အခန်း ၁၈၉
Vol. 11 Ch. 189
အခန်း (၁၈၉)
ကျင်းယွီသည် သူတို့နှစ်ဦးကို လေးနက်စွာ စိုက်ကြည့်နေပြီး သူမ၏ ရင်ထဲတွင် ကြီးမားသော တုန်လှုပ်မှုတစ်ခုကို ခံစားနေရသည်။ ဤသူနှစ်ဦး လျှောက်လှမ်းနေသော တာအို လမ်းစဉ်သည် ဤကျင့်ကြံခြင်းလောကရှိ အခြားသူများနှင့် ကို ကွဲပြားခြားနားနေသည်။
"တကယ်လို့ တခြားသူတွေကသာ ဒီလိုပြောလာခဲ့ရင် ကျွန်မက အထင်သေးပြီး နှာခေါင်းရှုံ့လိုက်မိမှာပါ"
ကျင်းယွီ၏ မျက်ဝန်းထဲတွင် တွေ့ရခဲသော လေးနက်မှုများ အထင်းသားဖြစ်ပေါ်လာပြီး တိုးညှင်းသော လေသံဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့ တာအိုမိတ်ဆွေတို့ နှစ်ဦးက ပြောလာမှတော့... ကျွန်မ ယုံကြည်ပါတယ်"
"... နွားကြီး ကြားလိုက်လား"
ချန်ရွှင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"တာအိုမိတ်ဆွေ ကျင်းယွီ၊ ခင်ဗျားလည်း ယုံကြည်တယ်ပေါ့လေ"
"မွန်း မွန်း မွန်း"
နွားနက်ကြီးမှာလည်း မျက်လုံးများ ပြူးကျယ်သွားပြီး အလွန်အမင်း အံ့ဩသွားသည်။ ကောင်းကင် လွင်ပြင်ကြီးမှာ ထွက်ပေါက်မရှိဘူးလို့ ဘယ်သူပြောလဲ။ ဒီမှာ ယုံကြည်တဲ့သူ ရှိနေပြီပဲ။
ကျင်းယွီက ဘာမှပြန်မပြောဘဲ အပြုံးတစ်ခုသာ တုံ့ပြန်လိုက်သည်။ သူမက ထိုနေရာတွင် တာအိုလမ်းစဉ် ရှိသည်ကို ယုံကြည်ခြင်း မဟုတ်ပေ။ "သူတို့နှစ်ဦး" ကို ယုံကြည်ခြင်းသာ ဖြစ်သည်။
"ကျွန်မ ဒီကနေ ထွက်သွားပြီးတဲ့နောက်မှာ တာအိုမိတ်ဆွေတို့ကို ပင်ပန်းခက်ခဲစေမယ့် ကိစ္စတွေ မတောင်းဆိုပါဘူး။ ဒါပေမဲ့ အကူအညီ လိုအပ်လာတဲ့ အချိန်မျိုးကျရင် စန္ဒာဂိုဏ်း ကို သတိရပေးရင်ပဲ လုံလောက်ပါပြီ"
ကျင်းယွီသည် ကျန်ရွှယ်ချန် ဘက်သို့ အကြည့်ရွှေ့လိုက်ပြီး လက်ကို ဝှေ့ယမ်းကာ သူမကို ချည်နှောင်ထားသော ဝိညာဉ်စွမ်းအင်များကို အပြည့်အဝ ရုပ်သိမ်းပေးလိုက်သည်။
"ရွှယ်ချန်... ဒီနေ့ကစပြီး သမီးဟာ စန္ဒာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ"
ကျန်ရွှယ်ချန်၏ နဖူးပေါ်တွင် ချွေးစေးများ ပြန်လာသည်။ ဘိုးဘေး ပြောလိုက်သော စကားသည် သေမင်းဆီမသွားခင် မှာကြားသည့် နောက်ဆုံး သေတမ်းစာ တစ်ခုကဲ့သို့ ဖြစ်နေသည်။ ယခင်က သူမ၏ မိခင် ဖြစ်သူမှာလည်း ဤကဲ့သို့ပင်။
"တာအိုမိတ်ဆွေ ကျင်းယွီ၊ သဘောပေါက်ပါပြီ"
ချန်ရွှင်က သက်ပြင်းတစ်ချက် ဖွဖွချလိုက်ပြီး နွားနက်ကြီး၏ ကျောကို ညင်သာစွာ ပုတ်လိုက်သည်။
"ဒါပေမဲ့ မြောက်ပိုင်း စစ်မြေပြင်က တော်တော်လေး အခြေအနေ ဆိုးရွားနေပုံရတယ်။ မူလဝိညာဉ် အဆင့်ရှိတဲ့ သားရဲတွေတောင် အများကြီး ရှိနေလောက်တယ်"
"မွန်း"
သားရဲ ဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် နွားနက်ကြီး၏ နှာခေါင်းမှ ဒေါသတကြီး နှာမှုတ်သံ ပြင်းပြင်းများ ထွက်ပေါ်လာသည်။ အကယ်၍ ထိုကောင်များ မြောက်ပိုင်းမှနေ၍ ချင်နိုင်ငံ အတွင်းသို့ ကျူးကျော်ဝင်ရောက်လာပြီး ဘကြီးစွန်းတို့၏ အုတ်ဂူများကို ဖျက်ဆီးရဲပါက ဤလောကတွင် လူဖြစ်လာရခြင်းကို နောင်တရသွားအောင် လုပ်ပစ်မည်။
"ဘိုးဘေး... မသွားလို့ မရဘူးလားဟင်"
ကျန်ရွှယ်ချန်၏ မျက်ဝန်းထဲတွင် မျက်ရည်များ ဝဲတက်လာပြီး သူမ၏ အသံလေးမှာ နူးညံ့ကာ ကြားရသူ၏ ရင်ကို ဆို့နင့်စေသည်။
"အသက်ရှင်လျက်ဖြစ်စေ၊ သေဆုံးသွားလျှင် အလောင်းဖြစ်စေ ပြန်လာရမှာပဲ"
ကျင်းယွီက မျက်မှောင်ကြုတ်လိုက်ပြီး မျက်ခုံးများကြားတွင် ဒေါသအရိပ်အယောင် အနည်းငယ်ပင် ဖြစ်ပေါ်လာသည်။
"ရွှယ်ချန်... သမီး ကျိုကုန်းတောင်ကို စရောက်တုန်းက ငါ့ရဲ့ စီနီယာအစ်မတွေက ဘယ်လို သွန်သင်ဆုံးမခဲ့လဲ ဆိုတာ မေ့သွားပြီလား"
ကျန်ရွှယ်ချန်သည် အဆူခံလိုက်ရသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး မျက်လုံးများ နီရဲလျက် ခေါင်းကို အဆက်မပြတ် ညိတ်လိုက်သည်။ ဆက်လက်၍ မတားဆီးရဲတော့ပေ။
ချန်ရွှင်၏ မျက်နှာပေါ်တွင် ဝေခွဲရခက်သော အမူအရာများ ဖြစ်ပေါ်လာသည်။ ဂိုဏ်းအတွင်း၌ ရှိသော သံယောဇဉ် ဟူသည်ကို သူ အလွန် နားလည် သဘောပေါက်ပါသည်။ ၎င်းသည် မိသားစု တစ်ခုကဲ့သို့ပင် ဖြစ်ပြီး အထူးသဖြင့် ကြီးမားသော အင်အားစုကြီးများ၏ စည်းလုံးညီညွတ်မှုမှာ သာမန်လူများ တွေးတော၍ပင် မရနိုင်အောင် ခိုင်မာလှသည်။
အပြင်လူများ ထင်မှတ်ထားသကဲ့သို့ နေ့စဉ်နှင့်အမျှ အာဏာလုပွဲများဖြင့် ရှုပ်ထွေးနေခြင်းမျိုးတော့ မဟုတ်ပေ။ ထိုကဲ့သို့သော အဖွဲ့အစည်းမျိုးသည် ကြာရှည်မခံဘဲ ကိုယ့်ဘာသာ ဖျက်ဆီးပစ်ရာသာ ရောက်မည် ဖြစ်သည်။
"တာအိုမိတ်ဆွေ ချန်ရွှင်၊ တာအိုမိတ်ဆွေ နွားကြီး... ကျွန်မ ဒီနေ့ကစပြီး စစ်မြေပြင်ကို ထွက်ခွာတော့ပါမယ်"
ကျင်းယွီ၏ လေသံမှာ ပြန်လည် နူးညံ့သွားသည်။ သူမသည် ကျန်ရွှယ်ချန်ကို ဆက်ဆံသကဲ့သို့ သူတို့ကို တင်းကျပ်စွာ ဆက်ဆံ၍ မရနိုင်ပေ။
"တကယ်လို့များ ရွှယ်ချန်က လိုအပ်ချက်တွေ ရှိခဲ့ရင် တာအိုမိတ်ဆွေတို့က အားမနာဘဲ သွန်သင်ဆုံးမပေးပါ"
"တာအိုမိတ်ဆွေကလည်း အပိုတွေ ပြောနေပြန်ပါပြီ။ ရွှယ်ချန်က တော်တဲ့သူပါ"
ချန်ရွှင်က မျက်နှာပျက်သွားပြီး အားနာပါးနာဖြင့် ရယ်မောလိုက်သည်။
(စန္ဒာဂိုဏ်းရဲ့ လျှို့ဝှက် ဘိုးဘေးများ ဖြစ်နေပြီလားဟ။)
"ပြီးတော့ စန္ဒာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို ကျွန်တော်တို့က သွားပြီး အပြစ်ပေးလို့ ဘယ်သင့်တော်ပါ့မလဲ"
"မွန်း မွန်း"
နွားနက်ကြီးကလည်း အဆက်မပြတ် ခေါင်းညိတ် ထောက်ခံလိုက်သည်။ ကျန်ရွှယ်ချန်သည် သူတို့အတွက် အမြဲတမ်း ပြေးလွှားလုပ်ဆောင်ပေးခဲ့ပြီး အလိုက်သိလွန်းသော ကလေးမလေး ဖြစ်သည်။
ကျင်းယွီသည် ရင်ထဲတွင် အနည်းငယ် စိတ်အေးသွားသည်။ ဤသည်မှာ သာမန် စမ်းသပ်ကြည့်ခြင်းသာ ဖြစ်သည်။ သေချာပေါက် စန္ဒာဂိုဏ်းတွင် မူလဝိညာဉ် အဆင့် ကျင့်ကြံသူများကိုပင် နှိမ်နင်းနိုင်သော ဝှက်ဖဲများ ကျန်ရှိနေသေးသည်။
သို့သော် ဤသူနှစ်ဦးထံမှမူ မည်သည့် အပြစ်အနာအဆာမျှ ရှာမတွေ့ပေ။ အပြင်ပန်းတွင် ကြမ်းတမ်းပုံပေါက်သော်လည်း စကားပြောဆိုရာနှင့် လုပ်ဆောင်ရာတွင် အမြဲတမ်း အတိုင်းအတာတစ်ခုအတွင်းသာ ရှိနေပြီး တစ်ဖက်လူကို ဘယ်သောအခါမျှ အနေရခက်အောင် မလုပ်ပေ။
ဤနှစ်တစ်ရာ အတွင်း စန္ဒာဂိုဏ်းသည် သူတို့ကြောင့် နစ်နာမှု မရှိခဲ့သည့်အပြင် များပြားသော ကျင့်ကြံခြင်း အရင်းအမြစ်များကိုပင် ရရှိခဲ့ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများပင် အကျိုးကျေးဇူးများစွာ ရရှိခဲ့ကြသည်။
"တာအိုမိတ်ဆွေ ချန်၊ တာအိုမိတ်ဆွေ နွားကြီး"
"ဗျာ"
"မွန်း"
"ဒီ သိုလှောင်လက်စွပ် နှစ်ကွင်းကို လက်ခံပေးပါ"
ကျင်းယွီသည် မေတ္တာကရုဏာ အပြည့်ပါသော အပြုံးဖြင့် သူမ၏ အင်္ကျီလက်ပွထဲမှ သိုလှောင်လက်စွပ် နှစ်ကွင်းကို ထုတ်ယူလိုက်သည်။
"တာအိုမိတ်ဆွေ ချန်... ချက်ချင်း မငြင်းပါနဲ့ဦး။ ကျွန်မ ပြောတာ အဆုံးထိ နားထောင်ပေးပါ"
"... ကောင်းပါပြီ"
ချန်ရွှင်သည် ငြင်းဆန်ရန် ပြုနေသော ပါးစပ်ကို ပြန်ပိတ်လိုက်ရသည်။
"ဒါက ကျွန်မရဲ့ စေတနာ သက်သက်ပါပဲ။ တခြား ရည်ရွယ်ချက် ဘာမှ မရှိပါဘူး"
ကျင်းယွီက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
"မော့ယွီဂိုဏ်းက စီနီယာကြီး ဂျီဟွာ နဲ့က ဟိုးအရင်ကတည်းက သိကျွမ်းခဲ့တာမို့ သူ့ဆီကနေ ရွှီမီသတ္တုရိုင်း နည်းနည်း လက်ဆောင်ရခဲ့ဖူးတယ်"
"အားလပ်ချိန်လေးမှာ ဒီ သိုလှောင်လက်စွပ် နှစ်ကွင်းကို လုပ်ကြည့်ခဲ့တာပါ... ပေတစ်ထောင်ခန့် ရှည်တဲ့ လှေပျံကြီး တစ်စင်းလုံးကိုတောင် ကောင်းကောင်းကြီး သိမ်းဆည်းထားနိုင်တဲ့ ပမာဏ ရှိပါတယ်"
ကျင်းယွီက လက်ကို ဖြန့်လိုက်ရာ သေသပ်လှပသော ပုံစံများ ထွင်းထုထားသည့် လက်စွပ်နှစ်ကွင်း သူမ၏ လက်ဖဝါးပေါ်တွင် ရှိနေသည်။ တစ်ကွင်းတွင် လူပုံစံ ထွင်းထုထားပြီး အခြားတစ်ကွင်းတွင် နွားပုံစံ ထွင်းထုထားသည်။
ကျန်ရွှယ်ချန်သည် ထိုလက်စွပ်များကို မြင်လိုက်ရသောအခါ အလွန်အမင်း အံ့ဩမှင်သက်သွားသည်။ ထိုမျှ ကြီးမားသော နေရာလွတ် ပါရှိသည့် သိုလှောင်လက်စွပ်များကို ဖန်တီးရန် မည်မျှများပြားသော ရွှီမီသတ္တုရိုင်းများ အသုံးပြုခဲ့ရမည်နည်း။ ဖန်တီးရသည့် အခက်အခဲမှာလည်း အလွန် ကြီးမားလွန်းလှပေသည်။
မူလဝိညာဉ်မီးတောက် ၏ စွမ်းအားကို အသုံးမပြုဘဲ ဖန်တီး၍ မရနိုင်ပေ။ ဘိုးဘေးသည် သူမ၏ ဒဏ်ရာ ပြန်လည်သက်သာလာမှုကိုပင် အချိန်ဆွဲကာ ဤပစ္စည်းများကို ဖန်တီးခဲ့သည်တဲ့လား။
"တာအိုမိတ်ဆွေ ကျင်းယွီ... ခင်ဗျားကတော့လေ..."
ချန်ရွှင် မျက်မှောင်ကြုတ်လိုက်သည်။ ကြည့်ရသည်မှာ ဟိုနေ့က ဆေးပင်များ လာယူစဉ် သူတို့၏ အပေါစား သိုလှောင်လက်စွပ်များကို သူမ မြင်သွားခဲ့ပုံရသည်။
လှေပျံကြီးကို သိမ်းဆည်းရန်အတွက် နေရာလွတ် ကျယ်ဝန်းသော လက်စွပ်များ လိုအပ်သည်မှာ မှန်ပါသည်။ နှစ်အနည်းငယ် ကြာလျှင် မော့ယွီဂိုဏ်းသို့ သွားရောက်ရန်လည်း သူ တွေးထားခဲ့သည်။
သို့သော် သိုလှောင်လက်စွပ် ဖန်တီးရသည်မှာ အလွန် ရှုပ်ထွေးခက်ခဲကြောင်းကို သူ ကြားသိထားပြီး ဖြစ်သည်။ ဤသည်မှာ အားလပ်ချိန်တွင် အလွယ်တကူ ဖန်တီး၍ ရနိုင်သော အရာမျိုး မဟုတ်ပေ။
"မွန်း..."
နွားနက်ကြီးသည် မျက်လုံးများ ပြူးကျယ်လျက် ထို နွားပုံစံ လက်စွပ်လေးကို မျက်တောင်မခတ်ဘဲ စူးစိုက်ကြည့်နေသည်။ အလွန် သေသပ်လှပပြီး ကြည့်ကောင်းလွန်းလှသည်။
"ဒါက ကျွန်မနဲ့ တာအိုမိတ်ဆွေတို့ရဲ့ ကိုယ်ပိုင် ခင်မင်ရင်းနှီးမှု အမှတ်တရပါ... တာအိုမိတ်ဆွေတို့ ကောင်းကင် လွင်ပြင်ကြီး ကို ဖြတ်ကျော်တဲ့ အခါမှာ အထောက်အကူ နည်းနည်းလောက် ဖြစ်ပါစေတော့"
"... အင်း၊ ဟုတ်တာပေါ့။ ကျွန်တော်တို့က မိတ်ဆွေတွေပဲ"
ချန်ရွှင်သည် လက်သီးဆုပ်၍ အရိုအသေပြုကာ ပြုံးရယ်လိုက်သည်။
"ဒါဆိုရင်လည်း ကျေးဇူးတင်စွာနဲ့ပဲ လက်ခံလိုက်ပါ့မယ်။ တာအိုမိတ်ဆွေ ကျင်းယွီ... ဒီလက်စွပ် နှစ်ကွင်းကို ကျွန်တော်တို့ ညီအစ်ကို သေချာပေါက် တန်ဖိုးထားပြီး အသုံးပြုသွားပါ့မယ်"
ကျင်းယွီသည် ဝမ်းသာအားရ ပြုံးလိုက်ပြီး သိုလှောင်လက်စွပ် နှစ်ကွင်းကို သူတို့ထံသို့ ကမ်းပေးလိုက်သည်။
ထို့နောက် သူမသည် ကျန်ရွှယ်ချန်ကို လေးနက်စွာ တစ်ချက် ကြည့်လိုက်ပြီးနောက် ရုတ်တရက် ရောင်စုံတောက်ပနေသော ဝိညာဉ်စွမ်းအင် လှိုင်းကြီးများဖြင့် လွှမ်းခြုံသွားသည်။ ခန်းမဆောင်ကြီး တစ်ခုလုံးလည်း သိမ့်ခနဲ တုန်ခါသွားလေသည်။
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် အလျင်အမြန်ပင် ဘေးဘက်သို့ ဆုတ်ခွာလိုက်ကြသည်။ ကျင်းယွီ၏ သွေးစွမ်းအင်များသည် ရုတ်တရက် ဆူပွက်လာခဲ့ခြင်း ဖြစ်သည်။
ချန်ရွှင်၏ ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားရသည်။ အတိတ်က ပင်မသွေးစက်ကို ပြောင်းပြန်စီးဆင်းစေပြီး တိုက်ခိုက်ခဲ့သော စီနီယာဂျီ ၏ ပုံရိပ်ကို ပြန်လည် မြင်ယောင်လာမိသောကြောင့် ဖြစ်သည်။
ဝိညာဉ်စွမ်းအင် လှိုင်းများကြားတွင် သက်တံရောင် အလင်းတန်းများက သူမ၏ မျက်နှာသွင်ပြင်ကို ထင်ရှားစွာ ဖြစ်ပေါ်စေသည်။ အလွန်တရာ လှပလွန်းလှသဖြင့် အသက်ရှူမှားလောက်အောင်ပင် ဖြစ်သည်။
အင်္ကျီလည်ပင်းအနားသတ်များ အနည်းငယ် လျှောကျသွားပြီး ဖြူဖွေးနုနယ်သော လည်တိုင်လေးမှာ ဆင်စွယ်ရုပ်တုလေး တစ်ခုကဲ့သို့ အပြစ်ဆိုဖွယ်ရာ မရှိအောင် ချောမွတ်လှပနေသည်။
ဖြူစွတ်နေသော ဆံပင်များသည်လည်း ရောင်စုံအလင်းတန်းများဖြင့် လွှမ်းခြုံသွားပြီး ဖော်ပြ၍ မရနိုင်လောက်အောင် နူးညံ့သိမ်မွေ့မှုနှင့် ဆွဲဆောင်မှုများကို ပေးစွမ်းနေသည်။
အလင်းတန်းများကြားမှ ငွေရောင်ဆံနွယ်နှင့် အမျိုးသမီးငယ်လေး တစ်ဦး ဖြည်းညှင်းစွာ လျှောက်လှမ်းထွက်လာသည်။ နှင်းပွင့်ကဲ့သို့ ဖြူစွတ်နေသော မျက်နှာသွယ်သွယ်လေးနှင့် ဖီးနစ်ငှက်ကဲ့သို့ မျက်ဝန်းများက နူးညံ့စွာ ပြုံးရွှင်နေသည်။
ချန်ရွှင်သည်ပင်လျှင် အံ့ဩမှင်သက်သွားမိသည်။ ဤသည်မှာ ကျင်းယွီ၏ မူလရုပ်သွင် (ငယ်စဉ်က ပုံစံ)ဖြစ်လိမ့်မည်ဟု သူ မထင်မှတ်ထားပေ။
"တကယ်လို့သာ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့ရင်... အဲဒီအချိန်ကျရင် နှင်းတောင်ထိပ်မှာ အေးအေးဆေးဆေး စကားတွေ ပြန်ပြောကြတာပေါ့"
"သေချာတာပေါ့"
"မွန်း"
ချန်ရွှင်နှင့် နွားနက်ကြီးတို့ ခေါင်းညိတ်လိုက်ကြပြီး ရင်ထဲတွင် လေးနက်သော ခံစားချက်များ ဖြစ်ပေါ်လာသည်။
ကျင်းယွီ၏ လှပသော နှုတ်ခမ်းလေးများက လူတို့၏ နှလုံးသားကို ညှို့ယူဖမ်းစားနိုင်လောက်အောင် အနည်းငယ် ကွေးညွတ်ပြုံးရွှင်သွားသည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် သူမသည် သက်တံရောင် အလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲသွားပြီး ကျိုကုန်းတောင်မှ ပျံသန်းထွက်ခွာသွားလေတော့သည်။
အခြားတစ်ဖက်တွင်မူ ခါးကို ကိုင်းညွတ်ကာ လက်သီးဆုပ်၍ အရိုအသေပြုနေသော ကျန်ရွှယ်ချန်သည် အချိန်အတော်ကြာသည်အထိပင် ထိုအနေအထားအတိုင်း မလှုပ်မယှက် ရပ်နေခဲ့သည်။ မြေပြင်ပေါ်တွင် ကြည်လင်သော မျက်ရည်စက် အချို့ ကျဆင်းနေလေသည်။
"ဂိုဏ်းချုပ်"
အဘိုးအို တစ်ဦးသည် ခန်းမဆောင်အတွင်းသို့ ရောက်ရှိလာပြီး ရိုသေစွာ အရိုအသေပြုလိုက်သည်။ ထိုသူမှာ ကျိုကုန်းတောင်၏ တာဝန်ခံ အကြီးအကဲ ရှန်ကျင်း ဖြစ်သည်။ သူသည် ဖြည်းညှင်းစွာဖြင့် ကျန်ရွှယ်ချန်၏ အနီးသို့ လျှောက်သွားလိုက်သည်။
"အင်း... ဒါဆိုရင် ကျွန်တော်တို့လည်း ပြန်လိုက်ပါဦးမယ်"
ချန်ရွှင်က ညင်သာစွာ ပြုံးလိုက်သည်။ ဤအဘိုးအိုသည် ကျိုကုန်းတောင်၏ အရည်အချင်းရှိသော တာဝန်ခံ တစ်ဦးနှင့် တူလှသည်။
"မွန်း"
နွားနက်ကြီးသည် အနည်းငယ် ဝမ်းနည်းနေသည့် ပုံစံဖြင့် အော်မြည်လိုက်ပြီး အသစ်စက်စက် သိုလှောင်လက်စွပ်လေးကို ခွာဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
သူတို့သည် ခန်းမဆောင်မှ ထွက်ခွာလာပြီးနောက် ကောင်းကင်သို့ ပျံတက်သွားကြကာ ဖုန်းတူဂိုဏ်း သို့ ဦးတည်သွားကြလေသည်။
လမ်းခရီးတွင်...
"နွားကြီး... ဒီ သိုလှောင်လက်စွပ်ကို သေချာ ဂရုစိုက်နော်။ ဒီအထဲမှာ ကြီးမားလှတဲ့ သံယောဇဉ်တွေ ပါဝင်နေတယ်"
ချန်ရွှင်သည် ပြောဆိုရင်း မိမိ၏ လက်ချောင်းတွင် လက်စွပ်ကို စွပ်လိုက်သည်။
"ရက်အနည်းငယ်လောက် ကြာရင် ဝူယွင်ဂိုဏ်းရဲ့ အခြေအနေကို သွားကြည့်ကြတာပေါ့။ ဒီကျင့်ကြံခြင်းလောကရဲ့ အခြေအနေက တော်တော်လေး ဆိုးရွားနေပုံရတယ်"
"မွန်း"
နွားနက်ကြီးက ပြန်ထူးလိုက်ပြီး သူ၏ သိုလှောင်လက်စွပ်ကို အစီအရင်များစွာဖြင့် ထိန်းချုပ်လိုက်ကာ ပါးစပ်ထဲသို့ မျိုချပြီး ဝှက်ထားလိုက်သည်။
အချိန်အနည်းငယ် ကြာပြီးနောက် သူတို့သည် တောင်ကမ်းပါးယံ အနီးရှိ လှုပ်ကုလားထိုင်များပေါ်တွင် ပြန်လည် ထိုင်နေကြသည်။
နွားနက်ကြီးသည် ဗိုက်ထဲမှ လက်စွပ်ကို ထုတ်လိုက် သွင်းလိုက် လုပ်နေပြီး အလွန်အမင်း သဘောကျ နှစ်သက်နေပုံ ရသည်။
ချန်ရွှင်၏ မျက်ဝန်းများကမူ နက်ရှိုင်းသော တွေးတောမှုများထဲတွင် နစ်မြုပ်နေသည်။ လှေပျံ တည်ဆောက်နည်းများကို သူ အပြည့်အဝ နားလည်ထားပြီး ဖြစ်သည်။ တောင်ကြားထဲရှိ ကြိုးကြာဝိညာဉ်သစ်ပင် များသည်လည်း ကောင်းမွန်စွာ ကြီးထွားနေကြသည်။
နှစ်ကိုးသောင်းကိုးထောင် သက်တမ်းရှိတဲ့ ကြိုးကြာဝိညာဉ်သစ်ပင်ကို လှေပျံကိုယ်ထည်အဖြစ် အသုံးပြုပြီး ကိုယ်ပိုင် ဝိညာဉ်လက်နက်အဖြစ် ဖန်တီးလိုက်ရင်ကော မရနိုင်ဘူးလား။
ထိုသို့ တွေးမိလိုက်သည်နှင့် သူ၏ မျက်လုံးများ စူးရှတောက်ပလာပြီး ခမ်းနားကြီးကျယ်လှသော လှေပျံ တည်ဆောက်မှု ပုံစံကြမ်း သည် သူ၏ ခေါင်းထဲတွင် ပေါ်ပေါက်လာလေသည်။ သို့သော် ဝိညာဉ်ကျောက်တုံးကို စွမ်းအင်အရင်းအမြစ် အဖြစ် အသုံးပြုရခြင်း ဟူသော ပြဿနာ တစ်ခုတည်းကသာ အဟန့်အတား ဖြစ်နေသည်။
"နွားကြီး"
"မွန်း"
"အစီအရင်တွေ လည်ပတ်ဖို့အတွက် ဒြပ်ငါးပါး စွမ်းအင်ကို ဝိညာဉ်စွမ်းအင် အစားထိုးအနေနဲ့ အသုံးပြုလို့ ရတယ်ဆိုရင်... နည်းနည်းတော့ ရူးသွပ်ရာ ကျပေမယ့် လှေပျံရဲ့ စွမ်းအင်အရင်းအမြစ် အနေနဲ့ရော ဒြပ်ငါးပါး စွမ်းအင်ကို အသုံးမပြုနိုင်ဘူးလား"
"မွန်း"
နွားနက်ကြီး၏ မျက်လုံးများ တလက်လက် တောက်ပလာသည်။ ခါးကို ကိုင်းညွတ်ကာ လက်နှစ်ဖက်ကို ယှက်လျက် လေးနက်စွာ တွေးတောနေသော ချန်ရွှင်ကို ကြည့်ပြီး ခေါင်းကို လေးလေးနက်နက် ညိတ်ပြလိုက်သည်။
"နွားကြီး... မင်း လုပ်နိုင်မယ်လို့ ယုံကြည်မှု ရှိလား"
ချန်ရွှင်၏ နှုတ်ခမ်းထောင့်စွန်းများသည် အရူးတစ်ယောက်ကဲ့သို့ ကွေးညွတ်လာသည်။
" လှေပျံကြီးရဲ့ ကိုယ်ထည် တည်ဆောက်မှုကို ငါ တာဝန်ယူမယ်... ကျန်တဲ့ စနစ်တွေကိုတော့ မင်းဆီ အပ်လိုက်ပြီနော်"
"မွန်း... မွန်း"
နွားနက်ကြီးသည် နှာမှုတ်သံများ ထုတ်လွှတ်လိုက်ပြီး အဝေးရှိ ကောင်းကင်ကို လှမ်းကြည့်လိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် ပြတ်သားမှုများ ပါဝင်နေသည်။
ချန်ရွှင်၏ အကြည့်များသည်လည်း တဖြည်းဖြည်း နက်ရှိုင်းလာပြီး ထိုနည်းတူစွာပင် အဝေးသို့ လှမ်းမျှော်ကြည့်နေလိုက်သည်။
"နွားကြီး... ကောင်းကင် လွင်ပြင်ကြီး ဖြတ်ကျော်မယ့် အစီအစဉ်... စတင်ပြီဟေ့"