← Chapters

အခန်း ၁၅၉

Vol. 9 Ch. 159

အခန်း ၁၅၉

Vol. 9 Ch. 159

အခန်း (၁၅၉)

ဖုန်တလုံးလုံး ထနေသော မြို့ငယ်လေးတစ်ခု။ လေပြင်းများကြောင့် လမ်းဘေးရှိ အမိုးအကာများမှာ တဖျပ်ဖျပ် လွင့်ပျံနေသည်။

ဤကိစ္စရပ်များ၏ တရားခံ နှစ်ဦးမှာမူ လမ်းဘေးခေါက်ဆွဲဆိုင်ရှေ့တွင် ရပ်ကာ ဝင်လာသော ဖုန်မှုန့်များကို ဂရုမစိုက်ဘဲ ခေါက်ဆွဲကိုသာ အငမ်းမရ စားသောက်နေကြသည်။ တစ်ချိန်တည်းမှာပင် သူတို့နှစ်ဦးသည် နတ်အသိဖြင့် တိတ်တဆိတ် စကားပြောနေကြ၏။

"နွားကြီး... ဆေးဖော်နည်း သုံးခုလုံးကို တိုက်စစ်ကြည့်ပြီးပြီ... ဘာပြဿနာမှ မရှိဘူး"

ချန်ရွှင်၏ မျက်ဝန်းများမှာ တောက်ပနေသည်။ ခေါက်ဆွဲကို အသံမြည်အောင် စုပ်စားလိုက်ပြီး ဆက်ပြောသည်။ "နောက်တစ်ဆင့်က ဝိညာဉ်ဆေးပင်တွေ ရှာရတော့မယ်"

"မွန်း"

နွားနက်ကြီးသည်လည်း မြေကြီးပေါ်ရှိ စည်ပိုင်းတစ်ခုထဲမှ ခေါက်ဆွဲများကို အငမ်းမရ စားသောက်နေသည်။ ထိုအငမ်းမရ စားသောက်နေပုံကို ကြည့်ကာ ဆိုင်ရှင်မှာ ပါးစပ်အဟောင်းသား ဖြစ်နေရ၏။ သို့သော် ဤဖောက်သည်များက လက်ဖွာသည်မှာတော့ ငြင်းမရပေ။

"မွန်း..."

နွားနက်ကြီးက ခေါင်းမော့ကာ ချန်ရွှင်ကို ကြည့်လိုက်သည်။ ကျောက်စိမ်းသစ်သီး ဆိုသည့် ဆေးပင်မှလွဲ၍ ကျန်သည့် ဆေးပင်များကို သူ တစ်ခါမျှပင် မမြင်ဖူးပေ။ နာမည် ကြားဖူးရုံသာ ရှိသည်။ ဂိုဏ်းချုပ် နှစ်ဦးကို လုပ်ကြံစဉ်က သူတို့ သွယ်ဝိုက်၍ စုံစမ်းခဲ့ဖူးသည်။ ဤဆေးပင်များသည် နေရာအနှံ့ ကျဲပြန့်နေပြီး ပေါက်ရောက်ရန်အတွက် ပတ်ဝန်းကျင်အား အလွန်ရွေးသည်ဟု ဆိုသည်။ အနည်းဆုံးတော့ အန်းယွင်နိုင်ငံ တွင် မရှိနိုင်ပေ။

ထို့အပြင် ထိုဂိုဏ်းများတွင် ရေဝိညာဉ်ပညာ ကို တတိယအဆင့်အထိ တတ်မြောက်သူ တစ်ယောက်မျှ မရှိပေ။ ဤအရှေ့ဘက်နိုင်ငံများတွင် ဆေးပင်များကို စောင့်ရှောက်ရန် သီးသန့် ဂိုဏ်းများပင် တည်ထောင်ထားကြသည် မဟုတ်ပါလား။

"ဒါနဲ့... ဟို ဒြပ်ငါးပါး မင်ဝိညာဉ်ပန်း ဆိုတာက ဘာကြီးလဲ"

ချန်ရွှင်က နွားနက်ကြီးကို လှမ်းကြည့်လိုက်သည်။ သည်နာမည်ကို သူ တစ်ခါမှ မကြားဖူးပေ။ "နွားကြီး... မင်း သိလား"

"မွန်း..."

နွားနက်ကြီးက ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းခါပြလိုက်သည်။ သူလည်း မကြားဖူးပေ။ မူလဝိညာဉ်အဆင့် များသာ သုံးစွဲနိုင်သော အဆင့်မြင့် ဆေးပင် ဖြစ်လောက်သည်။

"တောက်..." ချန်ရွှင်သည် လက်ထဲရှိ ခေါက်ဆွဲကိုပင် ဆက်မစားနိုင်တော့ပေ။

သူ့မျက်နှာ တင်းမာသွားသည်။ ထိုပန်းသာမက အခြား ဆေးပင် ဆယ်မျိုးကျော်ကို မည်သို့ ရှာဖွေရမည်ကို သူ ခေါင်းစဉ်းစား၍မရပေ။ အားလုံးက အလွန်ရှားပါးသော အရာများ ဖြစ်ကြသည်။ ထို့အပြင် သူတို့သည် ဤအရှေ့ဘက်နိုင်ငံများ၏ ဂိုဏ်းများနှင့် ပတ်ဝန်းကျင် အခြေအနေကို သေချာ မသိကြသေးပေ။ နေ့ချင်းညချင်း နားလည်နိုင်မည့် ကိစ္စမဟုတ်ပေ။

"မွန်း" နွားနက်ကြီးက ချန်ရွှင်ကို နှာခေါင်းဖြင့် ပွတ်သီးပွတ်သပ်လုပ်ကာ စိတ်မလောရန် နှစ်သိမ့်လိုက်သည်။

"နွားကြီး... ငါ မလောပါဘူးကွာ... ဘယ်ကစသွားရမလဲ စဉ်းစားနေတာ"

ချန်ရွှင်က ရယ်မောလိုက်ပြီး ခေါက်ဆွဲကို ဆက်စားနေသည်။ "ဂိုဏ်းကြီးတွေကို အရင် စုံစမ်းရမယ်... သတင်းအချက်အလက်ပိုင်းဆိုရင်တော့ နတ်သားရဲလေးကောင် မဟာမိတ်အဖွဲ့က အသေချာဆုံးပဲ"

"မွန်း..." နွားနက်ကြီး၏ မျက်ဝန်းများ တောက်ပသွားပြီး မြေကြီးပေါ်တွင် ခွာဖြင့် စာလုံးအချို့ ရေးပြလိုက်သည်။ 'ဆေးဥယျာဉ်'။

"နွားကြီး... မင်း ဉာဏ်နည်းနည်း ပြေးလာပေမယ့် လိုပါသေးတယ်ကွာ"

"မွန်း"

"ဒီလောက် ရှားပါးတဲ့ ပစ္စည်းမျိုးကို သာမန် ဆေးဥယျာဉ်တွေမှာ ဒီအတိုင်း စိုက်ထားပါ့မလား... နေရာတကာ ယူသွားတာဖြစ်ဖြစ် ကိုယ့်ဂူနားမှာ ဖွက်ထားတာဖြစ်ဖြစ် လုပ်ထားမှာပေါ့" ချန်ရွှင်က မျက်လုံးကို အနည်းငယ် မှေးစင်းလိုက်သည်။ "ဒါပေမဲ့ ဆေးပင်တွေ သက်တမ်းရင့်ဖို့က သဘာဝပတ်ဝန်းကျင် အတိုင်းထားမှ ဒါမှမဟုတ် ရေဝိညာဉ်ပညာနဲ့ ပြုစုပျိုးထောင်ပေးမှ ရမှာ"

"မူလဝိညာဉ်အဆင့် ဘိုးဘေးတွေ အကုန်လုံးက ရေဝိညာဉ်ပညာ တတိယအဆင့်ကို တတ်မြောက်ထားတာတော့ မဖြစ်နိုင်ပါဘူး... ဟုတ်တယ်မလား"

"မွန်း"

"ဒါပေမဲ့ ငါတို့က အင်အားကြီး အဖွဲ့အစည်း သုံးခုရဲ့ ဖြန့်ကျက်မှုနဲ့ ဖွဲ့စည်းပုံကို သေချာ မသိသေးဘူး... ရေရှည် အစီအစဉ်ဆွဲမှ ရမယ်" ချန်ရွှင်က ခေါင်းညိတ်ပြလိုက်ရာ နွားနက်ကြီးနှင့် အကြည့်ချင်း ဆုံသွားကြသည်။ သူတို့နှစ်ဦး၏ မျက်ဝန်းထဲတွင် ပါးနပ်သော အကြံအစည်များ ဖြစ်ပေါ်နေ၏။ "မူလဝိညာဉ်အဆင့် အကြီးအကဲ တချို့လောက်ကတော့ ဂိုဏ်းစောင့်ဖို့ ကျန်ခဲ့လောက်တယ်... ငါတို့ သတင်း ထပ်စုံစမ်းရဦးမယ်"

"မွန်း" နွားနက်ကြီးလည်း ခေါင်းညိတ်လိုက်သည်။

"ငါတို့ လောစရာမှ မလိုတာ... မူလဝိညာဉ်အဆင့် ရန်သူတွေက ငါတို့ကို ခွေးတွေလို လိုက်ရှာနေတာမှ မဟုတ်တာ" ချန်ရွှင်က တဟားဟား ရယ်မောလိုက်သည်။ "ချန်နိုင်ငံမှာလည်း သံယောဇဉ်တွယ်စရာ မရှိတော့ဘူး... ဒီမှာပဲ အေးအေးဆေးဆေး နေကြတာပေါ့"

"မွန်း မွန်း" နွားနက်ကြီးလည်း သွားဖြီးကာ ရယ်လိုက်သည်။ အရင်တုန်းက ချန်ရွှင် ခွေးဝါကြီး အကိုက်ခံရဲမတတ် ပြေးခဲ့ရသည့် အဖြစ်ကို သတိရသွားပုံရသည်။

"သွားမယ် နွားကြီး"

ချန်ရွှင်သည် ဟင်းရည်ကို အကုန်မော့သောက်လိုက်ပြီး ဆိုင်ရှင်ကို လှမ်းအော်လိုက်သည်။ "ဦးလေး... ပိုက်ဆံ ရှင်းမယ်... သွားတော့မယ်ဗျာ"

"မွန်း" နွားနက်ကြီးလည်း နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။

"ဟုတ်ကဲ့ပါ... ဖြည်းဖြည်း သွားကြပါဗျာ" ဆိုင်ရှင်က ပြုံးရွှင်စွာဖြင့် ထွက်လာသည်။ ဤလူနှင့် နွားသည် အလွန် စားနိုင်သဖြင့် သူ့အတွက် ဝင်ငွေ အတော်လေး ရလိုက်သည်။

သူတို့သည် ခေါင်းစွပ်များကို စွပ်လိုက်ကြပြီး ဖုန်မုန်တိုင်းများကြားထဲတွင် အန်းယွင်နိုင်ငံမှ တိတ်တဆိတ် ထွက်ခွာသွားကြလေသည်။

နောက်ပိုင်း နေ့ရက်များတွင် ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ဘုန်းကြီးပျံများကဲ့သို့ နိုင်ငံအနှံ့ လှည့်လည်သွားလာရင်း သတင်းများ စုံစမ်းကြသည်။ ဤခရီးစဉ်တစ်လျှောက်တွင် နိုင်ငံငယ်လေးများ ထွန်းကားလာခြင်း၊ အင်အားကြီးမားလာခြင်းနှင့် နောက်ဆုံးတွင် ပျက်သုဉ်းသွားခြင်း အစရှိသည့် သမိုင်းစက်ဝန်းများကို သူတို့ ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရသည်။ ပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ်ကာ ထွက်ပြေးပုန်းရှောင်နေရသည့် မြင်ကွင်းများကိုလည်း အကြိမ်ကြိမ် မြင်တွေ့ခဲ့ရသည်။

သူတို့ကိုယ်တိုင်ပင် ထိုစစ်မက်များကြားတွင် မကြာခဏဆိုသလို ပါဝင်ပတ်သက်ခဲ့ရသည်။ လမ်းဘေးတွင် အေးအေးဆေးဆေး ခေါက်ဆွဲစားနေစဉ်မှာပင်... "စစ်တပ်ကြီး မြို့ထဲ ဝင်လာပြီဟေ့" ဆိုသော အော်ဟစ်သံများနှင့်အတူ ပြည်သူများနှင့် ရောနှောကာ ထွက်ပြေးခဲ့ရသည်များလည်း ရှိသည်။

ထိုသို့သော အခြေအနေမျိုးတွင် သူတို့သည် ထွက်ပြေးနေသော ပြည်သူများကို တတ်နိုင်သမျှ ကူညီပေးခဲ့ကြသည်။ လမ်းခရီးတွင် နှောင့်ယှက်သော မိစ္ဆာကောင်များနှင့် ဓားပြများကို ရှင်းလင်းပေးခဲ့ပြီး အသေအပျောက် နည်းပါးစေရန် လုပ်ဆောင်ပေးခဲ့သည်။ သို့သော် ကျင့်ကြံသူများ အရေအတွက် သိသိသာသာ လျော့နည်းသွားသဖြင့် နိုင်ငံငယ်လေးများမှာ ယခင်ကထက် ပိုမို ရှုပ်ထွေးဆူပူလာကြသည်။ လောကီအာဏာရှင်များ၏ လောဘသည် ကျင့်ကြံသူများထက်ပင် ပိုမို ကြီးမားနက်ရှိုင်းလှပေသည်။

အာဏာရှင်တစ်ဦး ဒေါသထွက်ပါက လူသန်းချီ သေကြေပျက်စီးရပြီး သွေးချောင်းစီးရစမြဲပင်။

ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် တောင်ထိပ်ပေါ်တွင် ထိုင်ကာ ရင်ထဲမှ မွန်းကျပ်မှုများကို မြိုသိပ်ရင်း တွေ့ကြုံခဲ့ရသမျှကို မှတ်စုစာအုပ်လေးထဲတွင် တိတ်တဆိတ် ရေးမှတ်နေမိကြသည်။ ချန်နိုင်ငံ၏ ငြိမ်းချမ်းသော ဘဝတွင် နေသားကျနေခဲ့သဖြင့် အပြင်လောကသို့ ရောက်ရှိလာသောအခါမှသာ မိမိတို့၏ အတွေးများ မည်မျှ ရိုးရှင်းခဲ့ကြောင်းကို သိရှိလိုက်ကြရသည်။

ယခုအခါ ချန်ရွှင်သည် ကံတရားကို အပြစ်တင်ခြင်း၊ မှားယွင်းသည်ဟု ညည်းတွားခြင်းများ မပြုလုပ်တော့ပေ။ ရှေးယခင်ကတည်းက လူ့စိတ်ကို ခန့်မှန်းရ ခက်ခဲပြီး ကောင်းကင်ဘုံသည်လည်း ရက်စက်တတ်သည်။ အရာခပ်သိမ်းသည် သဘာဝတရား၏ အပြောင်းအလဲများသာ ဖြစ်ပြီး အားလုံးအတွက် တရားမျှတလှပေသည်။ သူနှင့် နွားနက်ကြီးတို့သည်လည်း မိမိတို့၏ မူလစိတ်ရင်းအတိုင်း နေထိုင်ကြပြီး သမိုင်းရေစီးကြောင်းထဲတွင် ဖြတ်သန်းသွားသော ခရီးသည်များအဖြစ်သာ နေထိုင်ရန် ဆုံးဖြတ်လိုက်ကြသည်။

ထို့နောက် သူတို့သည် အင်အားကြီး အဖွဲ့အစည်းသုံးခုအနက် တစ်ခုဖြစ်သော နတ်သားရဲလေးကောင် မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ခဲ့ကြသည်။ ကြီးမားသော ကျင့်ကြံသူ မြို့တော်ကြီးတစ်ခုသို့ သွားရောက်ကာ အဝတ်အစားများ လဲလှယ်ပြီး ကိုယ်ပိုင် အမှတ်အသား အသစ်များဖြင့် နေထိုင်ကြသည်။

သူတို့သည် မထင်မရှား ဆိုင်ငယ်လေး တစ်ဆိုင် ဖွင့်ကာ သတင်းအချက်အလက် အရောင်းအဝယ် အလုပ်ကိုသာ တိတ်တဆိတ် လုပ်ကိုင်ကြပြီး မည်သည့် ပြဿနာတွင်မျှ ဝင်မပါခဲ့ကြပေ။ ဆိုင်ရှေ့တွင် ကြိုးကြာဝိညာဉ်သစ်ပင် နှစ်ပင်ကိုသာ စိုက်ပျိုးထားလိုက်သည်။

သူတို့၏ နောက်ကြောင်းကို မည်သူမျှ မသိကြပေ။ ရွှေအမြူတေ ကနဦးအဆင့် ကျင့်ကြံသူများ ဖြစ်ကြောင်းကိုသာ သိရှိထားကြသည်။ ဆိုင်ရှင်မှာ အလွန် ဖော်ရွေတတ်ပြီး သူ၏ ဝိညာဉ်သားရဲ နွားနက်ကြီးမှာလည်း အလွန် အေးချမ်းသူ ဖြစ်သည်။ အခြားသော တစ်ကိုယ်တော် ကျင့်ကြံသူများက သူ့ကို 'စီနီယာချန်ရွှင်' ဟု ခင်မင်ရင်းနှီးစွာ ခေါ်ဝေါ်လာကြသည်။

သာမန် နေ့ရက်များသည် အမြဲတမ်း အေးချမ်းသော်လည်း တစ်ချိန်တည်းမှာပင် ဘာမျှ မတတ်နိုင်သော ခံစားချက်မျိုးကို ပေးစွမ်းသည်။ တိတ်ဆိတ်စွာ အချိန်များ ကုန်ဆုံးသွားခဲ့ရာ သူတို့ အရှေ့ဘက်နိုင်ငံများတွင် နေထိုင်ခဲ့သည်မှာ နှစ် (၁၀၀)ပင် ပြည့်ခဲ့ပြီ ဖြစ်သည်။

ဝူနိုင်ငံ မြောက်ဘက်ပိုင်းမှ အလွန် အရေးကြီးသော သတင်းတစ်ခု ထွက်ပေါ်လာသည်။ စူးစမ်းရှာဖွေမှုများတွင် ကြီးမားသော တိုးတက်မှုများ ရှိလာခဲ့သည်။ အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ရွှေအမြူတေအဆင့် များအတွက် အသုံးဝင်မည့် ဆေးပင်များ အများအပြားကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။

နိုင်ငံအသီးသီးမှ ကျင့်ကြံသူများ အားလုံး စိတ်လှုပ်ရှားသွားကြပြီး တစ်သုတ်ပြီးတစ်သုတ် ထွက်ခွာသွားကြလေသည်။ ထိုနေရာသည် အသစ်စက်စက် အခွင့်အလမ်းများ ရှိသော နေရာဖြစ်ပြီး မြန်မြန်သွားသူများ ပိုမို အကျိုးအမြတ် ရရှိမည်ဟု ဆိုကြသည်။ မူလက တုံ့ဆိုင်းနေကြသော ကျင့်ကြံသူများပင် ဂိုဏ်းအကျိုးပြုအမှတ်များ ရရှိမည်ဆိုသော သတင်းကြောင့် မနေနိုင်တော့ဘဲ မိတ်ဆွေများနှင့်အတူ မြောက်ဘက်သို့ ထွက်ခွာသွားကြလေသည်။

ကျင့်ကြံခြင်းလောက တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားသကဲ့သို့ လမ်းပေါ်တွင် ကျင့်ကြံသူများ သိသိသာသာ နည်းပါးသွားသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ဆိုင်ရှေ့တွင် ထိုင်ကာ ကောင်းကင်သို့ ပျံသန်းသွားကြသော ကျင့်ကြံသူများကို ကြည့်ရင်း တဟဲဟဲ ရယ်မောနေကြသည်။ သူတို့၏ စိတ်နှလုံးများ အနည်းငယ်မျှပင် မလှုပ်ရှားပေ။

အားလပ်ချိန်များတွင် ဂါထာမန္တန် အသေးစားလေးများနှင့် အစီအရင် စာအုပ်များကိုသာ ဝယ်ယူဖတ်ရှုကြသည်။ သို့သော် မည်သူမျှ မသိလိုက်သော အချက်မှာ ချန်ရွှင်၏ လက်ထဲရှိ ကြီးမားသော မြေပုံကြီးမှာ တဖြည်းဖြည်း ပြည့်စုံလာပြီး ထိုမြေပုံပေါ်ရှိ အနီရောင် အစက်ကလေးများသည် ပိုမို ထင်ရှားလာခြင်းပင် ဖြစ်သည်။

သူတို့သည် ဆိုင်ထဲတွင် ထိုင်ကာ လမ်းသွားလမ်းလာများကို ငေးကြည့်ရင်း စကားစမြည် ပြောဆိုလိုက်၊ လက်ဖက်ရည် သောက်လိုက်ဖြင့် နေ့ရက်များကို ဖြတ်သန်းနေကြသည်။

အချိန်များ ကုန်ဆုံးသွားပြီး ဆိုင်ရှေ့ရှိ ကြိုးကြာဝိညာဉ်သစ်ပင်မှ သစ်ရွက်များ အကြိမ်ကြိမ် ကြွေကျခဲ့ရာ နောက်ထပ် နှစ် (၁၀၀) ထပ်မံ ကြာမြင့်သွားခဲ့ပြီ။ နိုင်ငံအသီးသီးတွင် ပုန်းအောင်းနေသော အဆင့်မြင့် ကျင့်ကြံသူများပင် သည်းမခံနိုင်တော့ဘဲ ဝူနိုင်ငံ မြောက်ဘက်နယ်စပ်သို့ တစ်သုတ်ပြီးတစ်သုတ် ထွက်ခွာသွားကြလေပြီ။

ချန်ရွှင်၏ မီးလုံးပစ်လွှတ်ခြင်းပညာ သည်လည်း နောက်ဆုံးတွင် အဆင့်တစ်ခုသို့ တက်နိုင်ခဲ့ပြီး သာမန် အခြေခံတည်ဆောက်ခြင်းအဆင့် ဂါထာမန္တန်များနှင့် ရင်ပေါင်တန်းနိုင်သော စွမ်းအားကို ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်သည်။ အသုံးပြုရ လွယ်ကူသလို ဝိညာဉ်စွမ်းအား ကုန်ဆုံးမှုလည်း အလွန် နည်းပါးပြီး ကန့်သတ်ချက်များလည်း မရှိသလောက်ပင်။ သူသည် ဤဂါထာကို ကြယ်ကြွေသိုင်း ဟု အမည်ပေးလိုက်သည်။

နွားနက်ကြီးမှာမူ အစီအရင်ပညာ၏ အခြားသော အခွဲတစ်ခုဖြစ်သည့် အတားအဆီး များကို လေ့လာနေလေသည်။

သူတို့သည် ညီအစ်ကို ဝတ်စုံဖြစ်သော ဟောင်းနွမ်းနေသည့် မီးခိုးရောင် လျှော်တေအင်္ကျီကို ပြန်လည် ဝတ်ဆင်လိုက်ကြသည်။ ချလွင်... ချလွင်... ဖြင့် ခေါင်းလောင်းသံလေးများ လမ်းမထက်တွင် ပဲ့တင်ထပ်သွားသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် နတ်သားရဲလေးကောင် မဟာမိတ်အဖွဲ့မှ နုတ်ထွက်ပြီး ထိုမြို့လေးကို ကျောခိုင်း ထွက်ခွာသွားကြလေတော့သည်။

ယနေ့ည ကောင်းကင်တွင် လမင်းကြီးမှာ မှိန်ဖျော့နေပြီး ကြယ်ရောင်များလည်း ကျဲပါးနေသည်။

ဝိညာဉ်စွမ်းအင်များ သိပ်သည်းနေသော တောင်တန်းကြီးအတွင်း၌ မည်းနက်သော တိမ်တိုက်ကြီးများသည် တောင်ကမ်းပါးယံများတွင် ရစ်ပတ်နေကြသည်။ ထိုနေရာသို့ မဝင်ရောက်မီကပင် ကျောချမ်းဖွယ်ရာ ကောင်းလှသည်။ ဤနေရာတွင် ရွှေအမြူတေအဆင့် ကျင့်ကြံသူများ ကြီးစိုးသော ကျွီချွဲဂိုဏ်း တည်ရှိပြီး မူလဝိဉာဉ်ဆေး ဖော်စပ်ရာတွင် လိုအပ်သော နတ်ဝိညာဉ်မှို များ ပေါက်ရောက်ရာ နေရာလည်း ဖြစ်သည်။

သဘာဝပတ်ဝန်းကျင် အခြေအနေ လိုအပ်ချက်သည် အလွန် မြင့်မားသဖြင့် ကျွီချွဲဂိုဏ်းက ဤတောင်တန်းကို သိမ်းပိုက်ထားပြီး အင်အားကြီး အဖွဲ့အစည်း သုံးခုကို ဆေးပင်များ ထောက်ပံ့ပေးနေခြင်း ဖြစ်သည်။

All Chapters