← Chapters

အခန်း ၁၈၂

Vol. 10 Ch. 182

အခန်း ၁၈၂

Vol. 10 Ch. 182

အခန်း (၁၈၂)

"ဒါတွေကို နောက်ကျရင် နည်းနည်းလောက် ဝယ်ထားရမယ်၊ ဝိညာဉ်ကျောက်တုံး ကုန်ကျမှုကို သက်သာစေမယ့် အလွန် ကောင်းမွန်တဲ့ ပစ္စည်းတွေပဲ"

ချန်ရွှင်သည် ရင်ထဲတွင် အနည်းငယ် လှုပ်ရှားနေသည်။

"ဒါတွေကို ငါတို့ရဲ့ လှေပျံကြီးထဲမှာ ခင်းကျင်းထားလိုက်ရင် အဲဒါက ငါတို့ရဲ့ စစ်မှန်တဲ့ အိမ် ဖြစ်လာတော့မှာပဲ"

"မွန်း"

"နွားကြီး၊ ငါ့ခေါင်းထဲမှာ ပုံစံကြမ်း ဆွဲပြီးသွားပြီ၊ ဝိညာဉ်ဆေးပင်တွေ စိုက်ပျိုးမယ့် စိုက်ခင်း နေရာရယ်၊ ဆေးဖော်စပ်မယ့် အခန်းရယ်... အားလုံး အပြည့်အစုံ လုပ်ပေးမယ်"

"မွန်း"

"ဒါပေါ့၊ တံခါးပိတ် ကျင့်ကြံမယ့် အခန်းနဲ့ မောင်းနှင်မယ့် အခန်းလည်း ပါမှာပေါ့၊ ပြီးတော့ အပေါ်ဆုံးမှာ ငါတို့ရဲ့ မိတ်ဆွေဟောင်းကြီး ဖြစ်တဲ့ ကြိုးကြာဝိညာဉ်သစ်ပင် ကြီးကို အခိုင်အမာ စိုက်ပျိုးထားမယ်ကွ"

"မွန်း"

ချန်ရွှင်က စကားတစ်ခွန်း ပြောလိုက်တိုင်း နွားနက်ကြီးမှာ အံ့အားသင့်လျက် ခုန်ပေါက်နေပြီး သူ၏ မည်းနက်သော မျက်နှာကြီးသည် စိတ်လှုပ်ရှားလွန်းသဖြင့် အနည်းငယ် နီရဲလာသည် အထိပင် ဖြစ်သည်။

"ဟဲဟဲ၊ ပြီးရင် လှေရဲ့ နေရာအနှံ့မှာ မင်းရဲ့ အစွမ်းထက်ဆုံး အစီအရင် တွေကို ခင်းကျင်းထားမယ်၊ ဒါဆိုရင် နောက်ပိုင်းကျရင် လောကကြီးရဲ့ ဘယ်နေရာကိုပဲ လေလွင့်နေပါစေ၊ ငါတို့က အမြဲတမ်း ကိုယ့်အိမ် ထဲမှာပဲ ရှိနေမှာပေါ့"

"မွန်း"

နွားနက်ကြီးသည် ပြင်းထန်သော နှာမှုတ်သံများကို အဆက်မပြတ် ပြုလုပ်နေပြီး နွားမျက်လုံးများကို အကျယ်ဆုံး ဖွင့်ထားလိုက်သည်။ အစ်ကိုကြီး၏ စိတ်ကူးယဉ်နိုင်စွမ်းသည် အလွန်အမင်း ကောင်းလွန်းလှပေသည်။ သူတို့လည်း အတိတ်က အသေးစား လှေပျံများကို စီးဖူးသလို ရတနာလှေကြီးများကိုလည်း မြင်ဖူးခဲ့သည်။ သို့သော် ဤကျင့်ကြံခြင်းလောက၏ မည်သည့်နေရာတွင် ရှာဖွေပါစေ အစ်ကိုကြီး ပြောသကဲ့သို့ ထူးဆန်းအံ့သြဖွယ်ကောင်းသော ဖွဲ့စည်းတည်ဆောက်ပုံမျိုး ရှိသည့် လှေပျံဆိုသည်မှာ မရှိနိုင်ပေ။

"နွားကြီး၊ ခုနကတင် ငါ အနာဂတ်အတွက် တိကျသေချာတဲ့ အစီအစဉ်တွေကို ရေးဆွဲပြီးသွားပြီ"

ချန်ရွှင်၏ နှုတ်ခမ်းထောင့်စွန်းများသည် တဖြည်းဖြည်း ကွေးညွတ်တက်လာပြီး လောကကြီးကို အထင်သေးစွာ ကြည့်ရှုသည့် ဘုရင်တစ်ပါး၏ မျက်လုံးမျိုး ဖြစ်လာသည်။

"နွားကြီး၊ ပထမအဆင့်အနေနဲ့ မူလဝိညာဉ်အဆင့်ရဲ့ ဝိညာဉ်စွမ်းအင်တွေကို ကန့်သတ်ချက် ရောက်တဲ့အထိ စုစည်းရမယ်၊ အထောက်အကူပြု ကျင့်စဉ်တွေကို စတင် ကျင့်ကြံမယ်၊ ဒီနေ့က စပြီး တံခါးပိတ် ကျင့်ကြံကြမယ်"

"မွန်း မွန်း"

နွားနက်ကြီးသည် ချန်ရွှင်၏ မျက်နှာကို ပွတ်သီးပွတ်သပ် လုပ်လိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် ပိုမို ပြင်းထန်သော စိတ်လှုပ်ရှားမှုများ ကိန်းအောင်းလာသည်။

ချန်ရွှင်သည် အရပ်လေးမျက်နှာကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ ယခုအခါ သူတို့ကို ခိုးကြည့်လိုသူများ မရှိတော့သလို သူတို့၏ ခြေလှမ်းများကို တားဆီးမည့် အစီအရင်များလည်း မရှိတော့ပေ။ သူတို့သည် ဤကျင့်ကြံခြင်းလောကတွင် ကောင်းကင်ကို တုန်လှုပ်စေနိုင်သော စစ်မှန်သည့် မဟာကျင့်ကြံသူများ ဖြစ်နေကြပြီ ဖြစ်သည်။

"စလုပ်ကြမယ်"

"မွန်း"

သူတို့သည် တံခါးပိတ်ကျင့်ကြံမည့် အခန်းထဲသို့ မျက်စိတစ်မှိတ်အတွင်း ဝင်ရောက်သွားကြပြီး စိတ်ကို ငြိမ်သက်အောင် ထားကာ အသက်ရှူနှုန်းကို ထိန်းညှိပြီးနောက် ကျောက်စိမ်းဝိညာဉ်ကျမ်း ကို စတင် လည်ပတ်ကျင့်ကြံလေတော့သည်။

သို့သော် မူလဝိညာဉ်အဆင့်သို့ ရောက်ရှိပြီးနောက် ဝိညာဉ်စွမ်းအင်များ အဆမတန် တိုးပွားလာခြင်းကြောင့် ထိုကျင့်ကြံမှု အခြေအနေသည် ယခင်ကထက် ပိုမို ကြောက်မက်ဖွယ်ကောင်းသော အခြေအနေသို့ ပြောင်းလဲသွားခဲ့လေပြီ။ ဂူတစ်ခုလုံးတွင် သားရဲကြီး တစ်ကောင် အသက်ရှူနေသကဲ့သို့ ပြင်းထန်သော ဖိအားများ စတင် ဖြစ်ပေါ်လာသည်။ အသက်ရှူထုတ်လိုက်တိုင်း ဝိညာဉ်စွမ်းအင်များ ပန်းထွက်လာပြီး အရပ်လေးမျက်နှာရှိ လေဟာနယ်ကို တုန်ခါသွားစေသည်။ အသက်ရှူသွင်းလိုက်တိုင်း ပင်လယ်ကဲ့သို့ များပြားလှသော ဝိညာဉ်စွမ်းအင်များသည် ခန္ဓာကိုယ်ထဲသို့ တစ်ရှိန်ထိုး စုပ်ယူခံလိုက်ရသည်။

ဂူအတွင်း၌ တပ်ဆင်ထားသော ဝိညာဉ်စွမ်းအင်စုစည်းခြင်း အစီအရင် သည် ပြင်းထန်စွာ လင်းလာလိုက် မှေးမှိန်သွားလိုက် ဖြစ်နေပြီး ယိမ်းထိုးလှုပ်ရှားနေသည်။ အလွန် သန့်စင်သော ဝိညာဉ်စွမ်းအင်များ အမြောက်အမြား စုစည်းလာသည်ဟု ထင်မှတ်ရသော်လည်း နောက်တစ်စက္ကန့်တွင် သရဲတစ္ဆေ တွေ့လိုက်ရသည့်အလား တစ်ပြိုင်နက်တည်း ပြန့်ကျဲသွားကြသည်။ ဤသူတို့နှစ်ဦး၏ သာမန်ထက် လွန်ကဲသော စုပ်ယူနိုင်စွမ်းကို အစီအရင် ကိုယ်တိုင်ကပင် ခံနိုင်ရည် မရှိတော့ခြင်း ဖြစ်သည်။

သို့သော် ဤပုံမှန်မဟုတ်သော အခြေအနေများ အားလုံးကို နွားနက်ကြီး၏ အစီအရင်က ဖုံးကွယ်ထားသဖြင့် နှင်းဂီတတောင်ကြား တွင် ရှိနေသော သူများ အနေဖြင့် အာရုံခံ၍ မရနိုင်ပေ။ ဤနေရာလေးသည်သာ ပြင်ပလောကနှင့် အဆက်အသွယ် ပြတ်တောက်နေပြီး သီးခြားကမ္ဘာတစ်ခုသဖွယ် ဖြစ်နေလေသည်။

ဆုဝမ်ခန်းမဆောင် ၏ အတွင်းဘက်၌။

ကျင်းယွီသည် ခန်းမဆောင်၏ အလယ်ဗဟိုတွင် တင်ပျဉ်ခွေ ထိုင်နေသည်။ သူမ၏ ခေါင်းပေါ်တွင် ကလေးငယ်ပုံစံ မူလဝိညာဉ်လေးတစ်ခုသည် မျက်လုံးမှိတ်လျက် လည်ပတ်နေသော်လည်း ထိုပုံရိပ်၏ မျက်နှာတွင် နာကျင်ခံစားနေရသော အရိပ်အယောင်များ အနည်းငယ် ဖြစ်ပေါ်နေသည်။ ခန်းမဆောင်၏ အတွင်းပိုင်းတွင် အစွမ်းထက်သော မဟာအစီအရင် များကို ခင်းကျင်းထားပြီး အပြာရောင် အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။ သူမသည် ဝိညာဉ်စွမ်းအင် အလင်းတန်းများကို ခံယူရင်း မူလဝိညာဉ်တွင် ရရှိထားသော ဒဏ်ရာများကို ကုသရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

ရုတ်တရက် သူမသည် မျက်လုံးများကို ဖွင့်လိုက်သည်။ သူမ၏ မျက်ဝန်းများထဲတွင် အံ့အားသင့်မှုများ ဖြတ်သန်းသွားပြီး မျက်နှာအမူအရာ ပြောင်းလဲသွားကာ တိုးညှင်းစွာ ရေရွတ်လိုက်သည်။

"အလွန် ကြောက်စရာကောင်းတဲ့ အစီအရင် ပညာပါလား"

နှင်းဂီတတောင်ကြား ထဲတွင် သိသာထင်ရှားစွာ အာရုံခံ၍ မရနိုင်သော နေရာ တစ်ခု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ တောင်ကြားတစ်ခုလုံးကို လွှမ်းခြုံထားသော မဟာအစီအရင်နှင့် ဆက်သွယ်မှုသည်ပင် ပြတ်တောက်သွားပြီး ထိုနေရာလေးသည်သာ ဤလောကမှ ဖျက်ဆီးခံလိုက်ရသည် အတိုင်းပင် ဖြစ်နေလေသည်။ ထိုနေရာသည် အခြားနေရာ မဟုတ်ဘဲ ချန်ရွှင်နှင့် နွားနက်ကြီးတို့၏ ဂူပတ်ဝန်းကျင်သာ ဖြစ်သည်။

"ရွှယ်ချန် အဲ့ဒိညက ဗေဒင်ဟောခဲ့တဲ့ ရလဒ်က... အလွန် ကံဆိုးမယ့် အခြေအနေ ပဲ"

ကျင်းယွီသည် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီး သူမ၏ မျက်ဝန်းများတွင် ပိုမို ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်လာသည်။

"ဒီလူနှစ်ယောက်ကို ဖိတ်ခေါ်လိုက်တာက စန္ဒာဂိုဏ်း အတွက် ကံကောင်းခြင်း ဖြစ်လာမလား၊ ဒါမှမဟုတ် ကံဆိုးခြင်း ဖြစ်လာမလား"

သူမ၏ စိတ်နှလုံးထဲတွင် ရှိနေခဲ့သော သူတို့နှစ်ဦးကို အသုံးချမည် ဟူသည့် သေးငယ်သော အကြံအစည်များသည် တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့လေသည်။ ဤကဲ့သို့သော အဆုံးအစမသိနိုင်သည့် ပုဂ္ဂိုလ်များအပေါ်တွင် ကြံစည်တွေးတောမှုများ မပြုလုပ်သင့်ပေ။ သူတို့သည် အပြင်ပန်းတွင် မြင်ရသကဲ့သို့ ရိုးရှင်းသော သက်ရှိများ မဟုတ်ကြပေ။

"ဂိုဏ်းတူအစ်မတို့... ကျင်းယွီမှာလည်း ဘာမှ တတ်နိုင်စွမ်း မရှိတော့ပါဘူး"

ကျင်းယွီသည် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ရာ ကျယ်ပြောလှသော ခန်းမဆောင်ကြီး အတွင်း၌ သက်ပြင်းချသံကြီး တစ်ခု ပဲ့တင်ထပ်သွားသည်။

"ဒါပေမဲ့ မြောက်ပိုင်းနယ်စပ်ကို ထွက်ခွာသွားတဲ့ သူတွေ အားလုံး ဘေးကင်းလုံခြုံစွာနဲ့ အောင်ပွဲခံ ပြန်လာနိုင်ဖို့ပဲ ဆုတောင်းရတော့မှာပါပဲ"

အခြား ဂူတစ်ခု အတွင်း၌။

ကျန်ရွှယ်ချန်သည် နှလုံးခုန်ရပ်မတတ် ပြင်းထန်သော ကြောက်ရွံ့မှုကို ရုတ်တရက် ခံစားလိုက်ရသည်။ သူမ၏ ဂူသည် ထိုသူနှစ်ဦး၏ ဂူနှင့် သိပ်မဝေးလှသော နေရာတွင် ရှိသည်။ သူမ၏ မျက်စိရှေ့တွင် ဟောင်းနွမ်းနေသော ဗေဒင်ဟောရာတွင် သုံးသည့် ကျောက်စိမ်းပြား တစ်ခု ချထားသော်လည်း မျက်နှာပြင်တွင် အက်ကွဲကြောင်း အချို့ ရှိနေပြီ ဖြစ်သည်။ သူမသည် လက်နှစ်ဖက်ကို အနည်းငယ် တုန်ရီလျက် ဗေဒင်ဟောခြင်းကို မည်သို့မျှ စတင်နိုင်ခြင်း မရှိပေ။

သာမန် ဗေဒင်ဟောခြင်းသည် စိတ်ကို ဖြေသာစေပြီး ကောင်းကျိုးဆိုးကျိုးကို ခန့်မှန်းနိုင်သည်။ အလယ်အလတ် ဗေဒင်ဟောခြင်းသည် ခန္ဓာကိုယ်ကို ထိခိုက်စေပြီး ကျင့်ကြံခြင်းလမ်းစဉ်ကို ပြတ်တောက်စေသည်။ ထို့အပြင် ကြီးမားသော ဗေဒင်ဟောခြင်းသည် ကောင်းကင်၏ နိယာမကို ဆန့်ကျင်ပြီး ကျိန်စာများကို မိမိထံ ကျရောက်လာစေသည်။ ကျန်မိသားစုတွင် ဤပညာရပ်ကို အသုံးပြုနိုင်သူမှာ ယခုအခါ သူမ တစ်ယောက်တည်းသာ ကျန်ရှိတော့သည် မဟုတ်ပါလား။

"ကျန်ရွှယ်ချန်၊ စပ်စုလိုစိတ်ကို အရှုံးမပေးနဲ့"

ကျန်ရွှယ်ချန်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ထိုညက ဗေဒင်ဟောခဲ့စဉ်က အဖြစ်အပျက်ကို ပြန်လည် အမှတ်ရလိုက်သည်။ သွေးအန်ပြီး ကျောက်စိမ်းပြား အက်ကွဲသွားခဲ့သော ထိုအချိန်ကိုပင် ဖြစ်သည်။ ဤကျောက်စိမ်းပြားသည် ကျန်မိသားစုက ရှေးဟောင်းခေတ်မှစ၍ လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့သော အဖိုးတန် ရတနာ တစ်ခု ဖြစ်သည်။ အမှန်တကယ်တွင် သူတို့ ကျန်မိသားစုသည် ဤဒေသရှိ ကျင့်ကြံခြင်းလောကမှ မွေးဖွားလာသူများ မဟုတ်ပေ။ အနောက်ဘက်ရှိ ကောင်းကင်လွင်ပြင်ကြီး၏ အဆုံးမှ ရောက်ရှိလာသော မျိုးနွယ်စု ဖြစ်သည်။ အမှန်တကယ်တွင် ထိုညက သူမသည် မည်သည့် ရလဒ်မျှ ထွက်ပေါ်လာအောင် ဟောကိန်းထုတ်နိုင်ခြင်း မရှိပေ။ သို့သော် ထိုပုံမှန်မဟုတ်သော အခြေအနေနှင့် ဗေဒင်ဟောသည့် ပစ္စည်း ပျက်စီးသွားသည်ကို မြင်တွေ့ပြီးနောက် သူမ၏ ကိုယ်ပိုင် ယူဆချက်ဖြင့်သာ အလွန် ကံဆိုးမည့် အခြေအနေ ဟု အတင်းအဓမ္မ ဆုံးဖြတ်ချက် ချလိုက်ခြင်းသာ ဖြစ်သည်။

ကျန်ရွှယ်ချန်သည် ကျောက်စိမ်းပြားကို သိုလှောင်လက်စွပ်ထဲသို့ တိတ်တဆိတ် ပြန်ထည့်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင်ထားကာ ကျင့်ကြံခြင်းကို ပြန်လည် စတင်လိုက်သည်။ သူမ၏ ကျင့်ကြံမှုအဆင့်သည် မည်မျှပင် အဆင့်မြင့်သော ဆေးများကို သောက်သုံးစေကာမူ နှစ်ပေါင်းများစွာတိုင်အောင် တိုးတက်လာခြင်း မရှိတော့ပေ။ ယင်းမှာ ပါရမီနှင့် ဝိညာဉ်အမြစ်၏ ပြဿနာ မဟုတ်ပုံ ရသည်။ သူမ၏ မျိုးဆက်သွေး ကိုယ်တိုင်ကပင် သူမအား ဤထက်ပို၍ စွမ်းအားကြီးမားလာမည်ကို ငြင်းပယ်ကာ ဖိနှိပ်ထားသကဲ့သို့ ဖြစ်နေသည်။

အချိန်ကာလများသည် အသံတိတ် ဖြတ်သန်းသွားပြီး နှင်းဂီတတောင်ကြားတွင် ယခင်အတိုင်း နှင်းများ တဖွဲဖွဲ ကျဆင်းနေကာ တိတ်ဆိတ်ငြိမ်သက်မှုများက လွှမ်းခြုံထားသည်။ ချန်နိုင်ငံ၏ ပင်မနယ်မြေနှင့် အရှေ့ဘက် နိုင်ငံများရှိ နောက်ချန် ကျင့်ကြံသူတိုင်းသည် ထူးဆန်းသော ကြောက်မက်ဖွယ်ကောင်းမှု ကို စတင် ခံစားနေကြရသည်။ မြောက်ပိုင်းနယ်စပ်မှ သတင်းများ တဖြည်းဖြည်း ပြတ်တောက်သွားပြီး ကင်းထောက်ရန် သွားရောက်သော ကျင့်ကြံသူများသည်လည်း အစီအရင်ကြီး၏ တားဆီးမှုကို ခံရသဖြင့် အတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိတော့ပေ။ မြောက်ပိုင်းနယ်စပ်ရှိ ရေခဲမြစ်များသည် အလွန်များပြားသော သွေးများဖြင့် နီရဲနေသည်ဟူသော ကောလာဟလ သတင်းများသာ ထွက်ပေါ်လာခဲ့သည်။

စစ်ပွဲကြီးသည် မြောက်ပိုင်းနယ်စပ်၏ အနက်ရှိုင်းဆုံး နေရာများအထိ ကူးစက်သွားပုံ ရသော်လည်း စစ်ရေး အခြေအနေ မည်သို့ ဖြစ်နေသည်၊ မည်ကဲ့သို့သော ကြီးမားသည့် အပြောင်းအလဲများ ဖြစ်ပေါ်နေသည် ဆိုသည်ကို ပြင်ပလောကမှ သိရှိခွင့် မရအောင် ဖုံးကွယ်ထားခြင်း ခံခဲ့ရသည်။ ဂိုဏ်းအသီးသီးမှ အကြီးအကဲများသည် တပည့်များကို အပြင်ထွက်ခွင့် တင်းကျပ်စွာ တားမြစ်ထားပြီး ချန်နိုင်ငံ၏ ထိပ်တန်း ဂိုဏ်း ဆယ်ခုသည်လည်း တိတ်ဆိတ်သွားကာ ပြင်ပလောကတွင် သူတို့၏ တပည့်များ၏ ပုံရိပ်ကို အနည်းငယ်မျှပင် မမြင်တွေ့ရတော့ပေ။ နန်ဒုတောင်သည် နှစ်ပေါင်းများစွာတိုင်အောင် ဖွင့်ခြင်း မရှိတော့သလို ယွီရွှီးမြို့တော်သည်လည်း မြို့တံခါးကို ပိတ်ဆို့ထားကာ အတွင်း၌ ရှိနေသော ကျင့်ကြံသူ အများအပြားကို အတင်းအဓမ္မ မောင်းထုတ်ခဲ့သည်။ အားလုံးသည် ဒေါသထွက်နေကြသော်လည်း ဖွင့်ဟပြောဆိုရန် သတ္တိမရှိခဲ့ကြပေ။

ချန်နိုင်ငံ၏ ပြည်နယ်ကိုးခု နေရာအနှံ့တွင် ကျင်းပလေ့ရှိသော အင်မော်တယ်အဆင့် တက်ခြင်း ညီလာခံ များကိုလည်း ကျင်းပခြင်း မရှိတော့ရာ ကျင့်ကြံခြင်းလမ်းစဉ်ကို မျှော်မှန်းထားသော သာမန်လူများနှင့် တစ်ကိုယ်တော် ကျင့်ကြံသူများသည် မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်ကြသည်။ ကျင့်ကြံခြင်း လမ်းစဉ်သည် ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။ ထိုအရာ၏ ရလဒ်မှာ ကျင့်ကြံခြင်းလောက၏ အောက်ခြေအလွှာ တွင် ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲများ ပိုမို ပြင်းထန်လာခြင်းပင် ဖြစ်သည်။ အထက်သို့ ဆက်လက် မတက်နိုင်သော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများသည် နေရာအနှံ့တွင် ဗိုလ်ကျစိုးမိုးကာ အချင်းချင်း သတ်ဖြတ်မှုများ စတင်လာကြသည်။ မသိလိုက်ဘာသာဖြင့် အနာဂတ် ကျင့်ကြံခြင်းလောက၏ ပါရမီရှင်များ ဖြစ်လာမည့်သူ အများအပြားသည် ထိုတိုက်ပွဲများကြားတွင် အသက်ဆုံးသွားကြသည် သို့မဟုတ် သာမန်လူများ အဖြစ်သာ ပျောက်ကွယ်သွားခဲ့ကြရသည်။ မြောက်ပိုင်းနယ်စပ်၏ စစ်ပွဲကြီးဟူသော အမှောင်ထုကြီးသည် တိတ်ဆိတ်စွာဖြင့် သို့သော်လည်း သေချာပေါက် ကျင့်ကြံခြင်းလောက တစ်ခုလုံးကို စတင် ဝါးမြိုနေပြီ ဖြစ်သည်။

......

အချိန်ကာလများသည် ကျင့်ကြံခြင်းလောက၏ ရှုပ်ထွေးမှုများနှင့်အတူ ဖြည်းညှင်းစွာ ရှေ့သို့ ဆက်လက် စီးဆင်းနေသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ တံခါးပိတ် ကျင့်ကြံခြင်းကို စတင်ခဲ့သည်မှာ ယခုအခါ နှစ်ပေါင်း (၅၀)တိုင်တိုင် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ နှင်းဂီတတောင်ကြား၏ အနက်ရှိုင်းဆုံး နေရာ။ သူတို့၏ ဂူထဲမှနေ၍ နောက်ဆုံးတွင် ကြီးမားသော လှုပ်ရှားမှုကြီး တစ်ခု ထွက်ပေါ်လာခဲ့လေပြီ။

ဝုန်း...

ဝုန်း...

ပင်လယ်ပြင်ကဲ့သို့ ကျယ်ပြောပြီး လွှမ်းမိုးနိုင်စွမ်းရှိသော ဝိညာဉ်စွမ်းအင်များသည် အရပ်လေးမျက်နှာသို့ တိုက်ခတ်သွားပြီး တပ်ဆင်ထားသော ဝိညာဉ်စွမ်းအင်စုစည်းခြင်း အစီအရင်သည် ကျယ်လောင်သော အသံကြီးနှင့်အတူ တစ်စစီ ကြေမွသွားလေသည်။ ဂူပတ်ဝန်းကျင်တွင် ရှိနေသော ဝိညာဉ်စွမ်းအင်များသည် ပြန့်ကျဲသွားခြင်း မဟုတ်ဘဲ အားလုံး စုပ်ယူခံလိုက်ရသဖြင့် လေဟာနယ် အခြေအနေသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။ ဂူ၏ ကောင်းကင်တွင် မူလဝိညာဉ်၏ ပုံရိပ် ဆယ်ခုသည် တင်ပျဉ်ခွေ ထိုင်လျက် ထွက်ပေါ်လာသည်။ အရောင်ငါးမျိုးရှိသော မွန်မြတ်သည့် အရှိန်အဝါများကို လွှမ်းခြုံထားပြီး ပါးစပ်နှင့် နှာခေါင်းမှနေ၍ မိုးနှင့်မြေ၏ ဓာတ်ငါးပါး စွမ်းအင်များကို ရှူရှိုက်နေကြသည်။ သေချာ ကြည့်ရှုလိုက်လျှင် ထိုအရာများသည် ချန်ရွှင် ငါးယောက်နှင့် နွားနက်ကြီး ငါးကောင်၏ ပုံရိပ်များ ဖြစ်နေသည်ကို တွေ့ရမည် ဖြစ်သည်။ သူတို့၏ မျက်ဝန်းများသည် အလွန်တရာ အေးစက်နေပြီး မည်သည့် ခံစားချက်မျှ မပါဝင်ဘဲ လောကကြီးကို အထင်သေးစွာ ကြည့်ရှုနေသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဓာတ်ငါးပါး၏ ဖိအားကို ထုတ်လွှတ်နေကြသည်။

ချန်ရွှင်နှင့် နွားနက်ကြီးတို့၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် လျှပ်စီးအလင်းတန်းများ ပြေးလွှားနေပြီး ကန့်သတ်ချက်အထိ စုစည်းထားသော ဝိညာဉ်စွမ်းအင်များသည် ယခုတစ်ကြိမ်တွင် ခန္ဓာကိုယ်ဆီသို့ ပြန်လည် ဖြည့်တင်းပေးခြင်းကို စတင်လိုက်ပြီ ဖြစ်သည်။ ကောင်းကင်မိုးကြိုးဒဏ်၏ ခန္ဓာကိုယ် သန့်စင်ခြင်း စွမ်းအားသည် နောက်ထပ် အဆင့်တစ်ခုသို့ ပိုမို မြင့်တက်သွားစေသည်။ သူတို့သည် ဂူထဲမှ ဖြည်းညှင်းစွာ လျှောက်လှမ်းလာကြသည်။ သူတို့ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း မြေကြီး အောက်ခြေမှနေ၍ ဘုန်းခနဲ လေးလံသော ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားသည်။

"နွားကြီး၊ ငါတို့ နှစ်ပေါင်း (၅၀) တောင် တံခါးပိတ် ကျင့်ကြံခဲ့ရတယ် ဆိုတာ မယုံနိုင်စရာပဲ၊ ငါ့အတွက်ကတော့ မနေ့ကမှ ဖြစ်ခဲ့သလိုပဲ ခံစားရတယ်"

ချန်ရွှင်သည် နှုတ်ခမ်းထောင့်စွန်းကို ကွေးညွတ်ကာ မကောင်းဆိုးဝါး တစ်ကောင်ကဲ့သို့ ရယ်မောလိုက်ပြီး နွားနက်ကြီးကို ကြည့်လိုက်သည်။

"ဒါပေမဲ့ ခံစားချက်ကတော့ မဆိုးပါဘူး၊ ဒါနဲ့ဆိုရင် ငါတို့ရဲ့ အသက်ဘေးကလွတ်မြောက်နိုင်စွမ်း က နောက်ထပ် တစ်ဆင့် တက်သွားပြန်ပြီပဲ"

"မွန်း"

နွားနက်ကြီးသည်လည်း အော်မြည်ကာ တုံ့ပြန်လိုက်ပြီး ချန်ရွှင်ကို မော့ကြည့်လျက် အလားတူပင် နှုတ်ခမ်းကို ကွေးညွတ်ကာ ပြုံးလိုက်သည်။

သူတို့၏ သက်တမ်းအမှတ်များသည် ကန့်သတ်ချက်သို့ မရောက်ရှိသေးပါက အလိုအလျောက် စုဆောင်းနေမည် ဖြစ်သည်။ ဤအရာသည်ပင် သူတို့ တံခါးပိတ် ကျင့်ကြံနေသော အချိန်ကို တိုင်းတာသည့် နာရီသဖွယ် ဖြစ်နေလေသည်။ ချန်ရွှင်သည် မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ အမှတ် (၅၀) လုံးကို ခံစစ်စွမ်းရည် တွင် အကုန် ပေါင်းထည့်လိုက်သည်။

လက်ရှိ သူတို့၏ စွမ်းရည်အမှတ်များမှာ - ခွန်အား ၁၄၀၊ အမြန်နှုန်း ၁၄၀၊ မူလစွမ်းအင် ၁၄၀၊ ဝိညာဉ်စွမ်းအင် ၁၄၀၊ ခံစစ်စွမ်းရည် ၁၉၁ (မူလ ၁၄၀) တို့ ဖြစ်ကြသည်။

All Chapters