← Chapters

အခန်း ၁၇၉

Vol. 10 Ch. 179

အခန်း ၁၇၉

Vol. 10 Ch. 179

အခန်း (၁၇၉)

"တာအိုမိတ်ဆွေ ကျင်းယွီ... ကျွန်တော်တို့ ညီအစ်ကိုက လွတ်လွတ်လပ်လပ် နေရတာ အကျင့်ပါနေလို့ပါ... ဘယ်အဖွဲ့အစည်းကိုမှ ဝင်ရောက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး"

ချန်ရွှင် ခေါင်းခါလိုက်ပြီး စိတ်မကောင်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

"ဒါက ကျွန်တော်နဲ့ နွားကြီးရဲ့ ' အလျှော့မပေးနိုင်တဲ့ စည်းမျဉ်း' ပါပဲ... ကျေးဇူးပြုပြီး နားလည်ပေးပါဗျာ"

"တာအိုမိတ်ဆွေ ချန်ရွှင်... အဘွားကြီးရဲ့ စကားကို နားလည်မှု လွဲနေပုံရတယ်"

"ဗျာ..."

"ဒီတိုင်း ရှင်တို့ နှစ်ယောက်ကို 'ဧည့်သည်' အနေနဲ့ပဲ တည်းခိုစေချင်တာပါ... သွားတာ နေတာက ကိုယ့်သဘောပါပဲ... စန္ဒာဂိုဏ်းက ဘာမှ အတင်းအကျပ် မလုပ်ပါဘူး"

ကျင်းယွီသည် တည်ငြိမ်သော လေသံဖြင့် သိက္ခာမကျစေရန် စကားပရိယာယ်ဖြင့်ပြောလိုက်သည်။

"မူလဝိညာဉ်အဆင့် ကျင့်စဉ်က ရွှေအမြူတေအဆင့် ကျင့်စဉ်နဲ့ အခြေခံအားဖြင့် ဖွဲ့စည်းပုံ မတူညီပါဘူး... အဘွားကြီးရဲ့ မပြည့်စုံတဲ့ အမြင်အရ ဆိုရင်တောင်မှ ရှင်တို့ နှစ်ယောက်ကို မျှဝေပေးနိုင်တဲ့ ဗဟုသုတတွေ ရှိလောက်မှာပါ"

"မွန်း..."

နွားနက်ကြီးသည် ချန်ရွှင်ကို အသာလေး ပုတ်လိုက်သည်။ သူတို့ ကျင့်ကြံခြင်း လမ်းစဉ်ကို စတင် လျှောက်လှမ်းပြီးကတည်းက တစ်စုံတစ်ယောက်က 'တာအို တရား ဟောကြား' ပေးသည်ကို ကြားရခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

ချန်ရွှင် မျက်ခုံး အနည်းငယ် လှုပ်ရှားသွားပြီး စိတ်ထဲတွင် အတော်လေး ယိမ်းယိုင်နေပြီ ဖြစ်သည်။ သူ၏ တကယ့် ရည်ရွယ်ချက်မှာ မီးဓာတ် ကျင့်စဉ် တစ်ခုတည်း မဟုတ်ဘဲ အမြဲတမ်း 'နောက်ထပ် ခြေလှမ်း' ကို တွက်ချက်နေခြင်း ဖြစ်သည်။ သို့သော် 'ဧည့်သည်' အနေဖြင့် တည်းခိုပြီး သူတပါး၏ ထမင်းကို စား၊ သူတပါး၏ ရေကို သောက်နေရမည် ဆိုလျှင် အချိန်ကြာလာသည်နှင့်အမျှ 'ဧည့်သည်တော် အကြီးအကဲ' အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားမည် မဟုတ်ပါလား...

"တာအိုမိတ်ဆွေ ချန်ရွှင် စိုးရိမ်နေတာတွေကို ကျွန်မ နားလည်ပါတယ်... စန္ဒာဂိုဏ်းနဲ့ အများကြီး ပတ်သက်မိရင် အနာဂတ်မှာ ကြီးမားတဲ့ ဘေးဒုက္ခတွေထဲ ပါသွားမှာကို ကြောက်နေတာမလား"

ကျင်းယွီသည် လက်ဖက်ရည်ခွက်ကို ယူကာ ခပ်ဖွဖွ တစ်ငုံ သောက်လိုက်သည်။ ထို့နောက် ရုတ်တရက် မျက်နှာကို တင်းမာလိုက်၏။

"ဒီကိစ္စကို ကျိုကုန်းတောင် အတွင်းမှာ နှုတ်ပိတ်ထားပါ့မယ်... မနက်ဖြန် ကျရင် 'ရှင်တို့ နှစ်ယောက် ပြန်သွားကြပြီ' လို့ တရားဝင် ကြေညာလိုက်ပါ့မယ်"

"တာအိုမိတ်ဆွေ ချန်ရွှင် နဲ့ တာအိုမိတ်ဆွေ နွားကြီး က အဘွားကြီးနဲ့ ပုဂ္ဂိုလ်ရေးအရ ဆက်သွယ်ပြီး နှင်းဂီတတောင်ကြားမှာ တည်းခိုရုံ သက်သက်ပါပဲ... စန္ဒာဂိုဏ်း ဆိုတဲ့ အဖွဲ့အစည်းနဲ့ သက်ဆိုင်မှု မရှိစေရပါဘူး"

"တာအိုမိတ်ဆွေ ကျင်းယွီ က အဲဒီလောက်ထိ ပြောနေမှတော့..."

ချန်ရွှင်သည် သိုလှောင်အိတ်ထဲမှ မိမိ၏ 'ကျန်းမာရေး လက်ဖက်ရည်' ကို ထုတ်ယူပြီး တစ်ငုံ သောက်လိုက်သည်။

"ဒီထက်ပိုပြီး ခဏခဏ ငြင်းနေရင် ကျွန်တော်က အရမ်း အလိုက်ကမ်းဆိုးမသိရာ ကျသွားမှာပေါ့"

"မွန်း..."

နွားနက်ကြီး နှာမှုတ်သံ ရှည်ရှည်တစ်ချက် ပြုလုပ်လိုက်ပြီး မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားသည်။

ကျင်းယွီသည် သက်ပြင်းချကာ စိတ်သက်သာရာ ရသွားသည်။ မည်သို့ပင်ဖြစ်စေ သူတို့ကို ဆွဲထားနိုင်ခဲ့ပြီ ဖြစ်သည်။ အကယ်၍ ဤကိစ္စသည် စစ်ပွဲ မတိုင်ခင်က ဖြစ်ခဲ့မည် ဆိုလျှင် စန္ဒာဂိုဏ်း အနေဖြင့် ဤကဲ့သို့ ဇာစ်မြစ် မသေချာသော မူလဝိညာဉ်အဆင့် ကျင့်ကြံသူကို လက်ခံမည် မဟုတ်ပေ။

သို့သော် ယခုအခါ အခြေအနေ ကွာခြားသွားပြီ ဖြစ်သည်။ မည်မျှပင် အရင်းအနှီးများ ပေးဆပ်ရပါစေ သူတို့ကို 'ဧည့်သည်' အနေဖြင့် ဆွဲထားနိုင်ခဲ့လျှင် အခြားသော အဖွဲ့အစည်းများ၏ နောက်ကွယ်ရှိ လူမိုက်များပင် စန္ဒာဂိုဏ်းကို အလွယ်တကူ ထိပါးရဲတော့မည် မဟုတ်ပေ။ အဖွဲ့အစည်းမဲ့ တစ်ကိုယ်တော် မူလဝိညာဉ်အဆင့် ကျင့်ကြံသူ နှစ်ဦး။ အကယ်၍ ဒေါသထွက်အောင် လုပ်မိပါက ချန်နိုင်ငံ ထိပ်သီး ဂိုဏ်းကြီး (၁၀)ဂိုဏ်းပင်လျှင် သတိထား ဖြေရှင်းရမည့် ခြိမ်းခြောက်မှုမျိုး ဖြစ်သောကြောင့်ပင်။

ချန်ရွှင် ခပ်ဖွဖွ ပြုံးလိုက်သည်။ ကျင်းယွီ၏ ရည်ရွယ်ချက်ကို သူ သတိထားမိသည်မှာ သေချာပေါက်ပင်။ တစ်ယောက်ကိုတစ်ယောက် နားလည်မှု ရှိထားပြီး အပြန်အလှန် အကျိုးကျေးဇူးများ ရှိနေကြသည်။ မိမိတို့၏ ' အလျှော့မပေးနိုင်တဲ့ စည်းမျဉ်း' ကို မထိပါးသရွေ့ ဆွေးနွေးစရာ လမ်းကြောင်းများစွာ ရှိနေသေးသည် မဟုတ်ပါလား။

"ရှန်ကျင်း"

ကျင်းယွီသည် တည်ငြိမ်စွာ နာမည် ခေါ်လိုက်သည်။ ထိုစကားလုံးတွင် ဝိညာဉ်စွမ်းအား လှိုင်းများ ပါဝင်နေ၏။

"ဘိုးဘေး"

အဘိုးအို တစ်ဦးသည် သူမ၏ ဘေးတွင် ရုတ်တရက် ရိုသေကျိုးနွံစွာ ထွက်ပေါ်လာသည်။

ချန်ရွှင်နှင့် နွားနက်ကြီးတို့ တုန်လှုပ်ခြင်း မရှိဘဲ နှင်းဂီတတောင်ကြား အတွင်းပိုင်းရှိ ပတ်ဝန်းကျင်ကို စတင် လေ့လာနေကြပြီ ဖြစ်ကာ ထိုရှုခင်းများကို အလွန် သဘောကျ နှစ်ခြိုက်နေကြသည်။

"ကွေ့ဇန်ခန်းမဆောင် ကို သွားပြီး 'ကြယ်ကိုးလုံး ကောင်းကင်နီ ကျင့်စဉ်' ကို ယူခဲ့စမ်း"

"ဘိုးဘေး... အဲဒါက ဘိုးဘေး ကြယ်ကိုးလုံးရဲ့ အမွေအနှစ် ကျင့်စဉ်လေ..."

အဘိုးအိုသည် မျက်မှောင်ကြုတ်လျက် ခေါင်းမော့လိုက်သည်။ ထိုကျင့်စဉ်မှာ စစ်မှန်သော သွေးသားဆက်ခံသူ တပည့်များကိုသာ ပေးအပ်သော အရာဖြစ်သည်။

"ဘယ်လိုပဲဖြစ်ဖြစ်... အဲဒါက မသင့်တော်ဘူး မဟုတ်လား"

"ဒီကိစ္စကို ငါက..."

"တာအိုမိတ်ဆွေ ကျင်းယွီ... ခဏလောက် နေပါဦး"

ချန်ရွှင် မတ်တပ်ထရပ်လိုက်ပြီး သူတို့နှစ်ဦးကို ကြည့်လိုက်သည်။ သူ၏ အကြည့်များမှာ အလွန် တည်ကြည်လေးနက်နေ၏။

"သာမန် မီးဓာတ် မူလဝိညာဉ်အဆင့် ကျင့်စဉ် ဆိုရင် ရပါပြီ... တကယ်လို့ အဲဒီလို အထူးတလည် လုပ်ပေးမယ် ဆိုရင်... ကျွန်တော်တို့ ညီအစ်ကို အခုချက်ချင်း ပြန်မယ်"

"မွန်း..."

နွားနက်ကြီးလည်း အားပါးတရ ခေါင်းညိတ်လိုက်သည်။ အစ်ကိုကြီး၏ ရည်ရွယ်ချက်ကို အပြည့်အဝ နားလည်နေ၏။

"တာအိုမိတ်ဆွေ ချန်ရွှင်..."

"တာအိုမိတ်ဆွေ ကျင်းယွီ မသိလောက်ပါဘူး... အဲဒီလိုမျိုး 'အမွေအနှစ် ကျင့်စဉ်' ကို ကျွန်တော် ကျင့်ကြံလို့ မရပါဘူး... ဒါက ကျွန်တော်တို့ရဲ့ 'ဘိုးဘေးတွေရဲ့ သွန်သင်ချက်' ပါ"

ချန်ရွှင်သည် ရိုသေစွာ လက်သီးဆုပ်ပြီး ခြိမ်းခြောက်ပြောဆိုလိုက်သည်။

"ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ သာမန် ကျင့်စဉ်ကို သင်ယူရတာတင်... ကျွန်တော့်အတွက်တော့ အရမ်းကို လွန်ကျူးတဲ့ ကျေးဇူးတော်ပါပဲ... ဒီထက်ပိုပြီး သူများရဲ့ အထူးပစ္စည်းတွေကို မက်မောဖို့ဆိုတာ ကြောက်တောင် ကြောက်သေးတယ်"

ကျင်းယွီနှင့် ရှန်ကျင်းတို့သည် ထိုစကား၏ အဓိပ္ပာယ်ကို နားမလည်ကြသော်လည်း အလွန်အမင်း သဘောကျသွားကြသည်။ ဤကဲ့သို့သော ခံယူချက်မျိုးကို ယခင် ကျင့်ကြံခြင်းလောက သမိုင်းတစ်လျှောက်တွင် ကြားပင် မကြားဖူးခဲ့သောကြောင့် ဖြစ်သည်။

ကျင့်ကြံခြင်းလောကရှိ လူတိုင်းသည် ရူးသွပ်နေသကဲ့သို့ 'အင်အား' ကိုသာ လိုက်စားကြသည်။ ကောင်းကင်မှ ကျဆင်းလာသော 'အခွင့်အရေး' ၏ ဖြားယောင်းမှုကို တွန်းလှန်နိုင်သူ မည်သူမျှ မရှိပေ။ ရှေးလူကြီးများ ဖန်တီးခဲ့သော ကျင့်စဉ်အပေါ် 'ကျေးဇူးတင်' တတ်သူဟူ၍ တစ်ယောက်မျှ မရှိချေ။

သူတို့၏ စကားတစ်ခွန်းကို ကြားပြီးနောက် ကျင်းယွီနှင့် ရှန်ကျင်းတို့၏ စိတ်နေသဘောထားတွင် အနည်းငယ်သော အပြောင်းအလဲများ ဖြစ်ပေါ်သွား၏။

ရှန်ကျင်းသည် အမှတ်တမဲ့ ချန်ရွှင်အား လက်သီးဆုပ် အရိုအသေပေးလိုက်ပြီး လေးစားမှုများ ပါဝင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ တံခါးပိတ်ဂိုဏ်းမှ ထွက်ပေါ်လာသော စီနီယာပီသပေသည်။ စိတ်ဓာတ် အဆင့်အတန်းချင်း ကွာခြားလွန်းလှ၏။

"...နားလည်ပါပြီ... သဘောပေါက်ပါပြီ"

ကျင်းယွီ ထရပ်လိုက်ပြီး ညင်သာစွာ ခေါင်းငုံ့လိုက်သည်။ သူမ၏ အသံမှာ အနည်းငယ် ဝမ်းနည်းနေသကဲ့သို့ ရှိသည်။

"တာအိုမိတ်ဆွေရဲ့ 'တာအိုနှလုံးသား' ကို ညစ်နွမ်းစေမိမလို့ ဖြစ်သွားတယ်... အဘွားကြီးရဲ့ အတွေးက တိမ်ယံလွန်းသွားတာပါ"

"မဟုတ်တာဗျာ... အားမနာပါနဲ့"

ချန်ရွှင် တဟားဟား ရယ်မောလိုက်ပြီး အလျင်အမြန် လက်ဝှေ့ယမ်းပြလိုက်သည်။

"ကျွန်တော် စကားပြော လိုအပ်သွားလို့ပါ"

"မွန်း... မွန်း..."

နွားနက်ကြီးကလည်း ဘေးမှနေ၍ လက်ဝှေ့ယမ်းကာ 'အားမနာပါနဲ့... အစ်ကိုကြီးက နောက်နေတာပါ' ဟု ဝင်ရောက် ဖြေရှင်းပေးလေသည်။

"ရှန်ကျင်း... ကွေ့ဇန်ခန်းမဆောင် ကို သွားပြီး မီးဓာတ် မူလဝိညာဉ်အဆင့် ကျင့်စဉ်ကို သေချာ ရွေးချယ်လိုက်... တာအိုမိတ်ဆွေ ချန်ရွှင် ရဲ့ စကားကို မမေ့နဲ့နော်"

ကျင်းယွီသည် ဘေးသို့ လှည့်ကာ သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းပြား တစ်ပြားကို ထုတ်ယူလိုက်သည်။

"ယူသွားလိုက်"

"ဟုတ်ကဲ့ပါ ဘိုးဘေး"

ရှန်ကျင်းသည် လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်ပြီး အနည်းငယ် စိတ်သက်သာရာ ရသွားသော မျက်နှာဖြင့် ချန်ရွှင်နှင့် နွားနက်ကြီးတို့ကို ကြည့်လိုက်သည်။

"စီနီယာ နှစ်ယောက်... အခုပဲ ပြင်ဆင်ပြီး လာခဲ့ပါ့မယ်"

"အလုပ်ရှုပ်သွားပြီဗျာ"

ချန်ရွှင် သဘောကျစွာ ရယ်မောလိုက်ပြီး ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

"မွန်း..."

နွားနက်ကြီးလည်း နှုတ်ဆက်လိုက်၏။

“ရွှီး...”

ရုတ်တရက် နှင်းမုန်တိုင်းများ ပြင်းထန်လာပြီး ရှန်ကျင်း၏ ပုံရိပ် ပျောက်ကွယ်သွားလေသည်။

ချန်ရွှင်နှင့် ကျင်းယွီတို့ ဖြည်းညှင်းစွာ ပြန်လည် ထိုင်လိုက်ကြသည်။ သူတို့နှစ်ဦး၏ မျက်ဝန်းထောင့်များတွင် ပျော်ရွှင်သော အရိပ်အယောင်များ ပေါ်လာ၏။ တကယ့်ကို အားလုံး ပျော်ရွှင်ရသော အခြေအနေပင် ဖြစ်သည်။

"တာအိုမိတ်ဆွေ ချန်ရွှင်... မြောက်ပိုင်းနယ်စပ် စစ်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး... ရှင် ဘယ်လို ထင်မြင်မိလဲ"

ကျင်းယွီသည် ချန်ရွှင်၏ လက်ဖက်ရည်ခွက်ထဲသို့ ကိုယ်တိုင် လက်ဖက်ရည် ငဲ့ပေးလိုက်သည်။

"ကျင့်ကြံခြင်းလောက အင်အားစု သုံးခု ပါဝင်နေတဲ့ ဒီစစ်ပွဲကြီးက... သေချာပေါက် အေးအေးဆေးဆေး ပြီးဆုံးသွားမှာ မဟုတ်ဘူး"

ချန်ရွှင်နှင့် နွားနက်ကြီးတို့ စိတ်ထဲတွင် လန့်သွားကြသည်။ စကားစမြည် ပြောနေရင်းမှ ရုတ်တရက်ကြီး 'လောကကြီးရဲ့ အခြေအနေ' အကြောင်းကို ဆွေးနွေးလာပါလား။ သူတို့သည် ပညာမတတ်သလို အမြင်လည်း ကျဉ်းမြောင်းသူများ ဖြစ်ရာ ထိုကဲ့သို့သော အကြောင်းအရာများကို နားလည်နိုင်စွမ်း မရှိကြပေ။

သို့သော် မူလဝိညာဉ်အဆင့် ဘိုးဘေးများ၏ ဆွေးနွေးပြောဆိုမှု အဆင့်အတန်းအရ ဆိုလျှင် ဝိညာဉ်ဆေးပင်များ လုယူရန်အတွက် သတ်ဖြတ်ခြင်း ဆိုသော အခြေအနေများကို ကျော်လွန်နေပြီ ဖြစ်ရာ ဤကဲ့သို့ 'ကမ္ဘာ့ရေးရာ အခြေအနေ' များကို ဆွေးနွေးပြောဆိုကြသည်မှာ သဘာဝပင် ဖြစ်လေသည်။

"အင်း... အဲဒါကတော့လေ..."

ချန်ရွှင်သည် လေးလေးနက်နက် တွေးတောနေဟန် ပြုလုပ်ရင်း ခေါင်းထဲရှိ မပြည့်စုံသော ဝေါဟာရများကို အားကုန်သုံးကာ ပညာတတ် ဟန်ပန်ကို အသည်းအသန် ဖော်ထုတ်လိုက်သည်။ ထို့နောက် နောက်ဆုံးတွင် အတင်းညှစ်ထုတ်ထားသော စကားတစ်ခွန်းကို ပြောလိုက်၏။

"လောကကြီးက သိုက်မြိုက်စည်ကားနေတယ် ဆိုတာ... အားလုံးက အကျိုးအမြတ်အတွက် လာကြလို့ပဲ... လောကကြီးက ရှုပ်ထွေးဆူညံနေတယ် ဆိုတာလည်း... အားလုံးက အကျိုးအမြတ်အတွက် သွားလာနေကြလို့ပဲ..."

"မွန်း..."

နွားနက်ကြီး လန့်ဖြပ်ပြီး နှာမှုတ်သံ ထွက်သွားသည်။ အစ်ကိုကြီးက ဘယ်တုန်းက အဲဒီလောက် ပညာတတ်သွားတာလဲ။

နွားနက်ကြီး မျက်မှောင်ကြုတ်လိုက်ပြီး ချန်ရွှင်သည် သူ မသိအောင် တိတ်တဆိတ် စာဖတ်ပြီး လေ့လာနေသည်များလားဟု သံသယ ဝင်လာမိသည်။

"တာအိုမိတ်ဆွေ ချန်ရွှင်က... အရာရာကို ထိုးထွင်းသိမြင်နိုင်စွမ်း ရှိတာပဲ"

ကျင်းယွီ ညင်သာစွာ ရယ်မောလိုက်သည်။ ထိုစကားသည် ပြောနေသကဲ့သို့ ရှိသော်လည်း ဘာမှ မပြောသကဲ့သို့ ခံစားလိုက်ရသည်။

"ဟဲ ဟဲ..."

ချန်ရွှင်သည် အခြေအနေကို ဖုံးကွယ်ရန်အတွက် 'ကျန်းမာရေး လက်ဖက်ရည်' ကို သောက်လိုက်သော်လည်း အလွန်ပူနေသဖြင့် လျှာပင် အပူလောင်မတတ် ဖြစ်သွား၏။

"ဒါပေမဲ့ ဒီတစ်ခါ သုံးပွင့်ဆိုင် စစ်ပွဲက... ကျင့်ကြံခြင်းလောက အခြေအနေမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာစေလိမ့်မယ်... ရှင်တို့ နှစ်ယောက်ကရော... ရှေ့လျှောက် ဘယ်လို အစီအစဉ် ရှိကြလဲ"

"ဆိုလိုတာက"

"မွန်း..."

"မြောက်ပိုင်းနယ်စပ်က သတင်းတွေအရ ဆိုရင်... မူလဝိညာဉ်အဆင့် ကျင့်ကြံသူ အချို့ အသက်ဆုံးရှုံးခဲ့ရပြီး မြောက်ပိုင်းနယ်စပ်က ဝိညာဉ်သားရဲတွေတောင်မှ စစ်ပွဲထဲ ဝင်ပါနေကြပြီ တဲ့"

ကျင်းယွီသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး အလွန် လေးနက်သော မျက်နှာအမူအရာ ဖြစ်သွားသည်။

"တာအိုမိတ်ဆွေ ချန်ရွှင်... ကျင့်ကြံခြင်းလောက ရဲ့ ဝိညာဉ်စွမ်းအင်တွေက အခုဆိုရင် တဖြည်းဖြည်း ခန်းခြောက်လာနေပြီ... သူတို့ကလည်း သာမန် အကျိုးအမြတ် တစ်ခုတည်းအတွက် တိုက်ခိုက်နေကြတာ မဟုတ်ဘူး"

ချန်ရွှင်နှင့် နွားနက်ကြီးတို့ ရင်ထဲတွင် ပြင်းထန်စွာ တုန်လှုပ်သွားကြသည်။ သူတို့ကိုယ်တိုင် ကောင်းကင်လွင်ပြင်ကြီး တွင် ရှိနေစဉ်ကတည်းက ထိုအချက်ကို သတိထားမိခဲ့ပြီး ဖြစ်သည်။ ဤကမ္ဘာလောကတွင် နှစ်ပေါင်းထောင်ချီ၊ သောင်းချီ နေထိုင်ခဲ့ကြသော ကျင့်ကြံသူအိုကြီးများက မသိဘဲ နေပါမည်လော။

"တာအိုမိတ်ဆွေ ကျင်းယွီ ပြောတာ မှန်ပါတယ်... ကျွန်တော်တို့လည်း အဲဒီ လက္ခဏာတွေကို နည်းနည်းတော့ ခံစားမိနေတယ်"

ချန်ရွှင်၏ အကြည့်များ နက်ရှိုင်းသွားသည်။ မူလဝိညာဉ်အဆင့် ကျင့်ကြံသူ ပြောသော စကားများသည် ချီသန့်စင်ခြင်းအဆင့် တပည့်များ၏ ကောလာဟလ သတင်းများနှင့် အဆင့်အတန်း ကွာခြားလွန်းလှသည်။

"ဒါပေမဲ့ အပြည့်အဝ ခန်းခြောက်သွားဖို့ ဆိုတာ အနည်းဆုံးတော့ နှစ်ပေါင်းသောင်းချီ ကြာဦးမှာ မဟုတ်ဘူးလား"

"ဟုတ်ပါတယ်... ဒါပေမဲ့ အခုက 'ကျင့်ကြံခြင်းလောက ရဲ့ နောက်ဆုံး ခေတ်ကောင်း' ဖြစ်ကောင်း ဖြစ်နေလိမ့်မယ်"

ကျင်းယွီ အေးစက်သော အသံဖြင့် ပြောလိုက်သည်။

"ကျင့်ကြံခြင်း လမ်းစဉ် ဆိုတာ ရေဆန်မှာ လှေလှော်နေရသလိုပဲ... သူတို့မှာ 'စောင့်' နေဖို့ အချိန် မရှိတော့ဘူး... ဒါကြောင့်မို့လို့ ကိုယ်တိုင် ရှေ့တန်းထွက်ပြီး တိုက်ခိုက်နေကြတာပေါ့"

ရွေးချယ်စရာ နှစ်ခုသာ ရှိသည်။

ကျင့်ကြံခြင်းလောကကို တစ်ခုတည်းအဖြစ် စုစည်းကာ အဖွဲ့အစည်း တစ်ခုတည်းသာ အသက်ရှင်ကျန်ရစ်ပြီး ကျင့်ကြံခြင်း ရင်းမြစ်အားလုံးကို တစ်ဦးတည်း ပိုင်ဆိုင်ကာ ထာဝရ လက်ဆင့်ကမ်း သယ်ဆောင်သွားပြီး ပိုမို ဝေးကွာသော နေရာကို စူးစမ်းရှာဖွေမည်လား။

သို့မဟုတ် အတူတကွ ပျက်စီးသွားကြပြီး ကျင့်ကြံခြင်းလောက တစ်ခုလုံး ကမောက်ကမ ဖြစ်သွားကာ စည်းမျဉ်းသစ် ရေးဆွဲမည့်သူ ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းမည်လား။

သို့သော် နောင်တွင် အချိန်မည်မျှပင် ကြာမြင့်စေကာမူ ယခု ကျင့်ကြံခြင်းလောက ကဲ့သို့သော 'အထွတ်အထိပ် ရောက်နေသည့် စည်ပင်ဝပြောမှု' မျိုး နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိလာတော့မည် မဟုတ်ပေ။ ဤစစ်ပွဲသည် အပြင်ဘက်ရှိ သာမန်လူများ စိတ်ကူးထားသကဲ့သို့ ရိုးရှင်းသော အကျိုးအမြတ် လုယူပွဲ မဟုတ်ချေ။

"...ဒီလိုကိုး"

ချန်ရွှင် သက်ပြင်းတစ်ချက် ဖွဖွချလိုက်သည်။ သူ့တွင် 'သက်တမ်းအတွက် စိုးရိမ်ပူပန်မှု' မရှိသဖြင့် သူတို့၏ အသည်းအသန် ဖြစ်နေမှုများကို အပြည့်အဝ နားလည်ပေးနိုင်ခြင်း မရှိပေ။ ထို့ကြောင့် နောက်ထပ် မည်သည့် မှတ်ချက်မျှ ဝင်မပေးတော့ပေ။

"မွန်း..."

နွားနက်ကြီးသည် ဘေးနားတွင် ရယ်စရာ ပုံပြင်တစ်ပုဒ် နားထောင်နေရသကဲ့သို့ စိတ်ဝင်တစား နားထောင်နေလေသည်။

All Chapters