← Chapters

အခန်း ၂၀၈

Vol. 12 Ch. 208

အခန်း ၂၀၈

Vol. 12 Ch. 208

အခန်း (၂၀၈)

"လူသား... မင်းတို့က ဘာရည်ရွယ်ချက် ရှိလို့လဲ"

"လူသား... ဘာရည်ရွယ်ချက် ရှိလို့လဲ"

မြောက်ပိုင်းဒေသ အနက်ရှိုင်းဆုံး နေရာမှ သားရဲအသံနှင့်လည်း မတူ လူသံနှင့်လည်း မတူသော ခြောက်ခြားဖွယ် အသံကြီး ပဲ့တင်ထပ်လာသည်။ ထိုအသံတွင် သိသာထင်ရှားသော သတိထားမှုများနှင့် ကြောက်ရွံ့မှုများ ရောယှက်နေသည်။

ကောင်းကင်ထက်တွင်။

ချန်ရွှင် မျက်ဝန်းများ မှေးကျဉ်းသွားပြီး မျက်လုံးထဲတွင် လျှပ်စီးများ လက်ခနဲ ဖြတ်သန်းသွားကာ စကားစလိုက်သည်။ "မြောက်ပိုင်းဒေသ စစ်ပွဲက ပြီးဆုံးသွားပြီ ငါတို့က ရုပ်အလောင်းတွေကို လာရောက် သိမ်းဆည်းရုံ သက်သက်ပဲ ကုသိုလ်ယူပြီး သူတို့အတွက် ဆုတောင်းပေးမလို့ပါ"

ချန်ရွှင်၏ လေးနက်ခမ်းနားသော အသံသည် ကောင်းကင် အစွန်းတစ်ဖက်သို့ ပဲ့တင်ထပ်သွားသည်။ "ကျေးဇူးပြုပြီး မိတ်ဆွေတို့... ငါတို့ကို မျက်နှာသာ ပေးပါ"

"မွန်း..."

နွားနက်ကြီး ကောင်းကင်ကို မော့ကာ ရှည်လျားစွာ အော်မြည်လိုက်သည်။ ခန္ဓာကိုယ်တစ်ခုလုံးရှိ အမွှေးများ ထောင်ထလာပြီး လရောင်အောက်တွင် တောက်ပသော အလင်းရောင်များ ပြင်းထန်စွာ ထွက်ပေါ်လာကာ အရပ်ဆယ်မျက်နှာကို လွှမ်းခြုံသွားလေသည်။

နွားနက်ကြီး၏ မျက်နှာတွင် သွေးဆာနေသည့်အလား ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်ခု တဖြည်းဖြည်း ပေါ်လာသည်။

'မင်းတို့ ကောင်စုတ်လေးတွေ ကိုယ့်နေရာကိုယ် သိကြစမ်း ငါ့အစ်ကိုကြီးက ရန်သူတွေနဲ့ စကားပြောရင် ဘယ်တော့မှ နောက်ပြောင်လေ့ မရှိဘူးကွ'

အချို့သော ဝိညာဉ်သားရဲများ၏ မျက်ဝန်းများ အလွန်အမင်း မှေးကျဉ်းသွားကြသည်။ ဘာကြောင့်များ မျိုးရိုးဗီဇ သွေးကြောထဲကနေ ဒီလောက် 'ဖိနှိပ်ချယ်လှယ်နိုင်တဲ့ ခံစားချက်' မျိုးကို ခံစားနေရတာလဲ... ဒီနွားနက်ကြီးက တကယ်ပဲ ဘာဝိညာဉ်သားရဲ အမျိုးအစားလဲ။

"ငါ့ရဲ့ မျိုးနွယ်စုဝင်တွေ... မိုင်သုံးရာလောက် နောက်ဆုတ်ကြစမ်း"

"ငါ့ရဲ့ မျိုးနွယ်စုဝင်တွေ... နောက်ဆုတ်ကြ..."

အနက်ရှိုင်းဆုံး နေရာမှ ထိုအသံကြီး ထပ်မံ ထွက်ပေါ်လာပြန်သည်။ အလွန် လေးလံထိုင်းမှိုင်းသော အသံကြီး ဖြစ်သည်။

ဂါး... ဝူး...

ရေခဲမြစ်ကြီး တုန်ခါသွားသည်။ ရှေ့တန်းတွင် နေရာယူထားသော ဝိညာဉ်သားရဲများသည် ထိုအမိန့်ကို စောင့်မျှော်နေကြသည့်အလား ပြင်းထန်စွာ ထွက်ပြေး နောက်ဆုတ်သွားကြလေတော့သည်။

"ကျေးဇူးတင်ပါတယ်"

"လူသား... ကတိကို သေချာ တည်ပါစေ မဟုတ်ရင်တော့ တစ်ဖက်သေတဲ့အထိ တိုက်ပွဲ ဖြစ်သွားလိမ့်မယ်..."

"ဒီအရှင် ကို လာခြိမ်းခြောက်နေတာလား"

"မွန်း"

ချန်ရွှင်နှင့် နွားနက်ကြီးတို့ ရုတ်တရက် ဒေါသ ပေါက်ကွဲသွားကြသည်။ နောက်ကျောဘက် ကောင်းကင်မှ မီးတောက်များ တဟုန်းဟုန်း တောက်လောင်လာပြီး ထိုအထဲတွင် ရစ်ဝဲနေသော ရူးသွပ်ဖွယ် စွမ်းအားများသည် 'ဝိညာဉ်စွမ်းအင်' မဟုတ်တော့ဘဲ အခြား ကမ္ဘာတစ်ခုမှ စွမ်းအားများနှင့် တူနေသည်။

နေရာတစ်ခုလုံး ခြောက်ခြားဖွယ်ကောင်းသော သေမင်းတမန် တိတ်ဆိတ်မှုထဲသို့ ကျရောက်သွားသည်။ အနက်ရှိုင်းဆုံး နေရာမှ ထိုအသံကြီးသည်လည်း လည်ချောင်းတွင် တစ်ခုခု တစ်ဆို့သွားသည့်အလား တိတ်ဆိတ်သွားလေတော့သည်။

ချန်ရွှင် ရေခဲမြစ် အောက်ခြေကို ငုံ့ကြည့်လိုက်သည်။

ထိုနေရာတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ မျက်နှာများ ရှိနေသည်။ အသက်ဓာတ်များ ကင်းမဲ့နေပြီး နတ်အသိ ကို တစ်စုံတစ်ခုက အတင်းအဓမ္မ ချေမွထားသကဲ့သို့ သေဆုံးနေကြသည့် ရုပ်အလောင်းများ ဖြစ်သည်။

သူ ဖြည်းညှင်းစွာ 'သေမင်းအငွေ့အသက်များ ပါဝင်သော တောင်ဖြိုပုဆိန်' ကို ထုတ်ယူလိုက်သည်။ ဒြပ်ငါးပါး စွမ်းအင်နှင့် သေမင်းအငွေ့အသက်များ ရှုပ်ထွေးစွာ ရစ်ပတ်နေသည်။

ဘုန်း... ဒိုင်း...

ကောင်းကင်မှ ထွက်ပေါ်လာသော လောကကြီးကို တုန်လှုပ်စေမည့် ပုဆိန်ခုတ်ချက်ကြီးသည် မြေပြင်ကို ရက်စက်စွာ ခုတ်ပိုင်းချလိုက်လေသည်။ ရေခဲမြစ်ကြီး နှစ်ပိုင်း ကွဲအက်သွားပြီး နက်ရှိုင်းသော ရေခဲအောက်ခြေတွင် နစ်မြုပ်နေသည့် ကျင့်ကြံသူများ၏ ရုပ်အလောင်းများသည် တစ်ခုပြီးတစ်ခု အပေါ်သို့ ပေါ်ထွက်လာကြသည်။

မြောက်ပိုင်းဒေသ အနက်ရှိုင်းဆုံး နေရာတွင် ပုန်းအောင်းနေသော မူလဝိညာဉ် အဆင့် ဝိညာဉ်သားရဲများသည် ကြောက်ရွံ့လွန်းသဖြင့် မျက်ခွံများ တဆတ်ဆတ် တုန်ရီနေကြသည်။ လူသားတွေထဲမှာ ဘယ်အချိန်ကတည်းက ဒီလို ဘီလူးကြီး ပေါ်လာရတာလဲ...

အမှောင်ထုထဲတွင် အရိပ်ကြီးတစ်ခု၏ မျက်လုံးများမှ အပြာရောင် အလင်းတန်းများ လက်ခနဲ ဖြတ်သန်းသွားသည်။ အဝေးတွင် ဖြစ်ပေါ်နေသော ရေခဲမြစ် အက်ကွဲကြောင်းကြီးကို ကြည့်နေသည်။

ထိုအရာသည် မြောက်ပိုင်းဒေသအတွက် သတိပေးချက် တစ်ခု ဖြစ်သည်။ 'ဒီစည်းကို ကျော်တဲ့သူ သေမယ်' ဆိုသော ပြတ်သားသည့် သတိပေးချက်ပင်။

ထိုအရိပ်ကြီးသည် အလွန် မကျေမနပ်ဖြစ်ကာ မျက်နှာ ရှုံ့မဲ့သွားသည်။ ရင်ထဲမှ ပေါက်ကွဲထွက်လာမည့် ဒေါသများကို အသည်းအသန် ဖိနှိပ်ထားရသည်။ ထိုလူနှစ်ယောက်၏ အရှိန်အဝါနှင့် ဖိအားသည် သူတို့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီ ဖြစ်သည်။ အလကား သွားသေခံစရာ အကြောင်း မရှိပေ။

လဝက် ကြာပြီးနောက်။

မြောက်ပိုင်းဒေသတွင် အလွန် ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော နှဲမှုတ်သံများနှင့် အဆက်မပြတ် တီးခတ်နေသော ခေါင်းလောင်းသံများ ပဲ့တင်ထပ်လာသည်။ ထိုအသံသည် အလွန် ကျယ်လောင်လွန်းလှသဖြင့် ရေခဲမြစ် တစ်ခုလုံးတွင် ပဲ့တင်ထပ်နေပြီး အချို့သော ဝိညာဉ်သားရဲများမှာ အသံကျယ်လွန်းသဖြင့် ကြောက်ရွံ့ကာ ရူးသွပ်လုမတတ် ဖြစ်နေကြသည်။

ယင်းမှာ 'ဝိညာဉ်လမ်းပြ တေးသွား' ပင် ဖြစ်ပြီး ဝိညာဉ်သားရဲများကို 'ဒီစည်းကို ကျော်လာခဲ့စမ်း' ဟု စိန်ခေါ်ကာ သေတွင်းထဲသို့ ဆွဲခေါ်နေသကဲ့သို့ပင် ထင်ရသည်။

ထိုအချိန်တွင် ထိပ်သီးဂိုဏ်းကြီး ဆယ်ခု မှ လောကကြီးကို တုန်လှုပ်စေမည့် ကြေညာချက် တစ်ခု နေရာအနှံ့ ထွက်ပေါ်လာသည်။ ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများ မြောက်ပိုင်းဒေသသို့ သွားရောက်၍ ရုပ်အလောင်းများကို ပြန်လည် သယ်ဆောင်ကြရန် ဖြစ်သည်။

မြောက်ပိုင်းဒေသ အတွင်း၌။

ချန်ရွှင်သည် ကျင်းယွီ ၏ ရုပ်အလောင်းကို ပွေ့ချီထားသည်။ သွေးရောင်များ ပျောက်ကွယ်နေပြီး အသားအရေများမှာ ရေခဲကဲ့သို့ ဖြူလျော့နေကာ သူမ၏ မူလဝိညာဉ် မှာလည်း လုံးလုံးလျားလျား ပျက်သုဉ်းသွားခဲ့ပြီ ဖြစ်သည်။ နွားနက်ကြီးသည်လည်း ဝူယွင်ဂိုဏ်း မှ ကျင့်ကြံသူများ၏ ရုပ်အလောင်း အချို့ကို ကျောပိုးထားသည်။ လောလောဆယ် ရှာတွေ့ထားသမျှကား ဤမျှသာ ဖြစ်သည်။

သူတို့သည် လှေပျံပေါ်သို့ တက်ရောက်ကာ ဝူယွင်ဂိုဏ်း နှင့် ကျိုကုန်းတောင် ဆီသို့ ဦးတည် မောင်းနှင်သွားကြသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် မည်သူ့ကိုမျှ အနှောင့်အယှက် မပေးဘဲ မိမိတို့ ကိုယ်တိုင် အခေါင်း အချို့ ပြုလုပ်ကာ သက်ဆိုင်ရာ ဂိုဏ်းများတွင် တိတ်တဆိတ် ထားရစ်ခဲ့ပြီး အသံမထွက်ဘဲ ထွက်ခွာသွားခဲ့ကြသည်။

ကျန်ရွှယ်ချန် သည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရင်ကွဲမတတ် ဝမ်းနည်းပူဆွေးသွားရသည်။ စကားတစ်ခွန်းမျှ မဟနိုင်ဘဲ သူမ၏ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားလေတော့သည်။ ကျင်းယွီဘိုးဘေး၏ ရုပ်အလောင်းကို မည်သူက လာရောက် ပို့ဆောင်ပေးခဲ့သနည်း ဆိုသည်ကို သူမ ကောင်းစွာ သိရှိပါသည်။ ယခု ကျင့်ကြံခြင်းလောကတွင် ထိုကဲ့သို့ လုပ်ဆောင်နိုင်စွမ်းရှိသူမှာ ထို စီနီယာ နှစ်ဦးသာ ရှိတော့သည် မဟုတ်ပါလား။

ထိပ်သီးဂိုဏ်းကြီး ဆယ်ခု မှ အကြီးအကဲ အချို့သည်လည်း မြောက်ပိုင်းဒေသကို ခုတ်ပိုင်းထားသော ထို ရေခဲမြစ် အက်ကွဲကြောင်းကြီးကို မြင်တွေ့လိုက်ရသောအခါ မည်သူ၏ လက်ချက်ဖြစ်ကြောင်း အလိုအလျောက် သဘောပေါက်သွားကြသည်။ ကျန်ရိ သည် ထိုသတင်းကို ကြားသိရသောအခါ သက်ပြင်းရှည်ကြီး ချလိုက်ပြီး ကောင်းကင်သို့ လေးစားစွာ လက်သီးဆုပ်ဦးညွှတ်လိုက်လေသည်။ ထိုသူနှစ်ဦးသည် ကျင့်ကြံခြင်းလောကရှိ ကျင့်ကြံသူ အားလုံး၏ လေးစားဂါရဝပြုမှုကို ခံယူထိုက်သူများ ပင် ဖြစ်ပေသည်။

တစ်နှစ် ကြာပြီးနောက်။ ချန်တိုင်းပြည် ၏ အနောက်ဘက် အစွန်အဖျားရှိ နယ်စပ်မြို့ 'ပိုင်လင်း' ၏ မြို့ပြင်၌။

ယနေ့တွင် နံနက်ခင်း နေရောင်ခြည်သည် ဝိုင်းစက်သော မီးစက်ဝန်းကြီး တစ်ခုကဲ့သို့ ကောင်းကင်သို့ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ မကြာမီ န်းသော မီးစက်ဝန်းကြီး အဖြစ် ပြောင်းလဲသွားကာ ကောင်းကင်သို့ မြင့်တက်သွားပြီး ထောင်သောင်းမကသော ရွှေရောင် အလင်းတန်းများကို ဖြာကျစေလျက် အရာခပ်သိမ်းကို လှပသော နံနက်ခင်း မိုးသောက် အလင်းရောင်ဖြင့် လွှမ်းခြုံထားလိုက်လေသည်။

ကောင်းကင် လွင်ပြင်ကြီး သည် ယခင်ကဲ့သို့ပင် အဆုံးအစမရှိ ခြောက်သွေ့နေဆဲ ဖြစ်ပြီး ပြင်းထန်သော သဲမုန်တိုင်းများသည် အရပ်လေးမျက်နှာသို့ လွင့်ပျံနေကြသည်။ အဆုံးအစမရှိသော ခြောက်ကပ်နေသည့် မြေပြင်ကြီးသာ ရှိလေသည်။

မြို့ပြင်နှင့် ခပ်လှမ်းလှမ်း နေရာတစ်ခုတွင် လှေပျံကြီး တစ်စင်း ရပ်နားထားသည်။ လှေအမြီးပိုင်းရှိ သစ်ပင်ကြီးသည် ၎င်း၏ သစ်ရွက်စွန်းများကို ရွှေရောင် အနည်းငယ် သန်းနေစေပြီး လေပြင်းများ တိုက်ခတ်မှုအောက်တွင် ယိမ်းနွဲ့လှုပ်ရှားနေသည်။

မြို့ထဲတွင် လူများ ပြည့်နှက်နေသည်။ မရေမတွက်နိုင်သော ပြည်သူများသည် အိမ်များထဲမှ ထွက်ပြေးလာကြပြီး မှင်သက်နေသော မျက်နှာများဖြင့် အဝေးကို လှမ်းမျှော်ကြည့်နေကြသည်။ ထို လှေပျံအမြီးပိုင်းရှိ 'သစ်ပင်ကြီး' သည် မြို့ရိုးထက်ပင် အများကြီး မြင့်မားနေသည်ဟု ထင်ရသည်။ ကလေးငယ်များသည် တစ်ခါဖူးမျှ မမြင်ဖူးသော ထူးဆန်းသည့် မြင်ကွင်းကို ကြည့်ကာ ခုန်ပေါက် အော်ဟစ်နေကြသည်။

ထိုအချိန်တွင် ကောင်းကင် အစွန်းဆီမှ မရေမတွက်နိုင်သော အင်မော်တယ်များသည် အလင်းတန်းများ ဖန်တီးကာ ပျံသန်းရောက်ရှိလာကြသည်။ အချို့ဆိုလျှင် လှေပျံကြီးများကို အစွမ်းကုန် အရှိန်တင်ကာ အနောက်ဘက်ဆီသို့ အပြေးအလွှား ရောက်ရှိလာကြသည်။

ကောင်းကင်မှ အောက်သို့ ငုံ့ကြည့်လိုက်မည် ဆိုလျှင်။

ချန်တိုင်းပြည် ကျင့်ကြံခြင်းလောက၏ ပြည်နယ် အသီးသီးမှ သက်တံရောင် အလင်းတန်းများသည် ကောင်းကင်ကို ဖြတ်သန်းကာ ပိုင်လင်းမြို့ဆီသို့ တစ်ခုပြီးတစ်ခု အပြေးအလွှား ဦးတည်သွားနေကြသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ ချန်တိုင်းပြည် သာမက အရှေ့ပိုင်း နိုင်ငံများ၏ ကျင့်ကြံခြင်းလောကမှ လူအုပ်ကြီးများပါ အလုံးအရင်း ရောက်ရှိလာကြသည်။ အချို့က စိုးရိမ်ပူပန်နေကြပြီး အချို့က သိချင်စိတ် ပြင်းပြနေကြကာ အချို့ကမူ အလွန်အမင်း အံ့ဩမှင်သက်နေသော မျက်နှာများဖြင့် မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။

မြေပြင်ပေါ်တွင်လည်း သာမန် ပြည်သူ အများအပြားသည် မြင်းများကို ကြာပွတ်ဖြင့် ရိုက်နှက်ကာ ပြင်းထန်သော ဖုန်လုံးကြီးများ ထစေလျက် အပြေးအလွှား ရောက်ရှိလာကြသည်။ လွှင့်ထူထားသော အလံများပေါ်တွင် 'နင်း' ဟူသော စာလုံးများ တလူလူ လွင့်ပျံနေလေသည်။

ပိုင်လင်းမြို့ အပြင်ဘက်ရှိ လှေပျံကြီးပေါ်တွင် လူရိပ်နှစ်ခု ရပ်နေကြသည်။ သူတို့သည် အလုပ်ရှုပ်နေကြပြီး နေရာအနှံ့ အပြီးသတ် စစ်ဆေးမှုများ ပြုလုပ်နေကြသည်။ ရှေ့ဆက်သွားရမည့် လမ်းခရီးသည် မည်မျှ ဝေးကွာမည်ကို မခန့်မှန်းနိုင်သဖြင့် အနည်းငယ်မျှ လျော့ရဲ၍ မဖြစ်ပေ။

"နွားကြီး... ဟိုအရင်တုန်းက ငါတို့ရဲ့ အဖော်တွေ (ပစ္စည်းတွေ)အကုန်လုံး လှေပေါ် တင်ပြီးပြီမလား"

ချန်ရွှင်သည် လှေဦးပိုင်းတွင် ရပ်လျက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "တောက်... တကယ်ကြီး ထွက်ခွာရမယ့် အချိန် ရောက်ပြီဟေ့"

"မွန်း"

နွားနက်ကြီးသည် ခြေထောက်များကို တဖျပ်ဖျပ် ရိုက်ခတ်ကာ နေရာအနှံ့ ပြေးလွှားနေပြီး အစီအရင်များကို စစ်ဆေးခြင်းနှင့် ကောင်းကင် လွင်ပြင်ကြီး ၏ ဒြပ်ငါးပါး စွမ်းအင် အခြေအနေကို တိုင်းတာခြင်းများ တစ်ပြိုင်နက်တည်း ပြုလုပ်နေသည်။ ရလဒ်များမှာ ကောင်းမွန်ပါသည်။ ဝိညာဉ်စွမ်းအင် ကင်းမဲ့ရာ နယ်မြေ ဖြစ်သော်လည်း ဒြပ်ငါးပါး စွမ်းအင်များမှာမူ အလွန်အမင်း ပေါကြွယ်ဝလှသဖြင့် လှေပျံ၏ စွမ်းအင်အရင်းအမြစ်အတွက် ပြဿနာ မရှိပေ။

"ဟေ့... တောက်... တကယ်ကြီး ထွက်ခွာရတော့မယ်... နွားကြီး... ဒီ ကျင့်ကြံခြင်းလောက နဲ့ တကယ်ကြီး ခွဲခွာရတော့မယ်ဟေ့"

ချန်ရွှင် သည် လေသာဆောင် ပေါ်တွင် ရပ်လျက် အဝေးကို ငေးကြည့်ရင်း မိမိကိုယ်တိုင် ဘာပြောနေမှန်းမသိအောင် ဖြစ်နေလေသည်။ "တောက်... ငါ ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ..."

"မွန်း"

နွားနက်ကြီး ဒေါသတကြီး ပြန်အော်လိုက်သည်။ သူ့မှာ အလုပ်များလွန်း၍ ပြာယာခတ်နေချိန်တွင် ချန်ရွှင် က တောက်လျှောက် အော်ဟစ် နှောင့်ယှက်နေသောကြောင့် ဖြစ်သည်။

ချန်ရွှင်၏ မျက်နှာများ နီရဲလာပြီး ရင်ဘတ်များ အပြင်းအထန် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ "အင်ပါယာနိုင်ငံတော်ကြီး... ကောင်းကင်မြစ် ဘေးက နေရာ... အဲဒီနောက်ကွယ်မှာ ရှိနေတဲ့ ဒဏ္ဍာရီလာ ကမ္ဘာသစ်ကြီး... အား..."

သူသည် ရုတ်တရက် အဝေးသို့ လှမ်း၍ အော်ဟစ်လိုက်သည်။ ကောင်းကင်တွင် သဲမုန်တိုင်းများ လွင့်ပျံနေပြီး ရှေ့ဆက်ရမည့် ခရီးမှာ မှုန်ဝါးဝါး ဖြစ်နေကာ ဘာကိုမှ မမြင်ရပေ။

တစ်နာရီ ကြာပြီးနောက်။

"မွန်း..."

နွားနက်ကြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ စိတ်လှုပ်ရှားလွန်းသဖြင့် ပေါက်ကွဲထွက်တော့မည့်ပုံ ပေါက်နေသည်။ ချန်ရွှင်၏ ကိုယ်ကို အပြင်းအထန် ပွတ်သီးပွတ်သပ် လုပ်နေသည်။ သူ့ကိုယ်ပေါ်တွင် မည်သည့်အကြောင်းကြောင့်မှန်းမသိ ဒယ်အိုး၊ ပန်းကန် အစရှိသော မီးဖိုချောင်သုံးပစ္စည်းများကို ချိတ်ဆွဲထားသေးသည်။

"သောက်ကျိုးနည်း... နွားကြီး ထွက်ခွာမယ်ဟေ့"

"မွန်း"

လူတစ်ယောက်နှင့် နွားတစ်ကောင်တို့ တစ်ပြိုင်နက်တည်း ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြသည်။ ထိုအသံကြီးသည် ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေပြီး သဲမုန်တိုင်းများ ပြင်းထန်စွာ လွင့်ပျံသွားကြသည်။

ဝုန်း... ဝုန်း...

လှေပျံကြီးသည် ကောင်းကင်သို့ ဖြည်းညှင်းစွာ မြင့်တက်လာသည်။ ဒြပ်ငါးပါး စွမ်းအားများ အပြည့်အဝ လည်ပတ်လာပြီး ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော သဲမုန်တိုင်းများကို ဖယ်ရှားပစ်လိုက်သည်။

ကောင်းကင်တွင် နေမင်းကြီးသည် ငြိမ်သက်စွာ ရှိနေပြီး ရောင်ခြည်များ ဖြာကျနေသည်။

ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် လှေပျံ ဘေးဘောင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး တိုက်ခတ်လာသော လေပြင်းများကြောင့် မျက်နှာများ ရှုံ့မဲ့နေကြသည်။ လေပြင်းများက ဝေါခနဲ ညည်းတွားနေသည်။

သူတို့သည် ချန်တိုင်းပြည် ကို ဒီ လူ့လောက ကို ဒီ ကျင့်ကြံခြင်းလောက ကို ရုတ်တရက် နောက်လှည့်ကြည့်လိုက်ကြသည်။ ကြာမြင့်ခဲ့ပြီ။ တောင်ပေါ်ရွာလေး တစ်ရွာမှ ထွက်ပြေးလာခဲ့သော ဘာမှမသိ နားမလည်သည့် လူငယ်လေး တစ်ယောက်နှင့် နွားနက်ကြီး တစ်ကောင်သည် ယခုအခါ ကမ္ဘာလောက၏ တစ်စိတ်တစ်ပိုင်းကို ကိုယ်စားပြုနိုင်သည့် အဆင့်အထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ကြီးမားပြင်းထန်သော လေပြင်းများ အဆက်မပြတ် တိုက်ခတ်နေသည်။ ပိုင်လင်းမြို့ အပြင်ဘက်တွင် ကောင်းကင်ကို ဖုံးလွှမ်းမတတ် ကျင့်ကြံသူများသည် မတ်တပ်ရပ်လျက် အဝေးသို့ ထွက်ခွာသွားသော လှေပျံကြီးကို မှင်သက်စွာ ငေးမောကြည့်ရှုနေကြသည်။ ထိုအရာက တကယ်ပဲ ဘယ်လို ပစ္စည်းမျိုးလဲ...

"ဝူယွင်ဂိုဏ်း သား အားလုံး... ဘိုးဘေး ကို နှုတ်ဆက် လိုက်ပါပို့ဆောင်ပါတယ်"

"ဝူယွင်ဂိုဏ်း သား အားလုံး... ဘိုးဘေး ကို နှုတ်ဆက် လိုက်ပါပို့ဆောင်ပါတယ်"

"ဝူယွင်ဂိုဏ်း သား အားလုံး... ဘိုးဘေး ကို နှုတ်ဆက် လိုက်ပါပို့ဆောင်ပါတယ်"

ရုတ်တရက် ကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအား အားလုံးကို အသုံးပြုထားသော ရူးသွပ်ဖွယ်ရာ အော်ဟစ်သံကြီးများသည် ကောင်းကင် အစွန်းတစ်ဖက်ဆီသို့ ပဲ့တင်ထပ်သွားသည်။

လှေပျံကြီး ဖြတ်သန်းသွားမည့် ကောင်းကင်၏ တစ်နေရာတွင် တန်းစီရပ်နေကြသည်မှာ ဝူယွင်ဂိုဏ်း မှ တပည့်များပင် ဖြစ်သည်။ လျိုဟန်၊ ရှီဝူကျွင်း၊ ဂျီကျောက် သုံးဦးသည် ပူနွေးသော မျက်ရည်များ စီးကျနေပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီလျက် ခေါင်းကို နက်ရှိုင်းစွာ ငုံ့ကာ လက်သီးဆုပ်ဦးညွှတ်လိုက်ကြသည်။

"စန္ဒာဂိုဏ်း သား အားလုံး... စီနီယာတို့ကို နှုတ်ဆက် လိုက်ပါပို့ဆောင်ပါတယ်"

"စန္ဒာဂိုဏ်း သား အားလုံး... စီနီယာတို့ကို နှုတ်ဆက် လိုက်ပါပို့ဆောင်ပါတယ်"

"စန္ဒာဂိုဏ်း သား အားလုံး... စီနီယာတို့ကို နှုတ်ဆက် လိုက်ပါပို့ဆောင်ပါတယ်"

ကောင်းကင်၏ အခြား တစ်နေရာတွင်မူ ကျန်ရွှယ်ချန် သည် မျက်ရည်များ ရောယှက်နေသော အပြုံးကို ပြုံးထားပြီး သူမ၏ အနောက်တွင် အမျိုးသမီး တပည့် ရာပေါင်းများစွာ တန်းစီ ရပ်နေကြသည်။ သူမတို့သည် တဖြည်းဖြည်း မြင့်တက်သွားသော လှေပျံကြီးကို မော့ကြည့်ရင်း ရင်ထဲတွင် အပြင်းအထန် တုန်လှုပ်နေကြသည်။

"စီနီယာတို့ကို နှုတ်ဆက် လိုက်ပါပို့ဆောင်ပါတယ်"

"စီနီယာတို့ကို နှုတ်ဆက် လိုက်ပါပို့ဆောင်ပါတယ်"

"စီနီယာတို့ကို နှုတ်ဆက် လိုက်ပါပို့ဆောင်ပါတယ်"

ကောင်းကင်တွင် ဖြစ်စေ မြေပြင်ပေါ်တွင် ဖြစ်စေ အဆုံးအစမရှိ ပဲ့တင်ထပ်နေသော အသံများသည် အခြားသော အသံများ အားလုံးကို လွှမ်းမိုးသွားလေသည်။ ထိပ်သီးဂိုဏ်းကြီး ဆယ်ခု မှ လူများပင် ထွက်ပေါ်လာကြပြီး သူတို့ အားလုံးသည် အဝေးဆီသို့ ခေါင်းကို နက်ရှိုင်းစွာ ငုံ့ကာ လက်သီးဆုပ်ဦးညွှတ်နေကြသည်။

"ဟားဟားဟားဟား..."

"မွန်း... မွန်း..."

ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် အားရပါးရ ရယ်မောလိုက်ကြပြီး ဤကမ္ဘာလောကတွင် ရှိနေသော လူတိုင်းကို လက်နှစ်ဖက် ဝှေ့ယမ်း ပြလိုက်ကြသည်။

"နှုတ်ဆက်ပါတယ် ရေစက် ပါရင် တစ်နေ့ သေချာပေါက် ပြန်တွေ့ကြတာပေါ့"

ရုတ်တရက် အဝေးမှ ဒေါသတကြီး အော်ဟစ်သံကြီး ပဲ့တင်ထပ်လာသည်။ မူလဝိညာဉ် အဆင့် ကျင့်ကြံသူကြီး၏ ရောက်ရှိလာခြင်းပင်။ ကျန်ရိ သည် မုတ်ဆိတ်မွေးများကို ဆွဲဆွဲငင်ငင်ဖြင့် အော်ဟစ်နေသည်။

"ချန်ရွှင် အနာဂတ် ဟိုဘက်ကမ္ဘာမှာ နာမည်ကြီးလာတဲ့အခါ... မမေ့လိုက်နဲ့ မင်းက ငါတို့ လောကက လူကွ လမ်းခရီး ဖြောင့်ဖြူးပါစေကွာ"

"သေချာတာပေါ့"

ချန်ရွှင်၏ ကျယ်လောင်သော အော်ဟစ်သံ ပြန်လည် ထွက်ပေါ်လာသည်။ ထိုအသံသည် ကောင်းကင်ကို တုန်ခါသွားကာ လူတိုင်း၏ နှလုံးသားကို နက်ရှိုင်းစွာ ရိုက်ခတ်သွားလေသည်။

နွားနက်ကြီးသည် စိတ်လှုပ်ရှားလွန်းသဖြင့် နှာမှုတ်သံများ ဆက်တိုက် ပြုလုပ်နေပြီး အဝေးမှ တွေ့မြင်နေရသော မျက်နှာ တစ်ခုချင်းစီတိုင်းကို မျက်ဝန်းထဲတွင် နက်ရှိုင်းစွာ မှတ်သားထားလိုက်သည်။ နောက်တစ်ကြိမ် ဘယ်တော့ ပြန်လာနိုင်မည်ကို မည်သူမျှ မသိနိုင်ပေ။ လောကကြီးသည် ဤမျှလောက် ကျယ်ပြောလှသော်လည်း သူတို့၏ စိတ်ဝိညာဉ်များကတော့ အဆုံးအစမရှိ ပူနွေးနေဆဲ ဖြစ်သည်။

ဝုန်း... ဝုန်း...

လှေပျံကြီး မြင့်တက်ခြင်း လုံးလုံးလျားလျား ပြီးဆုံးသွားပြီး တိမ်ခိုးများထဲသို့ ကိုယ်ထည်ကို ဖုံးကွယ်သွားလေသည်။ အဝေးမှ လူရိပ်များသည် တဖြည်းဖြည်း သေးငယ်သွားပြီး လူတိုင်းက မျှော်လင့်ချက် ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ဤ လှေပျံကြီး၏ ခရီးထွက်ခွာခြင်းကို လိုက်ပါကြည့်ရှုနေကြသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့၏ ရယ်မောသံများသည် ကောင်းကင်တွင် အချိန်ကြာမြင့်စွာ ပဲ့တင်ထပ်နေလေသည်။

ဘုန်း...

အဝေးရှိ တိမ်ခိုးများထဲတွင် ရုတ်တရက် အပေါက်ကြီး တစ်ခု ပွင့်ထွက်သွားလေသည်။ ဒြပ်ငါးပါး စွမ်းအင်များသည် လှေပျံ ကိုယ်ထည်သို့ စုစည်းသွားပြီး... လှေပျံကြီးသည် မသိရှိနိုင်သော အဝေးဆုံး တစ်နေရာဆီသို့ အရှိန်ပြင်းစွာ ထိုးဖောက်ဝင်ရောက်သွားလေတော့သည်။

အဝေးဆုံး တစ်နေရာဆီသို့... ခရီးစတင်လေပြီ။

All Chapters