← Chapters

အခန်း ၁၆၂

Vol. 9 Ch. 162

အခန်း ၁၆၂

Vol. 9 Ch. 162

အခန်း (၁၆၂)

ဤမီးဖိုချောင်သည် အိမ်ကြီးတစ်ဆောင်ထက်ပင် ပိုမိုကျယ်ဝန်းသည်။ အတွင်း၌ ချက်ပြုတ်ရေးသုံးပစ္စည်းများ စုံလင်စွာရှိပြီး နေရာအနှံ့ရှိ မီးဖိုများမှ မီးတောက်များ အဆက်မပြတ်ထွက်ပေါ်ကာ အပူရှိန်များ ပြည့်နှက်နေ၏။

"လျှပ်စီးဝံပုလွေနီ ပေါင်သား အစပ်ကြော် ရပြီဟေ့..."

ချန်ရွှင်သည် ကိုယ်တိုင်ချုပ်လုပ်ထားသော ခပ်မြင့်မြင့် စားဖိုမှူးဦးထုပ်ကို ဆောင်းထားပြီး သံဒယ်အိုးကြီးကို လက်တစ်ဖက်တည်းဖြင့် မလျက် အော်ဟစ်လိုက်သည်။

"နွားကြီး... သွားပို့ချေ..."

ထူးဆန်းသော ဟင်းခတ်အမွှေးအကြိုင်များ အပြည့်အဝ ထည့်သွင်းထားသော ဟင်းလျာမှ မွှေးပျံ့သည့်ရနံ့များ လွင့်ပျံလာသည်။

"မွန်း... မွန်း..."

ဘေးနားတွင် ရပ်နေသော နွားနက်ကြီးသည်လည်း စားဖိုမှူးဦးထုပ်ကို ဆောင်းထားပြီး ချန်ရွှင်ထံမှ ပန်းကန်ပြားကြီးကို လှမ်းယူလိုက်၏။ ပတ်ဝန်းကျင်၌ အလုပ်ကြမ်းသမား တပည့်အချို့သည် ပြုံးရွှင်စွာ ရပ်နေကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် ရိုသေလေးစားမှုများ ပါဝင်နေသည်။ ဤစီနီယာသည် မီးဖိုချောင်သို့ ရောက်ရှိလာသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း သူဖန်တီးသော ဟင်းလျာများ၏ အရသာမှာ အလွန်ကောင်းမွန်လွန်းသဖြင့် မာနကြီးသော နတ်မိမယ်လေးများပင် ချီးကျူးရလောက်ပေသည်။

ထို့အပြင် သူသည် အလွန်ဖော်ရွေပြီး မီးဖိုချောင်အတွင်း၌ စီနီယာ၊ ဂျူနီယာ ခွဲခြားခြင်း မရှိချေ။ အားလုံးက သူ့ကို "အစ်ကိုရွှင်" ဟု ချစ်ခင်စွာ ခေါ်ဝေါ်ကြသည်။ သူနှင့်အတူ ပါလာသော နွားနက်ကြီး ဝိညာဉ်သားရဲမှာလည်း အနည်းငယ်မျှ ကြမ်းတမ်းခြင်းမရှိဘဲ အားလုံးနှင့် အတူတကွ ထိုင်ကာ စကားစမြည် ပြောဆိုလေ့ရှိကြသည်။

"အစ်ကိုရွှင်... အစ်ကိုသုံးတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေက ကျွန်တော်တို့ သုံးတာတွေနဲ့ မတူဘူးနော်..."

အလုပ်ကြမ်းသမား တပည့်တစ်ဦးက တံတွေးမြိုချရင်း ပြောလိုက်သည်။

"အရမ်းမွှေးတာပဲဗျာ..."

ကျန်လူများကလည်း ကြက်ကလေးများ အစာကောက်သည့်အလား ခေါင်းကို အဆက်မပြတ် ညိတ်ပြကြ၏။ ဤမျှ လက်ရာကောင်းမွန်ပါက လစဉ်ရရှိမည့် ဝိညာဉ်ကျောက်တုံးများလည်း သေချာပေါက် တိုးလာပေလိမ့်မည်။

ချန်ရွှင် တဟားဟား ရယ်မောလိုက်ပြီး ဒယ်အိုးထဲသို့ ဆီထပ်ထည့်လိုက်သည်။

"ဒါက ဘိုးဘေးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ လျှို့ဝှက်ချက်ကွ..."

"အစ်ကိုရွှင်က ဒီကလူ မဟုတ်ဘူးမလား..."

"အေး... ငါတို့က အန်းယွင်နိုင်ငံ ကနေ လာတာ... ဒီကနေဆို တော်တော်လေး ဝေးတယ်..."

"အန်းယွင်နိုင်ငံ... တစ်ခါမှ မကြားဖူးဘူး... တော်တော်ဝေးမှာပဲနော်..."

"ဝေးတယ် ဆိုရုံတင်မကဘူးကွ... ဒါနဲ့ ကွမ်ယွမ်... မင်းက ဘာလို့ ဒီကို ရောက်လာတာလဲ..."

ချန်ရွှင် ခေါင်းလှည့်ကာ ချီစုဆောင်းခြင်းအဆင့် ခြောက်ရှိသော လူကောင်သေးသေး တပည့်လေးကို ကြည့်လိုက်သည်။

"မင်းတို့အားလုံးက မြို့ပေါ်က လာကြတာလား..."

"မွန်း..."

ဟင်းပွဲများ လိုက်ချပေးပြီး ပြန်ရောက်လာသော နွားနက်ကြီးသည် စကားဝိုင်း၏ အခြေအနေကို နားမလည်နိုင်စွာဖြင့် ဘေးနားတွင် ဝင်ထိုင်လိုက်၏။

"ဟုတ်တယ် အစ်ကိုရွှင်... ကျွန်တော်တို့ လူတစ်စုက ရွာတစ်ရွာတည်းက လာကြတာ..."

ကွမ်ယွမ်သည် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်ကာ ဟီးခနဲ ရယ်လိုက်သည်။

"ဒြပ်ငါးပါးစလုံး ပါဝင်နေတဲ့ ဝိညာဉ်အမြစ် အရော တွေဆိုတော့... အလုပ်ကြမ်းသမားပဲ လုပ်လို့ရတာလေ..."

"မြို့ပေါ်မှာ နေနိုင်တဲ့ သူဌေးတွေက ကျိုကုန်းတောင် ကို အလုပ်ကြမ်း လာလုပ်စရာ အကြောင်းမှ မရှိတာ..."

လူကောင်ခပ်တုတ်တုတ် တပည့်တစ်ဦးက ဝင်ရောက်ပြောဆိုလိုက်သည်။

"အစ်ကိုရွှင်က ကျွန်တော်တို့ကို အထင်ကြီးလွန်းနေပြီ..."

"ဝတုတ်... ပါးစပ်ပိတ်ထားစမ်း..."

ချန်ရွှင်သည် ဟင်းမွှေဇွန်းကို လှည့်ကစားရင်း နှာခေါင်းရှုံ့လိုက်၏။

"ဒီညတော့ မင်းတို့ကို ညလယ်စာ ကျွေးမလို့ စိတ်ကူးထားတာကိုကွာ..."

"အစ်ကိုရွှင်..."

"အစ်ကိုကြီး..."

"မွန်း..."

အောက်ခြေတပည့်များအားလုံး ဝမ်းသာအားရ အော်ဟစ်လိုက်ကြပြီး နွားနက်ကြီးကလည်း ပါဝင် အော်မြည်လိုက်သည်။ မိစ္ဆာသားရဲများ၏ အသားသည် ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူများအတွက် သွေးသားခွန်အားကို ဖြည့်တင်းပေးနိုင်ပြီး ကျင့်ကြံမှုအဆင့် တိုးတက်ရေးကို အထောက်အကူပြုသည်။

"အလုပ်ကို အရင်လုပ်ကြ... ညကျမှ အကောင်းဆုံး အစီအစဉ်တွေ လာမယ်..."

ချန်ရွှင်သည် ဒယ်အိုးကြီးကို လှုပ်ခါရင်း လျှို့ဝှက်ဟင်းခတ်အမွှေးအကြိုင်များကို ဖြူးချလိုက်သည်။ သူ၏ လက်ရာကို အောက်ခြေတပည့်များ အားလုံး မျက်တောင်မခတ်တမ်း ငေးကြည့်နေကြ၏။

ညဘက်သို့ ရောက်သောအခါ... အောက်ခြေတပည့်များသည် ချန်ရွှင်နှင့် နွားနက်ကြီးတို့၏ သက်ငယ်မိုး တဲအိမ်လေးရှေ့သို့ စုဝေးရောက်ရှိလာကြသည်။

"ရော့... ကောင်တွေ... အသားတွေ ပိုနေလို့ မင်းတို့ကိုပဲပေးလိုက်တော့မယ်..."

ချန်ရွှင်သည် အသားများ အပြည့်တင်ထားသော ပန်းကန်ပြားကြီးများကို ကိုင်ဆောင်လျက် ပြုံးရွှင်စွာ လျှောက်လာ၏။

"ကျေးဇူးတင်ပါတယ် အစ်ကိုရွှင်..."

ထိုဝတုတ်က အကျယ်ဆုံး အော်ဟစ်နေသည်။ ဤမျှ သဘောကောင်းသော အခြေခံတည်ဆောက်ခြင်းအဆင့် စီနီယာမျိုးကို သူတို့ တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။

"မွန်း... မွန်း..."

နွားနက်ကြီးသည်လည်း သူတို့အကြား ဝင်ရောက်ကာ အသားများကို ဖြည်းညှင်းစွာ အရသာခံ စားသောက်နေ၏။ သူတို့သည် အသားများ စားသောက်ရင်း ဟိုဟိုဒီဒီ စကားများ ပြောဆိုနေကြသည်။ လစဉ် ဝိညာဉ်ကျောက်တုံး မည်မျှရရှိပြီး အိမ်သို့ မည်မျှ ပြန်ပို့ကြောင်း၊ တောင်အောက်ဆင်းလျှင် လှပသော နတ်မိမယ်လေးများကို ဇနီးအဖြစ် ရယူလိုကြောင်း စသည်ဖြင့် ဖြစ်သည်။

ချန်ရွှင်သည် သူတို့၏ စကားများကို ပြုံးလျက် တိတ်ဆိတ်စွာ နားထောင်နေပြီး တောင်ပေါ်ရွာလေးတွင် နေထိုင်ခဲ့ရသော နေ့ရက်များကို ပြန်လည်အမှတ်ရနေမိ၏။ သို့သော် ထိုစဉ်ကနှင့် စိတ်ခံစားချက်မှာ ကွဲပြားခြားနားနေပြီ ဖြစ်သည်။ စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်သော ထူးဆန်းသည့် ခံစားချက်မျိုး ဖြစ်လေသည်။ နွားနက်ကြီးသည်လည်း စိတ်ဝင်တစား နားထောင်နေပြီး ရံဖန်ရံခါ "မွန်း... မွန်း..." ဟု ထောက်ခံချက် ပေးတတ်သော်လည်း တပည့်များမှာမူ ၎င်း၏ ဆိုလိုရင်းကို နားမလည်ကြချေ။ သူတို့သည် ဤခွန်အားကြီးမားလှသော အခြေခံတည်ဆောက်ခြင်းအဆင့် ဝိညာဉ်သားရဲ၏ အမူအရာကို အကဲခတ်ရင်း အစ်ကိုနွားက ဘာပြောတာလဲဟု ထင်ကြေးပေး ကစားပွဲလေးကို ကြောက်ကြောက်ရွံ့ရွံ့ စတင်ကြတော့သည်။

နေ့ရက်များသည် တည်ငြိမ်အေးချမ်းမှုဆီသို့ ပြန်လည်ရောက်ရှိသွားပြီး ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် နေ့စဉ် မီးဖိုချောင်တွင် ချက်ပြုတ်ကာ နတ်မိမယ်လေးများ၏ နှစ်သက်သဘောကျမှုကို ရယူနေကြ၏။ သို့သော် ညဘက်သို့ ရောက်သောအခါ... သူတို့နှစ်ဦး တိတ်တဆိတ် လှုပ်ရှားကြပြီး တောင်ထွတ်အသီးသီး၏ အခြေအနေများကို စုံစမ်းထောက်လှမ်းကြသည်။

သို့ရာတွင် နေရာအနှံ့၌ အစွမ်းထက်သော အတားအဆီးများနှင့် အစီအရင်များ ခင်းကျင်းထားသဖြင့် နွားနက်ကြီးမှာ ခေါင်းကုတ်ကာ တဖြည်းဖြည်းချင်း လေ့လာခွဲခြမ်းစိတ်ဖြာနေရ၏။ သူတို့သည် သက်ငယ်မိုး တဲအိမ်လေး၏ မြေအောက် အနက်ရှိုင်းဆုံး နေရာ၌ လျှို့ဝှက် ဂူတစ်ခုကို တိတ်တဆိတ် တူးဖော်ထားကြသည်။ ယခုအခါ ဤလုပ်ငန်းမှာ သူတို့အတွက် အလွန် လွယ်ကူနေပြီ ဖြစ်၏။ ထိုနေရာကို ဝိညာဉ်ဆေးပင်များ စိုက်ပျိုးမည့် နေရာအဖြစ် အသုံးပြုရန် ရည်ရွယ်ထားသည်။ ထို့အပြင် ဂိုဏ်းကာကွယ်ရေး မဟာအစီအရင် ၏ အပြင်ဘက်အထိ ရောက်ရှိနိုင်မည့် မြေအောက် လိုဏ်ခေါင်းရှည်ကြီးတစ်ခုကိုလည်း တူးဖော်ရန် ပြင်ဆင်နေကြ၏။ ထွက်ပြေးသည့်အခါ အစီအရင်များ၏ ဟန့်တားမှုကို မခံရစေရန် မဟာအစီအရင်၏ လွှမ်းမိုးမှု နယ်ပယ် အပြင်ဘက်အထိ တူးဖော်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

ကျိုကုန်းတောင် ၏ ဝိညာဉ်စွမ်းအင် သိပ်သည်းမှုသည် ဝူယွင်ဂိုဏ်း ထက် များစွာ သာလွန်နေပြီး ဂိုဏ်းအတွင်း၌ အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး ကို လဲလှယ်၍ ရနိုင်သည်။ သို့သော် အောက်ခြေတပည့်များတွင်မူ ထိုအခွင့်အရေး မရှိချေ။

သူတို့ နောက်ထပ် အရေးကြီးသော သတင်းအချက်အလက် တစ်ခုကိုလည်း ရရှိထား၏။ ကျိုကုန်းတောင် ၏ အနက်ရှိုင်းဆုံးနေရာတွင် "နှင်းဂီတတောင်ကြား" ဟုခေါ်သော လျှို့ဝှက်နယ်မြေ တစ်ခု ရှိသည်။ ထိုနေရာသည် တစ်နှစ်ပတ်လုံး နှင်းများ ထူထပ်စွာ ကျဆင်းနေသော ထူးဆန်းသည့် ရာသီဥတုရှိပြီး မူလဝိညာဉ်အဆင့် ဘိုးဘေး ကိုယ်တိုင် စောင့်ကြပ်နေသော နေရာဖြစ်သည်ဟု ဆို၏။ ပြီးလျှင် ကျင့်ကြံခြင်းလောက တစ်ခုလုံးတွင် နာမည်ကျော်ကြားလှသော "ဒြပ်ငါးပါး မှင်ဝိညာဉ်ပန်း" မှာ ထိုနေရာ၌သာ ပေါက်ရောက်ရှင်သန်နိုင်လေသည်။ သို့သော် ယခု မြောက်ပိုင်းဒေသ စူးစမ်းရှာဖွေရေး ခရီးစဉ်တွင် မူလဝိညာဉ်အဆင့် ဘိုးဘေး မည်မျှလောက် ဂိုဏ်းတွင် ကျန်ရစ်ခဲ့သည်ကို မည်သူမျှ မသိရှိကြချေ။ အင်အားစု အချင်းချင်းပင် မသိရှိနိုင်သော လျှို့ဝှက်ချက် တစ်ခု ဖြစ်နေ၏။

ပြောင်းလဲခြင်းမရှိသော နေ့ရက်များသည် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသော်လည်း ချန်ရွှင်နှင့် နွားနက်ကြီးတို့မှာ အနည်းငယ်မျှ လောနေခြင်း မရှိကြပေ။ ယင်းအစား ဤဘဝနေထိုင်မှုကိုပင် သဘောကျနေကြသေး၏။ သာမန်လူသားများ၏ ဘဝနေထိုင်မှုပုံစံ အမျိုမျိုးကို ဖြတ်သန်းခံစားရခြင်းသည်လည်း သူတို့၏ ပျော်ရွှင်မှု တစ်ခုပင် ဖြစ်သည်။ မူလကတည်းကပင် ချန်ရွှင်သည် ဟင်းချက်ရသည်ကို အလွန် ဝါသနာပါခဲ့သူ ဖြစ်၏။ အကယ်၍ ယခင် လူသားလောကတွင် သူ ဖွင့်ခဲ့သော ချန်ရွှင် သွားရည်စာ ဆိုင်လေးသည် အရသာ အလွန်ကောင်းမွန်လွန်းသဖြင့် အနီးအနားရှိ စားသောက်ဆိုင်များ၏ စီးပွားရေးကို ထိခိုက်စေကာ နောက်ဆုံး၌ အာဏာပိုင်များ၏ မျက်စိဒေါက်ထောက်ကြည့်ခြင်းကို ခံရပြီး ပိတ်သိမ်းမခံခဲ့ရလျှင်... သူနှင့် နွားနက်ကြီးတို့သည် နေရာအနှံ့ လှည့်လည်သွားလာရင်း အသားကင်ဆိုင်လေးကို အမြဲတမ်း ဖွင့်နေမည်သာ ဖြစ်သည်။

"နွားကြီး... ရပြီဟေ့..."

"မွန်း... မွန်း..."

"အစ်ကိုရွှင်... အစ်ကိုနွား... သွားပို့ဖို့ ကျွန်တော်တို့ကိုသာ လွှဲထားလိုက်..."

နေ့စဉ် ထမင်းစားချိန် ရောက်တိုင်း မီးဖိုချောင် အတွင်း၌ တက်ကြွလန်းဆန်းသော အသံများ ထွက်ပေါ်နေပြီး အပူရှိန်များဖြင့် ပြည့်နှက်နေ၏။ အပြင်ပန်းကြည့်လျှင် သူတို့၏ နေ့စဉ် ဘဝဖြတ်သန်းမှုသည် မီးဖိုချောင် နှင့် သက်ငယ်မိုး တဲအိမ် ဟူသော နေရာနှစ်ခု၌သာ လည်ပတ်နေပြီး လောကီရေးရာ အရှုပ်အထွေးများနှင့် ကင်းကွာနေသူများကဲ့သို့ ဖြစ်နေသည်။ အထီးကျန်ခြင်းနှင့် လွတ်လပ်ခြင်းသည် စိတ်ကူးတစ်ချက်အတွင်း၌သာ ရှိလေသည်။

အချိန်ကာလများ ရွေ့လျားသွားပြီး လောကဓံ၏ အပူအအေးများကို အပြည့်အဝ ခံစားသိရှိခဲ့ရပြီးနောက်... နောက်ထပ် နှစ်တစ်ရာ နွေဦးနှင့် ဆောင်းဦး ကာလများသည် ကုန်ဆုံးသွားခဲ့ပြန်လေပြီ။

ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် မရေမတွက်နိုင်သော မိတ်ဆွေသူငယ်ချင်းများကို ရရှိခဲ့ကြ၏။ မီးဖိုချောင်ရှိ စားဖိုမှူးများမှစ၍ အောက်ခြေတပည့်များအထိ အားလုံးနှင့် ညီအစ်ကိုများကဲ့သို့ ရင်းနှီးကျွမ်းဝင်ခဲ့ကြသည်။ ဤမျှ ဖော်ရွေပြီး ကူညီတတ်သော စီနီယာမျိုးကို မည်သူက မုန်းတီးနိုင်မည်နည်း။ ဤ မီးဖိုချောင် အတွင်း၌ မည်သည့် လျှို့ဝှက်ကြံစည်မှု၊ တွက်ချက်မှုမျှ မရှိချေ။ အားလုံးသည် လစဉ်လစာအတွက် ချွေးနှဲစာဖြင့် အလုပ်လုပ်နေကြသော အလုပ်သမားများသာ ဖြစ်ကြသည်။ ယခင်က လျိုယွမ် နောက်ဆုံး ချန်ရစ်ခဲ့သော စကားကို ချန်ရွှင်သည် အမြဲတမ်း ရင်ဘတ်ထဲ၌ မှတ်သားထားခဲ့သည်။ "ဘယ်သူ့ကိုမှ မရှောင်ဖယ်တော့ဘူး" ဟူ၍ ဖြစ်သည်။ အကောင်းမြင်သော စိတ်ထားဖြင့် အရာအားလုံးကို ရင်ဆိုင်ရမည်။

အောက်ခြေတပည့်များ တာဝန်ပြီးဆုံး၍ တောင်အောက်ဆင်းမည့် အချိန်တိုင်း ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် လိုက်လံ ပို့ဆောင်ပေးပြီး လက်ဆောင်ပစ္စည်းများ ထည့်ပေးလိုက်လေ့ ရှိ၏။ သက်တမ်းကုန်ဆုံး၍ ကွယ်လွန်သွားသော အောက်ခြေတပည့်များ ရှိပါကလည်း သူတို့အတွက် နာရေးအခမ်းအနားများ ကျင်းပပေးကာ နှဲများမှုတ်၊ ခေါင်းလောင်းများ တီးခတ်၍ ပို့ဆောင်ပေးခဲ့ကြသည်။ ဤအရာများကို မြင်တွေ့ရသော မီးဖိုချောင်မှ လူများသည် ရင်ထဲတွင် စိတ်ချမ်းသာမှု၊ ပျော်ရွှင်မှုများ ရရှိခဲ့ကြသည်။ မိမိ သေဆုံးသွားပြီးနောက် နာရေးကိစ္စကို စီစဉ်ပေးမည့်သူ ရှိနေခြင်းမျိုး၊ ဤကဲ့သို့သော တာအိုမိတ်ဆွေမျိုး ရှိနေခြင်းကို မည်သူက မလိုလားဘဲ နေမည်နည်း။

ယနေ့တွင် ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် သက်ငယ်မိုး တဲအိမ်လေး၏ အပြင်ဘက်၌ ထိုင်လျက် အေးအေးလူလူ နေပူစာလှုံနေကြ၏။ ယနေ့သည် အားလပ်ရက် ဖြစ်သည်။

"နွားကြီး... ငါ့ရဲ့ ပုဆိန် သိုင်းကွက် က မုန်လာဥဖြူ လှီးတဲ့ နေရာမှာတောင် တော်တော်လေး တိုးတက်လာတယ်လို့ မထင်ဘူးလား..."

"မွန်း..."

နွားနက်ကြီးသည် နှာမှုတ်သံ ပြုလုပ်ရင်း ကျန်းမာရေး လက်ဖက်ရည် ကို သောက်ကာ အဝေးရှိ ရှုခင်းများကို ငေးကြည့်နေ၏။

"ဒီအထိ ရောက်လာခဲ့တဲ့ ခရီးစဉ် တစ်လျှောက်လုံးက ရယ်ရတယ်နော်... ဟား ဟား ဟား..."

ချန်ရွှင်သည် အငွေ့တထောင်းထောင်း ထနေသော ကျန်းမာရေး လက်ဖက်ရည် ကို မှုတ်သောက်ရင်း မျက်စိရှေ့တွင် မှတ်စုစာအုပ်ငယ်လေး တစ်အုပ်ကို လေပေါ်၌ ပေါ်လာစေလိုက်သည်။

"ကဲ... ငါ ပြန်ကြည့်လိုက်ဦးမယ်..."

"မွန်း... မွန်း..."

နွားနက်ကြီးသည် ဇိမ်ကျကျဖြင့် မျက်လုံးများကို တစ်ဝက်မှိတ်ထားရင်း အစ်ကိုကြီးနှင့်အတူ အတိတ်က အမှတ်တရများဆီသို့ လွင့်မျောသွားလေသည်။

All Chapters