← Chapters

အခန်း ၂၁၅

Vol. 12 Ch. 215

အခန်း ၂၁၅

Vol. 12 Ch. 215

အခန်း (၂၁၅)

ထို့နောက် တစ်လအကြာ။

ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ကောင်းကင်ချောက်ကမ်းပါးကြီးကို ဖြည်းညင်းစွာ ဖြတ်ကျော်နေကြသည်။ လမ်းတစ်လျှောက်တွင် ချောက်ကမ်းပါး နံရံများ၌ တွယ်ကပ်နေကြသော ကျင့်ကြံသူများကို မကြာခဏ မြင်တွေ့ရသည်။ အချို့က အုပ်စုလိုက် သွားလာနေကြပြီး အချို့ကမူ လူအနည်းငယ်သာ ပါဝင်ကြသည်။ သူတို့၏ ပတ်ဝန်းကျင်တွင် ဝိညာဉ်ကြည်လင်မြက်ပင်များ ဟိုတစ်ပင် သည်တစ်ပင် ဝဲပျံနေသည်ကို တွေ့ရသည်။

လမ်းခရီးတွင် သူတို့နှစ်ဦးသည် သတင်းအချက်အလက်များကို တိတ်တဆိတ် စုံစမ်းခဲ့ကြသည်။ ဤချောက်ကမ်းပါးအတွင်း တိုက်ခတ်နေသော လေအေးကို ဝိညာဉ်ပျက်သုဉ်းခြင်း လေနီကြမ်း ဟု ခေါ်ဆိုကြပြီး သူတို့ အမြောက်အမြား တူးဖော်ခဲ့သော ကျောက်တုံးများကို ဝိညာဉ်ကြေမွခြင်းကျောက်တုံး ဟု ခေါ်ဆိုကြောင်း သိရသည်။ ဤနေရာတွင်သာ ထွက်ရှိပြီး ကျင့်ကြံခြင်းလောက၏ သီးသန့် ထွက်ကုန်တစ်ခု ဖြစ်ပေသည်။ တစ်နှစ်လျှင် သုံးကြိမ်သာ ဝိညာဉ်ပျက်သုဉ်းခြင်း လေနီကြမ်း အားအပျော့ဆုံး အချိန်ရှိသည်ဟု ဆိုသော်လည်း သူတို့အတွက်မူ အမြဲတမ်း လေပြေလေညှင်းလေးကဲ့သို့သာ ဖြစ်နေသဖြင့် မည်သို့မျှ မကွာခြားလှပေ။

သို့သော် သူတို့ တွေ့ဆုံခဲ့ရသော ကျင့်ကြံသူများမှာ အမြင့်ဆုံး ရွှေအမြုတေအဆင့်သာ ရှိကြသည်။ မူလဝိဉာဉ်အဆင့် ကျင့်ကြံသူများသည် အသက်ကို နှမြောသဖြင့် ဤကဲ့သို့ အန္တရာယ်များသော နေရာမျိုးသို့ ကျောက်တူးရန် ကိုယ်တိုင် လာရောက်လေ့ မရှိကြောင်း သိသာလှသည်။ ချန်ရွှင်တို့က စပ်စုလိုစိတ်ဖြင့် သူတို့အနီးသို့ ချဉ်းကပ်သွားတိုင်း ကျင့်ကြံသူ အများအပြားမှာ ကြောက်လန့်လွန်းသဖြင့် ခွေယိုင်ကျသွားတတ်ကြသည်။ အဆိုးရွားဆုံး အခြေအနေတစ်ခုတွင် အမျိုးသမီး ကျင့်ကြံသူတစ်ဦးမှာ မျက်လုံးများ ပြူးကျယ်ကာ ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ရီပြီး ပါးစပ်မှ အမြှုပ်များထွက်ကာ သတိလစ်သွားသည်အထိပင် ဖြစ်ခဲ့သည်။

နောက်ဆုံးတွင် ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် လက်လျှော့လိုက်ပြီး လှေပျံကို နောက်ကြောင်းပြန်လှည့်ကာ အခြားအစီအစဉ် တစ်ခုကို စဉ်းစားရတော့သည်။

ယနေ့တိုက်ခတ်နေသော ဝိညာဉ်ပျက်သုဉ်းခြင်း လေနီကြမ်းသည် ပုံမှန်ထက် အနည်းငယ် ပိုမို ပြင်းထန်နေသည်။ ချောက်ကမ်းပါးနံရံတွင် သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူ နှစ်ဦးသည် ကပ်တွယ်နေပြီး နတ်အသိဖြင့် သန့်စင်ဝိညာဉ်မြက်ပင်များကို ရှာဖွေကာ အသည်းအသန် တူးဖော်နေကြသည်။

"အစ်ကိုဟွမ်... ပို့ဆောင်ရေးအစီအရင် အသုံးပြုခက အရမ်း ဈေးကြီးလွန်းတယ်ဗျာ။ အနီးဆုံး ပြည်နယ်ကနေ လာတာတောင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ရာလောက် ပေးလိုက်ရတယ်"

တိုက်ရှင်းချင့် အမည်ရှိ အခြေခံတည်ဆောက်ခြင်း နောက်ပိုင်းအဆင့် ကျင့်ကြံသူက ခေါင်းခါလျက် သက်ပြင်းချလိုက်သည်။

"သန့်စင်ဝိညာဉ်မြက်ပင် ဝယ်ဖို့အတွက်နဲ့တင် ပိုင်ဆိုင်မှု တစ်ဝက်လောက် ကုန်သွားပြီ။ ဒီနေရာက သာမန် ကျင့်ကြံသူတွေ လာရမယ့် နေရာမျိုး မဟုတ်ဘူး"

ဒေါင်...

ဟွမ်ရှောက်က ဘာမှ ပြန်မပြောပေ။ သန့်စင်ဝိညာဉ်မြက်ပင်၏ ပြောင်းလဲမှုများကိုသာ အာရုံစိုက်ထားရင်း ပေါက်ပြားပုံသဏ္ဌာန် မှော်ရတနာကို နံရံပေါ်သို့ အားကုန် ပေါက်ချလိုက်သည်။ ထိုနေရာတွင် ဝိညာဉ်ကြေမွခြင်းကျောက်တုံး တစ်တုံး မြှုပ်နှံထားပြီး အမှောင်ရိပ်သမ်းသော အလင်းရောင်များ ရံဖန်ရံခါ လက်ခနဲဖြစ်ပေါ်နေသည်။

"ဟဲဟဲ... ဒါဆိုရင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းဖိုး ထပ်ရပြန်ပြီ"

တိုက်ရှင်းချင့်သည် စကားများသူတစ်ဦး ဖြစ်သော်လည်း သူ၏ လက်လှုပ်ရှားမှုမှာမူ အနည်းငယ်မျှ မှားယွင်းခြင်းမရှိဘဲ ဆက်တိုက် အလုပ်လုပ်နေသည်။ ၎င်းမှာ သူ၏ ကျွမ်းကျင်မှုကို ပြသနေခြင်းပင်။

"အစ်ကိုဟွမ်... ဒီတစ်ခေါက် ခရီးစဉ်မှာ အနည်းဆုံး ဝိညာဉ်ကျောက်တုံး သိန်းဂဏန်းလောက်တော့ ရနိုင်တယ်မလား"

"အသက်ရှင်လျက် ရှိနေသေးရင်ပေါ့"

ဟွမ်ရှောက်က အေးစက်သော လေသံဖြင့် ပြန်ဖြေလိုက်သည်။

"ဒီလောက်ကတော့ အသေးအဖွဲလေးတွေပါ။ နောက်နှစ်ကျရင် မှောင်ခိုဈေးကနေ ဝိညာဉ်ကြည်လင်မြက်ပင်တွေ ပိုပြီး ဝယ်ရမယ်"

"အစ်ကိုဟွမ်... ခင်ဗျား တကယ် ဘာလုပ်ဖို့ ကြံနေတာလဲ"

"... ဝိညာဉ်ပျက်သုဉ်းခြင်း မှော်ရတနာကို ဖန်တီးခိုင်းမလို့"

"ဘာ"

တိုက်ရှင်းချင့် အလွန်အမင်း အံ့ဩသွားပြီး ပေါက်ပြားပေါက်နေသော လက်များပင် ရပ်တန့်သွားသည်။

"အဲဒါကို လုပ်ဖို့ဆိုရင် တောင်ကုန်းငယ်လောက် အရွယ်အစားရှိတဲ့ ဝိညာဉ်ကြေမွခြင်းကျောက်တုံးတွေ လိုအပ်တာနော်။ အဲဒီပတ်ဝန်းကျင်က ဝိညာဉ်ပျက်သုဉ်းခြင်း လေနီကြမ်းက ဘယ်လောက်တောင် ကြမ်းတမ်းလဲ ခင်ဗျား သိရဲ့လား။ ခင်ဗျား တကယ်ပဲ အဲဒီလို နေရာမျိုးကို ဝင်သွားမလို့လား"

ဟွမ်ရှောက်၏ မျက်ဝန်းများ အေးစက်စွာ တောက်ပသွားပြီး တိုက်ရှင်းချင့်ကို စွေကြည့်လိုက်သည်။

"ရှင်းချင့်... အဲဒီအချိန်ကျရင် ငါ တစ်ယောက်တည်း သွားမယ်။ မင်း ငါနဲ့အတူတူ အသက်လာပေးစရာ မလိုပါဘူး"

တိုက်ရှင်းချင့်သည် ဟွမ်ရှောက်ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်ပြီး နှုတ်ဆိတ်သွားသည်။ သူ့အနေဖြင့် ဟွမ်ရှောက်ကို မည်သို့ စွန့်ပစ်ထားခဲ့နိုင်မည်နည်း။ ဟွမ်ရှောက်က ကျောက်တုံးများကို ပြန်လည် တူးဖော်နေပြီး သူ၏ အကြည့်များမှာ ပိုမို အေးစက်လာသည်။

သူ့ရင်ထဲတွင် ကြီးမားလှသော သွေးကြွေးရန်ငြိုး ရှိနေသည်။ သူ၏ မိသားစုဝင် နှစ်ရာကျော်သည် ဂိုဏ်းတစ်ခုမှ လူများက အကုန်အစင် သတ်ဖြတ်ပစ်ခဲ့ခြင်း ဖြစ်သည်။ ဝိညာဉ်ပျက်သုဉ်းခြင်း မှော်ရတနာသာ မရှိလျှင် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးကို ဒဏ်ရာရအောင်ပင် လုပ်နိုင်မည် မဟုတ်ပေ။ အလစ်အငိုက်တိုက်ခိုက်၍ သေချာပေါက် သတ်ဖြတ်နိုင်မှသာ ရမည်။

"အစ်ကိုဟွမ်... ရှေးဟောင်း အင်မော်တယ်ဂိုဏ်းက လူတွေရဲ့ တောင်းဆိုချက်တွေက အရမ်းများတာနော်။ ဝိညာဉ်ပျက်သုဉ်းခြင်း မှော်ရတနာ လုပ်ခ အနေနဲ့ ဝိညာဉ်ကြေမွခြင်းကျောက်တုံးတွေ အများကြီး တောင်းမှာ"

"... ငါ သိပါတယ်"

ဟွမ်ရှောက်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။ တိုက်ရှင်းချင့်သည် ထိုစကားကို ကြားသောအခါ မသိစိတ်၏ စေ့ဆော်မှုဖြင့် တူးဖော်သည့် အရှိန်ကို မြှင့်တင်လိုက်သည်။ ဝိညာဉ်ပျက်သုဉ်းခြင်း မှော်ရတနာ ဖန်တီးသည့် နည်းပညာကို တာ့လီနိုင်ငံရှိ ရှေးဟောင်း အင်မော်တယ်ဂိုဏ်းကြီး ငါးခု နှင့် ရှေးဟောင်း ကျင့်ကြံခြင်း မိသားစုကြီး သုံးခု တို့ကသာ လက်ဝါးကြီးအုပ်ထားကြသည်။

ဤမှော်ရတနာသည် အဆင့်သတ်မှတ်ချက် မရှိသော်လည်း တစ်ကြိမ် အသုံးပြုလိုက်သည်နှင့် ရန်သူကိုလည်း ထိခိုက်စေသလို မိမိကိုယ်ကိုလည်း ထိခိုက်စေမည့် အသွားနှစ်ဖက်ပါသော ဓားတစ်လက် ဖြစ်ပေသည်။ ဝိညာဉ်ပျက်သုဉ်းခြင်း မှော်ရတနာသည် အသုံးပြုသူ၏ နတ်အသိကိုပါ ရေရှည် ပျက်စီးစေနိုင်သည်။ အကယ်၍ ထိုနောက်ဆက်တွဲ ဆိုးကျိုးများကို ကုသလိုပါက မူလဝိဉာဉ် အဆင့်သို့ တက်ပြီး မူလဝိဉာဉ်၏ စွမ်းအားဖြင့်သာ ပြန်လည် ကုသနိုင်မည် ဖြစ်သည်။

သေချာသည်မှာ ဟွမ်ရှောက်၏ ရန်သူသည် ပါရမီအရည်အချင်းတွင် သူ့ထက် များစွာ သာလွန်ပေသည်။ အကယ်၍ ကလဲ့စားချေမည့် ကိစ္စကို ဆက်လက် အချိန်ဆွဲနေပါက ကျင့်ကြံမှုအဆင့် ကွာဟချက်မှာ ပိုမို ကြီးမားလာမည်သာ ဖြစ်သည်။

"ဟဲဟဲ... ခင်ဗျားတို့ နှစ်ယောက် လှေပေါ်မှာ စကားလေး ဘာလေး လာပြောကြမလား"

သူတို့နှစ်ဦး အသည်းအသန် ကျောက်တူးနေချိန်၌ နောက်ကျောဘက် အမှောင်ထုထဲမှ တည်ငြိမ်အေးဆေးသော အသံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

ချလွင်...

ဟွမ်ရှောက်နှင့် တိုက်ရှင်းချင့်တို့၏ လက်များ ပျော့ခွေသွားပြီး အသက်မွေးဝမ်းကျောင်း ပြုနေသော ပေါက်ပြားများသည် ချောက်ကမ်းပါး အောက်ခြေဆီသို့ ပြုတ်ကျသွားတော့သည်။ သူတို့နှစ်ဦး၏ မျက်ဝန်းများတွင် မှင်သက်မှု၊ နားမလည်နိုင်မှု၊ တုန်လှုပ်မှုနှင့် မျှော်လင့်ချက်မဲ့ ကြောက်ရွံ့မှုများ ဖြစ်ပေါ်နေသည်။

ဘာ... ဘာတွေ ဖြစ်ကုန်တာလဲ။

သူတို့နှစ်ဦးသည် ခေါင်းကို ဖြည်းညင်းစွာ လှည့်ကြည့်လိုက်ကြသည်။ အမှောင်ထု နက်နက်ထဲတွင် အလွန်ကြီးမားလှသော လှေပျံကြီးတစ်စင်းသည် အသံမထွက်ဘဲ ဝဲပျံနေလေသည်။ ထိုလှေပေါ်တွင် အရိပ်မည်း နှစ်ခု ရပ်နေပြီး မျက်နှာများကို မှုန်ဝါးဝါးသာ မြင်ရသော်လည်း ခပ်ဟဟ ပြုံးနေသကဲ့သို့ ထင်ရသည်။

သို့သော် အားလုံးထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသော အမှန်တရား တစ်ခု ရှိနေသည်။ ဝိညာဉ်ပျက်သုဉ်းခြင်း လေနီကြမ်းက သူတို့ကို အနည်းငယ်မျှပင် ထိခိုက်မှု မပေးနိုင် ခြင်းပင် ဖြစ်သည်။

"စီ... စီနီယာ"

"မလုပ်ပါနဲ့... ကယ်ကြပါဦး"

သူတို့နှစ်ဦး၏ သနားစဖွယ် အော်ဟစ်သံများ ပဲ့တင်ထပ်သွားသည်။ ရွှေရောင် အလင်းတန်းတစ်ခုက သူတို့နှစ်ဦး၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး အမှောင်ထုထဲရှိ လှေပျံကြီးပေါ်သို့ အတင်းအဓမ္မ ဆွဲတင်သွားလေသည်။ အနည်းငယ်မျှပင် ခုခံ၍ မရချေ။ မိမိတို့၏ ခန္ဓာကိုယ်များ လေထဲတွင် လွင့်မျောနေသည်ကိုသာ မျှော်လင့်ချက်မဲ့စွာ ကြည့်နေရသည်။ ထို့အပြင် ထိုစွမ်းအားသည် ဝိညာဉ်စွမ်းအင် မဟုတ်ဘဲ ယခင်က တစ်ခါမျှ မမြင်ဖူးသော အမည်မသိ စွမ်းအင်တစ်ခု ဖြစ်နေသည်။

ပြီးပြီ။ ငါတို့တော့ သွားပြီ။

သူတို့နှစ်ဦးသည် အသက်ရှင်ရန် မျှော်လင့်ချက် ကင်းမဲ့သွားပြီး မျက်လုံးထောင့်များမှ မျက်ရည်များ စီးကျလာသည်။ မတူးရသေးသော ကျောက်တုံးတွေ အများကြီး ကျန်သေးတာကို။ သက်တမ်းတွေ အများကြီး ကျန်သေးတာကို။ တိုက်ရှင်းချင့်၏ ရင်ထဲတွင် ပြင်းထန်သော နောင်တတရားများ ဖြစ်ပေါ်လာသည်။ အဲဒီတုန်းက ငါ ဘာလို့ ပြည့်တန်ဆာရုံ မသွားခဲ့မိတာလဲ... သေတဲ့အထိ မိန်းမအထိအတွေ့ကိုတောင် မသိလိုက်ဘဲ သေရတော့မယ်။

ဟွမ်ရှောက်၏ မျက်ဝန်းထဲမှ အလင်းရောင်များ ပျောက်ကွယ်သွားသည်။ ဒီလို နေရာမျိုးမှာ ကျိန်စာသင့်နေတဲ့ အရာနဲ့ လာတွေ့ရမယ်လို့ ဘယ်သူက ထင်မှာလဲ။ ရန်သူကို ကလဲ့စားချေမယ့် မျှော်လင့်ချက်ကတော့ ပြတ်တောက်သွားပြီ။ ကောင်းကင် ချောက်ကမ်းပါးကြီး ဆိုတာ ကောလာဟလတွေအတိုင်း တကယ့်ကို သေမင်းတမန် နေရာတစ်ခုပဲ။

ဘုန်း... ဘုန်း...

သူတို့နှစ်ဦးသည် လှေပျံ၏ ကုန်းပတ်ပေါ်သို့ အသာအယာ ကျရောက်သွားသည်။ ခြေထောက်များ ပျော့ခွေသွားပြီး ကုန်းပတ်ပေါ်တွင် ပုံလျက်သား လဲကျသွားသည်။ ခုခံလိုစိတ် အနည်းငယ်မျှပင် မရှိတော့ပေ။ စိန်ခေါ်စကား ပြောရန် သတ္တိမျိုးလည်း မရှိတော့ချေ။

"လူငယ်လေးတို့... စိတ်မပူပါနဲ့။ ငါတို့က ရိုးသားတဲ့ သာမန်လူတွေပါ"

"မွန်း... မွန်း"

ချန်ရွှင်သည် ကြိုးကြာရုပ်တု၏ ခေါင်းပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေပြီး နွားနက်ကြီးကလည်း လှေဦးပိုင်းတွင် မတ်တပ်ရပ်ကာ အလွန် ဖော်ရွေသော အကြည့်များဖြင့် ကြည့်နေသည်။

ဟွမ်ရှောက်နှင့် တိုက်ရှင်းချင့်တို့သည် ထိုစကားကို ကြားသောအခါ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားကြသည်။ ခေါင်းငုံ့ထားရာမှ အချင်းချင်း ကြည့်လိုက်ကြပြီး ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ခေါင်းမော့ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အလွန်အမင်း အံ့အားသင့်သွားကြလေသည်။ လှေပျံ၏ နေရာအနှံ့အပြားတွင် မရေမတွက်နိုင်သော ဝိညာဉ်ကြည်လင်မြက်ပင်များ စိုက်ပျိုးထားသည်။ ထို့အပြင် ထိုအပင်များ အားလုံးသည် အနည်းဆုံး နှစ်တစ်ထောင် သက်တမ်းရှိသော အပင်များချည်း ဖြစ်နေသည်။

သူတို့သည် လှေပျံပေါ်သို့ ဆွဲတင်ခံရပြီးကတည်းက ဝိညာဉ်ပျက်သုဉ်းခြင်း လေနီကြမ်း၏ ဒဏ်ကို မခံရခြင်းမှာ ဤအပင်များကြောင့် ဖြစ်ကြောင်း ယခုမှပင် သဘောပေါက်သွားကြသည်။ အမှန်မှာ ဤဝိညာဉ်ကြည်လင်မြက်ပင်များသည် နွားနက်ကြီးက ယခင်က အပျင်းပြေ မူလစွမ်းအင်များဖြင့် ပျိုးထောင်ထားခဲ့ပြီး ပစ်ထားခဲ့ရာမှ ယခုနေရာတွင် အမှတ်မထင် အသုံးဝင်သွားခြင်းသာ ဖြစ်သည်။

"စီနီယာ"

သူတို့နှစ်ဦးသည် အသံလာရာဘက်သို့ ခါးကိုင်းကာ လက်သီးဆုပ်၍ အရိုအသေပြုလိုက်ကြသည်။ မျက်နှာကို တည့်တည့် မကြည့်ရဲပေ။ နတ်အသိဖြင့် ထောက်လှမ်းရန် ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ချေ။ သို့သော် ဤအသံသည် လူသားတစ်ဦး၏ အသံဖြစ်ကြောင်း သိသာလှသည်။

"ငါ မင်းတို့ကို မေးစရာ နည်းနည်း ရှိတယ်။ မင်းတို့နဲ့ ပတ်သက်တဲ့ ပြဿနာတွေတော့ မဟုတ်ပါဘူး"

ချန်ရွှင်သည် အပြုံးလေးတစ်ခုဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။

"အကုန်လုံး ဖြေပြီးသွားရင်တော့... သေချာပေါက် ဆုလာဘ် အနေနဲ့ တစ်ခုခု ပေးပါ့မယ်"

ဘေးနားရှိ နွားနက်ကြီးသည် သူ၏ နွားအတွက် သီးသန့်ဖြစ်သော သိုလှောင်အိတ်လေးထဲတွင် မွှေနှောက်ကာ သင့်တော်မည့် ပစ္စည်းတစ်ခုခုကို စတင် ရွေးချယ်နေလေသည်။ သူတို့နှစ်ဦးသည် ထိုစကားကို ကြားသောအခါ နွေဦးလေပြည်ကို ခံစားလိုက်ရသကဲ့သို့ စိတ်အေးသွားကြသည်။ ဤမျှ ကြမ်းတမ်းသော သေမင်းတမန် နေရာမျိုးတွင် ရောက်နေပါလျက် ဤသူတို့၏ အပြုအမူများက ပုံမှန်ထက်လွန်ကဲစွာ အေးဆေးလွန်းနေသည်။ ဤစီနီယာ နှစ်ဦးသည် မည်မျှ အစွမ်းထက်သော သူများ ဖြစ်မည်ကို တွေးကြည့်၍ပင် မရနိုင်တော့ပေ။ ကောင်းကင် ချောက်ကမ်းပါးကြီးကို မိမိအိမ်ခြံဝင်းကဲ့သို့ လွတ်လပ်စွာ သွားလာနေရုံသာမက မည်သည့် အဟန့်အတားမျှ မရှိဘဲ ဂါထာမန္တန်များကို အသုံးပြုနိုင်နေသည် မဟုတ်ပါလား။

"စီနီယာ... သိချင်တာ ရှိရင် မေးပါခင်ဗျာ။ ကျွန်တော်တို့ သိသမျှ အကုန်လုံးကို ဖုံးကွယ်မထားဘဲ ဖြေကြားပါ့မယ်"

"မင်းတို့ ဘယ်က လာတာလဲ"

"စီနီယာ... ကျွန်တော်တို့က တစ်ကိုယ်တော် ကျင့်ကြံသူတွေပါ။ ဘယ်ဂိုဏ်းကိုမှ မဝင်ထားပါဘူး"

"အင်း... မဟုတ်ဘူးလေ။ မင်းတို့ရဲ့ နောက်ခံကို မေးနေတာ မဟုတ်ဘူး။ တာ့လီနိုင်ငံ က လာတာလားလို့ မေးနေတာ"

"ဟုတ်ပါတယ် စီနီယာ။ ကျွန်တော်တို့က ဟော့ယွမ် ပြည်နယ်ကနေ လာတာပါ"

ဟွမ်ရှောက်က ရိုသေစွာ ဖြေကြားလိုက်ပြီး အနည်းငယ်မျှ ဖုံးကွယ်ထားခြင်း မရှိပေ။

"အဲဒီ ပြည်နယ်က ကောင်းကင်ချောက်ကမ်းပါးကြီးနဲ့ အနီးဆုံး ဖြစ်လို့ ပို့ဆောင်ရေးအစီအရင် စရိတ် နည်းနည်း သက်သာအောင်လို့ပါ"

တိုက်ရှင်းချင့်၏ စိတ်ဓာတ်မှာ ဟွမ်ရှောက်လောက် မခိုင်မာသဖြင့် ကျောပြင်တစ်ခုလုံး ချွေးစေးများ စီးကျနေပြီး အမြဲတမ်း စကားများလေ့ရှိသော သူသည် ယခုအခါ စကားတစ်ခွန်းမျှ မဟရဲတော့ပေ။

"အင်း... နားလည်ပြီ။ ဒါနဲ့... မင်းတို့ ပြောနေတဲ့ ဝိညာဉ်ပျက်သုဉ်းခြင်း မှော်ရတနာ ဆိုတာ တကယ်တော့ ဘာကြီးလဲ။ ဝိညာဉ် ကြေမွခြင်း ကျောက်တုံး တွေကို အရည်ကျိုပြီး ပုံသွင်းလို့ ရတာလား"

ချန်ရွှင်သည် မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းထဲရှိ သံသယများကို တစ်ပြိုင်နက်တည်း မေးမြန်းလိုက်သည်။

"အဲဒီလို ပစ္စည်းမျိုးက တကယ်လို့ တိုက်ခိုက်နေရင်းနဲ့ မှော်ရတနာ ကျိုးပဲ့သွားရင် အထဲမှာ ပါတဲ့ ဝိညာဉ်ပျက်သုဉ်းခြင်း လေနီကြမ်းတွေ တစ်ခါတည်း ပေါက်ကွဲထွက်မလာနိုင်ဘူးလား"

"မွန်း"

နွားနက်ကြီးကလည်း ထောက်ခံသည့် အသံ ပြုလိုက်သည်။ အစ်ကိုကြီးနှင့် ထပ်တူကျသော မေးခွန်းပင် ဖြစ်သည်။

ဟွမ်ရှောက်၏ ရင်ထဲတွင် လေးလံသွားသည်။ ဒီ စီနီယာ နှစ်ယောက်က... တာ့လီနိုင်ငံက လူတွေ မဟုတ်ဘူးလား။ မေးတဲ့ မေးခွန်းတွေက အရမ်း အခြေခံကျလွန်းနေတယ်။ သူတို့နှစ်ဦးစလုံးသည် တစ်ဖက်လူက မည်ကဲ့သို့သော သူဖြစ်ကြောင်း အကြမ်းဖျင်း ရိပ်မိသွားပြီး မည်သို့ ဖြေကြားရမည်ကို နားလည်လိုက်ကြသည်။

"စီနီယာကို ဖုံးကွယ်မထားပါဘူး။ ဝိညာဉ်ပျက်သုဉ်းခြင်း မှော်ရတနာဆိုတာ ရန်သူရဲ့ ဝိညာဉ်စွမ်းအင် အကာအကွယ်နဲ့ ခန္ဓာကိုယ် ကာကွယ်မှုတွေကို ဂရုမစိုက်ဘဲ နတ်အသိကို ထိခိုက်စေနိုင်တဲ့ ရက်စက်တဲ့ လက်နက်တစ်ခုပါ။ ဒါပေမဲ့ ကျွန်တော်တို့လည်း အတိအကျ ဘယ်လို ဖန်တီးရမလဲ ဆိုတာတော့ မသိပါဘူး"

ဟွမ်ရှောက်သည် ခေါင်းငုံ့ထားရာမှ ရှေ့တစ်လှမ်း တိုးကာ ရဲဝံ့စွာ ဖြေကြားလိုက်သည်။

"အဲဒီ နည်းပညာကို ရှေးဟောင်း အင်မော်တယ်ဂိုဏ်းကြီး ငါးခု နဲ့ ရှေးဟောင်း ကျင့်ကြံခြင်း မိသားစုကြီး သုံးခု ကပဲ လက်ဝါးကြီးအုပ်ပြီး လျှို့ဝှက်ထားတာပါ"

"ဒါနဲ့... ဒီကျောက်တုံးက တာ့လီနိုင်ငံမှာဆို ဘယ်လောက်လောက် ရနိုင်လဲ"

"လက်သီးဆုပ်အရွယ် ဝိညာဉ်ကြေမွခြင်းကျောက်တုံး တစ်တုံးကို... အကြမ်းဖျင်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းလောက် ရပါတယ်"

သူတို့နှစ်ဦးသည် ခေါင်းငုံ့ထားလျက် ပြိုင်တူ ဖြေကြားလိုက်ကြသည်။

ထိုအခိုက်အတန့်တွင်... တိတ်ဆိတ်သွားသည်။ ပတ်ဝန်းကျင်တွင် တိုက်ခတ်နေသော ဝိညာဉ်ပျက်သုဉ်းခြင်း လေနီကြမ်းသည် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ လှေပျံပတ်လည်ရှိ လေထုသည် မျက်စိတစ်မှိတ်အတွင်း လေဟာနယ် ဖြစ်သွားသကဲ့သို့ တင်းကျပ်သွားပြီး အကြွင်းမဲ့ ကြောက်မက်ဖွယ် ဖိအား တစ်ခု လက်ခနဲဖြစ်ပေါ်လာကာ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူတို့နှစ်ဦး၏ နှလုံးသားများသည် အဆုံးမရှိသော ချောက်ကမ်းပါးထဲသို့ ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရပြီး မျက်နှာများ ဖြူရော်သွားကြသည်။ ဒီ စီနီယာ နှစ်ယောက်က... တကယ်ပဲ ဘယ်လောက်တောင် စွမ်းအားကြီးမားနေတာလဲ။

"စီနီယာ"

ဟွမ်ရှောက်နှင့် တိုက်ရှင်းချင့်တို့သည် ထိတ်လန့်တုန်လှုပ်သွားကြသည်။ ခန္ဓာကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအင်များနှင့် နတ်အသိများ အေးခဲသွားပြီး သူတို့သည် စကားလုံး၏ အဓိပ္ပာယ်အတိုင်း သာမန်လူသားများ အဖြစ်သို့ ကျဆင်းသွားကြလေတော့သည်။

အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားသည်။

"... ဟင်"

အလွန် တည်ငြိမ်ပြီး ခံစားချက် မပါဝင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ ဝိညာဉ်ပျက်သုဉ်းခြင်း လေနီကြမ်းသည် ပုံမှန် အတိုင်း ပြန်လည် တိုက်ခတ်လာပြီး မျက်နှာလိုမျက်နှာရ လုပ်နေသကဲ့သို့ လေပြေလေညှင်းလေးအဖြစ် ဖြည်းညင်းစွာ တိုက်ခတ်နေလေသည်။

ဟွမ်ရှောက်နှင့် တိုက်ရှင်းချင့်တို့သည် စိတ်ထဲတွင် ကျိတ်ဆဲလိုက်ကြသည်။ သူတို့ တစ်သက်လုံး ဤဝိညာဉ်ပျက်သုဉ်းခြင်း လေနီကြမ်းသည် ဤမျှလောက် ဖော်ရွေပြီး ညင်သာသော လေပြေလေး ဖြစ်လိမ့်မည်ဟု တစ်ခါမျှ မခံစားခဲ့ရဖူးပေ။ လိုအပ်ပါက ပို၍ ပြင်းထန်စွာ တိုက်ခတ်ပါစေ။ စောစောက ကြုံတွေ့ခဲ့ရသော သေမင်းတမန် တိတ်ဆိတ်မှုနှင့် ဖိအား မျိုးကိုတော့ ထပ်ပြီး မခံစားလိုတော့ပေ။

All Chapters