အခန်း ၁၇၁
Vol. 10 Ch. 171
အခန်း (၁၇၁)
ချန်ရွှင်သည် နောက်ကျောဘက်တွင် လက်နှစ်ဖက်ကို ယှက်ထားလျက် ကောင်းကင်ထက်တွင် မတ်မတ်ရပ်နေ၏။ ကောင်းကင်ဘုံမှ ကျဆင်းလာသော ကြောက်မက်ဖွယ်ကောင်းလှသည့် ဖိအားကြီးအောက်တွင် သူ၏ မျက်ဝန်းများ၌ ကြောက်ရွံ့မှု အလျဉ်းမရှိပေ။
သူ့ထံတွင် ရှိနေသည်မှာ သန့်စင်သော ကြည်ညိုလေးစားမှု နှင့် မျှော်လင့်တကြီး ဆုတောင်းနေမှုသာ ဖြစ်သည်။
"နွားကြီးရဲ့ အရေထူတာက ငါ့ပြီးရင် ဒုတိယပဲ ပြီးတော့ ကောင်းကင်ဘုံကို ဘယ်သူ့ထက်မဆို ပိုကြည်ညိုတယ်"
ချန်ရွှင် တိုးတိုးလေး ရေရွတ်လိုက်ပြီး ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်သည်။
"တကယ်လို့ ငါသာ ကောင်းကင်ဘုံရဲ့ ငြိုငြင်မှုကို ခံရပြီး မိုးကြိုးပစ်ခံရလို့ သေသွားရင်တောင်မှ ဒီကောင်ကတော့ သေချာပေါက် အကောင်းပကတိ ကျန်နေခဲ့မှာပဲ။"
နားကွဲမတတ် ဆူညံသော မိုးခြိမ်းသံကြီးများ ဟိန်းထွက်နေသော်လည်း ချန်ရွှင်၏ မျက်နှာမှာ တည်ငြိမ်နေဆဲပင်။
သူသည် လေထဲတွင် တင်ပျဉ်ခွေထိုင်ချလိုက်ပြီး မိမိ ခန္ဓာကိုယ်အတွင်းရှိ အပြောင်းအလဲများကို တိတ်တဆိတ် အာရုံခံရင်း နွားနက်ကြီး ကောင်းကင်မိုးကြိုးဒဏ်ကို ကျော်လွှားနိုင်မည့်အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်သည်။
"ဒီမိုးကြိုးရဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း စွမ်းအားက အဆင့်တက်လို့ ခန္ဓာကိုယ် ပြောင်းလဲသွားတာမျိုးနဲ့ မတူဘူး။ အသားအရေတွေကအစ အသစ်တဖန် ပြန်လည်မွေးဖွားလာသလိုပဲ။"
ချန်ရွှင်သည် တီးတိုးရေရွတ်ရင်း စဉ်းစားခန်းဝင်သွားသကဲ့သို့ မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်သည်။ သူ၏ ခန္ဓာကိုယ် အပြင်ပိုင်းတွင်လည်း အပြောင်းအလဲများ တိတ်တဆိတ် ဖြစ်ပေါ်နေ၏။
ထိုစဉ် ကောင်းကင်ထက်မှ ပေါက်ကွဲသံကြီး ထပ်မံ ထွက်ပေါ်လာပြန်သည်။
ချန်ရွှင် အပေါ်သို့ မော့ကြည့်လိုက်ရာ အဝေးမှ နွားနက်ကြီးသည် အကောင်းပကတိ ရှိနေဆဲပင်။ သို့သော် မြေပြင်ပေါ်တွင် ဒူးထောက်လျက် ကောင်းကင်ဘုံသို့ ကျေးဇူးတင်ဆုတောင်းများ ပို့သနေလေသည်။
မူလဝိညာဉ်အဆင့်သို့ တက်ပြီးနောက် ချန်ရွှင်၏ ရင်ထဲတွင် ထူးခြားသော ခံစားချက်တစ်ခု ဖြစ်ပေါ်နေသည်။ အကယ်၍ သူ အသက်သေဆုံးသွားခဲ့လျှင်ပင် ဤခန္ဓာကိုယ်ကြီးက နှစ်ပေါင်းတစ်ထောင်တိုင်တိုင် ဆွေးမြေ့သွားမည် မဟုတ်ကြောင်း သိသိသာသာ ခံစားနေရသည်။
မူလဝိညာဉ် ဆိုသည်မှာ သာမန်လူသားများ၏ ခန္ဓာကိုယ်မျိုး မဟုတ်တော့ပေ။ လူသားများ၏ ကန့်သတ်ချက်ကို အပြည့်အဝ ကျော်လွန်သွားပြီ ဖြစ်ပြီး ရုပ်ခန္ဓာ ပျက်စီးသွားလျှင်ပင် မူလဝိညာဉ်ဖြင့် ခန္ဓာကိုယ်ကို အသစ်တဖန် ပြန်လည် ဖန်တီးယူနိုင်သည်။
ရွှေအမြူတေအဆင့် ကျင့်ကြံသူများနှင့်တော့ ကွာခြားလှသည်။ သူတို့၏ ဝိညာဉ်သည် အစစ်အမှန် အသွင်မဆောင်သေးဘဲ ရုပ်ခန္ဓာမှာလည်း သာမန်လူသားအတိုင်းသာ ရှိသေးသည်။ အခြားသူ၏ ခန္ဓာကိုယ်ကို ဝင်ပူးခြင်း ဆိုသည့် မိစ္ဆာလမ်းစဉ်ကို အသုံးပြုကြသည်မှာလည်း ရွှေအမြူတေအဆင့်များသာ ဖြစ်သည်။ သို့သော် ထိုသို့ ဝင်ပူးခြင်းကြောင့် သက်တမ်း ပိုမို ရှည်လာမည် မဟုတ်ပေ။
ကန့်သတ်ချက်များလည်း များပြားလှပြီး ဝင်ပူးပြီးနောက်တွင် အသက်ဆက်ရှင်ရုံမျှသာ တတ်နိုင်ကာ ယခင်က အစွမ်းထက်ဆုံး အခြေအနေသို့ ပြန်လည် ရောက်ရှိရန် မဖြစ်နိုင်တော့ပေ။
သို့သော် မူလဝိညာဉ်အဆင့် ဘိုးဘေးများ၏ ခန္ဓာကိုယ် ပြန်လည်တည်ဆောက်ခြင်း ဆိုသည်မှာ ကွဲပြားခြားနားသော အဆင့်အတန်း တစ်ခု ဖြစ်သည်။ မိမိနှင့် ကိုက်ညီသော ခန္ဓာကိုယ်ကိုသာ ရရှိပါက အစွမ်းထက်ဆုံး အခြေအနေသို့ ပြန်လည် ရောက်ရှိနိုင်မည့် မျှော်လင့်ချက် ရှိနေသေးသည်။
"ဒီခန္ဓာကိုယ်... ထူးဆန်းတဲ့ ခံစားချက်ပဲ။"
ချန်ရွှင်၏ မျက်ဝန်းများမှာ ကြည်လင်တောက်ပနေပြီး ခန္ဓာကိုယ်တစ်ခုလုံး ငွေရောင်များ ဖုံးလွှမ်းနေသည့် အခြေအနေမှ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ဖျစ်... ဖျစ်...
ကျောပြင်အထိ ရှည်လျားသော သူ၏ ဆံနွယ်များသည် ဖြည်းညှင်းစွာ ငွေရောင်သို့ ပြောင်းလဲသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် လျှပ်စီးတန်းများ ဖြတ်သန်းသွားလာနေသည်။ အရေပြားမှ ဖြူဖွေးသော အလင်းတန်းများ ထွက်ပေါ်နေပြီး အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ဖိနှိပ်ထားသကဲ့သို့ ရှိနေသည်။
အဆုံးအစမရှိသော သွေးစွမ်းအင်များနှင့် အသက်စွမ်းအင်များသည် ချန်ရွှင်၏ ခန္ဓာကိုယ်အတွင်း၌ လှိုင်းတံပိုးများကဲ့သို့ ရိုက်ခတ်နေသည်။ ဤအခြေအနေကို ခံစားလိုက်ရသော ချန်ရွှင်၏ စိတ်ထဲတွင် 'ငါ အသက်ရှင်ဖို့ အခွင့်အရေး နောက်တစ်ခု ပိုလာပြီပဲ' ဟူသော အတွေးသာ ရှိနေသည်။
မနိုင်ရင်တောင် တောင့်ခံထားလို့ ရတယ်။ တောင့်ခံနိုင်ရင် ထွက်ပြေးဖို့ အခွင့်အရေး ရှိလာမယ်။
ထိုသို့ တွေးတောရင်း ချန်ရွှင်သည် လေထဲတွင် ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်သည်။
ယခုအခါ သူ၏ အရှိန်အဝါသည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ လက်နှစ်ဖက်ကို ယှက်ထားပြီး ခါးကို မတ်မတ်ထားကာ ရပ်နေသော ထိုပုံရိပ်သည် အလွန်တရာ ခန့်ညားထည်ဝါလှသည်။
ကောင်းကင်မိုးကြိုးဒဏ်နှင့် အလွန်ဝေးကွာသော နေရာတွင် သူ ရပ်နေ၏။ ဤကောင်းကင်နှင့် မြေကြီး တုန်လှုပ်ဖွယ်ရာ မြင်ကွင်းကို အာရုံစိုက်ရန် အချိန်မရှိဘဲ သူ၏ အကြည့်များသည် နွားနက်ကြီး တစ်ကောင်တည်းအပေါ်သို့သာ ကျရောက်နေသည်။
ဝုန်း...
လျှပ်စီးတန်း တစ်ခုသည် ကောင်းကင်နှင့် မြေကြီး၏ အမှောင်ထုကို ခွင်းလျက် ထွက်ပေါ်လာပြီး စကြဝဠာ တစ်ခုလုံးကို လင်းထိန်သွားစေသည်။ စူးရှတောက်ပသော အလင်းရောင်နှင့်အတူ အောက်ဘက်သို့ အရှိန်ပြင်းစွာ ကျဆင်းလာသည်။
ရူးသွပ်နေသော လေမုန်တိုင်းများ အရပ်လေးမျက်နှာသို့ တိုက်ခတ်သွားရာ ချန်ရွှင်၏ ဝတ်ရုံများ၊ ဆံပင်များနှင့် နောက်ကျောမှ ကောက်ရိုးဦးထုပ်သည် လေထဲတွင် လွင့်ပျံသွားသည်။
သို့သော် ချန်ရွှင်သည် မျက်တောင်တစ်ချက်မျှ မခတ်ဘဲ လက်ယှက်လျက် လေထဲတွင် ငြိမ်သက်စွာ ရပ်နေဆဲပင်။ ကောင်းကင်နှင့် မြေကြီးကြား မားမားမတ်မတ် ရပ်နေသော ထိုပုံရိပ်သည် အလွန် ခန့်ညားထည်ဝါလှသည်။
ချန်ရွှင်၏ နှုတ်ခမ်းထောင့်စွန်းများ တဖြည်းဖြည်း ကွေးညွတ်သွားသည်။
"နွားကြီး... ငါတို့ရဲ့ လမ်းခရီးက အခုမှ စတာကွ..."
"မွန်း..."
မိုးကြိုးဘေးဒဏ်၏ အလယ်ဗဟိုမှ ကောင်းကင်ကို ထိုးဖောက်သွားမတတ် အလွန်ရှည်လျားသော အော်ဟစ်သံကြီး တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ မြေကြီးများ ပြင်းထန်စွာ တုန်ခါသွားပြီး သဲကန္တာရကြီးသည် ရူးသွပ်နေသကဲ့သို့ လှိုင်းထနေ၏။
နွားနက်ကြီးသည် မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားပြီး မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေသည်။ နှုတ်ခမ်းကို တင်းတင်း ကိုက်ထားရာမှ သွေးများ တောက်တောက် ကျဆင်းနေသည်။
မိုးခြိမ်းသံများသည် ဆက်တိုက် ထွက်ပေါ်နေဆဲ ဖြစ်ပြီး ကမ္ဘာမြေ တစ်ခုလုံး ငွေရောင် လျှပ်စီးတန်းများကြားတွင် ဖုံးလွှမ်းနေသည်။ အချိန်များသည် ကောင်းကင်မိုးကြိုးဒဏ်၏ တိုက်ခိုက်မှုအောက်တွင် ဖြည်းညှင်းစွာ ကုန်ဆုံးသွားသည်။
"မွန်း..."
ရုတ်တရက် အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်လာသည်။
ကောင်းကင်ကို မိုးပြီး မြေကြီးကို နင်းထားသည့် 'နွားခေါင်းကြီး' ပုံရိပ်တစ်ခုသည် မြေပြင်ပေါ်တွင် တဖြည်းဖြည်း ပေါ်ထွက်လာသည်။ ထိုပုံရိပ်ကြီးသည် ခေါင်းကို မော့ရန် အလွန် ခက်ခဲနေပုံ ရသည်။ ချန်ရွှင် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိသည်။
"ဟား... နွားနက်ကြီး လို့ ခေါ်ထိုက်ပါပေတယ်"
ချန်ရွှင် အသက်ပြင်းပြင်း ရှူလိုက်သည်။ ဤနေရာအထိပင် ထိုဖိအားကြီး ရောက်ရှိလာသည်။
"သောက်ကျိုးနည်းပဲ... ဒါ အနာဂတ်က နွားကြီးရဲ့ ပုံစံများလား..."
ဝုန်း... ဝုန်း...
ဒိန်း... ဒိန်း...
အလင်းရောင် နွားခေါင်းကြီးသည် မြေပြင်ပေါ်တွင် မတ်မတ်ရပ်လျက် နောက်ဆုံးတွင် ခေါင်းကို အပြည့်အဝ မော့လိုက်သည်။ ထိုမျက်ဝန်းများထဲတွင် အဆုံးအစမဲ့သော အေးစက်မှုနှင့် တည်ငြိမ်မှုများ ပြည့်နှက်နေပြီး ကောင်းကင်ဘုံကိုပင် စိန်ခေါ်တော့မည့် အသွင်ရှိနေသည်။
နွားလက်ဝါးကြီး တစ်ဖက်သည် ဖြည်းညှင်းစွာ ဆန့်ထွက်လာပြီး ကောင်းကင်မှ မိုးကြိုးတိမ်တိုက်ကြီးဆီသို့ လှမ်းဆုပ်လိုက်သည်။
ကောင်းကင်မိုးကြိုးဒဏ်သည်လည်း ဒေါသထွက်သွားသကဲ့သို့ ပိုမို ကြမ်းတမ်းလာသည်။ ထိုအချိန်တွင် နွားခေါင်းကြီး နောက်တစ်ခု ထပ်မံ ဖြစ်ပေါ်လာသည်။ ခေါင်းတစ်လုံးမှနေ၍ နောက်ထပ် ခေါင်းများ ဆက်တိုက် ထွက်ပေါ်လာသည်။ ထိုခေါင်းများမှ နှာမှုတ်သံများ တပြိုင်နက် ထွက်ပေါ်လာသောအခါ လေထုကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားလေသည်။
ခေါင်းငါးလုံးနှင့် လက်ဆယ်ဖက်။
အားလုံးသည် ထူထပ်သော မိုးကြိုးတိမ်တိုက်ကြီးကို မော့ကြည့်လိုက်ကြပြီး နွားလက်ဝါး ဆယ်ဖက်သည် ကျဆင်းလာသော ကောင်းကင်မိုးကြိုးဒဏ်ကို အားကုန် တိုက်ခိုက်လိုက်ကြသည်။
"သောက်ကျိုးနည်း..." ချန်ရွှင် ကြက်သီးမွေးညှင်းများ ထသွားပြီး အော်ဟစ်လိုက်မိသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှု၏ အရှိန်ကြောင့် သူပင်လျှင် နောက်သို့ ပေတစ်ထောင်ကျော်ခန့် လွင့်စင်သွားရသည်။
"မွန်း..."
ရှေးပဝေသဏီကတည်းက ထွက်ပေါ်လာသော အော်ဟစ်သံကြီး တစ်ခုကဲ့သို့ အရပ်လေးမျက်နှာသို့ ပဲ့တင်ထပ်သွားသည်။ မိုးကြိုးပင်လယ်ကြီး တစ်ခုလုံး ထိုအသံကြောင့် ခေတ္တ ရပ်တန့်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်နေသော ချန်ရွှင်၏ အတွေးများပင် ရပ်တန့်သွားရသည်။
"မိုက်လိုက်တာ... ဒါ တကယ်ကြီး မိုက်လွန်းနေပြီ..."
ချန်ရွှင်သည် အစောပိုင်းက ခန့်ညားထည်ဝါသော ပုံစံများကို မေ့လျော့သွားပြီး မျက်လုံးများ ပြူးကျယ်လျက် အဝေးသို့ လှမ်းကြည့်ကာ အော်ဟစ်နေမိသည်။
အလင်းရောင် နွားခေါင်းကြီး ကောင်းကင်သို့ လက်ဆန့်တန်းလိုက်ချိန်တွင် လေပြင်းများ တိုက်ခတ်ပြီး တိမ်တိုက်များ လွင့်စင်ကုန်သည်။
ထိုအလင်းရောင် နွားခေါင်းကြီး၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှု အလျဉ်းမရှိဘဲ လက်ဆယ်ဖက်စလုံး ကောင်းကင်သို့ ဆန့်တန်းကာ မိုးကြိုးတိမ်တိုက်ကြီးကို ဆုပ်ကိုင်လိုက်ရာ လေထုကြီးတစ်ခုလုံး တုန်ခါသွားလေသည်။
ဘုန်း...
မြေကြီးများ တုန်ခါသွားပြီး မိုးကြိုး လျှပ်စီးတန်းများ နေရာအနှံ့ ပေါက်ကွဲထွက်လာသည်။
ကောင်းကင်နှင့် မြေကြီးကြား ပြည့်နှက်နေသော ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်း အရှိန်အဝါများသည် ပျက်စီးသွားပြီး လွင့်စင်ပျောက်ကွယ်သွားသည်။ မိုးကြိုးတိမ်တိုက်ကြီးသည်လည်း ကောင်းကင်မိုးကြိုးဒဏ်၏ စွမ်းအားများ ကုန်ဆုံးသွားပြီး တဖြည်းဖြည်း အားနည်းလာကာ နောက်ဆုံးတွင် ပျောက်ကွယ်သွားလေသည်။
ထို့နောက် ရောင်စုံ သက်တံအလင်းတန်းကြီး ထွက်ပေါ်လာသည်။ ကမ္ဘာမြေကြီးက မူလဝိညာဉ်အဆင့်သစ် တစ်ဦး မွေးဖွားလာခြင်းကို ဂုဏ်ပြုနေသကဲ့သို့ အဆုံးအစမဲ့သော ညကောင်းကင်ကို လင်းထိန်သွားစေသည်။
ချန်ရွှင်၏ ရင်ထဲတွင် လွန်ခဲ့သော ရက်အနည်းငယ်က နွားနက်ကြီး ခံစားခဲ့ရသကဲ့သို့ ပင်လယ်ကြီး မှောက်လှန်သွားသကဲ့သို့ တုန်လှုပ်နေမိသည်။ ထိုကြောက်မက်ဖွယ် မြင်ကွင်းကြီး... ဒီကောင် နွားကြီးက တကယ် ရူးသွပ်နေတာပဲ။
ထိုအချိန်တွင် နွားနက်ကြီး၏ မျက်နှာပေါ်၌ မျက်ရည်များ စီးကျနေဆဲ ဖြစ်သော်လည်း ရင်ထဲတွင်မူ ကောင်းကင်ဘုံကိုပင် လောင်ကျွမ်းစေမည့် ဒေါသများ ပြည့်နှက်နေသည်။
ဘယ်သူမှ အစ်ကိုကြီးချန်ရွှင်ကို အထိခိုက်ခံမှာ မဟုတ်ဘူး။
သူ၏ ဦးခေါင်းထက်တွင် 'နွားပေါက်စ' လေး ငါးကောင်၏ ပုံရိပ်များ တင်ပျဉ်ခွေ ထိုင်နေပြီး မြင့်မြတ်သော အလင်းရောင်များ ထွက်ပေါ်ကာ ငြိမ်းချမ်းစွာ ရှိနေကြသည်။
ထိုမြင်ကွင်းကို ကြည့်ပြီး ချန်ရွှင် ရယ်ချင်သွားသည်။ တင်းကျပ်နေသော အာရုံကြောများ ပြေလျော့သွားပြီး တဟားဟား ရယ်မောလိုက်မိသည်။ ထိုနွားပေါက်စလေးများက နွားနက်ကြီး ငယ်ငယ်တုန်းက ပုံစံလေးတွေပဲ မဟုတ်ပါလား။
"မွန်း" နွားနက်ကြီး မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။ မျက်ဝန်းထဲတွင် လျှပ်စီးများ လက်သွားပြီး မျက်ရည်များ ချက်ချင်း ခန်းခြောက်သွားကာ ချန်ရွှင်ကို နေရာအနှံ့ လိုက်လံ ရှာဖွေနေတော့သည်။
အစ်ကိုကြီး ဘယ်မှာလဲ။
နွားနက်ကြီး၏ အမွေးအမှင်များသည် ပိုမို မည်းနက်တောက်ပလာပြီး အဝေးမှ ကြည့်လျှင် အနက်ရောင် သံချပ်ကာ ဝတ်ဆင်ထားသကဲ့သို့ ခန့်ညားထည်ဝါနေသည်။
နွားနက်ကြီးလည်း နောက်ဆုံးတွင် အဆင့်တက် အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။ 'နွားဘိုးဘေးကြီး' မွေးဖွားလာခဲ့ပြီ။ မူလဝိညာဉ်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
"နွားကြီး..."
"မွန်း..."
နွားနက်ကြီးသည် အသံလာရာဘက်သို့ လှမ်းကြည့်လိုက်ပြီး မျက်ရည်များ ထပ်မံ စီးကျလာပြန်သည်။ အစ်ကိုကြီးရဲ့ သေပုံသေနည်းက အရမ်းဆိုးရွားလွန်းတယ်... အနည်းဆုံး အခါတစ်ရာလောက် သေခဲ့ရတာ။
တစ်ခါကဆိုလျှင် ချန်ရွှင်က "ငါက မင်းထက် ပိုချောတယ်" ဟု ပြောသဖြင့် အစ်ကိုကြီး ရှေ့မှာတင် မြစ်ထဲ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသည့် စိတ်ကူးယဉ် အိပ်မက်ကိုပင် မြင်မက်ခဲ့သေးသည်။
နွားနက်ကြီးသည် ခေါင်းကို ခါရမ်းလိုက်ပြီး အတွေးဆိုးများကို ဖယ်ရှားကာ ဝိညာဉ်ငါးခုစလုံးကို ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် သိမ်းဆည်းလိုက်ပြီး ချန်ရွှင်ထံသို့ အပြေးအလွှား သွားလိုက်သည်။
လူတစ်ယောက်နှင့် နွားတစ်ကောင်သည် နောက်တစ်ကြိမ် တင်းကျပ်စွာ ဖက်ထားလိုက်ကြသည်။ သို့သော် တစ်ယောက်ကိုတစ်ယောက် မမြင်ရသော မျက်နှာများတွင်မူ ကောက်ကျစ်သော အပြုံးများ အသီးသီး ရှိနေကြသည်။
သူတို့နှစ်ဦး၏ ခေါင်းထဲတွင် တူညီသော အတွေးတစ်ခုသာ ရှိနေသည်။
မင်းရဲ့ စိတ်ကူးယဉ် အိပ်မက်ထဲက သေပုံသေနည်းက တော်တော်လေးကို ကြည့်ရဆိုးတာပဲ...
ချန်ရွှင်သည် ကောင်းကင်မှ ရောင်စုံ သက်တံအလင်းတန်းများကို မော့ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။
"နွားကြီး... ငါတို့ နောက်ဆုံးတော့ အောင်မြင်ခဲ့ပြီကွ။"
"မွန်း..."
နွားနက်ကြီးသည် ချန်ရွှင်၏ မျက်နှာကို ပွတ်သီးပွတ်သပ် လုပ်ရင်း ပါးစပ်ကြီး ဖြဲကာ ရယ်မောလိုက်သည်။ အစ်ကိုကြီး အသက်ရှင်နေသေးတာပဲ။
ချန်ရွှင်သည် နွားနက်ကြီး၏ ကျောပြင်ကို ပုတ်လိုက်ပြီး အလိုလို ပြုံးလိုက်မိသည်။ လောကကြီးက သိပ်ကျယ်ဝန်းတာပဲ။ နောက်ဆုံးတော့ ငါတို့ နေရာအနှံ့ လျှောက်သွားလို့ ရပြီပေါ့။
ဒီ အားနည်းသူကို အားကြီးသူက အနိုင်ကျင့်တဲ့ ကျင့်ကြံခြင်း လောကကြီးထဲမှာ ပုရွက်ဆိတ်လေးတွေလို ကြောက်ကြောက်လန့်လန့်နဲ့ နေရာတိုင်းမှာ အန္တရာယ်တွေချည်းပဲလို့ ခံစားပြီး နေစရာ မလိုတော့ဘူး။
နွားနက်ကြီးသည် မြေကြီးပေါ်တွင် ထိုင်ချလိုက်ပြီး ရောင်စုံ သက်တံအလင်းတန်းများကို မော့ကြည့်ကာ ပါးစပ်မှ လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ တကယ် လှပတာပဲ။
သူတို့သည် ရှေ့တွင် ကရိန်းသစ်သား မီးပုံလေး တစ်ခု ဖန်တီးလိုက်ပြီး ညကောင်းကင်၏ လှပသော ရှုခင်းများကို တိတ်ဆိတ်စွာ ခံစားနေကြသည်။ အဆင့်တက်သွားသည့် ပျော်ရွှင်မှုများသည်လည်း ညလေညှင်းနှင့်အတူ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ပြီ။
"နွားကြီး... အိမ်ပြန်ကြစို့။"
ချန်ရွှင်၏ မျက်ဝန်းထဲတွင် လွမ်းဆွတ်တမ်းတမှုများ ပေါ်လာသည်။ ညာဘက်လက်ဖြင့် နွားနက်ကြီး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
"ဒီနေရာကနေ ထွက်လာခဲ့တာ ဘယ်လောက်တောင် ကြာပြီလဲ မသိတော့ပါဘူးကွာ။"
"မွန်း..."
နွားနက်ကြီးသည်လည်း တွေဝေစွာ ခေါင်းညိတ်လိုက်သည်။ သူလည်း အချိန်တွေကို မမှတ်မိတော့ပေ။
"မူလဝိညာဉ်အဆင့်ကို ခိုင်မာအောင် အရင်လုပ်မယ် ပြီးရင် အိမ်ပြန်ကြမယ်။"
"မွန်း..."
နွားနက်ကြီး ပြုံးလိုက်သည်။ တကယ်တော့ သူ အမြဲတမ်း အိမ်ပြန်ချင်နေခဲ့တာ။
အပြင်လောကမှာ အချိန်ကြာမြင့်စွာ လှည့်လည်သွားလာနေခဲ့ရတော့ အရင်တုန်းကလို စိတ်လုံခြုံမှုပေးနိုင်တဲ့ နေရာမျိုး ဘယ်မှာမှ ရှာမတွေ့ခဲ့ရဘူး။
ကောင်းကင်မှ ရောင်စုံ အလင်းတန်းများ ပျောက်ကွယ်သွားပြီးနောက် ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် နောက်တစ်ကြိမ် ကောင်းကင်ဘုံကို ကျေးဇူးတင်ဆုတောင်းများ ပို့သလိုက်ကြသည်။
နွားနက်ကြီးသည် စောစောက ကောင်းကင်မိုးကြိုးဒဏ်ကို တိုက်ခိုက်ခဲ့စဉ်က ကြောက်မက်ဖွယ်ကောင်းသော ပုံစံမျိုး မရှိတော့ဘဲ မြေကြီးပေါ်တွင် ဝပ်လျက် မွန်းမွန်း ဟု ငိုယိုအော်ဟစ်နေပြီး ချန်ရွှင် ဆွဲထူသော်လည်း မထတော့ပေ။
ပတ်ဝန်းကျင်ရှိ ခြေရာလက်ရာများကို ရှင်းလင်းဖျောက်ဖျက်ပြီးနောက် သူတို့သည် သဲကန္တာရထဲသို့ ပြန်လည် ဝင်ရောက်သွားကြပြီး မြေအောက်ဂူသစ် တစ်ခုကို ဖန်တီးလိုက်ကြသည်။
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် မြေကြီးပေါ်တွင် တင်ပျဉ်ခွေ ထိုင်လျက် မိမိတို့၏ မူလဝိညာဉ်ကို ခိုင်မာအောင် လုပ်ဆောင်ရင်း ဤ ကမ္ဘာသစ်၏ ခံစားချက်များကို ခံစားနေကြသည်။
မူလဝိညာဉ်အဆင့် ဘိုးဘေး ဆိုသည်မှာ ဂိုဏ်းတစ်ခု တည်ထောင်ပြီး မျိုးဆက်သစ်များကို လက်ဆင့်ကမ်း ပညာသင်ကြားပေးနိုင်သည့် အဆင့်အတန်းမျိုး ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီး၏ သဘောတရားများကို နားလည်သဘောပေါက်မှုက အရင်ကနဲ့ မတူညီတော့ပေ။
မိမိဘာသာ ကျင့်စဉ်များနှင့် ဂါထာမန္တန်များကို တီထွင်ဖန်တီးနိုင်စွမ်း ရှိလာပြီ ဖြစ်ပြီး ခန္ဓာကိုယ်အတွင်း၌ မူလဝိညာဉ် ရှိနေခြင်းကြောင့် ရုပ်ခန္ဓာနှင့် သွေးကြောများကို ကွဲပြားခြားနားသော နည်းလမ်းဖြင့် ထိန်းချုပ်နိုင်လာသည်။
ကျင့်ကြံစဉ် သွေးကြောဖောက်ပြန် ရူးသွပ်သွားနိုင်သည့် အန္တရာယ်ကိုလည်း အလွန်အမင်း လျှော့ချနိုင်ခဲ့ပြီ ဖြစ်သည်။ ချန်ရွှင်သည် ဤကမ္ဘာသစ်ထဲတွင် လွတ်လပ်စွာ ကူးခတ်နေပြီး အချိန်ကြာမြင့်စွာ ရုန်းမထွက်နိုင်အောင် ဖြစ်နေမိသည်။
သူသည် မိမိ၏ သိုင်းကွက် ကြယ်ကြွေသိုင်း အပေါ် ပိုမို နားလည်သဘောပေါက်လာသကဲ့သို့ ခံစားလိုက်ရသည်။ ဝိညာဉ်စွမ်းအင် သည် အဘယ်ကြောင့် ထိုမျှ ထူးဆန်းသော သဘောသဘာဝများ ရှိနေသနည်း ဆိုသည်ကို အနည်းငယ် ရိပ်မိလာသည်။
"မိုက်တယ်ဟ..." ချန်ရွှင်သည် မူလဝိညာဉ်အဆင့်၏ ကောင်းမွန်မှုများကို စိတ်ထဲတွင် အဆက်မပြတ် ချီးကျူးနေပြီး အနာဂတ်အတွက် အစီအစဉ်သစ်များ ချမှတ်နေသည်။
အချိန်တန်လျှင် ဆေးဥယျာဉ် တစ်ခု ဖန်တီးရုံသာမက ဂိုဏ်းပေါင်းစုံ၏ အကောင်းဆုံး ပညာရပ်များကိုလည်း လေ့လာသင်ယူရဦးမည်။ မူလဝိညာဉ်အဆင့်သို့ ရောက်ရှိပါက ထိုပညာရပ်များကို ပေါင်းစပ်ပြီး မိမိကိုယ်ပိုင် ပညာရပ်အဖြစ် ဖန်တီးနိုင်စွမ်း ရှိလာမည် ဖြစ်သည်။
"ကျင့်ကြံခြင်း လောကထဲ လျှောက်သွားမှတော့ သင်ယူစရာ ရှိတာ အကုန် သင်ယူထားရမှာပေါ့... အလဟဿ အဖြစ်မခံနိုင်ဘူး။"
ချန်ရွှင်သည် တဟဲဟဲ ရယ်မောလိုက်ပြီး နှုတ်ခမ်းထောင့်စွန်းများတွင် အောင်မြင်မှု အပြုံးတစ်ခု ပေါ်လာသည်။ "ငါတို့ဆီမှာ အချိန်တွေ အများကြီး ရှိတာပဲလေ။"
"မွန်း"
"နွားနက်ကြီး... ငါ့ကို လာမကြည့်နဲ့... ကိုယ့်အလုပ်ကိုယ် လုပ်... အဆင့်ကို ခိုင်မာအောင် အရင်လုပ်စမ်း။"
"မွန်း..."
နွားနက်ကြီးသည် လိမ္မာစွာ ခေါင်းညိတ်လိုက်ပြီး ဘာမှ မတွေးတော့ဘဲ ဆက်လက် ကျင့်ကြံနေလိုက်သည်။
......
သုံးလ ကြာပြီးနောက်။ ချန်နိုင်ငံ အနောက်ဘက် နယ်စပ်မြို့၊ ဟွိုင်ဖျင်မြို့။
ကောင်းကင်တွင် နေလုံးကြီး ဝင်လုဆဲဆဲ ဖြစ်ပြီး ညနေခင်း တိမ်တိုက်များသည် ဖြည်းညှင်းစွာ လွင့်မျောနေကြသည်။
နွားတစ်ကောင်နှင့် လူတစ်ယောက်၏ ပုံရိပ်သည် မိုးကုတ်စက်ဝိုင်း အဆုံးမှ ဖြည်းညှင်းစွာ ပေါ်ထွက်လာသည်။ လူတစ်ယောက်နှင့် နွားတစ်ကောင်သည် ဟောင်းနွမ်းနေသော ကောက်ရိုးဦးထုပ်များကို ဆောင်းထားကြပြီး သူတို့၏ အမူအရာမှာ အလွန် ပေါ့ပါးလွတ်လပ်နေပုံ ရသည်။
သူတို့သည် ကောင်းကင်မှ ဖြည်းညှင်းစွာ လျှောက်လှမ်းလာကြသည်။ ညနေခင်း အချိန်တွင် အိမ်ပြန်လာကြသော လူတစ်ယောက်နှင့် နွားတစ်ကောင်။ ထိုပုံရိပ်များသည် နေရောင်အောက်တွင် အလွန် ရှည်လျားစွာ ထင်ကျန်ရစ်ခဲ့လေသည်။