အခန်း ၂၁၃
Vol. 12 Ch. 213
အခန်း (၂၁၃)
တစ်လကြာပြီးနောက်။
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် နောက်ဆုံးတွင် သိသာထင်ရှားသော ပြောင်းလဲမှုများ ကို စတင် ခံစားလာရလေပြီ။ ထို ဝိညာဉ်ပျက်သုဉ်းခြင်း စွမ်းအားသည် သူတို့၏ နတ်အသိ အပေါ်သို့ သက်ရောက်မှု ရှိနေသည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။ သူတို့သည် သစ်ပင်ထိပ်ဖျားတွင် ထိုင်လျက် အရပ်လေးမျက်နှာကို စီးမိုးကြည့်ရှုနေကြသည်။ အမြင့်သို့တက်လျှင် အဝေးသို့ မြင်ရသည် ဟု ဆိုသော်လည်း ဤနေရာတွင်မူ နတ်အသိထက် သာမန် မျက်စိအမြင်အာရုံက ပိုမို၍ အားထားရပေသည်။
"နွားကြီး... ကြည့်ရတာ ဒြပ်ငါးပါး အင်မော်တယ်လမ်းစဉ်က အခြေအနေသစ် တစ်ခုကို ရောက်ရှိလာတော့မယ့်ပုံပဲ"
"မွန်း..."
နွားနက်ကြီးကလည်း လေးနက်စွာ သဘောတူလိုက်သည်။ သူတို့သည် ယခုအချိန်အထိ နတ်အသိ၏ ပြောင်းလဲမှုများအကြောင်းကို အဆက်မပြတ် လေ့လာ သုတေသန ပြုလုပ်နေခဲ့ကြသော်လည်း ယခင်က ဒြပ်ငါးပါး အင်မော်တယ်လမ်းစဉ်သည် ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင် များကို ပြောင်းလဲပေးရုံ သက်သက်သာ ဖြစ်ခဲ့သည်။ ချန်ရွှင် အသက်ပြင်းပြင်း ရှူလိုက်သည်။ ယခုအချိန်အထိ စုဆောင်းရရှိထားသော ဝိညာဉ်ပျက်သုဉ်းခြင်း စွမ်းအားများသည် မလုံလောက်သေးပေ။ ဒြပ်ငါးပါး စွမ်းအားကို ကြားခံအဖြစ် အသုံးပြု၍ နတ်အသိကို ဒြပ်ငါးပါး အင်မော်တယ်လမ်းစဉ်သို့ အဆင့်မြှင့်တင်ရန်အတွက် အတားအဆီးကို ဖြတ်ကျော်နိုင်ရန် မလုံလောက်သေးပေ။
"မွန်း"
"ဟိုး... အကောင်ကြီးကြီး လာပြီဟေ့"
ချန်ရွှင်သည် နွားနက်ကြီး အော်မြည်ရာ အရပ်သို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာတွင် တောင်ကုန်းငယ် တစ်ခုစာခန့် ကြီးမားလှသော သတ္တုရိုင်းတုံးကြီး တစ်ခု မားမားမတ်မတ် တည်ရှိနေသည်။ ၎င်းတစ်ခုလုံးကို ဝိညာဉ် ကြေမွခြင်း ကျောက်တုံးများဖြင့် ဖွဲ့စည်းထားပြီး ထွက်ပေါ်နေသော မှုန်ဝါးသည့် အလင်းရောင်များ၏ ပြင်းအားနှင့် တဖျတ်ဖျတ် လက်နေသော အမြန်နှုန်းမှာလည်း မယုံနိုင်လောက်အောင် ပြင်းထန်လှပေသည်။ တောင်ကုန်းငယ်၏ အတွင်းပိုင်းတွင် ပင့်ကူအိမ်ကဲ့သို့ ယှက်နွယ်နေသော အကြောအမျှင်များသည် မြင်လိုက်ရုံဖြင့် ကြက်သီးထသွားသည်အထိ သိပ်သည်းရှုပ်ထွေးလှပေသည်။
ဝှစ်...
လှေပျံသည် ထိုတောင်ကုန်းငယ်ဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားလေသည်။ သူတို့နှစ်ဦးသည် ထိုတောင်ကုန်းငယ်ကို အပေါ်စီးမှ ကြည့်ရှုလိုက်ပြီး ခန္ဓာကိုယ်များမှ တောက်ပသော ဒြပ်ငါးပါး နတ်အလင်းတန်းများကို ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။ အလင်းတန်းများသည် အပေါ်မှ အောက်သို့ တောင်ကုန်းငယ်တစ်ခုလုံးကို အပြည့်အဝ လွှမ်းခြုံသွားပြီး ဖြည်းညှင်းစွာ ခွဲခြမ်းစိတ်ဖြာမှု စတင်လေတော့သည်။ ဤခရီးတစ်လျှောက်တွင် သူတို့၏ သတ္တုရိုင်း ခွဲခြမ်းစိတ်ဖြာခြင်း နည်းပညာ သည် ထိပ်တန်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ လျင်မြန်သည်၊ တိကျသည်၊ ထို့အပြင် မည်သည့် ညှာတာမှုမျှ မရှိပေ။
ချန်ရွှင်နှင့် နွားနက်ကြီး၏ မျက်စိရှေ့မှောက်တွင် သတ္တုရိုင်းတောင်ကုန်းငယ်ကြီးသည် သာမန်မျက်စိဖြင့် မြင်နိုင်လောက်သော အမြန်နှုန်းဖြင့် အရည်ပျော်ကျသွားပြီး ပျောက်ကွယ်သွားလေသည်။ ပတ်ဝန်းကျင်တွင် လေဆိုးများ အပြင်းအထန် တိုက်ခတ်လာပြီး နောက်ဆုံးအနေဖြင့် အသည်းအသန် ခုခံကာကွယ်ရန် ကြိုးစားနေသည့်အလား ရှိလေသည်။
"နွားကြီး... ဒါက ကျင့်ကြံခြင်းလောကအတွက် ဆိုးရွားတဲ့ အန္တရာယ်ကြီးပဲ... တစ်စလေးတောင် အကျန်မခံနဲ့"
"မွန်း..."
၁၅မိနစ်ခန့် အကြာတွင်။
သူတို့နှစ်ဦး အကြည့်ချင်း ဆုံလိုက်ကြပြီး နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားကာ မဲ့ပြုံး ပြုံးလိုက်ကြသည်။ တောင်ကုန်းငယ်သည် ပြာကျသွားပြီး မြေမှုန့်များအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့လေပြီ။ ချန်ရွှင်၏ ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ခါသွားသည်။ ကြီးမားလှသော ဝိညာဉ်ပျက်သုဉ်းခြင်း စွမ်းအားများ အလုံးအရင်းနှင့် စီးဝင်လာသည်ကို ခံစားလိုက်ရသည်။ နတ်အသိ၏ ပမာဏမှာ တိုးပွားလာခြင်း မရှိပေ။ သို့သော် ရုတ်တရက် နတ်အသိ၏ အတွင်းပိုင်း၌ စွမ်းအင်ပေါက် ပွင့်သွားသည့် အလား ခံစားချက်တစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။
"နွားကြီး... မင်း ခံစားမိလား"
"မွန်း"
"ထင်တဲ့အတိုင်းပဲ... ငါတို့ရဲ့ ဒြပ်ငါးပါး အင်မော်တယ်လမ်းစဉ်မှာ 'နတ်အသိ' အတွက်လည်း စွမ်းအင်ပေါက်တွေ ရှိနေတာပဲ... ဒါကို 'နတ်အသိစွမ်းအင်ပေါက်' လို့ နာမည်ပေးလိုက်မယ်... ဒီ ဝိညာဉ်ပျက်သုဉ်းခြင်း စွမ်းအားကို တွန်းအားအဖြစ် သုံးပြီး နတ်အသိစွမ်းအင်ပေါက်ကို အတင်း ဖွင့်ပစ်မယ်"
"မွန်း..."
နွားနက်ကြီးသည် အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး ရှည်လျားပြင်းထန်သော နှာမှုတ်သံကြီးကို ပြုလုပ်လိုက်သည်။ အစ်ကိုကြီး၏ ဒြပ်ငါးပါး အင်မော်တယ်လမ်းစဉ်သည် နောက်ထပ် မသိနားမလည်နိုင်သော နယ်ပယ်တစ်ခုသို့ ထပ်မံ ခြေလှမ်း ဝင်ရောက်သွားပြန်လေပြီ။
ဝှစ်...
လှေပျံသည် ထပ်မံ၍ ရှေ့သို့ စတင် ရွေ့လျားသွားသည်။ ချန်ရွှင်၏ မျက်ဝန်းများထဲမှ အလင်းရောင်များသည် ပိုမို၍ စူးရှတောက်ပလာသည်။ ဤကျောက်တုံးများသည် မည်သည့်အရာများ ဖြစ်ကြောင်း မသိရသော်လည်း သာမန် ကျောက်တုံးများ မဟုတ်သည်မှာ သေချာလှသည်။ နွားနက်ကြီးမှာမူ ထိုမျှ ခက်ခဲသော ကိစ္စရပ်များကို စဉ်းစားမနေပေ။ သူသည် ပတ်ဝန်းကျင်ကို ဟိုကြည့်ဒီကြည့် လိုက်လံ ကြည့်ရှုရင်း မှုန်ဝါးသော အလင်းရောင်များ တဖျတ်ဖျတ် လက်နေသည့် နေရာများကိုသာ လိုက်လံ ရှာဖွေနေလေသည်။ အရာအားလုံးကို အစ်ကိုကြီးက စီစဉ်ပေးလိမ့်မည်။ မိမိကတော့ ခွန်အားစိုက်ရမည့် အလုပ်များကိုသာ ကူညီလုပ်ဆောင်ပေးရုံသာ။
ဝုန်း...
ဒိုင်း...
ချောက်ကမ်းပါးကြီး၏ အောက်ခြေတွင် နောက်ထပ် ပေါက်ကွဲသံကြီးများ ထပ်မံ ပဲ့တင်ထပ်သွားသည်။ လေဆိုးများ၏ အော်ဟစ်သံများသည် ပိုမို ကျယ်လောင်လာပြီး ကြောက်မက်ဖွယ်ကောင်းစွာ ပဲ့တင်ထပ်နေလေသည်။
တစ်နှစ် ကြာပြီးနောက်။
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် လှေပျံ၏ ကုန်းပတ်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေကြသည်။ သူတို့၏ မျက်ဝန်းများသည် ငြိမ်သက်နေသော ရေပြင်ကဲ့သို့ တည်ငြိမ်နေပြီး သူတို့၏ ဦးခေါင်းထက်တွင် မှုန်ဝါးသော အလင်းရောင်များ ဝဲပျံနေကြသည်။ ခန္ဓာကိုယ်အတွင်းရှိ နတ်အသိများသည် ယခုအချိန်တွင် အံ့သြဖွယ်ကောင်းသော ပြောင်းလဲမှုကြီး တစ်ရပ်ကို ကြုံတွေ့နေရပြီ ဖြစ်သည်။ ကြမ်းတမ်းရက်စက်သော နတ်အသိ စွမ်းအားများသည် အပြင်ဘက်သို့ လျှံကျလာပြီး ပတ်ဝန်းကျင်ရှိ လေဆိုးများသည်လည်း ၎င်းတို့၏ ဆွဲငင်မှုကြောင့် တစ်ပြိုင်နက်တည်း လှုပ်ရှားလာကြသည်။
"နွားကြီး... မင်း ခဏလောက် ရပ်ထားဦး"
"မွန်း..."
"ဒါက ဤတာအိုဘိုးဘေး ဖန်တီးထားတဲ့ လမ်းစဉ်ပဲ... အရင်ဆုံး ဤအရှင် ကိုယ်တိုင် လက်တွေ့ စမ်းသပ်ပြမယ်"
"မွန်း..."
နွားနက်ကြီးသည် အစ်ကိုကြီး၏ စကားအပေါ် အနည်းငယ်မျှ သံသယ မရှိဘဲ ချက်ချင်းပင် နတ်အသိများကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး ဦးခေါင်းထက်ရှိ မှုန်ဝါးသော အလင်းရောင်များကို ပျောက်ကွယ်သွားစေသည်။ ချန်ရွှင်၏ မျက်လုံးနှစ်ဖက်စလုံးတွင် သွေးကြောများ ဖောင်းထလာပြီး သွေးများ အနည်းငယ် စိမ့်ထွက်နေလေသည်။ လက်ရှိ သူ၏ နတ်အသိများသည် ယခုအချိန်တွင် ဖျက်ဆီး ခံရတော့မည့်ဆဲဆဲ ဖြစ်နေသည်။ မဖျက်ဆီးဘဲ မဖန်တီးနိုင်ပေ။ ဝိညာဉ်စွမ်းအင် အင်မော်တယ်လမ်းစဉ် ဟူသော ခေတ်ဟောင်း၏ အနှောင်အဖွဲ့များမှ လွတ်မြောက်နိုင်ရန်အတွက် မိမိ၏ အခွံကို တစ်လှမ်းချင်း ရိုက်ချိုးဖျက်ဆီးပစ်ရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။
နွားနက်ကြီးသည် မျက်လုံးများကို ပြူးကျယ်ထားပြီး ချန်ရွှင်၏ ပြောင်းလဲမှုများကို အသက်အောင့်လျက် စောင့်ကြည့်နေသည်။ အစ်ကိုကြီး အခု ဘာတွေ လုပ်နေတာလဲ။ ထိုအချိန်တွင် ချန်ရွှင်၏ ဦးနှောက်အတွင်း၌... ဒြပ်ငါးပါး မူလဝိညာဉ် ငါးခုစလုံးသည် မှိန်ဖျော့သော အလင်းတန်းများ အတွင်း၌ လွှမ်းခြုံခံထားရသည်။ သူတို့၏ မျက်နှာများတွင် နာကျင်မှု အရိပ်အယောင်များ ဖြစ်ပေါ်နေသည်။ နတ်အသိ၏ ပြိုကွဲပျက်စီးမှုသည် မူလဝိညာဉ် များအပေါ်သို့ပင် သက်ရောက်မှု ရှိနေပြီ ဖြစ်သည်။ ချန်ရွှင်သည် ယခုအချိန်တွင် နာကျင်မှုနှင့်အတူ လွှမ်းမိုးနိုင်သော သာယာယစ်မူးမှုကိုလည်း ခံစားနေရသည်။ နတ်အသိများ ပြိုကွဲပျက်စီးသွားပြီး တစ်ချိန်တည်းမှာပင် ပြန်လည် သန့်စင်သွားကြသည်။ ပြင်းထန်သော ဒြပ်ငါးပါး စွမ်းအင်လှိုင်းများနှင့်အတူ ဝိညာဉ်ပျက်သုဉ်းခြင်း စွမ်းအားများသည် အဆက်မပြတ် လှုပ်ရှားရုန်းကန်နေကြသည်။
ချန်ရွှင်သည် အမှောင်ထုထဲတွင် ရှိနေသော ဒြပ်ငါးပါး နတ်အသိ၏ အကြောအမျှင်များ ၏ လမ်းစကို မှုန်ဝါးဝါး ဖမ်းဆုပ်မိနေပြီ ဖြစ်သည်။
"ကွဲထွက်စမ်း"
ချန်ရွှင်၏ ပါးစပ်မှ နာကျင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ ဒြပ်ငါးပါး မူလဝိညာဉ် များသည် ဦးခေါင်းထက်တွင် တဖြည်းဖြည်း လူသားပုံစံ ပြန်လည် ရရှိလာပြီး ဝိညာဉ်ပျက်သုဉ်းခြင်း စွမ်းအားများကို တင်းကျပ်စွာ ဖမ်းဆီးထိန်းချုပ်လိုက်သည်။ နတ်အသိ ပြိုကွဲမှုနှင့်အတူ စွမ်းအားများ လွင့်ပါးပျောက်ကွယ်သွားမည်ကို အင်အားသုံး၍ တားဆီးလိုက်ခြင်း ဖြစ်သည်။
ဝုန်း...
ချန်ရွှင်၏ ဦးနှောက်အတွင်း၌ မိုးကြိုးပေါင်း သောင်းသိန်းချီ တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားသကဲ့သို့ ပြင်းထန်သော တုန်ခါမှုကြီး ဖြစ်ပေါ်သွားလေသည်။ စွမ်းအင်ပေါက်၏ ပုံစံကြမ်း တစ်ခုသည် တဖြည်းဖြည်း ပုံပေါ်လာသည်။ သို့သော် ၎င်းသည် ခန္ဓာကိုယ်အတွင်း၌ ရှိနေခြင်း မဟုတ်ပေ။ အလွန်တရာ မှော်ဆန်ပြီး မှုန်ဝါးဝါး ဖြစ်တည်မှု တစ်ခုပင် ဖြစ်သည်။ ၎င်းသည် ယခင်က အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်စဉ်က ဦးနှောက်အတွင်း၌ ပထမဆုံးအကြိမ် နတ်အသိများ ပေါက်ဖွားလာခဲ့သော နေရာနှင့် ဆင်တူနေသည်။
"နွားကြီး... သတ္တုရိုင်းတွေ ထပ်ထည့်"
"မွန်း"
နွားနက်ကြီးသည် မျက်လုံးများ နီရဲသွားပြီး နတ်အလင်းတန်း တစ်ခုအသွင် ပြောင်းလဲကာ ပြေးထွက်သွားလေသည်။ ဘာစကားမှ မပြောတော့ဘဲ ချောက်ကမ်းပါးကြီး၏ အောက်ခြေကို တိုက်ခိုက်ရှင်းလင်းလိုက်ပြီး မရေမတွက်နိုင်သော သတ္တုရိုင်းများကို လေဆင်နှာမောင်းကဲ့သို့ လေထဲသို့ မြှောက်တင်ကာ လှေပျံ၏ ကုန်းပတ်ပေါ်သို့ ပစ်ချလိုက်လေသည်။ ချန်ရွှင်သည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ သတ္တုရိုင်းတောင်ကြီးသည် ဒြပ်ငါးပါး စွမ်းအားကြောင့် အလွန် လျင်မြန်သော အမြန်နှုန်းဖြင့် ခွဲခြမ်းစိတ်ဖြာခံလိုက်ရပြီး ဝိညာဉ်ပျက်သုဉ်းခြင်း စွမ်းအားအဖြစ် ပြောင်းလဲကာ သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားလေသည်။ သူ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။ ဦးနှောက်ထဲတွင်မူ ပေါက်ကွဲသံကြီးများ ဆက်တိုက် မြည်ဟည်းနေဆဲ ဖြစ်ပြီး ခေါင်းကွဲထွက်မတတ် ကိုက်ခဲနာကျင်နေသည်။
နတ်အသိစွမ်းအင်ပေါက်။
မြေစွမ်းအင်ပေါက်၊ လူစွမ်းအင်ပေါက်များနှင့် သီးခြားကွဲပြားနေသော စွမ်းအင်ပေါက် အသစ်တစ်ခုသည် အနက်ရောင် တွင်းပေါက်ငယ်လေး တစ်ခုကဲ့သို့ ဖြည်းညှင်းစွာ ပုံပေါ်လာသည်။ ၎င်း၏ နက်ရှိုင်းမှုမှာ ခန့်မှန်း၍ပင် မရနိုင်ပေ။ ထိုအချိန်မှစ၍ ရက်ပေါင်းများစွာတိုင်တိုင် နွားနက်ကြီးသည် အနည်းငယ်မျှ အနားမယူဘဲ သတ္တုရိုင်းများကို ဆက်တိုက် သယ်ယူနေခဲ့သည်။ ချန်ရွှင်က ရပ် ဟု မပြောသရွေ့ ရပ်တန့်မည် မဟုတ်ပေ။ ချန်ရွှင်သည် နောက်ဆုံးတွင် လေပူတစ်ချက်ကို ပြင်းပြင်းမှုတ်ထုတ်လိုက်လေသည်။
ဘေးနားတွင် နွားနက်ကြီး ရှိနေပေး၍သာ တော်တော့သည်။ အကယ်၍ လုံလောက်သော စွမ်းအင်များ ဖြည့်တင်းမပေးနိုင်ခဲ့ပါက နတ်အသိစွမ်းအင်ပေါက် ဖွဲ့စည်းမှုသည် လမ်းတဝက်တွင်ပင် ပြိုကွဲသွားမည် ဖြစ်ပြီး နောက်တစ်ကြိမ် ပြန်လည် ဖွင့်နိုင်မည် မဟုတ်တော့ပေ။
"ရပြီ... နောက်ဆုံးတော့ ပထမဆုံး ခြေလှမ်းကို လှမ်းနိုင်ခဲ့ပြီပဲ"
ချန်ရွှင်၏ နတ်အသိ လှုပ်ရှားသွားသည်နှင့် တပြိုင်နက်... ဝိညာဉ်ပျက်သုဉ်းခြင်း စွမ်းအားများသည် အုန်းခနဲ ပေါက်ကွဲထွက်ပေါ်လာပြီး လေမုန်တိုင်းကြီး တစ်ခုအဖြစ် ပြောင်းလဲကာ ပတ်ဝန်းကျင် တစ်ခုလုံးကို ပြင်းထန်စွာ တိုက်ခတ်သွားလေသည်။ ပတ်ဝန်းကျင်ရှိ မြေပြင်များသည် ချက်ချင်း အက်ကွဲကြောင်းများ ဖြစ်ပေါ်လာကာ ပြိုကျပျက်စီးသွားပြီး တစ်စစီ ကြေမွသွားကြလေသည်။ စိတ်အာရုံ တစ်ချက်တည်းဖြင့် မြေပြင်ကို ချေမွပစ်လိုက်ခြင်းပင်။
"မွန်း..."
နွားနက်ကြီးသည် ကြောက်လန့်လွန်းသဖြင့် ဦးရေပြား ထုံကျဉ်သွားပြီး ဆွံ့အသွားသည်။ ဒါ ဘာဂါထာကြီးလဲ။
"မွန်း..."
ချန်ရွှင်သည် ဒြပ်ငါးပါး စွမ်းအား (ဝိညာဉ်စွမ်းအား)ကို အနည်းငယ်မျှ အသုံးမပြုပေ။ နတ်အသိ (နတ်အသိစွမ်းအင်ပေါက်) ကို လှုပ်ရှားလိုက်ရုံဖြင့် ပတ်ဝန်းကျင်ရှိ မြေပြင်များ တစ်စစီ ကြေမွသွားခဲ့ခြင်း ဖြစ်လေသည်။
"ခစ်... ခစ်... ခစ်... ဒါက... ဒီခန္ဓာကိုယ်ရဲ့ အကန့်အသတ် ဆိုတာလား"
ချန်ရွှင်၏ မျက်ဝန်းများသည် အလွန်တရာ နက်ရှိုင်းမှောင်မည်းနေပြီး နွားနက်ကြီးကို ကြည့်ကာ ကြောက်မက်ဖွယ်ကောင်းအောင် တိုးညှင်းစွာ ရယ်မောလိုက်သည်။
"မွန်း..."
နွားနက်ကြီးသည် အော်ဟစ်လိုက်ပြီး လှေပျံ၏ အစီအရင်ထဲသို့ ဝင်ပုန်းလိုက်ကာ အမွှေးတိုင်များကို အလျင်အမြန် စီတန်း၍ အကာအကွယ် ဖွင့်လိုက်သည်။ အစ်ကိုကြီးကတော့ ပုံမှန်မဟုတ်တဲ့ အခြေအနေ ဖြစ်နေပြီ။
"ဟားဟားဟား... သောက်ကျိုးနည်း... နောက်တာပါကွာ... နွားကြီး... မြန်မြန် ဒီလာခဲ့"
"မွန်း... မွန်း..."
နွားနက်ကြီးသည် စိတ်အေးသွားသည့် နှာမှုတ်သံကြီး ထုတ်လိုက်ပြီး ချန်ရွှင်ဆီသို့ အပြေးအလွှား သွားကာ အဆက်မပြတ် ပွတ်သီးပွတ်သပ် လုပ်နေလေသည်။
"နွားကြီး... ဤအရှင် က နောက်ဆုံးတော့ 'နတ်အသိစွမ်းအင်ပေါက်' ကို ဖွင့်နိုင်ခဲ့ပြီကွ... ဒါဆိုရင် ဒီ ဝိညာဉ်ပျက်သုဉ်းခြင်း စွမ်းအားကို အပြည့်အဝ ထိန်းချုပ်လို့ ရပြီ... ဒါပေမဲ့ နတ်အသိစွမ်းအင်ပေါက် တစ်ခုတည်းနဲ့ကတော့ အကန့်အသတ်ကို ရောက်ဖို့ အများကြီး လိုသေးတယ်"
ချန်ရွှင်သည် နွားနက်ကြီး၏ ခေါင်းကို ပွတ်သပ်ရင်း အလွန် ဝမ်းသာပျော်ရွှင်စွာ ပြုံးလိုက်သည်။
"နွားကြီး... သတ္တုရိုင်း သွားတူးမယ်... မင်းရဲ့ စွမ်းအင်ပေါက်တွေကိုလည်း ဖွင့်ပေးမယ်ကွ"
"မွန်း..."
နွားနက်ကြီးသည် ကြောင်တောင်တောင် မျက်နှာဖြင့် ချန်ရွှင်ကို ကြည့်နေသည်။ သိပ်ပြီး နားမလည်ပေ။
"သွားမယ်... တူးရင်းနဲ့ ရှင်းပြမယ်... အရင်ဆုံး စာအုပ်လေးထဲမှာ သဘောတရားတွေကို ခွဲခြမ်းစိတ်ဖြာပြီး မှတ်စု ထုတ်ရဦးမယ်"
"မွန်း..."
လူတစ်ယောက်နှင့် နွားတစ်ကောင်သည် လှေပျံပေါ်တွင် ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။ လှေပျံကြီးသည် ထပ်မံ စတင် လှုပ်ရှားလာပြီး ချောက်ကမ်းပါးကြီး၏ အောက်ခြေတွင် နေရာအနှံ့ လှည့်လည် သွားလာနေလေသည်။ ယခုအခါ သူတို့ ကိုယ်တိုင်ပင် မည်သည့်နေရာသို့ ရောက်နေမှန်း မသိကြတော့ပေ။ သတ္တုရိုင်း ရှိသော နေရာတိုင်းကို သွားမည်။ လောရန် မလိုပေ။ သက်တမ်းကတော့ ပေါများလွန်းလှသည်။ အကုန်အစင် မသိမ်းကြုံးမချင်း ဤနေရာမှ ထွက်ခွာမည် မဟုတ်ပေ။
ဝှစ်...
ဝှစ်...
လှေပျံကြီးသည် နေရာအနှံ့အပြားကို ဖြည်းညှင်းစွာ ဖြတ်သန်းသွားလေသည်။ ကုန်းပတ်ပေါ်တွင် တောင်တန်းကြီးများကဲ့သို့ သတ္တုရိုင်းများ အပြည့်အမောက် စုပုံနေလေသည်။ မှုန်ဝါးသော အလင်းရောင်များ ထွက်ပေါ်နေပြီး တောက်ပနေသော ထိုသတ္တုရိုင်းများသည် ကျင့်ကြံခြင်းလောက၏ အဖိုးတန် ရတနာများ ဖြစ်သည်ဟု ချန်ရွှင်နှင့် နွားနက်ကြီးတို့က ကိုယ့်ဘာသာ သတ်မှတ်ထားကြသည်။ မည်မျှပင် ကြည့်ကြည့် ရိုးအီသွားခြင်း မရှိပေ။ နောက်ပိုင်း နေ့ရက်များတွင် သူတို့သည် အလွန်တရာ အလုပ်များနေကြလေသည်။
နတ်အသိစွမ်းအင်ပေါက်ကို ကျင့်ကြံရာတွင် အာရုံစိုက်နေကြပြီး ဤသတ္တုရိုင်းများကို အသုံးပြု၍ နတ်အသိ စွမ်းအင်ပေါက်များကို တစ်ခုပြီးတစ်ခု အတင်း ဖွင့်နေကြလေသည်။ ချန်ရွှင်သည် ယခင် နတ်အသိ နှင့် နတ်အသိစွမ်းအင်ပေါက် တို့၏ ရှင်းလင်းပြတ်သားသော ကွာခြားချက်ကို သေချာစွာ ခံစားသိရှိနေပြီ ဖြစ်သည်။ ယခုအခါ သူတို့သည် ဤဝိညာဉ်ပျက်သုဉ်းခြင်း စွမ်းအားကို မကြောက်ရွံ့တော့သည့်အပြင် ၎င်းကို ဒြပ်မဲ့မှ ဒြပ်ရှိအဖြစ် ပြောင်းလဲကာ အသံမထွက်ဘဲ နတ်အသိစွမ်းအင်ပေါက်မှတစ်ဆင့် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကိုပင် ပြုလုပ်နိုင်စွမ်း ရှိလာကြပြီ ဖြစ်သည်။
သုံးနှစ် ကြာပြီးနောက်။
ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် လှေပျံပေါ်တွင် နတ်အသိစွမ်းအင်ပေါက် ဖော်ဆောင်မှုကို အပြည့်အဝ ပြီးစီးသွားခဲ့လေပြီ။ စုစုပေါင်း အရေအတွက်မှာ ဆယ့်ခြောက်ခု တိတိ ဖြစ်လေသည်။ သို့သော် ဤနေရာတွင် ပိတ်ဆို့သွားပြီး အဆင့်အတားအဆီး နှင့် ကြုံတွေ့လိုက်ရသည်။ သူတို့၏ နတ်အသိ ပမာဏမှာ တိုးပွားလာခြင်း မရှိပေ။ မူလဝိညာဉ် အဆင့်၏ နတ်အသိ စုစုပေါင်း ပမာဏကို နတ်အသိစွမ်းအင်ပေါက် အဖြစ်သို့ အပြည့်အဝ ပြောင်းလဲလိုက်ရုံ သက်သက်သာ ဖြစ်သည်။ ယခုအခါ သူတို့သည် နတ်အသိကို အသုံးပြု၍ ပတ်ဝန်းကျင်ကို စူးစမ်းထောက်လှမ်းရန် မကြောက်ရွံ့တော့ပေ။ ကောင်းကင် ချောက်ကမ်းပါးကြီးသည် ငါတို့၏ ခြံဝင်းသဖွယ် ဖြစ်သွားခဲ့ပြီဖြစ်ရာ သတ္တုရိုင်း မည်မျှလောက်ကို သူတို့ လုယက်ယူငင်ခဲ့သည် ဆိုသည်ကိုပင် မသိနိုင်တော့ပေ။
နတ်အသိစွမ်းအင်ပေါက် အရေအတွက်ကို ဆက်လက် တိုးပွားစေရန် မဖြစ်နိုင်တော့သော်လည်း နတ်အသိစွမ်းအင်ပေါက်ကို အသုံးပြု၍ ဝိညာဉ်ပျက်သုဉ်းခြင်း စွမ်းအားများကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် သိုလှောင်ခြင်းများကိုမူ ဆက်လက် လုပ်ဆောင်နိုင်စွမ်း ရှိနေသေးသည်။