← Chapters

အခန်း ၁၈၄

Vol. 10 Ch. 184

အခန်း ၁၈၄

Vol. 10 Ch. 184

အခန်း (၁၈၄)

"ဪ... တာအိုမိတ်ဆွေက 'ဆေးဆရာ' တစ်ယောက်ကိုး"

ကျင်းယွီ လက်ဖက်ရည် တစ်ငုံ သောက်လိုက်သည်။ ထိုနေ့က ရရှိခဲ့သော "အရည်အသွေးနိမ့် မူလဝိညာဉ်အားဖြည့်ဆေး" သည် သူကိုယ်တိုင် ဖော်စပ်ထားခြင်း ဖြစ်မည်ဟု တွေးလိုက်မိသည်။

"ကျုပ်လည်း အသေးစိတ်တော့ မသိပါဘူး... ဒါပေမဲ့ ရှေးဟောင်းခေတ်တုန်းက အဲဒီလို ဆေးအကြောပါတဲ့ ဆေးကို သောက်သုံးခဲ့တဲ့ ဆေးဆရာတစ်ယောက် ခန္ဓာကိုယ် ပေါက်ကွဲပြီး သေဆုံးသွားခဲ့တယ် ဆိုတဲ့ ဒဏ္ဍာရီကိုတော့ ကြားဖူးပါတယ်"

ဘုရားရေ...

ချန်ရွှင်နှင့် နွားနက်ကြီးတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မျက်နှာတွင် ဖော်ပြရခက်သော အမူအရာများ ဖြစ်ပေါ်လာသည်။ သူတို့ ထင်ထားတဲ့အတိုင်း ကွက်တိပါပဲလား။

အကယ်၍ ထိုစဉ်က သူတို့ ကြောက်လန့်ပြီး ဝိညာဉ်စွမ်းအင် စုဝေးရာ နေရာမျိုးတွင် အဆင့်တက်ရန် ရှောင်လွှဲခြင်း မပြုခဲ့ပါက ထို "ဆေးအကြောပါသော အဆင့်တက်ဆေး" ၏ ပြင်းထန်လွန်းသော ဆေးအာနိသင်ကြောင့် သူတို့၏ ခန္ဓာကိုယ်များ ခံနိုင်ရည်မရှိဘဲ ပေါက်ကွဲသွားလောက်ပြီ ဖြစ်သည်။

အရေးအကြီးဆုံးအချက်မှာ အပေါ်ကနေ ထပ်ပြီး "သောက်ကျိုးနည်း ကောင်းကင်မိုးကြိုးဒဏ်" က ကျလာဦးမည်။ သူတို့သာ ခံစစ်စွမ်းရည်တွင် သက်တမ်းအမှတ်များကို အကုန်ပုံအော မပေါင်းထည့်ခဲ့ပါက သာမန် ကျင့်ကြံသူများ အနေဖြင့် ဤကဲ့သို့ နှစ်ထပ်ကွမ်း ဒဏ်ရာများကို မည်သို့ ခံနိုင်ရည် ရှိပါမည်နည်း။

"တာအိုမိတ်ဆွေ... ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ခေါင်းထဲက ရှုပ်ထွေးနေတာတွေ ရှင်းလင်းသွားပြီ"

ချန်ရွှင် လက်သီးဆုပ်၍ ကျေးဇူးတင်စကား ဆိုလိုက်သည်။

"အကူအညီ ဖြစ်တယ်ဆိုရင် ဝမ်းသာပါတယ်"

ကျင်းယွီလည်း ပြုံး၍ ခေါင်းညိတ်လိုက်သည်။

"တာအိုမိတ်ဆွေ ကျင်းယွီ... အခုလက်ရှိ မူလဝိညာဉ်အဆင့် ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်တဲ့ ဆေးတွေ ဘာတွေရှိလဲ သိလား"

ချန်ရွှင် အနည်းငယ် စဉ်းစားလိုက်ပြီး အဝေးရှိ ရေခဲကန်ကို လှမ်းကြည့်လိုက်သည်။

"ကျုပ် နေရာအနှံ့ လိုက်ရှာကြည့်ပေမဲ့ ဘယ်မှာမှ ဝယ်လို့မရဘူး ဖြစ်နေတယ်"

"ဒါ သဘာဝပါပဲ... ကောင်းကင်ဝိညာဉ်အမြစ် ပိုင်ရှင်တွေတောင် မူလဝိညာဉ်အဆင့်ကို တက်ဖို့ 'မူလဝိညာဉ်အားဖြည့်ဆေး' ကို မလွှဲမရှောင်သာ အားကိုးနေရတာလေ... အဲဒီလိုမှ မလုပ်ရင် သက်တမ်းက မီတော့မှာ မဟုတ်ဘူး... ဒါပေမဲ့ အဲဒီလို လုပ်လိုက်တာနဲ့ သူတို့ရဲ့ ရှေ့ဆက်ရမယ့် လမ်းခရီးက ပြတ်တောက်သွားပြီ"

ကျင်းယွီ၏ အကြည့်များလည်း အဝေးသို့ ရောက်ရှိသွားပြီး အနည်းငယ် ဝမ်းနည်းဖွယ် အရိပ်အယောင်များ ပေါ်လာသည်။

"အခုလက်ရှိ ကျင့်ကြံခြင်းလောကမှာ အလွန်ဆုံး 'မူလဝိညာဉ် အစောပိုင်းအဆင့်' ရဲ့ ကျင့်ကြံမှုကို နည်းနည်းလောက် မြှင့်တင်ပေးနိုင်တဲ့ ဆေးတွေနဲ့ ဝိညာဉ်ဆေးပင်တွေလောက်ပဲ ကျန်တော့တယ်..."

"ဒါဆို ဆိုလိုတာက..."

ချန်ရွှင် စကား၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို ရိပ်မိသွားသည်။

"တာအိုမိတ်ဆွေ ချန်ရွှင် တွေးမိတဲ့အတိုင်းပါပဲ... အခုလက်ရှိ ကျင့်ကြံခြင်းလောကမှာ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တွေဆိုတာ အလွန်ဆုံး 'မူလဝိညာဉ် အလယ်အလတ်အဆင့်' လောက်မှာပဲ ရပ်တန့်နေကြတာပါ"

ကျင်းယွီ လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး သူမ၏ မျက်ဝန်းထဲတွင် လေးနက်သော အရိပ်အယောင်များ ပေါ်လာသည်။ သက်တမ်း ဆိုသည်မှာ ကျင့်ကြံသူ အားလုံး၏ ခေါင်းပေါ်တွင် ချိတ်ဆွဲထားသော ကွပ်မျက်မည့် ဓားတစ်လက်ကဲ့သို့ပင် ဖြစ်သည်။ အသက်ရှည်ရှည် နေရလေ ဆန္ဒမက်မောမှုများ ပိုမို နက်ရှိုင်းလာလေဖြစ်ပြီး "အချည်းနှီး မသေဆုံးလိုသော" စွဲလမ်းမှု အနှောင်အဖွဲ့ထဲတွင် ပိတ်မိလာကြသည်။

ချန်ရွှင် အကြိမ်အနည်းငယ် ခေါင်းညိတ်လိုက်ပြီး နက်ရှိုင်းသော တွေးတောမှုများ ရှိနေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ကျင်းယွီ ပြောပြသော အခြေအနေ အရပ်ရပ်ကို ပေါင်းစပ် စဉ်းစားကြည့်လိုက်သောအခါ မြောက်ပိုင်းဒေသတွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြီးသည် "မလွဲမသွေ ဖြစ်ပွားရမည့် ကိစ္စ" တစ်ခုသာ ဖြစ်ကြောင်း နားလည်သွားသည်။

"မွန်း"

နွားနက်ကြီးလည်း နားလည်သွားပုံရပြီး နှာမှုတ်သံ ရှည်ကြီးတစ်ချက် ထုတ်လိုက်သည်။

ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင် သိပ်သည်းမှုသည် တဖြည်းဖြည်း လျော့နည်းလာပြီး သဘာဝမှ ဖြစ်တည်လာသော ရတနာများလည်း တဖြည်းဖြည်း မျိုးတုန်းပျောက်ကွယ်သွားချိန်တွင် ကျင့်ကြံသူများ၏ အရေအတွက်က နေ့စဉ်နှင့်အမျှ တိုးပွားလာနေသည်။ စစ်ပွဲဖြင့် ရှင်းလင်းရေးလုပ်ခြင်းမှလွဲ၍ အခြားလမ်းမရှိတော့ပေ။

"တာအိုမိတ်ဆွေ ချန်ရွှင်... စကားစပ်မိလို့ ပြောရဦးမယ်... ကျုပ်မှာ အကူအညီတောင်းစရာလေး တစ်ခု ရှိနေတယ်"

"ပြောပါ"

ချန်ရွှင်နှင့် ကျင်းယွီတို့ အကြည့်ချင်း ဆုံလိုက်ကြသည်။ သူတို့နှစ်ဦးစလုံး၏ မျက်နှာများမှာ အလွန် တည်ငြိမ်နေပြီး အနားယူဆောင်လေး အပြင်ဘက်တွင် တိုက်ခတ်နေသော ဆီးနှင်းများပင် ဤအခိုက်အတန့်လေးတွင် ရပ်တန့်သွားသကဲ့သို့ ခံစားရသည်။

ကျင်းယွီသည် သိုလှောင်လက်စွပ်ထဲမှ ဆေးပင်အချို့ကို ထုတ်ယူလိုက်သည်။ သုံးဆယ်မျိုးခန့် ရှိမည်။ ပြင်းထန်သော ဝိညာဉ်စွမ်းအင်များ ပျံ့လွင့်နေပြီး အားလုံးသည် နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော ဆေးပင်များသာ ဖြစ်ကြသည်။ ထို့အပြင် အသေးစိတ် ရေးသားထားသော "ဆေးဖော်နည်း" တစ်စောင်လည်း ပါဝင်သည်။

သူမ ဖြည်းညှင်းစွာ စကားစလိုက်သည်။

"ဒါတွေက 'ရှန်ချင့်ရှေးဟောင်းဆေး' ရဲ့ ဝိညာဉ်ဆေးပင်တွေပါ... စုစုပေါင်း သုံးခါစာ ဖော်လို့ရပါတယ်... မူလဝိညာဉ် အစောပိုင်းအဆင့်ရဲ့ ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်တဲ့ ဆေးပါ"

ချန်ရွှင် တိတ်ဆိတ်သွားပြီး ဘာမေးခွန်းမှ ထပ်မမေးတော့ပေ။ စားပွဲပေါ် ချထားသော ဝိညာဉ်ဆေးပင်များကိုသာ စိုက်ကြည့်နေသည်။ တစ်ခုမှ သူ မမြင်ဖူးသော ဆေးပင်များချည်းသာ ဖြစ်နေသည်။

"တာအိုမိတ်ဆွေ ချန်ရွှင်က ဆေးဆရာတစ်ယောက် ဖြစ်နေမှတော့ ဒီဝိညာဉ်ဆေးပင်တွေကို ခင်ဗျားတို့ နှစ်ယောက်အတွက် လက်ဆောင်ပေးချင်ပါတယ်... ငြင်းဆန်ခြင်း မပြုပါနဲ့"

ကျင်းယွီက ရိုးသားသော လေသံဖြင့် ပြောလိုက်သည်။ သူမ၏ မျက်နှာတွင် နှမြောတွန့်တိုသော အရိပ်အယောင် အနည်းငယ်မျှပင် မရှိပေ။

"ဒီဝိညာဉ်ဆေးပင်တွေက သိပ်တန်ဖိုးကြီးတာတော့ မဟုတ်ပါဘူး... ကျုပ်ရဲ့ 'ကိုယ်ပိုင် လက်ဆောင်' အနေနဲ့ပါ... စန္ဒာဂိုဏ်းနဲ့ ဘာမှမသက်ဆိုင်ပါဘူး"

"မွန်း"

နွားနက်ကြီးသည် ချန်ရွှင်ကို လာရောက် ပုတ်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် အံ့အားသင့်သွားသော အရိပ်အယောင်များ ပေါ်လာသည်။ ဤဝိညာဉ်ဆေးပင်များသည် အခြားဂိုဏ်းများ၏ လျှို့ဝှက်နယ်မြေများတွင်ပင် မတွေ့ဖူးသော အလွန်ရှားပါးသည့် ဆေးပင်များ ဖြစ်ကြသည်။

သောက်ကျိုးနည်း။ ချန်ရွှင် အမှတ်မထင် သူ၏ ကျန်းမာရေးလက်ဖက်ရည်ကို မျိုချလိုက်မိသည်။ ပူလောင်လွန်းလှသည်ဟု ခံစားလိုက်ရသည်။

မူလဝိညာဉ်အဆင့် ကျင့်ကြံသူများ အသုံးပြုသော နှစ်ထောင်ချီ ဝိညာဉ်ဆေးပင်များ ဆိုသည်မှာ မည်မျှ တန်ဖိုးကြီးမားကြောင်း၊ ဤ စန္ဒာဂိုဏ်း အနေဖြင့် ဤဆေးပင်များကို စုဆောင်းရန် အချိန်နှင့် လူအင်အား မည်မျှ အသုံးပြုခဲ့ရမည်ကို တွေးကြည့်၍ပင် မရနိုင်ပေ။

အခုတော့ ဒါတွေကို "အလကားပေးမယ်" လို့ ပြောနေတာလား။ ဒီလောက်ကြီးမားတဲ့ ကျေးဇူးကို ဘယ်လိုလုပ်ပြီး အလွယ်တကူ လက်ခံနိုင်မှာလဲ။

"ကောင်းပြီလေ... ဒါဆိုရင်လည်း အားမနာတော့ဘူးဗျာ"

ချန်ရွှင် တွေဝေမနေတော့ဘဲ ပြတ်သားစွာ ပြန်ပြောလိုက်သည်။

"နွားကြီး... မင်းရဲ့ 'ရတနာသီးသန့် သိုလှောင်လက်စွပ်' ကို ထုတ်ပြီး သိမ်းထားလိုက်"

"မွန်း"

နွားနက်ကြီး ပါးစပ်ကြီးဟလိုက်ရာ ခန္ဓာကိုယ်ထဲမှ သေးငယ်သော သိုလှောင်လက်စွပ်လေးတစ်ခု ထွက်ပေါ်လာပြီး စားပွဲပေါ်ရှိ ဆေးပင်အားလုံးကို မျက်စိတစ်မှိတ်အတွင်း စုပ်ယူလိုက်သည်။

ကျင်းယွီသည် သူတို့ လက်ခံလိုက်သည်ကို မြင်သောအခါ မျက်ဝန်းထောင့်မှ အပြုံးများ ပိုမို နက်ရှိုင်းသွားသည်။

သူမ၏ အကဲခတ်စွမ်းရည်မှာ စူးရှလှသည်။ သူတို့ အသုံးပြုသော သိုလှောင်လက်စွပ်သည် "အသေးဆုံးနှင့် ဈေးအပေါဆုံး သာမန် လက်စွပ်" ဖြစ်ကြောင်း သူမ သတိထားမိလိုက်သည်။ သူမ၏ စိတ်ထဲတွင် သူတို့နှင့် ပတ်သက်၍ နောက်ထပ် မှန်းဆချက်အသစ် အချို့ ပေါ်လာပြန်သည်။

"ဒါပေမဲ့"

ချန်ရွှင် ပြုံး၍ လက်သီးဆုပ်လိုက်သည်။

"တာအိုမိတ်ဆွေ ကျင်းယွီ... တကယ်လို့ ဆေးဖော်တာ အောင်မြင်သွားခဲ့ရင် ထွက်လာတဲ့ ဆေးအားလုံးကို စန္ဒာဂိုဏ်းကို ပြန်ပေးပါ့မယ်... ကျုပ်တို့ အမြတ်မထုတ်ပါဘူး... ကျုပ်က ဆေးအသစ် ဖော်စပ်တဲ့ နေရာမှာ စမ်းသပ်ကြည့်ချင်ရုံ သက်သက်ပါ"

"အဲဒါက..."

"တာအိုမိတ်ဆွေ ကျင်းယွီ... ကျုပ်တို့ကို မျက်နှာမပျက်ပါရစေနဲ့ဗျာ"

ကျင်းယွီ စကားပြန်မပြောနိုင်ခင်မှာပင် ချန်ရွှင်က စကားကို ကြိုပိတ်လိုက်ပြီး သူမ၏ ငြင်းဆန်မှု အားလုံးကို တားဆီးလိုက်သည်။

"ဟင်း...ဟင်း... ကောင်းပါပြီ... ဒါပေမဲ့ ဆေးဖော်တာ မအောင်မြင်ရင်လည်း ကိစ္စမရှိပါဘူး... တာအိုမိတ်ဆွေအတွက် လက်ဆောင်ပေးတယ်လို့ပဲ သဘောထားလိုက်ပါ"

ကျင်းယွီ တောင်ဝှေးကို ထောက်လျက် ပြောလိုက်သည်။ "ရှန်ချင့်ရှေးဟောင်းဆေး" ၏ ဖော်စပ်ရန် ခက်ခဲမှုသည် "မူလဝိညာဉ်အားဖြည့်ဆေး" ထက် အများကြီး ပိုမိုမြင့်မားပြီး အလွယ်တကူ အောင်မြင်နိုင်မည့်အရာ မဟုတ်ပေ။ သူမလည်း အစကတည်းက မျှော်လင့်ချက် ကြီးကြီးမားမား မထားပေ။

အများစုမှာ ကျရှုံးပြီး ပြာကျသွားမည် ဖြစ်သော်လည်း သူမ၏ "လက်ဆောင်" ဆိုသော ရည်ရွယ်ချက်ကတော့ ပြည့်ဝသွားပြီ ဖြစ်သည်။

"အင်း... ထားလိုက်ပါတော့... ကျုပ်ကတော့ 'ကျင့်စဉ်' တွေကိုပဲ အဓိက စိတ်ဝင်စားနေတုန်းပါ"

ချန်ရွှင်သည် မူလရည်ရွယ်ချက်ဆီသို့ စကားလမ်းကြောင်း ပြန်လှည့်လိုက်ပြီး လက်ဆောင်များ ထည့်ထားသော အိတ်ကို ထုတ်ယူလိုက်သည်။

"တာအိုမိတ်ဆွေ ကျင်းယွီ... ဒြပ်ငါးပါးဝိညာဉ်အမြစ် (အဆင့်နိမ့်ဝိညာဉ်အမြစ်)ရဲ့ မူလဝိညာဉ်အဆင့် ကျင့်စဉ် တချို့ကို 'မိတ္တူကူး' ခွင့်ပြုပါလား"

"တာအိုမိတ်ဆွေ ချန်ရွှင်... ခုနက ကျုပ် ပြောခဲ့တဲ့ စကားတွေက ရင်ထဲကလာတဲ့ စကားတွေပါ... တာအိုမိတ်ဆွေကို ထိခိုက်နစ်နာစေချင်တဲ့ ရည်ရွယ်ချက် နည်းနည်းလေးမှ မရှိပါဘူး"

ကျင်းယွီ မျက်မှောင် ပြင်းပြင်းကြုတ်လိုက်သည်။ ကောင်းကင်ဝိညာဉ်အမြစ် ပိုင်ရှင်က ဘာဖြစ်လို့ ဒြပ်ငါးပါးဝိညာဉ်အမြစ် ကျင့်စဉ်တွေကို အဲဒီလောက် လေ့လာချင်နေရသနည်း။

"ဒြပ်ငါးပါးဝိညာဉ်အမြစ် ကျင့်စဉ်တွေဆိုတာ ကျင့်ကြံလို့လည်း ဘာမှ အသုံးမဝင်ပါဘူး... အမျိုးအစားတွေကတော့ အများကြီးပါပဲ... ဒါပေမဲ့ အကုန်လုံးက တစ်ပိုင်းတစ်စတွေချည်းပါပဲ"

ချန်ရွှင်နှင့် နွားနက်ကြီးတို့ ထိုစကားကို ကြားသောအခါ ရင်ထဲတွင် အလွန် ဝမ်းသာသွားကြသော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်ဟန်ဆောင်နေကြသည်။

"အာ... သိပါတယ်... ဒါပေမဲ့ ဒါက ကျုပ်ရဲ့ အရင်ဂိုဏ်း အပေါ်ထားတဲ့ 'သံယောဇဉ်' လို့ပဲ ဆိုပါတော့... အရင်တုန်းက ကျုပ်ရဲ့ မိတ်ဆွေဟောင်း တစ်ယောက်က ဒြပ်ငါးပါးဝိညာဉ်အမြစ် ပိုင်ရှင် ဖြစ်နေလို့... ဟူး..."

ချန်ရွှင် အသံနှိမ့်၍ ပြောလိုက်ပြီး စကားကို ဝေဝါးသွားစေသည်။ သူ၏ မျက်လုံးထဲတွင် နက်ရှိုင်းသော ဝမ်းနည်းမှု အရိပ်အယောင်များ ပေါ်လာသည်။

"တာအိုမိတ်ဆွေ ကျင်းယွီ... ကျေးဇူးပြုပြီး ဂရုမစိုက်ပါနဲ့ဗျာ"

"မွန်း"

နွားနက်ကြီးလည်း အလျင်အမြန် နွားခွာဖြင့် ချန်ရွှင်၏ ပခုံးပေါ် တင်လိုက်ပြီး နှစ်သိမ့်ပေးသည့် ဟန်အမူအရာ ပြုလုပ်လိုက်သည်။

ကျင်းယွီသည် သူတို့၏ အပြုအမူကို ကြည့်ပြီး ပြန်လည် စိတ်အေးသွားသည်။ ကြည့်ရသည်မှာ သူတို့အတွက် ဤ "တန်ဖိုးမရှိသော အမှိုက်များ" သည် စိတ်ပိုင်းဆိုင်ရာအရ အလွန် အရေးပါသော အရာများ ဖြစ်ပုံရသည်။

သူမသည် ရင်ဘတ်ထဲမှ "ဖုန်း" ဟု ရေးသားထားသော ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်ပြီး ရှင်းပြလိုက်သည်။

"တာအိုမိတ်ဆွေ ချန်ရွှင်... ဒီ ကျောက်စိမ်းပြားကို ယူထားလိုက်ပါ"

"ဒါက..."

"ဒါက 'ဖုန်းတုကျမ်းစာတိုက်' ရဲ့ အစီအရင် အတားအဆီးတွေကို ဖွင့်ဖို့ သုံးတဲ့ ခွင့်ပြုချက် တံဆိပ်ပြားပါ... အဲဒီနေရာမှာ ကျုပ်တို့ စန္ဒာဂိုဏ်းက နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့တဲ့ ကျင့်စဉ်တွေ၊ မှော်ပညာရပ်တွေ အများကြီးကို သိမ်းဆည်းထားတယ်... အထဲမှာတော့ တော်တော်လေး ရှုပ်ထွေးနေနိုင်တယ်"

ကျင်းယွီ ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး ချောမွေ့လှပသော လက်ကို ဆန့်ထုတ်လိုက်သည်။ အသံမှာ အသက်အရွယ်ရင့်ကျက်မှုနှင့် တည်ငြိမ်မှုများ ပါဝင်နေသည်။

"တာအိုမိတ်ဆွေက 'အမွေဆက်ခံတဲ့ ကျင့်စဉ်' တွေကို ငြင်းဆန်နေမှတော့... အဲဒီနေရာက တာအိုမိတ်ဆွေအတွက် အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်"

"ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ ကျင်းယွီ"

ချန်ရွှင် မတ်တပ်ရပ်၍ လက်သီးဆုပ်လိုက်ပြီး ကျောက်စိမ်းပြားကို လှမ်းယူလိုက်သည်။

"မွန်း... မွန်း"

နွားနက်ကြီးလည်း ကျင်းယွီ၏ အနားသို့ တမင် ပြေးသွားပြီး ခေါင်းငုံ့ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။ ထိုနေရာသည် ယခုလက်ရှိ သူတို့ အလိုအပ်ဆုံး နေရာပင် ဖြစ်သည်။

"တာအိုမိတ်ဆွေ နွားကြီး... အားမနာပါနဲ့"

ကျင်းယွီ၏ မျက်နှာပေါ်မှ အရေးအကြောင်းများ အနည်းငယ် ပိုမို နက်ရှိုင်းသွားသည်။

"အဲဒီမှာ စောင့်ကြပ်နေတဲ့ တပည့်တွေကို ထွက်သွားခိုင်းထားပါ့မယ်... ခင်ဗျားတို့ နှစ်ယောက်ကို မနှောင့်ယှက်စေရပါဘူး... အေးအေးဆေးဆေးသာ ကြည့်ပါ"

ချန်ရွှင် အသက်ပြင်းပြင်း ရှူလိုက်ပြီး လက်သီးဆုပ်ကာ ခေါင်းညိတ်လိုက်သည်။

"တာအိုမိတ်ဆွေက မူလဝိညာဉ်အဆင့် ကျင့်စဉ်တွေကို ကျင့်ကြံနေပြီ ဆိုပေမဲ့ ရှောင်ကြဉ်ရမယ့် 'တားမြစ်ချက်' တချို့တော့ ရှိတယ်နော်"

ကျင်းယွီ ကိုယ်တိုင် ဟောပြောခြင်း ကို စတင်လိုက်သည်။

"ကျင့်ကြံတဲ့ အချိန်မှာ ဘယ်တော့မှ 'အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး' ကို အသုံးမပြုပါနဲ့... အဲဒါက 'ဝိညာဉ်စွမ်းအင် ပြန်လည် ဖြည့်တင်းဖို့' သက်သက်ပဲ သုံးရတာပါ"

"တာအိုမိတ်ဆွေ... အဲဒါ ဘာဖြစ်လို့လဲ"

"မွန်း"

ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် မှတ်စုစာအုပ်များကို အဆင်သင့် ထုတ်ထားပြီး "တန်ဖိုးရှိသော စကားများ" ကို မှတ်သားရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။

"တာအိုမိတ်ဆွေက 'မီးဓာတ် ကောင်းကင်ဝိညာဉ်အမြစ်' ပိုင်ရှင် ဖြစ်ပေမဲ့ မီးဓာတ်ပါဝင်တဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တော်တော်များများက ဝိညာဉ်စွမ်းအင် မသန့်စင်ပါဘူး... သန့်စင်တဲ့ မီးဓာတ် ဝိညာဉ်စွမ်းအင် မဟုတ်ဘူး"

"မူလဝိညာဉ်အဆင့် ကျင့်ကြံရာမှာ 'သန့်စင်မှု' က အရေးကြီးတယ်... ရွှေအမြူတေအဆင့်နဲ့ မတူဘူး... ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်စွမ်းအင်တွေကို ရှူရှိုက်နေတဲ့ မူလဝိညာဉ် (ဝိညာဉ်သန္ဓေသား) က မသန့်စင်တဲ့ ဝိညာဉ်စွမ်းအင်တွေကို အများကြီး စုပ်ယူလိုက်မိရင် နောက်ပိုင်းမှာ ပြဿနာ (အဆိပ်) တွေ ကျန်ခဲ့လိမ့်မယ်"

"'အဆင့်မြင့် ဝိညာဉ်ကျောက်တုံး' ဆိုရင်တော့ ကျင့်ကြံဖို့ သုံးလို့ရတယ်... ဒါပေမဲ့ အခုလက်ရှိ ကျင့်ကြံခြင်းလောကမှာ ခန်းခြောက်သွားတာ ကြာလှပြီလေ... တာအိုမိတ်ဆွေ... ကျင့်ကြံတဲ့ အခါမှာ သတိထားပါ"

ကျင်းယွီ၏ စကားလုံးတိုင်းသည် သူတို့၏ ခေါင်းထဲတွင် စွဲထင်သွားသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် "ဉာဏ်အလင်းပွင့်သွားသကဲ့သို့" တုန်လှုပ်သွားကြပြီး အရေးကြီးသည့် အချက်များကို ကမန်းကတန်း ရေးမှတ်လိုက်ကြကာ နောက်ထပ် မေးခွန်းများကို ဆက်တိုက် မေးမြန်းကြတော့သည်။

All Chapters