အခန်း ၁၈၁
Vol. 10 Ch. 181
အခန်း (၁၈၁)
ဂူဆီသို့ သွားရာလမ်းတစ်လျှောက်တွင် ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် စိတ်ချင်းဆက်သွယ်၍ တိတ်တဆိတ် စကားပြောဆိုနေကြသည်။
'နွားကြီး... နှင်းဂီတတောင်ကြား ရဲ့ အစီအရင် စွမ်းအားက ဘယ်လောက်လောက် ရှိလဲ'
'မွန်း'
'အကဲခတ်ကြည့်ပြီးရင် မျက်စိတစ်မှိတ်အတွင်း ဖောက်ထွင်းနိုင်မယ့် ယုံကြည်မှု ရှိလား'
'မွန်း မွန်း'
'ကောင်းပြီ၊ နားလည်ပြီ'
ချန်ရွှင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ကောင်းကင်မှ လွင့်ပျံလာသော ပုံဆောင်ခဲလေးများကဲ့သို့ နှင်းပွင့်အချို့သည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ တိတ်တဆိတ် ကျဆင်းလာကြသည်။ သူ၏ မျက်ဝန်းများသည် တဖြည်းဖြည်း နက်ရှိုင်းလာပြီး စူးရှသော အလင်းရောင်များ အနည်းငယ် ထွက်ပေါ်လာသည်။ ထိုမျက်ဝန်းများသည် ငြိမ်သက်နေသော မြစိမ်းရောင် ရေကန်ကြီး တစ်ခုနှင့် တူနေပြီး ဤလောကရှိ မည်သည့်အရာကမျှ သူ၏ မျက်ဝန်းများကို လှိုင်းဂယက် ထစေနိုင်မည် မဟုတ်သကဲ့သို့ပင် ရှိလေသည်။ နွားနက်ကြီးသည် ချန်ရွှင်ကို မျက်လုံးထောင့်စွန်းဖြင့် တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။ ပုံမှန်အားဖြင့် ကြောင်တောင်တောင်နိုင်သော မျက်ဝန်းများထဲတွင် စူးရှသော အလင်းရောင်များ ကိန်းအောင်းနေပြီး နွား၏ နှုတ်ခမ်းထောင့်စွန်းများသည် ဖြည်းညှင်းစွာ ကွေးညွတ်တက်လာသည်။
အရှေ့မှ လျှောက်သွားနေသော ကျန်ရွှယ်ချန်သည် အဘယ်ကြောင့်မှန်း မသိဘဲ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာပြီး ချန်ရွှင်နှင့် နွားနက်ကြီးကို ရုတ်တရက် လှည့်ကြည့်လိုက်မိသည်။ သူတို့သည် ယခင်အတိုင်းပင် မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာနေပြီး ရံဖန်ရံခါ နောက်ပြောင်ကျီစယ်နေခဲ့ကြသည်။ မည်သည့် မကောင်းသော ရည်ရွယ်ချက်မျှ မရှိဘဲ မည်သူ့ကိုမျှ အန္တရာယ်မပေးနိုင်သော သာမန် သက်ရှိများကဲ့သို့သာ မြင်တွေ့ရသော်လည်း...
"စီနီယာတို့ နှစ်ဦး... ဒီဂူက တူးဖော်ထားတာ သိပ်မကြာသေးပါဘူး၊ ဝိညာဉ်စွမ်းအင်စုစည်းခြင်း အစီအရင် ကိုလည်း ခင်းကျင်းထားပြီး စီနီယာတို့ နှစ်ဦးအတွက် သီးသန့် ပြင်ဆင်ပေးထားတာပါ"
ကျန်ရွှယ်ချန်၏ အပြုံးသည် အနည်းငယ် တောင့်တင်းနေသည်။ မည်သို့ပင်ဖြစ်စေ သူမသည် ထိုညက ဗေဒင်ဟောကိန်းကိုသာ ပို၍ ယုံကြည်ချင်နေမိသည်။
"အကယ်၍ ကျင့်ကြံဖို့ လိုအပ်တဲ့ ပစ္စည်းတွေ ရှိရင် ရွှယ်ချန်က စီစဉ်ပေးပါ့မယ်"
"အေး... နားလည်ပါပြီ"
ချန်ရွှင်သည် ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
"မွန်း"
နွားနက်ကြီးသည်လည်း ပျော်ရွှင်စွာဖြင့် နောက်ခြေထောက်များကို ခုန်ပေါက်လိုက်ရာ ဖြူဖွေးသော နှင်းပွင့်များ လေထဲသို့ လွင့်စင်သွားလေသည်။
ကျန်ရွှယ်ချန်သည် ရှေ့သို့ ပြန်လှည့်ကာ ဆက်လက် လျှောက်လှမ်းသွားသော်လည်း ရင်ထဲတွင်မူ စိုးရိမ်ပူပန်မှုများ တိုးပွားလာသည်။ ဤသူတို့နှစ်ဦးသည် အပြင်ပန်း အသွင်အပြင်ကဲ့သို့ အန္တရာယ်ကင်းသော သူများ မဟုတ်နိုင်ပေ။
လက်ဖက်ရည်တစ်ခွက်စာ အချိန်ခန့် အကြာတွင်။
ဝုန်း... ဝုန်း... ဝုန်း...
သူတို့သည် နှင်းဂီတတောင်ကြား၏ ကောင်းကင်မှ စီးကျလာသကဲ့သို့ ထင်မှတ်ရသော ရေတံခွန်ကြီး အောက်သို့ ရောက်ရှိလာကြသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ထိုမြင်ကွင်းကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး မျက်လုံးများ ပြူးကျယ်သွားကြသည်။ ဤသည်မှာ မိုးနှင့်မြေက ဖန်ဆင်းထားသော နတ်ဘုရားများ၏ လက်ရာတစ်ခုပင် ဖြစ်တော့သည်။
"စီနီယာတို့ နှစ်ဦး... ဒီဘက်ကို ကြွပါ"
ကျန်ရွှယ်ချန်သည် ရိုသေစွာ လမ်းညွှန်ပြသပေးပြီး အနည်းငယ်မျှပင် ကျော်လွန်လုပ်ဆောင်ခြင်း မပြုမိစေရန် သတိထားနေသည်။
"ရှေ့မှာ ဂူ ရှိပါတယ်၊ နှင်းဂီတတောင်ကြား ထဲမှာတော့ စီနီယာတို့ကို လာနှောင့်ယှက်မယ့်သူ ဘယ်သူမှ မရှိပါဘူး"
"တာအိုမိတ်ဆွေ ကျင်းယွီကို ကျေးဇူးတင်ကြောင်း ပြောပေးပါဦး၊ ဒီနေရာကို အရမ်း သဘောကျတယ်လို့လည်း ပြောပေးပါ"
"စီနီယာ... အကယ်၍ ခိုင်းစရာ ရှိရင် ဂူရှေ့ကနေ ကျွန်မကို ခေါ်လိုက်ပါ၊ အချိန်မရွေး ချက်ချင်း လာခဲ့ပါ့မယ်"
"အင်း"
ချန်ရွှင်သည် တည်ငြိမ်စွာ ခေါင်းညိတ်လိုက်ပြီး သူ၏ နတ်အသိများကို ဂူထဲသို့ ဖြန့်ကျက်ထားလိုက်ပြီ ဖြစ်သည်။ နေထိုင်ရန် လိုအပ်သော ပစ္စည်းကိရိယာများ ပြည့်စုံစွာ ရှိနေပြီး ထိုနေရာရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းမှုမှာမူ သူတို့၏ ဘဝတစ်သက်တာတွင် တစ်ခါမျှ မကြုံဖူးသော အဆင့်တစ်ခုပင် ဖြစ်လေသည်။
"မွန်း"
နွားနက်ကြီးသည် ပြင်းထန်သော နှာမှုတ်သံကြီးများ ထွက်ပေါ်နေပြီး ကြိုတင် ခင်းကျင်းပေးထားသော ဝိညာဉ်စွမ်းအင်စုစည်းခြင်း အစီအရင် ကို အလွန် စိတ်ဝင်စားနေပုံ ရသည်။
ကျန်ရွှယ်ချန်သည် လေးလေးနက်နက် ဦးညွှတ်လိုက်ပြီးနောက် ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။ မူလဝိညာဉ်အဆင့် ဘိုးဘေးများ၏ တံခါးပိတ် ကျင့်ကြံခြင်းသည် တစ်ကြိမ် စတင်လိုက်ပါက နှစ်ပေါင်း ရာချီ ကြာမြင့်သွားသည်မှာလည်း မဆန်းပေ။ ထို့ကြောင့် သူမအနေဖြင့် ထပ်မံ၍ နှောင့်ယှက်နေရန် မသင့်တော့ပေ။
"နွားကြီး... ဒီနေရာရဲ့ ပတ်ဝန်းကျင် အခြေအနေက အကောင်းဆုံးပဲ မဟုတ်လား"
ချန်ရွှင်သည် တဟားဟား ရယ်မောလိုက်သည်။ ပတ်ဝန်းကျင်တွင် သစ်ပင်ကြီးများ ထူထပ်စွာ ပေါက်ရောက်နေပြီး နှင်းများ တဖွဲဖွဲ ကျဆင်းနေကာ တောင်များနှင့် မြစ်များကို အနိမ့်အမြင့် ခွဲခြား၍ မရနိုင်အောင် ဖြူဖွေးသွားစေသည်။
နွားနက်ကြီးမှာမူ အစောကြီးကတည်းက ပျော်ရွှင်မြူးထူးစွာဖြင့် နေရာအနှံ့ ပြေးလွှားနေခဲ့ပြီ ဖြစ်သည်။ ရံဖန်ရံခါ ခေါင်းမော့၍ သစ်တောအုပ်ကြီး အထက်မှ ကျဆင်းလာသော ရေတံခွန်ကြီးကို ကြည့်ရှုနေတတ်သည်။ သို့သော် ထိုနွားခေါင်းပေါ်တွင်မူ နှင်းခဲကြီး တစ်ခု တင်ကျန်နေလေသည်။
"နွားကြီး... မင်းက ဂူထဲမှာ အစီအရင်တွေ ခင်းကျင်းထားလိုက်၊ ငါက ကြိုးကြာဝိညာဉ်သစ်ပင် နည်းနည်း သွားရွှေ့စိုက်လိုက်ဦးမယ်၊ ပြီးရင် နောက်ပိုင်း အစီအစဉ်တွေကို သေချာ စဉ်းစားကြမယ်"
ချန်ရွှင်၏ ပတ်လည်တွင် အလင်းရောင်ဖျော့ဖျော့များ တလက်လက် တောက်ပသွားပြီး လေအေးများနှင့် နှင်းများသည် သူ၏ ခန္ဓာကိုယ်အနီးသို့ အနည်းငယ်မျှပင် ချဉ်းကပ်နိုင်ခြင်း မရှိတော့ပေ။ သူသည် သင့်တော်သော နှင်းပြင်တစ်ခုကို ရှာဖွေကာ ထိုင်ချလိုက်သည်။
"အင်အား ရှိလာတော့လည်း အစစအရာရာ အဆင်ပြေလာတာပဲ"
"မွန်း"
နွားနက်ကြီးသည် ပြေးလာပြီး ချန်ရွှင်ကို မျက်နှာဖြင့် ပွတ်သီးပွတ်သပ် လုပ်လိုက်သည်။
"မွန်း မွန်း"
"ဖယ်စမ်းပါ"
ချန်ရွှင်သည် ရယ်မောရင်း နွားနက်ကြီးကို ခပ်ဖွဖွ တစ်ချက် ပုတ်လိုက်သည်။
နွားနက်ကြီးသည် အသံရှည်ဆွဲကာ အော်ဟစ်လိုက်ပြီး ဂူဆီသို့ ချက်ချင်း ပြေးထွက်သွားလေသည်။ ပတ်ဝန်းကျင် မြေပြင်အနေအထားကို စူးစမ်းလေ့လာခြင်း အပါအဝင် သူ လုပ်ဆောင်ရမည့် ပြင်ဆင်မှုများမှာ တောင်ပုံရာပုံ ရှိနေသေးသည်။
ချန်ရွှင်သည် နှင်းပြင်ပေါ်တွင် ပက်လက် လှဲလျောင်းလိုက်ပြီး ကောင်းကင်ကြီးကို မော့ကြည့်ကာ လေးနက်စွာ တွေးတောနေမိသည်။ ဤမီးဓာတ် ကျင့်စဉ်သည် သူတို့အတွက် မည်သည့်အကျိုးမျှ မရှိသည်မှာ သေချာလှသည်။ ယင်းသည် သူတစ်ပါးကို လှည့်စားရန် ပြုလုပ်ထားသော လှည့်ကွက် သက်သက်သာ ဖြစ်သည်။ ဝိညာဉ်အမြစ်၏ ဓာတ်သဘာဝနှင့် မကိုက်ညီဘဲ အတင်းအဓမ္မ ကျင့်ကြံမည်ဆိုပါက ချီလွဲမှားခြင်းများဖြစ်ပေါ်ကာ ပေါက်ကွဲသွားနိုင်ပြီး သေချာပေါက် သေမင်းဆီသို့ ရောက်ရှိသွားမည်သာ ဖြစ်သည်။
သူ အစပိုင်းက ခန့်မှန်းထားခဲ့သည်မှာ အရင်ဆုံး သင့်တော်သလို နှုတ်ဆက်ပြီး အဆက်အသွယ် ဖန်တီးကာ နောက်ရက်များတွင်မှ ဓာတ်ငါးပါး ကျင့်စဉ်ကို လာရောက် တောင်းခံရန်၊ လေ့လာစူးစမ်းရန်ပါ ဟု အကြောင်းပြချက် ပေးရန် စသည့် ဇာတ်လမ်းမျိုးသာ ဖြစ်သည်။ သို့သော် မထင်မှတ်ထားသည်မှာ ဤကျင့်ကြံခြင်းလောက၏ စစ်ပွဲကြီးက သူတို့အတွက် မမျှော်လင့်ထားသော အခွင့်အရေးကို ပေးစွမ်းခဲ့ပြီး အင်အားကြီးမားသော အဖွဲ့အစည်းတစ်ခု၏ အရေးပါသော ဧည့်သည်တော် အဖြစ် ဖိတ်ခေါ်ခံရမည့် အခြေအနေသို့ ရောက်ရှိသွားခြင်းပင် ဖြစ်သည်။ ဤကျင့်ကြံခြင်းလောကတွင် ငါတို့က ဓာတ်ငါးပါးလုံး ရောနှောနေတဲ့ အောက်အဆင့် ဝိညာဉ်အမြစ် ပိုင်ရှင်တွေ ဖြစ်ပေမဲ့ မူလဝိညာဉ်အဆင့်အထိ ရောက်အောင် ကျင့်ကြံနိုင်တယ် လို့များ ပြောလိုက်ပါက မည်မျှ ကြောက်မက်ဖွယ်ကောင်းသော အခြေအနေမျိုး ကျရောက်လာမည်ကို စိတ်ကူးကြည့်၍ပင် မရနိုင်ပေ။ မြောက်ပိုင်းနယ်စပ်တွင် စစ်တိုက်နေကြသော ကျင့်ကြံသူများ အားလုံးသည် မျက်နှာသွေးဆုတ်ကာ ချက်ချင်း ပြန်လှည့်လာကြမည်မှာ သေချာလှသည်။ ထို့နောက် ဤသို့ အော်ဟစ်ကြမည်မှာ အသေအချာပင်။
'ဟားဟား... ဒါက ဘယ်လို ရှားပါးလှတဲ့ ပါရမီရှင်ကြီးတွေလဲ၊ စစ်တိုက်နေဖို့ အချိန် မရှိတော့ဘူးဟေ့၊ တာအိုမိတ်ဆွေတို့... ဒီကောင်တွေကို ခန္ဓာကိုယ်ကို ခွဲစိတ် လေ့လာကြစမ်း'
"ဟူး... ကျင့်ကြံခြင်းလောက ဆိုတာ ကြောက်စရာကောင်းတဲ့ နေရာပဲ"
ချန်ရွှင်သည် ခေါင်းခါလျက် သက်ပြင်းချလိုက်ပြီး တစ်ချိန်တည်းမှာပင် အနည်းငယ် ပြုံးလိုက်သည်။
"ဒီနေရာမှာ ကျန်နေခဲ့တာက အကျိုးကျေးဇူး ကြီးမားလှတယ်၊ ငါကိုယ်တိုင်လည်း မူလဝိညာဉ်အဆင့် ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး နားမလည်တာတွေ အများကြီး ရှိနေသေးတာ၊ အခုဆိုရင် အားသွန်ခွန်စိုက် လေ့လာသင်ယူရမယ့် အချိန်ရောက်ပြီပဲ"
အတိတ်က ဝူယွင်ဂိုဏ်း တွင် ရှိစဉ်က စွမ်းအား နည်းပါးလွန်းသဖြင့် တစ်စုံတစ်ယောက်ထံ တပည့်ခံ၍ ပညာသင်ယူရန်ပင် ကြောက်ရွံ့နေခဲ့ရသည်။ နက်နက်ရှိုင်းရှိုင်း ပတ်သက်မိပါက အားနည်းချက်များ ဖြစ်ပေါ်သွားမည်မှာ သေချာသောကြောင့် ဖြစ်သည်။ အကယ်၍များ ဆရာနှင့် တပည့် သဘောထားကွဲလွဲပြီး သတ်ဖြတ်ကြသည့်အထိ ဖြစ်သွားကာ ဂိုဏ်းတစ်ခုလုံး၏ လိုက်လံ ဖမ်းဆီးခြင်းကို ခံရမည် ဆိုပါက ရယ်စရာ ကောင်းတော့မည် မဟုတ်ပေ။
"လှေပျံကြီး တည်ဆောက်မည့် အစီအစဉ်အတွက် လက်နက်ပြုလုပ်ခြင်းပညာ အသိပညာကလည်း မရှိမဖြစ် လိုအပ်တယ်၊ ဒါကိုလည်း တစ်နေရာရာမှာ သွားပြီး ပညာသင်ယူမှ ရမယ်၊ အခြေခံ သဘောတရားကို နားမလည်သေးဘူး"
ချန်ရွှင်၏ အကြည့်များသည် မသိလိုက်ဘာသာဖြင့် သစ်တောအုပ်ကြီးထဲတွင် သဘာဝအလျောက် ပေါက်ရောက်နေသော ကြိုးကြာဝိညာဉ်သစ်ပင် တစ်ပင်ဆီသို့ ရောက်ရှိသွားသည်။
"လှေရဲ့ ပင်မကိုယ်ထည် တွေကတော့... မင်းကိုပဲ အားကိုးရတော့မှာပဲ၊ ငါ့ရဲ့ မိတ်ဆွေဟောင်းကြီးရေ..."
ထိုအချိန်တွင် ချန်ရွှင်၏ စူးစိုက်ကြည့်ရှုခြင်းကို ခံရသော ထို ကြိုးကြာဝိညာဉ်သစ်ပင်သည် နှင်းလေများ တိုက်ခတ်မှုကြောင့် တယိမ်းတယိုင် ဖြစ်သွားပြီး တရှဲရွှီးရွှီးနှင့် တုန်ခါနေသော အသံများ ထွက်ပေါ်လာလေသည်။
"ကြိုးကြာဝိညာဉ်သစ်ပင်၊ ငါ့ရဲ့ အရေးပါတဲ့ လက်တွဲဖော်ကြီးရေ၊ ငါ မူလဝိညာဉ်အဆင့်ကို ရောက်ပြီးမှ သတိထားမိတာ... မင်းက တဖြည်းဖြည်းနဲ့ သာမန် သစ်ပင် မဟုတ်တော့ဘူးနော်"
ချန်ရွှင်သည် မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်သည်။ ဝိညာဉ်သစ်ပင်များကို ဤခရီးစဉ်တစ်လျှောက်လုံးတွင် အများအပြား တွေ့မြင်ခဲ့ရသော်လည်း ကြိုးကြာဝိညာဉ်သစ်ပင်ကဲ့သို့ ထူးဆန်းသော ဂုဏ်သတ္တိ ရှိသည့် အပင်မျိုး တစ်ပင်မျှ မရှိပေ။ ဥပမာအားဖြင့် ကျောက်စိမ်းရတနာသီးအပင် စသည်တို့သည် သက်တမ်း နှစ်သုံးထောင် ပြည့်ပါက ကန့်သတ်ချက်သို့ ရောက်ရှိသွားပြီး အချိန်တန်လျှင် ညှိုးနွမ်းသေဆုံးသွားရုံသာ ဖြစ်ကာ ထိုအပင်မှနေ၍ သေဆုံးခြင်း အရိပ်အယောင်များ ဘယ်သောအခါမျှ ထွက်ပေါ်လာမည် မဟုတ်ပေ။
"လက်နက်ပြုလုပ်ခြင်းပညာတဲ့လား၊ ငါ ဖန်တီးမယ့် လှေပျံက အလွန် ကြီးမားခမ်းနားမှာဆိုတော့ ကုန်ကြမ်းပစ္စည်း ဘယ်လောက်တောင် လိုအပ်မလဲ ဆိုတာ ခန့်မှန်းလို့တောင် မရဘူး၊ ကုန်ကြမ်းတွေကို ဘယ်လို လဲလှယ်ရှာဖွေမလဲ ဆိုတာကို သေချာ စီစဉ်ရမယ်"
ချန်ရွှင်၏ မျက်ဝန်းများသည် တွေးတောမှုများထဲတွင် နစ်မြုပ်နေသည်။ ခေါင်းထဲတွင် လုပ်ဆောင်ရမည့် အစီအစဉ်များကို ကြိုတင်ပြင်ဆင်မှု မရှိဘဲ အောင်မြင်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
"လှေပျံ တည်ဆောက်တဲ့ ကျွမ်းကျင် လက်နက်ပညာရှင်တွေဆီ သွားပြီး အကြံဉာဏ် တောင်းရဦးမယ်"
"ပြီးတော့ ဟင်းလင်းပြင် နေရာလွတ် ဖန်တီးနိုင်တဲ့ သတ္တု လည်း လိုအပ်သေးတယ်၊ အဲဒီ လှေပျံကြီး တစ်ခုလုံးကို သိမ်းဆည်းထားနိုင်မယ့် အလွန် ကြီးမားတဲ့ သိုလှောင်လက်စွပ် တစ်ကွင်းလည်း လုပ်ရဦးမယ်"
ချန်ရွှင်၏ ခေါင်းထဲရှိ တည်ဆောက်မည့် ပုံကြမ်းများသည် တဖြည်းဖြည်း ပိုမို ရှင်းလင်းလာသည်။
"ငါနဲ့ နွားကြီးရဲ့ ရွေ့လျားအိမ်လေး ဖြစ်မှာဆိုတော့ စွမ်းအင် အရင်းအမြစ်က ဝိညာဉ်ကျောက်တုံး တွေ ဖြစ်နေတာကိုတော့ သဘောမကျဘူး"
စဉ်းစားနေရင်းနှင့် ချန်ရွှင်၏ မျက်နှာပေါ်တွင် နှမြောတသဖြစ်သော အမူအရာများ ပေါ်လာသည်။ ကုန်ကျစရိတ် အလွန် များပြားလွန်းသဖြင့် ထိုအစီအစဉ်ကို ပယ်ဖျက်ရမည် ဖြစ်သည်။
နေ့ဝက်ခန့် ကြာပြီးနောက်။
အဝေးရှိ ဂူထဲမှ နွားအော်သံ ကြားလိုက်ရသဖြင့် ချန်ရွှင်သည် ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး အလင်းတန်း တစ်ခုအသွင် ပြောင်းလဲကာ ပျံသန်းသွားလေသည်။ ဤသည်မှာ နွားနက်ကြီး၏ အစီအရင် ခင်းကျင်းမှု ပြီးစီးသွားပြီ ဖြစ်ကြောင်း အချက်ပြလိုက်ခြင်း ဖြစ်သည်။
ဂူထဲသို့ ဝင်ရောက်ပြီးနောက် ချန်ရွှင်က နတ်အသိများကို တစ်ခဏချင်း ဖြန့်ကျက်လိုက်ရာ သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားလေသည်။ သူ၏ နတ်အသိများသည် ပြင်းထန်သော ခုခံမှု နှင့် ကြုံတွေ့ရပြီး နောက်သို့ ပြန်လည် ကန်ထွက်လာသောကြောင့် ဖြစ်သည်။
"မွန်း"
နွားနက်ကြီးသည် ဂူနံရံကို မှီထားလျက် နွားမျက်လုံးများထဲတွင် 'ငါတော်တယ်မလား' ဟူသော ဂုဏ်ယူဝင့်ကြွားသည့် အရိပ်အယောင်များ အထင်းသား ပေါ်လွင်နေလေသည်။
"အရမ်း မိုက်တာပဲ"
ချန်ရွှင်သည် အံ့သြချီးကျူးစွာ အော်ဟစ်လိုက်သည်။
"နွားကြီး... မင်း ထပ်ပြီး အဆင့်တက်သွားပြန်ပြီလား"
"မွန်း"
နွားနက်ကြီးသည် ဤစကားကို ကြားသောအခါ အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး ချန်ရွှင်ဆီသို့ အပြေးအလွှား သွားကာ မျက်နှာဖြင့် ပွတ်သီးပွတ်သပ် လုပ်လေတော့သည်။
အစီအရင် အတွင်းရှိ ကမ္ဘာလေးသည် အစီအရင် အများအပြား ရှုပ်ထွေးစွာ ထပ်တူကျနေခြင်း ဖြစ်သည်။ ဖုံးကွယ်ခြင်း၊ ကာကွယ်ခြင်း၊ တိုက်ခိုက်ခြင်း နှင့် စွမ်းအင် လည်ပတ်မှု အစီအရင်တို့ ပါဝင်သည်။ အဓိက အစီအရင်အလံ သုံးခု မပျက်စီးသရွေ့၊ မိုးနှင့်မြေ၏ ဓာတ်ငါးပါး စွမ်းအင် မကုန်ခန်းသရွေ့ ဤအစီအရင်သည် ထာဝရနီးပါး ဆက်လက် လည်ပတ်နေနိုင်မည် ဖြစ်သည်။ ချန်ရွှင်သည် အလွန်အမင်း အံ့အားသင့်သွားသည်။ ယင်းမှာ ဝိညာဉ်စွမ်းအင် ကန့်သတ်ချက်ကို ကျော်လွန်သွားပြီး အစီအရင်၏ စွမ်းအားကို မြှင့်တင်လိုက်ရုံ သက်သက် မဟုတ်ပေ။
မူလဝိညာဉ်အဆင့်သို့ တက်နိုင်ခဲ့ခြင်းကြောင့် နွားနက်ကြီး၏ အစီအရင်နှင့် ပတ်သက်သော နားလည်မှု သည် စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤကျင့်ကြံခြင်းလောက၏ မည်သည့်နေရာတွင် ရှာဖွေပါစေ ဆင်တူသော သဘောတရားရှိသည့် အစီအရင်မျိုး မရှိနိုင်ရာ ၎င်းကို ဖောက်ထွင်းနိုင်ရန်မှာ မဖြစ်နိုင်သည့် ကိစ္စပင် ဖြစ်သည်။
"မွန်း"
နွားနက်ကြီးသည် နှာမှုတ်သံ ရှည်ကြီး တစ်ချက်ကို ပြုလုပ်လိုက်သည်။ ချန်ရွှင်၏ ဤကဲ့သို့ အံ့သြနေသော မျက်နှာကို မြင်ရသည်မှာ သူ အနှစ်သက်ဆုံး ဖြစ်ပြီး ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေနပ်မှုကို ခံစားနေရသည်။
"နွားကြီး... မင်းကျေးဇူးကြောင့် ဝိညာဉ်ကျောက်တုံး တွေ အများကြီး ထပ်ပြီး သက်သာသွားပြန်ပြီကွ"
ချန်ရွှင်က ရုတ်တရက် ထိုသို့ပြောလိုက်ပြီး သူ၏ အကြည့်များကို ဂူနံရံဘက်သို့ ရွှေ့လိုက်သည်။
"ကြည့်စမ်း၊ နံရံမှာ မြှုပ်ထားတဲ့ ဒီသလင်းကျောက်တွေနဲ့ ကျောက်စိမ်းတွေကို"
"မွန်း မွန်း"
နွားနက်ကြီးသည်လည်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ရာ ဂူ၏ နေရာအနှံ့မှ နို့နှစ်ရောင် အလင်းတန်းများ ထွက်ပေါ်နေပြီး နူးညံ့သော်လည်း မျက်စိမစူးသော အလင်းရောင်က ဂူတစ်ခုလုံးကို လင်းထိန်နေစေသည်။