ်ဖွဲ့များကို ဦးဆောင်ကာ စစ်ချီလာကြလေသည်။
လှေပျံကြီးများသည် ကောင်းကင်ကို ဖုံးလွှမ်းထားပြီး အလံများသည် လေထဲတွင် တလူလူ လွင့်ပျံနေသည့် မြင်ကွင်းမှာ တကယ့်ကို ကြီးကျယ်ခမ်းနားလှပေသည်။
အမြော်အမြင် ကြီးမားပြီး ရည်မှန်းချက် ကြီးမားသော အုပ်ချုပ်သူများ အားလုံးက နားလည်ထားကြသည်။
ယခုလက်ရှိ ကျင့်ကြံခြင်းလောကထဲတွင်သာ ပိတ်လှောင်နေမည်ဆိုလျှင် အနှေးနှင့် အမြန် ဖြည်းညှင်းစွာ သေဆုံးရမည့် အချိန်ကို စောင့်ဆိုင်းနေရုံသာ ရှိသည်။ နှစ်တစ်ထောင် ကျင့်ကြံအားထုတ်မှုများသည်လည်း ရေစုန်မျောသွားပေလိမ့်မည်။
ဂိုဏ်းအသီးသီး၏ ပဋိပက္ခများသည်လည်း လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း တစ်နေ့တခြား ပြင်းထန်လာခဲ့ပြီး ရလဒ်အနေဖြင့် နှစ်ဖက်စလုံး အကြီးအကျယ် ထိခိုက်နစ်နာခဲ့ကြရသည်။
ယခုအခါ ထိပ်သီးဂိုဏ်းကြီး ၁၀ ဂိုဏ်း၏ အမိန့်ကို ဆန့်ကျင်ရန် အင်အားဆိုသည်မှာ မည်သည့်နေရာတွင်မျှ မကျန်ရှိတော့ချေ။
အချို့သော ဉာဏ်ပညာရှိသည့် ကျင့်ကြံသူများသည် ဤအခြေအနေသို့ ရောက်ရှိလာမှသာ နောက်ဆုံးတွင် သဘောပေါက် နားလည်သွားကြလေသည်။ ကောင်းကင်ဘုံကဲ့သို့သော ထိပ်သီးဂိုဏ်းကြီး ၁၀ ဂိုဏ်းသည် ဂိုဏ်းအချင်းချင်း တိုက်ခိုက်မှုများကို 'လျစ်လျူရှု' ထားခဲ့ခြင်းမှာ သာမန် ပေါ့ဆမှုသက်သက် မဟုတ်ခဲ့ကြောင်းကိုပင်။
ထို့နောက် အင်အားကြီး ဂိုဏ်းများထဲတွင် နောက်ဆုံး အနိုင်ရရှိသွားသူမှာ အံ့သြဖွယ်ကောင်းလောက်အောင်ပင် ဝူယွင်ဂိုဏ်း ဖြစ်နေခဲ့သည်။
သူတို့သည် လူအင်အား အနည်းငယ်မျှသာ ဆုံးရှုံးခဲ့ရရုံသာမက ဩဇာအာဏာမှာလည်း သိသိသာသာ ကြီးမားလာခဲ့ပြီး နေရာအနှံ့တွင် လိမ္မာပါးနပ်စွာ ချဉ်းကပ်၍ အကျိုးအမြတ်များကို ရယူနိုင်ခဲ့ကြသည်။
ယခုအခါ ဩဇာအကြီးမားဆုံး အဖွဲ့အစည်း (၁၃)ခု၏ နေရာများတွင်ပင် ဝူယွင်ဂိုဏ်းသည် အတော်လေး အထက်ပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
ဝူနိုင်ငံ မြောက်ဘက်နယ်စပ်တွင် အဖွဲ့အစည်း အသီးသီးမှ ပါရမီရှင်များ စုဝေးရောက်ရှိနေကြပြီး ဩဇာအကြီးမားဆုံး အဖွဲ့အစည်း (၁၃) ခုသည် 'အကျိုးပြုအမှတ်' ဟူသော စနစ်သစ်တစ်ခုကိုပင် ဖန်တီးလိုက်ကြလေသည်။
စူးစမ်းရှာဖွေရေးတွင် အောင်မြင်မှုများ ရရှိမည်ဆိုလျှင် ဂိုဏ်းမှ တပည့်ဖြစ်စေ၊ မိစ္ဆာကျင့်ကြံသူ ဖြစ်စေ၊ တစ်ကိုယ်တော် ကျင့်ကြံသူ ဖြစ်စေ၊ မည်သည့် အဆင့်အတန်း ဖြစ်ပါစေ ထိုအောင်မြင်မှုအပေါ် မူတည်၍ အကျိုးပြုအမှတ်များ ပေးအပ်မည်ဖြစ်ပြီး မည်သည့် ကျင့်ကြံခြင်း ပစ္စည်းများနှင့်မဆို လဲလှယ်နိုင်မည်ဖြစ်သည်။
ဤအမိန့် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် နိုင်ငံအသီးသီးမှ ကျင့်ကြံသူများ၏ သွေးများသည် ဆူပွက်လာကြလေသည်။
လမ်းစဉ် (အမြင့်ဆုံးသို့ သွားရာလမ်း) သည် အရှေ့တွင် ရှိနေသည်။ အသက်ကို ပဓာနမထားဘဲ မျှော်လင့်ချက် လမ်းစလေးတစ်ခုကို ဖောက်ထွက်ကြရမည် ဖြစ်သည်။
သူတို့သည် ခမ်းနားကြီးကျယ်စွာဖြင့် စစ်ချီထွက်လာကြပြီး နိုင်ငံအချင်းချင်းကြားတွင် ယခင်က တစ်ခါမျှ မရှိခဲ့ဖူးသော ငြိမ်းချမ်းရေးတစ်ခု ရောက်ရှိလာခဲ့လေသည်။ အောက်ခြေရှိ သာမန်လူများ မည်မျှပင် တိုက်ခိုက်နေကြပါစေ၊ ကျင့်ကြံသူများ၏ စစ်ပွဲများနှင့် နှိုင်းယှဉ်လျှင် အသေးအဖွဲလေးသာ ဖြစ်သောကြောင့်ဖြစ်သည်။။
ထိုအချိန်တွင်။
ချန်နိုင်ငံရှိ နာမည်မသိ တောင်တန်းတစ်ခု၏ အတွင်းပိုင်း အလွန်နက်ရှိုင်းသော နေရာ၊ နာမည်မသိ တောနက်ကြီး တစ်ခု၏... ထိုအောက်ရှိ မြေအောက် အလွန်နက်ရှိုင်းသော နေရာတစ်ခုတွင်။
"လာစမ်း..."
"မွန်း..."
နားစည်များ ပေါက်ကွဲမတတ် ဟိန်းဟောက်သံကြီး နှစ်ခုသည် မြေအောက်ကမ္ဘာကို တုန်လှုပ်သွားစေပြီး ရူးသွပ်နေသော မှော်စွမ်းအင်များသည် လေမုန်တိုင်းများကဲ့သို့ ပြင်းထန်စွာ တိုက်ခတ်လာလေသည်။
ရှေးဟောင်း နတ်ဆိုးကြီး တစ်ပါး နိုးထလာပြီး ကျင့်ကြံခြင်းလောကကြီးသို့ ကပ်ဘေးကြီး (လောကပျက်စီးခြင်း) တစ်ခု ယူဆောင်လာတော့မည့်အလား ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးပင် ဖြစ်သည်။
အလွန်အစွမ်းထက်သော အရှိန်အဝါ နှစ်ခုသည် မြေအောက်ကို အဆက်မပြတ် တုန်ခါနေစေသည်။ အကယ်၍ အစီအရင်ဖြင့် အားဖြည့်ထားခြင်းသာ မရှိခဲ့လျှင် မြေကြီးများမှာ အစောကြီးကတည်းက ပြိုကျသွားခဲ့မည်မှာ သေချာလှသည်။
သို့သော် လက်တွေ့တွင်မူ ဤသည်မှာ လူတစ်ယောက်နှင့် နွားတစ်ကောင်သည် နောက်ဆုံးတွင် 'ရွှေအမြူတေအဆင့်၊ အထွတ်အထိပ်' သို့ ရောက်ရှိသွားပြီး အကန့်အသတ်ကို ကျော်လွန်သွားသည့် ဝမ်းသာပျော်ရွှင်သော အော်ဟစ်သံများ ပြုလုပ်နေခြင်းသက်သက်သာ ဖြစ်လေသည်။
သူတို့၏ မှော်စွမ်းအင်၊ ရုပ်ခန္ဓာ နှင့် နတ်အသိတို့သည် ရွှေအမြူတေအဆင့်၏ အဆုံးစွန်သော အကန့်အသတ်အထိ မြင့်တက်သွားခဲ့ပြီ ဖြစ်ကာ ဤထက်ပို၍ တစ်မီလီမီတာမျှပင် မြင့်တက်၍ မရနိုင်တော့သော အနေအထားသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ခန္ဓာကိုယ်ထဲတွင် ကိန်းအောင်းနေသော ရွှေအမြူတေ ငါးခုသည် အနည်းငယ်မျှပင် မတုန်မလှုပ်ဘဲ ဖျော့တော့သော အလင်းရောင်များကို ထုတ်လွှတ်နေ၏။
"နွားကြီး..."
ချန်ရွှင်သည် အနက်ရောင် ဆံပင်များကို ရိုင်းစိုင်းစွာ ခါယမ်းလိုက်ပြီး မျက်လုံးထဲတွင် အလွန်အမင်း မာနကြီးသော အလင်းရောင်များ ကိန်းအောင်းလျက် အော်ဟစ်လိုက်သည်။
"မူလဝိညာဉ်အဆင့် အောက်က ပြိုင်ဘက်တွေ ဆိုရင်တော့ ငါက ဒီလောကမှာ အစွမ်းအထက်ဆုံးပဲ... တကယ်လို့ မူလဝိညာဉ်အဆင့် အထက်က လူတွေ ထွက်လာရင်တော့... အရင်ဆုံး ငါတို့ လစ်ပြေးမယ်ဟေ့..."
"မွန်း... မွန်း..."
နွားနက်ကြီးသည် ခန္ဓာကိုယ်တစ်ခုလုံးရှိ ထူထဲသော အမွှေးများကို ထောင်မတ်လိုက်ပြီး နက်နက်ရှိုင်းရှိုင်း ခေါင်းညိတ်လိုက်လေသည်။ အစ်ကိုကြီး၏ အတွေးအခေါ်ကို သဘောတူပေသည်။
"ဝါး... ဟားဟားဟား..."
ချန်ရွှင်သည် ရူးသွပ်နေသည့်အလား ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ခန္ဓာကိုယ်တစ်ခုလုံးမှ အရောင်ငါးမျိုး ပါဝင်သော သက်တံ့ရောင် အလင်းတန်းများသည် ပေါက်ကွဲထွက်လာပြီး သူ၏ ရုပ်ခန္ဓာသည် ငွေဖြင့် သွန်းလောင်းထားသကဲ့သို့ တောက်ပနေ၏။ သူ၏ ရယ်မောသံ တစ်ခုတည်းဖြင့်ပင် မြေကြီးများ တုန်ခါနေလေသည်။
"တဆတ်ဆတ် တုန်နေလိုက်ကြစမ်း... ကလေးပေါက်စတွေရဲ့..."
"မွန်း..."
နွားနက်ကြီးသည်လည်း ချန်ရွှင်၏ ဘေးနားတွင် အသံရှည်ကြီးဖြင့် အော်မြည်လိုက်သည်။
ခေါင်းကို မြင့်မြင့်မော့ထားပြီး အမွှေးများကို လေထဲတွင် လွင့်ဝဲနေစေကာ သူ၏ မျက်လုံးထဲတွင်လည်း ချန်ရွှင်ကဲ့သို့ပင် မာနကြီးပြီး အောက်ကျို့ခြင်း မရှိသော အလင်းရောင်များ ကိန်းအောင်းနေလေသည်။
"ကဲ... နွားကြီး... ပြန်သိမ်းမယ်"
"မွန်း..."
သူတို့ ထုတ်လွှတ်နေခဲ့သော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါကြီးသည် တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး နောက်တစ်ကြိမ် မည်သည့်နေရာတွင်မဆို တွေ့နိုင်သော သာမန် လူတစ်ယောက်နှင့် နွားတစ်ကောင် အဖြစ်သို့ ပြန်လည် ရောက်ရှိသွားကြသည်။
တစ်ခါလောက် အကြီးအကျယ် ဟိတ်ဟန်ထုတ်ပြီး ကျေနပ်သွားပြီဆိုလျှင် အားလုံး လုံလောက်သွားပြီ ဖြစ်သည်။
ချန်ရွှင်သည် သွားဖြီးကာ ရယ်မောလိုက်ပြီး မြေကြီးပေါ်တွင် ထိုင်ချကာ နွားနက်ကြီးကို ကြည့်လိုက်သည်။
"လာ... နွားကြီး... ထိုင်"
"မွန်း..."
နွားနက်ကြီးသည် ပျော်ရွှင်စွာ မျက်လုံးများကို မှေးစင်းကာ အမြီးကို ယမ်းလိုက်ပြီး ချန်ရွှင်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
"အင်း... တော်တော်လေး ပင်ပန်းခဲ့တာပဲ... ရွှေအမြူတေ အလယ်အလတ်အဆင့်ကနေ အထွတ်အထိပ် အထိ ရောက်ဖို့ကို နှစ်ရာချီတောင် အချိန်ယူလိုက်ရတယ်"
ချန်ရွှင်သည် နက်နက်ရှိုင်းရှိုင်း တွေးတောမိကာ သက်ပြင်းချလိုက်သည်။
သို့သော် ရရှိလိုက်သော အကျိုးအမြတ်မှာလည်း ခန့်မှန်း၍မရနိုင်လောက်အောင် ကြီးမားလှသည်။ မှော်စွမ်းအင် စုစုပေါင်း ပမာဏသည် အလယ်အလတ်အဆင့် တုန်းကနှင့် နှိုင်းယှဉ်၍ မရနိုင်တော့ပေ။
"အခု ငါ ဆိုရင် မှော်ပညာ တစ်ကွက်လောက် ထုတ်သုံးလိုက်ရုံနဲ့တင် အလယ်အလတ်အဆင့် တုန်းက ငါ့ကို မျက်စိတစ်မှိတ်အတွင်း သတ်ပစ်နိုင်လောက်တယ်လို့ ခံစားရတယ်"
"မွန်း..."
နွားနက်ကြီးသည် စဉ်းစားနေသည့်အလား ခေါင်းညိတ်လိုက်သော်လည်း ချက်ချင်းပင် ခေါင်းပြန်ရမ်းလိုက်သည်။
"မွန်း... မွန်း..."
ဤနှစ်ရာချီသော အချိန်ကာလအတွင်း သူတို့သည် ကျင့်ကြံခြင်း တစ်ခုတည်းကိုသာ လုပ်နေခဲ့ကြခြင်း မဟုတ်ပေ။
ဆေးဖော်စပ်ခြင်း၊ ဝိညာဉ်ဆေးပင်များကို ပြုစုပျိုးထောင်ခြင်း၊ အပြင်သို့ ထွက်ဆော့ခြင်း၊ နွားနက်ကြီးဆိုလျှင် အစီအရင် ပညာရပ်များကိုပါ လေ့လာခဲ့သည် မဟုတ်ပါလား။
"နှစ်တစ်ထောင်လောက် အချိန်ယူပြီးမှ နောက်ဆုံးမှာ ရွှေအမြူတေအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်တယ်... ဒီလို အရူးကျနေတဲ့ ကျင့်ကြံသူမျိုး ကျင့်ကြံခြင်းလောက တစ်ခုလုံးမှာ လိုက်ရှာကြည့်ရင်တောင် ရှိမှာ မဟုတ်ဘူး"
ချန်ရွှင်သည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။
"နွားကြီး... ငါတို့ရဲ့ အခြေခံအုတ်မြစ် ခိုင်မာမှုက ဘယ်သူမှ ယိမ်းယိုင်သွားအောင် လုပ်လို့ မရဘူး... ကောင်းကင်ဘေးဒဏ်က ငါတို့ကို လာပြီး သတ်ရင်တောင်မှ ပြန်ပြီး ဒူးထောက်သွားခိုင်းနိုင်တဲ့ အဆင့်ပဲကွ..."
(အို... ကောင်းကင်ဘုံရှင်... အခု ပြောတဲ့ ကောင်းကင်ဘေးဒဏ် ဆိုတာက ရုပ်ပိုင်းဆိုင်ရာ မိုးကြိုးကို ပြောတာပါ... အရှင်မြတ်ကို စော်ကားလိုက်တာ မဟုတ်ပါဘူး... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ)
ချန်ရွှင်သည် မျက်နှာ အမူအရာ အနည်းငယ်မျှ မပြောင်းလဲဘဲ ရင်ထဲမှနေ၍ တိတ်တဆိတ် ဆင်ခြေပေးလိုက်လေသည်။
"မွန်း..."
နွားနက်ကြီးသည် အလွန်မိုက်လှသော အစ်ကိုကြီးကို ကြည့်ပြီး ကိုးကွယ်လေးစားသည့် အကြည့်များဖြင့်သာ ကြည့်ရှုနေလေသည်။ အစ်ကိုကြီးကတော့ လန်းလွန်းလှသည်။
သို့သော် ထိုအချိန်မှာပင် ချန်ရွှင်၏ မျက်နှာ ရှုံ့မဲ့သွားလေသည်။
ယင်းက သူသည် အခြေခံအုတ်မြစ် ခိုင်မာမှု ဟူသော စကားလုံးကြောင့် ခန္ဓာကိုယ်ထဲတွင် ကိန်းအောင်းနေသော ရွှေအမြူတေ ငါးခု' ကို သတိရသွားသောကြောင့်ပင်ဖြစ်သည်။
"နွားကြီး... ကျင့်ကြံခြင်းလောက ရဲ့ သာမန် စည်းမျဉ်းအရဆိုရင် မူလဝိညာဉ်အဆင့် ကို မွေးဖွားဖို့အတွက် 'ရွှေအမြူတေကို ခွဲထုတ်ရ (အမြူတေကို ဖြိုခွဲရ)' တယ် မဟုတ်လား..."
"မွန်း..."
နွားနက်ကြီး၏ မျက်ဝန်းထဲတွင်လည်း ချက်ချင်းပင် မျှော်လင့်ချက်မဲ့လောက်အောင် ကြောက်ရွံ့မှုများ ပေါ်လာလေသည်။
ငါတို့ရဲ့ ဒီ တင်းမာခိုင်မာနေတဲ့ ရွှေအမြူတေ ငါးခုကို ဘယ်လိုလုပ်ပြီး ခွဲထုတ်ရမှာလဲ။
ချန်ရွှင်သည် လည်ချောင်းတွင် တစ်စုံတစ်ခု တစ်ဆို့နေသကဲ့သို့ ခဏမျှ စကားတစ်ခွန်းမျှ မဟနိုင်ဘဲ ဖြစ်သွားသည်။
သူ အမြဲတမ်း အံ့သြနေခဲ့မိသည်။ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ခန္ဓာကိုယ်အတွင်း 'အဆင့်တက်မည့် လက္ခဏာ' မခံစားရခြင်းကိုပင်။
ယခင်က ချီသန့်စင်ခြင်းအဆင့် နှင့် အခြေခံတည်ဆောက်ခြင်းအဆင့် တို့၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့စဉ်က အနည်းငယ်သော ပိတ်ဆို့မှု ကို ခံစားခဲ့ရသည်။
အချိန်ယူပြီး ဖြည်းဖြည်းချင်း ထွင်းဖောက်သွားမည်ဆိုလျှင် တစ်နေ့နေ့တွင် သေချာပေါက် ကျော်ဖြတ်နိုင်မည်ဆိုသည့် ယုံကြည်မှု ရှိခဲ့သည်။
သို့သော် ယခုအခါတွင်တော့။
အား... မည်မျှ တည်ငြိမ်မှုမျိုးနည်း။ အနည်းငယ်မျှပင် ယိမ်းယိုင်လှုပ်ရှားမှု မရှိပေ။
"...မဖြစ်နိုင်တာ"
ချန်ရွှင်သည် လည်ပင်းကို ကျုံ့လိုက်ပြီး နွားနက်ကြီးကို ကြည့်လိုက်သည်။
"နွားကြီး... ဒါ ပြဿနာ အကြီးကြီး တက်နေပြီဟ"
"မွန်း..."
နွားနက်ကြီးလည်း မျက်လုံးအဟောင်းသားဖြင့် အော်ဟစ်လိုက်သည်။
ပြီးပြီ။
အခြေခံအုတ်မြစ် ခိုင်မာခြင်းသည် အမှန်တကယ် ကောင်းမွန်သော အရာတစ်ခု ဖြစ်သည်။ သို့သော် နောက်ထပ် ကြီးမားသော တံတိုင်းကြီးကို ကျော်ဖြတ်ရမည့် အချိန်တွင် ၎င်းသည် အဆိုးရွားဆုံး အတားအဆီးကြီး တစ်ခု ဖြစ်လာလေသည်။
အကယ်၍ သူတို့သာ သာမန် သက်တမ်းတစ်ခုကိုသာ ပိုင်ဆိုင်ထားသော ကျင့်ကြံသူများ ဖြစ်ခဲ့မည်ဆိုလျှင် ဤသည်မှာ စာအဓိပ္ပာယ်အတိုင်း 'မိမိ၏ အနာဂတ်လမ်းကို ဖြတ်တောက်လိုက်ခြင်း' ဟူသော ကိုယ့်ကိုယ်ကိုယ် သတ်သေသည့် လုပ်ရပ်နှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။
'အဆင့်တူမှာ ပြိုင်ဘက်ကင်း' ဆိုသည်မှာလည်း အလကား သက်သက်ဖြစ်သော ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှုတစ်ခုသာ ဖြစ်သည်။
အခြားသူများက အထက်အဆင့်သို့ တက်သွားမည်ဆိုလျှင် အရာရာတိုင်းတွင် အပြည့်အဝ ဖိနှိပ်ခြေမွခံရမည် ဖြစ်သည်။
သက်တမ်းက တစ်ဖက်လူက ပိုရှည်မည်၊ လူမှုဆက်ဆံရေး ပိုကျယ်ပြန့်မည်၊ အဆင့်အတန်းလည်း ပိုမြင့်မားမည် ဖြစ်ပြီး အမြင်ကျယ်မှု ဆိုလျှင် နှိုင်းယှဉ်၍ပင် မရနိုင်တော့ပေ။
ချန်ရွှင်သည် ရုတ်တရက် တခစ်ခစ်ဖြင့် တိုးညှင်းစွာ ရယ်မောလာလေသည်။
"မွန်း..."
နွားနက်ကြီးသည် နားမလည်နိုင်စွာဖြင့် မိမိကိုယ်မိမိ လှောင်ပြောင်နေသကဲ့သို့ ပြုံးနေသော ချန်ရွှင်ကို စိုက်ကြည့်လိုက်သည်။
"ဟဲဟဲ... စိတ်ထဲ မထားပါနဲ့ နွားကြီးရယ်... အရင်တုန်းက ဖတ်ခဲ့ဖူးတဲ့ စာအုပ်ကို သတိရသွားလို့ပါ"
ချန်ရွှင်သည် လက်ကို ဝှေ့ယမ်းလိုက်ပြီး လက်တွေ့မကျသော အတွေးများကို ခေါင်းထဲမှ မောင်းထုတ်ပစ်လိုက်သည်။
"သွားမယ် နွားကြီး... အပြင်ထွက်ပြီး သတင်းအချက်အလက်တွေ စုဆောင်းမယ်... ပြီးရင် အစီအစဉ်အတိုင်း လှုပ်ရှားကြမယ်"
"ကိုယ့်စွမ်းအားနဲ့ မရရင် အပြင်က ပစ္စည်းတွေကို အားကိုးပြီး အဆင့်တက်ရင် ရတာပဲ... လောစရာ အကြောင်းမရှိပါဘူး... တစ်လှမ်းချင်း... ခိုင်ခိုင်မာမာ သွားကြတာပေါ့"
"မွန်း... မွန်း..."
နွားနက်ကြီးသည် အားပါးတရ မတ်တပ်ထရပ်လိုက်ပြီး ဟိုဟိုဒီဒီ ပြေးလွှားကာ အိမ်သုံးပစ္စည်းများကို စတင် ထုပ်ပိုးနေလေတော့သည်။
ချန်ရွှင်လည်း မတ်တပ်ထရပ်လိုက်ပြီး ဖြည်းညှင်းစွာ အကြောဆန့်လိုက်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း နောက်ဆုံး အဆုံးသတ် ကျင့်ကြံခြင်းသို့ ဝင်ရောက်နေခဲ့သဖြင့် အပြင်သို့ ထွက်ရန် အချိန်ပင် မရှိပေ။
ယခုအခါ သူတို့၏ ကိုယ်ပိုင် လက်နက် (သီးသန့်လက်နက်) များ အားလုံးသည် အဆုံးစွန်အထိ အဆင့်မြှင့်တင်ထားပြီးဖြစ်ကာ 'နှစ်တစ်သိန်းရှစ်သောင်း' သက်တမ်းအထိ ရောက်ရှိနေပြီ ဖြစ်သည်။
ဤသည်မှာ လက်ရှိ သူတို့၏ စွမ်းအားဖြင့် ထိန်းချုပ်နိုင်သော အကန့်အသတ်ပင် ဖြစ်ပြီး ဤထက်ပိုသွားပါက ရုပ်ခန္ဓာ ပျက်စီးသွားပေလိမ့်မည်။
ထို ဓားပြဝတ်စုံ တွင် သေခြင်းတရား အငွေ့အသက်များ ထည့်သွင်းထားခြင်း မရှိသော်လည်း ရွှေအမြူတေစွမ်းအားနှင့် ခံစစ်မှော်စွမ်းအင်တို့ဖြင့် အမြဲတမ်း ဖိနှိပ်ထားကာ ထိန်းသိမ်းထားရပေသည်။
သို့သော် ရလဒ်အနေဖြင့် လက်နက်သည် အလွန် လျှို့ဝှက်ဆန်းကြယ်သော အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။ အာနိသင် အားလုံးကို မသိရှိရသေးသော်လည်း အခြေခံအဖြစ် အသုံးပြုထားသော ကြိုးတစ်ထောင်အပင် ၏ ဂုဏ်သတ္တိများကို အပြည့်အဝ ကျော်လွန်နေပြီ ဖြစ်လေသည်။
ထို့ပြင် ချန်ရွှင်သည် နွားနက်ကြီးအပေါ် ထားရှိသော ကတိကိုလည်း ဖြည့်ဆည်းပေးခဲ့သည်။
နှစ်ကိုးသောင်းကိုးထောင် သက်တမ်းရှိ ကြိုးကြာဖြူပင် ကို အသုံးပြု၍ 'အစီအရင် အလံတိုင်' သုံးတိုင်ကို ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။
သေခြင်းတရား အငွေ့အသက် အဖြစ်သို့ ပြောင်းလဲမသွားစေရန် ချန်ရွှင်သည် သူ ဂုဏ်ယူရဆုံးဖြစ်သော ဆေးမီးဖိုကိုပင် ဆွဲထုတ်ကာ ဆေးမီးတောက်ဖြင့် အဆက်မပြတ် သန့်စင်ပေးခဲ့ရသည်။
ပြီးစီးသည်အထိ အသုံးပြုခဲ့ရသော အချိန်မှာ အံ့သြဖွယ်ကောင်းလောက်အောင် နှစ်ပေါင်း လေးဆယ့်ကိုးနှစ်တိုင်တိုင် ကြာမြင့်ခဲ့လေသည်။
ပုဆိန် ကျင့်ကြံချိန်များ အားလုံးကို ဤနေရာတွင် ပုံအောလိုက်ပြီး မိမိ၏ ဆေးဖော်စပ်ခြင်းထက်ပင် ပို၍ အာရုံစိုက် ကြိုးပမ်းခဲ့ရသည်။ အောက်ခြေအဆင့် ဝိညာဉ်ကျောက်တုံး များကိုလည်း ထောင်နှင့်ချီ၍ အသုံးပြုခဲ့ရကာ ကြောက်မက်ဖွယ်ကောင်းသော မှော်စွမ်းအင်များနှင့် နတ်အသိများကို ကုန်ဆုံးစေခဲ့သည်။
သို့သော် ထိုသို့ ကြိုးပမ်းရကျိုး နပ်ခဲ့လေသည်။
နွားနက်ကြီး ပေးအပ်သော အစီအရင် ကုန်ကြမ်းပစ္စည်းများ၏ အထောက်အပံ့ကြောင့် ၎င်း၏ 'ဝိညာဉ်စွမ်းအင် စီးဆင်းနိုင်စွမ်း' သည် ဈေးကွက်တွင် ရောင်းချနေသော အစီအရင် အလံတိုင်များနှင့် အဆင့် ကွာခြားနေလေသည်။
ထို့နောက် နွားနက်ကြီး ဆိုလျှင်လည်း အရာအားလုံး၏ သာမန် စည်းမျဉ်းများကို လျစ်လျူရှုကာ ထို အစီအရင် အလံတိုင်များကို မိမိ၏ ဒြပ်ငါးပါး ရွှေအမြူတေထဲသို့ ထည့်သွင်းကာ ပြုစုပျိုးထောင်နေလေတော့သည်။
ရွှေအမြူတေ အရေအတွက် များနေလျှင် ဘာမဆို လုပ်လို့ရသည် ထင်သည်။
နွားနက်ကြီးသည် ဝင်ရိုးစွန်းငါးခု အစီအရင် ကို အဆက်မပြတ် လေ့လာစူးစမ်းနေခဲ့ပြီး နောက်ဆုံးတွင် ကိုယ်တိုင် လေ့လာမှုဖြင့် 'ဝိညာဉ်စွမ်းအင် မသုံးဘဲ အစီအရင် ခင်းကျင်းခြင်း' ဟူသော ယုတ္တိမတန်သည့် နယ်ပယ်တစ်ခုသို့ ခြေလှမ်းဝင်ရောက်သွားခဲ့လေသည်။
ဒြပ်ငါးပါး ရွှေအမြူတေကို ပိုင်ဆိုင်ထားသော သူတို့အတွက် 'ကောင်းကင်နှင့် မြေကြီး၏ ဒြပ်ငါးပါး ချီစွမ်းအင်' သည် ဝိညာဉ်စွမ်းအင် ထက် များစွာ အသုံးပြုရ လွယ်ကူပြီး မည်သည့်နေရာတွင်မဆို တည်ရှိနေသော စွမ်းအင် ဖြစ်နေသောကြောင့်ဖြစ်သည်။။
နွားနက်ကြီးသည် ရွှေအမြူတေ၏ ဒြပ်ငါးပါး လည်ပတ်မှုကို အသုံးပြုကာ ထို အစီအရင် အလံတိုင်များထဲသို့ ဒြပ်ငါးပါး ချီစွမ်းအင် များ စိမ့်ဝင်စေပြီး မိမိ၏ ကိုယ်ပိုင် လက်နက် အဖြစ် ဖန်တီးလိုက်လေသည်။
ကျင့်ကြံခြင်းလောက၏ သာမန်စည်းမျဉ်းဖြစ်သော 'ဝိညာဉ်စွမ်းအင် မှတစ်ဆင့် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ငှားရမ်းခြင်း' မျိုး မဟုတ်ဘဲ ဒြပ်ငါးပါး ချီစွမ်းအင် ကို အသုံးပြု၍ ကောင်းကင်နှင့် မြေကြီးကို ချိတ်ဆက်ကာ အစီအရင်ကို တည်ဆောက်နိုင်လာခဲ့ခြင်း ဖြစ်လေသည်။
အစီအရင် အလံတိုင် သုံးတိုင်သည် သက်တမ်းနှင့် ရွှေအမြူတေ၏ ပြုစုပျိုးထောင်မှုများ အကြိမ်ကြိမ် ဖြတ်သန်းလာသည်နှင့်အမျှ ဒြပ်ငါးပါး ချီစွမ်းအင် နှင့် လိုက်ဖက်ညီမှုသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့လေသည်။
နောက်ဆုံးတွင် ဝင်ရိုးစွန်းငါးခု အစီအရင် ၏ 'အစီအရင် ဗဟိုချက်' ကိုပင် နွားနက်ကြီး၏ အစီအရင် အလံတိုင်များဖြင့် ထိန်းချုပ်နိုင်လာခဲ့ပြီး ယခုအခါ မူလ အစီအရင်နှင့် တူညီခြင်း မရှိတော့သော မိစ္ဆာ အစီအရင် ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။
ထိုအရာကို မြင်တွေ့ရတိုင်း ချန်ရွှင်သည် ခေါင်းခါကာ ရယ်မောနေတတ်သည်။
'ငါက ဆေးဖော်စပ်ခြင်းကို ရူးရူးမိုက်မိုက် ပြုပြင်လိုက်တယ်လို့ ထင်နေတာ... အခုကျတော့ မင်းက အစီအရင်ကို ရူးရူးမိုက်မိုက် ပြုပြင်လိုက်တာလား... အတော်လေးကို အမီလိုက်နိုင်လာပါလား နွားကြီး ရေ...'
ဤသို့ဖြင့် လူတစ်ယောက်နှင့် နွားတစ်ကောင်သည် ကျင့်ကြံခြင်းလောက၏ သာမန် စည်းမျဉ်းများနှင့် အသိအမြင်များ အားလုံးကို ပြောင်းပြန်လှန်ပစ်ကာ မိမိတို့၏ လမ်းစဉ်အတိုင်း အရှိန်အဟုန်ဖြင့် ဆက်လက် ပြေးလွှားနေကြလေသည်။
မှော်ပညာရပ် ဖြစ်စေ၊ ထုတ်လုပ်ရေး နည်းပညာ ဖြစ်စေ၊ ၎င်းတို့ကိုယ်တိုင်၏ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံ ဖြစ်စေ၊ ထိုအရာများ အားလုံးသည် ကျင့်ကြံခြင်းလောကတွင် 'ပုံမှန်မဟုတ်သူများ (မိစ္ဆာကောင်များ)' ဟု ခေါ်ဆိုရန် အလွန် သင့်တော်လှပေသည်။
"မွန်း..."
နွားနက်ကြီးက ချန်ရွှင်ကို လှမ်းအော်လိုက်သည်။ ပစ္စည်းများ သိမ်းဆည်းပြီးကြောင်း အချက်ပြလိုက်ခြင်း ဖြစ်သည်။
"သွားစို့... မူလဝိညာဉ်အဆင့် မဟာ အစီအစဉ်ကြီး စတင်ပြီဟေ့... ဟား... ဟား... ဟား..."
ချန်ရွှင် လက်စွပ်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှား ဝမ်းသာနေသော အပြုံးများ ပေါ်လာပြီး အရောင်ငါးမျိုး ပါဝင်သော သက်တံ့ရောင် အလင်းတန်းများသည် ပတ်ဝန်းကျင်ကို လင်းထိန်သွားစေသည်။
နွားနက်ကြီးသည်လည်း ကိုယ်ကို လှည့်လိုက်ပြီး သွားဖြီးကာ ရယ်မောလိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးမှ ကြီးမားကျယ်ပြောလှသော မှော်စွမ်းအင်များကို ထုတ်လွှတ်လိုက်လေသည်။
သူတို့နှစ်ဦးသည် မျက်စိတစ်မှိတ်အတွင်း မြေပြင်ပေါ်သို့ ဦးတည်ကာ စတင် တက်သွားကြသည်။
အနောက်ဆုံးတွင် ရှိနေသော နွားနက်ကြီးက နွားလက်ဝါးကို ဝှေ့ယမ်းလိုက်ရာ ဝင်ရိုးစွန်းငါးခု အစီအရင် ကို ဖွဲ့စည်းထားသော ကုန်ကြမ်းပစ္စည်းများ အားလုံးသည် သိုလှောင်လက်စွပ် အတွင်းသို့ ပြန်လည် သိမ်းဆည်းခံလိုက်ရလေသည်။
ဝုန်း... ဝုန်း... ဝုန်း
ဒိုင်း...
အောက်ဘက်ရှိ နေရာလွတ်များသည် တစ်ခုပြီးတစ်ခု ပြိုကျသွားလေသည်။
နှစ်ရာချီ အချိန်ဖြတ်သန်းခဲ့သော အမှတ်တရ မြေအောက်ဂူလေးသည် ကျယ်လောင်သော အသံကြီးများနှင့်အတူ ကျောက်တုံးကြီးများနှင့် မြေကြီးများအောက်တွင် နစ်မြုပ်သွားကာ ၎င်း၏ တာဝန်ကို အပြည့်အဝ အဆုံးသတ်သွားခဲ့လေပြီ။
တစ်ရက် ကြာပြီးနောက်။
စူးရှတောက်ပသော နေရောင်ခြည်များ ကျဆင်းနေပြီး လေပြည်များ တိုက်ခတ်နေကာ မြေကြီး၏ သင်းပျံ့သော ရနံ့များသည် နှာခေါင်းကို လာရောက် ကျီစယ်နေ၏။
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ကြပြီး သဘာဝတရား၏ အလှအပကို တ၀ကြီး ခံစားလိုက်ကြသည်။
သူတို့နှစ်ဦးသည် မျက်နှာချင်းဆိုင် ကြည့်ကာ ရယ်မောလိုက်ကြပြီးနောက် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားကာ ထိုနေရာမှ ပျောက်ကွယ်သွားကြလေတော့သည်။
minko