← Chapters

အခန်း ၂၁၂

Vol. 12 Ch. 212

အခန်း ၂၁၂

Vol. 12 Ch. 212

အခန်း (၂၁၂)

"နွားကြီး... လာတာ မှန်သွားတယ်ကွ"

ချန်ရွှင်သည် တဟားဟား ရယ်မောလိုက်သည်။ ပတ်ဝန်းကျင်တွင် သူတို့ ထုတ်လွှတ်ထားသော အလင်းရောင်များဖြင့် ပြည့်နှက်နေပြီး စူးရှထိန်လင်းသော မီးလုံးကြီးများ လေထဲတွင် ဝဲပျံနေကြသည်။

"မွန်း..."

နွားနက်ကြီး၏ မျက်လုံးများလည်း အရောင်တောက်နေသည်။ ဤကျောက်တုံးများကို ဝယ်ယူမည့် ကျင့်ကြံသူ ရှိမရှိ မသိရသော်လည်း အဖိုးတန် ရတနာများဖြစ်ကြောင်း သေချာလှသည်။

"ဟင်... ဘာလို့ အရိုးစုတွေ အများကြီး ပြန့်ကျဲနေတာလဲ"

"မွန်း..."

သူတို့နှစ်ဦး ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ မြေပြင်ပေါ်တွင် ကြီးမားလှသော အရိုးစုကြီးများစွာ ပြန့်ကျဲနေသည်ကို တွေ့လိုက်ရသည်။ အချို့မှာ တောင်ကုန်းငယ်တစ်ခုစာခန့် ရှိပြီး လူသားများ၏ အရိုးများ မဟုတ်ဘဲ ဝိညာဉ်သားရဲများ၏ အရိုးများ ဖြစ်ကြောင်း သိသာလှသည်။

ချန်ရွှင် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ ဤနေရာအထိ ဆင်းလာသည့်တစ်လျှောက် သက်ရှိသတ္တဝါ တစ်ကောင်မျှ မတွေ့ခဲ့ရဘဲ ဤအရိုးစုများက မည်သည့်နေရာမှ ရောက်လာသနည်း။

ဝုန်း...

ချန်ရွှင်သည် ဟင်းလင်းပြင်ထဲမှနေ၍ မြေပြင်ပေါ်သို့ လေးလံစွာ ကျဆင်းလာသည်။ မြေပြင်သည်လည်း နံရံများကဲ့သို့ပင် မည်းနက်နေပြီး ပုံမှန်မဟုတ်ဘဲ အလွန်မာကျောသော ကျောက်တုံးများဖြင့် ဖွဲ့စည်းထားသည်။ နွားနက်ကြီးလည်း သူ၏ အနောက်မှနေ၍ ခုန်ဆင်းလာသည်။ မြေပြင်သို့ ကျဆင်းလာသော တုန်ခါမှုကြောင့် ပတ်ဝန်းကျင်ရှိ အရိုးစုများသည် ချက်ချင်း ပြိုကျကြေမွသွားပြီး ပြာများအဖြစ် ပြောင်းလဲကာ ပျက်သုဉ်းသွားလေသည်။

လူတစ်ယောက်နှင့် နွားတစ်ကောင်တို့၏ မျက်နှာများ ပျက်သွားကြသည်။ ဘာဖြစ်တာလဲ၊ ငါတို့ ဒီနေရာကို မလာသင့်ဘူးလို့ ပြောချင်တာလား။

ကောင်းကင် ချောက်ကမ်းပါးကြီး၏ အောက်ခြေသည် မျက်စိတစ်ဆုံး မှောင်မည်းနေသည်။ သို့သော် နေရာအနှံ့မှ မှုန်ဝါးသော အလင်းရောင်များ ယိုစိမ့်ထွက်ပေါ်နေပြီး ထိုကြောက်မက်ဖွယ်ကောင်းသော လေဆိုးများကို အဆက်မပြတ် ဖန်တီးပေးနေလေသည်။

"နွားကြီး... ဟို အလင်းရောင် ထွက်နေတဲ့ နေရာတွေ အားလုံးမှာ သတ္တုရိုင်းတွေ ရှိတယ်ကွ... တစ်ခုမှ မကျန်အောင် အကုန် သိမ်းမယ်"

"မွန်း"

နွားနက်ကြီး ခေါင်းညိတ်လိုက်ပြီး မြေပြင် အနှံ့အပြားကို လိုက်လံ ကြည့်ရှုလိုက်သည်။ ထိုနေရာများတွင် အရွယ်အစား မျိုးစုံရှိသော သတ္တုရိုင်းများ မြှုပ်နှံထားလျက် ရှိသည်။ သေးငယ်သော အရာများသည် ကျောက်စိမ်းများကဲ့သို့ ဖြစ်ပြီး ကြီးမားသော အရာများသည် ကျောက်တုံးကြီးများကဲ့သို့ ဖြစ်နေသည်။ ချန်ရွှင်သည် အကြည့်များကို နေရာအနှံ့ ပို့လွှတ်လိုက်ပြီး တစ်စုံတစ်ယောက် ကျကျန်ရစ်ခဲ့သော သိုလှောင်အိတ် သို့မဟုတ် သိုလှောင်လက်စွပ်များ ရှိမရှိ လိုက်လံ ရှာဖွေနေလေသည်။ ယခင်က ဤနေရာသို့ သက်ရှိများ ရောက်ရှိခဲ့ဖူးပါက အတိတ်ကာလက ယခုလောက် ကြောက်စရာကောင်းသော နေရာတစ်ခု ဖြစ်ခဲ့မည် မဟုတ်ပေ။ ဤသတ္တုရိုင်းများမှ ထွက်ပေါ်နေသော လေဆိုးများသည်လည်း နှစ်ပေါင်းများစွာ ကြာမြင့်လာသည်နှင့်အမျှ စုဆောင်းမိလာခြင်း ဖြစ်တန်ရာသည်။

သို့သော် ယခုအချိန်တွင်မူ ဤနေရာကို မထိတွေ့သင့်ပေ။ လေဆိုးများ၏ ပြင်းအားသည် သာမန်မဟုတ်သောကြောင့် ဖြစ်သည်။

"မွန်း... မွန်း..."

ရုတ်တရက် အနည်းငယ် ဝေးသော နေရာတွင် ရှိနေသည့် နွားနက်ကြီးထံမှ အော်ဟစ်သံ ထွက်ပေါ်လာသည်။

"ဘာဖြစ်လို့လဲ နွားကြီး"

ချန်ရွှင် ခြေတစ်လှမ်း လှမ်းလိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် နွားနက်ကြီး၏ ရှေ့သို့ ရောက်ရှိသွားသည်။ ပတ်ဝန်းကျင်တွင် သိုလှောင်အိတ်၊ သိုလှောင်လက်စွပ် တစ်ခုမျှ မရှိပေ။ အရိုးစုများကို ထိလိုက်လျှင်လည်း ပြာကျသွားရုံသာ ရှိသည်။ သို့သော် ဤမျှ ကြီးမားလှသော ဝိညာဉ်သားရဲ အရိုးစုကြီးများကို ကြည့်ရင်း ချန်ရွှင်သည် မူလဝိညာဉ် အဆင့် ဝိညာဉ်သားရဲများကို အလိုလို တွေးတောမိသွားသည်။ မြောက်ပိုင်းဒေသတွင် တွေ့ခဲ့ရသော အလွန်ကြီးမားသော ဝိညာဉ်သားရဲကြီးများနှင့် အရွယ်အစားချင်း တူညီနေသည်။ ဝိညာဉ်သားရဲများ၏ ကျင့်ကြံခြင်း လမ်းစဉ်သည် လူသားများနှင့် အလွန် ကွာခြားလှသည်။ ခန္ဓာကိုယ်ကို အဓိကထား ကျင့်ကြံသူများ ရှိသလို၊ မျိုးဆက်သွေးမှ ဆင်းသက်လာသော ကျင့်စဉ်များကို ကျင့်ကြံသူများလည်း ရှိသည်။ သို့သော် အားလုံးသည် ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ မိမိကိုယ်ကို သန်မာအောင် လေ့ကျင့်ကြသည်မှာ အတူတူပင် ဖြစ်သည်။

ခန္ဓာကိုယ် ပိုကြီးလေ၊ စွမ်းအား ပိုကြီးလေပဲ။

သူတို့ နေထိုင်ခဲ့ဖူးသော ကျင့်ကြံခြင်းလောကတွင် ဝိညာဉ်သားရဲများကို ထိုသို့ သတ်မှတ်ထားကြသည်။ ခန္ဓာကိုယ် အရွယ်အစား ကြီးမားလေလေ စွမ်းအား ပိုမို ကြီးမားလေလေ ဖြစ်သည်။ လူသားအသွင် ပြောင်းလဲခြင်း ဆိုသည်မှာ မလိုအပ်သော အလုပ်တစ်ခုသာ ဖြစ်ပြီး ထိုကဲ့သို့သော အကြောင်းအရာကို ချန်ရွှင် တစ်ခါမျှ မကြားဖူး၊ မမြင်ဖူးပေ။ အခြားတစ်ဖက်တွင် မိစ္ဆာသားရဲ ဆိုသည်မှာ ဝိညာဉ်သားရဲများနှင့် လူသားများအတွက် သားကောင် သက်သက်သာ ဖြစ်သည်။ ၎င်းတို့သည် ဉာဏ်ရည် နိမ့်ပါးပြီး ယဉ်ကျေးမှု မရှိကြဘဲ သဘာဝဗီဇ အတိုင်းသာ ရှင်သန် ကြီးထွားကြသည်။ ရွှေအမြုတေအဆင့်သို့ တက်နိုင်ခြင်းပင် အလွန် ရှားပါးလှပေသည်။ သို့သော် ဝိညာဉ်သားရဲ များတွင် မျိုးနွယ်စု အသိုင်းအဝိုင်းများ ရှိပြီး ဉာဏ်ရည်ဉာဏ်သွေး မြင့်မားကြကာ လူသားများနှင့် တန်းတူရည်တူ မဟာမိတ်များ ဖြစ်လာနိုင်ကြသည်။

ချန်ရွှင်သည် ယခင်က သားရဲထိန်းကျောင်းခြင်းဂိုဏ်း သို့ သွားရောက်ခဲ့စဉ်က ရွှေအမြုတေအဆင့် ဝိညာဉ်သားရဲ အချို့ကို တွေ့မြင်ခဲ့ရပြီး ချီစွမ်းအင် စုစည်းခြင်းအဆင့် နှင့် အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်များသည် ၎င်းတို့အား လေးစားစွာ အရိုအသေ ပေးကြသည်ကို မြင်တွေ့ခဲ့ရသည်။ သားရဲထိန်းကျောင်းခြင်းဂိုဏ်း ၏ တောင်စောင့်ဝိညာဉ်သားရဲကြီးမှာ မူလဝိညာဉ် အဆင့် ရှိသော လိပ်ကြီး တစ်ကောင် ဖြစ်သော်လည်း အိပ်မောကျနေသည်ဟု ကြားရသဖြင့် မနှောင့်ယှက်ပေ။ တောင်ပိုင်းဒေသတွင် ရှိသည်ဆိုသော မိစ္ဆာကောင်ကြီး များကို ချန်ရွှင် မမြင်ဖူးခဲ့သော်လည်း ထိပ်သီးဂိုဏ်းကြီး ဆယ်ခု ၏ မှတ်တမ်းများတွင်မူ "မိစ္ဆာသားရဲများ ကျင့်ကြံအားထုတ်ပြီးနောက် မိစ္ဆာကောင်ကြီးများ ဖြစ်လာသည်" ဟု ရေးသားထားလေသည်။

ထိုအကြောင်းကို မြင်တွေ့ရချိန်က သူတို့နှစ်ဦးမှာ အထင်သေးစွာ ခပ်ဟဟ ရယ်မောခဲ့ကြသေးသည်။ ဝံပုလွေနီလေးက မိစ္ဆာကောင်ကြီး ဖြစ်လာမည့် ပုံကို သူတို့ စိတ်ကူးမယဉ်နိုင်ပေ။ ရယ်စရာကောင်းလွန်းလှသည်။ ထို့အပြင် အကယ်၍ မိစ္ဆာကောင်ကြီးများ အမှန်တကယ် ရှိနေလျှင်ပင် ၎င်းတို့သည် လူသားများအပေါ် စိတ်ဝင်စားခြင်း မရှိကြပေ။ လူတိုင်း ကိုယ်ရေးကိုယ်တာ ကိစ္စများဖြင့်သာ အလုပ်ရှုပ်နေကြသည်။ အကြောင်းပြချက် မရှိဘဲ လူသားများ၏ မြို့ရွာများသို့ ရောက်ရှိလာကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့် ဖြစ်ရပ်မျိုး သမိုင်းတစ်လျှောက်တွင် တစ်ခါမျှ မဖြစ်ပွားခဲ့ဖူးပေ။

"မွန်း..."

နွားနက်ကြီး၏ အော်မြည်သံကြောင့် ချန်ရွှင်၏ အတွေးများ လက်တွေ့လောကသို့ ပြန်လည် ရောက်ရှိလာသည်။ နွားနက်ကြီးသည် ခွာတစ်ဖက်ဖြင့် မြေပြင်ကို ညွှန်ပြကာ ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှကို လက်ဟန်ခြေဟန်ဖြင့် အသည်းအသန် ရှင်းပြနေလေသည်။

"နွားကြီး... မင်း... ဒြပ်ငါးပါး စွမ်းအားနဲ့ ဒီကျောက်တုံးကို 'ခွဲခြမ်းစိတ်ဖြာ' လိုက်တာလား... နှမြောစရာကြီးကွာ"

ချန်ရွှင်သည် တဟားဟား ရယ်မောလိုက်ပြီး နွားနက်ကြီး၏ ကျောကို ပုတ်လိုက်သည်။

"နွားကြီးရာ... ဒါက ကောင်းကင်နဲ့မြေကြီးက ပေးသနားထားတဲ့ ရတနာတွေကွ... ငါတို့က ဒီသတ္တုတွင်းရဲ့ ပိုင်ရှင်တွေပဲလေ... တစ်တုံးလောက် ဆုံးရှုံးသွားရင်တောင် အရှုံးကြီး ရှုံးတာပေါ့"

နွားနက်ကြီးသည် ထိုစကားကို ကြားသောအခါ လန့်သွားပြီး မဟုတ်ရပါဘူးဟု အသည်းအသန် ရှင်းပြလေသည်။ လွန်ခဲ့သော နှစ်လခန့်က ဤကျောက်တုံးကြောင့် ချန်ရွှင် ဒဏ်ရာရခဲ့သည်ကို ဒေါသထွက်သဖြင့် လက်စားချေလိုက်ခြင်းသာ ဖြစ်ကြောင်း ဆိုလေသည်။ ထိုအကြောင်းကို ကြားလိုက်ရသောအခါ ချန်ရွှင် အံ့အားသင့်သွားပြီး ဘာစကားမျှ မဆိုတော့ဘဲ အပြုံးလေးဖြင့် ခေါင်းကိုသာ အကြိမ်ကြိမ် ညိတ်ပြလိုက်လေသည်။ နွားနက်ကြီးက ဆက်လက်၍ အစောပိုင်းက သူ၏ တွေ့ရှိချက်ကို ရှင်းပြနေသည်။

ဤသတ္တုရိုင်းများကို ဖျက်ဆီးပစ်ခြင်း နှင့် ခွဲခြမ်းစိတ်ဖြာခြင်း တို့သည် အဓိပ္ပာယ် ကွဲပြားခြားနားလှသည်။ ဖျက်ဆီးလိုက်မည် ဆိုပါက ၎င်းတို့၏ စွမ်းအားများသည် ကောင်းကင်နှင့်မြေကြီးထံသို့သာ ပြန်လည် ရောက်ရှိသွားမည် ဖြစ်သည်။ သို့သော် ယခုလေးတင် ဒြပ်ငါးပါး စွမ်းအားဖြင့် ခွဲခြမ်းစိတ်ဖြာလိုက်သောအခါ ကျောက်တုံးမှ ထွက်ပေါ်လာသော မှုန်ဝါးသည့် အလင်းရောင်များကို ဒြပ်ငါးပါး စွမ်းအားက ဖမ်းဆီးထိန်းချုပ်လိုက်ပြီး ခွဲခြမ်းစိတ်ဖြာမှု လုပ်ငန်းစဉ် ပြီးဆုံးသွားသည်နှင့် ထူးဆန်းသော စွမ်းအားတစ်ရပ် အဖြစ် ပြောင်းလဲသွားကာ နွားနက်ကြီး၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူသွားကြောင်း ဆိုလေသည်။

"တကယ်ကြီးလား... တကယ်ပြောတာလား နွားကြီး... မင်း ဘယ်တုန်းက ငါ့ရဲ့ ငါးပုံတစ်ပုံလောက် ဉာဏ်ကောင်းသွားတာလဲကွ"

ချန်ရွှင် မျက်လုံးများ ပြူးကျယ်သွားပြီး တမင်သက်သက် အံ့သြချီးကျူးသည့် အမူအရာကို ပြုလုပ်လိုက်သည်။

"ငါတို့ရဲ့ ဒြပ်ငါးပါး ခွဲခြမ်းစိတ်ဖြာခြင်း စွမ်းအား က နတ်အသိကို ဖျက်ဆီးနိုင်တဲ့ ထူးဆန်းတဲ့ စွမ်းအားကို ဖမ်းဆီးထိန်းချုပ်ပြီးတော့ ကောင်းကင်နဲ့မြေကြီးဆီကို အလဟဿ ပြန်မရောက်သွားစေဘဲ ကိုယ်ထဲကို စုပ်ယူလို့ ရတယ်ပေါ့"

"မွန်း... မွန်း..."

နွားနက်ကြီးသည် ပါးစပ်ကြီးဟကာ ရယ်မောလိုက်ပြီး ချန်ရွှင်၏ ပခုံးကို ပုတ်လိုက်သည်။ အစ်ကိုကြီး၏ ချီးကျူးမှုကို ခံရသဖြင့် သူ အလွန် ပျော်ရွှင်နေမိသည်။

"ဒီလိုကိုး... ဒီနေရာက ဝိညာဉ်စွမ်းအင်နဲ့ နတ်အသိကို တိုက်စားနိုင်ပေမဲ့ ဒြပ်ငါးပါး စွမ်းအင်ကိုတော့ မတိုက်စားနိုင်ဘူးပဲ"

ချန်ရွှင်သည် မေးစေ့ကို ပွတ်သပ်ရင်း လေးနက်စွာ စဉ်းစားခန်း ဝင်လေသည်။

"ဒါက တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက် ဖြစ်နေတဲ့ သဘောပဲ... ကောင်းပြီ နွားကြီး... ငါတို့ စမ်းသပ်မှု ဆက်လုပ်မယ်... စာအုပ်လေး ထုတ်စမ်း"

သေချာစွာ ပြောရမည် ဆိုလျှင် ဆန့်ကျင်ဘက် ဖြစ်နေခြင်းမျိုး မဟုတ်ဘဲ တစ်ခုနှင့်တစ်ခု လွှမ်းမိုး၍ မရခြင်းသာ ဖြစ်သည်။ သို့သော် လောကကြီးတွင် ချန်ရွှင်နှင့် နွားနက်ကြီးတို့ကဲ့သို့ ဒြပ်ငါးပါး အင်မော်တယ်လမ်းစဉ်ကို ကျင့်ကြံသော သဘာဝလွန် သတ္တဝါများ ပေါ်ထွက်လာလိမ့်မည်ဟု မည်သူကများ ကြိုတင် ခန့်မှန်းနိုင်ခဲ့ပါမည်နည်း။ သူတို့သည် ဒြပ်ငါးပါး စွမ်းအင်ကို ဒြပ်ငါးပါး စွမ်းအား အဖြစ် အဆင့်မြှင့်တင်လိုက်နိုင်ခြင်းကြောင့် ဤဆန့်ကျင်ဘက် ကွင်းဆက်ကြီးသည် အလိုအလျောက် ပြီးပြည့်စုံစွာ ဖွဲ့စည်းဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်လေသည်။

"မွန်း... မွန်း..."

နွားနက်ကြီးသည် ခေါင်းကို လေးလေးနက်နက် ညိတ်ပြလိုက်သည်။ စောစောက ထူးဆန်းသော စွမ်းအားသည် သေချာစွာ ခံစားခွင့်ပင် မရလိုက်ဘဲ ခန္ဓာကိုယ်ထဲသို့ စုပ်ယူသွားခြင်း ခံလိုက်ရသဖြင့် မည်သို့သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာမည် ဆိုသည်ကိုမူ သူ မသိသေးပေ။ ချန်ရွှင်သည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ သိုလှောင်အိတ်ထဲမှ အရွယ်အစား မျိုးစုံရှိသော သတ္တုရိုင်းများ မြေပြင်ပေါ်သို့ ဒလိမ့်ခေါက်ကွေး ကျဆင်းလာကြသည်။

"နွားကြီး... အလုပ်စမယ်"

"မွန်း"

စကားဆုံးသည်နှင့် တပြိုင်နက် သူတို့၏ ခန္ဓာကိုယ်များမှ ဒြပ်ငါးပါး နတ်အလင်းတန်းများ ဖြာထွက်လာပြီး သတ္တုရိုင်းတောင်ကြီးကို လွှမ်းခြုံသွားလေသည်။

ဖြောက်... ဖြောက်...

သတ္တုရိုင်းများအတွင်းမှ မှုန်ဝါးသော အလင်းရောင်များသည် အပြင်းအထန် တဖျတ်ဖျတ် လက်လာကြသည်။ အလွန်အမင်း ပြင်းထန်သော နှိုးဆွမှုကို ခံလိုက်ရသကဲ့သို့ ရုန်းကန်လှုပ်ရှားကာ အသည်းအသန် ခုခံနေသည့်ဟန် ရှိလေသည်။

"ဟိုး... အခြေအနေ ကောင်းတယ်ဟေ့"

ချန်ရွှင်၏ မျက်ဝန်းများထဲတွင် စူးရှသော အလင်းတန်းများ လင်းလက်သွားသည်။ သူကိုယ်တိုင်လည်း ထူးဆန်းသော စွမ်းအားအချို့ မိမိ၏ နတ်အသိထဲသို့ စိမ့်ဝင်ပျော်ဝင်သွားသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရလေသည်။

"မွန်း..."

နွားနက်ကြီးသည်လည်း သာယာယစ်မူးနေသော မျက်နှာထား ဖြစ်သွားသည်။ ဤထူးဆန်းသော စွမ်းအားတွင် ယခင်ကကဲ့သို့ နတ်အသိကို တိုက်ခိုက်တတ်သော ရက်စက်ကြမ်းကြုတ်မှုမျိုး မရှိတော့ပေ။ ဒြပ်ငါးပါး စွမ်းအားကို ကြားခံအဖြစ် အသုံးပြု၍ သန့်စင်လိုက်ပြီးနောက် ၎င်းသည် မိမိ၏ ကိုယ်ပိုင်စွမ်းအားအဖြစ် ပြန်လည် ဖြည့်တင်းပေးနေခြင်း ဖြစ်သည်။

"ခစ်... ခစ်... ခစ်..."

"မွန်း..."

ကောင်းကင် ချောက်ကမ်းပါးကြီး၏ အောက်ခြေတွင် အလွန်တရာ ကောက်ကျစ်ဆိုးယုတ်ပြီး ကြောက်မက်ဖွယ်ကောင်းသော ရယ်မောသံ နှစ်ခု ပဲ့တင်ထပ်သွားလေသည်။ ပတ်ဝန်းကျင်တွင် မရေမတွက်နိုင်သော မီးလုံးကြီးများ လေထဲတွင် ဝဲပျံနေကြပြီး ထိုမီးရောင်များက အရိပ်မည်း နှစ်ခုကို ပိုမို၍ ကြောက်မက်ဖွယ် ကောင်းအောင် ပုံဖော်ပေးနေသည်။ ယခုအချိန်တွင် သူတို့အတွက်မူ ထိုလေဆိုးကြီးများပင်လျှင် လိမ္မာယဉ်ကျေးပြီး ချစ်စရာကောင်းသည့်အလား ထင်မှတ်နေရသည်။ မြေပြင်ပေါ်တွင် ခွဲခြမ်းစိတ်ဖြာထားသော ကျောက်မှုန့်များ စုပုံနေပြီး လေဆိုးများနှင့်အတူ ကောင်းကင်သို့ လွင့်ပျံသွားကြလေသည်။

မှန်ပေသည်၊ သတ္တုရိုင်းများသည် ကြီးမားလှပြီး ဝိညာဉ်ပျက်သုဉ်းခြင်း စွမ်းအား မှာလည်း အလွန် အစွမ်းထက်လှသော်လည်း ၎င်းတို့ကို ခွဲခြမ်းစိတ်ဖြာပြီး အသုံးပြုနိုင်သည်မှာ စွမ်းအား အနည်းငယ်မျှသာ ရှိပေသည်။ လက်ရှိအချိန်တွင် သူတို့နှစ်ဦးထံ၌ သိသာထင်ရှားသော ပြောင်းလဲမှုများ မရှိသေးပေ။ သို့သော် အန္တရာယ် မရှိပါက ၎င်းသည် သေချာပေါက် အရာကောင်း တစ်ခုပင် ဖြစ်သည်။

ကျင့်ကြံခြင်းလောကမှာ အနှစ်နှစ်ထောင်တောင် အသက်ရှင်နေခဲ့ပြီပဲ။ ငါတို့ ညီအစ်ကိုတွေလည်း ကံကြမ္မာ အကျိုးပေးကြီးတစ်ခု ရလာပြီ ဆိုရင်လည်း မဆန်းပါဘူးလေ။ သို့သော်ငြားလည်း ဤအရာသည် အလွန် ကြီးမားသော အခွင့်အရေး ကြီး ဖြစ်နေလျှင်ပင် ဤမျှ ပေါ်ပေါ်ထင်ထင် ပြန့်ကျဲနေသည်ကို အခြား ကျင့်ကြံသူ မည်သူကမျှ လက်မခံရဲခဲ့ခြင်းမှာ အကြောင်းအရင်း ရှိပေသည်။ လိုအပ်သော အခြေအနေ အရပ်ရပ် အားလုံး ပြီးပြည့်စုံစွာ မကိုက်ညီပါက ၎င်းကို စုပ်ယူရန် ဆိုသည်မှာ မဖြစ်နိုင်သောကြောင့် ဖြစ်သည်။

"ဟားဟားဟား... နွားကြီး... ချီတက်ကြစို့"

ချန်ရွှင်သည် နွားနက်ကြီး၏ ကျောပေါ်သို့ ခွတက်လိုက်ပြီး မှုန်ဝါးသော အလင်းရောင်များ မြင်တွေ့ရရာ အရပ်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားလေသည်။

"ဟို မှုန်ဝါးဝါး အလင်းရောင်တွေက ငါတို့ရဲ့ လမ်းပြကြယ်တွေပဲ... အရင်ဆုံး ကန့်လန့်ဖြတ် အကုန် ရှင်းမယ်... ပြီးရင် အလျားလိုက် ဆက်ပြီး ချီတက်မယ်"

"မွန်း..."

နွားနက်ကြီးသည် ပြင်းထန်စွာ နှာမှုတ်လိုက်ပြီး ကောင်းကင်သို့ မော့ကာ အော်ဟစ်လိုက်ပြီးနောက် အရှိန်အဟုန်ပြင်းစွာဖြင့် ပြေးထွက်သွားလေသည်။

ဖြုန်း...

ဖြောက်...

ချန်ရွှင်နှင့် နွားနက်ကြီးတို့၏ မျက်နှာအမူအရာများသည် တဖြည်းဖြည်း ရူးသွပ်မတတ် ဖြစ်လာကြသည်။ နေ့စဉ်ရက်ဆက် ချောက်ကမ်းပါးကြီး၏ အောက်ခြေတွင် ထူးဆန်းသော အော်ဟစ်သံများ ပြုလုပ်ရင်း အရှိန်ပြင်းစွာ ပြေးလွှားနေကြပြီး စာအုပ်ငယ်လေးထဲတွင် ပြောင်းလဲမှုများကို အဆက်မပြတ် မှတ်တမ်းတင်နေကြလေသည်။ ရံဖန်ရံခါ ဝိညာဉ်သားရဲများ၏ အရိုးစုများကို မြင်တွေ့ရတတ်သော်လည်း ကျင့်ကြံသူများ၏ အရိုးစုများကိုမူ တစ်ခုမျှ မတွေ့ရပေ။ ဤသည်မှာလည်း အလွန် ထူးဆန်းသော ကိစ္စရပ်တစ်ခု ဖြစ်လေသည်။ အချိန်ကြာလာသည်နှင့်အမျှ သူတို့သည် ထိန်းချုပ်မရတော့ဘဲ လှေပျံကို ထုတ်ယူကာ တတိယမြောက် ညီလေး ဖြစ်သော ကြိုးကြာလေး (ကြိုးကြာဝိညာဉ် ဒြပ်ငါးပါးသစ်ပင်) ကိုပင် ဤရှုခင်းများကို ကြည့်ရှုစေလေသည်။

ဤချောက်ကမ်းပါးကြီး အတွင်း၌ သက်ရှိသတ္တဝါ တစ်ကောင်မျှ မရှိသလို သရဲတစ္ဆေများပင် မရှိပေ။ သူတို့အတွက်မူ ဤနေရာသည် အန္တရာယ်ကင်းကင်းဖြင့် ရင်းမြစ်များကို စိတ်ကြိုက် ရယူနိုင်သော နိဗ္ဗာန်ဘုံ တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။

"နွားကြီး... ကြိုးကြာလေး... အခမ်းအနား စမယ်... ကောင်းကင်ရဲ့ ပေးသနားမှုတွေကို ကျေးဇူးတင်ကြောင်း ပြသကြစို့"

"မွန်း..."

ကြိုးကြာဝိညာဉ် ဒြပ်ငါးပါးသစ်ပင်သည် လေဆိုးများ တိုက်ခတ်မှုကြောင့် သစ်ရွက်များ တဖျပ်ဖျပ် မြည်သံ ထွက်ပေါ်လာသည်။ အဖြူနှင့် အမည်း ရောယှက်နေသော သစ်ရွက်များမှ မှုန်ဝါးသော အလင်းရောင်များ ထွက်ပေါ်လာပြီး ပထမ အစ်ကိုကြီးနှင့် ဒုတိယ အစ်ကိုကြီးကို တုံ့ပြန်နေသည့်အလား ရှိလေသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် လှေပျံ၏ အနောက်ပိုင်းတွင် ထိုင်ချလိုက်ပြီး ပတ်ဝန်းကျင်ကို အမွှေးတိုင်များဖြင့် ဝန်းရံကာ မီးခိုးပြာများ လွင့်ပျံစေလျက် တစ်စုံတစ်ခုသော ကျမ်းစာများကို ပွစိပွစိ ရွတ်ဖတ်နေကြလေသည်။

သို့သော် ပတ်ဝန်းကျင်၌ မှုန်ဝါးသော အလင်းရောင်များ တဖျတ်ဖျတ် လက်လာသည်ကို မြင်လိုက်ရသည်နှင့် တပြိုင်နက် လှေပျံကြီးသည် ရုတ်တရက် ရပ်တန့်သွားပြီး ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် အခမ်းအနားကို ချက်ချင်း ရပ်ဆိုင်းလိုက်ကြသည်။ ကြည်ညိုလေးစားဖွယ်ကောင်းသော သူတို့၏ မျက်ဝန်းများသည် မျက်စိတစ်မှိတ်အတွင်း သွေးဆာနေသော ဓားပြကြီးများ၏ အကြည့်များ အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

ဝုန်း...

ဒိုင်း...

ကောင်းကင် ချောက်ကမ်းပါးကြီး၏ အောက်ခြေတွင် အိပ်မောကျနေသော သတ္တုရိုင်း မြောက်မြားစွာသည် လှေပျံ၏ ကုန်းပတ်ပေါ်သို့ တစ်ခုပြီးတစ်ခု လွင့်ပျံရောက်ရှိလာသည်။ ထို့နောက် ၎င်းတို့ကို တစ်ခုပြီးတစ်ခု ခွဲခြမ်းစိတ်ဖြာလိုက်ရာ ကျောက်မှုန့်များအဖြစ် ပြောင်းလဲသွားပြီး အဝေးသို့ လွင့်ပါးပျောက်ကွယ်သွားကြလေသည်။

ဝှစ်...

ဝှစ်...

မှုန်ဝါးသော အလင်းရောင်များပင် မရောက်ရှိနိုင်သော မျှော်လင့်ချက်မဲ့ ချောက်ကမ်းပါးကြီး အတွင်း၌ လှေပျံကြီး တစ်စင်းသည် ချောမွေ့စွာ ဖြတ်သန်းသွားလာနေလေသည်။ ဤမျှ အန္တရာယ်များလှသော ကောင်းကင် ချောက်ကမ်းပါးကြီး၏ အောက်ခြေတွင် ခရီးပန်းတိုင် မရှိဘဲ လှည့်လည်သွားလာနေသော ထိုလှေပျံကြီး၏ ပုံရိပ်သည် အမှန်တကယ်ပင် တစ္ဆေလှေပျံကြီး နှင့် အလားသဏ္ဍာန် တူလှပေသည်။

ထိုမြင်ကွင်းသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလွန်းလှပြီး အကယ်၍ တစ်စုံတစ်ယောက်သာ မြင်တွေ့ခဲ့ရပါက ကြောက်လန့်လွန်းသဖြင့် မျက်လုံးများ ပြူးကျယ်သွားကာ ဝိညာဉ်ပင် အေးခဲသွားမတတ် မျှော်လင့်ချက်မဲ့မှုကို ခံစားရမည်မှာ သေချာလှပေသည်။

All Chapters