← Chapters

အခန်း ၁၆၄

Vol. 9 Ch. 164

အခန်း ၁၆၄

Vol. 9 Ch. 164

အခန်း (၁၆၄)

နေမင်းကြီး အနောက်ဘက်သို့ ဝင်ရောက်သွားပြီး ညအမှောင်ထု ကျရောက်လာသည်။ လခြမ်းကွေးလေးသည် ငါးမျှားချိတ် တစ်ခုကဲ့သို့ ကောင်းကင်တွင် ချိတ်ဆွဲထား၏။

နှင်းဂီတတောင်ကြား ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် မတ်စောက်သော တောင်ထွတ်များ မိုးထိအောင် မြင့်မားစွာ တည်ရှိနေသည်။ သုံးဖက်သုံးတန် ဝန်းရံထားသော ချောက်ကမ်းပါးများသည် ဓားဖြင့် သို့မဟုတ် ပုဆိန်ဖြင့် ထက်ပိုင်းဖြတ်ထားသကဲ့သို့ မတ်စောက်နေ၏။ ထိုနေရာသည် ငွေရောင်ကမ္ဘာကြီး တစ်ခု ဖြစ်နေသည်။ ထူထပ်သော နှင်းခဲများသည် အေးစက်သော သစ်ကိုင်းများကို ဖိချထားပြီး လေပြင်းများသည် တောအုပ်အတွင်း ဖြတ်သန်းတိုက်ခတ်ကာ တဝေါဝေါ မြည်ဟည်းနေကြသည်။ သို့သော် နှင်းဂီတတောင်ကြား ၏ ပတ်ဝန်းကျင်၌ လွင့်ဝဲနေသော နှင်းပွင့်များတွင် သိပ်သည်းသော ဝိညာဉ်စွမ်းအင်များ ကိန်းအောင်းနေပြီး တစ်ချိန်တည်းမှာပင် ကျင့်ကြံသူများပင် အရိုးထဲထိ အေးစိမ့်သွားနိုင်လောက်သော ထူးဆန်းသည့် အအေးဓာတ်များကို ထုတ်လွှတ်နေ၏။

တောင်ကြား၏ အပြင်ဘက် နေရာအနှံ့အပြားတွင် အမျိုးသမီး ကျင့်ကြံသူများသည် တင်ပျဉ်ခွေ ထိုင်လျက် တရားကျင့်ကြံနေကြသည်။ ရွှေအမြူတေအဆင့် ကျင့်ကြံသူ များပင်လျှင် အနည်းဆုံး ဆယ်ဦးခန့် ရှိနေသည်။ လွတ်စရာ နေရာ မရှိဘဲ အလွန် တင်းကျပ်စွာ စောင့်ကြပ်နေကြ၏။ တောင်ကြား၏ အတွင်းဘက်၌ မိုးနှင့်မြေကို ဆက်စပ်ထားသကဲ့သို့ အစီအရင် ကြီးတစ်ခုသည် အရပ်လေးမျက်နှာတွင် မတ်မတ်တည်ရှိနေပြီး ဝိညာဉ်သွေးကြော နှင့် ဆက်သွယ်ထားသည့်အလား များပြားလှသော ဝိညာဉ်စွမ်းအင်များကို အဆက်မပြတ် ထုတ်လွှတ်နေသည်။

ထိုအချိန်တွင်... တောင်ကြား ဝင်ပေါက်နှင့် အလှမ်းဝေးသော နှင်းပြင်ကြီး၏ မြေအောက်မှ အမည်းရောင် ခေါင်းနှစ်လုံးသည် တဖြည်းဖြည်း ထွက်ပေါ်လာကြသည်။ အခြေအနေကို စူးစမ်းကြည့်ပြီးနောက် သူတို့၏ မျက်လုံးများထဲတွင် အံ့သြထိတ်လန့်မှုများ ပေါ်လာပြီး အလျင်အမြန် နတ်အသိဖြင့် ဆက်သွယ်လိုက်ကြ၏။

'နွားကြီး... ဒါကို ဘယ်လို ဖောက်ထွက်ကြမလဲ...'

'မွန်း...'

နွားနက်ကြီးသည် ကြောင်တောင်တောင်ဖြင့် ချန်ရွှင်ကို ကြည့်လိုက်သည်။ သူ ဘယ်လို လုပ် သိမည်နည်း။ ထို အစီအရင် ကြီးသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် သာမန် "အတားအဆီး" မဟုတ်ကြောင်း သိသာနေသည်။ ထို့အပြင် ပတ်ဝန်းကျင်တွင် လွတ်စရာ နေရာ မရှိပေ။ နတ်အသိ ဖြင့် ရှာဖွေခြင်းမှ ကင်းလွတ်အောင် နေနိုင်လျှင်ပင် မျက်စိဖြင့် စောင့်ကြည့်နေမှုများနှင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အစီအရင်များကိုတော့ ရှောင်လွှဲ၍ ရနိုင်မည် မဟုတ်ချေ။

ချန်ရွှင်နှင့် နွားနက်ကြီးတို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ အလွန်ကြာမြင့်လှသည်ဟု ခံစားရသော တိတ်ဆိတ်မှု...

'နွားကြီး... အစီအစဉ် (က)ကတော့ ကျရှုံးသွားပြီ ထင်တယ်... တောက်...'

ချန်ရွှင်သည် အံကိုကြိတ်လိုက်ပြီး ဘေးနားရှိ မြက်ပင်တစ်ပင်ကို မသိမသာ ဆွဲနှုတ်ကာ ပါးစပ်တွင် ကိုက်ထားလိုက်သည်။

'ဒီလိုဆိုမှတော့ အစီအစဉ် (ခ) ပဲ ရှိတော့တယ်...'

'မွန်း...'

နွားနက်ကြီးသည် အပူငွေ့များ ပါဝင်သော နှာမှုတ်သံကို ပြင်းထန်စွာ ပြုလုပ်လိုက်၏။ ဤ နှစ်တစ်ရာ အတွင်း သူတို့သည် အကြိမ်ကြိမ် ဇာတ်တိုက် လေ့ကျင့်ခဲ့ကြသည်။ ယနေ့ကဲ့သို့ အခြေအနေမျိုးကိုလည်း ကြိုတင် တွက်ဆထားပြီး ဖြစ်၏။ ထိုအထဲတွင် "ဖြစ်နိုင်ခြေရှိသော အစီအစဉ်" (၃) ခု ရှိပြီး "ထွက်ပြေးမည့် အစီအစဉ်" က (၉၇) ခု ရှိသည်။

'နှစ်တစ်ရာတောင် စောင့်ခဲ့ရတာ... အခုက စန္ဒာဂိုဏ်း မှာ... မဟုတ်ဘူး... ကျင့်ကြံခြင်းလောက တစ်ခုလုံးမှာ လုံခြုံရေး အနည်းဆုံး အချိန်ပဲ...'

ချန်ရွှင်၏ မျက်လုံးများသည် တဖြည်းဖြည်း အေးစက်စူးရှလာသည်။

'နွားကြီး... မစွန့်စားဘဲနဲ့တော့ ငါတို့ ငွေဘယ်လိုလုပ်ရမလဲ ဘယ်ရမလဲ... ဒီထက်ကောင်းတဲ့ အခွင့်အရေးမျိုး နောက်တစ်ကြိမ် ရဖို့ မလွယ်တော့ဘူး...'

ပြီးတော့ တောင်ကြားထဲမှာ အနည်းဆုံး ဘိုးဘေး တစ်ယောက်တော့ ရှိနေမှာ သေချာတယ်။ တစ်ယောက်မှ မကျန်ခဲ့ဘူး ဆိုတာတော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ ခံစစ်စွမ်းရည်နဲ့ ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှု အရဆိုရင်... တစ်ချက်တည်းနဲ့ ချက်ချင်း မသေသွားဘူး ဆိုရင် ထွက်ပြေးလွတ်မြောက်နိုင်မယ် ဆိုတာ ယုံကြည်မှု အပြည့် ရှိတယ်။ နတ်သားရဲလေးကောင် မဟာမိတ်အဖွဲ့ တွင် ရှိစဉ်က မူလဝိညာဉ်အဆင့် ဘိုးဘေး များ၏ တိုက်ခိုက်ရေး စွမ်းရည်နှင့် ပတ်သက်သော သတင်းအချက်အလက်များကိုလည်း သူတို့ စုဆောင်းခဲ့ကြသည်။ ရွှေအမြူတေအဆင့် နဲ့တော့ မယှဉ်နိုင်ဘူး ဟု ဆိုကြသည်။ ဒါပေမဲ့ "ရွှေအမြူတေ နောက်ဆုံးအဆင့်" စွမ်းရည် ရှိလျှင်တော့ အကွက်အနည်းငယ်လောက် တောင့်ခံနိုင်စွမ်း ရှိလိမ့်မည်။ အဲဒီနောက်ပိုင်း မှာတော့... မူလဝိညာဉ်အဆင့် ဘိုးဘေး ရဲ့ လည်ပင်းညှစ်တာကို ခံရင်း "သိပ် မနာအောင် လုပ်ပါ" လို့ ဆုတောင်းရုံပဲ ရှိတော့သည်။

'မွန်း...'

နွားနက်ကြီး လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ ပတ်ဝန်းကျင်မှ နှင်းများနှင့် ရွှံ့များ ပြင်းထန်စွာ လွင့်စင်သွား၏။

"ကဲ... သွားကြစို့..."

ချန်ရွှင်သည် မြေကြီးထဲမှ မျက်စိတစ်မှိတ်အတွင်း ခုန်ထွက်လိုက်သည်။ သူ၏ မျက်လုံးများသည် တဖြည်းဖြည်းနီမြန်း၍လာသည်။

"နွားကြီး... လက်ဆောင် တွေ ထုတ်လိုက်..."

"မွန်း... မွန်း..."

နွားနက်ကြီးလည်း မြေကြီးထဲမှ ခုန်ထွက်လာပြီး သိုလှောင်လက်စွပ်ထဲမှ ဝိညာဉ်ဆေးပင်များနှင့် ဆေး အမြောက်အမြားကို ထုတ်ယူလိုက်သည်။

"မျက်နှာ အမူအရာ ပြင်ထား..."

"မွန်း..."

ချန်ရွှင်နှင့် နွားနက်ကြီးတို့ ဖြီးခနဲ ပြုံးလိုက်ကြသည်။ မျက်လုံးနှင့် ပါးစပ် ကြွက်သားများကို အတတ်နိုင်ဆုံး ဆွဲဆန့်ကာ "ရာခိုင်နှုန်းပြည့် လူကောင်း" ရုပ် ပေါက်အောင် လုပ်လိုက်ကြ၏။ ထို့နောက် ထိုအတိုင်းပင် နှင်းဂီတတောင်ကြား ဘက်သို့ လျှောက်လှမ်းသွားကြလေသည်။

နှင်းဂီတတောင်ကြား ၏ အပြင်ဘက်...

အစောင့်ကျနေသော အမျိုးသမီး ကျင့်ကြံသူ အားလုံး မျက်လုံးများ မှေးကျဉ်းသွားကြသည်။ နှင်းမုန်တိုင်းများကြားမှ အမည်းရောင် အရိပ်နှစ်ခု ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။ ထို့အပြင် ထိုသူများ၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးများကို အပြည့်အဝ ဖော်ဆောင်ထားကြသေး၏။ ဤမျှ များပြားလှသော လူများ ရှေ့မှောက်သို့ အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိဘဲ ဤမျှ ရဲတင်းစွာ လျှောက်လာရဲကြသည်လား။ သို့သော် သူတို့၏ မျက်နှာ အမူအရာများသည် တဖြည်းဖြည်း အံ့သြထိတ်လန့်မှုများအဖြစ် ပြောင်းလဲသွားကြ၏။ အဘယ်ကြောင့်ဆိုသော် နတ်အသိ ဖြင့် ထောက်လှမ်းကြည့်သော်လည်း ပြန်လည် တွန်းကန်ခံရပြီး တစ်ဖက်လူ၏ ကျင့်ကြံမှုအဆင့် မည်မျှရှိသည်ကို ခန့်မှန်း၍ မရနိုင်သောကြောင့် ဖြစ်သည်။ ထို့အပြင် ကျိုကုန်းတောင် တွင် နေရာအနှံ့၌ အတားအဆီးများ ရှိပြီး နှင်းဂီတတောင်ကြား သို့ သွားရာလမ်းတွင် အစီအရင် ကြီးများစွာ ခင်းကျင်းထားသော်လည်း ၎င်းတို့မှာ တုန့်ပြန်မှု မရှိကြပေ။

"ဘယ်သူတွေလဲ..."

"အဲဒီမှာ ရပ်လိုက်... ဒီနေရာက နှင်းဂီတတောင်ကြား ပဲ..."

"ရပ်လိုက်စမ်း..."

အမျိုးသမီး ကျင့်ကြံသူ ရာနှင့်ချီ၍ တပြိုင်နက်တည်း ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။ နားစည်ပေါက်ကွဲမတတ် စူးရှသော အသံများသည် ချန်ရွှင်၏ ခေါင်းထဲသို့ ဆက်တိုက် ရိုက်ခတ်လာပြီး ခေါင်းတစ်ခုလုံး ထုံကျဉ်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သူတို့၏ မျက်ဝန်းများမှ ရေခဲကဲ့သို့ အေးစက်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မှော်လက်နက် များ လေထဲသို့ လွင့်ပျံသွားကြသည်။ အလွန်ပြင်းထန်သော မှော်စွမ်းအင် အလင်းတန်းများသည် ပတ်ဝန်းကျင်ရှိ နှင်းမုန်တိုင်းများကို တုန်ခါသွားစေပြီး အရောင်အသွေး စုံလင်လှသော အလင်းတန်းများသည် နှင်းပြင်ကြီးကို လင်းထိန်သွားစေ၏။ လေထုသည် ချက်ချင်း တင်းမာသွားပြီး မိုးနှင့်မြေကြားတွင် သိပ်သည်းသော သတ်ဖြတ်လိုစိတ်များ စီးဝင်လာသည်။ နှင်းများ ကျဆင်းမှုပင် ပိုမို ပြင်းထန်လာသကဲ့သို့ ခံစားလိုက်ရသည်။

နွားနက်ကြီး၏ နဖူးမှ ချွေးစေးများ စီးကျလာပြီး မသိမသာ ခြေတစ်လှမ်း နောက်ဆုတ်လိုက်မိ၏။ ယခင်က ချန်ရွှင် သည် ရွာထဲတွင် ဒေါ်လေးဝမ် တို့နှင့် စကားများ ရန်ဖြစ်ရာ၌ အကြီးအကျယ် ရှုံးနိမ့်ခဲ့ရဖူးသော စိတ်ဒဏ်ရာများ ပြန်လည် နိုးထလာခြင်း ဖြစ်သည်။

"မင်းတို့အားလုံး နောက်ဆုတ်နေကြ..."

ထိုစဉ် တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်မှ ကျန်ရွှယ်ချန် ဆင်းသက်လာသည်။ သူမ၏ ပုံစံသည် အလွန်ကျက်သရေရှိကာ လှပနေပြီး နောက်ကျောဘက်တွင် ညီမငယ် လေးဦး လိုက်ပါလာ၏။

"စီနီယာအစ်မကြီး..."

အမျိုးသမီး ကျင့်ကြံသူများသည် ရိုသေလေးစားစွာ လက်သီးဆုပ် အရိုအသေပေးလိုက်ကြသော်လည်း မျက်နှာပေါ်တွင် မကျေနပ်မှုများ ဖြစ်ပေါ်နေပြီး လူတစ်ယောက်နှင့် နွားတစ်ကောင်ကို မုန်းတီးစွာ စိုက်ကြည့်နေကြ၏။ ဤမျှ ရဲတင်းစွာ ဝင်ရောက်လာရဲကြသည်လား။ ကျန်ရွှယ်ချန် သည် အမည်းရောင် ပုံရိပ်နှစ်ခုကို အကဲခတ်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းတွင် သဲ့သဲ့လေး ပြုံးလိုက်သည်။ ထိုအပြုံးတွင် ဟန်ဆောင်မှု ကင်းမဲ့သော သဘာဝ၏ သန့်စင်မှုများ ပါဝင်နေ၏။

"စီနီယာ တို့... ဘာကိစ္စ ရှိလို့ပါလဲရှင်... အကယ်၍ အတင်းအကျပ် ဝင်ရောက်ဖို့ ကြံစည်နေတယ် ဆိုရင်တော့... အနည်းငယ် ပြဿနာ တက်သွားနိုင်ပါတယ်ရှင်..."

"ဟား... ဟား... ဟား... မဟုတ်ရပါဘူး... ပစ္စည်းတစ်ခုနဲ့ 'လဲလှယ်' ဖို့ လာရောက် တောင်းဆိုရုံသက်သက်ပါ... နတ်မိမယ်လေးများနဲ့ ရန်သူ ဖြစ်ဖို့ စိတ်ကူး မရှိပါဘူးဗျာ..."

ချန်ရွှင် သည် လက်နောက်ပစ်လျက် အလွန် အစွမ်းထက်သော သူ ကဲ့သို့ ဟန်ဆောင်ကာ ပြန်ဖြေလိုက်သည်။ သို့သော် ရင်ထဲတွင်မူ အံ့သြနေမိ၏။ ဘာလို့ ဒီအမျိုးသမီးက ရွှေအမြူတေ အလယ်အလတ်အဆင့် ရှိတာကို စီနီယာအစ်မကြီး လို့ အခေါ်ခံရတာလဲ... ။ နွားနက်ကြီးသည် ကြောင်တောင်တောင် မျက်နှာဖြင့် ခေါင်းကို အဆက်မပြတ် ညိတ်ပြနေပြီး ခွာတစ်ဖက်ဖြင့် သိုလှောင်အိတ် တစ်ခုကို ဂရုတစိုက် ဆုပ်ကိုင်ထား၏။ အထဲတွင် ပါဝင်သည်များမှာ လက်ဆောင် များ ဖြစ်သည်။

"အကယ်၍... ကျွန်မတို့ စန္ဒာဂိုဏ်း က အဲဒီ အပေးအယူကို ငြင်းပယ်လိုက်မယ် ဆိုရင်ကော..."

ကျန်ရွှယ်ချန် သည် အပြင်ပန်း၌ ကျက်သရေရှိပြီး နွေးထွေးသယောင် ထင်ရသော်လည်း ထိုနွေးထွေးမှု၏ နောက်ကွယ်တွင် ရေခဲကဲ့သို့ အေးစက် ရက်စက်မှုများ ပုန်းကွယ်နေ၏။ သူမ၏ အနောက်တွင် ရှိသော လေးဦးသည်လည်း ချန်ရွှင်နှင့် နွားနက်ကြီးကို အေးစက်သော အကြည့်များဖြင့် အထက်စီးမှ ကြည့်နေကြသည်။ အကယ်၍ ဤနေရာတွင် ဘိုးဘေး များသာ ရှိနေပါက ဤလူနှင့် နွားသည် စကားမပြောနိုင်သော ရုပ်အလောင်းများ ဖြစ်နေမည်မှာ သေချာသည်။

"အမှန်တော့... ကျုပ်တို့ဘက်ကလည်း ဝိညာဉ်ဆေးပင်တွေ၊ ဆေးတွေ အများကြီး ပြင်ဆင်လာပါတယ်... နတ်မိမယ်လေးများ အရှုံးပေါ်စေမှာ မဟုတ်ပါဘူး..."

ချန်ရွှင်သည် နှင်းပြင်ကြီးပေါ်တွင် မတ်တပ်ရပ်နေပြီး ကိုယ်ပေါ်သို့ နှင်းများ ကျဆင်းလာသည်ကို ဂရုမစိုက်ဘဲ နေလိုက်၏။ သူ၏ ခန္ဓာကိုယ်မှ မည်သည့် အရှိန်အဝါမျှ ထွက်ပေါ်ခြင်း မရှိပေ။

"ကျုပ်တို့ လိုချင်တာက 'ဒြပ်ငါးပါး မှင်ဝိညာဉ်ပန်း' တစ်ပွင့်တည်းပါပဲ... သက်တမ်း ကန့်သတ်ချက် မရှိပါဘူး..."

"တော်တော်လေး လောဘကြီးတာပဲ..."

ကျန်ရွှယ်ချန် အေးစက်စွာ ပြုံးလိုက်သည်။

"အဲဒီ ပန်းနဲ့ ပတ်သက်ပြီး... ကျွန်မ သဘောနဲ့ ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး... ဒါပေမဲ့ စီနီယာ အနေနဲ့ မရမက လိုချင်တယ် ဆိုရင်တော့... အတင်း လုယူကြည့်ပါလား..."

ထိုသို့ ပြောရင်း ကျန်ရွှယ်ချန် သည် အံ့သြဖွယ်ကောင်းအောင်ပင် နှင်းဂီတတောင်ကြား သို့ သွားရာလမ်းကို ဖယ်ပေးလိုက်လေသည်။

"စီနီယာအစ်မကြီး... သူတို့က ဓားပြတွေလေ... ဘာလို့ လမ်းဖယ်ပေး..."

"မတားနဲ့... ကျွန်မရဲ့ ဗေဒင် တွက်ချက်မှု အရ... 'အကြီးအကျယ် ကံဆိုးခြင်း' ပဲ..."

"ဘာ..."

နောက်ကွယ်တွင် နတ်အသိဖြင့် ဆက်သွယ်ပြောဆိုသံကို ကြားလိုက်ရသော လေးဦး၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အဝေးရှိ လူတစ်ယောက်နှင့် နွားတစ်ကောင်ကို ကြည့်သော အကြည့်များတွင် သိသာထင်ရှားသော ကြောက်ရွံ့မှုများ ရောနှောသွားကြ၏။

"ဟေ့ ဟေ့... အထင်မလွဲကြပါနဲ့ဗျာ..."

ချန်ရွှင် မျက်မှောင်ကြုတ်လိုက်ပြီး ဘေးနားရှိ နွားနက်ကြီးကို ဘုန်းခနဲ ရိုက်လိုက်သည်။

"ကျုပ်တို့ ညီအစ်ကိုတွေမှာ အတင်းအကျပ် ဝင်ဖို့ စိတ်ကူး မရှိပါဘူး... ရိုးသားဖြူစင်တဲ့ စိတ်နဲ့ ဝိညာဉ်ဆေးပင် လာတောင်းခံရုံ သက်သက်ပါ..."

အရိုက်ခံလိုက်ရသော နွားနက်ကြီးသည် နာကျင်မှုကို အံကြိတ်ခံလိုက်ပြီး အော်ဟစ်မည့် အသံကို မျိုချလိုက်ရ၏။ ထို့နောက် လူဆိုးဝတ်စုံ အောက်မှ နွားအမြီးကို ဂွမ်းခနဲ ဝှေ့ယမ်းကာ အစ်ကိုကြီး၏ "အစွမ်းထက်သူ၏ အရှိန်အဝါ" ကို မထိခိုက်စေရန် အစွမ်းကုန် အားထုတ်လိုက်သည်။

ချန်ရွှင်၏ စကားကို ကြားသော်လည်း အမျိုးသမီး ကျင့်ကြံသူများသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရုံသာ ပြုလုပ်ကြပြီး သတိဝီရိယကို ပိုမို မြှင့်တင်လိုက်ကြ၏။ သူတို့ ဆုပ်ကိုင်ထားသော မှော်လက်နက်များမှာ တင်းကျပ်နေပြီး ပေါက်ကွဲထွက်လုမတတ် ဖြစ်နေသော မှော်စွမ်းအင်များသည် စူးရှသော အလင်းရောင်များကို ထုတ်လွှတ်နေသည်။ တောင်ခြေမှလည်း အမျိုးသမီး ကျင့်ကြံသူများ အဆက်မပြတ် စုဝေးရောက်ရှိလာကြ၏။ ကျိုကုန်းတောင် အတွင်း၌ ခင်းကျင်းထားသော သတ်ဖြတ်ခြင်း အစီအရင် သည် အပြည့်အဝ အသက်ဝင်နေပြီ ဖြစ်ပြီး မူလဝိညာဉ်အဆင့် ဘိုးဘေး ပင်လျှင် အထိအခိုက်မရှိဘဲ လွတ်မြောက်နိုင်မည် မဟုတ်သော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

"ဒါဆို... ဘယ်သူနဲ့ စကားပြောရင် အဆင်ပြေမလဲ... အဲဒီ ခေါင်းဆောင်နဲ့ စကားပြောခွင့် ပြုပါလား..."

ချန်ရွှင်သည် နတ်အသိကို အပြည့်အဝ ဖြန့်ကျက်ထားပြီး ညင်သာစွာ သက်ပြင်းချလိုက်၏။

"ကျုပ်တို့ ဒီမှာပဲ စောင့်နေပါ့မယ်..."

"မင်း..."

အမျိုးသမီးများ အကြီးအကျယ် ဒေါသထွက်သွားကြသည်။ အခြား အင်အားကြီး အဖွဲ့အစည်း နှစ်ခုမှ ဘိုးဘေး များ ကျိုကုန်းတောင် သို့ လာရောက်လည်ပတ်စဉ်ကပင် ဤမျှ မောက်မာသော အပြုအမူမျိုး မလုပ်ခဲ့ကြပေ။ ကျန်ရွှယ်ချန် ၏ မျက်မှောင်များကြားတွင် နက်ရှိုင်းသော အရေးအကြောင်းများ ပေါ်လာ၏။ ဤလူတစ်ယောက်နှင့် နွားတစ်ကောင်သည် မည်သည့် နေရာမှ ပေါ်လာသည် မသိရပေ။ သူတို့၏ ခန္ဓာကိုယ် အတွင်းမှ အလွန် ကြောက်မက်ဖွယ်ကောင်းသော "မိစ္ဆာ" အရှိန်အဝါ တစ်ခု ကိန်းအောင်းနေသကဲ့သို့ ခံစားနေရသည်။ ၎င်းသည် ကျင့်ကြံမှုအဆင့် မြင့်မားခြင်းကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ သူမ မွေးရာပါ ပိုင်ဆိုင်ထားသော အလိုအလျောက် သိစိတ် က သတိပေးနေခြင်း ဖြစ်သည်။ ထို့အပြင် အပြင်ပန်းကြည့်လျှင် ဤလူနှင့် နွားသည် နောက်ခံဇာစ်မြစ် မသိရသော်လည်း သူတို့၏ အပြုအမူများမှာ အလွန် သာလွန်ထူးကဲနေပြီး အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိချေ။ ထို ခန့်မှန်း၍ မရနိုင်သော လျှို့ဝှက်ဆန်းကြယ်မှု သည်ပင်လျှင် သူတို့ကို ဖိအားပေးနေခြင်း ဖြစ်၏။

"ဒီလိုဆိုမှတော့... ဒီ အဘွားကြီး ကပဲ မင်းတို့နဲ့ ရင်ဆိုင်ရတာပေါ့..."

နှစ်ဖက်စလုံး အကြည့်ချင်း ဆုံနေကြပြီး ပေါက်ကွဲထွက်လုမတတ် တင်းမာနေသော လေထု ကြီးစိုးနေစဉ်... ကောင်းကင်ကို ဆွဲဖြဲလိုက်သကဲ့သို့ ခမ်းနားကြီးကျယ်လှသော အသံကြီး တစ်ခုသည် ကောင်းကင်မှ ပဲ့တင်ထပ်လာပြီး ဆူညံသံ အားလုံးကို တစ်ခဏချင်း ဖိနှိပ်သွားလေသည်။

"ဝုန်း..."

နှင်းဂီတတောင်ကြား ၏ အတွင်းပိုင်းမှ အဘွားအို တစ်ဦး ထွက်လာသည်။ သူမ၏ မျက်နှာ အမူအရာသည် အစွန်အဖျားတိုင်အောင် အေးစက်စူးရှနေပြီး သူမထံမှ ထွက်ပေါ်လာသော လွှမ်းမိုးနိုင်စွမ်းရှိသည့် ဖိအားများနှင့် ပင်လယ်ပြင်ကဲ့သို့ ကျယ်ပြောလှိုင်းထန်သော မှော်စွမ်းအင် များသည် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားမတတ် ဖိနှိပ်လာ၏။ ထို အလွန်တရာ အစွမ်းထက်လှသော ပုံရိပ်ကြောင့် ကျိုကုန်းတောင် ၏ လူတိုင်း အလွန်ထိတ်လန့်သွားကြသည်။ သူမ ကောင်းကင်၌ ရပ်နေရုံမျှဖြင့် ထိုနေရာတွင် ရှိနေသော ရွှေအမြူတေအဆင့် ကျင့်ကြံသူ အားလုံး၏ ဝိညာဉ်များကို တုန်လှုပ်သွားစေလောက်အောင် ဖိအားများ ကြီးစိုးသွားလေသည်။

"ဘိုးဘေး ကျင်းယွီ အား ဂါရဝပြုပါတယ်..."

"ဘိုးဘေး ကျင်းယွီ အား ဂါရဝပြုပါတယ်..."

တောင်ထွတ် အသီးသီးမှ တပည့်များအားလုံး တပြိုင်နက်တည်း ခေါင်းငုံ့ အရိုအသေပေးလိုက်ကြရာ အလွန် ကျယ်လောင်သော အော်ဟစ်သံများသည် တောင်တန်းကြီး တစ်ခုလုံး ပဲ့တင်ထပ်သွား၏။ ဘိုးဘေး ကျင်းယွီ မည်သည့်အချိန်က ပြန်ရောက်နေသည်ကို မည်သူမျှ မသိရှိခဲ့ကြချေ။ နှင်းဂီတတောင်ကြား တွင် ပုန်းအောင်းနေခဲ့မည်ဟုလည်း မည်သူမျှ မထင်မှတ်ထားပေ။ ဖီးနစ်ငှက် အလှဆင်ထားသော တောင်ဝှေးကို ထောက်ထားသည့် ထို အဘွားအိုသည် ဆံပင်များ ဖြူဖွေးနေပြီး ကျောအနည်းငယ် ကိုင်းနေ၏။ သို့သော် သူမ၏ မျက်ဝန်းများသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြည်လင်တောက်ပနေပြီး ငယ်ရွယ်စဉ်က နှိုင်းယှဉ်ပြစရာ မရှိလောက်အောင် လှပခဲ့ကြောင်းကို ထင်ဟပ်ပြသနေလေသည်။

All Chapters