အခန်း ၁၆၁
Vol. 9 Ch. 161
အခန်း (၁၆၁)
အနှစ် (၄၀)ခန့် ကြာပြီးနောက်... နွေရာသီ တစ်ခုတွင် အမှတ်ရဖွယ် နေ့တစ်နေ့ ရောက်ရှိလာခဲ့သည်။ နွားနက်ကြီး၏ ဒြပ်ငါးပါး တားမြစ်အစီအရင် ဖျက်ဆီးခြင်း ပညာသည် နောက်ဆုံးတွင် အောင်မြင်သွားပြီး သူတို့၏ လေလွင့်ဘဝ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
တောအုပ်အတွင်း နေ့လယ်ခင်း နေရောင်ခြည်သည် ပူပြင်းလွန်းလှပြီး အပူလှိုင်းများ ရိုက်ခတ်နေသည်။
"မွန်း မွန်း" နွားနက်ကြီးသည် မြစ်ထဲတွင် ရေချိုးနေသည်။
"နွားကြီး... ဒီနှစ်တွေမှာ ရင်ခုန်စရာ ကောင်းတာပဲနော်"
ချန်ရွှင်သည် ကိုယ်တိုင် ပြုလုပ်ထားသော ကုလားထိုင်ပေါ်တွင် ထိုင်လျက် မြစ်ကမ်းဘေးတွင် မျက်လုံးမှိတ်ထားသည်။
"ဒါပေမဲ့ ဂိုဏ်းတိုင်းက လူရှင်းနေတာတော့ အမှန်ပဲ"
"မွန်း"
နွားနက်ကြီးသည် ရေများကို ပက်ဖျန်းရင်း သွားဖြီးကာ ရယ်လိုက်သည်။
"သူတို့ရဲ့ စွမ်းရည်က မမြင့်မားပေမယ့် ငါတို့ကို အရင် လာမစသရွေ့ ငါတို့ကလည်း မိစ္ဆာကျင့်ကြံသူတွေလို မလုပ်ပါဘူး... လျော်ကြေးငွေတော့ သေချာ ပေးခဲ့ပါတယ်" ချန်ရွှင်၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားသည်။
"ဟို ချီလင်ဂိုဏ်း က ညီအစ်ကိုတွေက တကယ် ရယ်ရတာပဲ... ဟားဟားဟား"
"မွန်း မွန်း မွန်း"
နွားနက်ကြီးလည်း အမြီးကို ယမ်းကာ ရေများ ကို ခါရင်း ထိုစဉ်က အဖြစ်အပျက်ကို သတိရသွားသည်။
ချီလင်ဂိုဏ်းမှ အခြေခံတည်ဆောက်ခြင်းအဆင့် အကြီးအကဲများသည် သူတို့ကို အပြစ်မတင်သည့်အပြင် ဆဲဆိုခြင်းလည်း မရှိပေ။ ထို့အစား လက်သီးဆုပ်ကာ "ကျေးဇူးပြုပြီး နေပါဦးဗျာ... စကားလေး ဘာလေး ပြောရအောင်ပါ" ဟု ဆွဲထားပြီး ဂိုဏ်း၏ ဒေသထွက် ကုန်ပစ္စည်းများ၊ ဝိညာဉ်ဆေးပင်များနှင့် လက်နက်များကိုပင် အများအပြား ယူဆောင်လာခဲ့ကြသည်။
နောက်ဆုံးတွင် ချန်ရွှင်သည် "ရေစက်ပါရင် ပြန်ဆုံကြတာပေါ့" ဟုသာ ပြောခဲ့ပြီး နွားနက်ကြီးကို ခေါ်ကာ ထွက်ပြေးခဲ့ရသည်။
"နွားကြီး... ရက်အနည်းငယ် နားပြီးရင် ပထမဆုံးအကြိမ် သွားခဲ့တဲ့ ကျွီချွဲဂိုဏ်းရဲ့ မဟာအစီအရင်ကို သွားပြီး လက်စားချေရအောင်... အနှစ် (၄၀) ကြာမှ ပြန်လည် အောင်ပွဲခံတာပေါ့"
"မွန်း"
နွားနက်ကြီးသည် ပျော်ရွှင်စွာဖြင့် ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ရာ မြစ်ရေများသည် ချန်ရွှင်အပေါ်သို့ ကျရောက်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး စိုရွှဲသွားလေသည်။ ချန်ရွှင် ကြောင်သွားသည်။ ဆံပင်များ အားလုံး စိုရွှဲသွားပြီး အခြေအနေကို နားမလည်နိုင် ဖြစ်ကာ မြစ်ရေများကို မျိုချလိုက်မိသည်။
"ဒီကောင်... နွားကြီး... ငါ့ရှေ့မှာ လာပြီး ဆရာကြီး လာလုပ်နေတာလား"
"မွန်း မွန်း"
လူတစ်ယောက်နှင့် နွားတစ်ကောင်သည် တိုက်ခိုက်ရန် အသင့်အနေအထား ဖြစ်သွားကြသည်။ အခြေအနေ က တင်းမာနေသလို မြစ်ရေများမှာ လည်း ပြင်းထန်စွာ စီးဆင်းနေကာ ဆူညံသံများ ထွက်ပေါ်နေသည်။
နေ့ဝက်ခန့် ကြာပြီးနောက်... မြစ်ထဲမှ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။
"ငါ့ခွန်အားက တောင်ကိုတောင် ဖြိုနိုင်တယ်ကွ"
"မွန်း"
ချန်ရွှင်သည် နွားနက်ကြီးကို ပစ်ပေါက်လိုက်ရာ နွားနက်ကြီးသည် မွန်းခနဲ အော်မြည်ပြီး မြစ်ထဲသို့ ကျသွားသည်။ ထို့နောက် နွားနက်ကြီးသည် ရေစီးနှင့်အတူ အဝေးသို့ မျောပါသွားပြီး ရေပြင်ပေါ်တွင် ဦးချိုနှစ်ချောင်းသာ ကျန်ရစ်ခဲ့ကာ တစထက်တစ ပျောက်ကွယ်သွားလေသည်။
သုံးရက် ကြာပြီးနောက်... သူတို့သည် ခရီးစတင်ခဲ့ပြီး မြေပုံပေါ်ရှိ အနီရောင် အစက်ကလေးများဆီသို့ ဦးတည်သွားကြလေသည်။
နောက် တစ်ည...
ကျွီချွဲဂိုဏ်း၏ တောင်တံခါး အပြင်ဘက်။
တောအုပ်ထဲတွင် အရိပ်နှစ်ခု ပြန်လည် ရောက်ရှိလာကြသည်။
"ဟဲဟဲဟဲ"
"မွန်း မွန်း မွန်း"
ကြောက်မက်ဖွယ်ကောင်းသော ရယ်မောသံများ ထွက်ပေါ်လာပြီးနောက် သူတို့နှစ်ဦး အကြည့်ချင်း ဆုံလိုက်ကြကာ အစောင့်မရှိသော နေရာတစ်ခုကို ရှာဖွေလိုက်ကြသည်။
နွားနက်ကြီး၏ ခန္ဓာကိုယ်ထဲမှ အစီအရင်အလံ သုံးခု ပျံထွက်လာပြီး လေထဲတွင် တြိဂံပုံစံ အစီအရင်တစ်ခု ဖန်တီးလိုက်သည်။ ပတ်ဝန်းကျင်မှ ဒြပ်ငါးပါး စွမ်းအင်များသည် အရှိန်အဟုန်ဖြင့် ထိုအထဲသို့ ဝင်ရောက်သွားကြသည်။
"မွန်း" နွားနက်ကြီး လက်ဝှေ့ယမ်းလိုက်ရာ တြိဂံပုံစံ အစီအရင်သည် ဂိုဏ်းကာကွယ်ရေး မဟာအစီအရင်ကြီးကို ထိတွေ့သွားသည်။
ဒြပ်ငါးပါး စွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်တို့သည် အချင်းချင်း အနှောင့်အယှက် မပေးသလို ဆန့်ကျင်ခြင်းလည်း မရှိပေ။ ထိတွေ့ပြီးနောက် ဖြစ်ပေါ်လာသော "လေဟာနယ်" သည် လမ်းကြောင်းတစ်ခု အဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။
ဖြည်းညှင်းစွာဖြင့် တြိဂံပုံစံ အပေါက်တစ်ခု ပွင့်လာသည်။ ဤတစ်ကြိမ်တွင်တော့ ဂိုဏ်းကာကွယ်ရေး မဟာအစီအရင်ကြီးသည် မည်သည့် တုန့်ပြန်မှုမျှ မရှိတော့ပေ။
"အရမ်းမိုက်တယ်ကွာ" ချန်ရွှင်သည် နွားနက်ကြီးကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိသည်။
"မွန်း" နွားနက်ကြီးသည် ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်ပြီး ခွာဖြင့် ချန်ရွှင်၏ ပခုံးကို ပုတ်လိုက်သည်။
"အသက်ရှည်တဲ့ အကျိုးကျေးဇူးတွေက ဒီမှာစကားတော်တော်ပြောတာပဲ... နွားကြီး"
ချန်ရွှင် အံ့သြချီးကျူးကာ ခေါင်းညိတ်လိုက်သည်။ အချိန်ယူပြီး လေ့လာလျှင် ဤမျှလောက် ဗဟုသုတများ ရနိုင်ပါလား။
"သွားစို့ နွားကြီး"
"မွန်း"
သူတို့နှစ်ဦး တြိဂံပုံစံ အပေါက်ထဲသို့ ဝင်ရောက်သွားပြီး နွားနက်ကြီး လက်ဝှေ့ယမ်းလိုက်ရာ ဂိုဏ်းကာကွယ်ရေး မဟာအစီအရင်ကြီးသည် မူလအတိုင်း ပြန်လည် ပိတ်ဆို့သွားလေသည်။
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် "လူဆိုးဂိုဏ်း" ဝတ်စုံဖြင့်ပင် သူများဂိုဏ်းထဲတွင် ကိုယ့်အိမ်ကိုယ့်ယာကဲ့သို့ လျှောက်သွားနေကြသည်။
တောင်ထိပ်တိုင်းတွင် ကြီးမားသော နန်းတော်ကြီးများ ရှိနေပြီး တောင်ခြေတွင် အဆောက်အအုံ အကြီးအသေးများ ပြည့်နှက်နေသည်။ လမ်းပေါ်တွင် လျှောက်သွားနေသူ အများစုမှာ ချီသန့်စင်ခြင်းအဆင့် တပည့်များသာ ဖြစ်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အနည်းငယ်ကိုသာ တွေ့ရသည်။
ဤဂိုဏ်းတွင် မူလဝိညာဉ်အဆင့် ကျင့်ကြံသူ မရှိသဖြင့် သူတို့ ဝင်ရောက်လာသည်ကို မည်သူမျှ မသိရှိကြပေ။ နေရာအနှံ့တွင် ရှိနေသော အတားအဆီးများနှင့် အစီအရင်များကိုလည်း နွားနက်ကြီးက ရှာဖွေတွေ့ရှိပြီး ရှောင်ကွင်းသွားလေသည်။
ချန်ရွှင်သည် အနောက်မှ လိုက်ပါလာရင်း အလွန် အံ့သြနေမိသည်။ နွားကြီးက မိုင်းရှာစက် လိုပဲ။ သူက အနောက်ကနေ လိုက်ပြီး ပတ်ဝန်းကျင်ကို စောင့်ကြည့်ရုံသာ ရှိသည်။
"မွန်း" နွားနက်ကြီး ရုတ်တရက် အံ့သြသွားပြီး ချန်ရွှင်ကို နတ်အသိဖြင့် လှမ်းပြောလိုက်သည်။ ဂိုဏ်းကာကွယ်ရေး မဟာအစီအရင်ကြီးနှင့် အဆင့်တူညီသော အစွမ်းထက် အစီအရင်တစ်ခုကို သူ အာရုံခံမိလိုက်သည်။
"ဘာဖြစ်လို့လဲ နွားကြီး" ချန်ရွှင် နတ်အသိကို ဖြန့်ကျက်ပြီး ပတ်ဝန်းကျင်ကို သတိထား ကြည့်လိုက်သည်။ "စိတ်ချ... ပတ်ဝန်းကျင်မှာ လူမရှိဘူး"
"မွန်း မွန်း" နွားနက်ကြီးက ချန်ရွှင်ရှေ့တွင် လက်ဟန်ခြေဟန်ဖြင့် ပြသလိုက်သည်။
"သွားကြည့်ရအောင်" ချန်ရွှင် မျက်လုံးများ အရောင်လက်သွားသည်။ နွားနက်ကြီး ဘာပြောချင်လဲ ဆိုတာ သူ ချက်ချင်း နားလည်လိုက်သည်။
"မွန်း"
အရိပ်နှစ်ခုသည် လေပြေလေးကဲ့သို့ တောင်ထိပ်များကို ကျော်ဖြတ်ကာ သူများဂိုဏ်းထဲတွင် ကြိုက်သလို လျှောက်သွားနေကြသည်။ ယခုအခါ ဂိုဏ်းကြီးများနှင့် အင်အားကြီး အဖွဲ့အစည်းများ အားလုံး လူအင်အား လိုအပ်နေပြီး ဂိုဏ်းစောင့် ကျင့်ကြံသူများနှင့် မဟာအစီအရင်ကြီးကိုသာ အားကိုးနေရသည့် အခြေအနေ ဖြစ်နေသည်။
နောက်တစ်နေ့ မိုးလင်းစ အချိန်တွင်...
သံသယဖြစ်ဖွယ် ကောင်းသော လူနှစ်ယောက်၏ မျက်လုံးများတွင် အလွန် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။ အစီအရင် ဖုံးလွှမ်းထားသော တောင်ကမ်းပါးယံ အောက်ခြေတွင် နတ်ဝိညာဉ်မှို (၇) ပွင့်ကို သူတို့ ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်သည်။
ချန်ရွှင်သည် သက်တမ်း အနုဆုံး တစ်ပွင့်ကိုသာ ခူးယူလိုက်ပြီး အပေါက်ထဲသို့ ဆေးတစ်ပုလင်း ထည့်ကာ မြှုပ်နှံလိုက်ပြီးနောက် နွားနက်ကြီးကို ခေါ်ကာ ခြေကုန်သုတ် ထွက်ပြေးလေတော့သည်။ ဤဆေးပင်များသည် ဂိုဏ်း၏ ဆေးဥယျာဉ်ထဲတွင် ရှိနေခြင်း မဟုတ်သလို ရေဝိညာဉ်ပညာဖြင့် ပြုစုပျိုးထောင်ထားခြင်းလည်း မဟုတ်ပေ။ ပြောင်းရွှေ့စိုက်ပျိုးထားခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ ကျွီချွဲဂိုဏ်းက သဘာဝအတိုင်း ကြီးထွားစေရန် ထားရှိပြီး ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို ပြည့်ဝအောင်သာ လုပ်ဆောင်ပေးထားခြင်း ဖြစ်သည်။
ချန်ရွှင်က ဤနေရာသည် မူလက လျှို့ဝှက်နယ်မြေ တစ်ခု ဖြစ်ပြီး ၎င်းကို ကျွီချွဲဂိုဏ်းက သိမ်းပိုက်လိုက်ခြင်း ဖြစ်မည်ဟု သံသယ ဝင်မိသည်။ နန်ဒုတောင် ရှိ ဆေးပင်များလည်း ဤကဲ့သို့ပင် ကြီးထွားလာကြသည် မဟုတ်ပါလား။
"အရှားပါးဆုံး ဆေးပင်တွေက သဘာဝကျဆုံး ပတ်ဝန်းကျင်ကို လိုအပ်တာပဲ"
ချန်ရွှင်သည် လက်ထဲရှိ နတ်ဝိညာဉ်မှိုကို ကြည့်ကာ ခံစားချက် ပါပါဖြင့် ပြောလိုက်သည်။
"နွားကြီး... မင်း ဘယ်လိုထင်လဲ"
"မွန်း မွန်း"
နွားနက်ကြီးလည်း လမ်းတစ်လျှောက်လုံး စဉ်းစားလာခဲ့သည်။ နွားနက်ကြီးသည် ဆေးပင်များကို အလွန် နှစ်သက်သော်လည်း အကယ်၍ မူလစွမ်းအင် သာ မရှိခဲ့လျှင် ဆေးပင်များသည် ၎င်းတို့၏ မူလ သဘာဝ ပတ်ဝန်းကျင်တွင်သာ ကြီးထွားသင့်သည်ဟု ယူဆထားသည်။
"ဒီရောက်မှပဲ ငါ သဘောပေါက်တော့တယ်... ဒီနားက အခြေခံတည်ဆောက်ခြင်းအဆင့် အတွက် လိုအပ်တဲ့ ဆေးပင်တွေ မျိုးမသုဉ်းသေးဘူး" ချန်ရွှင်၏ စကားများတွင် နက်ရှိုင်းသော အဓိပ္ပာယ်များ ပါဝင်နေသည်။ "သေချာ ကာကွယ်ထားကြတာပဲ... လောကကြီးက ဘယ်လောက်ပဲ ရှုပ်ထွေးနေပါစေ ရှင်သန်ဖို့ လမ်းကြောင်းကိုတော့ သေချာ စောင့်ရှောက်ထားကြတာပဲ"
"မွန်း" နွားနက်ကြီး လက်မထောင်ပြချင်စိတ် ပေါက်သွားသည်။ အစ်ကိုကြီး ပြောတာ အမှန်ဆုံးပဲ။
ဤဒေသရှိ ဂိုဏ်းတိုင်းတွင် ကိုယ်ပိုင် ထူးခြားချက်များ ရှိကြသည်။ အချို့က ဆေးပင်များ ထွက်ရှိပြီး အချို့က ကျင့်ကြံခြင်း ပစ္စည်းများနှင့် သတ္တုတွင်းများ ထွက်ရှိကြသည်။ ချန်နိုင်ငံ၏ ကျင့်ကြံခြင်းလောကနှင့် မတူညီပေ။ အင်အားကြီး အဖွဲ့အစည်း သုံးခုကလည်း သူတို့ကို ဖိနှိပ်ချုပ်ချယ်ခြင်း မရှိဘဲ လွတ်လပ်စွာ နေထိုင်ခွင့် ပြုထားသည်။
"ဟဲဟဲ... အထက်တန်းစားတွေမှာလည်း အထက်တန်းစားတွေရဲ့ နေထိုင်မှု ဘဝ ရှိသလို အောက်ခြေလူတန်းစားတွေမှာလည်း အောက်ခြေလူတန်းစားတွေရဲ့ နေထိုင်မှု ဘဝ ရှိတာပဲ" ချန်ရွှင်သည် အတွေးများကို ဖယ်ရှားလိုက်ပြီး လေပေါ်သို့ ခုန်တက်ကာ တောင်ထိပ်ကို ကျော်ဖြတ်သွားသည်။ "နွားကြီး... နောက်တစ်ဂိုဏ်း သွားမယ်"
"မွန်း" နွားနက်ကြီး အသံရှည်ကြီးဖြင့် အော်မြည်လိုက်ပြီး ချန်ရွှင် အနောက်မှ ကောင်းကင် အဆုံးသို့ ပျောက်ကွယ်သွားလေသည်။
နှစ်ရက် ကြာပြီးနောက်...
ကျွီချွဲဂိုဏ်း၏ ဂိုဏ်းစောင့် အကြီးအကဲ နှစ်ဦးသည် နတ်ဝိညာဉ်မှို တစ်ပွင့် လျော့နည်းသွားကြောင်း သိရှိသွားကြသည်။ သို့သော် ထိုအပေါက်ထဲတွင် ဆေးပုလင်း တစ်ပုလင်း ထားရှိခဲ့သည်။
ဖွင့်ကြည့်လိုက်သောအခါ အလယ်အလတ်အဆင့် ဒြပ်ငါးပါးဆေး ဖြစ်နေသည်။ ဝမ်းနည်းရမလား... ဝမ်းသာရမလား... ခဏလောက်တော့ ရှုံးသွားသလား၊ မြတ်သွားသလားပင် မဝေခွဲတတ်အောင် ဖြစ်သွားရသည်။
ဤကိစ္စကို သူတို့ ထုတ်ဖော် မပြောဆိုကြပေ။ ဂိုဏ်းထဲသို့ အသံမထွက်ဘဲ ဝင်ရောက်လာနိုင်သူကို သူတို့ ယှဉ်နိုင်မည် မဟုတ်ပေ။ အင်အားကြီး အဖွဲ့အစည်း သုံးခုမှာလည်း သူတို့ကိုယ်ပိုင် ပြဿနာများနှင့် အလုပ်ရှုပ်နေကြသည်။ ထို့အပြင် တစ်ဖက်လူက ဆေးဖိုး ပေးသွားသေးသည်။ ဤအနည်းငယ်သော ဆုံးရှုံးမှုကို သည်းခံပြီး ဂိုဏ်းချုပ် ပြန်လာမှသာ တင်ပြရန် ဆုံးဖြတ်လိုက်ကြသည်။
နောက်ပိုင်း နေ့ရက်များတွင် ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ထိုနည်းလမ်းအတိုင်းသာ ဆက်လက် လုပ်ဆောင်ကြသည်။ ဂိုဏ်းအသီးသီး၏ အပြင်ဘက်တွင် စောင့်ကြည့်ပြီး ဘေးကင်းလုံခြုံမှသာ ဝင်ရောက် နှောင့်ယှက်ကြသည်။
ဝိညာဉ်သန္ဓေသားဆေး အတွက် လိုအပ်သော အရန်ဆေးပင်များကို တစ်ခုပြီးတစ်ခု ရရှိလာခဲ့သော်လည်း အချိန်အတော်ကြာမြင့်ခဲ့သည်။ ထိုဂိုဏ်းများသည် တစ်ခုနှင့်တစ်ခု အလွန် ဝေးကွာကြပြီး ဂိုဏ်းတစ်ခုတွင် လိုအပ်သော ဆေးပင် တစ်မျိုးတည်းသာ စိုက်ပျိုးထားသောကြောင့် ဖြစ်သည်။
သူတို့သည် နိုင်ငံအများအပြားကို ဖြတ်သန်းသွားလာခဲ့ရသဖြင့် ဖိနပ်များပင် ပါးကာ အင်္ကျီများမှာလည်း စုတ်ပြတ်နေပြီ ဖြစ်သည်။ ဖာထေးထားသော ပုံစံမှာ တကယ့် တောင်းရမ်းစားသောက်သူများနှင့် ပုံစံတူနေသည်။ သို့သော် ကြိုးစားမှုက အချည်းနှီး မဖြစ်ပေ။ နောက်ဆုံးတွင် လိုအပ်သော အရန်ဆေးပင် အားလုံးကို စုဆောင်းနိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း အနှစ် (၃၀) ခန့် အချိန်ယူခဲ့ရသည်။
ဒြပ်ငါးပါး မင်ဝိညာဉ်ပန်း တစ်မျိုးတည်းသာ ကျန်တော့သည်။ သို့သော် ဤဆေးပင်သည် စန္ဒာဂိုဏ်း၏ သီးသန့် ဆေးပင် ဖြစ်ပြီး အခြား မည်သည့်နေရာတွင်မျှ မပေါက်ရောက်ကြောင်း ကြားသိရသည်။
ထာဝရအသက်ရှင်ခြင်းက အဆုံးအစမရှိသော သက်တမ်းတစ်ခုတည်းကိုသာ ပေးစွမ်းသည် မဟုတ်ပေ။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ထိုအနှစ်သာရကို ကောင်းစွာ နားလည်ထားပြီး ဖြစ်သည်။ ထိုအရာမှာ မလောဘဲ အရာရာကို အချိန်ယူ၍ သေချာစွာ လုပ်ဆောင်ခြင်းနှင့် အန္တရာယ်ရှိသော နေရာများသို့ မသွားရောက်ခြင်း ဟူသော သည်းခံခြင်း ပင် ဖြစ်သည်။
စန္ဒာဂိုဏ်းသည် အင်အားကြီး အဖွဲ့အစည်း သုံးခုအနက် တစ်ခု ဖြစ်ပြီး အရှေ့ဘက် နိုင်ငံများ၏ အတွင်းပိုင်းတွင် တည်ရှိကာ မည်သည့် နိုင်ငံအောက်တွင်မျှ မရှိပေ။ သူတို့တွင် ကိုယ်ပိုင် ကျင့်ကြံခြင်း မြို့တော်များ ရှိပြီး မြို့ပေါင်း ဆယ်ဂဏန်းခန့် ပါဝင်သော ထိုအင်အားစုသည် အများအားဖြင့် အမျိုးသမီး ကျင့်ကြံသူများဖြင့်သာ ဖွဲ့စည်းထားသည်။
ဤနေရာတွင် ကြေကွဲဖွယ်ရာ နောက်ခံသမိုင်းကြောင်း ရှိသော အမျိုးသမီး အများအပြား စုဝေးနေကြသည်။ စစ်မက်များ ဖြစ်ပွားနေသော ကာလတွင် စန္ဒာဂိုဏ်းသာလျှင် သူတို့၏ တစ်ခုတည်းသော နားခိုရာ နေရာ ဖြစ်သည်။ သို့သော်... ဝိညာဉ်အမြစ် မရှိသော သာမန် အမျိုးသမီးများ အနေဖြင့်မူ ဝင်ရောက်ခွင့် မရနိုင်ပေ။
မြို့ပေါင်း ဆယ်ဂဏန်းခန့်၏ အနောက်ဘက်တွင် ကျိုကုန်းတောင် ရှိသည်။ ဤနေရာသည် စန္ဒာဂိုဏ်း၏ အဓိက အခြေစိုက်စခန်း ဖြစ်ပြီး အမာခံ ကျင့်ကြံသူများ ကျင့်ကြံရာ နေရာလည်း ဖြစ်သည်။ အဝေးမှ ကြည့်မည် ဆိုပါက ဤမြို့များသည် တောင်တန်းများကြားတွင် ပျောက်ကွယ်နေသကဲ့သို့ အလွန် ခမ်းနားလှပပေသည်။
ကျိုကုန်းတောင်သည် အလွန် နာမည်ကြီးပြီး လူတိုင်း အားကျရသော အဆင့်ခြောက် ဝိညာဉ်သွေးကြော တည်ရှိရာ နေရာ ဖြစ်ကာ စန္ဒာဂိုဏ်းက တစ်ဦးတည်း သိမ်းပိုက်ထားသည်။ ၎င်းတို့၏ ဒေသထွက် ကုန်ပစ္စည်း တစ်ခုဖြစ်သော ဒြပ်ငါးပါး မင်ဝိညာဉ်ပန်း ကို အခြား အင်အားကြီး အဖွဲ့အစည်း နှစ်ခုပင် ဝင်ရောက် စွက်ဖက်နိုင်ခြင်း မရှိဘဲ တစ်ပွင့် ရရှိရန်အတွက် ငွေကြေးနှင့် မျက်နှာ အများအပြား ပေးဆပ်ရသည်။
အပြင်လောက သတင်းများအရ စန္ဒာဂိုဏ်း၏ နောက်ကွယ်တွင် မူလဝိညာဉ်အဆင့် ဘိုးဘေး အနည်းဆုံး ငါးဦး ရှိသည်ဟု ဆိုကြသည်။ အလွန် ကြောက်မက်ဖွယ် ကောင်းသဖြင့် မည်သူမျှ သွားရောက် မစမ်းသပ်ရဲကြပေ။ အပြင်တွင် လျှောက်သွားနေသော ကျင့်ကြံသူများပင် စန္ဒာဂိုဏ်းမှ နတ်သမီးလေးများကို အလွန် ယဉ်ကျေးစွာ ဆက်ဆံကြသည်။
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည်လည်း အတင်းအဓမ္မ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။ မူလဝိညာဉ်အဆင့် ဘိုးဘေးများ ခင်းကျင်းထားသော အစီအရင်များနှင့် အတားအဆီးများကို ရွှေအမြူတေအဆင့် ကျင့်ကြံသူများ ဖြေရှင်းနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ အဖြစ် ဟန်ဆောင်ကာ ကျိုကုန်းတောင်၏ ဂုဏ်ကျက်သရေရှိသော အဖွဲ့ဝင်များ အဖြစ် ဝင်ရောက်ခဲ့ကြသည်။
မျှော်လင့်ထားသည့်အတိုင်းပင် သူတို့ တာဝန်ကျသော နေရာမှာ မီးဖိုချောင် ဖြစ်လေသည်။ တရားဝင် တပည့်အဖြစ် အမျိုးသားများကို လက်မခံသဖြင့် ဤအလုပ်ကိုသာ လုပ်ရတော့မည်။ လစဉ် ဝိညာဉ်ကျောက်တုံးများလည်း ရရှိပြီး ပိတ်ရက်လည်း ရှိသည်။
ထို့အပြင် သူတို့ ချက်ပြုတ်ရမည့် ပါဝင်ပစ္စည်းများမှာ သာမန် အရာများ မဟုတ်ဘဲ အဆင့်မြင့် မိစ္ဆာကောင်များနှင့် ဝိညာဉ်သားရဲများ၏ အသားများချည်း ဖြစ်သည်။ အလွန် ရက်ရောပြီး ခွဲခြားဆက်ဆံခြင်း မရှိပေ။ နှစ်ပေါင်းများစွာ နေရာအနှံ့ လှည့်လည်သွားလာရင်း အချက်အပြုတ် ပညာကို ကျွမ်းကျင်စွာ တတ်မြောက်ထားသော ချန်ရွှင်အတွက် စားဖိုမှူး အလုပ်မှာ အလွန် လွယ်ကူလှပေသည်။
ကျိုကုန်းတောင်တွင် အဓိက တောင်ထွတ် ကိုးခု ရှိပြီး ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် သုံးဘဝတောင်ထွတ် အောက်ခြေရှိ မီးဖိုချောင်သို့ တာဝန်ကျခဲ့ခြင်း ဖြစ်လေသည်။