← Chapters

အခန်း ၁၇၈

Vol. 10 Ch. 178

အခန်း ၁၇၈

Vol. 10 Ch. 178

အခန်း (၁၇၈)

နှင်းဂီတတောင်ကြား အတွင်း၌...

ချန်ရွှင်နှင့် ကျင်းယွီတို့ မျက်နှာချင်းဆိုင် ထိုင်နေကြပြီး နွားနက်ကြီးသည် ချန်ရွှင်၏ ဘေးတွင် ထိုင်လျက် ကျင်းယွီကို ကြောင်တောင်တောင် အကြည့်ဖြင့် ကြည့်ရှုနေ၏။

ဤမျှ အနီးကပ်အကွာအဝေးမှ မူလဝိညာဉ်အဆင့် ဘိုးဘေးတစ်ပါးကို ကြည့်ရှုရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ တစ်မျိုးလေး ထူးဆန်းသော ခံစားချက်ပင်။ ဤနေရာသို့ လာရာလမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော ချီသန့်စင်ခြင်းအဆင့်၊ အခြေခံတည်ဆောက်ခြင်းအဆင့်၊ ရွှေအမြူတေအဆင့် ကျင့်ကြံသူများနှင့် ထိတွေ့ဆက်ဆံခဲ့ရသော်လည်း မူလဝိညာဉ်အဆင့် ဘိုးဘေးကသာ အဘယ်ကြောင့် အလွန် 'စိတ်သက်သာရာ' ရစေသနည်း။

လူနှစ်ယောက်နှင့် နွားတစ်ကောင်သည် နှင်းတောင်ထိပ်တွင် ထိုင်နေကြသည်။ ကောင်းကင်မှ ခပ်ဖျော့ဖျော့ နှင်းပွင့်လေးများ လွင့်ဝဲကျဆင်းနေပြီး သူတို့၏ မျက်ဝန်းများတွင် တစ်ပြေးညီ အေးချမ်းသော အပြုံးများ ပေါ်လာကြသည်။

"တာအိုမိတ်ဆွေ ကျင်းယွီ... ကျွန်တော် လိုရင်းကိုပဲ ပြောလိုက်ပါတော့မယ်"

ချန်ရွှင်သည် အလွန် သွယ်ဝိုက်ပြီး ယဉ်ကျေးသော စကားအသုံးအနှုန်းကို သုံးလျက် သိုလှောင်အိတ် တစ်အိတ်ကို စားပွဲပေါ်သို့ တင်လိုက်သည်။

"ဧည့်သည် အနေနဲ့ လာလည်တာဆိုတော့... လက်ဆောင်လေးဘာလေးယူလာတာပါ"

"မွန်း..."

နွားနက်ကြီး ဖြီးခနဲ ပြုံးလိုက်ပြီး အမြီးကို နှင်းပြင်ပေါ်တွင် တဖျတ်ဖျတ် ယမ်းလိုက်သည်။

"တာအိုမိတ်ဆွေ ချန်ရွှင်... ဒါက..."

ကျင်းယွီ၏ မျက်လုံးထဲတွင် တွေဝေမှုများ ပေါ်လာသည်။ ဘာအဓိပ္ပာယ်လဲ။ မူလဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ဦးက သူတပါးအိမ်ကို လာလည်ရာတွင် 'လက်ဆောင်ပစ္စည်း' ယူလာသည်ဆိုသည်မှာ ကြားပင် မကြားဖူးပေ။

အဝေးတွင် ရပ်နေသော ကျန်ရွှယ်ချန်သည်လည်း စိတ်ထဲတွင် ဆွံ့အသွားမိသည်။ ဤစီနီယာ လုပ်ဆောင်သမျှသည် အမှန်တကယ်ပင် သာမန် ဆင်ခြင်တုံတရားများနှင့် ကင်းကွာနေပါလား။

"တာအိုမိတ်ဆွေ ကျင်းယွီ... ကျွန်တော်တို့ ညီအစ်ကိုက စေတနာအပြည့်နဲ့ ဒီကို ရောက်လာတာပါ... ကျေးဇူးပြုပြီး အထဲကို ကြည့်ကြည့်လိုက်ပါဦး"

ချန်ရွှင် ကျင်းယွီကို ပြုံးပြလိုက်သည်။ လက်ဆောင်ပေးရုံဖြင့် စစ်မှန်သော ခင်မင်ရင်းနှီးမှုကို ရရှိမည် မဟုတ်သော်လည်း ဆက်ဆံရေး ပိုမို နက်ရှိုင်းလာစေရန်အတွက်တော့ သေချာပေါက် ထိရောက်သော နည်းလမ်း ဖြစ်ပေသည်။

"တာအိုမိတ်ဆွေကို စိတ်ပျက်စေမယ့် ပစ္စည်းမျိုးတော့ မဟုတ်လောက်ပါဘူးဗျာ"

"ဟင်..."

ကျင်းယွီ၏ မျက်လုံးများ အနည်းငယ် အရောင်တောက်သွားပြီး နတ်အသိကို ထို သာမန် သိုလှောင်အိတ်ထဲသို့ ပို့လွှတ်လိုက်သည်။

ထိုအခိုက်အတန့်တွင် သူမ၏ မျက်နှာ အရောင်ပြောင်းသွားပြီး နှလုံးခုန်သံများ မြန်ဆန်လာ၏။ အတွင်းထဲတွင် 'ဓာတ်ငါးပါး မင်ရည်ဝိညာဉ်ပန်း' နှစ်ပွင့်နှင့် အဆင့်နိမ့် 'မူလဝိညာဉ်ပျိုးထောင်ခြင်းဆေး' တစ်လုံး ပါဝင်နေသည်ကိုး။

"တာအိုမိတ်ဆွေ ချန်ရွှင်... သဘောထား ကြီးလွန်းလှပါတယ်ရှင်"

ကျင်းယွီသည် အမှတ်တမဲ့ အံ့သြချီးကျူးသံ ထွက်ပေါ်သွားသည်။

"တာအိုမိတ်ဆွေ ချန်ရွှင် ဘာတွေ လိုချင်နေမှန်းတော့ မသိပေမယ့်... ကျွန်မတို့ ကျိုကုန်းတောင် အနေနဲ့ အစွမ်းကုန် ကူညီပေးပါ့မယ်"

"တာအိုမိတ်ဆွေ ကျင်းယွီ... အားမနာပါနဲ့ဗျာ... နှုတ်ဆက်တဲ့ အနေနဲ့ ပေးတဲ့ ပစ္စည်းသက်သက်ပါပဲ... တခြား ရည်ရွယ်ချက် ဘာမှ မရှိပါဘူး"

"မွန်း... မွန်း..."

ချန်ရွှင်နှင့် နွားနက်ကြီးတို့ ညင်သာစွာ ခေါင်းညိတ်လိုက်ကြသည်။ ဤအရာအတွက် မည်သည့် အကျိုးအမြတ်မျှ ပြန်မရခဲ့လျှင်တောင်မှ ဤပစ္စည်းလောက်ကတော့ စန္ဒာဂိုဏ်းက သူတို့အပေါ် ပြသခဲ့သော 'လေးစားမှု' အတွက် တုန့်ပြန်မှုတစ်ခုမျှသာ ဖြစ်လေသည်။

ထိုစကားကို ကြားသောအခါ ကျင်းယွီသည် ပိုမို ရှုပ်ထွေးသွားလေသည်။ ဤလူတစ်ယောက်နှင့် နွားတစ်ကောင်၏ နှိမ့်ချမှုမှာ မူလဝိညာဉ်အဆင့် ကျင့်ကြံသူများ၏ အပြုအမူနှင့် မတူညီပေ။

သို့သော် ဤစကားနှင့် ဤလက်ဆောင်ပစ္စည်းတို့ကြောင့် သူမ၏ ချန်ရွှင်နှင့် နွားနက်ကြီးအပေါ် ထားရှိသော သဘောကျ နှစ်ခြိုက်မှုသည် နောက်ထပ် အဆင့်အနည်းငယ် မြင့်တက်သွားခဲ့သည်ကိုတော့ ဝန်ခံရပေမည်။

"ဒါနဲ့... ဒီ 'တာအိုမိတ်ဆွေ နွားကြီး' ကို ဘယ်လို ခေါ်ရမလဲရှင်"

ကျင်းယွီသည် နွားနက်ကြီးကို ကြည့်ကာ သံသယ မျက်လုံးများဖြင့် မေးမြန်းလိုက်သည်။ မူလဝိညာဉ်အဆင့် ဝိညာဉ်သားရဲ ဆိုလျှင် လူစကား ပြောနိုင်နေသည်မှာ ကြာပြီ ဖြစ်ရမည် မဟုတ်ပါလား...

"နွားကြီး... တာအိုမိတ်ဆွေ ကျင်းယွီ... ဒီကောင်ရဲ့ နာမည်က နွားကြီး လို့ ခေါ်တယ်"

ချန်ရွှင်သည် ရုတ်တရက် အသံကို မြှင့်လိုက်ပြီး မျက်လုံးများ အရောင်တောက်ကာ မှတ်စုစာအုပ်ကို အလျင်အမြန် ထုတ်ယူပြီး ထိုနာမည်ကို ရေးပြလိုက်သည်။

"ဒီနာမည်ပဲ... ကျွန်တော်တို့က သွေးသားတော်စပ်တဲ့ တကယ့် ညီအစ်ကိုအရင်းတွေဗျ"

"မွန်း... မွန်း..."

နွားနက်ကြီး ဝမ်းသာအားရ အော်မြည်လိုက်ပြီး “ဝုန်း”ခနဲ မတ်တပ်ထရပ်ကာ ချန်ရွှင်၏ ပခုံးပေါ်သို့ ရှေ့ခြေထောက်များ တင်လိုက်၏။

ကျင်းယွီ မျက်လုံးများ ပြူးကျယ်သွားသည်။ ရုတ်တရက် မျက်နှာ အမူအရာ ပြောင်းလဲသွားသော ချန်ရွှင်ကို ကြည့်ပြီး တစ်စုံတစ်ခုကို သဘောပေါက် နားလည်သွားသကဲ့သို့ ဖြစ်သွားသည်။

သူမ မျက်ဝန်းထောင့်များတွင် အပြုံးတစ်ခု ပေါ်လာပြီး မှတ်စုစာအုပ်ပေါ်ရှိ စာလုံးကို ကြည့်လိုက်သည်။

"ဒီလိုကိုး... 'ရှီး' ဆိုတာ နေမင်းကြီး အနောက်ဘက်ကို ဝင်သွားပြီး သက်ရှိအားလုံး တိတ်ဆိတ်ငြိမ်သက်သွားတယ် ဆိုတဲ့ အဓိပ္ပာယ် ရှိပါတယ်"

" 'မန်' ဆိုတာကတော့ ကောင်းခြင်း ဆိုးခြင်းတွေ ရောယှက်နေပြီး ကံကြမ္မာတွေ အများကြီး ကွဲထွက်သွားတဲ့ နေရာပေါ့... အခက်အခဲတွေ၊ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ ကျင့်ကြံခြင်း လမ်းစဉ်နဲ့ အတူတူပဲ... 'ရှီး' နဲ့ 'မန်' ပေါင်းစပ်ထားတာ ဆိုတော့... အဓိပ္ပာယ်ရှိတဲ့ နာမည်လေးပဲ"

ကျင်းယွီသည် နှင်းများကြားတွင် ဆံပင်ဖြူများ လွင့်ဝဲလျက် မှတ်စုစာအုပ်ပေါ်တွင် ရေးထားသော စာလုံးများကို တစ်လုံးချင်းစီ သေချာစွာ သုံးသပ်ပြလေသည်။

"ဟေ့... နွားကြီး... ခုနက ကြားလိုက်တယ်မလား"

ချန်ရွှင်သည် စိတ်လှုပ်ရှားစွာဖြင့် ဘေးနားရှိ နွားနက်ကြီးကို ကြည့်လိုက်သည်။

"ပညာတတ်တွေ ပြောတော့လည်း... ယုံချင်စရာ ကောင်းသွားတာပဲကွ"

နွားနက်ကြီးမှာမူ ကြောင်ငေးနေလေသည်။ ချန်ရွှင် ပေးထားသော မိမိ၏ နာမည်တွင် ထိုမျှ နက်ရှိုင်းသော အဓိပ္ပာယ်များ ပါဝင်နေသည်ကို ပထမဆုံးအကြိမ် သိရှိလိုက်ရခြင်း ဖြစ်၏။

"မွန်း..."

နွားနက်ကြီးသည် နှာမှုတ်သံ ပြင်းပြင်းတစ်ချက် ပြုလုပ်လိုက်ပြီး မိမိ၏ မှတ်စုစာအုပ်ကို အလျင်အမြန် ထုတ်ကာ ထိုစကားလုံးများကို တစ်လုံးမကျန် ရေးမှတ်လိုက်သည်။ ကြည့်လေ ကြိုက်လေ ဖြစ်နေတော့သည်။

ကျင်းယွီသည် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး မေတ္တာအပြည့်အဝ ပါဝင်သော မျက်ဝန်းများဖြင့် နွားနက်ကြီးကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"တာအိုမိတ်ဆွေ နွားကြီး... အဘွားကြီးကတော့ ကျင်းယွီလို့ ခေါ်ပါတယ်"

"မွန်း..."

နွားနက်ကြီး၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ချန်ရွှင်၏ ဟန်ပန်ကို အတုခိုးကာ ခွာနှစ်ဖက်ကို ပူးလျက် လက်သီးဆုပ် အရိုအသေပေးလိုက်သည်။

"မွန်း... မွန်း... မွန်း..."

ချန်ရွှင် တဟားဟား ရယ်မောလိုက်သည်။ ကျိုကုန်းတောင်သို့ လာရခြင်းမှာ တကယ့်ကို မှန်ကန်သော ဆုံးဖြတ်ချက်ပင်။ စိတ်ခံစားချက် အလွန် ကောင်းမွန်လှသည်။

"တာအိုမိတ်ဆွေ ကျင်းယွီ... ဒီနေ့ ကျွန်တော်တို့ ဒီကို ရောက်လာတာ... အကူအညီ တောင်းစရာ ရှိလို့ပါ... ဒါပေမဲ့ အဲဒါနဲ့ တန်တဲ့ တန်ဖိုးတစ်ခုကို သေချာပေါက် ပြန်ပေးပါ့မယ်လို့ ကတိပေးပါတယ်"

"တာအိုမိတ်ဆွေ ချန်ရွှင်... ဘာများလဲရှင်... ပွင့်ပွင့်လင်းလင်း ပြောပါ"

ကျင်းယွီ ပြန်လည် ထိုင်လိုက်သည်။ သူမ၏ ရင်ထဲတွင် ရှိနေသော သတိထားမှုများသည် မသိမသာ လျော့ပါးသွားခဲ့ပြီ ဖြစ်၏။

"ဟဲ ဟဲ... တကယ်တော့... စန္ဒာဂိုဏ်းမှာ... ဟို... 'မူလဝိညာဉ်အဆင့် ကျင့်စဉ်စာအုပ်' များ ရောင်းမလားလို့ပါ"

ချန်ရွှင် မျက်ခုံးကို အနည်းငယ် ပင့်လိုက်ပြီး ယုံကြည်မှု နည်းပါးစွာဖြင့် မေးမြန်းလိုက်သည်။ သူတပါး၏ အဓိက အကျိုးစီးပွားကို ထိပါးမိမည်ကို စိုးရိမ်နေခြင်း ဖြစ်၏။

"အဆင်မပြေဘူးဆိုရင်လည်း အတင်း မတောင်းဆိုပါဘူး... ချက်ချင်း ပြန်သွားပါ့မယ်"

"မွန်း..."

နွားနက်ကြီးကလည်း ဘေးမှနေ၍ ခေါင်းညိတ်လိုက်သည်။ သူသည် ကျင်းယွီအပေါ် အတော်လေး သဘောကျနေပြီ ဖြစ်၏။

"မူလဝိညာဉ်အဆင့် ကျင့်စဉ်..."

ကျင်းယွီ သူတို့နှစ်ဦးကို တစ်ချက် ကြည့်လိုက်ပြီး ခေတ္တ တိတ်ဆိတ်သွားသည်။

"တစ်ခုလောက် မေးလို့ ရမလားရှင်... တကယ်လို့ လျှို့ဝှက်ထားချင်တဲ့ ကိစ္စဆိုရင်တော့ မဖြေလည်း ရပါတယ်"

"မေးပါဗျာ"

ချန်ရွှင် မျှော်လင့်ချက် ပြည့်နှက်နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။ အကယ်၍ ဤနေရာတွင် မရှိလျှင် အခြား နေရာများကို ရှာဖွေရုံသာ ရှိတော့သည်။

"ရှင်တို့နှစ်ယောက်မှာ ဆရာသခင် မရှိကြဘူးလား"

ကျင်းယွီသည် တည်ငြိမ်သော အသံဖြင့် မေးမြန်းလိုက်သည်။ သူမ၏ မျက်နှာမှာ အလွန် တည်ငြိမ်နေပြီး ဘာတွေ တွေးနေမှန်း ခန့်မှန်း၍ မရနိုင်ပေ။

သို့သော် သူမ၏ ရင်ထဲတွင်တော့ ချောက်နက်ကြီးထဲ ကျဆင်းသွားသကဲ့သို့ အေးစက်နေ၏။ တကယ်လို့ ဒီလူက တကယ်ပဲ ဆရာမရှိဘဲ ကိုယ်တိုင် လေ့လာပြီး မူလဝိညာဉ်အဆင့်ထိ တက်လာတာ ဆိုရင်တော့... ဒါက ကျင့်ကြံခြင်းလောက တစ်ခုလုံးရဲ့ ဆင်ခြင်တုံတရားတွေကို အခြေခံကနေ ဖျက်ဆီးပစ်လိုက်တဲ့... ကြောက်မက်ဖွယ် ကောင်းတဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေပဲ...

"တာအိုမိတ်ဆွေ ကျင်းယွီကို ဖုံးကွယ်မနေတော့ပါဘူး... ရှိခဲ့ဖူးပါတယ်... ဒါပေမဲ့ ကျွန်တော်တို့ ခေတ်ရောက်မှ ပျက်စီးသွားတာပါ"

ချန်ရွှင် သက်ပြင်းတစ်ချက် ဖွဖွချလိုက်ပြီး မျက်ဝန်းထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်များ ပေါ်လာသည်။ ဘကြီးစွန်းနှင့် ဆရာနင် တို့ကို သတိရသွားခြင်း ဖြစ်၏။

"အခု ကျွန်တော်တို့က သာမန် တစ်ကိုယ်တော် ကျင့်ကြံသူတွေ ပါပဲ"

"ဒီလိုကိုး..."

ကျင်းယွီသည် ချန်ရွှင်၏ မျက်နှာ အမူအရာကို အကဲခတ်လိုက်သော်လည်း လိမ်ညာနေပုံ မရပေ။

ထို့အပြင် ဤအမျိုးသား၏ ခန္ဓာကိုယ်မှ မည်သည့် သတ်ဖြတ်ခြင်း အရှိန်အဝါကိုမျှ ခံစား၍ မရနိုင်သလို နောက်ကွယ်တွင် ကောက်ကျစ်စဉ်းလဲသော အကြံအစည်များ ရှိနေပုံလည်း မရပေ။ သူတို့၏ ဟန်ပန်မှာ ကျင့်ကြံခြင်းလောက ဒဏ္ဍာရီများထဲတွင် ပါဝင်သော 'တံခါးပိတ် ရှေးဟောင်းဂိုဏ်း' မှ အသက်ရှင်ကျန်ရစ်သူများနှင့် တူနေ၏။ သို့သော် ရှည်လျားလှသော အချိန်ကာလများအတွင်း ထိုသို့သော ဂိုဏ်းများ၏ ဒဏ္ဍာရီများသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

"ကျွန်တော်က မီးဓာတ် 'ကောင်းကင်ဝိညာဉ်အမြစ်' ပိုင်ရှင်ပါ... သာမန် မီးဓာတ် မူလဝိညာဉ်အဆင့် ကျင့်စဉ်ဆိုရင် ရပါပြီ... ဈေးကတော့ တာအိုမိတ်ဆွေ ကျင်းယွီ ပြောတဲ့ ဈေးအတိုင်း ဝယ်ပါ့မယ်"

ချန်ရွှင်သည် နောက်တစ်ဖန် တဟားဟား ရယ်မောလိုက်ပြီး မျက်နှာ အမူအရာ လျင်မြန်စွာ ပြောင်းလဲသွားသည်။

" အနှောင့်အယှက် မပေးပါဘူး... ကျွန်တော်က ရွေးချယ်တတ်တဲ့သူ မဟုတ်လို့ပါ"

ကျင်းယွီသည် ချန်ရွှင်၏ ထို ပေါ့ပေါ့ဆဆနှင့် ပွင့်လင်းလွန်းသော အပြုအမူကို ကြည့်ပြီး ဤအမျိုးသားသည် ခန့်မှန်း၍ မရနိုင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း ပြောင်းပြန် တွေးမိသွားသည်။ သာမန် ကျင့်စဉ်နဲ့ အဲဒီလို 'ဝိညာဉ်ဖိအား' မျိုး ထုတ်နိုင်ပါ့မလား...

သူမ ခေါင်းထဲတွင် တွေးတောလိုက်ပြီးနောက် စကားစလိုက်သည်။

"...ဒါဆိုရင် တာအိုမိတ်ဆွေက မူလဝိညာဉ်အဆင့်ကို တက်ထားတာ မကြာသေးဘူးပေါ့... ကျင့်စဉ်ဆိုရင်တော့ ကျွန်မတို့ စန္ဒာဂိုဏ်းမှာ တကယ် ရှိပါတယ်"

ချန်ရွှင် ထိုစကားကို ကြားသောအခါ စိတ်ထဲတွင် အလွန် ရှက်ရွံ့သွားမိသည်။ ထိုညက 'အစွမ်းထက်သူအဖြစ် ဟန်ဆောင်' ခဲ့သည်များ ဖြစ်ပေါ်သွားပြီ ဖြစ်၏။ သို့သော် ကျင်းယွီကမူ ထိုညက ကိစ္စနှင့် ပတ်သက်၍ တစ်ခွန်းမျှ ထုတ်ဖော် မပြောဆိုပေ။

"အဆင့်တက်ပြီးကတည်းက အချိန် နည်းနည်းတော့ ကြာနေပါပြီ... ကျင့်ကြံခြင်းလောက မြောက်ပိုင်းနယ်စပ်မှာ စစ်ပွဲကြီး ဖြစ်နေတယ် ကြားလို့ အဆက်အသွယ်လည်း မရှိတာနဲ့ အမြဲတမ်း နောက်ဆုတ်နေခဲ့တာ"

ချန်ရွှင် သက်ပြင်းတစ်ချက် ဖွဖွချလိုက်ပြီး နွားနက်ကြီး၏ ကျောကို ပုတ်လိုက်သည်။

"ကျွန်တော်တို့ ညီအစ်ကိုက အငြင်းပွားတာတွေကို မကြိုက်ဘူး... တိုက်ခိုက်တာလည်း သိပ်မကျွမ်းကျင်ပါဘူး... အဲဒီ အင်အားကြီး အဖွဲ့အစည်းတွေနဲ့လည်း ဘာအဆက်အသွယ်မှ မရှိပါဘူး"

"မွန်း..."

နွားနက်ကြီးကလည်း ခွာတစ်ဖက်ကို ဆန့်ထုတ်ကာ ချန်ရွှင်၏ ပခုံးကို ပုတ်လိုက်သည်။

"ဒီလိုကိုး... သဘောပေါက်ပါပြီ"

ကျင်းယွီ၏ မျက်နှာပေါ်ရှိ အပြုံးများ အနည်းငယ် နက်ရှိုင်းသွားသည်။ ဤစကားကို ယုံကြည်နိုင်သည်။ လူတစ်ယောက်၏ စိတ်ထဲတွင် 'သတ်ဖြတ်လိုစိတ်' သို့မဟုတ် 'မကောင်းဆိုးဝါးစိတ်' ရှိမရှိ ဆိုသည်ကို နေ့စဉ် အပြုအမူများနှင့် ဟန်ပန်များတွင် သေချာပေါက် အားနည်းချက် ထွက်ပေါ်လာတတ်သည်။ ဖုံးကွယ်ထား၍ မရနိုင်ပေ။

ဤ တာအိုမိတ်ဆွေ ချန်ရွှင် သာမက တာအိုမိတ်ဆွေ နွားကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးမှလည်း ထိုကဲ့သို့ ငြိမ်းချမ်းရေးကို မြတ်နိုးသော လက္ခဏာရပ်များ ထွက်ပေါ်နေလေသည်။

"တာအိုမိတ်ဆွေ ချန်ရွှင်... တာအိုမိတ်ဆွေ နွားကြီး... ကျွန်မတို့ စန္ဒာဂိုဏ်းကို 'ဝင်ရောက်' ဖို့ အစီအစဉ်များ မရှိကြဘူးလားရှင်... အဘွားကြီး မူလဝိညာဉ်အဆင့်ကို ရောက်ရှိခဲ့တာ နှစ်ရာချီ ရှိနေပါပြီ... ရှင်တို့ နှစ်ယောက်နဲ့ 'တာအို တရား ဆွေးနွေး' ချင်လို့ပါ"

ကျင်းယွီ၏ စကားတွင် မည်သည့် အားနည်းချက်မျှ မရှိသလို တစ်ဖက်လူကို အထင်သေးသော အငွေ့အသက်မျိုး မပါဝင်ပေ။

"တကယ်လို့ ရှင်တို့ နှစ်ယောက်သာ ဝင်ရောက်ဖို့ ဆန္ဒ မရှိဘူးဆိုရင်... စန္ဒာဂိုဏ်းကနေ မူလဝိညာဉ်အဆင့် ကျင့်စဉ်ကို အခမဲ့ လက်ဆောင်ပေးပါ့မယ်"

ချန်ရွှင်နှင့် နွားနက်ကြီးတို့ ထိုစကားကို ကြားသောအခါ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

ယခုအခါ ကျင့်ကြံခြင်းလောကရှိ အင်အားစု သုံးခုသည် သွေးထွက်သံယို စစ်ပွဲကြီးကို ဆင်နွှဲနေကြဆဲ ဖြစ်သည်။ ထိုကဲ့သို့သော အချိန်တွင် စစ်ပွဲဝင်နေသော အဖွဲ့အစည်း တစ်ခုသို့ အရမ်းကာရော ဝင်ရောက်သွားလောက်အောင် သူတို့ မတုံးအကြပေ။

All Chapters