အနက်ရောင်ဝတ်စုံနှင့်လူ
Vol. 012 Ch. 572
ဝမ်လင်းမျက်လုံးထဲ၌ နတ်ဆိုးမီးတောက်တစ်ခု တောက်ပနေသည်။ သူ့အင်္ကျီကလည်း လေမတိုက်ဘဲနှင့် ရွေ့လျားနေ၏။ နတ်ဆိုးအော်ရာ အမျှင်တန်းကလည်း လေထုနှင့် ပေါင်းစပ်သွားသည်။
ချူယောင်ဟွာက သည်မြင်ကွင်းကို တွေ့လိုက်သည့်အခါ မတုန်လှုပ်မိဘဲ မနေနိုင် ဖြစ်ရ၏။ သူက လေအေးတစ်ချက် ရှိုက်သွင်းကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိသွားသည်။ သူက သူ့ကိုယ်သူ ခပ်တိုးတိုးရေရွတ်လိုက်၏။ “ပြောကြာတာက ပြင်ပကျင့်ကြံသူတွေက ပထမဆုံးအကြိမ် ဒီ နတ်ဆိုးစိတ်ဝိညာဉ်သလင်းကျောက်နဲ့ ထိမိတာနဲ့ သူတို့ခန္ဒာကိုယ်ထဲမှာ နတ်ဆိုးစွမ်းအင်က ပြောင်းလဲမှု ဖြစ်ပေါ်တယ်တဲ့…”
သူ့ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးစိတ်ဝိညာဉ်သလင်းကျောက်မှ ထွက်ပေါ်လာသည့် နတ်ဆိုးစွမ်းအင်က ဝမ်လင်းကို အလွန်သက်တောင့်သက်သာဖြစ်မှုကို ခံစားစေ၏။
ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းသွားပြီးနောက် သူ့မျက်လုံးထဲရှိ နတ်ဆိုးမီးတောက်လည်း ပျောက်ကွယ်သွား၏။ သည့်နောက် သူ့ပတ်လည်ရှိ နတ်ဆိုးအော်ရာကလည်း ပျောက်ကွယ်ကာ သွားတော့၏။
“နတ်ဆိုးစွမ်းအင် ပြည့်နေတဲ့ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်က ထူးဆန်းလှတယ်။ ဒီစွမ်းအင်ကို စုပ်ယူပြီးတဲ့နောက်မှာ ဒါက ကိုယ်ပိုယ်ဧရိယာတစ်ခုကိုတောင် ဖြစ်စေတာပဲ။ ငါက ဒီအော်ရာဟာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်နဲ့ ပေါင်းစပ်နိုင်တယ်လို့ ခံစားမိနေတယ်။ဒါ့ကြောင့် ဒီစွမ်းအင်က လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းကို တိုးတက်စေနိုင်လိမ့်မယ်။ ဒါပေမဲ့ ခု ဒီနတ်ဆိုးစွမ်းအင်က အရမ်းနည်းနေသေးတော့ စမ်းသပ်ကြည့်ဖို့ မဖြစ်နိုင်သေးဘူး…” ဝမ်လင်းက အနည်းငယ်စဉ်းစားပြီးနောက် သူ့သိုလှောင်အိတ်ကို ထိလိုက်၏။ ထိုအခါ ကျောက်စိမ်းပုလင်း ဒါဇင်ကျော်က ထွက်ပေါ်လာပြီး ချူယောင်ဟွာ ရှေ့သို့ ကျရောက်သွား၏။
ချူယောင်ဟွာက တုန်ယင်ကာ သွားသ်။ သည့်နောက် သူက ကျောက်စိမ်းပုလင်းတစ်ပုလင်းချင်းစီကို စစ်ဆေးကာ သိမ်းဆည်းထားလိုက်၏။ သူက ခုချိန်တွင် အလွန်စိတ်လှုပ်ရှားနေမိသည်။
“မင်း ထွက်သွားနိုင်တယ်။ ငါက ဒီမှာ ကျင့်ကြံဖို့ လိုတယ်။ မနက်ဖြန်ရောက်တာနဲ့ ငါက ငါ့ဘာသာပဲ ဒီနေရာကနေ ထွက်သွားတော့မယ်…” ထို့နောက် သူက ချူယောင်ဟွာကို အာရုံမစိုက်တော့ဘဲ သူ့ခန္ဓာကိုယ်ထဲ၌ ဖြစ်ပေါ်နေသည့် နတ်ဆိုးစွမ်းအင်ကို စတင်ခံစားကြည့်နေ၏။
ချူယောင်ဟွာက အလျင်အမြန် ခေါင်းညိတ်ကာ လေးစားစွာ နှုတ်ဆက်၍ ထွက်ခွာသွားတော့သည်။
သိပ်မကြာခင်တွင် သည်နေရာက ပြန်လည် တိတ်ဆိတ်သွားတော့၏။ သို့သော် အကွာအဝေးတစ်ခုထံကနေတော့ ရယ်မော့သံများ ရှိလို့နေတုန်းပင်။
ဝမ်လင်းက သူ့ဒန်တျန်ကို အာရုံစိုက်ထား၏။ သူက နတ်ဆိုးစိတ်ဝိညာဉ်သလင်းကျောက်ကို ခံစားကြည့်နေသည်။
“ငါက ဒီလိုသလင်းကျောက် အများကြီးရှိရင် ဒီစွမ်းအင်တွေကို ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်နဲ့ မပေါင်းစပ်နိုင်ဘူးဆိုရင်တောင် နောက်ထပ်အားတစ်ခုကို ဖြစ်ပေါ်စေနိုင်လိမ့်မယ်။ ဒီနေရာကို ဝင်ရောက်လာတာ အနည်းဆုံး ကျင့်ကြံသူတစ်ထောင်ကျော်လောက် ရှိမယ်။ သူတို့အားလုံးရဲ့ ပန်းတိုင်က ဒီ နတ်ဆိုးစိတ်ဝိညာဉ်သလင်းကျောက် ဖြစ်လိမ့်မယ်လို့ ငါယုံကြည်တယ်…”
“ဖြစ်နိုင်တာက ကျင့်ကြံသူတွေကြားမှာ တစ်ယောက်နဲ့ တစ်ယောက် သတ်ဖြတ်ကြာတာက ဒီ နတ်ဆိုးစိတ်ဝိညာဉ် သလင်းကျောက် ကြောင့်ပဲ ဖြစ်လိမ့်မယ်။ ဒီနတ်ဆိုးစိတ်ဝိညာဉ်သလင်းကျောက်မှာ နောက်ထပ် ဘာသက်ရောက်မှုတွေ ရှိသေးလဲတော့ ငါမသိသေးဘူး…”
“ဒီ နတ်ဆိုးစွမ်းအင်က အခြားအသုံးဝင်တာလည်း ရှိကို ရှိရမယ်။ မဟုတ်ရင် မရေမတွက်နိုင်တဲ့ နှစ်တွေကြာအောင် သွေးလွှမ်းမှုတွေ ဖြစ်လာမှာ မဟုတ်ဘူး…”
“ငါက ဒီအထဲမှာ ရှိနေတဲ့ လျှို့ဝှက်ချက်တွေကို မသိမှာပဲ စိုးရိမ်မိတယ်။ ငါက ဒီထူးဆန်းတဲ့အရာတွေကို အဖြေရှာဖို့ ဆုံးဖြတ်လိုက်ပြီ။ နှစ်ငါးရာက အရမ်းမကြာလှပါဘူး။ ဒါပေမဲ့ တိုတောင်းလှတာလည်း မဟုတ်ပြန်ဘူး။ ဒီနတ်ဆိုးစိတ်ဝိညာဉ်သလင်းကျောက်တွေကို များများ စုပ်ယူနိုင်မယ်ဆိုရင် ငါ့ကျင့်ကြံမှုအဆင့်ကလည်း တိုးလာလိမ့်မယ်…”
ဝမ်လင်းမျက်လုံးထဲ၌ အေးစက်မှုတစ်ချို့ ဖြတ်ပြေးသွားကာ သူက နှုတ်ခမ်းသပ်လိုက်မိ၏။
အချိန်က တဖြည်းဖြည်းချင်း ကုန်ဆုံးလာသည်။ မီးပုံက ဆက်လက်ရှိနေသေးသော်လည်း ရွာသားများကတော့ သူတို့အိမ်သို့ ပြန်သွားကြပြီ ဖြစ်၏။
အမျိုးသမီးများနှင့် ကလေးများကသာ အနားယူကြခြင်းဖြစ်ကာ ယောက်ျားသားများကတော့ လက်နက်များကိုင်ဆောင်၍ တောင်ကြားအဝတွင် စုဝေးနေကြ၏။
ချူယောင်ဟွာကလည်း ထိုလူများကြားတွင် ရှိနေ၏။ သူ့မျက်လုံးက တောင်ကြားအပြင်သို့ ကြည့်နေရင်း အလေးအနက် ဖြစ်လို့နေသည်။
သိပ်မကြာခင်တွင် သူက ဝမ်လင်း ကျင့်ကြံနေသော တောင်ကြားအနက်ပိုင်းသို့ လှည့်ကြည့်လိုက်၏။
“ဒီအစီအရင်က နတ်ဆိုးစိတ်ဝိညာဉ်တွေကို ဆန့်ကျင်နိုင်ဖို့ မျှော်လင့်ရမှာပဲ။ ကောင်းကင်ဘုံသားကလည်း ငါတို့ကို ကူညီရင်ကောင်းမယ်…”
ချူယောင်ဟွာက သက်ပြင်းချလိုက်၏။ သူက ဝမ်လင်းကို တောင်ကြားထဲသို့ ဖိတ်ခေါ်ရသည့်အကြောင်းရင်းက သည်တောင်ကြားအကာအကွယ် အစီအရင်က အားနည်းနေပြီ ဖြစ်နေသောကြောင့်ပင်။ သူက ဝမ်လင်းကို လျှို့ဝှက်ချက်များစွာ ပြောပြခဲ့သည့်အပြင် သူတို့ရွာ၏ အသည်းနှလုံးဖြစ်သည့် နတ်ဆိုးစိတ်ဝိညာဉ်သလင်းကျောက်ကိုပင် လှဲလှယ်ခဲ့ပေ၏။
ချူယောင်ဇီ ခုလိုလုပ်ရသည့်အကြောင်းကတော့ ရွာအန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် ဝမ်လင်း အကူအညီကို လိုချင်သောကြောင့်ပင်။
သူက ရွာသားများကို ကြည့်ကာ သက်ပြင်းချ၍ ပြောလိုက်၏။ “ငါက ဒီနတ်ဆိုးစိတ်ဝိညာဉ်ညမှ ဘာလုပ်ဖို့လိုတယ်ဆိုတာ ပြောနေစရာမလိုတော့ပါဘူး။ ငါတို့က ဒီညကို ကိုင်တွယ်နိုင်ရင် အရာအားလုံးက လုံခြုံသွားလိမ့်မယ်…”
ဝမ်လင်းက ကျင့်ကြံနေရာကနေ ရုတ်တရပ် မျက်လုံးဖွင့်လာခဲ့သည်။ သူက ခေါင်းမော့ကာ ကောင်းကင်ထက်သို့ ကြည့်လိုက်၏။ ကောင်းကင်က နက်မှောင်နေသော်လည်း ဝမ်လင်းအတွက်တော့ ပြောင်းလဲမှုများ ရှိနေ၏။
ထိုအမှောင်ထုထဲ၌ ခရမ်းရောင်အော်ရာတစ်ခု ရှိနေကာ ကောင်းကင်အနှံ့တွင်လည်း နတ်ဆိုးစွမ်းအင်တို့က ပျံ့နှံ့ကာနေ၏။
သည်တောင်ကြားက ၎င်းစွမ်းအင်၏ ပစ်မှတ်တစ်ခုမဟုတ်ဘဲ ဖြတ်ကျော်သွားသည့်နေရာ တစ်ခုသာ ဖြစ်နေသည်။
ကောင်းကင်ကို စူးစိုက်ကြည့်နေရင်း ဝမ်လင်းက ဆုံးဖြတ်ချက်ချလိုက်သည့်အသွင် ဖြစ်ပေါ်သွား၏။ သူက သူ့နှဖူးကို လက်ဖြင့် ဖိနှိပ်လိုက်ရာ သူ့မူလစိတ်ဝိညာဉ်က ခန္ဓာကိုယ်ကနေ ထွက်လာခဲ့၏။ ထို့နောက် သည်မူလစိတ်ဝိညာဉ်က တောင်ကြားကို ဖြတ်ကာ အစီအရင်ကို ကျော်လွန်၍ ကောင်းကင်ထက်သို့ တိုက်ရိုက် ပျံသန်းတက်သွားလေသည်။
မူလစိတ်ဝိညာဉ်က ရပ်တန့်ခြင်းမပြုဘဲ နတ်ဆိုးစွမ်းအင်များ မြင့်တက်နေသည့်နေရာသို့ တဟုန်ထိုးသွားနေ၏။
သူက ပိုမိုနီးကပ်လာလေလေ နတ်ဆိုးစွမ်းအင်ဖိအားက ပိုအားကောင်းသန်မာလာလေ ဖြစ်နေသည်။ သည်နတ်ဆိုးစွမ်းအင် အဝန်းအဝိုင်းက ကြီးမားလှ၏။ ထို့ကြောင့် အဆုံးသပ်ကို မသိရချေ။
လမ်းတစ်လျှောက်တွင် နတ်ဆိုးစွမ်းအင်များ ဖြတ်သန်းသွားသည့် နေရာတိုင်းက အပျက်အစီးများ ဖြစ်ကုန်ကြ၏။ ထိုစွမ်းအင်အောက်၌ တိရိစ္ဆာန်များသည်လည်း အရိုးစုများ အဖြစ်သို့ ပြောင်းကုန်ကြသည်။
သည်အရာကို တွေ့မြင်လိုက်သည့်အခါ ဝမ်လင်းက အနည်းငယ် မျက်မှောင်ကြုတ်မိသွားသည်။
သည်အခိုက်တွင် လူတစ်ယောက်က နတ်ဆိုးစိတ်ဝိညာဉ်များ ရှိနေသည့် ကောင်းကင်ထက်ကို ကြည့်ပါက ထိုနေရာ၏ အလယ်တွင် ခရမ်းရောင်အော်ရာ တစ်ခု ရှိနေသည်ကို တွေ့ရမည် ဖြစ်သည်။
ဝမ်လင်း၏ မူလစိတ်ဝိညာဉ်က ထိုအခြင်းအရာကို စစ်ဆေးကြည့်ပြီးနောက် လျင်မြန်စွာ ပြန်ဆုတ်လာ၏။ သို့ရာတွင် ထိုအခိုက်၌ သူ့မူလစိတ်ဝိညာဉ်က ရုတ်တရပ် ရပ်တန့်သွားသည်။ မူလစိတ်ဝိညာဉ်က နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ နတ်ဆိုးစွမ်းအင်လှိုင်းအတွင်းထိ ခပ်နက်နက် ထွင်းဖောက်သွား၏။
သူက နတ်ဆိုးစွမ်းအင်လှိုင်းအနက်ပိုင်းတွင် အဆုံးမဲ့သော နတ်ဆိုးစွမ်းအင်များအပြင် လူတစ်ယောက်ပါ ရှိနေသည်ကို တွေ့လိုက်ရ၏။
သည်လူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ အေးစက်သောအသွင်အပြင်၊ ပါးလွှာသောနှုတ်ခမ်းနှင့် ရက်စက်ကြမ်းကြုတ်တက်သည့်ပုံပန်းအသွင် ရှိနေ၏။သူ့လက်ထဲ၌လည်း အနက်ရောင်ဓားတစ်လက်ကို ကိုင်ဆောင်ထားကာ သူက ထိုဓားကို ဝှေ့ရမ်းနေရာ ထူးဆန်းသော ခရမ်းရောင်အော်ရာက ၎င်းပတ်လည်၌ ရှိနေ၏။
တစ်ပြိုင်နက်တည်းမှာပင် သည်လူက နတ်ဆိုးစွမ်းအင်အများအပြားကို ရူးသွပ်စွာ စုပ်ယူနေ၏။
ဝမ်လင်း နတ်ဘုရားအာရုံက ရိုက်ခတ်လာသည့်အခါတွင် ထိုလူက ခေါင်းမော့ ကြည့်လာသည်။ သူက ဝမ်လင်းကို မြင်လိုက်သည့်အခါ အလွန်တရာအေးစက်စွာ ပြုံးလာ၏။
“မင်းက ငါ့တည်ရှိမှုကို ရှာတွေ့နိုင်တဲ့အတွက် မင်းကျင့်ကြံမှုအဆင့်က မဆိုးဘူးလို့ ပြောလို့ရတယ်…” အနက်ရောင်ဝတ်စုံနှင့်လူက သူ့ဓားကို ညွှန်ကာ ပြောလိုက်ပြန်၏။ “ငါနဲ့တွေ့တာက မင်းကံဆိုးတာပဲ။ မင်း နတ်ဆိုးစိတ်ဝိညာဉ်သလင်းကျောက်နဲ့ ကမ်းလှမ်းရင်တောင် အသုံးမဝင်တော့ဘူး…”
ဝမ်လင်း မူလစိတ်ဝိညာဉ်က ထိုလူကို အေးစက်စွာကြည့်၏။ ထို့နောက် သူက စကားတစ်ခွန်းမှ မဆိုဘဲ ပြန်လည် ပျံသန်းလာ၏။ အနက်ရောင်ဝတ်စုံနှင့်လူက တားဆီးခြင်းမပြုပေ။သို့သော် သူက အထင်သေးစွာ ပြုံးလာ၏။
“စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အလယ်အဆင့်လောက်ကများ…။ မင်းက ဘယ်ကလန်ကနေ လာတာပဲဖြစ်ဖြစ် မင်း ဒီနေ့ ကျိန်းသေပေါက် သေရမယ်။ သူ့နတ်ဆိုးစိတ်ဝိညာဉ်သလင်းကျောက်ကို စုပ်ယူပြီးရင် ငါက ကောင်းကင်နတ်ဆိုးမြို့ကို ဝင်ဖို့ လိုအပ်ချက် ပြည့်မှီပြီ…”
ထိုလူ့မျက်လုံးထဲ၌ စိတ်အားထက်သန်မှု အရိပ်အယောင်တို့ ဖြစ်ပေါ်လာသည်။
တောင်ကြားထဲ၌ ဝမ်လင်း မူလစိတ်ဝိညာဉ်က ပြန်ရောက်လာကာ သူ့မျက်လုံးများက အေးစက်လာခဲ့၏။
“သူက ငါ ဒီမှာတွေ့တဲ့ ထျန်ယွမ်ဂြိုဟ်ရဲ့ ပထမဆုံး ကျင့်ကြံသူပဲ။ သူက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အထွတ်အထိပ်အဆင့်ပဲ။ ဒါပေမဲ့ သူက ငါ့ကို သတ်ချင်ရင်တော့ လွယ်မယ်ထင်နေလား…”
တောင်ကြားအပြင်ဘက်၌ နတ်ဆိုးစွမ်းအင်လှိုင်းများက အသည်းအသန်မြင့်တက် ရိုက်ခတ်နေ၏။ တောင်ကြားပတ်လည်ရှိ အစီအရင်က ချက်ခြင်း လက်ခနဲ ဖြစ်သွားကာ ထိုနတ်ဆိုးစွမ်းအင် ဖိအားကို တားဆီးပေးထားသည့်ပုံပင်။
သို့သော် ထိုနတ်ဆိုးစွမ်းအင်ဖိအားက တစ်ကြိမ်တည်း ရိုတ်ခတ်သည် မဟုတ်ချေ။ တောင်ကြားပတ်လည်ရှိ အလင်းက တဖျပ်ဖျပ်လင်းလက်နေကာ ကြာကြာတောင့်မခံနိုင်တော့သည့် အရိပ်အယောင်ကို ပြသလာခဲ့သည်။
တောင်ကြားထဲ၌ တိတ်ဆိတ်နေဆဲသာ ဖြစ်သော်လည်း လေထုထဲ၌ တင်းကြပ်မှုများ ရှိနေသည်။
တောင်ကြားဝင်ပေါက်တွင် ရပ်နေကြသည့် ရွာသားလူငယ်များက သူတို့ လက်နက်များကို တင်းကြပ်စွာ ဆွဲကိုင်ထားကြသည်။ သူတို့လက်ဝါးတွင်လည်း ချွေးများစို့နေကာ သူတို့က တောင်ကြားအပြင်ဘက်သို့ စူးစိုက်ကြည့်နေကြသည်။
ချူယောင်ဟွာက ရှေ့ဆုံး၌ ရပ်နေ၏။ သူက လက်မြှောက်လိုက်ပြီးနောက် အစီအရင်ကို ပြုပြင်ရန် ရှုပ်ထွေးသော ဘာသာစကားတစ်ခုကို ရွတ်ဆိုနေသည်။
နတ်ဆိုးစိတ်ဝိညာဉ်ညက သုံးလ တစ်ကြိမ် ဖြစ်ပေါ်လာလေ့ရှိ၏။ ခါတိုင်း ထိုသို့ဖြစ်လာတိုင်း ချူယောင်ဟွာက အစီအရင်ပေါ်၌ ယုံကြည်မှု ရှိခဲ့ပေသည်။ သို့သော် ယနေ့ညကတော့ သူက မလွယ်ကူမှကို ခံစားနေရလေ၏။ သည်အစီအရင်က ဝမ်လင်းကြောင့် များစွာ အားနည်းသွားခဲ့ရသည် မဟုတ်လား။ ထို့ကြောင့် သူက သည်ညတွင် နတ်ဆိုးစိတ်ဝိညာဉ်များကို တောင့်ခံနိုင်ရန် နည်လမ်းမရှိဖြစ်နေ၏။
အစီအရင် ပျက်စီးသွားသည်နှင့် တောင်ကြားထဲရှိ သက်ရှိများအားလုံးက သည် နတ်ဆိုးစိတ်ဝိညာဉ်များ၏ ဝါးမြိုခြင်းကို ခံရပေတော့မည်။
နတ်ဆိုးစွမ်းအင်လှိုင်းက အစီအရင်ကို ရိုတ်ခတ်နေရင်း အစီအရင်ကလည်း ကြာကြာ သိပ်ခံနိုင်တော့မည်ဟန် မရချေ။ သည့်နောက် ၎င်းအစီအရင်ပေါ်၌ပင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့၏။
သည်အခိုက်မှာပင် ကျယ်လောင်သောတုန်ဟီးသံတစ်ခုကို လူတိုင်း ကြားလိုက်ရ၏။ သည်အသံက အစီအရင်ကို တစ်ခုခုဖြင့် ပြင်းပြင်းထန်ထန် ရိုက်ခတ်ရာမှ ထွက်ပေါ်လာသည်မှ ရှင်းလင်းနေသည်။ အက်ကွဲကြောင်းများကလည်း ပိုပေါ်လာခဲ့၏။
တောင်ကြားထဲရှိ လူများက သည်ထိတိုက်မှုအားကို ကောင်းစွာ ခံစားမိသည်။ သည်တုန်ခါမြည်ဟီးမှုကြောင့် အိပ်ပျော်နေသည့် မိန်းမများနှင့်ကလေးငယ်များပင် နိုးလာခဲ့တော့၏။
တောင်ကြားအဝေးတစ်နေရာ၌ အနက်ရောင်ဝတ်စုံနှင့်လူက သူ့ဓားကို ဝှေ့ရမ်းလိုက်ရာ သွေးများ ပြန့်ကျဲကာသွား၏။ လုံးဝ မဲနက်နေသည့် တစ်မီတာခန့် ရှည်သည့် သားရဲတစ်ကောင်က ပေါ်ထွက်လာခဲ့၏။ ၎င်းက ပေါ်ထွက်လာချင်းချင်း ထိုအနက်ရောင်ဝတ်စုံနှင့်လူ၏ ပိုင်းဖြတ်ခြင်းကို ခံလိုက်ရခြင်း ဖြစ်၏။
ထိုသားရဲကို သတ်ဖြတ်ပြီးနောက် အနက်ရောင်ဝတ်စုံနှင့်လူက အသက်တစ်ချက်ရှိုက်သွင်းလိုက်ရာ ထိုသားရဲ၏ ခန္ဓာကိုယ်ကနေ နတ်ဆိုးစွမ်းအင်အမျှင်တန်းက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ သွား၏။
ထိုအခါ သူ့ခန္ဓာကိုယ်က အလွန်သက်တောင့်သက်သာ ခံစားလိုက်ရ၏။ သိပ်မကြာခင်တွင် သူ့မျက်လုံးက လက်ခနဲ ဖြစ်လာကာ တောင်ကြားသို့ လှမ်းကြည့်၏။ သူက ရက်စက်စွာပြုံး၍ သူ့ဓားကို ဝှေ့ရမ်းကာ တောင်ကြားထံသို့ ပစ်သွင်းလိုက်သည်။
အနက်ရောင်ဝတ်စုံနှင့်လူက လေထဲ၌သာ ပျဲဝဲလျက် ရှိနေ၏။ထို့နောက် သူက ဓားပေါ်သို့ ခြေချကာ တောင်ကြားဆီသို့ တန်းမတ်စွာ တိုးဝင်လာတော့၏။
တောင်ကြားအတွင်း၌ ဝမ်လင်းက မတ်တပ်ထရပ်ကာ ခြေတစ်လှမ်းလှမ်း၍ အစိမ်းရောင်အခိုးငွေ့ထု အဖြစ်သို့ ပြောင်းကာ ချူယောင်ဟွာနှင့် သူ့လူများ ရှေ့၌ ပြန်ပေါ်လာခဲ့၏။
သူ့အသွင်က လုံးဝ တိတ်ဆိတ်ကာ နေသဖြင့် ရွာသားများက အလိုလို နောက်သို့ ဆုတ်သွားမိကြသည်။
ချူယောင်ဟွာက ပျော်ရွှင်သည့်အသွင် ဖြစ်ပေါ်သွားကာ သူက ခပ်မြန်မြန် ပြောလိုက်သည်။ “ကောင်းကင်ဘုံသား…ငါတို့ကို ကယ်ပါ…”
သူက ထိုသို့ ပြောလိုက်ပြီးသည်နှင့် အကွာအဝေးတစ်ခုရှိ ဓားတစ်လက်ပေါ်ကနေ အနက်ရောင်ဝတ်စုံနှင့်လူ၏ အေးစက်စက်အသံကလည်း ထွက်ပေါ်လာခဲ့တော့သည်။
“အမဲလိုက်တာ စတင်ပြီ…”