အခန်း ၁၉၁
Vol. 11 Ch. 191
အခန်း (၁၉၁)
"မွန်း မွန်း"
နွားနက်ကြီးသည် တွေးလေတွေးလေ အစ်ကိုကြီးပြောသည်က မှန်သည်ဟု ထင်လေဖြစ်ကာ နောက်မှ ချန်ရွှင်ကို ပြန်ပြောပြမည်ဟု ဆုံးဖြတ်လိုက်သည်။
"နွားကြီး"
"မွန်း"
"သစ်ပင်တွေကို ခုတ်ကွာ။ အမြစ်ပါမကျန် ဆွဲနှုတ်ပစ်။ ဒီကျိုကုန်းတောင်ရဲ့ ဝိညာဉ်စွမ်းအင်တွေကို သူတို့ ဆက်ပြီး စုပ်ယူခွင့် မပေးနိုင်တော့ဘူး"
"မွန်း"
နွားနက်ကြီးက အသံပြု၍ ပြန်ထူးလိုက်ပြီး အပိုတွေးမနေတော့ပေ။ အစ်ကိုကြီး ခိုင်းသည်ကိုသာ လုပ်မည်ဖြစ်သည်။
ဝုန်း... ဒိန်း...
နားကွဲမတတ် ဆူညံသော သစ်ပင်လဲကျသံကြီးများ တောင်ကြားထဲတွင် ဆက်တိုက် ပဲ့တင်ထပ်သွားသည်။ ချန်ရွှင်သည် 'အဝါရောင်အဆင့် တောင်ဖြိုပုဆိန်' ကို မြဲမြံစွာ ဆုပ်ကိုင်ထားပြီး ဝိညာဉ်စွမ်းအားများ ထည့်သွင်းကာ သစ်ပင်များကို အပြင်းအထန် ခုတ်လှဲနေသည်။
နွားနက်ကြီးကလည်း ၎င်း၏ ဦးချိုဖြင့် သစ်ပင်များကို ဝင်ဝှေ့ကာ ချိုးဖျက်ပြီး အမြစ်ပါမကျန် ဆွဲနှုတ်ပစ်လိုက်သည်။
သူတို့၏ မျက်ဝန်းများတွင် ကျေနပ်အားရမှုများ ပြည့်နှက်နေသည်။ ခုတ်လေလေ လက်ရည်တက်လာလေလေ ဖြစ်ပြီး စိတ်နှလုံး ရှင်းလင်းပွင့်လင်းသွားသည်။ ယခုဆိုလျှင် သူတို့ သစ်ပင်ခုတ်လှဲရသည့် ခိုင်လုံသော အကြောင်းပြချက် နောက်တစ်ခု ထပ်တိုးလာခဲ့ပြီဖြစ်သည်။
ငါတို့က ကျင့်ကြံခြင်းလောကအတွက် အန္တရာယ်ကောင်တွေကို ရှင်းလင်းပေးနေတာပဲ။
သေချာသည်ကတော့ သူတို့နှင့် အမှန်တကယ် လိုက်ပါလာမည့် သစ်ပင်များကိုတော့ ချန်လှပ်ထားခဲ့ရမည်။ သစ်ပင်တိုင်းတွင်လည်း ကိုယ်ပိုင် မျက်နှာနှင့် စရိုက်လက္ခဏာများ ရှိကြရာ တစ်စုတစ်စည်းတည်း အကုန်လုံးကို လူဆိုးစာရင်း သွင်းပစ်၍တော့ မဖြစ်ပေ။
တစ်ရက် ကြာပြီးနောက်။
ပန်းမိုးတောင်ကြားထဲတွင် အမြစ်ပါမကျန် ဆွဲနှုတ်ခံထားရပြီး သပ်ရပ်စွာ ခုတ်လှဲထားသော ကြိုးကြာဝိညာဉ်သစ်ပင်များဖြင့် ပြည့်နှက်သွားလေသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် အပုံလိုက်ပုံထားသော သစ်တုံးပုံကြီးထက်တွင် ထိုင်လျက် စကားစမြည် ပြောဆိုနေကြသည်။
"နွားကြီး... ဒြပ်ငါးပါး အစီအရင်အလံကို ဖန်တီးချင်နေတာလား"
"မွန်း"
နွားနက်ကြီးက ချန်ရွှင်ကို ပွတ်သီးပွတ်သပ်လုပ်ရင်း ခေါင်းညိတ်ပြလိုက်လေသည်။ ယခုအချိန်တွင် နွားနက်ကြီးမှာ လှေပျံ၏ 'စွမ်းအင်အရင်းအမြစ်' နှင့် ပတ်သက်၍ မည်သည့်အကြံဉာဏ်မျှ မရှိသေးပေ။ ဝိညာဉ်စွမ်းအင် ဖြင့် မောင်းနှင်ခြင်းနှင့် ဒြပ်ငါးပါး စွမ်းအင် ဖြင့် မောင်းနှင်ခြင်းတို့သည် အခြေခံသဘောတရားချင်း ကွဲပြားခြားနားသည်။ အသုံးပြုပုံကို နားမလည်ဘဲ နှစ်ခုကြားတွင်လည်း ဆက်စပ်မှု မရှိပေ။
၎င်းတို့သည် ကွဲပြားသော စနစ်များ ဖြစ်ကြသည်။ ဝိညာဉ်စွမ်းအင် မောင်းနှင်မှုစနစ်ဆိုသည်မှာ မျိုးဆက်ပေါင်းများစွာသော ကျင့်ကြံသူများက အကြိမ်ကြိမ် သုတေသနပြုပြီးမှသာ အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။
"ကိစ္စမရှိပါဘူး နွားကြီးရာ... အစီအစဉ်က အခုမှ စရုံပဲ ရှိသေးတာ လောစရာ မလိုပါဘူးကွာ... ငါတို့က မူလဝိဉာဉ် အစောပိုင်းအဆင့်ပဲ ရှိသေးတာလေ"
ချန်ရွှင်ကမူ ထိုကိစ္စကို ဂရုမစိုက်ပေ။ အကယ်၍သာ နွားနက်ကြီးက ချက်ချင်း ပြီးစီးအောင် ဖန်တီးနိုင်ခဲ့လျှင် ထိုနွားကြီးကမှ တကယ့် အစ်ကိုကြီး အစစ် ဖြစ်သွားပေလိမ့်မည်။
"အစီအရင်အလံ ဖန်တီးဖို့ကတော့ ငါ့တာဝန်သာ ထားလိုက်"
"မွန်း မွန်း"
နွားနက်ကြီး နှာမှုတ်လိုက်ပြီး ချန်ရွှင်၏ ကိုယ်ပေါ်သို့ မျက်နှာကို ပွတ်သီးပွတ်သပ် လုပ်လိုက်သည်။
"နွားကြီး... ဒါကို ကြည့်စမ်း... စောစောက ငါတွေးမိထားတဲ့ မိုးနှင့်မြေကြားက ဒြပ်ငါးပါး စွမ်းအင်နဲ့ မိုးနှင့်မြေကြားက ဝိညာဉ်စွမ်းအင်တို့ရဲ့ 'ဆက်စပ်မှု' ကို ရေးမှတ်ထားတာ"
ချန်ရွှင်သည် မှတ်စုစာအုပ် တစ်အုပ်ကို ထုတ်ယူလိုက်ပြီး နွားနက်ကြီး၏ ရှေ့တွင် စာရွက်များကို လှန်ပြလိုက်သည်။
"မွန်း"
နွားနက်ကြီး၏ မျက်ဝန်းများ ပြူးကျယ်သွားသည်။ အစ်ကိုကြီးက ခုနလေးတင် အဲဒီအထိတောင် တွေးထားပြီးပြီလား။
သူတို့သည် တောင်ကြားထဲတွင် ထိုင်လျက် သုံးရက်သုံးညတိုင်တိုင် အပြင်သို့ ခြေတစ်လှမ်းမျှ မထွက်ဘဲ အချင်းချင်း၏ အကြံဉာဏ်များကို ဖြည့်စွက်ကာ မလောတကြီးဖြင့် သေချာစွာ သုတေသန ပြုလုပ်နေခဲ့ကြသည်။
ယနေ့တွင်တော့... နေရောင်ခြည်များ တောက်ပနေပြီး လေပြေလေညှင်းလေးများ တိုက်ခတ်နေသည်။
ဝုန်း...
ကျိုကုန်းတောင်ပေါ်မှ လှေပျံအသေးစားလေး တစ်စင်းသည် ကောင်းကင်သို့ ပျံတက်သွားလေသည်။ လှေပေါ်တွင်တော့ မူလဝိဉာဉ် အဆင့်ရှိသော ကောင်းကင်ကိုတုန်လှုပ်စေနိုင်သည့် ကျင့်ကြံသူ နှစ်ဦး ရပ်နေကြသည်။
လှေပျံ၏ ကိုယ်ထည်တွင် မည်သည့် ရှားပါးကုန်ကြမ်းမျှ အသုံးမပြုထားဘဲ သာမန် ဝိညာဉ်သစ်ပင် ဖြင့်သာ ပြုလုပ်ထားရာ အလွန် ရိုးရှင်းပြီး သာမန်ရုပ်ထွက်သာ ရှိသည်။ သို့သော် သူတို့၏ မျက်ဝန်းများထဲတွင် အနည်းငယ် နှမြောတသ ဖြစ်နေသည့် အရိပ်အယောင်များ ဖြစ်ပေါ်နေသည်။ ဤလှေပျံသည် ဝိညာဉ်ကျောက်တုံးများ မီးရှို့ပြီး မောင်းနှင်ရသည့် ငွေကုန်ကြေးကျများသော ကောင် ဖြစ်သည်။ သို့သော် စမ်းသပ်မှုများအတွက် မတတ်နိုင်ပေ။
မြေပြင်မှ မော့ကြည့်လိုက်လျှင် ကောင်းကင်ရှိ လှေပျံသည် တဖြည်းဖြည်း သေးငယ်သွားကာ တိမ်ခိုးတိမ်ငွေ့များကြားတွင် ပျောက်ကွယ်သွားလေတော့သည်။
လှေပျံသည် တိမ်တိုက်များကို ဖောက်ထွင်းသွားပြီး လေပြင်းများ တိုက်ခတ်နေချိန်တွင် နွားနက်ကြီးက ခွာကို အသာအယာ မြှောက်လိုက်သည်။ အစီအရင်တစ်ခုက လှေပျံတစ်ခုလုံးကို ဖုံးအုပ်သွားပြီး ၎င်း၏ ပုံရိပ်ကို ဖုံးကွယ် လိုက်လေသည်။
အကယ်၍ မူလဝိဉာဉ် အဆင့် ကျင့်ကြံသူ တစ်ဦး အနီးမှ ဖြတ်သန်းသွားခဲ့လျှင်ပင် တစ်စုံတစ်ခုကို လွတ်သွားသကဲ့သို့ ခံစားရကာ ခြေလှမ်းရပ်တန့်ပြီး နားမလည်နိုင် ဖြစ်သွားပေလိမ့်မည်။
"နွားကြီး... အရင်တုန်းက လှေပျံစီးဖူးတာ... ဘယ်တုန်းကပါလိမ့်"
ချန်ရွှင်သည် လှေပျံ၏ ဘောင်တွင် တင်ပျဉ်ခွေထိုင်လျက် မြေပြင်ပေါ်ရှိ တောင်တန်းများနှင့် မြစ်ချောင်းများကို ငုံ့ကြည့်လိုက်သည်။ တခါတရံတွင် နယ်စပ်၌ နိုင်ငံနှစ်ခု၏ သွေးချောင်းစီး တိုက်ပွဲကြီးများကိုပင် မြင်တွေ့နေရသည်။
"မွန်း"
နွားနက်ကြီးလည်း အမြင့်ကြောက်ရောဂါကို ကျော်လွှားနိုင်ခဲ့ပြီဖြစ်ရာ ချန်ရွှင်၏ ဘေးတွင် ငြိမ်သက်စွာ ထိုင်နေသည်။ သူက မြေပြင်ကို ငုံ့ကြည့်လိုက်ရာ တောင်တန်းကြီးများသည် မျက်စိရှေ့တွင် တစ်ခုပြီးတစ်ခု ပေါ်လာပြီး လှေပျံ၏ အနောက်ဘက်သို့ ဖြတ်သန်းသွားကြသည်။
"အင်း... နင်ယွင် တောင်တန်း ကနေ ထွက်ခွာခဲ့တဲ့ အချိန်က နောက်ဆုံးပဲ ထင်တယ်"
ချန်ရွှင်သည် လွမ်းဆွတ်ဖွယ် ပြုံးလိုက်ပြီး မျက်ခုံးအနည်းငယ် ပင့်ကာ ဘေးမှ ဖြတ်သန်းသွားသော တိမ်ဖြူများကို ကြည့်လိုက်သည်။
"တော်တော်လေးကို ကြာခဲ့ပြီပဲ"
နွားနက်ကြီးသည် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး မျက်ဝန်းများ မှေးကျဉ်းသွားသည်။ အဲဒီလောက်တောင် ကြာခဲ့ပြီလား။
"ဒါပေမဲ့ နွားကြီးရ... အဲဒီကတည်းက အချိန်ကာလတွေ ဘယ်လောက်ပဲ ကုန်ဆုံးသွားပါစေ... ငါတို့က အမြဲတမ်း အတူတူ ရှိနေကြတာပဲ"
ချန်ရွှင်၏ အသံမှာ တည်ငြိမ်အေးချမ်းနေပြီး မျက်ဝန်းထဲတွင် အတိတ်ကို လွမ်းဆွတ်သည့် အရိပ်အယောင်များ ဖြစ်ပေါ်နေသည်။
"ဒီလောက် ကြည်နူးစရာကောင်းတာမျိုး မရှိတော့ဘူးမလား"
"မွန်း"
နွားနက်ကြီးသည် နှာမှုတ်လိုက်ပြီး ချန်ရွှင်ကို ခေါင်းဖြင့် အားပါပါ ပွတ်သီးပွတ်သပ် လုပ်လိုက်သည်။ သူတို့သည် တဟားဟား ရယ်မောလိုက်ကြပြီး အတိတ်အကြောင်းများကို ပြောဆိုကာ မှတ်စုစာအုပ်များ ထုတ်၍ အချင်းချင်း၏ အရှက်ရစရာ အတိတ် များကို ဖွင့်ချနေကြသည်။
ထိုအချိန်တွင် အဆုံးအစမဲ့သော ကောင်းကင်၌ တိမ်တိုက်များ စုစည်းလာပြီး နေမင်း၏ စူးရှတောက်ပသော အလင်းရောင်များက တိမ်တိုက်များကို ရွှေရောင်အဖြစ် ပြောင်းလဲသွားစေသည်။ ထိုအလင်းရောင်သည် လှေပျံပေါ်တွင် လက်ဝှေ့ယမ်း ခြေဆောင့်ကာ ပျော်ရွှင်နေသော လူတစ်ယောက်နှင့် နွားတစ်ကောင်၏ အရိပ်ကိုပါ လင်းထိန်သွားစေသည်။ ကောင်းကင်တွင် သူတို့၏ ကျယ်လောင်သော ရယ်မောသံများသည် အဆက်မပြတ် ပဲ့တင်ထပ်နေလေတော့သည်။
ဝုန်း...
လှေပျံ၏ အမြန်နှုန်းမှာ သာမန်မဟုတ်ပေ။ နှစ်တစ်သောင်း သက်တမ်းရှိ ကြိုးကြာဝိညာဉ်သစ်ပင် သည် အခြား ဝိညာဉ်သစ်ပင်များထက် ဝိညာဉ်စွမ်းအင် စီးဆင်းမှု ပိုမို ကောင်းမွန်ပေသည်။ သူတို့သည် တိမ်တိုက်များကို ခွဲကာ မြူခိုးများကို ဖောက်ထွင်းပြီး ချန်တိုင်းပြည် သို့ တန်းတန်းမတ်မတ် ဦးတည်သွားကြလေသည်။
...
ချန်တိုင်းပြည် ၊ ကျီယန်ပြည်နယ် ၊ ဝူယွင်ဂိုဏ်း
ဝူယွင်ဂိုဏ်း၏ ပင်မတောင်ထွတ်နှင့် အမြင့်တူညီသော ရုပ်တုကြီးနှစ်ခု သည် မြေပြင်မှ မားမားမတ်မတ် ထောင်တက်နေသည်။ ဝူယွင်ဂိုဏ်း ဟု ရေးထိုးထားသော ကျောက်တုံးကြီး၏ အနောက်ဘက်တွင် ရပ်တည်နေပြီး ကျောက်စိမ်းဝါးတောင်တန်း မှ ကျင့်ကြံသူ အားလုံးကို အပေါ်စီးမှ စီးမိုးကြည့်ရှုနေသည်။
ရုပ်တုများ၏ မျက်နှာသွင်ပြင်များမှာ မှုန်ဝါးနေသော်လည်း ကြီးမားသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ နှစ်ပေါင်း ထောင်ချီ သမိုင်းကြောင်း တစ်လျှောက်တွင် နောက်ဆုံးပေါ်ထွက်လာခဲ့သော ဘိုးဘေးနှစ်ပါး ပင် ဖြစ်သည်။ ဂိုဏ်းအနေဖြင့် ခမ်းနားစွာ ကိုးကွယ်ပူဇော်ရသည်မှာ သဘာဝကျပေသည်။
မကောင်းသော ရည်ရွယ်ချက်ဖြင့် ချည်းကပ်လာသော လူဆိုးလူမိုက် များပင်လျှင် ဤရုပ်တုကြီးနှစ်ခုကို မြင်လိုက်ရုံဖြင့် ကြောက်လန့်တုန်ရီကာ ထွက်ပြေးကုန်ကြသည်။ ဂိုဏ်းတစ်ခုတည်းတွင် မူလဝိဉာဉ် အဆင့် နှစ်ပါး ဆိုသည်မှာ သာမန် ဂိုဏ်းများ အနေဖြင့် အိပ်မက်ပင် မမက်ရဲသော အကြွင်းမဲ့ စွမ်းအားကြီးမားမှုပင် ဖြစ်သည်။
ချန်တိုင်းပြည် မှ အခြားသော ဂိုဏ်းကြီးများသည် စိတ်ထဲတွင် ဝူယွင်ဂိုဏ်းကို "ခွေးကောင်တွေ" ဟု ကျိတ်ဆဲနေကြသည်။ ထိုကောင်များ မည်မျှ မယုံနိုင်လောက်အောင် ကံကောင်းသွားသနည်း။ သူတို့ကြောင့် ပါရမီပါသော တပည့်ကောင်းများစွာကို လုယူခံလိုက်ရပြီမဟုတ်ပါလား။ ထိပ်သီးဂိုဏ်းကြီး ဆယ်ခု သို့ ဝင်ခွင့်မရပါက နောက်ထပ် အကောင်းဆုံး ရွေးချယ်မှုအဖြစ် ဝူယွင်ဂိုဏ်းကို ရွေးချယ်ကြမည်မှာ အသေအချာပင် ဖြစ်သည်။
ယခုအခါ ချန်တိုင်းပြည်၏ ကျင့်ကြံခြင်းလောက တစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်နေသော်လည်း ဝူယွင်ဂိုဏ်း တစ်ခုတည်းသာ အလွန်အမင်း စည်ကားသိုက်မြိုက်နေသည်။ အဘယ်ကြောင့်ဆိုသော် ဤဘိုးဘေးနှစ်ပါးသည် မြောက်ပိုင်းနယ်စပ်သို့ မသွားခဲ့ ဟု ကြားသိရသောကြောင့် ဖြစ်သည်။
ထိုသတင်းသည် ဝူယွင်ဂိုဏ်း၏ အဓိက အင်အားစုများ မြောက်ပိုင်းနယ်စပ်သို့ ထွက်ခွာသွားချိန်တွင် ပျံ့နှံ့လာသော သတင်း ဖြစ်သည်။ ထိပ်သီးဂိုဏ်းကြီး ဆယ်ခု သည် ထိုသတင်းကို ကြားသော်လည်း သိပ်ပြီး ဂရုမစိုက်ခဲ့ကြပေ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်လူတွေပဲ ဟု မှတ်ယူထားကြသည်။
သူတို့သည် ဝူယွင်ဂိုဏ်းအပေါ် ယဉ်ကျေးစွာ ဆက်ဆံပြီး စေတနာထားဟန်ပြကာ 'ကြီးမားသော ကိစ္စရပ်များကို အတူတကွ လုပ်ဆောင်ကြစို့' ဟု ဆို၍ ရှေ့ဆုံးတန်းတွင် နေရာပေးထားခဲ့သည်။ ထို့အပြင် မူလဝိဉာဉ် အဆင့် ကျင့်ကြံသူများသည် မြောက်ပိုင်းနယ်စပ်က ကြီးမားသော အခွင့်အရေးကို စိတ်မဝင်စားဘဲ နေမည်မဟုတ် ဟု သူတို့က ယုံကြည်ထားကြသည်။ ဝူယွင်ဂိုဏ်းမှ ထိုနှစ်ဦးကို အတူတကွ ပူးပေါင်းရန် ဖျောင်းဖျပြောဆိုမည့် စကားများကိုပင် ကြိုတင် ပြင်ဆင်ထားကြသေးသည်။
သို့သော် အရှိတရားမှာ ရက်စက်လှသည်။ တိုက်ပွဲ စတင်လာသော်လည်း ဤနှစ်ဦးသည် အရိပ်အယောင်မျှပင် ပေါ်မလာခဲ့ရာ ထိပ်သီးဂိုဏ်းကြီး ဆယ်ခု ၏ တွက်ချက်မှုများ အားလုံး လွဲချော်သွားလေသည်။
ယခုအခါ ထိပ်သီးဂိုဏ်းကြီး ဆယ်ခု မှာ စိတ်ထဲတွင် အလွန်အမင်း ထိတ်လန့်နေကြသည်။ မြောက်ပိုင်းနယ်စပ်မှာ ဒီလောက် ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်နေတာကို ဝူယွင်ဂိုဏ်းက ဘိုးဘေးနှစ်ပါးက ဂရုမစိုက်ဘူးလား ဟုတွေးတောနေမိကြ၏။ သူတို့ ဘယ်နေရာမှာ ပုန်းအောင်းပြီး ဘာတွေ လုပ်နေသလဲ ဆိုတာ မည်သူမျှ မသိကြပေ။ မူလဝိဉာဉ် အဆင့် ကျင့်ကြံသူ နှစ်ဦးသာ လွတ်လပ်စွာ လှုပ်ရှားခွင့် ရမည်ဆိုပါက လက်ရှိ ကျင့်ကြံခြင်းလောက၏ အင်အား ချိန်ခွင်လျှာကို အလွယ်တကူ ပြောင်းလဲပစ်နိုင်ပေသည်။
နှစ်ပေါင်း နှစ်ထောင်တိုင်တိုင် သက်တမ်းရှိသော မူလဝိဉာဉ် အဆင့် ကျင့်ကြံသူများသည် ထိုမျှ လွယ်လွယ်နှင့် သေဆုံးသွားမည် မဟုတ်ပေ။
လက်ရှိတွင် ခရမ်းရောင်တိမ် ဂိုဏ်း နှင့် ဝူယွင်ဂိုဏ်းတို့သည် အလွန် ရင်းနှီးစွာ ပူးပေါင်းထားကြသည်။ ဂိုဏ်းတံခါးကို ပိတ်ဆို့ထားခြင်း မှာ အပြင်လောကကို ဟန်ပြရုံ သက်သက်သာ ဖြစ်ပြီး မသက်ဆိုင်သော ဂိုဏ်းများ ပြဿနာ လာမရှာနှင့် ဟူသော သတိပေးချက်မျှသာ ဖြစ်သည်။
ထို့နောက် ခြောက်လ အကြာတွင်။
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် လှေပျံပေါ်မှနေ၍ ကျောက်စိမ်းဝါးတောင်တန်း ကို ငုံ့ကြည့်လိုက်ရာ အလွန်အမင်း အံ့ဩမှင်သက်သွားကြသည်။ မြေပြင်မှ မားမားမတ်မတ် ထောင်တက်နေသော ရုပ်တုကြီးနှစ်ခုက ဘာတွေလဲ။
သူတို့သည် လမ်းခရီးတစ်လျှောက်တွင် ဈေးတန်းများနှင့် ကျင့်ကြံသူများ၏ မြို့ကြီးများသို့ ဝင်ရောက်ကာ ဆေးများ ရောင်းချပြီး ဝိညာဉ်ကျောက်တုံးများကို ရှာဖွေခဲ့ကြသေးသည်။ အပြင်ကို ရောက်လာမှတော့ အလကား ပြန်သွားရရင် ရှုံးမှာပေါ့ ဟု တွေးခဲ့ကြသည်လေ။
"နွားကြီး"
"မွန်း"
"ဟိုဟာ... ငါတို့များလား... ဟားဟားဟား"
"မွန်း"
နွားနက်ကြီးက အံ့သြစွာ နှာမှုတ်လိုက်သည်။ သိပ်ကို ရဲရင့်ပြတ်သားတဲ့ ရုပ်တုကြီးပဲ။ ဒီလိုပုံစံမျိုးကို သူ သဘောကျသည်။
"သွားမယ်... ဂိုဏ်းထဲကို ဝင်ကြည့်ရအောင်"
ချန်ရွှင်၏ မျက်ဝန်းထဲတွင် ပျော်ရွှင်မှု အရိပ်အယောင်များ ပေါ်လာသည်။ နွားနက်ကြီးလည်း ခေါင်းညိတ်လိုက်ပြီး လှေပျံကို သိုလှောင်လက်စွပ် ထဲသို့ သိမ်းဆည်းလိုက်သည်။ နှစ်ဦးသား ဝူယွင်ဂိုဏ်း ထဲသို့ ပျံသန်းဝင်ရောက်သွားကြသည်။ ဂိုဏ်းစောင့်အစီအရင် ကြီး ဆိုသည်မှာ နွားနက်ကြီးအတွက်တော့ ကလေးကစားစရာ သက်သက်သာ ဖြစ်သည်။ ချန်ရွှင်က နောက်မှ လိုက်ပါသွားပြီး ရဲရဲတင်းတင်းပင် ဝင်ရောက်သွားလေသည်။
ယခုအခါ ဝူယွင်ဂိုဏ်း၏ တောင်ထွတ်များ အားလုံးသည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပြီး ယခင်က ပုံရိပ်များ အလျဉ်းမရှိတော့ပေ။ သို့သော် တည်ဆောက်ထားသော မျှော်စင်များနှင့် နန်းတော်ဆောင်များသည် ယခင်ကထက် များစွာ ခမ်းနားထည်ဝါပြီး ကြီးကျယ်ခမ်းနားနေပေသည်။