← Chapters

အသက်ဓာတ်အားချိပ်တံဆိပ်များ

Vol. 012 Ch. 573

အသက်ဓာတ်အားချိပ်တံဆိပ်များ

Vol. 012 Ch. 573

ဝမ်လင်းအသွင်က တည်ငြိမ်နေဆဲသာ ရှိ၏။ သို့သော် ချူယောင်ဟွာက ကြောက်လန့်နေကာ ခါးသက်စွာ ခံစားနေရသည်။

“ငါက ပြင်ပကျင့်ကြံသူနှစ်ယောက်ကြားမှာ မြေစာပင် ဖြစ်တော့မယ်…”

ထိုအခိုက်မှာပင် ဓားစွမ်းအင်တန်းက ဖျပ်ခနဲ လင်းလက်သွားကာ အစီအရင်ကို တုန်ခါသွားစေ၏။အစီအရင်ပေါ်၌လည်း အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်လာခဲ့သည်။

ဝမ်လင်းက နှာခေါင်းရှုံ့ကာ သိုလှောင်အိတ်ထဲကနေ အတားအဆီးအလံကို ထုတ်ယူလိုက်၏။ တစ်ချက်လှုပ်ခါလိုက်ရာ အတားအဆီးအလံက အတားအဆီးအခိုးငွေ့အမျှင်တန်းများ အဖြစ်သို့ ပြောင်းလဲသွား၍ အစီအရင်ထံသို့ တဟုန်ထိုး တိုးဝင်သွားကာ အက်ကွဲကြောင်းများကို ဖုံးသွား၏။

ထိုအခါ အစီအရင်ပေါ်ရှိ အက်ကွဲကြောင်းများက မျက်စိရှေ့မှာပင် လျင်မြန်စွာ ပြန်ကောင်းမွန်လာခဲ့သည်။ အတားအဆီးအလံကြောင့် အစီအရင်၏ စွမ်းအားက များစွာ တိုးလာခဲ့၏။

ထိုသို့ပြုလုပ်ပြီးနောက် ဝမ်လင်းက ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွားသည်။ သူက တောင်ကြားအပြင်ဘက်၌ ပြန်ပေါ်လာခဲ့၏။

ပေတစ်ရာတွင် ရှိနေသော အနက်ရောင်ဝတ်စုံနှင့်လူက ဝမ်လင်းကို အေးစက်စွာ ကြည့်နေသည်။

သူတို့နှစ်ယောက် ပတ်လည်၌ ခရမ်းရောင်အခိုးငွေ့အမျှင်တန်းများက တစ္ဆေများကဲ့သို့ ရွေ့လျားနေ၏။

ဝမ်လင်းက ညာလက်ကို လေထဲသို့ ညွှန်လိုက်ရာ နတ်ဆိုးစိတ်ဝိညာဉ်သားရဲတစ်ကောင်က ရုတ်တရပ် အော်ဟစ်ကာ ပျောက်ကွယ်လို့သွားလေသည်။

အနက်ရောင်ဝတ်စုံနှင့်လူက ဝမ်လင်းကို သေချာလေ့လာနေပြီး သူ့မျက်လုံးက ကျဉ်းမြောင်းကာ သွားသည်။ စောနတုန်းက သူ့မောက်မာမှုသည်လည်း ပျောက်ကွယ်သွား၏။ ခု သူက တုန့်ဆိုင်းတုန့်ဆိုင်း မေးလိုက်လေသည်။ “မင်းက ဘယ်ကလန်ကလဲ…”

ဝမ်လင်း လက်ချောင်းများကြားတွင် မီးခိုးရောင်အခိုးငွေ့များက ရွေ့လျားနေကာ တဝီဝီ ဖြစ်ပေါ်နေ၏။ သူက အနက်‌ရောင်ဝတ်စုံနှင့်လူကို အေးစက်စွာကြည့်ကာ ပြောလိုက်သည်။ “အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့။ မင်းက မတိုက်ခိုက်ချင်ရင် ခုချက်ခြင်း ထွက်သွားတော့…”

အနက်ရောင်ဝတ်စုံနှင့်လူက ဒေါသတကြီး ရယ်မောကာ ပြောလိုက်သည်။ “မောက်မာလိုက်တာ၊ ငါက မင်းကို မြင်ဖူးသလို ဖြစ်နေလို့ ငါသိတဲ့ တစ်ယောက်ယောက်ကို မနာကျင်စေချင်လို့ မေးနေတာ၊ မင်းက သေချင်နေတော့လဲ မင်းဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့…”

ဝမ်လင်းက ထိုလူနှင့် စကားပြောရန် စိတ်မပါပေ။ ဝမ်လင်းက သိုလှောင်အိတ်ထဲကနေ ကောင်းကင်ဘုံဓားကို ထုတ်ယူလိုက်၏။ ထို့နောက် သူက ခြေတစ်လှမ်းလှမ်းကာ ကောင်းကင်ဘုံဓားဖြင့် ခုတ်ပိုင်းလိုက်သည်။ ဓားစွမ်းအင်တန်းက ပျံသန်းထွက်သွားကာ အလင်းတန်းအလား ထိုလူပေါ်သို့ ကျရောက်သွား၏။

တစ်ပြိုင်နက်တည်းမှာပင် လခြမ်းကွေးဓားသွားကလည်း နောက်ကနေ ကပ်ပါသွားလေသည်။

အနက်ရောင်ဝတ်စုံနှင့်လူက ဓားစွမ်းအင်ကို မြင်လိုက်သည့်အခါ ချက်ခြင်းပင် နောက်ဆုတ်၍ အော်ပြောလိုက်၏။ “ဒီတော့ မင်းက တာ့လော့ဓားကလန်က ကျင့်ကြံသူလား။ မင်းက ဒီနေရာရဲ့ စည်းမျဉ်းကို သိပါတယ်။ သလင်းကျောက် ငါ့ကို ပေးပါ။ မင်းကို ထိခိုက်အောင် မလုပ်ချင်ဘူး…”

ဓားစွမ်းအင်က နီးကပ်လာကာ အနက်ရောင်ဝတ်စုံနှင့်လူက သူ့ဓားကို မြှောက်ကာ ဓားစွမ်းအင်ကို ပိတ်ဆို့သည်။ သူက နောက်သို့ ပေများစွာ ဆုတ်သွားရ၏။ထို့အတူ ဓားစွမ်းအင်သည်လည်း ပျက်စီးသွားသည်။

သို့ရာတွင် ဓားစွမ်းအင် ပျက်စီးသွားသည့်အခိုက်၌ သူ့လက်ထဲက ဓားထံကနေ အက်ကွဲသံတစ်ခု ပေါ်လာကာ သူ့ဓားထက်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်သွားခဲ့၏။

အနက်ရောင်ဝတ်စုံနှင့်လူက လက်ထဲရှိ ဓားပေါ်က အက်ကွဲကြောင်းကို ကြည့်ကာ သူ့မျက်လုံးများက အလွန်အေးစက်သွား၏။

“မင်းက ငါ့ဓားကို ပျက်စီးစေ ဝံ့တယ်ပေါ့။ ဒီနေ့ မင်းက တာ့လော့ဓားကလန်ရဲ့ အဖွဲ့ဝင်ဖြစ်မယ်ဆိုရင်တောင် မင်း သေရမယ်…” သူက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ အနက်ရောင်မီးတောက်တစ်ခုက သူ့လက်ဝါးထက်တွင် ပေါ်လာခဲ့တော့သည်။

ထိုလူက အော်ဟစ်လိုက်သည်။ “ကမ္ဘာမြေငြှိမ်းသက်ခြင်း မီးတောက်…သူ့ကို လောင်ကျွမ်းပစ်စမ်း…” ထို့နောက် သူက ရှေ့သို့ ညွှန်လိုက်ရာ အနက်ရောင်မီးတောက်က ပျံသန်းထွက်သွား၏။ လေထဲ၌ အနက်ရောင်မီးတောက်က သေးငယ်သော မီးတောက်ငယ်များအဖြစ်သို့ ပြောင်း၍ ဝမ်လင်းထံသို့ မိုးရွာသလို ကျဆင်းလာတော့သည်။

အနက်ရောင်မီးတောက်မိုးက ကျဆင်းလာချင်းချင်း တစ္ဆေအလင်းကလည်း ဖျပ်ခနဲ တောက်ပသွားသည်။ သည်အလင်းက မီးခိုးရောင်ဝတ်စုံနှင့်လူ၏ အသွင်ကို ကြီးစွာ ပြောင်းလဲသွားစေသည်။ သူက နောက်သို့ သုံးလက်မခန့် အတင်းဆုတ်သည်။ သို့ရာတွင် သူက နောက်ကျသွားခဲ့လေပြီ။ ရုတ်တရပ် သူ့ရင်ဘက်ကနေ သွေးများပန်းထွက်လာ၏။ ထို့နောက် သူက မယုံကြည်နိုင်ဟန်ဖြင့် နောက်သို့ အမြန်ဆုတ်ကာ ဆေးလုံးများကို ထုတ်၍ မြိုချလိုက်သည်။

ဖျပ်ခနဲပင် လခြမ်းကွေးဓားသွားက ကောင်းကင်ဘုံဘေးနား၌ ပြန်ပေါ်လာခဲ့၏။ လခြမ်းကွေးဓားသွားပေါ်၌ သွေးစသွေးနများ ရှိလို့နေသည်။

ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းသွားသည်။ သူ့ရှေ့ရှိ လူ၏ ကျင့်ကြံမှုက အမှန်ပင် အားကောင်းနေသည် မဟုတ်လား။ လခြမ်းကွေးဓားသွားက အလွန်မြန်ဆန်လှသည်ဟု ပြော၍ ရ၏။ ဝမ်လင်းကိုယ်တိုင်ပင် ၎င်းနှင့် ယဉ်ဆိုင်ရလျှင် ကြိုတင်မပြင်ဆင်ပါက ရှောင်နိုင်ရန် ခက်ခဲလွန်းပေမည်။ သို့သော် ထိုလူက ချက်ခြင်း သုံးလက်မခန့်နောက်သို့ ဆုတ်ကာ အပြင်းအထန်ဒဏ်ရာရမှုကို ရှောင်ရှားနိုင်လိုက်ပေသည်။ ဆိုလိုသည်က သူ့နတ်ဘုရားအာရုံက ဝမ်လင်းထက် သာနေခြင်းပင်။ထို့အတွက် သူက လခြမ်းကွေးဓားသွားကို ရိပ်ခနဲ ထောက်လှမ်းမိသွားခြင်း ဖြစ်၏။

ဝမ်လင်း မျက်လုံးထဲ၌ သတ်ဖြတ်လိုမှု စိတ်ဆန္ဒ ဖြစ်ပေါ်လာသည်။ သည်လူက သန်မာနေသည့်အတွက် သူက ခုချက်ခြင်း သတ်ပစ်ရပေမည်။ ထိုလူ့ကိုသာ လွတ်မြောက်ခွင့်ပေးကာ ပြန်ကောင်းမွန်အောင်စေမည် ဆိုလျှင် သူ့အတွက် လွယ်ကူတော့မည် မဟုတ်ချေ။

သူက လခြမ်းကွေးဓားသွား၏ လျှပ်တပြတ်တိုက်ခိုက်မှုကြောင့် သူ့ရန်သူ ဒဏ်ရာရသွားသည်ကို အခွင့်ကောင်းယူကာ ရှေ့သို့ တဟုန်ထိုး ထိုးတက်လိုက်၏။ ဝမ်လင်းက ကောင်းကင်ထက်ရှိ မီးတောက်များကိုတော့ လုံးဝလစ်လျူရှုထားကာ သူ့လက်ချောင်းကို လေဟာနယ်ထဲသို့ ဖိချလိုက်လေသည်။

မရဏလက်ချောင်း…။

အနက်ရောင်ဝတ်စုံနှင့်လူက သူ့ရင်ဘက်ကို လက်နှင့်ဖိကာ ချက်ခြင်း ဒဏ်ရာ ကုသနေသည်။ သူ့မျက်နှာက ဖြူရောနေကာ ဝမ်လင်းကို ကြမ်းကြုတ်စွာ ကြည့်နေ၏။ သူက သူ့လက်ထဲရှိ ဓားကို ဝှေ့ခါလိုက်ရင်း ပြောလိုက်၏။ “ဓား ပြန့်ကျဲခြင်း…”

အော်သံတစ်ချက်ဖြင့်ပင် ဓားများက သေးငယ်သောအပိုင်းအစများ အဖြစ်သို့ ပြန့်ကျဲကာ ဝမ်လင်းထံသို့ ဦးတည်သွားလေသည်။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သို့သော် သူက ရှောင်ရှားခြင်း မပြုချေ။ သူ့လက်ချောင်းကြားတွင် လှုပ်ရှားနေသည့် မီးခိုးရောင်အမျှင်တန်းသုံးခုမှ နှစ်ခုက ပျောက်ကွယ်ကာသွား၏။ ၎င်းတို့က သူ့လက်တစ်လျှောက်တွင် လှုပ်ရှားကာ နှဖူးထက်၌ ပေါ်လာ၏။

ထိုအခါ သူ့နှဖူးထက်တွင် သင်္ကေတနှစ်ခု ရုတ်တရပ် ပေါ်လာခဲ့သည်။

“အသက်ဓာတ်အား ချိပ်တံဆိပ်…”

ထိုသင်္ကေတပေါ်လာသည်နှင့် ၎င်းက သူ့ခန္ဓာကိုယ်အနှံ့တွင် လျင်မြန်စွာ ပျံ့နှံ့သွားသည်။ သင်္ကေတစ်ခုက အလွှာတစ်ခုကို ဖန်တီးသဖြင့် နှစ်ခုက အလွှာနှစ်ခုကို ဖန်တီးပေးလေသည်။

သည်အခိုက်မှာပင် ဓားအပိုင်းအစများနှင့် ကောင်းကင်ထက်မှ ဆင်းသက်လာသည့် မီးတောက်ငယ်များက ဝမ်လင်းကို ဖုံးလွှမ်းသွားတော့၏။

မီးတောက်ငယ်များက ကောင်းကင်ထက်ကနေ ဆင်းသာလာကာ မီးတောက်နဂါးနှစ်ကောင် အဖြစ်သို့ ပြောင်းသွား၏။ ၎င်းတို့က အစစ်အမှန်နဂါးများအလား ဟိန်းသံပြုကာ ဝမ်လင်းထံသို့ တိုးဝင်လာသည်။

သည်ဟိန်းသံက ဝမ်လင်းနားထဲသို့ လျင်မြန်စွာ ဝင်ရောက်လာကာ သူ့မူလစိတ်ဝိညာဉ်ကို တုန်ခါစေ၏။ နဂါးနှစ်ကောင်က ဝမ်လင်းကို ဝန်းပတ်ဟိန်းဟောက်ကာ ဝါးမြိုရန် ကြိုးစားလာ၏။

ထိုအခါ ကီလိုမီတာ ငါးထောင်အတွင်း၌ ကြီးမားသည့် ပေါက်ကွဲမှုကြီး ဖြစ်သွား၏။

ထိုပေါက်ကွဲမှု အလယ်၌ မန္တာန်လှိုင်းများက ပျံ့နှံ့ကာသွားသည်။ နတ်ဆိုးစွမ်းအင်လှိုင်းများပင် အဝေးသို့ လွင့်စင်သွားခဲ့ပြီးမှ တည်ငြိမ်သွားသည်။

သိပ်မကြာခင်တွင်တော့ နတ်ဆိုးစွမ်းအင်များက ပြန်လည်ရောက်ရှိလာကာ သည်ဧရိယာကို နောက်တစ်ကြိမ် ဖုံးလွှမ်းသွား၏။

အနက်ရောင်ဝတ်စုံနှင့်လူက သည်တုန်ခါလှိုင်းထဲ၌ မတ်တပ်ရပ်နေ၏။ သူက မည်သည့်ပျော်ရွှင်မှုမှ မရှိသည့်အပြင် သူ့အသွင်က အလေးအနက် ဖြစ်နေသည်။ သူက အသက်ဝဝရှုသွင်းကာ နောက်သို့ ပေဒါဇင်ခန့် ဆုတ်လိုက်၏။ သူ့လက်ကလည်း ချိပ်တံဆိပ်များကို ဖြစ်ပေါ်စေကာ ပေါက်ကွဲမှုဖြစ်ပေါ်သွားသည့်နေရာသို့ အထိတ်တလန့် ကြည့်သည်။

ထိုပေါက်ကွဲမှုနေရာကနေ ပုံရိပ်တစ်ခုက တစ်လှမ်းချင်း လှမ်းထွက်လာသည်။

သူ့လက်မောင်းထံကနေလည်း တဝီဝီအသံများ ထွက်ပေါ်နေ၏။ အနီးကပ်ကြည့်မည်ဆိုပါက သူ့လက်ချောင်းများကြားတွင် မြွေသေးသေးလိုမျိုး အရာလေးများက လှုပ်ရှားနေသည်ကို တွေ့မြင်ရမည် ဖြစ်သည်။

သည်ပုံရိပ်ထွက်ပေါ်လာသည့်အခါ သိပ်မဝေးလှသော နေရာတွင် ရှိနေသည့် အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်နှာက ပိုမိုနက်မှောင်သွားသည်။ သူက ချိပ်တံဆိပ်များကိုလည်း ပိုမို မြန်ဆန်စွာ ဖြစ်ပေါ်စေလိုက်ပြီး မန္တာန်အချို့ကို ရွတ်ဆို၏။

ပုံရိပ်က ခြေလှမ်းအနည်းငယ် လှမ်းလိုက်စဉ် သူ့ပတ်လည်ရှိ နတ်ဆိုးစွမ်းအင်များပင် တစ်ခြမ်းစီ ဖြစ်ကာသွားသည်။

နတ်ဆိုးစွမ်းအင် ကွဲထွက်သွားသည့်အခိုက်၌ ပုံရိပ်က ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်ကာ သွား၏။

“မဆိုးပါဘူး…” အနက်ရောင်ဝတ်စုံနှင့်လူက တုံ့ဆိုင်းခြင်းမရှိ နောက်သို့ မြန်ဆန်စွာ ဆုတ်သည်။ သူက နောက်ဆုတ်လိုက်စဉ်တွင် ငွေရောင်လင်းလက်သွားကာ အနက်ရောင်လက်မတစ်ခုက သူရှိခဲ့သော နေရာသို့ ဖိချသွားလေ၏။

သည်အရာများအားလုံးက မျက်စိတစ်မှိတ်အတွင်း မြန်ဆန်စွာ ဖြစ်ပျက်သွားခြင်းပင်။

ထိုလက်မနောက်ကနေ ပုံရိပ်က လိုက်ပါလာ၏။ သူက ခေါင်းမော့၍ နောက်သို့ ဆုတ်သွားသည့် အနက်ရောင်ဝတ်စုံနှင့်လူကို ကြည့်သည်။

“မင်းက နောက်တစ်ချက်ကို မရှောင်နိုင်တော့ပါဘူး…”

“မင်းက တာ့လော့ဓားကလန်ရဲ့ အဖွဲ့ဝင် မဟုတ်ဘူးပဲ။ မင်းက ရှေ့ဖြစ်ဟောသူရဲ့ တပည့်အသစ်၊ ခရမ်းရောင်အုပ်စုခွဲရဲ့ ခုနှစ်ယောက်တပည့် ဝမ်လင်း…”

အနက်ရောင်ဝတ်စုံနှင့်လူက အေးစက်စွာ ပြောလိုက်၏။ “မင်းက တားမြစ်ခံ မရဏလက်ချောင်းကို သုံးပြီး မွေးနေ့ပွဲအတွင်းမှာ ကျော်ကြားလာခဲ့အောင် လုပ်နိုင်ခဲ့တယ်…”

ထိုအခိုက်၌ အနက်ရောင်ဝတ်စုံနှင့်လူက စိတ်ရှုပ်ထွေးနေ၏။ သူက ဝမ်လင်းအကြောင်းကို ကြားဖူးခဲ့ပေသည်။ တကယ်တော့ ရှေ့ဖြစ်ဟောသူ၏ တပည့်ဆိုသည်မှာ ထျန်ယွမ်ဂြိုဟ်ပေါ်ရှိ လူတိုင်း၏ အာရုံစိုက်မှုကို ရရှိနိုင်သည် မဟုတ်လား။

အထူးသဖြင့် လူတိုင်းကို တုန်လှုပ်စေခဲ့သည့် ဝမ်လင်းပင်။ အာဏာတက်ခြင်းအဆင့်ကို ရောက်နေသည့် ခြောက်ယောက်မြောက်တပည့်သာ ပြန်ရောက်မလာပါက အစစ်အမှန်တပည့်နေရာအတွက် နေရာက ဝမ်လင်း ပိုင်ဆိုင်နေလောက်ပေပြီ။

လူအများက သည်လိုလူမျိုးကို အာရုံမစိုက်မိဘဲ နေပါ့မည်နည်း။ သည့်အပြင် သူ့အသုံးပြုသည့် မန္တာန်ကလည်း အလွန်ထူးဆန်း၏။ ထို့ကြောင့် လူအများက ပိုမို အာရုံစိုက်မိကြခြင်း ဖြစ်သည်။

အနက်ရောင်ဝတ်စုံနှင့်လူက စိတ်ထဲ၌ သက်ပြင်းချမိနေသည်။ သူက ဝမ်လင်းမှန်းသာ စောစောသိခဲ့ရင် ခုလို အဆင်အခြင်မဲ့ လုပ်လိမ့်မည် မဟုတ်ချေ။ သူ့ရန်သူက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အလယ်အဆင့်တွင်သာ ရှိနေသေးသော်လည်း သူက ရှေ့ဖြစ်ဟောသူ၏ တပည့်တစ်ယောက်ကို လျှော့မတွက်နိုင်ပေ။

သည်ဝမ်လင်းက အာဏာတက်ခြင်းအဆင့်ကို ရှုံးနိမ့်ခဲ့သော်လည်း သူက သူ့တိုက်ခိုက်ခြင်းစွမ်းအင်များကို ပြသနိုင်ခဲ့သူ မဟုတ်လား။ သည့်အပြင် သူ့ ရတနာများစွာကလည်း လူအများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သေးသည်။ အနက်ရောင်ဝတ်စုံနှင့်လူက အနိုင်ရမည် ဆိုလျှင်ပင် ဝမ်လင်းကို သတ်ရန်က ခက်ခဲပေလိမ့်မည်သာ ဖြစ်၏။

တကယ်တော့ ထျန်ယွမ်ဂြိုဟ်ပေါ်ရှိ လူတိုင်းက ရှေ့ဖြစ်ဟောသူ၏ တပည့်တစ်ယောက်ချင်းစီတွင် အသက်ကယ်ရတနာတစ်ခုစီ ရှိကြောင်းလည်း သိထားကြပေ၏။ ကျင့်ကြံခြင်းအဆင့်သာ အဆမတန် ကွာခြင်းခြင်း မရှိလျှင် ၎င်းရတနာက အသက်ပို တစ်ခုပင် မဟုတ်လား။

All Chapters