အခန်း ၂၁၀
Vol. 12 Ch. 210
အခန်း (၂၁၀)
"နွားကြီး... လာပြီကွ... နတ်အသိကို တိုက်ခိုက်လာတာပဲ"
ချန်ရွှင်သည် မျက်လုံးများကို မှေးစင်းကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"ခုနက နတ်အသိကို ထိုးဖောက်သွားသလို နာကျင်မှုမျိုး... ပြီးတော့ မင်းရဲ့ အစီအရင်ကတောင် မတားဆီးနိုင်တဲ့ အရာ... အကြောင်းရင်းက ဒါပဲ ဖြစ်ရမယ်"
"မွန်း"
နွားနက်ကြီးသည် လေကို ပြင်းပြင်းရှူသွင်းလိုက်သည်။ ဤမျှ အသက်ရှည်စွာ နေထိုင်လာခဲ့သော်လည်း ဤကဲ့သို့သော ဖြစ်ရပ်မျိုးနှင့် ကြုံတွေ့ရသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
သို့သော် 'ကြောက်မက်ဖွယ် ဓားပြ ဝတ်စုံ (အပြည့်အဝ ကာကွယ်ရေး ဝတ်စုံ)' ကို ဝတ်ဆင်လိုက်သည်နှင့် တပြိုင်နက် ထိုလေဆိုးများသည် သူတို့၏ နတ်အသိကို ထပ်မံ၍ ဖောက်ထွင်းနိုင်ခြင်း မရှိတော့ပေ။
လှေအမြီးပိုင်းရှိ ကြိုးကြာဝိညာဉ်သစ်ပင်သည်လည်း ဤလေဆိုးများ၏ တိုက်ခတ်မှုကြောင့် တရှဲရှဲ မြည်ကာ လှုပ်ရှားနေသည်။ မသိလိုက်ဘာသာနှင့် သစ်ပင်တစ်ခုလုံးမှ အလင်းရောင်ဖျော့ဖျော့လေးများ ထွက်ပေါ်လာပြီး ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။
ကောင်းကင်နှင့် မြေကြီးသည် တဖြည်းဖြည်း မည်းမှောင်လာပြီး ဖုန်ဝါများပင် လွင့်ပျံခြင်း မရှိတော့ပေ။
လေဆိုးများ ကြောက်မက်ဖွယ်ကောင်းအောင် တဝဲဝဲ လွင့်ပျံနေသော ကောင်းကင်နှင့် မြေကြီးကြားတွင် လှေပျံကြီး တစ်စင်းသည် ဖြည်းညှင်းစွာဖြင့် အတွင်းပိုင်းသို့ ဝင်ရောက်သွားလေသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ကြိုးကြာခေါင်းပေါ်တွင် ရပ်လျက် အဝေးသို့ လှမ်းကြည့်နေကြပြီး မည်သည့် ကြောက်ရွံ့မှုမျှ မရှိကြပေ။
တစ်လ ကြာပြီးနောက်။
ချန်ရွှင်နှင့် နွားနက်ကြီးတို့၏ မျက်ဝန်းများသည် ပြင်းထန်စွာ တုန်ခါသွားကြပြီး ပါးစပ်များ အဟောင်းသား ဖြစ်သွားကြသည်။
နှစ်တစ်ထောင်တိုင်တိုင် အသက်ရှင်နေထိုင်ခဲ့သော ဤသတ္တဝါကြီး နှစ်ကောင်အား ကြက်သီးမွေးညှင်းထသွားစေပြီး စကားမပြောနိုင်အောင် ဆွံ့အသွားစေသည့် 'တစ်စုံတစ်ရာ' သည် သူတို့၏ မျက်စိရှေ့မှောက်တွင် ပေါ်ထွက်လာခဲ့လေပြီ။
"တကယ်ကြီးလား... မဖြစ်နိုင်တာ"
"မွန်း"
သူတို့နှစ်ဦး၏ အော်ဟစ်သံကြီး ထွက်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် လှေပျံကြီးသည်လည်း ကောင်းကင်၌ ရုတ်တရက် ရပ်တန့်သွားကာ ရှေ့ဆက် မသွားတော့ပေ။
ကောင်းကင်မှ အောက်ဘက်သို့ ငုံ့ကြည့်လိုက်သောအခါ မြေကြီးသည် 'ပြတ်တောက်' နေသည်ကို တွေ့လိုက်ရသည်။
၎င်းသည် နှိုင်းယှဉ်၍မရလောက်အောင် ချောက်ကမ်းပါးကြီး တစ်ခု ဖြစ်နေလေသည်။ အောက်ခြေကို မမြင်ရဘဲ အဆုံးအစမရှိသော လေဆိုးများသည် ဤနက်ရှိုင်းလှသော အမှောင်ထု၏ အောက်ခြေမှ မှုတ်ထုတ်နေခြင်း ဖြစ်သည်။
ကမ္ဘာကြီး၏ အဆုံးသတ်ရှိ ချောက်ကမ်းပါး အစွန်းတွင် ရပ်နေရသကဲ့သို့ပင် ဖြစ်သည်။ တစ်ဖက်ကမ်းသည် မည်သည့်နေရာတွင် ရှိနေသည်ကိုပင် မမြင်ရချေ။
မြေပြင်၏ လမ်းကြောင်းသည် ရုပ်ပိုင်းဆိုင်ရာအရ ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ပြိုင်တူ ပင့်သက်ရှိုက်လိုက်ကြသည်။
အလွန်တရာ အံ့သြဖွယ်ကောင်းလှသော ကောင်းကင်နှင့် မြေကြီး၏ ရှုခင်းပါတကား။ ဤအရာကို မည်သို့ ဖြတ်ကျော်ရမည်နည်း။
ယခုအခါ သူတို့သည် ၎င်း၏ အစွန်းတွင်သာ ရပ်နေကြခြင်း ဖြစ်သည်။ တစ်ဖက်ကမ်းကို မမြင်ရလောက်အောင် ကျယ်ပြောလှပြီး စိတ်ကူး၍မရလောက်အောင် ကြီးမားလွန်းလှသည်။ မည်သည့်နေရာအထိ ဆက်စပ်နေသည်ကိုလည်း မသိနိုင်ပေ။
"နွားကြီး... မှတ်တမ်းတင်ထား... လခွမ်း... မှတ်တမ်းတင်ထား... ပုံဆွဲထား... တကယ်ကြီးလားကွ ဒါကြီးက"
ချန်ရွှင်သည် စိတ်လှုပ်ရှားလွန်းသဖြင့် စကားများ ဗလုံးဗထွေး ဖြစ်ကုန်ပြီး ကြောက်ရွံ့မှုများ အားလုံး ပျောက်ကွယ်သွားလေပြီ။
"အရမ်းမိုက်တာပဲ... အသက်ရှည်ရှည် နေရကျိုးနပ်တာပေါ့ကွာ"
"မွန်း..."
နွားနက်ကြီးသည်လည်း ကြေးခေါင်းလောင်းကဲ့သို့ မျက်လုံးကြီးများကို ပြူးကျယ်ထားကာ ယခုထက်တိုင် တုန်လှုပ်နေဆဲ ဖြစ်သည်။ ယခင်က ချောက်ကမ်းပါးမည်မျှကို မြင်တွေ့ခဲ့ဖူးသနည်း မသိသော်လည်း ဤမျှလောက် နွားဝိညာဉ်ကို တုန်လှုပ်သွားစေသော အလှတရားမျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။
အကယ်၍ သာမန် ကျင့်ကြံသူတစ်ဦးသာ ဤနေရာသို့ ရောက်ရှိလာပါက အစွန်းသို့ပင် ချဉ်းကပ်နိုင်မည် မဟုတ်ဘဲ ထိုလေဆိုးများ၏ တိုက်ခတ်မှုကြောင့် နတ်အသိ ကြေမွကာ ချက်ချင်း သေဆုံးသွားပေလိမ့်မည်။
ချန်ရွှင်သည် တဆတ်ဆတ် တုန်ရီနေသော လက်များဖြင့် ပန်းချီဆွဲသည့် သင်ပုန်းနှင့် စာအုပ်ငယ်လေးကို ထုတ်ယူလိုက်ပြီး နွားနက်ကြီးကလည်း ချန်ရွှင်၏ ပခုံးပေါ် မေးတင်ကာ လိုက်လံ ကြည့်ရှုနေသည်။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော သေမင်းတမန် နေရာကြီးကို ရင်ဆိုင်နေရသော်လည်း သူတို့သည် 'ရှုခင်း ခံစားခြင်း' ကို စတင်နေကြလေပြီ။ ကျင့်ကြံသူများ၏ ပုံမှန် အသိဉာဏ်များကို ကျော်လွန်သွားခဲ့လေပြီ။
ကြောက်မက်ဖွယ် ဓားပြ ဝတ်စုံ၏ ကာကွယ်မှုအောက်တွင် ရှိနေသော သူတို့အတွက်မူ ထိုလေဆိုးများသည် သာမန် လေပြေလေးများသာ ဖြစ်သည်။ ကို အထင်သေးထားကြသည်။
"အို... နတ်အသိကို ဖျက်ဆီးနိုင်တဲ့ စွမ်းအားလား"
ချန်ရွှင်သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိထားမိသွားပြီး မျက်ခုံးပင့်လိုက်သည်။
"နွားကြီး... ကျင်းယွီ ဘယ်လို သေသွားလဲဆိုတာ မင်း မှတ်မိသေးလား"
"မွန်း"
နွားနက်ကြီးသည် ချန်ရွှင်နှင့် မျက်လုံးချင်း ဆုံလိုက်သည်။ ထိုအချိန်က သူတို့သည် ပျက်စီးသွားသော ကျင်းယွိ၏ မူလဝိဉာဉ်ကို သေသေချာချာ စစ်ဆေးခဲ့ကြသည် မဟုတ်ပါလား။
"ပုံမှန်ဆိုရင် ကျင့်ကြံသူရဲ့ မူလဝိဉာဉ်က ခန္ဓာကိုယ်ကို စွန့်ပစ်ပြီး ထွက်ပြေးလို့ ရရမှာ... ဒါပေမဲ့ ကျင်းယွိရဲ့ မူလဝိဉာဉ်မှာ ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ အရိပ်အယောင်တောင် မရှိခဲ့ဘူး"
ချန်ရွှင်သည် လေးနက်စွာ တွေးတောနေပြီး မျက်မှောင်များကို ပိုမို ကြုတ်လိုက်သည်။
"ပြီးတော့ ဟိုညက ငါတို့ မြောက်ဘက်နယ်စပ်ကို သွားတုန်းက... အနက်ရှိုင်းဆုံး နေရာက တစ်ခုခု ထူးဆန်းနေတယ်... တောင်တစ်လုံး ရှိနေတယ် မဟုတ်လား"
နွားနက်ကြီးက နှာမှုတ်သံ ပြုလိုက်သည်။ ထိုစဉ်က သူတို့၏ နတ်အသိဖြင့် အတွင်းပိုင်းကို စူးစမ်းရှာဖွေ၍ မရခဲ့သဖြင့် ထိုနေရာတွင် ဘာရှိနေသည်ကို မသိခဲ့ကြပေ။
သို့သော် ထိုအချိန်က ရည်ရွယ်ချက်မှာ အလောင်းကို ပြန်လည် ယူဆောင်ရန် သက်သက်သာ ဖြစ်ပြီး စစ်ပွဲကြီး ဖြစ်ပွားစေရန် မဟုတ်ပေ။
တစ်ဦး၏ အနိမ့်ဆုံး စည်းကို တစ်ဦးက မကျော်လွန်ဘဲ ဂုဏ်သိက္ခာကို ထိန်းသိမ်းခဲ့ကြသည်။ သို့မဟုတ်ပါက သူတို့ ထွက်ခွာသွားပြီးနောက် ဆုံးရှုံးစရာ မရှိတော့သော မြောက်ဘက်နယ်စပ်ရှိ ဝိညာဉ်သားရဲများသည် ပြင်းထန်စွာ တိုက်ခိုက်လာမည့် အန္တရာယ် ရှိနေသောကြောင့် ဖြစ်သည်။
"အဲဒီညက ငါလည်း အမှန်အတိုင်း ပြောရရင် နည်းနည်းတော့ ယုံကြည်မှု မရှိခဲ့ဘူး... ထားလိုက်ပါတော့ကွာ... သူတို့လည်း တစ်ခုခုကို အသည်းအသန် ကာကွယ်နေခဲ့တာ နေမှာပါ"
ချန်ရွှင်သည် အထင်သေးစွာ နှာခေါင်းရှုံ့လိုက်ပြီး စူးရှသော အကြည့်များကို ပစ်လွှတ်လိုက်သည်။
"တစ်နေ့နေ့ စွမ်းအားတွေ အရမ်း တက်လာတဲ့ အချိန်ကျရင် အဲဒီကို ပြန်သွားပြီး သူတို့နဲ့ 'အကြောင်းအကျိုး' တွေကို သွားပြောပြဦးမယ်... ငါက အနိုင်သေချာတဲ့ပွဲမှ တိုက်တာကွ"
"မွန်း" နွားနက်ကြီးသည် ပြုံးစိစိ ရယ်မောလိုက်သည်။ အစ်ကိုကြီး ပြောတာ မှန်သည်။
"ဒါပေမဲ့ ဒီနေရာက နတ်အသိ စွမ်းအားအပေါ် ကန့်သတ်ချက်က အရမ်းကို ပြင်းထန်လွန်းတယ်... သေချာပေါက် တစ်ခုခု ပုန်းအောင်းနေရမယ်"
ချန်ရွှင်သည် မှောင်မည်းနေသော ချောက်ကမ်းပါးကြီး၏ အောက်ခြေသို့ စိုက်ကြည့်လိုက်သည်။
"ဘယ်လို မိစ္ဆာကောင်တွေ ထွက်လာမလဲ ဆိုတာ မသိနိုင်ဘူး... နွားကြီး... သတိထားပြီး သွားကြမယ်"
နွားနက်ကြီးသည် ပတ်ဝန်းကျင်ကို လိုက်လံ ကြည့်ရှုလိုက်သည်။ နတ်အသိသည် ပတ်ဝန်းကျင် တစ်လီ (မီတာ ၅၀၀ ခန့်)အတွင်း၌သာ ကန့်သတ်ခံထားရပြီး ထို့ထက် ပို၍ ပြန့်ကျက်၍ မရတော့ပေ။
ချန်ရွှင်သည် ပန်းချီသင်ပုန်းနှင့် စာအုပ်ငယ်လေးကို သိုလှောင်အိတ်ထဲသို့ သိမ်းဆည်းလိုက်သည်။ ဤနေရာသည် ထိုမြောက်ဘက်နယ်စပ်မှ ဝိညာဉ်သားရဲများနှင့် တစ်စုံတစ်ရာ ပတ်သက်ဆက်နွှယ်နေနိုင်လေသည်။
"မွန်း..."
နွားနက်ကြီးသည် သာမန် ဝိညာဉ်ဆေးပင် တစ်ပင်ကို ထုတ်ယူကာ တစ်စုံတစ်ရာကို စတင် လေ့လာနေသည်။
"ဘာဖြစ်လို့လဲ နွားကြီး"
"မွန်း"
"ဟင်"
ချန်ရွှင်သည် ရုတ်တရက် နွားနက်ကြီး၏ ကျောပြင်ကို ဘန်းခနဲ ပုတ်လိုက်ပြီး အော်ဟစ်လိုက်သည်။
"နွားကြီး... မင်း ဒါကိုတောင် စဉ်းစားမိတယ်ပေါ့"
နွားနက်ကြီးသည် ချန်ရွှင်ကို စွေစောင်းစောင်း ကြည့်လိုက်သည်။
အစကတည်းက သူတို့ ကောင်းကင်လွင်ပြင်ကြီး သို့ ရောက်ရှိလာရခြင်း၏ ရည်ရွယ်ချက် တစ်ခုမှာ 'မည်သည့်အရာက ဝိညာဉ်စွမ်းအင်များကို တိုက်စားနေသနည်း' ဆိုသည်ကို စုံစမ်းရန် ဖြစ်သည် မဟုတ်ပါလား။
ယခု သူတို့၏ ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်စွမ်းအင် မရှိတော့ပေ။ ထို့ကြောင့် တိုက်စားခံရသည့် ခံစားချက်ကိုလည်း မသိနိုင်ချေ။ သို့ဆိုလျှင် ဝိညာဉ်ဆေးပင်ကို ကိုယ်စားပြု အသုံးပြု၍ စမ်းသပ်ကြည့်ရုံပင် ဖြစ်သည်။
"သောက်ကျိုးနည်း... နွားကြီး မင်းက ဘယ်အချိန်တည်းက ငါ့ရဲ့ သုံးပုံတစ်ပုံလောက် ဉာဏ်ရည်ဉာဏ်သွေးကို ရရှိသွားတာလဲ"
"မွန်း..."
နွားနက်ကြီးသည် ရုတ်တရက် မွန်းခနဲ အော်ကာ ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။ မိမိသည် အတော်လေး ဉာဏ်ကောင်းလာပြီ ဖြစ်ကြောင်း သေချာသွားလေသည်။
လေဆိုးများသည် ဝိညာဉ်ဆေးပင်ပေါ်သို့ တိုက်ခတ်လာသောအခါ ၎င်း၏ ဆေးအာနိသင်များသည် မျက်စိဖြင့် မြင်နိုင်လောက်အောင် လျင်မြန်သော နှုန်းဖြင့် ယိုစိမ့်ထွက်သွားလေသည်။ ဤနှစ်တစ်ရာ သက်တမ်းရှိ ဝိညာဉ်ဆေးပင်သည် တစ်နာရီပင် မပြည့်မီ ဝိညာဉ်စွမ်းအင်များ ဆုံးရှုံးသွားပြီး သာမန် မြက်ပင်ခြောက် တစ်ပင် အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် အချင်းချင်း ကြည့်လိုက်ကြသည်။
ဒုတိယအကြိမ် ထပ်မံ ကြည့်လိုက်ကြပြန်သည်။
တတိယအကြိမ် ဆက်လက် ကြည့်လိုက်ကြပြန်လေသည်။
"ဟူး... သဘောပေါက်ပြီ... ဒါက ဝိညာဉ်စွမ်းအင်ကို တိုက်စားနေတဲ့ တရားခံပဲ"
"မွန်း..."
"နေပါဦး... ငါတို့ ကောင်းကင်လွင်ပြင်ကြီး ပေါ်မှာ ပျံသန်းနေတုန်းက ဒီလို လေဆိုးတွေ မတိုက်ခတ်ခဲ့ပါဘူး... အဲဒီတော့ ဒီအောက်ခြေမှာ 'မူလအရင်းအမြစ်' ရှိနေတယ်လို့ ဆိုလိုတာပေါ့"
"မွန်း..."
နွားနက်ကြီးသည် ခေါင်းကို အဆက်မပြတ် ညိတ်လိုက်သည်။ ဤနေရာသည် မြေအောက်၌ပင် ဝိညာဉ်စွမ်းအင် မရှိတော့ပေ။
"ဖြစ်နိုင်တာက ဒီကနေ ယိုစိမ့်ထွက်လာတဲ့ စွမ်းအားတွေက အချိန်ယူပြီး ကျယ်ပြန့်တဲ့ ဧရိယာကို ဆက်တိုက် လွှမ်းမိုးသွားတာ နေမှာ... ဒီလောက် ခရီးအကွာအဝေး အထိ တိုက်စားနိုင်တယ် ဆိုတော့... ဒီ 'ကောင်းကင် ချောက်ကမ်းပါးကြီး' က ဘယ်လောက်တောင် နှစ်ကာလ ကြာရှည်စွာ တည်ရှိနေခဲ့တာလဲ"
ချန်ရွှင်သည် မနေနိုင်ဘဲ ဆဲရေးလိုက်မိသည်။
" ယုတ္တိမတန်လောက်အောင်ပါပဲ... ကောင်းကင်လွင်ပြင်ကြီး တစ်ခုလုံးက ဒါ့ကြောင့် ဖြစ်လာတာပဲပေါ့"
"မွန်း"
"နွားကြီး... ကောင်းကင်လွင်ပြင်ကြီး ဘယ်လို ဖြစ်တည်လာလဲ ဆိုတာကို ငါတို့ ရှိနေတဲ့ ကျင့်ကြံခြင်းလောကက လူတွေ ဘယ်သူမှ မသိကြဘူး မဟုတ်လား... ရှေးဟောင်း မှတ်တမ်းတွေမှာတောင် ပါမနေဘူးလေ"
"မွန်း"
"အဲဒီတော့ ဒီ 'ကောင်းကင်ပြတ်တောက်' ဆိုတဲ့ နာမည်က ဒီချောက်ကမ်းပါးရဲ့ ဟိုဘက်ကမ်းမှာ ရှိတဲ့ 'အင်အားကြီးနိုင်ငံ' က ပေးထားတဲ့ နာမည် ဖြစ်ရမယ်... အလွန်ကြီးမားတဲ့ ပို့ဆောင်ရေး အစီအရင်ကြီး ကိုတောင်မှ ဒါက ဖြတ်တောက်လိုက်တာပဲ"
ချန်ရွှင်သည် ခေါင်းခါလျက် သက်ပြင်းချလိုက်သည်။
"အရင်တုန်းက ဒီမှာ ဘာတွေများ ဖြစ်ခဲ့တာလဲ မသိဘူး... စိတ်ဝင်စားစရာပဲ"
နွားနက်ကြီးသည်လည်း နောက်ဆုံးတွင် သဘောပေါက်သွားလေသည်။ အင်အားကြီး နိုင်ငံဘက်က ဤကိစ္စကို သိရှိထားပြီး ယခင်က သူတို့ နေထိုင်ခဲ့သော ကျင့်ကြံခြင်းလောကသည် 'စွန့်ပစ်ခံ' ဖြစ်သွားခဲ့ပြီဟု ဆိုလိုခြင်း ဖြစ်သည်။
"နွားကြီး... သွားမယ်... အောက်ခြေအထိ ဆင်းကြည့်ရအောင်... အခြေအနေ မဟန်ရင် ချက်ချင်း ပြေးမယ်"
"မွန်း"
သူတို့နှစ်ဦးသည် လှေပျံကို ချက်ချင်း သိမ်းဆည်းလိုက်ကြသည်။ လှေပျံသည်လည်း သစ်သားဓာတ် မူလဝိဉာဉ် နှစ်ခုကို အသုံးပြု၍ သန့်စင်ခြင်း အဆုံးသတ်သွားပြီဖြစ်ကာ အချိန်ရတိုင်း သဘာဝအဆီအနှစ်များဖြင့် ပြုစုပျိုးထောင်ပေးနေလေသည်။
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ကောင်းကင် ချောက်ကမ်းပါးကြီး၏ အစွန်းတွင် ရပ်လိုက်ကြသည်။ ထိုကြီးကျယ်ခမ်းနားသော မြင်ကွင်းရှေ့တွင် သူတို့၏ ပုံရိပ်မှာ အလွန်တရာ သေးငယ်လွန်းလှပေသည်။
ချောက်နက်ကြီးနှင့်တူသော ချောက်ကမ်းပါးကြီးထဲသို့ ငုံ့ကြည့်လိုက်သည်။ အောက်ခြေမှ လေဆိုးများသည် အဆက်မပြတ် မှုတ်ထုတ်နေပြီး ချောက်နက်ကြီး ဘက်မှလည်း သူတို့ကို ပြန်လည် စိုက်ကြည့်နေသကဲ့သို့ ရှိလေသည်။
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ဟင်းလင်းပြင်ကို နင်းလျက် ချောက်ကမ်းပါးကြီး အတွင်းသို့ ခုန်ချလိုက်ကြသည်။
အတွင်းပိုင်းတွင် နေရောင်ခြည် မရောက်ရှိဘဲ လေဆိုးများ ကြမ်းတမ်းစွာ တိုက်ခတ်နေသည်။ သို့သော် မူလဝိဉာဉ် ကျင့်ကြံသူများ၏ အမြင်အာရုံကိုမူ မည်သို့မျှ ထိခိုက်မှု မရှိပေ။ နတ်အသိ တစ်ခုတည်းသာ ကန့်သတ်ခံရခြင်း ဖြစ်သည်။
"နွားကြီး... ဒါ ဘာကြီးလဲ... မြေကြီး မဟုတ်ဘူးနော်"
ချန်ရွှင်သည် တစ်လှမ်းချင်း ရှေ့တိုးကာ မည်းနက်နေသော နံရံပြင်ကို အကဲခတ် ကြည့်ရှုလိုက်သည်။
"အပြင်လောကနဲ့ ကို ကွဲပြားတဲ့ ကမ္ဘာကြီးပဲ"
နွားနက်ကြီးကလည်း ဘေးသို့ ကပ်လာပြီး နံရံပြင်၏ အနံ့ကို ရှူရှိုက်လိုက်သည်။ ရွှံ့နံ့ မထွက်ပေ။ လေဆိုးများ၏ တိုက်စားမှုကို နှစ်ပေါင်းများစွာ ခံခဲ့ရသဖြင့် အသွင်ပြောင်းသွားသော အမည်မသိ ကျောက်တုံးများနှင့် တူနေလေသည်။
ဘုန်း...
ချန်ရွှင်သည် နံရံပြင်ကို လက်သီးဖြင့် အားကုန် ထိုးချလိုက်ရာ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး ကျိုးပဲ့သွားသော ကျောက်စများသည် အောက်သို့ လိမ့်ဆင်းသွားလေသည်။ သို့သော် အောက်ခြေသို့ ကျရောက်သွားသော ပဲ့တင်သံကိုမူ မကြားရပေ။ ဤနေရာသည် မည်မျှ နက်ရှိုင်းကြောင်းကို စိတ်ကူး၍ပင် မရနိုင်ချေ။
"ဒါ ဘာကြီးလဲ... သတ္တုရိုင်းလား"
"မွန်း"
နွားနက်ကြီးသည် ရုတ်တရက် အလွန်အမင်း ပျော်ရွှင်သွားသည်။ သူနှင့် အစ်ကိုကြီးတို့သည် 'ပိုင်ရှင်မဲ့ သတ္တုကြော' ကို နောက်ဆုံးတော့ ရှာတွေ့သွားပြီလား။
ချန်ရွှင်သည် မျက်လုံးများကို မှေးစင်းကာ ကျိုးပဲ့သွားသော ကျောက်တုံး တစ်တုံးကို ကောက်ယူ၍ စစ်ဆေးလိုက်သော်လည်း လက်ချောင်းဖြင့် ဖွဖွလေး ပွတ်လိုက်သည်နှင့် အမှုန့်များအဖြစ် ပြောင်းလဲသွားလေသည်။
သူ အလွန်အမင်း စိတ်ပျက်သွားမိသည်။
"နွားကြီး... သာမန် ကျောက်ခဲလေးပဲကွ... လေဆိုးတွေရဲ့ တိုက်ခတ်မှုကို နှစ်ပေါင်းများစွာ ခံရလို့ အသွင်ပြောင်းသွားတာ နေမှာပါ"
"မွန်း..."
နွားနက်ကြီးသည် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ ချက်ချင်း ကြီးပွားချမ်းသာမည့် အိပ်မက်လေး လွင့်စင်သွားလေပြီ။
"ဘာမျက်နှာပေးကြီးလဲ"
ချန်ရွှင်သည် မျက်ခုံးပင့်လိုက်ပြီး နွားနက်ကြီးကို ဘန်းခနဲ ပုတ်လိုက်သည်။
"ငါတို့က အခုမှ စပြီး စူးစမ်းရှာဖွေရုံပဲ ရှိသေးတယ်လေ... အခုကတည်းက စိတ်အားလျော့သွားပြီလား"
"မွန်း မွန်း" နွားနက်ကြီးသည် လန့်သွားပြီး မျက်နှာမော့လာသည်။
"ဒီနေရာက ဘယ်သူမှ မပိုင်တဲ့ 'ပိုင်ရှင်မဲ့နယ်မြေ' ဖြစ်တာ သေချာတယ်... ဘယ်လို ရတနာတွေ ပုန်းအောင်းနေမလဲ ဆိုတာ မသိနိုင်ဘူး... အရင်ရတဲ့သူက အနိုင်ပဲဆိုတဲ့ အမြတ်ဆုံး စကားပုံနဲ့အညီ..."
ချန်ရွှင်သည် စကားကို ခေတ္တ ရပ်တန့်လိုက်ပြီး ဝတ်ရုံပေါ်မှ ဖုန်များကို ခါထုတ်ကာ လက်ကို နောက်ပစ်လျက် ကြီးကျယ်ခမ်းနားသော ဟန်ဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်လေသည်။
"နွားကြီးရေ... မင်း 'အနီးစပ်ဆုံး သိမ်းပိုက်တဲ့ နည်းလမ်း' ကို သိလား... ဆိုလိုတာက အနီးစပ်ဆုံး သိမ်းပိုက်လိုက်ရင် ဒီနေရာက ငါတို့ပိုင်တာပဲလို့ ပြောတာ"
"မွန်း" နွားနက်ကြီး မျက်လုံးများ ပြူးကျယ်သွားသည်။ "မွန်း မွန်း မွန်း"
"ဟဲဟဲ... နှစ်ပေါင်း နှစ်ထောင်တောင် ရှိပြီနော်... အတိတ်က ကျင့်ကြံသူတွေက ငါတို့ကို ဘယ်လို ဆက်ဆံခဲ့လဲ... သံအဆီအနှစ် အပိုင်းအစလေး တစ်ခုတောင် မကောက်ဖူးခဲ့ဘူး... လခွမ်း"
ချန်ရွှင်သည် ရုတ်တရက် ဒေါသပေါက်ကွဲသွားပြီး ချက်ချင်းပင် လွမ်းဆွေးသော မျက်နှာထား ဖြစ်သွားပြန်သည်။
"ဒါပေမဲ့ အခုတော့ ကောင်းကင်ဘုံက နောက်ဆုံးတော့ ငါတို့ဘက်ကို ပါလာခဲ့ပြီ... ငါတို့ရဲ့ ရိုသေကိုင်းရှိုင်းတဲ့ ဆုတောင်းသံတွေ ရောက်သွားပြီပေါ့... ဒီမှာရှိတဲ့ အရာအားလုံးက ငါတို့ပိုင်တာတွေချည်းပဲ... လာနှောင့်ယှက်တဲ့ကောင်တွေကို အကုန် သတ်ပစ်မယ်"
"မွန်း"
နွားနက်ကြီးသည် ကောင်းကင်ကို မော့ကြည့်ကာ ရှည်လျားစွာ အော်ဟစ်လိုက်ပြီး ချန်ရွှင်၏ ကိုယ်ပေါ်သို့ အဆက်မပြတ် ပွတ်သီးပွတ်သပ် လုပ်လိုက်လေသည်။
အစ်ကိုကြီး... အဲဒီ 'အနီးစပ်ဆုံး ဂဏန်းယူတဲ့ နည်းလမ်း' ကို ကျွန်တော့်ကိုလည်း သင်ပေးပါဦး... အစ်ကိုကြီးဆီက ဒီလိုမျိုး သင်ပေးတာ ပထမဆုံးအကြိမ်ပဲ။
"ဟားဟားဟား... နွားကြီးရေ... ငါ့နောက်ကို သေချာ လိုက်ခဲ့... ငါ့ဆီမှာ ထုတ်သုံးစရာတွေ ဒီလောက်လေးတင် မကသေးဘူး... သင်ယူစရာတွေ အများကြီး ရှိသေးတယ်ကွ"
"မွန်း"
နွားနက်ကြီးသည် ပျော်ရွှင်လွန်းသဖြင့် တုန်ရီသွားပြီး ချန်ရွှင်က သူ၏ ခေါင်းကို ဖက်ထားလျက် နှစ်ဦးသား လေလုံးမိုးလုံးများ အဆက်မပြတ် ထွားကာ ချောက်နက်ကြီးထဲသို့ ဖြည်းညှင်းစွာ ဆင်းသက်သွားကြလေသည်။
ဤနေရာသည် ဝိညာဉ်စွမ်းအင်လည်း မရှိ၊ နတ်အသိလည်း အသုံးပြု၍ မရသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများ၏ သင်္ချိုင်းမြေ ဖြစ်ပြီး ကျင့်ကြံခြင်းလောက တစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သော စစ်မှန်သည့် 'အလွန် ကြောက်မက်ဖွယ်ကောင်းသော နယ်မြေ' ပင် ဖြစ်လေသည်။
သို့သော် ဤလူတစ်ယောက်နှင့် နွားတစ်ကောင်သည် အပန်းဖြေခရီး ထွက်နေသကဲ့သို့ ရံဖန်ရံခါ နံရံများကို တွေ့ရာကျပန်း ထိုးကြိတ်လိုက်၊ ကျောက်တုံးများကို ကောက်ယူ၍ အကဲဖြတ်လိုက်ဖြင့် အလျင်လိုသည့်ဟန် အလျဉ်းမရှိဘဲ အေးအေးဆေးဆေး ဆင်းသက်သွားကြလေသည်။