အခန်း ၂၀၂
Vol. 12 Ch. 202
အခန်း (၂၀၂)
"မွန်း..."
နွားကြီးသည် ရှည်လျားပြီး အထီးကျန်ဆန်သော အော်မြည်သံကြီးကို ပြုလုပ်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် လွမ်းဆွတ်တမ်းတမှုများ ပါဝင်နေသည်။ နောက်ထပ် တစ်ကြိမ် သူတို့နှင့်အတူ ထမင်းဝိုင်း အတူတူ ထိုင်ခွင့် ရတော့မည် မဟုတ်ပေ။
"ဘိုးဘေး..."
သူတို့သုံးဦးသည် ထိုအော်မြည်သံကို ကြားလိုက်ရသောအခါ ရင်ဘတ်ကို တူဖြင့် အထုခံလိုက်ရသကဲ့သို့ နာကျင်မှုကို ခံစားလိုက်ရသည်။
ရုတ်တရက် သူတို့၏ ပခုံးပေါ်သို့ လေးလံသော လက်တစ်ဖက် အသာအယာ ကျရောက်လာသည်။ ချန်ရွှင်သည် သူတို့၏ အနောက်တွင် ရပ်နေခဲ့ခြင်း ဖြစ်သည်။ သူသည် လှောင်ပြုံး ပြုံးလိုက်ပြီး လက်နှစ်ဖက်ကို ရှေ့သို့ ညင်သာစွာ တွန်းထုတ်လိုက်သည်။
"အပိုစကားတွေ မလိုပါဘူးကွာ... မြန်မြန် ထွက်သွားကြစမ်းပါ"
"ဘိုးဘေး..."
သူတို့သုံးဦးသည် မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။ ခန္ဓာကိုယ်ကို ထိန်းချုပ်၍ မရတော့ပေ။
နားထဲတွင် လေပြင်းများ တိုက်ခတ်လာပြီး သူတို့သည် တန်းတန်းမတ်မတ် ကောင်းကင်သို့ လွင့်စင်သွားကြကာ ကျိုကုန်းတောင်မှ အလွန် ပြင်းထန်သော အရှိန်ဖြင့် ဝေးကွာသွားကြလေသည်။
သူတို့ ကောင်းကင် အစွန်းမှ နောက်လှည့်ကြည့်လိုက်သောအခါ ဘိုးဘေး နှစ်ပါးသည် ပခုံးဖက်လျက် ဗိုက်နှိပ်ကာ အားရပါးရ ရယ်မောရင်း သူတို့ကို လက်ညှိုးထိုးနေကြသည်ကို မြင်လိုက်ရသည်။
နောက်ဆုံးတွင် ထိုပုံရိပ်များလည်း ပျောက်ကွယ်သွားလေတော့သည်...
ယခုမှစ၍ ဤလူသုံးယောက်သည် မိမိတို့၏ ကိုယ်ပိုင် စွမ်းအားဖြင့်သာ ဤရှုပ်ထွေးနေသော ကျင့်ကြံခြင်းလောကတွင် မိမိတို့၏ လမ်းခရီးကို ဖောက်လုပ်သွားကြရတော့မည် ဖြစ်သည်။
တောင်တံခါးရှေ့တွင်။
ချန်ရွှင်နှင့် နွားကြီးတို့သည် ကောင်းကင် အစွန်းကို အချိန်ကြာမြင့်စွာ ငေးမောကြည့်ရှုနေကြသည်။
ဤမျှ ရှည်လျားသော နှစ်ကာလတစ်လျှောက် အသက်ရှင်လာခဲ့ပြီးနောက် သူတို့က တစ်စုံတစ်ယောက်ကို 'လိုက်ပို့' ရခြင်းသည် ဤအကြိမ် ပထမဆုံးပင် ဖြစ်သည်။ ရင်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များ လည်ပတ်နေသည်။
"နွားကြီး... ငါတို့လည်း သွားကြစို့... ကျန်ရွှယ်ချန် ကို သွားနှုတ်ဆက်ရအောင်"
"မွန်း"
သူတို့နှစ်ဦး ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ခြေအောက်မှ ဖုန်မှုန့်တစ်စက်မျှပင် လွင့်ပျံခြင်းမရှိဘဲ အသံတိတ် မျက်စိတစ်မှိတ်အတွင်း ထိုနေရာမှ ပျောက်ကွယ်သွားကြလေသည်။
ဤအနှစ်တစ်ရာ အတွင်းတွင် သက်တမ်းအမှတ် များသည်လည်း နောက်ဆုံးတွင် ကဏ္ဍငါးခုစလုံး အကန့်အသတ် အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ယခုအခါ အမှတ်များ ထပ်မံပေါင်းထည့်၍ မရနိုင်တော့ပေ။
လက်ရှိ သက်တမ်းအမှတ်များ : [ ခွန်အား ၂၀၀ (၁၄၀)၊ အမြန်နှုန်း ၂၀၀ (၁၄၀)၊ မူလစွမ်းအင် ၂၀၀ (၁၄၀)၊ ဝိညာဉ်စွမ်းအား ၂၀၀ (၁၄၀)၊ ခံစစ်စွမ်းရည် ၂၀၀ (၁၄၀)]
နှင်းဂီတ တောင်ကြား၊ ရှောင်ရွှယ် တောင်ထိပ်။
ယနေ့တွင် နှင်းများ သည်းထန်စွာ ကျဆင်းနေပြီး လေတိုက်ခတ်မှုများလည်း ပြင်းထန်နေသည်။
ကျန်ရွှယ်ချန်သည် ချန်ရွှင်အား လက်ဖက်ရည် ငဲ့ပေးရင်း စကားစလိုက်သည်။
"စီနီယာ... နောက်ဆုံးတော့ ကောင်းကင် လွင်ပြင်ကြီး ဆီကို သွားတော့မလို့လား"
"သေချာ ဆုံးဖြတ်ရသေးတာတော့ မဟုတ်ပါဘူး... ခြေဦးတည့်ရာ သွားချင်တဲ့အချိန်ကျရင် လျှောက်သွားလိုက်ရုံပါပဲ"
ချန်ရွှင်သည် အေးချမ်းစွာ ပြုံးလိုက်ပြီး အဝေးကို ငေးကြည့်လိုက်သည်။
"ကျိုကုန်းတောင် မှာ ငါတို့ အကြာကြီး နေခဲ့ပြီးပြီပဲ... ဒီထက်ပိုပြီး အနှောင့်အယှက် ပေးနေရင် မကောင်းဘူးလေ"
နွားကြီးလည်း ဘေးနားတွင် ထိုင်လျက် ခေါင်းကို တငြိမ့်ငြိမ့် လုပ်လိုက်သည်။ ဤထက်ပို၍ အချိန်ကြာကြာ ဆက်နေပါက အချင်းချင်း မလိုအပ်သော ပြဿနာများ ဖြစ်ပေါ်လာနိုင်ချေ ရှိသည်။
"နားလည်ပါပြီ..."
ကျန်ရွှယ်ချန် သည် ချန်ရွှင်ကို စိုက်ကြည့်ရင်း တိတ်ဆိတ်စွာ ပြုံးလိုက်သော်လည်း သူမ၏ ရင်ထဲတွင်မူ နက်ရှိုင်းသော ဆုံးရှုံးမှု ခံစားချက်ကြီး ရှိနေသည်။ ဤသို့ဖြင့် စန္ဒာဂိုဏ်းတွင် အမှန်တကယ် အားကိုးရသော ရှေးဟောင်း မျိုးဆက် ကျင့်ကြံသူများ မရှိတော့ပြီ ဖြစ်သည်။
သူမသည် ယခင်က ချန်တိုင်းပြည်နှင့် ဝူနိုင်ငံတို့၏ စစ်ပွဲကြီးအကြောင်းကို တိတ်တဆိတ် စုံစမ်းခဲ့ဖူးသည်။ ထိုအမှန်တရားကို သိရှိလိုက်ရသောအခါ သူမ အလွန်အမင်း အံ့သြတုန်လှုပ်သွားခဲ့ရသည်။ ထိုစစ်ပွဲကြီး ဖြစ်ပွားခဲ့သော အချိန်ကာလသည် အလွန်တရာ ရှည်လျားလွန်းလှသည်။
သူမ စောစောကတည်းက နားလည် သဘောပေါက်ခဲ့ပြီး ဖြစ်သည်။ ဤသူနှစ်ဦးသည် သာမန် ကျင့်ကြံသူများ မဟုတ်ကြောင်းကို။
ယခင်က ကျင်းယွီဘိုးဘေး ချန်ရစ်ခဲ့သော စကားတစ်ခွန်းသည် ခေါင်းထဲတွင် ပြန်လည် ပေါ်လာသည်။
-- 'သူတို့က ကျင့်ကြံခြင်းလောကမှာတောင် တွေ့ရခဲတဲ့ စစ်မှန်တဲ့ သိုင်းပညာရှင်ကြီးတွေပဲ'
"ကဲ... ဒါဆိုရင် ပြင်ဆင်စရာရှိတာ ပြင်ဆင်ရတော့မယ်"
"စီနီယာ"
ကျန်ရွှယ်ချန် က ရုတ်တရက် ချန်ရွှင်ကို လှမ်းခေါ်လိုက်သည်။
"ဘာကိစ္စလဲ" ချန်ရွှင်သည် မတ်တပ်ထရပ်ရန် ပြင်နေသော ကိုယ်ကို ပြန်ထိုင်လိုက်သည်။
ကျန်ရွှယ်ချန်သည် သတ္တိအားလုံးကို စုစည်းလိုက်သကဲ့သို့ အသံကို မြှင့်ကာ ပြောလိုက်သည်။
"ကောင်းကင် လွင်ပြင်ကြီး မှာ သေချာပေါက် လမ်းတစ်ခု ရှိနေမယ် ဆိုတာ ဂျူနီယာ ယုံကြည်ပါတယ်"
"ဟားဟားဟားဟား..."
"မွန်း..."
ချန်ရွှင်နှင့် နွားကြီးတို့၏ ပုံရိပ်များသည် တဖြည်းဖြည်း အလင်းမှုန်များအဖြစ် ပြောင်းလဲ ပျောက်ကွယ်သွားကြပြီး ထိုကျယ်လောင်သော ရယ်မောသံကြီးများသည် ပြင်းထန်သော နှင်းမုန်တိုင်း၏ အသံကိုပင် လွှမ်းမိုးသွားလေသည်။
ကျန်ရွှယ်ချန် သည် တည်ငြိမ်သော မျက်နှာထားဖြင့် မျက်နှာချင်းဆိုင်ရှိ လွတ်ဟာသွားသော နေရာကို ငေးမောကြည့်ရှုရင်း မည်သည့်အရာကို တွေးတောနေသည်မသိ၊ တိတ်ဆိတ်စွာ မတ်တပ်ရပ်နေလေသည်။
ရုတ်တရက် နှင်းမုန်တိုင်းများကြားမှ ခွန်အားပါသော အသံတစ်သံ ပဲ့တင်ထပ်လာသည်။
"ငါတို့ သေချာပေါက် 'ကောင်းကင် လွင်ပြင်ကြီး' ကို ဖြတ်ကျော်သွားပြမယ်"
ကျန်ရွှယ်ချန် ၏ နှုတ်ခမ်းထောင့်စွန်းများတွင် အပြုံးတစ်ခု ပေါ်လာသည်။ ခွန်အားပါပါ ခေါင်းညိတ်လိုက်ပြီး ပန်းမိုးတောင်ကြား ရှိရာ အရပ်သို့ မျက်နှာမူလိုက်လေသည်။
နောက်တစ်နေ့တွင် နေရောင်ခြည်သည် မြေပြင်တစ်ခုလုံးကို ထွန်းလင်းတောက်ပစေပြီး အရှေ့အရပ်မှ ခရမ်းရောင်စွမ်းအင်များ ရောက်ရှိလာသည့် အချိန်အခါသို့ ဆိုက်ရောက်လာခဲ့ပြီ ဖြစ်သည်။
ကျိုကုန်းတောင်၊ ပန်းမိုးတောင်ကြား။
ချန်ရွှင်နှင့် နွားကြီးတို့သည် ပိုင်ဆိုင်သမျှ ပစ္စည်းအားလုံးကို တင်ဆောင်ထားသော လှေပျံကြီး၏ အလယ်ဗဟိုတွင် ရပ်နေကြသည်။
"နွားကြီး... အဆင်သင့် ဖြစ်ပြီလား"
တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာသည်။ နွားကြီးသည် ချန်ရွှင်ကို စိုက်ကြည့်ကာ နှာမှုတ်သံကို ပြင်းပြင်းထန်ထန် ပြုလုပ်လိုက်သည်။
ချန်ရွှင်၏ မျက်ဝန်းများသည် ချောက်ကမ်းပါးထက်ပင် နက်ရှိုင်းနေပြီး လက်တစ်ဖက်ကို နောက်ပစ်ကာ ကျန်လက်တစ်ဖက်ရှိ လက်ချောင်းနှစ်ချောင်းကို ရင်ဘတ်ရှေ့တွင် ထောင်ထားလိုက်သည်။
နွားကြီးသည် ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး ခွာများကို လက်ဝါးသဏ္ဌာန် ပြောင်းလဲကာ ကုန်းပတ်ပေါ်သို့ အားကုန် ဖိချလိုက်လေသည်။
"နောက်ဆုံး စမ်းသပ်မှုနဲ့ ပြင်ဆင်မှုကို... စတင်မယ်"
ချန်ရွှင် ပြောဆိုလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ကျောဘက်တွင် ခေါင်းငါးလုံးနှင့် လက်ဆယ်ဖက် ပါရှိသော ကြောက်မက်ဖွယ်ကောင်းသည့် အရိပ်ကြီး တစ်ခု ဝေဝါးစွာ ထွက်ပေါ်လာသည်။
သူသည် တည်ငြိမ်စွာ ရပ်နေပြီး မျက်လုံးအစုံမှာ ကောင်းကင်ရှိ နေမင်းကြီးကဲ့သို့ တောက်လောင်နေကာ ခန္ဓာကိုယ်တစ်ခုလုံးမှ ဒြပ်ငါးပါး စွမ်းအင်များသည် နတ်မီးတောက်များကဲ့သို့ ထိုးတက်လာလေသည်။
ထို့နောက်...
တောင်ကြားထဲတွင် အမြဲတမ်း တိတ်ဆိတ်ငြိမ်သက်နေခဲ့သော လှေပျံကြီးသည် ရုတ်တရက် အပြင်းအထန် တုန်ခါလာလေသည်။
မှိုင်းညို့နေသော မျက်နှာပြင်ပေါ်တွင် အစီအရင် အမှတ်အသား အလင်းရောင်များသည် တစ်ခုပြီးတစ်ခု လင်းလက်လာကြသည်။
ချန်ရွှင်သည် သူ၏ မူလဝိညာဉ် ကို အသုံးပြုကာ လှေပျံ၏ ဒြပ်ငါးပါး စွမ်းအင်များကို ဆွဲထုတ်လိုက်သောအခါ လှေပျံကြီး တစ်ခုလုံးသည် ရှေးဟောင်း သားရဲကြီး တစ်ကောင် နိုးထလာသကဲ့သို့ တက်ကြွလှုပ်ရှားလာလေတော့သည်။
ဝုန်း...
ဝုန်း...
တောင်ကြားထဲရှိ မြေပြင်သည် အပြင်းအထန် တုန်ခါသွားပြီး မိုးနှင့်မြေ၏ ဒြပ်ငါးပါး စွမ်းအင်များသည် ဒလဟော ဆူပွက်နေသော ဆူနာမီ လှိုင်းကြီးများကဲ့သို့ တစ်နေရာတည်းသို့ စုရုံးဝင်ရောက်လာကြသည်။
ပြင်းထန်လှသော ဝိညာဉ်ဖိအားကြီးသည် မျက်စိတစ်မှိတ်အတွင်း တောင်ကြားတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ကျိုကုန်းတောင် တစ်ခုလုံးသို့ ချက်ချင်း ပြန့်နှံ့သွားလေတော့သည်။
"မွန်း..."
နွားကြီးသည် ရူးသွပ်နေသည့်အလား ရှည်လျားသော အော်မြည်သံကြီးကို ပြုလုပ်လိုက်သည်။ သူ့အနောက်တွင်လည်း ခေါင်းငါးလုံးနှင့် လက်ဆယ်ဖက် ပါရှိသော ကြောက်မက်ဖွယ် အရိပ်ကြီး တစ်ခု ထွက်ပေါ်လာသည်။
လှေပျံကြီး၏ အစီအရင် အသီးသီးသည် အစွမ်းကုန် လည်ပတ်လာပြီး ဒြပ်ငါးပါး အလွန်စူးရှတောက်ပသော အလင်းတန်းကြီး သည် ကောင်းကင်ကို ထိုးဖောက်သွားလေသည်။ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များ ပျောက်ကွယ်သွားစေပြီး အရပ်ရှစ်မျက်နှာကို ပြင်းထန်စွာ တုန်ခါသွားစေသည်။
ဒြပ်ငါးပါး အစီအရင်အလံများသည် အလင်းရိပ်များကြားမှ ပစ်လွှတ်လိုက်ပြီး လှေပျံအတွင်းရှိ နေရာငါးခုတွင် နေရာယူလိုက်ကြသည်။ ထိုအချိန်တွင် ကောင်းကင်နှင့်မြေကြီး၌ ပြည့်နှက်နေသော ကြီးမားလှသည့် ဒြပ်ငါးပါး စွမ်းအင်များသည် တွင်းနက်ကြီးထဲသို့ စုပ်ယူခံလိုက်ရသကဲ့သို့ ပြင်းထန်စွာ စုစည်းသွားကြသည်။
ဝုန်း...
ဝုန်း...
တောင်ကြားထဲတွင် ဝိညာဉ်ကို တုန်လှုပ်စေနိုင်သော နက်ရှိုင်းပြင်းထန်သည့် ပဲ့တင်သံကြီးများ ပဲ့တင်ထပ်သွားသည်။
မြေပြင်သည် တစ်လက်မချင်းစီ အက်ကွဲသွားပြီး မြေစာခဲများ လွင့်ပျံသွားကာ ကျောက်ဆောင်များ ပြိုကျကုန်သည်။
ကျိုကုန်းတောင် ၏ တောင်ထိပ် အသီးသီးမှ သနားဖွယ် အော်ဟစ်သံများကဲ့သို့ ဆူညံသံများ ထွက်ပေါ်လာလေသည်။
ကြီးမားလှသော တုန်ခါမှုကြောင့် အသက်ရှူရန်ပင် ခက်ခဲလာပြီး အမျိုးသမီး ကျင့်ကြံသူများ၏ အကြည့်များသည် ပန်းမိုးတောင်ကြား ၏ ကောင်းကင်သို့ တစ်ပြိုင်နက်တည်း ရောက်ရှိသွားကြသည်။
"စီ... စီနီယာအစ်မ... ပန်းမိုးတောင်ကြား ထဲမှာ ကြောက်စရာကောင်းတဲ့ ဘီလူးကြီး တစ်ကောင် ဖမ်းချုပ်ခံထားရတာများလား"
တစ်စုံတစ်ယောက်က စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ ကျိုကုန်းတောင် တွင် ပြည့်နှက်နေသော ဝိညာဉ်စွမ်းအင်များသည် ဖိနှိပ်ခံလိုက်ရပြီး အနည်းငယ်မျှပင် အသုံးပြု၍ မရတော့ပေ။
ယခုအချိန်တွင် ကျိုကုန်းတောင် တစ်ခုလုံး အပြင်းအထန် တုန်ခါနေပြီး ခြေမခိုင်တော့ဘဲ မြေပြင်ပေါ်သို့ ပစ်လဲကျသွားသော အမျိုးသမီး ကျင့်ကြံသူ အများအပြား ရှိနေသည်။ ယခင်က ခံစားခဲ့ဖူးသော 'အရာအားလုံး စွမ်းအားမဲ့သွားသည့် ခံစားချက်' ပြန်လည် အသက်ဝင်လာခဲ့သည်။
"မဖြစ်နိုင်တာ... အ... အကြီးကြီးပဲ လှေပျံကြီး... ကောင်းကင်မှာ လှေပျံကြီး ပေါလောပေါ်နေတယ်... ကြည့်ကြပါဦး"
"မယုံနိုင်စရာပဲ... အဲဒါ ဘာကြီးလဲ"
"ဟို ထူးဆန်းတဲ့ အရောင်နဲ့... သစ်ပင်ကြီးက ဘာကြီးလဲ"
ကျိုကုန်းတောင် တစ်ခုလုံးသည် အံ့သြထိတ်လန့်မှုများနှင့် အော်ဟစ်သံများ၏ ဝဲဂယက်ထဲတွင် လွှမ်းခြုံသွားသည်။ ယင်းမှာ သူမတို့၏ နားလည်နိုင်စွမ်းကို ကျော်လွန်နေသော မြင်ကွင်းပင် ဖြစ်သည်။
ဝုန်း...
ကျိုကုန်းတောင် ၏ မြေပြင်တစ်ခုလုံးကို အရိပ်မည်းကြီး တစ်ခုက ဖုံးလွှမ်းသွားလေသည်။
အလွန်အမင်း ကြီးမားလေးလံသော လှေပျံကြီးသည် ကောင်းကင်သို့ ဖြည်းညှင်းစွာ မြင့်တက်သွားသည်။ လှေအမြီးပိုင်းရှိ သစ်ပင်ကြီးသည် ကောင်းကင်ကို ဖုံးအုပ်နိုင်လောက်အောင် ကြီးမားနေပြီး ၎င်း၏ သစ်ရွက်များသည် ထူးဆန်းသော အဖြူနှင့် အမည်းရောင်များအဖြစ် ပြောင်းလဲနေသည်။
အရပ်ရှစ်မျက်နှာရှိ အမျိုးသမီး ကျင့်ကြံသူများသည် တစ်ပြိုင်နက်တည်း ပင့်သက်ရှိုက်မိလိုက်ကြသည်။
အတိုင်းအတာ အလွန် ကြီးမားလွန်းလှသည်။ ကျင့်ကြံခြင်းလောကတွင် ဤကဲ့သို့သော ထူးဆန်းသည့် ပစ္စည်းမျိုး ရှိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။ ဤကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းသည် သူမတို့၏ ခေါင်းထဲတွင် တစ်သက်လုံး ဖျောက်ဖျက်၍မရနိုင်သော အမာရွတ်တစ်ခုကဲ့သို့ စွဲထင်သွားလေတော့သည်။
နှင်းဂီတ တောင်ကြား။
နှင်းမုန်တိုင်း အသံများ ရုတ်တရက် ရပ်တန့်သွားပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်မှုကြီး ပြန့်နှံ့သွားသည်။
ကျန်ရွှယ်ချန် ၏ ဘေးနားတွင် ရပ်နေသော ရှန်ကျင်း ၏ မျက်ဝန်းများသည် အပြင်းအထန် တုန်ရီနေသည်။ အဝေးရှိ ကောင်းကင်တွင် ပေါလောပေါ်နေသော ထိုထူးဆန်းသည့် လှေပျံကြီးထံမှ ဝိညာဉ်စွမ်းအင် လှုပ်ရှားမှု အနည်းငယ်မျှပင် မခံစားရပေ။
ကျန်ရွှယ်ချန် သည်လည်း မျက်လုံးများ ပြူးကျယ်လျက် ဟင်းလင်းပြင် ကို စိုက်ကြည့်နေမိသည်။ ဤမျှ ကြီးမားပြီး ယုတ္တိမတန်သော လှေပျံမျိုးကို ရှေးဟောင်း စာအုပ်များထဲတွင်ပင် တစ်ခါဖူးမျှ မမြင်ဖူး၊ မကြားဖူးပေ။
ဝုန်း...
ရုတ်တရက် ကောင်းကင်တွင် ဖောက်ထွင်းမြင်နိုင်သော လှိုင်းများ ပြန့်နှံ့သွားပြီး အရပ်လေးမျက်နှာသို့ ပြင်းထန်လှသော စွမ်းအင်လှိုင်းများ ထုတ်လွှတ်လိုက်လေသည်။
လှေပျံကြီး ပျံတက်ခြင်း ပြီးဆုံးသွားပြီ ဖြစ်သည်။ ကျယ်လောင်သော အသံကြီးများ ကောင်းကင်ကို ခွဲထွက်သွားပြီး... နောက်ထပ် မျက်စိတစ်မှိတ်အတွင်းမှာပင် လှေပျံကြီးသည် ကောင်းကင် အစွန်းဆီသို့ ပျောက်ကွယ်သွားလေတော့သည်။
ကျန်ရွှယ်ချန် ၏ နှလုံးသားသည် ပြင်းထန်စွာ ခုန်ပေါက်သွားသည်။ သူမသည် အမူအရာကို ချက်ချင်း ပြန်လည် ထိန်းချုပ်လိုက်ပြီး ဟင်းလင်းပြင်ဆီသို့ လေးစားစွာ လက်သီးဆုပ်ဦးညွှတ်ကာ စီနီယာအား နှုတ်ဆက်လိုက်လေသည်။
ကျိုကုန်းတောင် ၏ အပြင်ဘက်။
ထိုနေရာတွင် အချိန်ကြာမြင့်စွာ မထွက်ခွာဘဲ ကျန်ရစ်နေခဲ့သော လူငယ် ကျင့်ကြံသူ သုံးဦး ရှိနေသည်။ သူတို့သည်လည်း အဝေးဆုံး ကောင်းကင် အစွန်းဆီသို့ ငေးမောကြည့်ရှုနေကြပြီး ကြောက်ရွံ့ရိုသေမှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ခါးကို နက်ရှိုင်းစွာ ကိုင်းညွတ်လျက် ဘိုးဘေး ၏ ခရီးထွက်ခွာခြင်းကို နှုတ်ဆက်နေကြလေသည်။
ဤနေ့မှ စတင်၍...
ချန်ရွှင်နှင့် နွားကြီးတို့သည် ကျင့်ကြံခြင်းလောက၏ ဇာတ်ခုံပေါ်မှ လုံးလုံးလျားလျား ပျောက်ကွယ်သွားကြပြီး လူအများ ရှေ့မှောက်တွင် ထို 'အံ့ဖွယ်ကိစ္စ' ကို နောက်တစ်ကြိမ် ထပ်မံ ဖော်ပြခြင်း မရှိတော့ပေ။
ဇာတိဖြစ်သော ဝူယွင်ဂိုဏ်း သို့ပင် သူတို့၏ သတင်းများ ရောက်ရှိခြင်း မရှိတော့ဘဲ ဘိုးဘေး နှစ်ပါးသည် သက်တမ်းကုန်ဆုံး၍ သေဆုံးသွားခဲ့ပြီလား၊ သို့တည်းမဟုတ် အခြားကမ္ဘာတစ်ခုသို့ ခရီးထွက်သွားပြီလား ဆိုသည်ကို မည်သူမျှ မသိရှိကြတော့ပေ။
သို့သော် ကျိုကုန်းတောင် တွင်တော့ ချန်ရွှင်နှင့် နွားကြီးသည် 'တားမြစ်ထားသော ဒဏ္ဍာရီ' တစ်ခုအနေဖြင့် အစဉ်အဆက် ပြောဆိုခြင်း ခံခဲ့ရသည်။
မိုးနှင့်မြေ၏ ဝိညာဉ်စွမ်းအင်များကို လုံးလုံးလျားလျား ဖိနှိပ်ထားနိုင်ပြီး ကျင့်ကြံခြင်းလောက၏ သာမန်အသိတရားများကို ဖောက်ဖျက်နိုင်သော တည်ရှိမှု။ ထိုကဲ့သို့ ယုတ္တိမတန်သော ဘီလူးကြီးများကို မည်သည့် ကျင့်ကြံသူကများ သွားရောက် ရန်စဝံ့ပါမည်နည်း။