အခန်း ၁၈၇
Vol. 11 Ch. 187
အခန်း (၁၈၇)
"ကျန်ရွှယ်ချန် အများကြီး ဗဟုသုတရလိုက်ပါတယ်"
ကျန်ရွှယ်ချန်သည် ခါးကို ညွတ်လျက် လက်သီးဆုပ်ကာ အရိုအသေပြုလိုက်သည်။ သူမ၏ မျက်ဝန်းထဲတွင် ခေတ္တမျှ ဝေခွဲမရဖြစ်မှုများ ဖြတ်သန်းသွားသော်လည်း များမကြာမီ တစ်စုံတစ်ခုကို ခိုင်မာစွာ ဆုံးဖြတ်လိုက်သည့်အလား ထိုအလင်းရောင်များသည် ပိုမို စူးရှလာလေသည်။
ချန်ရွှင်သည် အသာအယာ ခေါင်းညိတ်လိုက်သည်။ ဤမိန်းမပျို၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင် လှုပ်ရှားမှုများမှာ အလွန် ထူးဆန်းလှသည်။ "မှားယွင်းနေသလိုလို ရှိသော်လည်း မမှားယွင်းသည့်" ပုံစံမျိုး ဖြစ်နေသည်။
ဝိညာဉ်စွမ်းအင်များသည် သွေးကြောများအတွင်း၌ တည်ငြိမ်စွာ လှည့်ပတ်နေသကဲ့သို့ ထင်ရသော်လည်း ခန္ဓာကိုယ်တွင်း လှည့်ပတ်မှု လမ်းကြောင်းငယ်၌ အနည်းငယ် ပိတ်ဆို့မှု ရှိနေပြီး ခန္ဓာကိုယ် တစ်ခုလုံး လှည့်ပတ်မှု လမ်းကြောင်းကြီး၌မူ ပိတ်ဆို့နေလေသည်။
သာမန် မူလဝိညာဉ် အဆင့် ကျင့်ကြံသူများ အနေဖြင့်မူ အာရုံခံနိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ချန်ရွှင်တို့ကဲ့သို့ ဝိညာဉ်စွမ်းအင်များကို အကန့်အသတ်အထိ အထပ်ထပ် စုစည်းခဲ့ဖူးခြင်း မရှိသဖြင့် ဤကဲ့သို့ သိမ်မွေ့သော ကွာခြားချက်များကို အာရုံမခံနိုင်သောကြောင့် ဖြစ်သည်။
အကယ်၍ ဤအခြေအနေမျိုးတွင် ဆေးဝါးများကို အသုံးပြုကာ အတင်းအဓမ္မ အဆင့်တက်ရန် ကြိုးပမ်းမည်ဆိုပါက သွေးကြောများ ပျက်စီးသွားပြီး သေဆုံးသွားမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။ အပြင်ဘက်မှ ကြည့်မည်ဆိုပါက ထိုအရာသည် ကျိန်စာ တစ်ခုကဲ့သို့ ထင်မှတ်ရသည်မှာ မဆန်းပေ။
"ဒါပေမဲ့ စီနီယာ... အမှန်တိုင်း ပြောရရင် ကျွန်မတို့ ကျန် မိသားစုမှာ အရင်က မူလဝိညာဉ် အဆင့် အထိ ရောက်ခဲ့ဖူးတဲ့သူ ရှိခဲ့ပါတယ်"
"ဟေ... အဲဒါ တော်တော် အံ့ဩစရာပဲ"
"ဒါပေမဲ့ မှတ်တမ်းတွေ အရဆိုရင်တော့... အဲဒီ ဘိုးဘေးဟာ ဟောကိန်းထုတ်နေတုန်း ကျိန်စာသင့်ပြီး ရုတ်တရက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်"
ကျန်ရွှယ်ချန်သည် ချန်ရွှင်၏ မျက်နှာအမူအရာကို ကြောက်ရွံ့တုန်လှုပ်စွာ အကဲခတ်ရင်း ဆက်ပြောလိုက်သည်။
"ပြီးတော့ အဲဒီ ဘိုးဘေးရဲ့ သွေးသား ဆင်းသက်လာတဲ့ မျိုးဆက်တွေလည်း တစ်ယောက်ပြီး တစ်ယောက် ဘေးဒုက္ခတွေနဲ့ ကြုံတွေ့ခဲ့ရပြီး မျိုးဆက်သွေး ပြတ်တောက်သွားခဲ့ရပါတယ်"
တကယ်ကြီးလား... ယုတ္တိမတန်လိုက်တာ...
ချန်ရွှင်နှင့် နွားနက်ကြီးတို့ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြသည်။ (ကျင့်စဉ် အားနည်းချက် ရှိရုံသက်သက် မဟုတ်ဘူးလား... တကယ်ပဲ မှော်ဆန်တဲ့ ကျိန်စာတွေ ရှိနေတာလား)
"အဲဒါကတော့ ငါလည်း နားမလည်တဲ့ ကိစ္စပဲ... မလိုအပ်ဘဲ ခွဲခြမ်းစိတ်ဖြာပြီး မင်းရဲ့ စိတ်ကို အနှောင့်အယှက် ဖြစ်စေမယ့် စကားတွေ ငါ မပြောတော့ဘူး"
ချန်ရွှင် အနည်းငယ် ထိတ်လန့်သွားသည်။ သူနှင့် နွားနက်ကြီးတို့သည် မူလကတည်းက သိုသိုသိပ်သိပ်နှင့် သတိကြီးစွာ နေထိုင်တတ်သူများ ဖြစ်ကြရာ ထိုကဲ့သို့သော မှော်ဆန်သည့် ထူးဆန်းသော ဖြစ်ရပ်မျိုးကို မပတ်သက်ချင်ကြပေ။
"မွန်း..."
နွားနက်ကြီး၏ မျက်ဝန်းထဲတွင် ဉာဏ်ပညာ အလင်းတန်းများ တောက်ပလာသည်။ (အဲဒီ ဘိုးဘေးမှာ ကုသိုလ် မလုံလောက်လို့များလား... မမြင်ရတဲ့ မှော်အစွမ်းတွေကို မမြင်ရတဲ့ အစွမ်းတွေနဲ့ပဲ ပြန်လည် တိုက်ခိုက်မှ ရမှာပေါ့)
နွားနက်ကြီးသည် ခြေထောက်ကို မြှောက်ကာ နေရာတွင်ပင် တင်ပျဉ်ခွေထိုင်လျက် မေတ္တာပို့ဆုတောင်းခြင်းကို စတင်လိုက်လေသည်။ ပတ်ဝန်းကျင်တွင် အပြာရောင် အခိုးအငွေ့များ ထွက်ပေါ်လာပြီး နွားနက်ကြီး၏ မျက်ဝန်းများသည် ပိုမို၍ တည်ငြိမ်ပြီး ရိုသေကိုင်းရှိုင်းသည့် ပုံစံမျိုးသို့ ပြောင်းလဲသွားသည်။
ချန်ရွှင်သည်လည်း ထိုစကားကို ကြားပြီးနောက် အနည်းငယ် ထိတ်လန့်နေခဲ့ရာ နွားနက်ကြီး မေတ္တာပို့ဆုတောင်းနေသည်ကို မြင်သောအခါ သူကိုယ်တိုင်လည်း အမွှေးတိုင်အိုး တစ်အိုးကို တိတ်တဆိတ် ထပ်မံ ထည့်သွင်းလိုက်လေသည်။
ကျင့်ကြံခြင်းလောကတွင် မည်သည့်အရာမဆို ဖြစ်ပျက်နိုင်သည်မှာ ဆန်းကြယ်သော ကိစ္စမဟုတ်ပေ။ ယခုအခါတွင် သူသည် ထိုအချက်ကို ပိုမို ယုံကြည်လာခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ အယူသည်းခြင်း မဟုတ်ပေ။
(ကောင်းကင်ဘုံ၊ အင်မော်တယ်များနှင့် ဘုရားရှင်များ... ကျေးဇူးပြုပြီး စောင့်ရှောက်တော်မူကြပါ...)
ချန်ရွှင်သည် စိတ်ထဲမှ မေတ္တာပို့ဆုတောင်းလိုက်ပြီးနောက် စိတ်အနည်းငယ် သက်သာရာရသွားသကဲ့သို့ ခံစားလိုက်ရသည်။
ကျန်ရွှယ်ချန်သည် ထိုမြင်ကွင်းကို ကြည့်ပြီး ဆွံ့အသွားမိသည်။ ဤစီနီယာ နှစ်ဦးသည် မည်သည့်နေရာမှ မည်သို့ ပေါ်ပေါက်လာသနည်းဟု တွေးတောနေမိသည်။
"စီနီယာရဲ့ စကားတွေကို ကျန်ရွှယ်ချန် သေချာ မှတ်သားထားပါ့မယ်"
ကျန်ရွှယ်ချန်သည် သက်ပြင်းတစ်ချက် ဖွဖွချလိုက်သည်။ ကျန် မိသားစု၏ ဘေးဒုက္ခသည် ကျင့်စဉ်၏ အားနည်းချက်တစ်ခုတည်းကြောင့် မဟုတ်နိုင်ပေ။
သူမသည် အတွေးများကို ဖယ်ရှားလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။
"ဒါနဲ့ စီနီယာ... တည်ဆောက်မယ့် လှေပျံက အရွယ်အစား ဘယ်လောက်လောက် မှန်းထားပါသလဲ"
"ခန့်မှန်းခြေ ပေတစ်ထောင် လောက်ပေါ့"
ချန်ရွှင်သည် သာမန်ကိစ္စတစ်ခုကို ပြောသကဲ့သို့ အလွန် အံ့ဩဖွယ်ကောင်းသော စကားတစ်ခွန်းကို ပြောလိုက်သည်။
"မွန်း..."
မေတ္တာပို့ဆုတောင်းနေသော နွားနက်ကြီးမှာ အလွန်တုန်လှုပ်သွားပြီး ခုန်ထလိုက်မိသည်။ အဲဒီလောက်တောင် ကြီးတာလား။
"စီနီယာ... ရိုင်းတယ်လို့ မထင်ရင် မေးခွင့်ပြုပါ... ဘာအတွက်ကြောင့် အဲဒီလောက် ကြီးမားတဲ့ လှေပျံကြီး တည်ဆောက်မှာလဲဟင်"
ကျန်ရွှယ်ချန်သည် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ထိုမျှ ကြီးမားသော လှေပျံကြီး ဆိုလျှင် "စစ်ပွဲသုံး ခံတပ်" နှင့်ပင် တူနေပြီ ဖြစ်သည်။ မူလဝိညာဉ် အဆင့် ဘိုးဘေးများ ကိုယ်ပိုင် စီးနင်းသော လှေပျံများသည် သေးငယ်ပြီး သေသပ်လှပလေ့ရှိကြသည်။
"ဟဲဟဲ..."
ချန်ရွှင်သည် လျှို့ဝှက်ဆန်းကြယ်စွာ ရယ်မောလိုက်ပြီး အရပ်မျက်နှာ တစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
"ဟိုဘက်ကို သွားဖို့အတွက်လေ"
"အနောက်ဘက်... ကောင်းကင် လွင်ပြင်ကြီး ကိုလား"
ကျန်ရွှယ်ချန်၏ မျက်ဝန်းထဲတွင် အလွန်တရာ အံ့သြမှုများ ဖြစ်ပေါ်လာသည်။
"စီနီယာလည်း အဲဒီ လွင်ပြင်ရဲ့ ဟိုဘက်မှာ တခြား ကမ္ဘာ တစ်ခု ရှိတယ်လို့ ယုံကြည်တာလား"
"အင်း... သေချာတာပေါ့... ဒါက ငါ့ရဲ့ မိတ်ဆွေဟောင်း တစ်ယောက် ပြောပြခဲ့ဖူးတာ"
ချန်ရွှင်သည် ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်ပြီး အဝေးသို့ ငေးမောကြည့်ရှုကာ အလွန် တည်ကြည်လေးနက်သော မျက်နှာထား ဖြစ်သွားသည်။
"အဲဒီနေရာမှာ သေချာပေါက် တခြားလောကတစ်ခု ရှိတယ်... အဲဒါကပဲ ငါနဲ့ နွားကြီး ကျင့်ကြံခြင်းလမ်းစဉ်ကို ဆက်လျှောက်နေရတဲ့ အဓိပ္ပာယ်ပဲ"
"မွန်း မွန်း..."
နွားနက်ကြီးသည် သွားဖြီးကာ ရယ်မောလိုက်ပြီး ခြေလေးချောင်းဖြင့် မတ်တပ်ရပ်ကာ ချန်ရွှင်၏ ဘေးသို့ တိုးကပ်သွားလေသည်။
ကျန်ရွှယ်ချန်၏ မျက်ဝန်းထဲတွင် ဝမ်းသာပီတိ မျက်ရည်များ ဝဲတက်လာပြီး သူမ၏ အပြုံးသည် အလွန်တရာ တောက်ပနေသည်။ သူမကိုယ်တိုင်လည်း ထိုနေရာ၌ တခြားလောကတစ်ခု ရှိမည်ဟု အမြဲ ယုံကြည်ခဲ့သူ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျန် မိသားစုသည် မူလက ထိုနေရာမှ ဆင်းသက်လာသော မိသားစု ဖြစ်သောကြောင့်ဖြစ်သည်။။
သို့သော် ယခုအခါ သူမ၏ မိသားစုဝင်များသာမက ဘိုးဘေး ကျင်းယွီ တို့ကိုယ်တိုင်ပင် "ကောင်းကင် လွင်ပြင်ကြီး ၏ အလွန်တွင် တခြားလောက မရှိပါ" ဟု ဆိုကာ မယုံကြည်ကြတော့ပေ။
"ဟင်... ကျန်ရွှယ်ချန်... ဘာဖြစ်လို့လဲ"
ချန်ရွှင်က ဖြည်းညှင်းစွာ ချဉ်းကပ်သွားရာ သူမ၏ မျက်နှာအမူအရာ အနည်းငယ် ထူးဆန်းနေသည်ကို သတိထားမိလိုက်သည်။
"စီနီယာ... ကျွန်မ အခုပဲ ချက်ချင်း သွားပြင်ဆင်လိုက်ပါ့မယ်"
ကျန်ရွှယ်ချန်သည် ရုတ်တရက် စိတ်လှုပ်ရှားစွာဖြင့် လက်သီးဆုပ်ကာ အရိုအသေပြုလိုက်သည်။ မည်မျှကြာခဲ့ပြီမှန်း မသိချေ။ သူမ၏ ရင်ခုန်သံများ ဤမျှ ပြင်းထန်စွာ ခုန်ပေါက်နေသည်မှာ။
"နောက်လကျရင် သေချာပေါက် ပြန်လာခဲ့ပါ့မယ်"
"အင်း... အင်း... အားကိုးတယ်နော်"
ချန်ရွှင်သည် အနည်းငယ် ကြောင်သွားသည်။ ဘာလို့ ငါ့ထက်တောင် ပိုပြီး စိတ်လှုပ်ရှားနေရတာလဲ။
ဝှစ်...
မြေပြင်မှ ဖုန်မှုန့်များ လွင့်စင်သွားပြီးနောက် ကျန်ရွှယ်ချန်သည် လေပေါ်သို့ ပေါ့ပါးစွာ ခုန်တက်ကာ အလောတကြီး ထွက်ခွာသွားလေသည်။
"မွန်း..."
"မသိပါဘူးကွာ... လောလောဆယ် ကျင့်ကြံကြရအောင်"
ချန်ရွှင်သည် ပခုံးတွန့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်သည် အလင်းမှုန်လေးများအဖြစ် ပြောင်းလဲသွားကာ လှုပ်ကုလားထိုင်ပေါ်တွင် ပြန်လည် ထိုင်လိုက်သည်။ သူ၏ လက်ဖဝါးထဲတွင် ဆေးကြောပါ မူလဝိညာဉ်အားဖြည့်ဆေး တစ်လုံးကို ကိုင်ဆောင်ထားလေသည်။
သူသည် တွေဝေခြင်းမရှိဘဲ ၎င်းကို တန်းကာမျိုချလိုက်လေသည်။ သန့်စင်ပြီး ကြီးမားလှသော ဆေးအာနိသင်များသည် ခန္ဓာကိုယ်အတွင်းသို့ ပျံ့နှံ့သွားလေသည်။
သို့သော် ချန်ရွှင်၏ မျက်နှာအမူအရာမှာမူ တည်ငြိမ်အေးဆေးနေဆဲပင် ဖြစ်သည်။ ခန္ဓာကိုယ်အတွင်းရှိ မူလဝိညာဉ် ငါးခုသည် စွမ်းအင်များကို ဒန်တန်၌ စုစည်း၍ စိတ်ကို တည်ငြိမ်အောင် ထားကာ အလိုအလျောက် ကျင့်ကြံခြင်းကို စတင်နေပြီ ဖြစ်သည်။
နွားနက်ကြီးသည်လည်း အလားတူပင် ဆေးတစ်လုံးကို မျိုချလိုက်ပြီး သူတို့နှစ်ဦးသည် စာအုပ်များကို ပြန်လည် ဖတ်ရှုနေကြကာ ရံဖန်ရံခါ အနာဂတ်နှင့် ပတ်သက်သော စိတ်ကူးအိပ်မက်များကို ဆွေးနွေးပြောဆိုနေကြသည်။
တစ်လတာ အချိန်ကာလသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားပြီး ချိန်းဆိုထားသော နေ့ရက်သို့ ရောက်ရှိလာလေသည်။ ကျန်ရွှယ်ချန်၏ လမ်းပြမှုဖြင့် ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ချုံဟွာ တောင်ထွတ်၏ ပန်းမိုး တောင်ကြားသို့ ထွက်ခွာလာခဲ့ကြသည်။
ကောင်းကင်မှ ငုံ့ကြည့်လိုက်ရာ ထိုတောင်ကြားသည် နာမည်နှင့် လိုက်ဖက်စွာပင် ကောင်းကင်တစ်ခွင် ပန်းပွင့်ဖတ်လေးများ လွင့်ပျံနေပြီး အရပ်လေးမျက်နှာတွင် ထူးဆန်းသော ပန်းမန်များ ဖူးပွင့်ဝေဆာနေကြသည်။ သို့သော် တောင်ကြား၏ တည်ဆောက်ပုံမှာ အလွန် နက်ရှိုင်းလှပေသည်။
တောင်ကြား အတွင်းပိုင်းကို ကွင်းပြင်ကျယ်ကြီး တစ်ခုကဲ့သို့ ရှင်းလင်းထားသော်လည်း အတိတ်က အလုပ်လုပ်ကိုင်ခဲ့သော အငွေ့အသက် အချို့ ကျန်ရှိနေသေးသည်။ ကြည့်ရသည်မှာ ဤနေရာသည် စန္ဒာဂိုဏ်း က အတိတ်တွင် လှေပျံကြီးများ တည်ဆောက်ခဲ့သော သီးသန့် သင်္ဘောကျင်း တစ်ခု ဖြစ်ပုံရသည်။
"စီနီယာများကို ဂါရဝပြုပါတယ်"
"စီနီယာများကို ဂါရဝပြုပါတယ်"
တောင်ကြားအောက်ခြေ ကွင်းပြင်တွင် အမျိုးသမီး ကျင့်ကြံသူ ရာဂဏန်းခန့် တန်းစီရပ်နေကြပြီး ခေါင်းကို နက်နက်ရှိုင်းရှိုင်း ငုံ့ကာ လက်သီးဆုပ်၍ အရိုအသေပြုနေကြသည်။ သူတို့၏ အသံများသည် ဟာလာဟင်းလင်း ဖြစ်နေသော တောင်ကြားအတွင်း ပဲ့တင်ထပ်သွားပြီး အချိန်အတော်ကြာသည့်တိုင်အောင် အသံများ ကျန်ရှိနေဆဲ ဖြစ်သည်။
ထိုအထဲတွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူများသာမက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများပါ ပါဝင်ပြီး ၎င်းတို့၏ ဝတ်စားဆင်ယင်မှုများကို ကြည့်ခြင်းအားဖြင့် ဤအမျိုးသမီးများသည် ကျိုကုန်း တောင်၏ လက်နက်ဖန်တီးသူများ ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိသာလှသည်။
"စီနီယာ... ဒီမှာ ရှိနေတာက စန္ဒာဂိုဏ်း က မြို့အသီးသီးကနေ စုဆောင်းထားတဲ့ အထူးချွန်ဆုံး လက်နက်ဖန်တီးသူတွေပါ... အားလုံးက လှေပျံကြီး တည်ဆောက်ရာမှာ အတွေ့အကြုံ ရှိကြတဲ့သူတွေချည်းပါပဲ... စီနီယာတို့ ဘာများ လိုအပ်တာ ရှိရင် သူမတို့ကို ခိုင်းစေနိုင်ပါတယ်"
"ကျေးဇူးတင်ပါတယ်"
ချန်ရွှင်၏ ရင်ခုန်သံများ မြန်ဆန်လာသည်။ အားလုံးက စစ်မှန်သော "ပညာရှင်များ" ဖြစ်ကြသည် မဟုတ်ပါလား။
"သူမတို့ဆီကနေ နည်းပညာတွေ သင်ယူလို့ ရမလား"
"မွန်း မွန်း..."
နွားနက်ကြီးသည်လည်း အူကြောင်ကြောင်ဖြင့် ခေါင်းညိတ်လိုက်သည်။ သူတို့ ကိုယ်တိုင် တည်ဆောက်ရန် စိတ်ကူးထားခြင်း ဖြစ်သည်။ အချိန်ဆိုလျှင် အလျှံပယ် ရှိနေသည် မဟုတ်ပါလား။
"စီနီယာက ကိုယ်တိုင် လက်နက် ဖန်တီးမလို့လား"
ကျန်ရွှယ်ချန်သည် နူးညံ့သိမ်မွေ့သော အသံဖြင့် မေးမြန်းလိုက်သည်။
"ဒါဆိုရင်တော့... ပြီးစီးဖို့အတွက် နှစ်ပေါင်း ဆယ်ဂဏန်း... ဒါမှမဟုတ် နှစ်တစ်ရာကျော်တောင် ကြာနိုင်ပါတယ်နော်"
"ကိစ္စမရှိပါဘူး... တကယ်လို့များ ဖြစ်နိုင်မယ်ဆိုရင်... ဒီမှာ ရှိနေတဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ဂျူနီယာတွေကို ငါနဲ့ နွားကြီးက ရွှေအမြုတေအဆင့် ကို ရောက်တဲ့အထိ ကူညီပေးမယ်"
ချန်ရွှင်သည် မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး မြေပြင်ပေါ်တွင် တန်းစီရပ်နေသော အမျိုးသမီး ကျင့်ကြံသူများကို ငုံ့ကြည့်လိုက်သည်။
"ရွှေအမြုတေအဆင့် ကို ရောက်နေပြီးသား သူတွေကိုလည်း ကျင့်ကြံမှုအဆင့် တိုးတက်လာအောင် အစွမ်းကုန် ကူညီပေးပါ့မယ်"
"အဲဒီအတွက် သတ်မှတ်ချက်ကတော့ သူမတို့ရဲ့ အချိန်တွေကို ငါ့အတွက် ပေးဆပ်ရမယ်... ငါက လှေပျံကြီးနဲ့ ပတ်သက်တဲ့ လက်နက်ဖန်တီးခြင်း နည်းပညာတွေနဲ့ ကုန်ကြမ်းပစ္စည်း အကြောင်းကိုပဲ မေးမြန်းမှာပါ"
"တကယ်လို့ သူမတို့က သဘောမတူဘူးဆိုရင်လည်း အတင်းအကျပ်တော့ မလုပ်ပါဘူး... လွတ်လပ်စွာ ထွက်သွားခွင့် ပြုပါတယ်"
"မွန်း မွန်း..."
နွားနက်ကြီးသည်လည်း ဘေးနားတွင် ခြေလက်များကို လှုပ်ရှားကာ ထောက်ခံလိုက်သည်။ သူလည်း အစ်ကိုကြီး နှင့် သဘောထား တူညီပါသည်။
"စီနီယာက ဒီလောက်ထိ ရက်ရောလိမ့်မယ်လို့ မထင်ထားမိဘူး... ဒီလို သတ်မှတ်ချက်မျိုး ဆိုရင်တော့... ကျင့်ကြံသူ တစ်ယောက်အနေနဲ့ ဘယ်သူမှ ငြင်းဆန်မှာ မဟုတ်ပါဘူး"
ကျန်ရွှယ်ချန်၏ မျက်ဝန်းထဲတွင် နက်ရှိုင်းသော လေးစားမှုများ ဖြစ်ပေါ်လာသည်။
"ကျွန်မ သူမတို့ကို သွားပြောလိုက်ပါ့မယ်"
သူမသည် ထိုသို့ပြောဆိုပြီးနောက် လေပေါ်တွင် လမ်းလျှောက်လျက် တောင်ကြားအောက်ခြေသို့ ချက်ချင်း ဆင်းသက်သွားလေသည်။ သူမ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ဖြစ်ပေါ်နေသည်။ ဤလူတစ်ယောက်နှင့် နွားတစ်ကောင်ကို ထိတွေ့ဆက်ဆံလေလေ သူတို့၏ အစစ်အမှန် အင်အားကို ခန့်မှန်း၍ မရနိုင်လေလေ ဖြစ်နေသည်။
မကြာမီ တောင်ကြားအောက်ခြေမှ ကြီးမားကျယ်လောင်သော ဝမ်းသာအားရ အော်ဟစ်သံကြီး ပေါက်ကွဲထွက်လာသည်။ အသံအကျယ်ဆုံး အော်ဟစ်နေကြသူများမှာ အခြေခံတည်ဆောက်ခြင်းအဆင့် အမျိုးသမီး ကျင့်ကြံသူများ ဖြစ်ကြသည်။
မူလဝိညာဉ် အဆင့် ဘိုးဘေးတစ်ဦး ကိုယ်တိုင်ကိုယ်ကျ ရွှေအမြုတေအဆင့် သို့ ရောက်ရှိအောင် ကူညီပေးမည်တဲ့လား။ ကောင်းကင်ဘုံမှ လက်ဆောင်ကျလာသကဲ့သို့သော အခွင့်အရေးကြီးသည် သူတို့၏ ခေါင်းပေါ်သို့ နောက်ဆုံးတွင် ကျရောက်လာခဲ့ပြီ ဖြစ်သည်။
ရွှေအမြုတေအဆင့် အမျိုးသမီး ကျင့်ကြံသူ အချို့၏ နှလုံးခုန်သံများသည်လည်း အလွန် ပြင်းထန်စွာ မြန်ဆန်နေကြသည်။ မူလဝိညာဉ် အဆင့် ဘိုးဘေး နှစ်ဦးထံမှ လမ်းညွှန်သင်ကြားမှု ရရှိမည်ဆိုသည်မှာ သူမတို့ တစ်သက်တာလုံး အိပ်မက်ပင် မမက်ဝံ့ခဲ့သော ကံကောင်းခြင်းကြီး ဖြစ်သည်။
ကျန်ရွှယ်ချန်သည် မြေပြင်မှနေ၍ ကောင်းကင်သို့ ညင်သာစွာ ခေါင်းညိတ်ပြလိုက်ရာ ချန်ရွှင်သည် ပြုံးရွှင်စွာဖြင့် နွားနက်ကြီး၏ ကျောကို ပုတ်လိုက်ပြီးနောက် သူတို့နှစ်ဦးသည် မျက်စိတစ်မှိတ်အတွင်း မြေပြင်ပေါ်သို့ ဆင်းသက်သွားကြလေသည်။
ရာနှင့်ချီသော လက်နက်ဖန်တီးသူများသည် စိတ်လှုပ်ရှားလွန်းသဖြင့် မျက်နှာများ နီရဲနေကြပြီး ခေါင်းငုံ့ကာ လက်သီးဆုပ်၍ အရိုအသေပြုနေကြရင်း ရံဖန်ရံခါ ချန်ရွှင်ကို တိတ်တဆိတ် အကဲခတ်နေကြသည်။ သို့သော် ချန်ရွှင်၏ အမူအရာမှာ အလွန် တည်ငြိမ်အေးချမ်းနေဆဲပင် ဖြစ်သည်။