အခန်း ၁၇၄
Vol. 10 Ch. 174
အခန်း (၁၇၄)
နေ့ဝက်ခန့် ကြာပြီးနောက် ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ဖန်းနင်မြို့တော်၏ မြို့တံခါးဝကို အဝေးမှ လှမ်းမျှော်ကြည့်နေကြသည်။ ရင်းနှီးကျွမ်းဝင်သလိုလိုရှိသော်လည်း စိမ်းသက်နေသော မြင်ကွင်းတစ်ခုဖြစ်နေသည်။
မြို့တံခါးအပြင်ဘက်တွင် ယခင်ကဲ့သို့ပင် လူများ ဝင်ထွက်သွားလာနေကြပြီး မြင်းလှည်းများ တစ်စီးပြီးတစ်စီး ဖြတ်သန်းသွားကာ ခက်ထန်တင်းမာသော စစ်သည်တော်များကလည်း ကင်းလှည့်နေကြသည်။
သို့သော် မြို့ရိုးကြီးမှာ အကြိမ်မည်မျှ ပြုပြင်မွမ်းမံထားမှန်းမသိနိုင်လောက်အောင် သစ်လွင်နေပြီး သူတို့မှတ်မိနေသော ရှေးဟောင်းမြို့ရိုးကြီးနှင့် ကွဲပြားခြားနားနေပေပြီ။
သူတို့သည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီးနောက် လှိုင်းဂယက်ကင်းစင်သော ရေပြင်ကဲ့သို့ တည်ငြိမ်နေသည့် မျက်ဝန်းများဖြင့် မြို့တံခါးကို ငေးကြည့်ကာ မြို့တွင်းသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားကြလေသည်။
မြို့ထဲသို့ ဝင်လိုက်သည်နှင့် ခမ်းနားထည်ဝါသော အဆောက်အအုံများကို နေရာအနှံ့ တွေ့မြင်ရပြီး အနီရောင်မီးပုံးများကိုလည်း မြင့်မားစွာ ချိတ်ဆွဲထားကြသည်။ သို့သော် လမ်းမများ၏ မြင်ကွင်းမှာ ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး ဈေးသည်များ၏ ဈေးခေါ်သံများက နားထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေလေသည်။
"နွားကြီး... လောလောဆယ် ဒီအတိုင်း လျှောက်သွားကြည့်ကြတာပေါ့"
ချန်ရွှင်က သူ၏ နတ်အသိကို တိတ်တဆိတ် ဖြန့်ကျက်လိုက်ရာ လမ်းမကြီးများပေါ်မှ သွားလာလှုပ်ရှားနေကြသော လူများ၏ ပုံရိပ်များသည် သူ၏ ခေါင်းထဲသို့ တစ်ခုပြီးတစ်ခု စီးဝင်လာသည်။
"ဟဲဟဲ... ဟို တောဆီးသီးယိုတုတ်ထိုးသည် ရှိသေးတယ်ဟ"
"မွန်း"
နွားနက်ကြီးက ချန်ရွှင်ကို ခေါင်းဖြင့် ဝှေ့ကာ မြန်မြန်သွားရန် အလျင်လိုနေသည်။ လမ်းမပေါ်တွင် လျှောက်လိုက်၊ ရပ်လိုက်ဖြင့် ချန်ရွှင်၏ လက်ထဲတွင် တောဆီးသီးယိုတုတ်ထိုး နှစ်ချောင်း ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော် သူ၏ မျက်ဝန်းထဲတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။ စားကြည့်လိုက်သော်လည်း ယခင်ကဲ့သို့ အရသာမရှိတော့ပေ။
နွားနက်ကြီးကတော့ တစ်ကိုက်ပြီးတစ်ကိုက် မြိန်ရေရှက်ရေ စားသောက်နေသည်။ ဖန်းနင်မြို့တော်က တောဆီးသီးယိုက အကောင်းဆုံးပဲဟု တွေးနေဟန်တူသည်။
လမ်းသွားလမ်းလာများက သူတို့ကို နောက်ကွယ်မှ လက်ညှိုးထိုးကာ ခေါင်းခါလျက် တခစ်ခစ် ရယ်မောနေကြသည်။ နွားကြီးက တောဆီးသီးယို စားနေတယ်ဟူ၍ ဖြစ်သည်။ သူတို့သည် နေ့လည်မှ ညချမ်းအချိန်အထိ လျှောက်လှမ်းလာကြပြီးနောက် လူသူအရောက်အပေါက်နည်းပါးသော နောက်ဖေးလမ်းကြားလေးတစ်ခုသို့ ရောက်ရှိလာကြသည်။ ဤနေရာရှိ ဈေးသည်များ၏ အသံမှာ သိသိသာသာ တိုးညှင်းနေသည်။
လက်ဖက်ရည်ဆိုင်အချို့နှင့် အရက်ဆိုင်ငယ်လေးများ ရှိသော်လည်း ထိုပန်းပဲဖိုကတော့ မည်သည့်နေရာတွင်မှ ရှာမတွေ့တော့ပေ။ ရံဖန်ရံခါ သိုင်းလောကသားအချို့သာ သုံးယောက်တစ်စု၊ ငါးယောက်တစ်စုဖြင့် ဖြတ်သန်းသွားကြလေသည်။
"မွန်း"
နွားနက်ကြီးသည် အံ့အားသင့်စွာဖြင့် ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ သူတို့ဆိုင် ဘယ်ရောက်သွားပြီလဲ။ သူတို့မရောင်းရသေးဘူးလေ။
"နွားကြီး... မင်း ဘာတွေတွေးနေတာလဲ ဒါ လူ့ပြည်လောကကွ ဥပဒေဆိုတာ ရှိတယ်... သိမ်းခံလိုက်ရတာ ကြာလောက်ပြီပေါ့"
ချန်ရွှင်သည် တဟားဟား ရယ်မောလိုက်ပြီး ရှေ့သို့ ဆက်လျှောက်သွားသည်။
"သွားကြည့်ကြစို့"
"မွန်း"
နွားနက်ကြီးသည် နှာမှုတ်သံ ပြင်းပြင်းတစ်ချက် ပြုလုပ်လိုက်သည်။ သူ၏ ဦးနှောက်က သိပ်မလိုက်နိုင်သေးပေ။ ငါတို့မှ မရောင်းရသေးတာပဲကို။
ချင်ဟွာ လက်ဖက်ရည်ဆိုင်။
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ထိုဆိုင်ရှေ့တွင် အချိန်အတော်ကြာ ရပ်တန့်နေမိကြသည်။ ဤနေရာသည် ယခင်က ဘကြီးစွန်း၏ ပန်းပဲဖို ရှိခဲ့သော နေရာဖြစ်ပုံရသည်။
"ဟေး... ကြွပါခင်ဗျာ အစ်ကိုကြီးတို့ရဲ့ နွားနက်ကြီးကို အပြင်မှာ သေချာ ချည်ထားပေးပါ့မယ်"
ထိုစဉ် လက်ဖက်ရည်ဆိုင်ထဲမှ မျက်နှာတစ်ပြင်လုံး အပြုံးများပွင့်လန်းနေသော စားပွဲထိုးလူငယ်လေး တစ်ဦး ထွက်လာသည်။
"ဒီလမ်းမှာ ကျွန်တော်တို့ဆိုင်ထက် ပိုကောင်းတဲ့ လက်ဖက်ရည်ဆိုင် ရှာမတွေ့နိုင်ပါဘူးခင်ဗျ"
စားပွဲထိုးလေးသည် ဆိုင်ထဲမှနေ၍ သူတို့နှစ်ဦးကို အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ဤဧည့်သည်များ ဆိုင်ထဲသို့ သေချာပေါက် ဝင်ချင်နေသည်ဟု သူ ယုံကြည်ထားသည်။
"အေး... ဟုတ်တယ် ရှာမတွေ့တော့တာပါ"
ချန်ရွှင်သည် စားပွဲထိုးလေးကို ကြည့်ကာ ဖြည်းညှင်းစွာ ပြုံးလိုက်သည်။
"နောက်တစ်ခေါက်မှပဲ လာခဲ့ပါတော့မယ်ကွာ"
"မွန်း"
နွားနက်ကြီးသည်လည်း လက်ဖက်ရည်ဆိုင်ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်နေမိသည်။
"ဗျာ... ဪ... ဟုတ်ကဲ့ပါ နောက်မှ ပြန်လာခဲ့ပါခင်ဗျာ"
စားပွဲထိုးလေး၏ မျှော်လင့်ချက်များ ပျက်သုဉ်းသွားသော်လည်း အပြုံးမပျက် နှုတ်ဆက်လိုက်သည်။ သို့သော် တဖြည်းဖြည်း ဝေးကွာသွားသော လူတစ်ယောက်နှင့် နွားတစ်ကောင်၏ ကျောပြင်ကို ကြည့်ရင်း "အချိန်ကုန်လိုက်တာ" ဟု မကျေမနပ်ဖြင့် တီးတိုး ရေရွတ်လိုက်လေသည်။
ဖန်းနင်မြို့တော်၊ တောင်ဘက်ပိုင်း။
ဤနေရာတွင် ယခင်ကကဲ့သို့ပင် ဆေးခန်းများ ပေါများလှပြီး စိုးရိမ်သောကရောက်နေသော မျက်နှာများဖြင့် ပြည်သူများ ပြည့်နှက်နေကြသည်။ မြို့ပြင်မှနေ၍ ဆေးကုသရန် တကူးတက လာရောက်ကြသူများလည်း အများအပြား ရှိသည်။
သို့သော် ဤတောင်ဘက်ပိုင်းတွင် နာမည်ကျော် မိသားစု တစ်စု ရှိနေသည်။ အနှစ်တစ်ထောင်တိုင်တိုင် ဆေးပညာရှင်များအဖြစ် မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့သော မိသားစု နင်းမိသားစု ပင် ဖြစ်သည်။
ကောလာဟလများအရ နင်းမိသားစု၏ ဘိုးဘွားများ၏ ကောင်းချီးပေးမှုကို ရခဲ့ပြီးနောက် ဘိုးဘေးများထဲမှ နန်းတွင်းသမားတော် အချို့ ပေါ်ထွက်လာခဲ့သဖြင့် မိသားစုဝင် တစ်စိတ်တစ်ပိုင်းသည် မြို့တော်သို့ ပြောင်းရွှေ့ကာ ကြီးပွားချမ်းသာသွားကြသည်ဟု ဆိုသည်။
တကယ်ကြီးလားဟ။
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် လမ်းခရီးတွင် ထိုကောလာဟလများကို ကြားသိလိုက်ရသောအခါ အလွန်အမင်း ပျော်ရွှင်သွားကြသည်။ ဆရာနင်၏ ကောင်းချီးမင်္ဂလာများ ရှိနေသဖြင့် နင်းမိသားစု ကြီးပွားတိုးတက်လာသည်မှာ အံ့ဩစရာ မဟုတ်ပေ။
ဖိန်ထိုက် ဆေးခန်း။
ဤဆေးခန်းသည် ယခုအခါ ကျယ်ဝန်းလှသော နေရာတစ်ခုကို ပိုင်ဆိုင်ထားပြီး တောင်ဘက်ပိုင်းတွင် အကြီးဆုံး ဆေးခန်းကြီး အဖြစ် ကြီးထွားလာခဲ့ပြီ ဖြစ်သည်။
နင်းမိသားစုတွင် နင်းယွမ်ရု နှင့် နင်းချုံဝမ် ဟူသော နာမည်ကျော် သမားတော် နှစ်ဦး ရှိပြီး သူတို့၏ အသက်ကယ်တင်နိုင်စွမ်းရှိသော ဆေးပညာ ဂုဏ်သတင်းသည် ပတ်ဝန်းကျင် မြို့ရွာများအထိပင် ကျော်ကြားနေလေသည်။
ဆေးခန်းဆိုင်းဘုတ်၏ အောက်တွင် ယခင်ကကဲ့သို့ပင် စာသားများကို ချိတ်ဆွဲထားဆဲ ဖြစ်သည်။
"သတ္တဝါအပေါင်းကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ၊ ဆေးခန်းကိုမည်သူမျှရောက်မလာကြပါစေနဲ့။"
ယနေ့တွင် နင်းယွမ်ရုနှင့် နင်းချုံဝမ်တို့ နှစ်ဦးသည် အခန်းတွင်း၌ လက်ဖက်ရည်သောက်ရင်း ဆေးပညာအကြောင်း ဆွေးနွေးနေကြသည်။
"အစ်ကိုကြီး... ဒီရောဂါက ဆေးဘက်ဝင် အပင်တွေရဲ့ အာနိသင်ကြောင့် ပြဿနာဖြစ်တာလို့ ထင်တယ်... ကုသတဲ့ နည်းစနစ်ကြောင့် မဟုတ်ဘူး"
နင်းချုံဝမ်က တည်ငြိမ်စွာ ပြောလိုက်သည်။ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဖြူစင်နုနယ်သော မျက်နှာထားရှိသည့် သူမထံမှ သင်းပျံ့သော ဆေးရနံ့လေးများ ထွက်ပေါ်နေကာ အဝေးမှ ကြည့်ရုံဖြင့်ပင် စိတ်နှလုံးကို အေးချမ်းသွားစေသည်။
"ညီမသုံး... မလောပါနဲ့ တကယ်လို့ ဆေးအမယ်တွေကို ပြောင်းလိုက်မယ် ဆိုရင် ပြည်သူတွေက ဒီလောက် ဈေးကြီးတဲ့ ဆေးဖိုးကို တတ်နိုင်မှာ မဟုတ်တော့ဘူး"
နင်းယွမ်ရုက လက်ကို ညင်သာစွာ မြှောက်ကာ လက်ဖက်ရည်ခွက်ကို ကိုင်လိုက်သည်။ သူ၏ ကိုယ်နေဟန်ထားသည် သိမ်မွေ့ယဉ်ကျေးပြီး သူ၏ စကားလုံးများသည် နွေဦးလေပြည်ကဲ့သို့ လူတို့၏ စိတ်နှလုံးကို နွေးထွေးသွားစေသည်။
သူ၏ မျက်လုံးများမှာ ရှည်သွယ်ကြည်လင်နေပြီး မျက်ဝန်းထဲမှ အလင်းရောင်သည် လှပသော ကျောက်စိမ်းကဲ့သို့ နူးညံ့စွာ တောက်ပနေသော်လည်း အတွင်းအနက်ရှိုင်းဆုံးတွင်မူ ကြံ့ခိုင်သော စိတ်ဓာတ်များ ကိန်းအောင်းနေသည်။
နင်းချုံဝမ်သည် သက်ပြင်းတစ်ချက် ဖွဖွချလိုက်ပြီး ဘိုးဘေးများ ချန်ရစ်ခဲ့သော ဆေးကျမ်းများကို လှန်လှောရှာဖွေလိုက်သည်။ ဘိုးဘေးများက ဤအခက်အခဲကို မည်သို့ ဖြတ်ကျော်ခဲ့ကြသနည်း ဆိုသည့် ဉာဏ်ပညာကို ရှာဖွေနေခြင်း ဖြစ်သည်။
ထိုစဉ် သူတို့၏ လက်ထဲရှိ လက်ဖက်ရည်ခွက်အတွင်းမှ ရေပြင်သည် ရုတ်တရက် လှုပ်ရှားသွားပြီး နှစ်ဦးစလုံး၏ မျက်နှာများ ပျက်ယွင်းသွားကြသည်။
အခန်းတွင်း၌ အသံတစ်ချက်မျှ မထွက်ပေါ်ဘဲ လူတစ်ယောက် နှင့် နွားနက်ကြီးတစ်ကောင် ရုတ်တရက် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
"ဘယ်သူလဲ"
နင်းယွမ်ရုနှင့် နင်းချုံဝမ်တို့၏ အကြည့်များ စူးရှသွားသည်။ မျက်ဝန်းထဲတွင် အနည်းငယ် တုန်လှုပ်မှုများ ရှိနေသော်လည်း ယခင်က အခက်အခဲပေါင်းများစွာကို ဖြတ်သန်းခဲ့ဖူးသဖြင့် အတော်လေး တည်ငြိမ်နေသေးသည်။
ဤမျှ သွက်လက်ပေါ့ပါးသော ကိုယ်ဖော့ပညာမျိုးမှာ အနည်းဆုံးတော့ သိုင်းလောက၏ ဆရာကြီး အဆင့်ရှိသည့် သိုင်းပညာရှင်တစ်ဦး သေချာပေါက် ဖြစ်ပေလိမ့်မည်။ အပြင်ဘက်တွင် လှုပ်ရှားနေသော နင်းမိသားစုဝင် တစ်ယောက်ယောက်ကများ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးဦးနှင့် ရန်ငြိုးဖွဲ့မိခဲ့လေသလား။
"မင်းတို့နှစ်ယောက်... အဲဒီလောက်လည်း မလန့်ပါနဲ့ကွာ"
ချန်ရွှင်က ခပ်ဖွဖွ ပြုံးလိုက်ရာ အခန်းတွင်းသို့ သန့်စင်သော လေပြေလေညှင်းများ ဖြတ်သန်းတိုက်ခတ်သွားသည်။ လေပြေတိုက်ခတ်သွားသည်နှင့် တစ်ပြိုင်နက် အရာအားလုံး အသစ်တစ်ဖန် ပြန်လည် မွေးဖွားလာသကဲ့သို့ အခန်းတွင်းရှိ စားပွဲနှင့် ကုလားထိုင်များ အားလုံးသည် အသစ်စက်စက်ကဲ့သို့ ပြောင်လက်သွားလေသည်။
အင်မော်တယ် ပဲ။
သူတို့နှစ်ဦးသည် အလွန်အမင်း အံ့ဩထိတ်လန့်သွားပြီး မတ်တပ်ရပ်လိုက်ကြကာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အလျင်အမြန် ခေါင်းငုံ့၍ လက်သီးဆုပ်ကာ အရိုအသေပြုလိုက်ကြသည်။
"နင်းယွမ်ရု... အင်မော်တယ် ကို ဂါရဝပြုပါတယ်"
"နင်းချုံဝမ်... အင်မော်တယ် ကို ဂါရဝပြုပါတယ်"
သူတို့၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပိုမို ပြည့်နှက်လာသည်။ ဒဏ္ဍာရီလာ အင်မော်တယ် တစ်ပါးနှင့် တွေ့ဆုံရလိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူးပေ။ သို့သော် တစ်ချိန်တည်းမှာပင် ဤအင်မော်တယ်သည် မည်သည့် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာမှန်း မသိသဖြင့် ရင်ထဲတွင် စိုးရိမ်ပူပန်မှုများလည်း ပြည့်နှက်နေသည်။
"မွန်း..."
နွားနက်ကြီးက တိုးညှင်းစွာ အော်မြည်လိုက်ပြီး နှာခေါင်းကို ရှုံ့ပွရှုံ့ပွ လုပ်လိုက်သည်။ အလွန် ပြင်းထန်သော ဆေးရနံ့ပင်။ ယခင်က ချန်ရွှင်၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေကျ ရနံ့မျိုး ဖြစ်သည်။
"ဒီလိုတွေလုပ်စရာမလိုပါဘူး ငါတို့က နင်းမိသားစုရဲ့ အခြေအနေကို လာကြည့်ရုံ သက်သက်ပါ"
ချန်ရွှင်က လက်ကို ဝှေ့ယမ်းလိုက်ရာ မျက်စိဖြင့် မမြင်နိုင်သော စွမ်းအားတစ်ခုက သူတို့နှစ်ဦးကို မတ်တပ်ရပ်စေလိုက်သည်။
"နင်းမိသားစုရဲ့ ဘိုးဘေးတွေနဲ့ ငါနဲ့က အရင်တုန်းက ရေစက် နည်းနည်း ရှိခဲ့ဖူးလို့ပါ"
နင်းယွမ်ရုမှာ ကြားလိုက်ရသောအခါ အံ့အားသင့်သွားသည်။ မိမိတို့၏ ဘိုးဘေးများတွင် အင်မော်တယ်နှင့် ရေစက် ရှိခဲ့ဖူးသည်တဲ့လား။
"အင်မော်တယ်... ထိပ်ဆုံး နေရာမှာ ထိုင်ပါခင်ဗျာ ညီမသုံး... မြို့တော်ကနေ ယူလာတဲ့ အကောင်းဆုံး လက်ဖက်ရည်ကို မြန်မြန် သွားယူချေ"
"အင်မော်တယ်... ခဏလောက် စောင့်ပါရှင် ချက်ချင်း သွားပြင်ဆင်လိုက်ပါ့မယ်"
နင်းချုံဝမ်၏ မျက်ဝန်းများ တောက်ပသွားပြီး ကျော့ရှင်းစွာ ဦးညွှတ်လိုက်ပြီးနောက် အခန်းထဲမှ အလျင်အမြန် ထွက်ခွာသွားလေသည်။
အခန်းတွင်း၌ လူနှစ်ယောက်နှင့် နွားတစ်ကောင်သာ ကျန်ရစ်ခဲ့သည်။ နင်းယွမ်ရုမှာ အနည်းငယ် ဂဏာမငြိမ် ဖြစ်နေပြီး နှစ်ပေါင်းများစွာ လေ့ကျင့်ပျိုးထောင်လာခဲ့သော လူကြီးလူကောင်းတစ်ဦး၏ အမူအရာများ အားလုံး လွင့်ပါးသွားကာ ချန်ရွှင်၏ ရှေ့တွင် ကလေးငယ်လေး တစ်ယောက်ကဲ့သို့ ဖြစ်နေလေသည်။
"ကြည့်ရတာ... နင်းမိသားစုက ဒီနှစ်တွေထဲမှာ အတော်လေး အဆင်ပြေနေတဲ့ပုံပဲ"
ချန်ရွှင်သည် ထိပ်ဆုံး နေရာတွင် ထိုင်လိုက်ပြီး နင်းယွမ်ရုကို ကြည့်ကာ ပြုံးရွှင်စွာ ပြောလိုက်သည်။
"စောစောက မင်းတို့ ဆွေးနွေးနေတာကို ငါ ကြားလိုက်တယ် တကယ်လို့ ဆေးဖော်စပ်တဲ့နေရာမှာ နားမလည်တာ ရှိရင် ငါ့ကို မေးလို့ ရပါတယ်"
"အင်မော်တယ်... ရိုသေစွာနဲ့ မေးခွင့်ပြုပါခင်ဗျာ အင်မော်တယ် နဲ့ ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေက ဘယ်လို ပတ်သက်မှုများ ရှိခဲ့လို့လဲ..."
နင်းယွမ်ရုသည် လည်ချောင်းများ ခြောက်ကပ်နေသော်လည်း အသိချင်ဆုံး မေးခွန်းကို မေးလိုက်လေသည်။
"ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့... ကျွန်တော်မျိုးက အင်မော်တယ် ကို အနှောင့်အယှက်ပေးဖို့ ရည်ရွယ်ချက် မရှိပါဘူး"
သူ့အနေဖြင့် ဆေးပညာအကြောင်း မေးမြန်းဆွေးနွေးရန် မဖြစ်နိုင်ပေ။ အင်မော်တယ် ပြောဆိုမည့် အရာများသည် မိမိတို့ကဲ့သို့ သာမန်လူသားများ၏ ကမ္ဘာနှင့် အလွန် ကွာခြားလွန်းလှသဖြင့် နားလည်နိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။
"ဆရာနင်... သူက ငါ့ရဲ့ ဆရာပဲ"
ချန်ရွှင်၏ မျက်ဝန်းထဲတွင် ဂုဏ်ယူဝင့်ကြွားမှု အနည်းငယ် ပေါ်လာသည်။
"နင်းမိသားစုက ဒီနေ့အထိ ဒီလို ဆက်လက် ရပ်တည်နိုင်တာကို မြင်ရရင်... ဆရာလည်း ကောင်းကင်ဘုံကနေ ဝမ်းသာနေမှာပါ"
ဆရာနင်….
ခွမ်း
တံခါးဝသို့ လက်ဖက်ရည် ယူဆောင်လာသော နင်းချုံဝမ်သည် ထိုနာမည်ကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် လက်များ တုန်ခါသွားပြီး လက်ဖက်ရည်အိုးသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျ ကွဲအက်သွားသည်။ သူမ၏ မျက်လုံးများ အလွန်အမင်း ပြူးကျယ်နေသည်။
နင်းယွမ်ရုသည်လည်း မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ရင်ထဲတွင် မုန်တိုင်းများ ထန်လာကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျောပြင်တစ်ခုလုံး ချွေးစေးများ ရွှဲနစ်သွားလေသည်။ ထိုနာမည်သည် အလွန် ရှေးကျလွန်းလှသည်။ မိသားစု ဆွေစဉ်မျိုးဆက် မှတ်တမ်းတွင် စာမျက်နှာပေါင်းများစွာ နောက်သို့ ပြန်လှန်ကြည့်မှသာ တွေ့နိုင်မည့် နာမည်မျိုး ဖြစ်ပေသည်။
သူတို့သည် အင်မော်တယ်များသည် သာမန်လူများထက် နှစ်ရာပေါင်းများစွာ ပိုမို အသက်ရှည်ကြသည် ဟူသော ကောလာဟလများကို ကြားဖူးသော်လည်း ဤမျှလောက် အသက်ရှည်လိမ့်မည်ဟု မထင်မှတ်ခဲ့ကြပေ။
သို့သော် မိမိတို့ မျက်စိရှေ့မှောက်ရှိ အမျိုးသား၏ ရုပ်ရည်သွင်ပြင်သည် မိမိတို့ထက် များစွာ ငယ်ရွယ်နုပျိုနေသည်။