အခန်း ၁၉၆
Vol. 11 Ch. 196
အခန်း (၁၉၆)
ချန်ရွှင်သည် ညင်သာစွာ ပြုံးလိုက်ပြီး ခန္ဓာကိုယ် အတွင်းရှိ ကျင့်စဉ်များကို လည်ပတ်စေလိုက်သည်။ အပြင်ဘက်မှ ဝိညာဉ်စွမ်းအင်များကို အနည်းငယ်မျှပင် စုပ်ယူခြင်း မပြုတော့ပေ။
"ငါတို့လို ထာဝရအသက်ရှင်သူတွေက ကောင်းကင်တာအို ကို နာခံပြီး ဒြပ်ငါးပါး ကို ကျင့်ကြံရမယ်၊ ကောင်းကင်နဲ့ မြေကြီးကို ပြန်လည် ပေးဆပ်သင့်တယ်"
စကားအဆုံးတွင်။
ဘုန်း...
ဘုန်း...
ဘုန်း...
ဦးခေါင်း ငါးလုံးနှင့် လက် ဆယ်ဖက် ပါရှိသော စူးရှထိန်လင်းသည့် အလင်းရောင် ပုံရိပ်ကြီး တစ်ခုသည် ချန်ရွှင်၏ အနောက်မှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ ၎င်း၏ မျက်နှာသွင်ပြင်မှာ အလွန် မှုန်ဝါးနေသော်လည်း ဝိညာဉ်စွမ်းအင်များကို ဖိနှိပ်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို ထုတ်လွှတ်နေလေသည်။
ထိုအလင်းရောင် ပုံရိပ်ကြီးသည် မြေပြင်ကို အေးစက်သော မျက်ဝန်းများဖြင့် စီးမိုးကြည့်ရှုနေသည်။ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒြပ်ငါးပါး စွမ်းအင် များ လွှမ်းခြုံနေပြီး အချင်းချင်း ပံ့ပိုးခြင်း၊ ဆန့်ကျင်ခြင်းများ ပြုလုပ်နေသော်လည်း အဆက်မပြတ် ဖြစ်ပေါ်နေကာ ကောင်းကင်နှင့် မြေကြီးကြားတွင် ရစ်ပတ်နေကြသည်။
"ဝိညာဉ်စွမ်းအင် ဆိုတာ ကြားခံနယ်မြေ တစ်ခု သက်သက်ပဲ၊ အနှစ်သာရ အစစ်အမှန်ကိုတော့ ဘယ်လိုမှ မီနိုင်မှာ မဟုတ်ဘူး"
ချန်ရွှင်၏ မျက်ဝန်းများသည် အလွန် အေးစက်နေသည်။ လက်ညှိုးနှင့် လက်ခလယ်ကို ကောင်းကင်သို့ ညွှန်ပြလိုက်ရာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ဝိညာဉ်စွမ်းအင်များ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားသည်။
"ဒြပ်ငါးပါး စွမ်းအင်... ငါ့ရဲ့ အမိန့်ကို နာခံစမ်း၊ ငါ့ခန္ဓာကိုယ်ထဲကို ဝင်လာခဲ့... ကိုယ့်နေရာမှာကိုယ် နေကြ"
"မွန်း..."
နွားကြီး၏ မျက်ဝန်းများ တဆတ်ဆတ် တုန်သွားပြီး မျက်လုံးထဲတွင် ပြင်းထန်သော ကြောက်ရွံ့ရိုသေမှုများ ပြည့်နှက်နေသည်။ အစ်ကိုကြီး၏ အရှိန်အဝါသည် ကြီးမားလွန်းလှသည်။ နွားကြီးသည် အဝေးသို့ အလျင်အမြန် ထွက်ပြေးသွားပြီး ခေါင်းကို မြေကြီးပေါ်တွင် အပ်ကာ ဝပ်တွားနေလေသည်။
တစ်ဖက်တွင်မူ တောင်ကြားအတွင်း ခင်းကျင်းထားသော အစီအရင်များသည် ခံနိုင်ရည် မရှိတော့ပေ။ ပတ်ဝန်းကျင်ရှိ ဒြပ်ငါးပါး စွမ်းအင် များသည် ချန်ရွှင်၏ ခန္ဓာကိုယ်ဆီသို့ ပြင်းထန်စွာဖြင့် တိုးဝင်လာကြပြီး သာမန် ဝိညာဉ်စွမ်းအင်များသည် ရန်သူနှင့် တွေ့လိုက်ရသကဲ့သို့ တစ်ခုပြီး တစ်ခု ဖယ်ရှားခံလိုက်ရသည်။
ဝုန်း... ဝုန်း... ဝုန်း...
မြေကြီးများ တုန်ခါသွားပြီး တောင်များ မြည်ဟည်းသွားသည်။
ဤမျှ ကြီးမားသော ထူးခြားမှုကြီးသည် နန်းတော်ကိုးခု တောင် တစ်ခုလုံးကို အံ့သြတုန်လှုပ်သွားစေခဲ့ပြီ ဖြစ်သည်။ တောင်ထိပ် အသီးသီးမှ အမျိုးသမီး ကျင့်ကြံသူများသည် အံ့သြမင်သက်နေကြပြီး နှုတ်ခမ်းများ တဆတ်ဆတ် တုန်နေကြသည်။
နှင်းဂီတ တောင်ကြား ၏ ခန်းမဆောင်ကြီး တစ်ခုအတွင်း၌။
ကျန်ရွှယ်ချန်သည် မျက်လုံးများကို ဝုန်းခနဲ ဖွင့်လိုက်သည်။ သူမသည် ထိုအရပ်မျက်နှာဆီသို့ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ပြီး နှလုံးသားကို ဆုပ်ညှစ်ခံလိုက်ရသကဲ့သို့ ထိတ်လန့်ကြောက်ရွံ့မှုကြောင့် ကြက်သီးများ တဖြန်းဖြန်းထသွားမိသည်။
ပန်းမိုးတောင်ကြား အတွင်း၌ ကောင်းကင်သို့ ထိုးတက်နေသော အလင်းရောင် ပုံရိပ်ကြီး တစ်ခုသည် ဒြပ်ငါးပါး စွမ်းအင် မြူခိုးများ အတွင်း လွှမ်းခြုံထားသည်။ ဝိညာဉ်စွမ်းအင် အားလုံးကို အနိုင်ယူပြီး ဝိညာဉ်စွမ်းအင် အားလုံးကို ဖိနှိပ်ထားသည်။ သာမန်မျက်စိဖြင့် မမြင်နိုင်သလို နတ်အသိ ဖြင့်လည်း အကဲခတ်၍ မရနိုင်ဘဲ ဝိညာဉ်စွမ်းအားဖြင့်လည်း ထိတွေ့၍ မရနိုင်ပေ။
နန်းတော်ကိုးခု တောင်ပေါ်ရှိ အမျိုးသမီး ကျင့်ကြံသူများ၏ စိတ်နှလုံးများ တုန်လှုပ်သွားကြသည်။ အလွန်ပြင်းထန်သော ဖိအားကိုသာ ခံစားသိရှိရပြီး ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်စွမ်းအား စီးဆင်းမှုများ ရပ်တန့်သွားကာ ကောင်းကင်ရှိ ထိုမှုန်ဝါးဝါး အလင်းရောင် ပုံရိပ်ကြီးကိုပင် မော့မကြည့်ရဲကြတော့ပေ။
ကျန်ရွှယ်ချန် မျက်ခွံများ တဆတ်ဆတ် လှုပ်ရှားသွားသည်။ ထို စီနီယာနှစ်ဦး မည်သို့သော ဂါထာမန္တန်ကြီးကို ကျင့်ကြံနေသည်ကို သူမ မသိရှိသော်လည်း ထိုမှုန်ဝါးဝါး အလင်းတန်းကြီးသည် ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအား ဖိအားများကို ထုတ်လွှတ်နေသဖြင့် အလွန် ထိတ်လန့်သွားမိသည်။
ထိုအရာသည် 'မူလဝိဉာဉ်' ဖြစ်မည်ဟု သူမ အိပ်မက်ပင် မမက်ခဲ့ဖူးပေ။ သူမသည် ယခင်က ဘိုးဘေးအချို့နှင့် ထိတွေ့ဖူးသော်လည်း ထိုကဲ့သို့ ယုတ္တိမတန်လောက်အောင် ကြီးမားလှသော မူလဝိဉာဉ် ကို ပိုင်ဆိုင်ထားသူ မရှိနိုင်ပေ။ ဤသည်မှာ ကျင့်ကြံခြင်းလောက၏ သာမန်သတ်မှတ်ချက်များကို ပြောင်းပြန်လှန်ပစ်လိုက်ခြင်း ဖြစ်ပြီး မဖြစ်နိုင်သော ကိစ္စရပ်ပင် ဖြစ်သည်။ ထို့အပြင် ထို ခေါင်းငါးလုံးနှင့် လက်ဆယ်ဖက် ပုံရိပ်သည် အလွန် နက်ရှိုင်းစွာ ဖုံးကွယ်ထားသဖြင့် မည်သူမျှ အနီးကပ် သွားရောက် စူးစမ်းရန် မဝံ့ရဲကြပေ။ အကယ်၍ အမှန်တရားကို သိရှိသွားပါက နှလုံးရပ်သွားနိုင်ပြီး ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်စွမ်းအားများ ပြောင်းပြန်စီးဆင်းကာ ချက်ချင်း အသက်သေဆုံးရမည့် အန္တရာယ်ပင် ရှိနေသည်။
"ဝိညာဉ်စွမ်းအား ဖိအား... တကယ်တော့ ဘာကိစ္စလဲ..."
ကျန်ရွှယ်ချန်သည် ခန်းမဆောင်ကြီး အတွင်း ထိုင်ချလိုက်ပြီး ရေရွတ်နေမိသည်။ ယခင်က ဒဏ္ဍာရီ ပုံပြင်ပေါင်းများစွာကို သူမ ကြားဖူးခဲ့သည်။ အချို့ကမူ "ဝိညာဉ်စွမ်းအားကို အမြင့်ဆုံး အဆင့်အထိ စုစည်းထားခြင်း ဖြစ်ပြီး အဆင့်တူ ကျင့်ကြံသူများ အချင်းချင်း ဖျက်ဆီး၍ မရနိုင်ဘူး" ဟု ပြောဆိုကြသည်။ အချို့ကလည်း "ရှေးဟောင်းခေတ် က ပါရမီရှင်တွေဟာ ဝိညာဉ်စွမ်းအင်ကို သန့်စင်ပြီး ကိုယ့်ခန္ဓာကိုယ်ထဲမှာ ပြန်လည် ဖွဲ့စည်းထားတာပဲ၊ အဲဒီခေတ်က ပေါများလှတဲ့ ရင်းမြစ်တွေနဲ့ ကြီးမားလှတဲ့ သက်တမ်းတွေ ရှိလို့သာ အောင်မြင်နိုင်ခဲ့တာ" ဟု ပြောဆိုကြသည်။
ကောလာဟလ အမျိုမျိုး ရှိနေသော်လည်း ဝိညာဉ်စွမ်းအား ဖိအား နယ်ပယ်သို့ ရောက်ရှိရန် နည်းလမ်းများစွာ ရှိပုံရသည်။ သို့သော် လက်ရှိ အချိန်တွင် ထိုအရာကို အောင်မြင်သူ တစ်ဦးတစ်ယောက်မျှ မရှိသေးပေ။ ကျင့်ကြံရုံ သက်သက်ဖြင့်ပင် ကျင့်ကြံသူ အများစု၏ စိတ်စွမ်းအားနှင့် သက်တမ်းကို ကုန်ဆုံးသွားစေသောကြောင့် ဖြစ်သည်။
ကျန်ရွှယ်ချန်သည် ခေါင်းခါလျက် သက်ပြင်းချလိုက်ပြီး ချက်ချင်းပင် အပြုံးတစ်ခု ပြန်လည် ဖြစ်ပေါ်လာသည်။ ကံကောင်းထောက်မစွာဖြင့် ထို စီနီယာနှစ်ဦးသည် ရန်သူများ မဟုတ်ပေ။ သူမ၏ အကြည့်များသည် ကောင်းကင်သို့ ပြန်လည် ရောက်ရှိသွားသည်။ ထို ကြီးမားလှသော ဝိညာဉ်စွမ်းအား ဖိအားသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့လာပြီး နှင်းဂီတ တောင်ကြား အထိပင် သက်ရောက်မှု ရှိလာခဲ့ပြီ ဖြစ်သည်။
ပန်းမိုးတောင်ကြား အတွင်း၌။
ချန်ရွှင်သည် လေဟာနယ်တွင် ရပ်လျက် မျက်လုံးများကို အနည်းငယ် မှိတ်ထားသည်။ သူ၏ ခန္ဓာကိုယ်သည် အံ့မခန်း ပြောင်းလဲမှုများ ဖြစ်ပေါ်နေသော်လည်း သူ၏ မျက်နှာ အမူအရာမှာမူ သိပ်မကောင်းလှပေ။
(တောက်... ရှုံးသွားသလို ခံစားရတယ်)
ချန်ရွှင်၏ စိတ်ထဲတွင် ထို အတွေးတစ်ခုသာ ရှိနေသည်။ တကယ်ဆိုလျှင် ဤလမ်းစဉ်ကို ရွှေအမြုတေအဆင့် ကတည်းက စတင် ရှာဖွေနိုင်ခဲ့သင့်သော်လည်း နှစ်ပေါင်းများစွာ နောက်ကျသွားခဲ့ရသည်။
"ငါးမျိုးစပ် ဝိညာဉ်အမြစ်... ငါ့အတွက် မလိုအပ်တော့ဘူး ထင်တယ်"
သူသည် တိုးတိုးလေး ရေရွတ်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးမှ တောက်ပသော ဒြပ်ငါးပါး မူလဝိဉာဉ်မီးတောက် များကို လောင်ကျွမ်းစေလိုက်သည်။ ဤအချိန်တွင် ပန်းမိုးတောင်ကြား ၌ မည်သည့် ဝိညာဉ်စွမ်းအင်မျှ မရှိတော့ပေ။ ကျင့်ကြံသူများသည် ဝိညာဉ်စွမ်းအင်၏ အငွေ့အသက်ကို အာရုံခံနိုင်ဆုံး ဖြစ်ကြသည်။ မည်သည့်နေရာတွင် ပြည့်ဝပြီး မည်သည့်နေရာတွင် နည်းပါးသည်ကို တစ်ချက်ကြည့်ရုံဖြင့် ခွဲခြားသိရှိနိုင်သည်။
သို့သော် ကောင်းကင်နှင့် မြေကြီးကြားတွင် အဆုံးအစမရှိ တည်ရှိနေပြီး အဆက်မပြတ် ဖြစ်ပေါ်နေသော ဒြပ်ငါးပါး စွမ်းအင် ကို အပြည့်အဝ အသုံးပြုနိုင်သည့် ကျင့်ကြံသူ တစ်ဦးတစ်ယောက်မျှ မရှိပေ။ ဝိညာဉ်အမြစ် သည်သာ အကြီးမားဆုံး ကန့်သတ်ချက် ဖြစ်နေသည်။ ထို့အပြင် ၎င်းသည် ကောင်းကင်နှင့် မြေကြီးက သက်ရှိသတ္တဝါများအား ပေးအပ်ထားသော တရားမျှတသည့် ကန့်သတ်ချက်လည်း ဖြစ်သည်။ အရာခပ်သိမ်းတွင် ဝိညာဉ်ရှိပြီး ဝိညာဉ်အမြစ်များ ဖြစ်ပေါ်လာကာ မိမိ၏ ကန့်သတ်ချက်များကို ချိုးဖျက်ပြီး သတ္တဝါများအား အင်မော်တယ်လမ်းစဉ်ကို လျှောက်လှမ်းရန် အခွင့်အရေး ပေးအပ်ခြင်း ဖြစ်သည်။
ချန်ရွှင်၏ မျက်နှာတွင် မည်သည့် အပြောင်းအလဲမျှ မရှိပေ။ နာကျင်မှု အနည်းငယ်မျှပင် ဖြစ်ပေါ်ခြင်း မရှိချေ။ သူ၏ ပုံစံသည် သူတော်စင်တစ်ပါး တရားထိုင်နေသကဲ့သို့ ရှိနေလေသည်။ ဒြပ်ငါးပါး မူလဝိဉာဉ် မှ ဖန်တီးထားသော အလင်းရောင် ပုံရိပ်ကြီးသည် ပိုမို အေးစက်သော အကြည့်များဖြင့် ကောင်းကင်နှင့် မြေကြီး၏ ဒြပ်ငါးပါး စွမ်းအင် အများအပြားကို ပါးစပ်နှင့် နှာခေါင်းမှ မျိုချလိုက် ပြန်လည် မှုတ်ထုတ်လိုက် လုပ်နေသည်။
လေဟာနယ် အတွင်း၌ ဒြပ်ငါးပါး စွမ်းအင် များ ပြင်းထန်စွာဖြင့် ရောယှက်နေပြီး ချန်ရွှင်၏ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအား သံကြိုးများသည် တစ်ခုပြီး တစ်ခု ပြိုကျပျက်စီးသွားလေသည်။ ကောင်းကင်နှင့် မြေကြီးကြားရှိ ဖရိုဖရဲဖြစ်နေသော ဒြပ်ငါးပါး စွမ်းအင် များသည် မီးတောင်ပေါက်ကွဲသကဲ့သို့ တပြိုင်နက်တည်း ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ချန်ရွှင်၏ ခေါင်းငါးလုံးနှင့် လက်ဆယ်ဖက် ပုံရိပ်ဆီသို့ တိုးဝင်လာကြသည်။ ကမ္ဘာလောကကြီး တစ်ခုလုံးကို ဝါးမြိုပစ်တော့မည့် အတိုင်းပင်။
တစ်ချိန်တည်းမှာပင် အဆုံးအစမရှိသော ကြီးမားသည့် လှိုင်းဂယက်များ ပြန့်နှံ့သွားပြီး အမျိုးမျိုးသော ကြောက်မက်ဖွယ် ထူးခြားမှုများ ပေါ်ထွက်လာသည်။ ဤအချိန်တွင် နန်းတော်ကိုးခု တောင်ပေါ်ရှိ လူအများအပြားသည် တုန်လှုပ်သွားကြပြီး ကြက်သီးမွေးညှင်းများ ထလာကြသည်။ မိမိတို့၏ ကျင့်ကြံမှုအဆင့်များ ပျောက်ကွယ်သွားပြီး ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်စွမ်းအားများကို မမြင်ရတော့ဘဲ သာမန်လူသား ဘဝသို့ ပြန်လည် ရောက်ရှိသွားသကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်သွားကြလေသည်။
မရေမတွက်နိုင်သော အမျိုးသမီး ကျင့်ကြံသူများသည် ကြောက်ရွံ့လွန်းသဖြင့် စကားပင် မပြောနိုင်တော့ဘဲ ရင်ထဲတွင် လှိုင်းကြီးများ ရိုက်ခတ်နေသကဲ့သို့ ခံစားနေရသည်။ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို နားမလည်နိုင်ကြပေ။ ထို အလင်းတန်းကြီးသည် အလွန် စူးရှထိန်လင်းလွန်းလှသည်။
ဒြပ်ငါးပါး အင်မော်တယ်လမ်းစဉ်၊ ဝိညာဉ်စွမ်းအင် အင်မော်တယ်လမ်းစဉ်ကို ဖိနှိပ်ကာ တောက်ပသော အလင်းရောင်များ ထုတ်လွှတ်နေသည်။ ချန်ရွှင်၏ ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်စွမ်းအင်များသည် ပျောက်ကွယ်သွားပြီး အခွံလွတ်ကြီးသာ ကျန်ရစ်တော့သည်။ သွေးကြောနေရာ အနှံ့အပြားတွင် ကြီးမားလှသော ဒြပ်ငါးပါး စွမ်းအင် များဖြင့် ပြည့်နှက်နေလေသည်။
"ကောင်းကင်မိုးကြိုးဒဏ်... သူ ပစ်မှတ်ထားနေတာ ငါ့ကို မဟုတ်ဘဲ ဒီ ဒြပ်ငါးပါး ရွှေအမြုတေ၊ ဒြပ်ငါးပါး မူလဝိဉာဉ် ကို ဖြစ်နေတာပဲ"
ချန်ရွှင် မျက်ခုံးပင့်လိုက်ပြီး ရင်ထဲတွင် တုန်လှုပ်သွားသည်။
"တောက်... ဒြပ်ငါးပါး အင်မော်တယ်လမ်းစဉ်ကို ကျင့်ကြံတာကမှ အစစ်အမှန် ကောင်းကင်နိယာမကို ဆန့်ကျင်သော အလုပ် ဖြစ်နေတာကိုး"
ဒြပ်ငါးပါးသည် အရာခပ်သိမ်းကို ဖြစ်ပေါ်စေသည်။ ကောင်းကင်တာအို သည် အလွန် တရားမျှတပြီး သတ္တဝါများ အားလုံးကို အသက်ရှင်သန်ခွင့် တစ်ခု ပေးအပ်ထားသည်။ ၎င်းသည် သူတို့ ဤလောကတွင် တည်ရှိနေရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။ တကယ်တမ်း ပြောရလျှင် မည်သည့်အရာကိုပင် ပြုလုပ်စေကာမူ ၎င်းသည် ကောင်းကင်တာအို ကို နာခံနေခြင်းသာ ဖြစ်ပြီး ကောင်းကင်က မလိုအပ်ဘဲ ဝင်ရောက်စွက်ဖက်ခြင်း မပြုပေ။ မကြာခဏ ပြောဆိုလေ့ရှိကြသော "ငါ့ကံကြမ္မာကို ငါကိုယ်တိုင်ဖန်တီးတယ်၊ ကောင်းကင်က မဖန်တီးဘူး၊ ကျင့်ကြံခြင်း ဆိုတာ ကောင်းကင်ကို ဆန့်ကျင်တာပဲ" ဟူသော စကားများသည် အရှုံးသမားများ၏ အော်ဟစ်သံများသာ ဖြစ်သည်။ ကောင်းကင်တာအို သည် ထိုကဲ့သို့သော အရာများကို ဂရုစိုက်မည် မဟုတ်ပေ။
အကယ်၍ ကောင်းကင်တာအို ကို လူ၏ ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်မည် ဆိုပါက ဝိညာဉ်စွမ်းအင် ပြန်လည် ရှင်သန်လာခြင်းသည် ကောင်းကင်တာအို ၏ လေရှူထုတ်ခြင်း ဖြစ်ပြီး ဝိညာဉ်စွမ်းအင် ပျက်သုဉ်းသွားခြင်းသည် ကောင်းကင်တာအို ၏ လေရှူသွင်းခြင်း ဖြစ်သည်။ ကျင့်ကြံသူ မည်မျှပင် များပြားပါစေ ၎င်း၏ အခြေခံကို ထိခိုက်အောင် မလုပ်နိုင်ဘဲ ကောင်းကင်တာအို ၏ အသက်ရှူခြင်းမှ ဖြစ်ပေါ်လာသော အရာများသာ ဖြစ်ကြသည်။
သို့သော် ဒြပ်ငါးပါး စွမ်းအင် သည် နေရာအနှံ့တွင် ရှိနေပြီး အဆက်မပြတ် လည်ပတ်ကာ အရာခပ်သိမ်းကို ဖြစ်ပေါ်စေသည်။ အမှန်တကယ်ပင် ကောင်းကင်တာအို ၏ ခန္ဓာကိုယ် ဖြစ်နေသည်။ ဤလမ်းစဉ်ကို ကျင့်ကြံခြင်းသည် ကောင်းကင်တာအို ၏ အသားကို လှီးဖြတ်နေခြင်းနှင့် တူညီလှသည်။ အကယ်၍ ပြန်လည် ဖြစ်ပေါ်လာမည် ဆိုလျှင်ပင် ထိုဖြစ်စဉ်၏ နာကျင်မှုသည် အရိုးထဲထိ စိမ့်ဝင်သွားပေလိမ့်မည်။ ထို့ကြောင့်ပင် ဒြပ်ငါးပါး ဝိညာဉ်အမြစ် မဟုတ်ဘဲ ငါးမျိုးစပ် ဝိညာဉ်အမြစ် ဟူ၍ တည်ရှိနေခြင်း ဖြစ်သည်။ "အေးအေးဆေးဆေး ဝိညာဉ်စွမ်းအင်ကိုပဲ ကျင့်ကြံ၊ ဒြပ်ငါးပါးကို သွားမထိနဲ့၊ ဘာအဓိပ္ပာယ်မှ မရှိဘူး" ဟူသော ကောင်းကင်၏ အလိုဆန္ဒပင် ဖြစ်သည်။
ယခင်က ကောင်းကင်မိုးကြိုးဒဏ် တွင်လည်း ဖျက်ဆီးပစ်လိုသော ရည်ရွယ်ချက်များ အမှန်တကယ် ပါဝင်နေခဲ့သည်။ အကယ်၍ စနစ်၏ ကာကွယ်မှုဖြင့် ထိုအသက်ရှင်သန်ခွင့်ကို အတင်းအကျပ် မဆုပ်ကိုင်နိုင်ခဲ့ပါက ချန်ရွှင်နှင့် နွားကြီးတို့သည် ဟိုးအရင်ကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထာဝရအသက်ရှင်ခြင်း စနစ် ဖြစ်တည်မှု၊ ချန်ရွှင်၏ ငါးမျိုးစပ် ဝိညာဉ်အမြစ် တည်ရှိမှု၊ ဆေးကြောပါ သော အခြေခံတည်ဆောက်ခြင်းအဆင့်ဆေး ၏ တည်ရှိမှု... သွေးကြောများကို ဖွင့်လိုက်သည့် အချိန်ကတည်းက ကျင့်ကြံခြင်း၏ လမ်းလွဲမှုသည် စတင်နေပြီ ဖြစ်သည်။ များပြားလှသော ကံတရားများနှင့် တိုက်ဆိုင်မှုများ ပေါင်းစပ်သွားကာ ယခုအခါ ဒြပ်ငါးပါး အင်မော်တယ်လမ်းစဉ်ကို ဖွင့်ခြင်းသည် မလွဲမသွေ ဖြစ်ပေါ်လာရမည့် ကိစ္စရပ်တစ်ခု ဖြစ်လာခဲ့ပြီ။
(ဆဲချင်စရာပင်)
(မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး)
ချန်ရွှင်၏ မျက်ခုံးများ တဆတ်ဆတ် လှုပ်ရှားသွားသည်။ ဝိညာဉ်၏ အနက်ရှိုင်းဆုံး နေရာမှ ပြင်းထန်သော အော်ဟစ်သံကြီးများ ပဲ့တင်ထပ်နေသည်ကို ခံစားလိုက်ရသည်။
(နတ်ကောင်းနတ်မြတ်များ... ကျေးဇူးပြုပြီး စောင့်ရှောက်ပေးတော်မူကြပါ...)
ဝုန်း...
ခေါင်းငါးလုံးနှင့် လက်ဆယ်ဖက် ပါရှိသော အလင်းရောင် ပုံရိပ်ကြီးသည် မိမိ၏ မူလရင်းမြစ်ကို ဖက်ထားသည့် အနေအထားသို့ ပြောင်းလဲသွားသည်။ အဆုံးအစမရှိသော ဒြပ်ငါးပါး စွမ်းအင် များသည် မူလဝိဉာဉ် အတွင်း၌ ပြည့်နှက်နေပြီ ဖြစ်သည်။
ဂျွတ်... ဂျွတ်...
လေဟာနယ် အတွင်းမှ ကျိုးပဲ့သံများ ထွက်ပေါ်လာသည်။ ချန်ရွှင်၏ နဖူးပေါ်တွင် သွေးကြောစိမ်းများ ထောင်ထလာသည်။ ဝိညာဉ်၏ အနက်ရှိုင်းဆုံး နေရာအထိ ရောက်ရှိသွားသော တုန်လှုပ်မှုကို ခံစားလိုက်ရသည်။ ဝိညာဉ်အမြစ် တစ်ချောင်း ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။ မိမိ၏ ခန္ဓာကိုယ်တွင် ရစ်ပတ်နေသော မူလဝိဉာဉ်မီးတောက် သည် အဆက်မပြတ် ဒြပ်ငါးပါး မူလဝိဉာဉ်မီးတောက် အဖြစ်သို့ ပြောင်းလဲသွားသည်။ ချန်ရွှင်၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါသွားပြီး ဝိညာဉ်ကို ထိုးဖောက်သွားသကဲ့သို့ ပြင်းထန်သော နာကျင်မှုကြီး ဖြစ်ပေါ်လာသည်။ ဤအချိန်တွင် စနစ်၏ ခံစစ်စွမ်းရည်သည် အသံတိတ် စတင် အလုပ်လုပ်လာပြီး ချန်ရွှင်နှင့်အတူ ဝိညာဉ်အမြစ် ပြတ်တောက်သွားသော နာကျင်မှုကို ခုခံကာကွယ်ပေးလေသည်။
"အင်မော်တယ်လမ်းစဉ် ပြတ်တောက်သွားရင်တောင်မှ... ငါ မသေသရွေ့ အခွင့်အရေးက ထာဝရ ရှိနေမှာပဲ"
ချန်ရွှင်၏ မျက်နှာတွင် ရူးသွပ်မှုများ ပေါ်လာသည်။ ရင်ထဲတွင် မည်သည့် ကြောက်ရွံ့မှုမျှ မရှိပေ။ ဤအခွင့်အရေးကို လက်လွတ်ခံလိုက်ပါက တစ်သက်လုံး နောင်တရနေမည် ဖြစ်သည်။ မသိသေးသော အရာများကို ရှာဖွေစူးစမ်းခြင်းလောက် သူ့အတွက် ချိုမြိန်သော ခံစားမှုကို ပေးစွမ်းနိုင်သည့် အရာ မရှိတော့ပေ။ သူသည် မီးတောက်အလင်းရောင်များ အတွင်း ဝါးမြိုခံလိုက်ရသည်။ အနောက်ဘက်ရှိ အလင်းရောင် ပုံရိပ်ကြီးသည် မျက်လုံးများကို မှိတ်ထားပြီး တောက်ပသော အလင်းရောင်များကိုသာ ထုတ်လွှတ်နေလေသည်။
"မွန်း..."
နွားကြီးသည် မျက်လုံးများ ပြူးကျယ်လျက် သေလုမျောပါး ဖြစ်နေသော ချန်ရွှင်ကို စိုက်ကြည့်နေမိသည်။ ရှင်ခြင်း နှင့် သေခြင်းကြား ရုန်းကန်နေရသကဲ့သို့ ပြင်းထန်လှသော အန္တရာယ်ကြီးကို ခံစားလိုက်ရသောကြောင့် ဖြစ်သည်။ ချန်ရွှင်သည် တစ်ခါမျှ မကြုံဖူးသေးသော အန္တရာယ်ကြီးနှင့် ရင်ဆိုင်နေရပုံ ရသည်။ သို့သော် နွားကြီး အနေဖြင့် ထိုအရာက မည်သည့်အရာဆိုသည်ကို နားမလည်ပေ။ စိုးရိမ်ပူပန်မှုများသာ တဖြည်းဖြည်း ကြီးမားလာလေသည်။
နေ့ဝက်ခန့် ကြာပြီးနောက်။
ချန်ရွှင်၏ ခန္ဓာကိုယ် အတွင်းရှိ ငါးမျိုးစပ် ဝိညာဉ်အမြစ် သည် ပျက်စီးသွားပြီး အင်မော်တယ်လမ်းစဉ် ပြတ်တောက်သွားခဲ့ပြီ။ အရေပြားပေါ်ရှိ ချွေးပေါက်တိုင်းမှ သွေးများ စိမ့်ထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော သွေးညှီနံ့များ ပျံ့လွင့်နေသည်။ သို့သော် အနောက်ဘက်ရှိ အလင်းရောင် ပုံရိပ်ကြီးသည် တဖြည်းဖြည်း သေးငယ်လာပြီး ယခင်က ကောင်းကင်သို့ ထိုးတက်နေသော ရုပ်တုကြီး မဟုတ်တော့ပေ။ ထိုအစား ပိုမို၍ တည်ငြိမ်လာပြီး မည်သည့် ဝိညာဉ်စွမ်းအား ဖိအားမျှ ထုတ်လွှတ်ခြင်း မရှိတော့ပေ။ ချန်ရွှင်၏ ခန္ဓာကိုယ်မှ သေခြင်းတရား၏ အငွေ့အသက်များ ပျံ့လွင့်နေပြီး နိုးထလာမည့် အရိပ်အယောင် မရှိပေ။ ဒြပ်ငါးပါး အတွင်း ရေနစ်သွားသကဲ့သို့ ဖြစ်နေသည်။ အကယ်၍ ဤအတိုင်း ဆက်လက် နိုးမလာပါက ထာဝရ နိုးလာတော့မည် မဟုတ်ပေ။ နွားကြီးသည် မလှုပ်မယှက်ဖြင့် အဝေးမှနေ၍ ချန်ရွှင်ကို ဆက်လက် စောင့်ကြည့်နေသည်။ လည်ချောင်းထဲမှ နာကျင်စွာ အော်မြည်သံများ ထွက်ပေါ်နေပြီး မျက်ဝန်းထဲတွင် ဝမ်းနည်းကြေကွဲမှုများ ဖြစ်ပေါ်နေသည်။
နောက်ထပ် လဝက်ခန့် ကြာပြီးနောက်။
ချန်ရွှင်၏ အနောက်ဘက်ရှိ အလင်းရောင် ပုံရိပ်ကြီးသည် ရုတ်တရက် လှုပ်ရှားသွားသည်။ ခေါင်းငါးလုံး လှုပ်ရှားသွားပြီး လက်ဆယ်ဖက် လှုပ်ရှားသွားသည်။ ထိုအရာတွင် ခမ်းနားထည်ဝါမှုသာ ကျန်ရစ်ပြီး ဝိညာဉ်စွမ်းအားကြောင့် ဖြစ်ပေါ်လာသော လွှမ်းမိုးနိုင်သည့် အရှိန်အဝါများ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ မူလဝိဉာဉ် ငါးခု၏ ပုံရိပ်ယောင်များသည် ချန်ရွှင်၏ ဦးခေါင်းပေါ်တွင် ထိုင်လျက် အရှိန်အဝါ တစ်ခု တိတ်တဆိတ် ထွက်ပေါ်လာသည်။
ဘုန်း...
မြေကြီး အောက်ခြေ အနက်ရှိုင်းဆုံး နေရာမှ မြေကြီး တုန်ခါသံကြီး ပဲ့တင်ထပ်သွားသည်။ ရှေးခေတ်မှ ဆင်းသက်လာသော ဟိန်းဟောက်သံကြီးကဲ့သို့ နွားကြီးကို လန့်ဖျပ်သွားစေပြီး နေရာတွင်ပင် ခုန်ပေါက်သွားစေသည်။ နွားကြီးသည် မျက်စိတစ်မှိတ် အတွင်း ဝိညာဉ်စွမ်းအား အကာအကွယ်ကို ဖွင့်လိုက်ပြီး အစီအရင်များကို အထပ်ထပ် ခင်းကျင်းလိုက်သည်။ နံ့သာဖိုကို ပြီးပြည့်စုံစွာ ပြင်ဆင်ပြီး ယဇ်ပလ္လင်ကို ဖွင့်ကာ အခမ်းအနားကို စတင်လိုက်လေတော့သည်...