အခန်း ၁၈၈
Vol. 11 Ch. 188
အခန်း (၁၈၈)
"ဒီနေ့ကစပြီး အချိန်အတိုင်းအတာ တစ်ခုအထိ မင်းတို့နဲ့ မနက်ကနေ ညအထိ အတူတူ အလုပ်လုပ်ကြရတော့မယ်... တကယ်လို့များ ရိုင်းစိုင်းတာမျိုး ရှိခဲ့ရင်လည်း ခွင့်လွှတ်ပေးကြပါ"
"စီနီယာကလည်း... မပြောသင့်တာတွေ ပြောနေပြန်ပါပြီ... ကျွန်မတို့အတွက် ဒီထက် ပိုကြီးမားတဲ့ ကံကောင်းခြင်းဆိုတာ မရှိတော့ပါဘူး"
"စီနီယာရဲ့ စေတနာမေတ္တာအတွက် ကျွန်မတို့က အထူးကျေးဇူးတင်ရမှာပါ"
"စီနီယာ... ခုနက စကားတွေကို ပြန်ရုပ်သိမ်းပေးပါနော်"
ရာနှင့်ချီသော အမျိုးသမီးများ၏ ကျယ်လောင်သော အော်ဟစ်သံများသည် တပြိုင်နက်တည်း ထွက်ပေါ်လာရာ နွားနက်ကြီးမှာ လန့်ဖျပ်သွားပြီး နဖူးတွင် ချွေးစေးများ ပြန်လာကာ တိတ်တဆိတ် နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားလေသည်။
ချန်ရွှင်သည် ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ (အကယ်၍ ကိုယ့်မှာ အစွမ်းအစ ရှိနေမယ်ဆိုရင်... အထူးသဖြင့် ဒီကျင့်ကြံခြင်းလောကရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်မယ်ဆိုရင် ဘယ်နေရာကိုပဲ သွားသွား မေတ္တာတရား တွေကိုပဲ ရရှိနိုင်မှာပဲ... ဒါက လူ့အဖွဲ့အစည်းရဲ့ အရှိတရားပဲ)
ထိုနေ့မှစ၍ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် အလွန် အလုပ်များသော နေ့ရက်များသို့ ဝင်ရောက်သွားကြသည်။ ကျန်ရွှယ်ချန်က ဘေးနားမှနေ၍ လက်ဖက်ရည် ကမ်းပေးခြင်း ကဲ့သို့သော ကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးရင်း ရံဖန်ရံခါ ပြင်ပလောကမှ သတင်းများကိုပါ ပြောပြပေးနေသည်။
သူတို့သည် "အသေးစား လှေပျံ" ဖန်တီးခြင်းမှ စတင်ခဲ့ကြပြီး ချန်ရွှင်သည် အသေးစိတ် အချက်အလက်များကို အားလုံး မေးမြန်းခဲ့သည်။ ထို့အပြင် ရံဖန်ရံခါ အလွန် "ထူးဆန်းပြီး အခြေခံကျလွန်းသော မေးခွန်းများ" ကိုပါ မေးမြန်းတတ်သေးသည်။
ထိုမေးခွန်းများသည် ရာနှင့်ချီသော လက်နက်ဖန်တီးသူများကို မကြာခဏ ဆွံ့အသွားစေသည်။ အခြားတစ်ဖက်တွင် နွားနက်ကြီးသည် ဘေးနားတွင် မှတ်စုစာအုပ်တစ်အုပ်ကို ဖွင့်ကာ စာလုံးများနှင့် ပုံများကို ရေးခြစ်ရင်း လှေပျံပေါ်ရှိ အစီအရင် နေရာချထားမှု များနှင့် ပတ်သက်၍ အဆက်မပြတ် မေးမြန်းနေလေသည်။
ဥပမာအားဖြင့် "အစီအရင်ရဲ့ တန်ပြန်သက်ရောက်မှုကို ဘယ်လို ခံနိုင်ရည်ရှိအောင် တည်ဆောက်ရမလဲ" ၊ "အကယ်၍ အစီအရင်က အရမ်း အစွမ်းထက်နေရင် လှေပျံကိုယ်ထည် ပျက်စီးသွားနိုင်ခြေ ရှိမရှိ" စသည်တို့ ဖြစ်ကြသည်။
သေချာသည်မှာ လက်နက်ဖန်တီးသူများ၏ ခံနိုင်ရည်စွမ်းအားသည် သူတို့နှစ်ဦးကို မယှဉ်နိုင်ပေ။ သူမတို့ အနားယူနေချိန်တွင် ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ကျင့်ကြံခြင်းကို ဆက်လက် ပြုလုပ်ကြသည် (သို့မဟုတ်)နှင်းဂီတ တောင်ကြား သို့ သွားရောက်၍ ကျင်းယွီ ထံမှ လမ်းညွှန်မှုများ တောင်းခံလေ့ ရှိကြသည်။
အလုပ်များသော်လည်း အဓိပ္ပာယ်ရှိသော နေ့ရက်များသည် တဖြည်းဖြည်း ကုန်ဆုံးသွားပြီး သူတို့ကို လာရောက် နှောင့်ယှက်သူ တစ်ဦးတစ်ယောက်မျှ မရှိပေ။
လမ်းဘေးမှ ပန်းမန်များ ညှိုးနွမ်းသွားပြီး အခိုးအငွေ့များ အေးစက်စွာ လွင့်ပျောက်သွားကာ မရေမတွက်နိုင်သော ရာသီအလီလီ ပြောင်းလဲကုန်ဆုံးသွားသည်။ ကျင့်ကြံခြင်းလောကရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် အချိန်ကာလ၏ အစွန်းအစများကို ဖမ်းဆုပ်ရင်း အချိန်ယန္တရားကြီး အတွင်း၌ ဆက်လက် လျှောက်လှမ်းနေကြရင်း... မျက်စိတစ်မှိတ်အတွင်း "နှစ်တစ်ရာ" အချိန်ကာလ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ချန်နိုင်ငံ၏ ကျင့်ကြံခြင်းလောကနှင့် အရှေ့ပိုင်းနိုင်ငံများ၏ ကျင့်ကြံခြင်းလောကသည် တိတ်ဆိတ်ငြိမ်သက်သွားပြီး ခမ်းနားကြီးကျယ်သော ပွဲလမ်းသဘင်များ၊ ပြိုင်ပွဲများ ကျင်းပခြင်း မရှိတော့ပေ။
မြောက်ပိုင်းစစ်ပွဲနှင့် ပတ်သက်သော သတင်းအချက်အလက်များသည် ပြတ်တောက်သွားပြီး အလယ်အလတ်နှင့် အောက်ခြေအဆင့် ကျင့်ကြံသူများသည် စစ်ပွဲအခြေအနေ မည်သို့ရှိနေသည်ကို မသိရှိကြတော့ပေ။ ကျင့်ကြံခြင်းလောက တစ်ခုလုံးသည် စိုးရိမ်ပူပန်မှုများနှင့် ကြောက်ရွံ့မှုများ လွှမ်းခြုံနေပြီး မရေမတွက်နိုင်သော ကောလာဟလများ ပျံ့နှံ့နေလေသည်။
ထိုအထဲတွင် ထိပ်သီးဂိုဏ်းကြီး ဆယ်ခုနှင့် ပတ်သက်သော "မကောင်းသော ကောလာဟလများ" ဖြန့်ဝေခဲ့သည့် ကျင့်ကြံသူများလည်း ရှိခဲ့ရာ ရလဒ်အနေဖြင့် သူတို့၏ နောက်ကွယ်ရှိ ဂိုဏ်းငယ်လေးများပါ "အစအနမကျန် ပျက်သုဉ်းသွားရသည့်" ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့သဖြင့် ကြောက်လန့်နေသော ကျင့်ကြံသူများသည် တစ်ပြိုင်နက်တည်း နှုတ်ဆိတ်သွားကြလေသည်။
ဤအကျပ်အတည်း အခြေအနေတွင် ထိပ်သီးဂိုဏ်းကြီး ဆယ်ခု၏ သတ်ဖြတ်လိုစိတ်များသည် သိသိသာသာကို လွယ်ကူစွာ နိုးကြွလာပြီး အတိုင်းအဆမဲ့ ဖြစ်လာကြလေသည်။
ချန်နိုင်ငံနှင့် အင်အားစုကြီး သုံးခုမှ ကျန်ရစ်ခဲ့သော ခေါင်းဆောင်များသည် လျှို့ဝှက်စွာ အစည်းအဝေးများ ပြုလုပ်နေကြပြီ ဖြစ်သည်။ ဤအခြေအနေကို ဆက်လက်၍ အချိန်ဆွဲထား၍ မဖြစ်နိုင်တော့ပေ။ မြောက်ပိုင်းတွင် သေချာပေါက် "ကြီးမားသော ထူးခြားမှုကြီး" တစ်ခု ဖြစ်ပေါ်နေပြီ ဖြစ်သည်။
ထိုစဉ်က ကျင်းယွီသည် ချန်ရွှင်နှင့် နွားနက်ကြီးတို့ကို ထိုအစည်းအဝေးသို့ ခေါ်ဆောင်သွားပြီး အင်အားကြီးမားသော မူလဝိညာဉ် အဆင့် ကျင့်ကြံသူများနှင့် မိတ်ဆက်ပေးရန် ကြိုးပမ်းခဲ့သည်။ အနာဂတ်အတွက် အဆက်အသွယ် ရရှိထားပါက သူတို့အတွက် အကျိုးရှိမည်ဟု တွေးတောခဲ့သောကြောင့် ဖြစ်သည်။
သို့သော် ချန်ရွှင်က ချက်ချင်း ငြင်းဆန်ခဲ့သည်။ အမှန် အလုပ်များနေသောကြောင့် ဖြစ်သည်။ ထို့အပြင် သူတို့၏ စိတ်နှလုံးများသည် ဤကျင့်ကြံခြင်းလောကတွင် မရှိတော့ဘဲ ပြင်ပလောက၏ ပဋိပက္ခများတွင် ပါဝင်ပတ်သက်လိုခြင်း မရှိသောကြောင့်ဖြစ်သည်။။
ဤနှစ်တစ်ရာတာ ကာလအတွင်း ချန်ရွှင်သည် သူ၏ သက်တမ်းအမှတ်များကို ကာကွယ်ရေးစွမ်းရည် ၊ ဝိညာဉ်စွမ်းအား နှင့် သယံဇာတ မူလစွမ်းအင် ကဏ္ဍများတွင် ဆက်လက် ပေါင်းထည့်ခဲ့ရာ ကဏ္ဍအသီးသီးသည် အမှတ် ၂၀၀ သို့ ရောက်ရှိသွားခဲ့သည်။ သို့သော် ထိုနေရာတွင် နောက်ထပ် အဟန့်အတား တစ်ခုနှင့် ကြုံတွေ့ရပြီး အမှတ်များ ဆက်လက် ပေါင်းထည့်၍ မရတော့ပေ။
လက်ရှိ သူတို့၏ သက်တမ်းအမှတ်များမှာ - ခွန်အား ၁၄၀ ၊ အမြန်နှုန်း ၁၄၀ ၊ မူလစွမ်းအင် ၁၇၂ ၊ ဝိညာဉ်စွမ်းအား ၂၀၀ ၊ ကာကွယ်ရေးစွမ်းရည် ၂၀၀ တို့ ဖြစ်ကြသည်။
သူတို့၏ ကျင့်ကြံမှုအဆင့်သည်လည်း ကြီးမားစွာ တိုးတက်လာပြီး မူလဝိညာဉ် အလယ်အလတ်အဆင့်ဆီသို့ တည်ငြိမ်စွာ ချီတက်နေသော်လည်း ခရီးစဉ် အနည်းငယ် ကျန်ရှိနေသေးသည်။
လက်ရှိတွင် ပန်းမိုး တောင်ကြားကို ကြီးမားသော အစီအရင်ဖြင့် ပိတ်ဆို့ထားပြီး ကျိုကုန်း တောင်၏ တားမြစ်နယ်မြေ အဖြစ် သတ်မှတ်ထားသည်။ အတွင်းတွင် မည်သူမျှ မရှိတော့သော်လည်း တောင်ကြားအတွင်း၌ မရေမတွက်နိုင်သော ကြိုးကြာဝိညာဉ်သစ်ပင် များကို စိုက်ပျိုးထားသည်။
ချန်ရွှင်သည်လည်း ကတိတည်စွာဖြင့် ထို အခြေခံတည်ဆောက်ခြင်းအဆင့် လက်နက်ဖန်တီးသူများ အားလုံးကို ရွှေအမြုတေအဆင့် သို့ ရောက်ရှိအောင် ကူညီပေးခဲ့ပြီး နေရာကြေး အဖြစ် တန်ဖိုးကြီးမားသော လုပ်အားခများကိုပါ ပေးချေခဲ့သည်။
သို့သော် ထို ဆေးအဆိပ် ၏ သက်ရောက်မှုကြောင့် သူမတို့၏ ရွှေအမြုတေအဆင့် အလွန် ကျင့်ကြံခြင်းလမ်းစဉ်သည် အတော်လေး ခက်ခဲကြမ်းတမ်းသွားမည် ဖြစ်သည်။
ချန်ရွှင်က ထိုအန္တရာယ်များကို ကြိုတင် ပြောပြခဲ့စဉ်ကလည်း အမျိုးသမီး ကျင့်ကြံသူများထံမှ မကျေနပ်သံ တစ်ချက်မျှ ထွက်ပေါ်မလာပေ။ သူမတို့အတွက် ရွှေအမြုတေအဆင့် သို့ ရောက်ရှိသွားခြင်းကပင် လုံလောက်သော အံ့ဩဖွယ်ရာ ကိစ္စတစ်ခု ဖြစ်ပြီး မူလဝိညာဉ် အဆင့်ကိုမူ အစကတည်းက မျှော်လင့်မထားခဲ့ကြသောကြောင့် ဖြစ်သည်။
ကျန်ရွှယ်ချန်သည်လည်း ချန်ရွှင်၏ ထို ရက်ရောမှု အပေါ် လေးစားကြည်ညိုသွားသည်။ မသိလိုက်မသိဘာသာပင် စန္ဒာဂိုဏ်း ၏ တိုက်ခိုက်ရေးအင်အားမှာ ကြီးမားစွာ တိုးတက်သွားခဲ့လေပြီ...
မြောက်ပိုင်းစစ်ပွဲသို့ ရွှေအမြုတေအဆင့် ကျင့်ကြံသူ အများအပြားကို စေလွှတ်ခဲ့ရသဖြင့် တိုက်ခိုက်ရေးအင်အား အကြီးအကျယ် ကျဆင်းနေသော စန္ဒာဂိုဏ်း အတွက် ဤသည်မှာ ကယ်တင်ရှင်၏ လက်တစ်ဖက်ပင် ဖြစ်ပေသည်။
ယနေ့... နှင်းဂီတ တောင်ကြား၊ စုဝမ် ခန်းမဆောင်။
ကျန်ရွှယ်ချန်သည် ခန်းမဆောင်ကြီး၏ အလယ်ဗဟိုတွင် ရိုသေစွာ ရပ်လျက် လှေကားထစ်များအထက်ရှိ ကျင်းယွီကို မော့ကြည့်နေသည်။
"ကျန်ရွှယ်ချန်... ကြည့်ရတာ မင်းက ဆုံးဖြတ်ချက် ချပြီးသွားပြီ ထင်တယ်"
ကျင်းယွီသည် ဖီးနစ်ငှက်ပုံစံ တောင်ဝှေးကို ထောက်လျက် တည်ငြိမ်စွာ ပြောလိုက်သည်။ ကျန်ရွှယ်ချန်၏ ကျင့်ကြံမှုအဆင့်မှာ ရွှေအမြုတေ အစောပိုင်းအဆင့် သို့ ကျဆင်းသွားပြီ ဖြစ်သည်။
"ဟုတ်ကဲ့ပါ ဘိုးဘေး... လက်ရှိမှာ ကျန် မိသားစုက ကျွန်မ တစ်ယောက်ပဲ ကျန်တော့တာပါ"
ကျန်ရွှယ်ချန်၏ မျက်ဝန်းများသည် အလွန် တည်ငြိမ်နေသည်။ သူမသည် မိမိ၏ အင်မော်တယ်လမ်းစဉ်ကို ဖြတ်တောက်ပြီး ကျင့်ကြံခြင်းကို အစမှ ပြန်လည် စတင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
"ပြီးတော့... စန္ဒာဂိုဏ်း မှာ မူလဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ယောက်တော့ ရှိနေမှ ဖြစ်မှာပါ"
ကျင်းယွီ၏ မျက်နှာအမူအရာမှာ ရှုပ်ထွေးသွားပြီး သက်ပြင်းတစ်ချက် ဖွဖွချလိုက်သည်။
"မင်းရဲ့ အမေကတော့... ငါ့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး"
"ဒါက ကျွန်မကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ လမ်းပါ... ဘိုးဘေးမှာ ဘာတာဝန်မှ မရှိပါဘူး... စန္ဒာဂိုဏ်း ရဲ့ အမွေအနှစ်တွေကို ဒီနေရာမှာတင် ပြတ်တောက်သွားအောင် လုပ်လို့ မဖြစ်ပါဘူး"
ကျန်ရွှယ်ချန်၏ မျက်ဝန်းထဲတွင် ပြတ်သားသော ဆုံးဖြတ်ချက်ချထားသည့် အရိပ်အယောင်များ ဖြစ်ပေါ်နေသည်။ ကျင့်ကြံခြင်းလောက၏ ဤမျှ မျှော်လင့်ချက်မဲ့နေသော ဖရိုဖရဲ အခြေအနေကြီးကို ကြည့်မည်ဆိုပါက "ကျန် မိသားစု၏ အမွေအနှစ် ကျင့်စဉ်" ကို ဆက်လက် ကျင့်ကြံနေရန် အကြောင်းပြချက် မရှိတော့ပေ။
"ကျန်ရွှယ်ချန်... နောင်တမရပါဘူး ဟု ပြန်ဖြေလိုက်သည်။"
"သေချာ ဆုံးဖြတ်နိုင်ခဲ့တာပဲ ကျန်ရွှယ်ချန်"
ကျင်းယွီသည် လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ပြီး ကရုဏာသက်သော အမူအရာဖြင့် ကြည့်လိုက်သည်။
နွေးထွေးသော ဝိညာဉ်လက်တစ်ဖက်သည် ကျန်ရွှယ်ချန်၏ ပါးပြင်ကို လာရောက် ပွတ်သပ်သွားရာ သူမသည် ခေါင်းကို ပိုမို နက်ရှိုင်းစွာ ငုံ့ထားလိုက်သည်။
"စန္ဒာဂိုဏ်း ရဲ့ လက်ရှိ ရင်းမြစ်တွေနဲ့ဆိုရင် မင်း တစ်ယောက်တည်းကို မူလဝိညာဉ် အဆင့်အထိ မြှင့်တင်ပေးဖို့ လုံလောက်ပါတယ်"
ကျင်းယွီသည် ခန်းမဆောင် အပြင်ဘက်ကို ငေးကြည့်ရင်း တိုးတိတ်စွာ ရေရွတ်လိုက်သည်။
"ကြည့်ရတာ... တကယ်ပဲ မင်းအတွက်စာပဲ ကျန်တော့တဲ့ပုံပါပဲ"
ကျန်ရွှယ်ချန်၏ မျက်ဝန်းများ မှေးကျဉ်းသွားပြီး ခေါင်းမော့ကာ ကျင်းယွီကို ကြည့်လိုက်သည်။ အဘယ်ကြောင့်မှန်းမသိ သူမသည် ရုတ်တရက် အိုမင်းသွားသကဲ့သို့ ထင်မှတ်ရသည်။
"ဘိုးဘေး..."
"ဒီကျင့်ကြံခြင်းလောကမှာ... ဘယ်လို အမျိုးသားမျိုးက ငါတို့ စန္ဒာဂိုဏ်း ရဲ့ ကျန်ရွှယ်ချန် နဲ့ ထိုက်တန်မှာလဲ... ငါတော့ စဉ်းစားလို့ မရတော့ဘူး"
ကျင်းယွီ၏ မျက်ဝန်းထဲမှ ကရုဏာများသည် ပိုမို နက်ရှိုင်းလာသည်။ သူမကို ကြည့်နေရသည်မှာ သူမ၏ မိခင်ကို ကြည့်နေရသကဲ့သို့ ခံစားနေရသည်။ သူတို့သားအမိနှစ်ဦးသည် တစ်ပုံစံတည်းပင် ဖြစ်သည်။
ကျန်ရွှယ်ချန်၏ မျက်နှာထားမှာ တည်ငြိမ်နေပြီး ထိုစကားများကြောင့် စိတ်လှုပ်ရှားသွားခြင်း မရှိပေ။ ဘိုးဘေးက ဘာကြောင့် ရုတ်တရက် ဒီလိုစကားမျိုး ပြောလာသနည်း ဆိုသည်ကို သူမ နားမလည်နိုင်ပေ။
"ကျန်ရွှယ်ချန်... နောင်လာမယ့် စန္ဒာဂိုဏ်းရဲ့ အနာဂတ်ကို... မင်းဆီ အပ်လိုက်ပြီနော်"
"ဘိုးဘေး..."
"ဘာမှ ဆက်မပြောနဲ့တော့... ငါ့အနေနဲ့ မင်းကို သင်ပေးစရာ ဘာမှ မကျန်တော့ဘူး"
ကျင်းယွီ၏ မျက်ဝန်းများသည် ရုတ်တရက် အေးစက်သွားပြီး ပြန်လည် မငြင်းဆန်နိုင်သော လေသံမျိုး ဖြစ်သွားသည်။ သူမက လက်ကို ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်စွမ်းအင်များသည် ကျန်ရွှယ်ချန်၏ ခန္ဓာကိုယ် တစ်ခုလုံးကို ထိန်းချုပ်လိုက်လေသည်။
ကျန်ရွှယ်ချန်၏ မျက်ဝန်းများ မှေးကျဉ်းသွားပြီး ခန္ဓာကိုယ်ကို လှုပ်ရှား၍ မရတော့သဖြင့် အသည်းအသန် ရုန်းကန်နေရသည်။ ဘိုးဘေးက ဘာလုပ်မလို့လဲ။
ကျင်းယွီ၏ မျက်ဝန်းထဲမှ အေးစက်မှုများ ချက်ချင်း ပျောက်ကွယ်သွားပြီး နောက်တစ်စက္ကန့်တွင် အေးချမ်းပြီး ကြင်နာတတ်သော အဘွားအို၏ မျက်နှာမျိုး ပြန်ဖြစ်သွားသည်။
"တာအိုမိတ်ဆွေ ချန်၊ တာအိုမိတ်ဆွေ နွားကြီး... စောင့်နေရတာ အားနာပါတယ်"
"ဟား ဟား ဟား... တာအိုမိတ်ဆွေ ကျင်းယွီ ... အားနာစရာ စကားတွေ ပြောမနေပါနဲ့"
"မွန်း မွန်း..."
ခန်းမဆောင်ကြီး၏ အပြင်ဘက်မှ ကျယ်လောင်သော ရယ်မောသံ နှစ်ခု ထွက်ပေါ်လာသည်။ သူတို့နှစ်ဦးသည် ဖြည်းညှင်းစွာ လျှောက်လှမ်းလာကြသည်။ သူတို့၏ ဟန်ပန်မှာ ထိုနေ့ကအတိုင်းပင် ဖြစ်သည်။
ချန်ရွှင်သည် အလိုအလျောက် ကျန်ရွှယ်ချန် ဘက်သို့ လှမ်းကြည့်လိုက်သည်။ (တကယ်ကြီးလားဟ... ဒီကောင်မလေး တကယ်ပဲ ကိုယ့်ရဲ့ အင်မော်တယ်လမ်းစဉ်ကို ဖြတ်တောက်ပြီး ပြန်လည် ကျင့်ကြံတဲ့ လမ်းကို ရွေးချယ်လိုက်တာပဲ... အံ့မခန်း စိတ်ဓာတ်ပါလား... ငါသာဆိုရင် ကြောက်လွန်းလို့ လုပ်ရဲမှာ မဟုတ်ဘူး... အန္တရာယ် ကြီးလွန်းတယ်)
"ဒီနေ့ တာအိုမိတ်ဆွေတို့ နှစ်ဦးကို ဖိတ်ခေါ်ရတာက... အရမ်း အရေးကြီးတဲ့ ဆွေးနွေးစရာလေး ရှိလို့ပါ"
"အားမနာဘဲ ပြောပါ"
ချန်ရွှင်သည် ပြုံးရွှင်စွာဖြင့် လက်သီးဆုပ်ကာ အရိုအသေပြုလိုက်သည်။ သူ၏ ရင်ထဲတွင် ယခုအချိန်ထိ ကျင်းယွီ အပေါ် နက်ရှိုင်းသော လေးစားမှုများ ရှိနေဆဲ ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူမသည် သူတို့၏ ကျင့်ကြံခြင်းလမ်းစဉ်အတွက် "ပထမဆုံး ဆရာ" ဖြစ်သည် မဟုတ်ပါလား။
နွားနက်ကြီးသည်လည်း ခွာများကို အသုံးပြုကာ အနည်းငယ် အချိုးမကျစွာဖြင့် လက်သီးဆုပ် အရိုအသေပြုလိုက်ပြီး "မွန်း မွန်း" ဟု အော်မြည်ကာ ချန်ရွှင်၏ ဘေးတွင် လိမ္မာစွာ ထိုင်လိုက်သည်။
"ဒီအဘွားအိုက မကြာခင်မှာ တခြားအင်အားစုတွေက ကျင့်ကြံသူတွေနဲ့အတူ မြောက်ပိုင်း ကို စုံစမ်းထောက်လှမ်းဖို့ သွားရတော့မယ်... ဘယ်တော့ ပြန်လာနိုင်မလဲ ဆိုတာတော့ မသိသေးဘူး"
ကျင်းယွီသည် လေးနက်တည်ကြည်သော မျက်နှာဖြင့် လှေကားပေါ်မှ ဆင်းလာပြီး ခေါင်းကို နက်နက်ရှိုင်းရှိုင်း ငုံ့ကာ ပြောလိုက်သည်။
"တာအိုမိတ်ဆွေ... ဒီနှစ်တစ်ရာအတွင်း ငါတို့ စန္ဒာဂိုဏ်း ကို ဂရုစိုက်ပေးခဲ့တာ... ဒီအဘွားအို အကုန်လုံး မြင်တွေ့ခဲ့ရပါတယ်... ဒီနေရာကနေပဲ အထူး ကျေးဇူးတင်ရှိကြောင်း ပြောကြားပါရစေ"
"နေပါဦးဗျာ..."
ချန်ရွှင်သည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ကျင်းယွီ၏ ခန္ဓာကိုယ်ကို အလျင်အမြန် တွဲကူလိုက်သည်။
"တာအိုမိတ်ဆွေရယ်... အားနာစရာ စကားတွေ ပြောမနေပါနဲ့... ကျွန်တော်နဲ့ နွားကြီးကသာ စန္ဒာဂိုဏ်း ရဲ့ အကူအညီတွေကို အမြဲတမ်း ရယူနေခဲ့ရတာပါ"
ကျင်းယွီသည် ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး ရင်တွင်းမှ စကားများကို ထုတ်ဖော်ပြောဆိုလိုက်သည်။
"တာအိုမိတ်ဆွေတို့ နှစ်ဦးဟာ ဒီကျင့်ကြံခြင်းလောကမှာ တွေ့ရခဲတဲ့ စစ်မှန်တဲ့ 'ပညာရှိသူတော်စင်တွေ' ပါ... ဒီအဘွားအိုရဲ့ အပြောအဆိုနဲ့ အပြုအမူတွေမှာ ယဉ်ကျေးမှုမရှိတာတွေ ပါခဲ့ရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
"တာအိုမိတ်ဆွေ ကျင်းယွီ ... အဲဒီကိစ္စတွေကို ကျွန်တော် မေ့နေတာ ကြာလှပါပြီ"
ချန်ရွှင်သည် လက်ကာပြလိုက်သည်။ ကျင်းယွီက အတိတ်တွင် အနည်းငယ် "တွက်ချက်" ခဲ့သည်များကို သူ ဂရုမစိုက်ပေ။ ကြီးမားသော အဖွဲ့အစည်းကြီး တစ်ခုကို ကျောထောက်နောက်ခံပြုထားရသော သူမအနေဖြင့် သူတို့ကဲ့သို့ လွတ်လပ်ပေါ့ပါးစွာ နေထိုင်နိုင်မည် မဟုတ်သည်မှာ သေချာလှသည်။
"ကျန်ရွှယ်ချန် ပြောပြလို့ ကြားခဲ့ပါတယ်... တာအိုမိတ်ဆွေက ကောင်းကင် လွင်ပြင်ကြီး ကို ဖြတ်သန်းသွားမလို့ဆို"
"ဟားဟား... ဟုတ်ပါတယ်... ကျွန်တော်နဲ့ နွားကြီး ကျင့်ကြံရတဲ့ ရည်ရွယ်ချက်က ကမ္ဘာကြီးရဲ့ နေရာအနှံ့အပြားကို လျှောက်သွားပြီး လေ့လာစူးစမ်းချင်လို့ပါ"
ချန်ရွှင်သည် မျက်နှာအပြည့် အပြုံးများ ဝေဆာနေသည်။ သူသည် ဤကဲ့သို့သော အိပ်မက်များကို မျှဝေရသည်ကို အလွန် နှစ်သက်သူ ဖြစ်သည်။
"တာအိုမိတ်ဆွေ ကျင်းယွီ ... ကောလာဟလတွေ အရဆိုရင် အဲဒီလွင်ပြင်ကြီးရဲ့ ဟိုဘက်မှာ 'စူပါ နိုင်ငံတော်ကြီး' ရှိတယ်လို့ ကြားတယ်ဗျ"
"တာအိုမိတ်ဆွေ ကျင်းယွီ... ပင်လယ်ကို မြင်ဖူးလား... အံ့မခန်းပဲဗျ... တကယ်လို့များ ဟိုဘက်မှာ 'ပင်လယ်' ကြီး ရှိနေနိုင်သေးတယ်နော်"
ချန်ရွှင်သည် ခန်းမဆောင်ကြီး အတွင်း ရပ်လျက် ပြောလေလေ စိတ်လှုပ်ရှားလာလေ ဖြစ်ပြီး အသံများ တဖြည်းဖြည်း ကျယ်လောင်လာသည်။
"မွန်း မွန်း မွန်း..."
နွားနက်ကြီးသည်လည်း အလွန် စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်နေသော်လည်း ချန်ရွှင်က လက်တစ်ဖက်ဖြင့် နွားခေါင်းကို တင်းကျပ်စွာ ဖိချထားလိုက်သည်။
သူတို့သည် အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီး ရင်တွင်းမှ လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်ကြလေသည်။ တကယ့်ကို စိတ်ချင်းဆက်သွယ်နေသော ညီအစ်ကိုများပင် ဖြစ်ပေတော့သည်။